Switch Mode

အပိုင်း(၁၅၂၈)

တစ်လက်မမြင်လျှင် တစ်မိုင်လိုချင်သူ

ရီဖူရှင်းက ရေထဲဆင်းလာသည်ကို မြင်လျှင် ထိုအမျိုးသမီးများ၏မျက်လုံးများထဲ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။ အဆုံးမဲ့သော ငွေလျှပ်စီးများ စမ်းချောင်းလေးအတိုင်း ရိုက်ခတ်လာသည့်အလား ရီဖူရှင်းထံသို့ တိုးဝင်လာကြလေသည်။

ဟူး…

ရီဖူရှင်းထံမှ အားကောင်းသော အရှိန်အဝါတစ်ခုထွက်ပေါ်လာခဲ့ကာ တစ်ဘက်မှ ရိုက်ခတ်လာသော အားလှိုင်းအား တုန့်ပြန်ကာကွယ်လိုက်သည်။ ရီဖူရှင်းကား ထိုနေရာတွင်ပင် မတုန်မလှုပ်ရပ်နေဆဲ။

“ထွက်သွား…” အမျိုးသမီးများထဲမှ အလှဆုံး၊အချောဆုံးတစ်ယောက်သည် ရီဖူရှင်းအား အေးစက်သော မျက်လုံးအစုံဖြင့်ကြည့်ကာ ဆိုချေသည်။

“နတ်မိမယ်လေးတွေ ရှိနေတဲ့ မဟာလမ်းစဉ်ရဲ့နတ်စမ်းရေထဲက ကျုပ် ဘာလို့ ထွက်သွားရမှာလဲ”

ရီဖူရှင်းက အသာအယာပြန်ပြောသည်။ အသက်ဓာတ်အရင်းအမြစ်များသည် သူ့ခန္ဓာကိုယ်ထဲကို အရူးအမူး တိုးဝင်လာကြ၏။ ၎င်းတို့သည် သူ၏အတွင်းကလီစာများနှင့် သွေးကြောများကို စီးဆင်းကြသည်။ ရှေးဟောင်းသစ်ပင်သည် နတ်ဘုရားသစ်ပင်အဖြစ် ပြောင်းလဲကာ စမ်းရေ၏စွမ်းအားတို့အား စုပ်ယူစားသုံးရင်း သူ၏သက်စောင့်ဟော်နန်းထဲ၌ ယိမ်းနွဲ့လှုပ်ရှား၏။

သည်စမ်းရေတွင်ကား ယခင်လမ်းစဉ်သစ်သီးများထက်ပင် ပိုကြွယ်ဝသော အသက်ဓာတ်များ ရှိနေချေသည်။ စမ်းရေကား သူ၏ခန္ဓာကိုယ်ကို သန့်စင်စေနိုင်ရာ သူ့ရုပ်ခန္ဓာကိုယ်အား အဆက်မပြတ် သန်မာစေလေသည်။

ချက်ချင်းပင် သူ့ခန္ဓာကိုယ်အား ဗဟိုထား၍ အသက်ဓာတ်များသည် ရေဝဲပမာစုစည်းလာကြပြီး သူ့အား အဆက်မပြတ် သန့်စင်သည်။ ရီဖူရှင်းသည် စမ်းရေ၏စွမ်းအားများကို အရူးအမူးစုပ်ယူ၏။

ထိုအခိုက်တွင် ရီဖူရှင်းကား အဆမတန်များပြားသော အသက်ဓာတ်များဖြင့် လွှမ်းခြုံသွားလေတော့သည်။

စမ်းချောင်းထဲမှ အမျိုးသမီးများအားလုံး ထိတ်လန့်သွားကြသည်။ ဘာဖြစ်နေသနည်း။

သူတို့သည် စမ်းရေထဲတွင် ရေချိုးသန့်စင်ရင်း ရေထဲတွင်ပါဝင်သော စွမ်းအားများကို တဖြေးဖြေးဖြင့်သာ စုပ်ယူနိုင်ကြသည်။ သို့သော် သည်လူကား ရေဝဲပမာ ပြောင်းလဲသွားကာ စမ်းချောင်းတစ်ခုလုံးကို ဝါးမျိုရန် ကြိုးစားနေလေသည်။

“သူ့ကို ရပ်စမ်း” ခေါင်းဆောင်မိန်းမချောက အော်ဟစ်လိုက်သည်။ ရုတ်တရက် စမ်းချောင်းထဲမှ အမျိုးသမီများအားလုံး ရီဖူရှင်းထံသို့ ရွေ့လျားလာကြ၏။ ချက်ချင်းဆိုသလို များစွာသော စွမ်းအားများသည် ရီဖူရှင်းထံသို့ လှိုင်းများသဖွယ် တိုက်ခတ်လာတော့သည်။

ရီဖူရှင်းထံမှ ရွှေရောင်အလင်းများ ဖြာထွက်လာခဲ့ကာ လျှပ်စီးနှင့်မိုးကြီုးစွမ်းအားများ ထွက်ပေါ်လာ၏။ သကား သံသယကင်းစင်ခြင်းအဆင့်မျှသာရှိသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားကား သေချာပေါက် ပြန်လည်မွေးဖွားခြင်းအဆင့်၌ ရှိ၏။

“ဒါ…” ဝမ်ရှိုးရီနှင့်လော့ယွဲ့တို့ ထိုမြင်ကွင်းကို မြင်လျှင် ကြီးစွာ စိတ်လှုပ်ရှားသွားကြသည်။ သည်အကောင် မည်မျှပင် သန်မာသနည်း။

သည်မတိုင်က ရီဖူရှင်းသည် နတ်သစ်သီးကို ရရှိသည်နှင့် စားသုံးခဲ့သည်ကို သူတို့မြင်ခဲ့၏။ ရီဖူရှင်းကား ဤသို့သော စွမ်းရည်တွင် အဆင့်မြင့်မားပေသည်။ ကြည့်ရသည်မှာ သူကား မှော်ဂီတနှင့်ဓားပညာတို့အပြင် တခြားစွမ်းရည်များလည်း ရှိသေးပုံရသည်။

ရီဖူရှင်းက များစွာသော စွမ်းရည်တို့အား ထုတ်ပြသော်လည်း သူ၏တိုက်ခိုက်မှုကား ဓားပညာတွင်သာ အဓိကထားပေသေးသည်။

တိုက်ခိုက်မှုများစွာက သူ့ထံသို့ တိုးဝင်လာသည်ကိုမြင်လျှင် ရီဖူရှင်းက ရှေ့ကို လက်ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ဓားမုန်တိုင်းတစ်ခုဖြစ်ပေါ်လာကာ ရောက်လာသမျှသော တိုက်ခိုက်မှုအား စုပ်ယူသွားသည်။ ပိုမိုကြောက်မက်ဖွယ်ကောင်းသည်ကား အရာခပ်သိမ်းဖြတ်တောက်ခြင်းဓားအသိသည် နတ်ဝိညာဉ်များ ပူးကပ်ပါဝင်နေခြင်းပင်။ ခန္ဓာကိုယ်များ လွင့်စင်သွားပြီး နတ်မိမယ်အများအပြား ဒဏ်ရာရကြသည်။ အချို့ကား သူတို့၏အဝတ်များတွင် သွေးများပင် စွန်းထင်းကြ၏။

ရီဖူရှင်းကား အမျိုးသမီးများကိုပင် ညှာတာပုံမရ။

“နတ်မိမယ်… လမ်းစဉ်က စမ်းရေထဲ ဖုံးကွယ်နေတယ်။ ဆိုလိုတာက ကျုပ်တို့ဟာ လမ်းစဉ်ကို သက်သေပြဖို့ ရောက်လာတာဖြစ်ပြီးတော့ ဒီစမ်းရေကို လူတိုင်းအသုံးပြုခွင့်ရှိတယ်။ တကယ်လို့ နတ်မိမယ်က အတင်းတားဆီးနေမယ်ဆိုရင်တော့ ကျုပ်ကို အပြစ်မဆိုပါနဲ့” ရီဖူရှင်းက ပြောပြောဆိုဆိုဖြင့် ရှေ့ကို တက်သွားသည်။ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြင်းထန်သော ဓားအသိသည် စမ်းချောင်းတစ်ခုလုံးကို ဖုံးအုပ်လာ၏။

ပိုမို၍ ကြောက်စရာကောင်းသည်ကား စမ်းရေများမှာ အဆက်မပြတ် ယုတ်လျော့လာပြီး အားလုံးမှာ ရီဖူရှင်း၏ဝါးမျိုခြင်းကို ခံနေရပေသည်။ သူ၏ခန္ဓာကိုယ်ကား အဆုံးမဲ့သော တွင်းနက်အလား အရာအားလုံးကို စုပ်ယူနေပေသည်။

နတ်ဘုရားသစ်ပင်သည် သည်စမ်းရေ၏အသက်ဓာတ်ဖြင့် သန့်စင်ရှင်သန်ရာ သူ့အနေဖြင့် စမ်းချောင်းအား ရွှေ့ပြောင်းယူသွားရန် မဖြစ်နိုင်ပေ။ သူ့အနေဖြင့် လမ်းစဉ်ကိုသာ စုပ်ယူနိုင်ပေသည်။ သို့သော်လည်း ရီဖူရှင်းက စမ်းချောင်းအား လုံးဝဝါးမျိုလိုခြင်းလား၊ သို့မဟုတ် စမ်းချောင်းတစ်ခုလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ရွှေ့ပြောင်းလိုနေသည်လား။

ထို့အပြင် သူသည် ဝါးမျိုခြင်းလမ်းစဉ်ကိုများ လေ့ကျင့်နေသည်လား။

သူ့ထံမှ ဝါးမျိုခြင်းလမ်းစဉ်အငွေ့အသက်များကို သူတို့မခံစားရပေ။ သို့ဆိုလျှင် သူက မည်သို့ လုပ်လိုက်သနည်း။

ခေါင်းဆောင်အမျိုးသမီးသည် ရီဖူရှင်း၏ရင့်သီးသော ဟန်ပင်ကို မြင်သည်။ သူမက အေးစက်စွာဖြင့်ပင် ရှေ့ကို တက်လာခဲ့ကာ ဆိုသည် “ဒီနေရာကို နတ်နန်းတော်က ပိုင်တယ်ဆိုတာ ရှင်သိသင့်တယ်။ ဒါကြောင့် ဒီနေရာဟာလည်း နတ်နန်းတော်တပည့်တွေနဲ့သက်ဆိုင်တယ်”

သည်စမ်းသပ်ခြင်းနယ်မြေကား မူလအားဖြင့် နတ်နန်းတော်က ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယခု အပြင်လူများအား ကျင့်ကြံရန် ခွင့်ပြုရာ ယခုအချိန်တွင် အားလုံးအတွက် ညီတူမျှတူ ယှဉ်ပြိုင်ရယူနိုင်ခွင့်ရှိပေသည်။

နတ်နန်းတော်တပည့်များမှာ အလွန်အမင်း မကြေမနပ်ဖြစ်ကြရလေသည်။ အတော်ဆုံးတပည့်အချို့မှလွဲ၍ တခြားတပည့်များအားလုံးမှာ အခွင့်အလမ်းများအတွက် အပြင်လူများနှင့် လာရောက်ယှဉ်ပြိုင်ကြရသည်။ နတ်နန်းတော်မှ အကြီးအကဲများ၏အလိုအရ ဤသို့လုပ်ခြင်းမှာ နတ်နန်းတော်တပည့်များအတွက် လေ့ကျင့်ခြင်းတစ်မျိုးလည်းဖြစ်သည်။

အမျိုးသမီး၏နာမည်မှာ လုချင်းယောင်ဖြစ်၏။ သူမသည်လည်း နတ်နန်းတော်အကြီးအကဲတစ်ဦး၏တိုက်ရိုက်တပည့်ဖြစ်ပေသည်။ သူမသည် စမ်းချောင်းထဲမှ ပေါ်ထွက်လာလျှင် သူမ၏ငွေဖြူရောင်ဝတ်စုံသည် အစွန်းအထင်းများ ကွယ်ပျောက်သွား၏။ အလွန်အမင်း ထည်ဝါစူးရှသော စွမ်းအားသည် ပတ်ဝန်းကျင်အား လွှမ်းခြုံသွားကာ တစ်လောကလုံးသည် ရေခဲကမ္ဘာအလား ပြောင်းလဲသွား၏။

လော့ယွဲ့ တုန်ယင်သွားသည်။ သူမက လက်နှင့်ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။ သူမအား နှင်းမြူများ စတင်ရစ်ပတ်လာနေပြီး ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော ဓားအသိများမှာလည်း အေးခဲလာဟန်ရသည်။ ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းမှာလည်း အလွန်လျော့ကျသွား၏။ သူမသည် သီးသန့်နယ်တစ်ခုသို့ ရောက်ရှိသွားသလိုပင် ခံစားရသည်။

ထို့အတူပင် ရီဖူရှင်းသည်လည်း သူ့ခန္ဓာကိုယ်မှ သွေးများ နှေးကွေးစွာ စီးဆင်းလာသည်ဟု ခံစားရသည်။ အအေးလှိုင်းများ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာလျှင် ပတ်ဝန်းကျင်အား အာရုံခံနိုင်စွမ်း လျော့နည်းသွားသည်။ တစ်လောကလုံးမှာ ရေခဲကမ္ဘာဟု သူခံစားရသည်။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ပညာလဲ။ ရေခဲဓာတ်က အာရုံခံနိုင်စွမ်းကို ပိတ်ဆို့ပြီးတော့ ပုံရိပ်ယောင်ကမ္ဘာထဲကို ဆွဲခေါ်သွားတယ်” ရီဖူရှင်းက တိတ်တခိုး ရေရွက်မိသည်။ ယခုအဆင့်တွင် အားလုံး၏ခွန်အားမှာ အလွန်သန်မာပေသည်။ အနည်းငယ်မျှသော အလစ်အငိုက်မိခြင်းက သေခြင်းရှင်ခြင်းအခိုက်အတန့်နှင့် ကြုံသွားရနိုင်ပေသည်။

အပြင်လောက၌ လုချင်းယောင်၏မျက်လုံးများမှာ အေးစက်ကာ အဖြူရောင်သန်းလာခဲ့၏။ တစ်လောကလုံးကား နှင်းများဖြင့် ဖြူဆွတ်နေပေသည်။ အရာအားလုံးမှာ နှေးကွေးသွားကာ အအေးလှိုင်းက ရီဖူရှင်းထံသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်လာနေကြ၏။

သို့သော် ထိုအခိုက်တွင် သူမသည် တစ်စုံတစ်ခုအား ခံစားမိဟန်တူသည်။ သူမက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်စဉ်မှာပင် မမြင်ရသော အားလှိုင်းတစ်ခုသည် ကောင်းကင်နှင့်မြေပြင်အကြား ဖြစ်တည်လာကာ ရေခဲလွှာများအား ဖြတ်သန်းဝင်ရောက်လာ၏။

ဘုန်း…

ကျယ်လောင်သောအသံနှင့်အတူ ရေခဲကမ္ဘာသည် တစ်စစီပြိုကွဲလာခဲ့၏။ မရေမတွက်နိုင်သော ဓားအသိများ ပေါက်ကွဲကာ အရာအားလုံးကို ဗလာနတ္ထိဖြစ်စေသည်။

ရီဖူရှင်းအား ငုံ့ကြည့်ရင်း သူမ၏အမူအရာက ပြောင်းလဲသွားသည်။ တစ်ဘက်လူထံမှ သူမသည် ကြောက်မက်ဖွယ်ကောင်းသော ဓားမျက်လုံးများအား မြင်ရ၏။ ဓားများသည် အလွန်အမင်းထက်ရှစွာဖြင့် သူမ၏အမြင်အာရုံအတိုင်း အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်လာခဲ့ကြသည်။

သူမ၏မျက်လုံးသူငယ်အိမ်တွင် ရီဖူရှင်းသည် တစ်ဖြေးဖြေးနီးကပ်လာနေသည်။ တစ်ဘက်လူက လက်ညိုးအား ဓားသဖွယ် ချိန်ရွယ်ထားသည်ကို မြင်၏။ ဓားရောက်လာသောအခါ အချိန်သည် ရပ်တန့်သွားဟန်ရပေသည်။

အင့်…

ညည်းသံတစ်ချက် ကြားရသည်။ နှင်းမြူကမ္ဘာထဲ၌ လုချင်းယောင်၏ပါးစပ်မှ သွေးများ ယိုစီးကျလာခဲ့၏။ အလွန်အားကောင်းသော သက်စောင့်ဝိညာဉ်သည် သူမအား ရစ်ပတ်ထားကာ ဒဏ်ရာများအား အဆက်မပြတ် ကုစားပေးနေသည်။

ထိုမြင်ကွင်းအား ကြည့်ကာ နတ်နန်းတော်တပည့်များအားလုံးသည် လုချင်းယောင်ဘေးကို ရောက်လာကြသည်။ လုချင်းယောင်ကား ရီဖူရှင်းကို အေးစက်စွာ ကြည့်နေဆဲပင်။

“စမ်းချောင်းထဲမှာ ရေနည်းနည်းရှိသေးတယ်။ နတ်မိမယ်က စိတ်မရှိဘူးဆိုရင် ကျုပ်နဲ့အတူ လာချိုးနိုင်ပါသေးတယ်” ရီဖူရှင်းက ပြုံ့တုံ့တုံ့ဖြင့် ပြောသည်။ သူ့ခန္ဓာကိုယ်ကား စိမ့်စမ်းရေများကို အဆက်မပြတ် စုတ်ယူနေဆဲဖြစ်သည်။

“ရှင် ဘယ်သူလဲ” လုချင်းယောင်က ရီဖူရှင်းကို စိုက်ကြည့်ကာ မေးသည်။

“ဘယ်သူမှ မဟုတ်ပါဘူး။ ကျုပ်နာမည် ရှန်ကျင်း” ရီဖူရှင်းက ပြန်ပြောသည်။

“ရှန်ကျင်း…” လုချင်းယောင်ကား သူ၏နာမည်ကို အမှန်ပင် တစ်ခါမှ မကြားဖူး။ စိမ်းရေကား သူမကြည့်နေရင်းဖြင့်ပင် တစ်တိတိ ခမ်းလာနေချေသည်။ သူမက စမ်းရေထဲကို ဆင်းလိုဟန်မရတော့ဘဲ ထိုနေရာတွင်ပင် ရပ်နေ၏။

ရှန်ကျင်းက အမည်မဲ့တစ်ဦးဖြစ်မည်ဟု သူမ မယုံကြည်။ အမည်မဲ့(နာမည်မကျော်ကြားသူ) တစ်ဦးက နတ်နန်းတော်၏တိုက်ရိုက်တပည့်တစ်ဦးဖြစ်သော သူမ၏ပညာရပ်ကို မည်သို့ ချိုးဖျက်နိုင်မည်နည်း။

ထို့အပြင် သူ့နောက်မှ လူများအားလုံးမှာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများရှိကြ၏။ သူသုံးသော ပညာရပ်မှာလည်း ထိုက်ရွှမ်တောင်မှ ဓားပညာဖြစ်ဟန်ရသည်။

စမ်းရေများအားလုံး ခမ်းခြောက်သွားရန်မှာ သိပ်ကြာကြာ မစောင့်လိုက်ရပါ။ အားလုံးမှာ ရီဖူရှင်း၏စုပ်ယူခြင်းကို ခံရသည်။ ရီဖူရှင်းကား ကြွယ်ဝသော အသက်ဓာတ်များဖြင့် ရစ်ပတ်ထားဆဲ။

ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်လျှင် စမ်းရေ၏အသက်ဓာတ်သည် သူ့အတွက် ရန်ဟောင်အဆင့်သို့တက်လှမ်းရန်အထိပင် ထောက်ပံ့ပေးနိုင်ကြောင်း ခံစားမိသည်။ မှန်သည်၊ သူ့အနေဖြင့် တခြားသော နယ်ပယ်များ၌ အဆင့်တက်ရန် လိုပေသေးသည်။

“စကားမစပ် မိန်းကလေးတို့ဆီမှာ လမ်းစဉ်သစ်သီးတွေ ရှိသေးလား။ တကယ်လို့ ရှိသေးရင် ကျုပ်က နည်းနည်းလောက် ချေးငှားချင်ပါတယ်” ရီဖူရှင်းက နတ်နန်းတာ်မှ မိန်းကလေးများ မထွက်သွားသေးသည်ကိုမြင်၏။ သူ့ကိုယ်တွင်းမှ လမ်းစဉ်စွမ်းအားများကို ခံစားမိလျှင် ရှားရှင်းယွန်ကို သတိရမိသည်။ အကယ်၍ သူမအတွက်သာ အနည်းငယ် မသိမ်းထားလျှင် သဘာဝမကျပေ။

“…”

ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့ ရီဖူရှင်းကို ကြည့်ကာ မှင်တက်နေကြသည်။ သည်အကောင်ကား စမ်းချောင်းတစ်ခုလုံးကို ဝါးမျိုခဲ့ပြီးဖြစ်သည်။ ယခု နတ်နန်းတော်မှ တပည့်များ၏လမ်းစဉ်သစ်သီးများကို ထပ်မံ၍ ဓားမြတိုက်လိုနေသည်လား။

ထို့အပြင် လုချင်းယောင်သည် ထက်မြက်ဟန်ရ၏။ သူမထုတ်ဖော်သော စွမ်းအားများအရ သူမသည် နတ်နန်းတော်မှ တိုက်ရိုက်တပည့်တစ်ဦးဖြစ်ရန် များပေသည်။

ရီဖူရှင်းသည် အသက်ဓာတ်စမ်းချောင်းကို ဝါးမျိုပြီးနောက်တွင် နတ်နန်းတော်တပည့်များ၏လမ်းစဉ်သစ်သီးများကို လုယက်လိုနေသေး၏။

ဤက…

လော့ယွဲ့သည်ပင် ခံရခက်သော ခံစားချက်ကို ရ၏။ သည်အကောင်က မိန်းကလေးများကို ညှာတာရကောင်းမှန်း မသိသည်လား။

ရီဖူရှင်းက မိန်းကလေးတစ်ဦးအတွက် နတ်နန်းတော်မှ မိန်းကလေးများ၏လမ်းစဉ်သစ်သီးများကို လုယက်ခြင်းအား သူမသိပါက မည်သို့ နေမည်မသိပေ။

လုချင်းယောင်၏မျက်နှာသည် စိမ်းလိုက်ဖြူလိုက်ဖြစ်သွား၏။ သူမထံမှ အအေးလှိုင်းများသည် တစ်လောကလုံးကိုပင် ဖြန့်ကျက်တော့မတတ်ပြင်းထန်လာသည်။

နတ်နန်းတော်၏ပင်ပတပည့်တစ်ဦးအနေဖြင့် သူမသည် ပြိုင်ဘက်ကင်းမဟုတ်သော်လည်း အလွန်သန်မာသော စွမ်းအားကို ပိုင်ဆိုင်၏။ သူမကား အမြဲတမ်းအားဖြင့် ကောင်းကင်ဘုံမှ ကောင်းချီးပေးသော သမီးပျိုတစ်ဦးဖြစ်သည်။ ဤသို့ အရှက်ရမှုမျိုးကို မကြုံဖူးပေ။

အအေးလှိုင်းများကို ခံစားမိလျှင် ရီဖူရှင်းက တီးတိုးရေရွက်သည် “ကျုပ်တို့သာ တကယ်တိုက်ရင် နတ်မိမယ်က ကျုပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကျုပ် တကယ်ပဲ နတ်မိမယ်ကို မထိခိုက်စေချင်ဘူး”

“အရှက်မရှိဘူး…”

လုချင်းယောင်ဘေးမှ နတ်နန်းတော်တပည့်များအားလုံးမှာ မျက်နှာများမှာ နက်မှောင်နေကြသည်။ သူတို့ကား ဤမျှအတင့်ရဲကာ အရှက်မဲ့သောလူမျိုးအား မမြင်ဖူးကြပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset