Switch Mode

အခန်း ( ၃၂ )

မိုးကောင်းကင်၏ ကောင်းချီးပေးခြင်း ခံရသူ

ပရိသတ်ကြီးပင်မဟုတ်ပေ။ တုလင်ဖေးပင်လျှင် ပိုင်ရှောင်ချန်းကံကောင်းနေသည်ကို မနာလိုဖြစ်မိသည်။ ချန်းကျိအန်းလည်း ထိုနည်းတူပင်။ ထိပ်ဆုံး၅ယောက်အဆင့်သို့ ရောက်အောင်ယှဥ်ပြိုင်ခဲ့ရသော ကျန်၄ယောက်မှာ စွမ်းအင်များစွာကုန်ခမ်းနေပြီ ဖြစ်သည်။ အကယ်၍သာ ဂဏန်းမပါသည့်ကျောက်လုံးကိုရခဲ့လျှင် အချိန်အနည်းငယ်အနားယူနိုင်မည်ဖြစ်ပြီး နောက်လာမည့် ပြိုင်ပွဲများတွင် အသာစီးရမည်မှာ အသေအချာပင်ဖြစ်သည်။

အကြီးအကဲစွန်းက ပိုင်ရှောင်ချန်းကိုကြည့်၍ ပြုံးလိုက်သည်။ လီချင်းဟောက်၏အမူအရာကား ပြောင်းလဲခြင်းမရှိပေ။

ပိုင်ရှောင်ချန်းလ​ည်း နောက်ပြိုင်တစ်ပွဲစတင်သည်ကို စိတ်လှုပ်ရှားစွာကြည့်နေလိုက်သည်။ တုလင်ဖေး၏ ပြိုင်ဘက်မှာ ကြောက်စရာကောင်းသောဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး သူသည် ဂိုဏ်းမှထွက်ခွာကာ တောရိုင်းတိရစ္ဆာန်များကိုနှိမ်နင်းသည့် တာဝန်များကို ထမ်းဆောင်နေကြဖြစ်သဖြင့် သွေးထွက်သံယို ကိစ္စများနှင့် ရင်းနှီးနေသူတစ်ယောက်ဖြစ်သ​ည်။ တစ်ခြားတစ်ဖက်မှာလည်း တုလင်ဖေး၏ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ အတတ်မှာ အင်မတန်ကြောက်ရွံ့ဖွယ်ကောင်းလေသည်။ ထို့အတတ်ကြောင့် အင်အားကြီးသော ခုခံမှုစွမ်းအားများရရှိသည် သာမကပဲ လျှင်မြန်သော အမြန်နှုန်းဖြင့်လည်း ရွေ့လျှားနေနိုင်တော့သည်။

ပရိသတ်ကြီးမှာ ထိုပွဲစဥ်ထဲတွင် အာရုံနစ်မျောနေကြပြီး တစ်ခါတစ်ခါ အိုး…..အား….. အစရှိသော အာမေဋိတ်အသံများပင် ပေါ်ထွက်လာသည်။ ပြိုင်ပွဲဝင်နှစ်ယောက်လုံးမှာ ထိခိုက်ဒဏ်ရာရလုနီးပါးဖြစ်နေကြချိန်တွင် အားပေးသံများထဲမှ အသံတစ်သံက ထူးခြားစွာထွက်ပေါ်လာသည်။

” ဝိုးးး။ကောင်းလိုက်တဲ့ ဓားကွက်ပါလား။ ”

“ဟာ နဂါးမြီးပြောင်းပြန် အကွက်ပါလား။ အိုး။ သတိထား။ မင်းနောက်ကိုကြည့်လိုက်ဦး။ မြန်မြန်လေး မင်းရဲ့နောက်မှာကွ။”

” ရား…ရား….ရား။” ထို အသံများ၏ပိုင်ရှင်ကား တစ်ခြားမဟုတ် ပိုင်ရှောင်ချန်းပင်။

သူကား ပြိုင်ပွဲထဲတွင် နစ်မျောနေပြီး သော့ချက်သိုင်းကွက်များထုတ်သုံးချိန်တွင် လက်ခုပ်များတီးကာ အားပေးနေသည်။ သို့သော် သူသည်ဟန်ဆောင်နေခြင်းမဟုတ်။ တုလင်ဖေး၏ သိုင်းကွက်များကိုကြည့်ကာ အလွန်သဘောကျနေသဖြင့် သူ့ကိုယ်သူပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သည်ဆိုသောအချက်ကိုပင် မေ့နေတော့သည်။

အကြီးအကဲစွန်းက ဖြစ်ပျက်နေသည်များကိုမြင်သောအခါ ခြောက်ကပ်ကပ်အသံဖြင့် ချောင်းဟန့်လိုက်သည်။ လီချင်းဟောက်၏မျက်နှာမှာလည်း ကြက်သေသေနေပြီး စိတ်ထဲမှာပင် ပုခုံးတွန့်ရုံမှလွဲ၍ ဘာမှမလုပ်နိုင်ချေ။ ပိုင်ရှောင်ချန်းသည် သူပေးထားသောတာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်နိုင်ခဲ့ပြီ မဟုတ်ပါလော။

အင်အားကြီးပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရသဖြင့် တုလင်ဖေးသည်ကား အနှောင့်အယှက်များကို အာရုံမစိုက်နိုင်ပေ။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လောက် သူမက အာရုံစူးစိုက်လိုက်ပြီး လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ အတတ်ကို ၃ကြိမ် သုံးလိုက်သောအခါ သူမအနိုင်ရရှိသွားတော့သည်။

သို့သော်လည်း သူမ၏ စိတ်စွမ်းအင်မှာ တစ်ဝက်ကျော်ကျော် ကုန်ခမ်းသွားပြီဖြစ်သည်။ ချွေးများစိုရွှဲကာ ကွင်းထဲကထွက်ရန်ပြင်လိုက်သောအခါ ပိုင်ရှောင်ချန်းက သူမကိုအားပေးနေသည့်အသံကို ကြားလိုက်ရသည်။ ထိုအခါ ထိပ်ဆုံး ၃ယောက်အဆင့်သို့ဝင်ရန် သူမက အသေအကျေကြိုးစားခဲ့ရသော်လည်း ပိုင်ရှောင်ချန်းမူကား အားမစိုက်ရပဲ ရောက်သွားရသည် ဟူသောအတွေးများက သူမ၏ခေါင်းထဲသို့ဝင်လာတော့သည်။ သူမ၏ နှလုံးသားထဲတွင်ဒေါသများဖြင့် ပြည့်နှက်လာပြီး ပိုင်ရှောင်ချန်းကို အားပြင်းသောတိုက်ကွက်တစ်ခုသုံးကာ ထိုနေရာတွင်ပင် အမှုန့်ကြိတ်ပစ်ချင်စိတ်များ တဖွားဖွားပေါ်လာတော့သ​ည်။

တုလင်ဖေးက သူ့ကို ဒေါသတကြီးစိုက်ကြည့်နေသည်ကို ပိုင်ရှောင်ချန်းသတိထားမိလိုက်သောအခါ သူကမျက်တောင်ပေကလပ် ပေကလပ် ခတ်လိုက်ပြီး အပြစ်လုပ်မိသလို ခံစားလိုက်ရသည်။ ထို့နောက် သူကလည်း တုလင်ဖေးကိုပြန်စိုက်ကြည့်လိုက်သဖြင့် တုလင်ဖေး၏ သူ့ကို တိုက်ခိုက်ချင်သည့် စိတ်များမှာ ထိန်းမနိုင်သိမ်းမရသည့် အဆင့်ထိပင်ရောက်သွားတော့သည်။

ချန်းကျိအန်း၏ နောက်ပွဲစဥ်မှာကား အနည်းငယ် ပို၍ လွယ်လေသည်။ သို့သော်လည်း သူ့မှာ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစေလောက်သည့်အချိန်ထိကြာအောင် တိုက်ခိုက်လိုက်ရကာ စိတ်စွမ်းအင် အနည်းငယ် ကုန်ခမ်းသွားတော့သည်။

သူကလည်း ပိုင်ရှောင်ချန်းကို မနာလိုစိတ်များ ပေါက်လာတော့သည်။

” အခုဆို ထိပ်ဆုံးသုံးယောက်ဖြစ်တဲ့ ပြိုင်ပွဲဝင်တွေပဲကျန်တော့တယ်။ မင်းတို့သုံးယောက်စလုံးက အပြင်စည်းဂိုဏ်းရဲ့ ထင်ပေါ်ကျော်ကြားတဲ့ လူတွေဖြစ်သွားပြီနော်။” အကြီးအကဲစွန်းက ပြောလိုက်သည်။

ထို့နောက်သူက လည်ချောင်းရှင်းကာ

” ကျေးဇူးပြုပြီး ပြိုင်ပွဲစဥ်သတ်မှတ်ဖို့ ရှေ့သို့တိုးခဲ့ပါ။ ဒီတစ်ကြိမ်မှာ အမှတ်၃ ကျောက်လုံးကို ဗလာကျောက်လုံးလို့သတ်မှတ်ထားပါတယ်။ အဲ့ဒီကျောက်လုံးရတဲ့လူက နောက်ဆုံး ဗိုလ်လုပွဲကို တိုက်ရိုက်တက်ရပါမယ်။” ဟုကြေငြာပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ အိတ်ကလေးမှာ ထပ်ထွက်လာပြန်သည်။

ချန်းကျိအန်းက ပထမဆုံးနှိုက်ရပြီး သူနှိုက်လိုက်သော ကျောက်လုံးတွင် ၂ ဟုရေးထားသဖြင့် သက်ပြင်းချကာ ဘေးသို့ထွက်သွားသည်။

တုလင်ဖေးသည် အသက်ပြင်းပြင်းရှူကာ ရှေ့သို့လှမ်းလိုက်သည်။ သို့သော်သူမက ချက်ချင်းရပ်တန့်လိုက်ပြီး ပိုင်ရှောင်ချန်းကို အေးစက်စွာ လှည့်ကြည့်လိုက်သ​ည်။

” နင်အရင်နှိုက်။” အမိန့်ပေးသောလေသံဖြင့် သူမကအေးစက်စက်​ပြောလိုက်သည်။

တစ်ချိန်လုံး စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲများကိုတောက်လျှောက်ကြည့်နေရသော ပိုင်ရှောင်ချန်းကလည်း မငြင်းပေ။ တုလင်ဖေး သူ့ကိုအေးစက်စက်အမူအရာနှင့်ကြည့်နေစဥ် သူက အိတ်ထဲသို့ နှိုက်လိုက်လေသည်။ ပိာင်ရှောင်ချန်း နှိုက်မိမည့် ကျောက်လုံးကို စောင့်မျှော်နေသူမှာ တုလင်ဖေး တစ်ယောက်ထဲမဟုတ်။ ပရိသတ်အားလုံး၏အကြည့်များက ပိုင်ရှောင်ချန်း ပေါ်သို့ ရောက်နေတော့သည်။

အကြီးအကဲစွန်း နှင့် လီချင်းဟောက်တို့ပင် သစ်ကုလားအုပ်အလား လည်ပင်ရှည်အောင်စောင့်ကြည့်နေသည်။

လူအများ၏ အာရုံစိုက်မှုခံလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အနည်းငယ်နေရခက်သွားသည်။ သူဘယ်ကျောက်လုံးကို နှိုက်မိမိ ဂရုမစိုက်ပေ။ သို့သော် လက်ဖွင့်ကာကြည့်လိုက်သောအခါ သူသည် မျက်လုံးများပင်ပြူး၍ တုန်လှုပ်သွားရသည်။

နံပါတ် ၃….

ပိုင်ရှောင်ချန်းက တုလင်ဖေးကိုကြည့်ကာ ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်သည်။

” ဟေ့။ နင်ပဲ ငါ့ကိုအရင် နှိုက်ခိုင်းတာနော်။” ဟု မလုံမလဲပြောလိုက်သည်။

တုလင်ဖေးသည်ကား လက်သီးများဆုတ်ကာ ကြောက်မက်ဖွယ်တောက်ပနေသော မျက်လုံးကြီးများဖြင့် ပိုင်ရှောင်ချန်းကို သတ်ဖြတ်ပစ်ချင်သည့်အလား ကြည့်နေတော့သည်။ ဒေါသထွက်စွာဖြင့် အသက်ကိုပြင်းစွာရှူလိုက်သောအခါ သူမ၏ရင်ဘက်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူမကိုကြည့်ရသည်မှာ ပေါက်ကွဲတော့မည် ဗုံးတစ်လုံးလိုပင်။

ချန်းကျိအန်းလည်း မျက်လုံးများ ပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သူ၏အတွေးထဲတွင် လူတစ်ယောက်က ထိုမျှအထိ ကံကောင်းနိုင်မည်ဟုမတွေးထားပေ။ ဤနည်းအားဖြင့် ပိုင်ရှောင်ချန်းမှာ နောက်ဆုံးအဆင့်သို့ အလိုလိုတက်သွားတော့သ​ည်။

ပိုင်ရှောင်ချန်း၏လက်ထဲမှ ကျောက်လုံးကိုမြင်သောအခါ ပတ်ဝန်းကျင်ရှိဂိုဏ်းသားများမှာ သူတို့ကိုယ်သူတို့ မချုပ်တည်းနိုင်တော့ဘဲ ချက်ချင်းပင် အုပ်အော်သောင်းနင်းဖြစ်ကုန်ကြတော့သည်။

” နောက်တစ်ဆင့်ကို ဒီတိုင်းတန်းတက်သွားပြန်ပြီ။ အဲ့​ကောင်နာမည် ပိုင်ရှောင်ချန်းမလား။ ဘာလို့များဒီလောက်ကံကောင်းနေရတာလဲ။ ဗလာကျောက်လုံး နှစ်ခါဆက်တိုက် ပေါက်ရတယ်လို့ကွာ။”

” ဘယ်လိုတောင် သောက်ရှက်မရှိတဲ့ကောင်လဲကွာ။ ဘာမှတောင်မလုပ်ရသေးပဲ ဗိုလ်လုပွဲထိရောက်သွားပြီ။”

” အဲ့ဒီလိုကောင်မျိုးတောင် ဗိုလ်လုပွဲထိရောက်တယ်တဲ့လား။ သောက်ကျိုးနည်းပါကွာ။ အဲ့ဒီလောက်ကံကောင်းနေရင် ငါလည်း ဗိုလ်လုပွဲ အေးဆေးရောက်တာပေါ့။”

လူအုပ်ကြီးကား ထိန်းသိမ်းမရတော့ချေ။ အထူးသဖြင့် ပြိုင်ပွဲမှ ရှုံးနိမ့်ထွက်ခွာသွားရသူများက ပို၍ပင် မနာလိုသောအကြည့်များဖြင့် ကြည့်နေကြသည်။

အကြီးအကဲစွန်းမှာ ခေတ္တမျှတုံ့ဆိုင်းသွားပြီး လီချင်းဟောက်ကို လှမ်းကြည့်လိုက်သ​ည်။ လီချင်းဟောက်က သက်ပြင်းအရှည်ကြီးချလိုက်တော့သည်။ ပိုင်ရှောင်ချန်း၏ကံအတော်ကောင်း နေသည်ကိုတော့ သူလက်ခံရပေမည်။

ပိုင်ရှောင်ချန်းသည်ကား လူအုပ်ကြီးကို ထိုသို့ဖြစ်စရာအကြောင်းမရှိဟု တွေးနေသည်။ ကြောင်တောင်တောင်ပြုံးလိုက်ရင်း ကွင်းထဲက အားတုံ့အားနာဖြစ်စွာ ထွက်ခွာလိုက်သည်။

” အဲကွာ။ ငါကတော့ တန်းအရှုံးပေးမယ်ကြံထားတာကို။” သူကလက်ထဲရှိ ကျောက်လုံးကို မယုံသင်္ကာကြည့်ရင်း ရေရွတ်နေတော့သည်။

တုလင်ဖေးကမူ သူမ၏ဒေါသကိုထိန်းရန် အသက်ပြင်းပြင်းရှူလိုက်သည်။ အံကြိတ်ရင်း ချန်းကျိအန်းကိုကြည့်ကာ ချီစုစည်းလိုက်ပြီး စိတ်ကိုကြည်လင်အောင် ထားလိုက်သည်။သူမသည် ချန်းကျိအန်းကိုလေ့လာထားပြီးဖြစ်ရာ အင်အားကြီး ပြိုင်ဘက်ဖြစ်ကြောင်းသိထားသည်။

ချန်းကျိအန်းကလည်း ခါးသီးစွာပြုံးလိုက်ပြီး အသက်ပြင်းပြင်းရှူကာ တုလင်​ဖေးကို ပြန်ကြည့်လိုက်သ​ည်။

အသက်ရှူ​ကြိမ် အနည်းငယ်ကြာအောင် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးသောအခါ နှစ်ဦးစလုံးက စတင်လှုပ်ရှားလိုက်တော့သည်။ ချက်ချင်းပင် အုန်းခနဲ ဒိုင်းခနဲအသံများထွက်ပေါ်လာသည်။ ပြိုင်ပွဲတစ်လျှောက်တွင် အကောင်းဆုံးပွဲစဥ်ဟုပင် ဆိုနိုင်ပေသည်။ ချန်းကျိအန်းက အစွမ်းကုန်ထုတ်ဖော်လိုက်ကာ အစေ့အချို့ကို ပစ်ထုတ်လိုက်ပြီး စိတ်စွမ်းအင်နှင့်ရောစပ်ကာ တိုက်ကွက်များထုတ်နိုင်သော အပင်များအဖြစ်ပြောင်းလဲလိုက်သည်။ အပင်နှင့်အသီးအရွက်တို့အား ထိုကဲ့သို့ အသုံးချသည်ကိုမြင်လိုက်သောအခါ ပိုင်ရှောင်ချန်း၏မျက်လူံးများမှာ တောက်ပလာသည်။

တုလင်ဖေးကမူ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့အတတ်ကို သုံး၍ သူမ၏ဓားကို ထုတ်လွှတ်လိုက်ရာ လေခွင်းသံမြည်ဟည်းလျက် ထွက်ပေါ်လာသည်။ အနည်းငယ် တိုက်ခိုက်ပြီးသောအခါ သူမက သစ်သားဓားတစ်လက်ကိုထုတ်လိုက်ပြီး ရိုးရိုးဓားပျံများနှင့် ပေါင်းစပ်စေလိုက်သောအခါ ပြိုင်ပွဲမှာပို၍ပင် ရင်သက်ရှုမောဖွယ် ကောင်းသွားတော့သည်။

နှစ်ယောက်စလုံးကား သူတို့၏ဝှက်ဖဲများကို ဆက်တိုက်ထုတ်၍ ဆက်မသုံးနိုင်တော့ပေ။ သူတို့၏ စိတ်စွမ်းအင် များမှာ လျှင်မြန်စွာကုန်ခမ်းနေတော့သည်။ တိုက်ပွဲသည်ကား ပို၍ပင် ခါးသက်လာသည်။

ပိုင်ရှောင်ချန်းက တစ်ချိန်လုံး အော်ဟစ်အားပေးရင်း စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

တိုက်ပွဲသည်ကား တစ်နာရီလောက်ကြာသွားသည်။ အဆုံးတွင် တုလင်ဖေးက သစ်သားဓားကို အရှိန်ပြင်းစွာ ထုတ်လွှတ်လိုက်သည့်အတွက် ပေါက်ကွဲသွားကာ ကျယ်လောင်သောအသံကြီး ဝုန်းခနဲထွက်လာသည်။ ပေါက်ကွဲရာမှထွက်လာသော အပိုင်းအစများကို လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့အတတ်ကိုသုံးကာ ရှေ့သို့ပစ်လွှတ်လိုက်သည်။ ချန်းကျိအန်းမှာ မရှောင်တိမ်းနိုင်တော့ဘဲ နောက်သို့ ချက်ချင်းဆုတ်လိုက်ရပြီး စိတ်စွမ်းအင်များ ကုန်ခမ်းသွားတော့သည်။ အဆုံးတွင် သူကသက်ပြင်းချကာ အရှုံးပေးလိုက်တော့သည်။

ပြင်းထန်လှသောတိုက်ပွဲ​ကြောင့် ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများ ကျေနပ်နေတော့သည်။သူတို့သည် တုလင်ဖေးကို လေးစားမှုသောမျက်လုံးတွေနှင့် ကြည့်လိုက်ကြသည်။

တုလင်ဖေးက အံ့သြစရာကောင်းလောက်အောင် စွမ်းအားထက်သည်ကို သူတို့အခုတော့ အပြည့်အဝ ယုံကြည်သွားတော့သည်။ ချန်းကျိအန်းမှာလည်း ဤတိုက်ပွဲကြောင့် သူ၏ဂုဏ်သတင်းမှာ ပို၍ကျော်စောသွားတော့သည်။

သူရှုံးသွားသော်လည်း နောက်လာမည့်နေ့ရက်များတွင် အရင်ကထက်ပို၍ နာမည်ကြီးနေမည်ဟု သေချာပေါက်တွေးနေတော့သည်။

အကြီးအကဲစွန်းမှာလည်း ကျေနပ်နေပုံရပြီး တုလင်ဖေးကို တပည့်အရင်းအဖြစ်ခန့်အပ်ရန်ပင် တွေးနေတော့သည်။

တချိန်ထဲမှာပင် ပြိုင်ပွဲ မည်ကဲ့သို့ပြီးသွားသည်ဖြစ်စေ ပိုင်ရှောင်ချန်း၏နာမည်မှာလည်း ပျံနှံ့သွားမည်မှာ သေချာလှသည်။

ချန်းကျိအန်းက အရှုံးပေးလိုက်သောအခါ တုလင်ဖေးမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မောပန်းလွန်းသဖြင့် ရှေ့နောက်ယိမ်းထိုးနေကာ စိတ်စွမ်းအင်များလည်း လုံးဝကုန်ခမ်းသွားပြီဖြစ်သည်။

သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးလုံးအချို့ထုတ်လိုက်ကာ ချက်ချင်းပင် မျိုချလိုက်သည်။ သို့သော်လည်း ထိုဆေးလုံးများမှာ နာရီပေါင်းများစွာ ကျင့်ကြံမှသာ စွမ်းအင်အပြည့်ဖြစ်မည်ဖြစ်ကြောင်း သူမ သိလေသည်။ တိုက်ပွဲ၄ပွဲကို တစ်ဆက်ထဲ တိုက်ခိုက်ထားရသည်မဟုတ်ပါလော။

သို့သော်လည်း ပြိုင်ပွဲ၏စည်းကမ်းများအရ ဂိုဏ်းသားများ နားရန် အချိန်သိပ်မပေးချေ။ အသေးစားပြိုင်ပွဲလေးတစ်ခုပင် မဟုတ်ပါလော။

” ပိုင်ရှောင်ချန်း။ နင်ဒီကိုထွက်ခဲ့စမ်း။” တုလင်ဖေးက ကွင်းပြင်အလယ်မှနေ၍ အံကြိတ်ရင်း အော်ခေါ်လိုက်သည်။ သူမ၏မျက်လုံးများမှာ ကွင်းအပြင်ဘက်တွင်မတ်တတ်ရပ်နေသော ပိုင်ရှောင်ချန်းကို ကြည့်နေရင်း ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပနေသည်။

သူမသည် ကျန်သေးသော စိတ်စွမ်းအင်လေးကို အသုံးချ၍ ကံကောင်း၍သာ ဗိုလ်လုပွဲတက်သွားသည့် ဆိုးရွားလှသောပိုင်ရှောင်ချန်းကို အနိုင်ယူရန် တာစူနေသည်။

တုလင်ဖေးဆီမှ ထိုစကားသံများထွက်လာသောအခါ ပရိတ်သတ်အားလုံးက ပိုင်ရှောင်ချန်း ကံဆိုးမိုးမှောင်ကျတော့မည်အလား ဝိုင်းကြည့်လိုက်ကြသ​ည်။ သူတို့၏အတွေးထဲတွင် တုလင်ဖေး အရိုးကျေလောက်အောင် ပင်ပန်းနေပါသော်လည်း ပိုင်ရှောင်ချန်းမှာကံကောင်း၍ နိုင်ပွဲများတွေ့ထားသည့်အတွက် သူ့ကို ဘယ်အခြေအနေနှင့်ဖြစ်ဖြစ် အနိုင်ယူနိုင်မည်ဟု တွေးနေကြသည်။

ပိုင်ရှောင်ချန်းကမူ မျက်တောင် ပေကလပ် ပေကလပ်ခတ်လိုက်ကာ မတ်တတ်တောင်ကောင်းကောင်း မရပ်နိုင်တော့သော တုလင်ဖေးကိုကြည့်ရင်း သူနံပါတ်၁နေရာကို ရနိုင်ကြောင်း သဘောပေါက်သွားတော့သည်။

” ကဲ ပိုင်ရှောင်ချန်း နာမည်ကြီးရမဲ့ အချိန်ရောက်ပြီပဲဟေ့။ ကွင်းထဲသွားပြီး ငါ့ရဲ့ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့အတတ်ကို သုံးပြလိုက်ရင် လူတိုင်း တုန်လှုပ်သွားမှာ အသေအချာပဲကွ။ ဟားဟား။” ကိုယ့်အတွေးများနှင့်ကို ပိုင်ရှောင်ချန်း ပျော်မြူးနေသည်။ ရင်ကို မာန်တက်စွာ ကော့လိုက်ကာ သူ၏နိုင်ပွဲကို လူတိုင်းတုန်လှုပ်ကာကြည့်နေမည့် မြင်ကွင်းကိုပုံဖော်ရင်း ကွင်းထဲသို့ ဝင်သွားတော့သည်။

သို့သော်လည်း သူကွင်းထဲခြေချလိုက်ချိန်မှာပဲ တုလင်းဖေ၏မျက်လုံးများက အေးစက်စွာတောက်ပသွားပြီး ချက်ချင်းပင် လက်ဖြင့်ဂါထာမန်းမှုတ်လိုက်ကာ ရှေ့သို့ညွှန်ပြလိုက်သည်။ ချက်ချင်းပင်သူမ၏ ဓားပျံက ပိုင်ရှောင်ချန်းဆီသို့ ဝဲပျံလာတော့သည်။

ဓားဆီမှ ရက်စက်ကြမ်းကြုတ်သော လေများထွက်ပေါ်နေပြီး အရပ်မျက်နှာတစ်ခွင် ပြင်းထန်သော အေးစက်မှုများကို ထုတ်လွှတ်လိုက်သ​ည်။ တုလင်ဖေးသည် တတ်နိုင်သမျှ စိတ်စွမ်းအင်အကုန်စုကာ တိုက်ကွက်ကို ထုတ်လိုက်သည့်အတွက် ဓားမှာ ကြောက်မက်ဖွယ်ကောင်းနေသည်။

ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ တုလင်ဖေးက လေထဲသို့ ခုန်ကာ ဓားနှင့်တစ်သားတည်းဖြစ်သွားသည့်အလား ဓားနောက်မှ ပျံဝဲကာလိုက်ပါလာသည်။

ပိုင်ရှောင်ချန်းဆီသို့ ဓားကအရှိန်တင်ကာ ပျံဝဲသွားသောအခါ ဘုန်းခနဲမြည်သံပင်ထွက်လာသည်။ ချန်းကျိအန်းနှင့်တိုက်ခိုက်တုံးကထက်ပင်ပို၍ မြန်လေသည်။ ပိုင်ရှောင်ချန်းဆီသို့ တည့်တည့်ထိုးခွင်းသွားသောအခါ ရောင်စဥ်တန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး လေကိုခွင်းသံများပင် ထွက်လာ​တော့သည်။

လူတိုင်းက ဓားကို တုန်လှုပ်စွာကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသ​ည်။ ”

” အထီးကျန်ဓား။ ပျံသန်း အင်မော်တယ်သိုင်းကွက်ပဲ။ ”

” ဂိုဏ်းတူအစ်မတုက ဒီဓားမန္တန်ကို တတ်မြောက်နေလိမ့်မယ်လို့ ငါတကယ်ထင်မထားဘူး ”

အကြီးအကဲစွန်း၏မျက်လုံးများမှာ တောက်ပလာပြီး လီချင်းဟောက်ကလည်း ခေါင်းတ​ငြိမ့်​ငြိမ့်ဖြစ်နေသ​ည်။ တုလင်ဖေးအရင်တုံးက ထိုဓားမန္တန်ကိုအောင်မြင်စွာမသုံးဖူးသည်ကို သူတို့နှစ်ယောက်သိသည်။ သို့သော်လည်း ဤပြိုင်ပွဲမှာ သူမ၏စိတ်စွမ်းအားကုန်လုနီးပါးဖြစ်နေချိန်၌ ထိုဓားမန္တန်ကိုအောင်မြင်စွာထုတ်ဖော်လာနိုင်ခဲ့သည်။

” အရာရာအားလုံးကို စတေးပြီးစွန့်စားလိုက်လို့ အဲ့ဒီဓားမန္တန်ကို ဉာဏ်အလင်းပွင့်သွားတာပဲ။” လီချင်းဟောက်က လေးစားသည့်မျက်လုံးတွေနှင့် သုံးသပ်လိုက်သည်။

” ဒီ တုလင်ဖေးဆိုတဲ့ ကလေးမလေးက ဘယ်ဆိုးလို့လဲ။ မြစိမ်းတောင်ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က သူနဲ့ပိုလိုက်ဖက်လောက်တယ်။”

အပြင်စည်းဂိုဏ်းသားများအားလုံးကမူ လုံးဝတုန်လှုပ်နေကြတော့သည်။ ကြည်လင်ပြတ်သားသောပုံရိပ်တစ်ခုအဖြစ် ပေါင်းစပ်သွားသည့် တုလင်ဖေးနှင့်သူမ၏ ဓားပျံမှလွဲ၍ ကျန်အရာများမှာ ဝိုးတိုးဝါးတား ဖြစ်ကုန်သည်။

ထိုဓားက တဝီဝီမြည်လျက် လေကိုခွင်းကာ ထွက်ပေါ်လာခြင်းနှင့်အတူ နောက်မှဓားပိုင်ရှင်က လိုက်ပါလာခြင်းက အစွမ်းထက်သော တိုက်ကွက်တစ်ကွက်ဖြစ်သွားသ​ည်။ တုလင်ဖေးသည် အားပြတ်နေဟန်ရှိသော်လည်း သူမ၏မျက်လုံးများက စူးရှစွာတောက်ပနေသည်။ ဤဓားမန္တန်က သူမကို အနိုင်ရလဒ်ဆောင်ကျဥ်းပေးမည်ဟု သူမ ယုံကြည်နေ၏။

ဓားပျံနှင့်တုလင်ဖေးတို့ ပျံဝဲလာသည်ကိုကြည့်ကာ ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ကျောက်စိမ်းလည်ဆွဲနှင့် အဆောင်ပစ္စည်းများအပါအဝင် သူ၏အကာအကွယ်ပစ္စည်းများ အထပ်လိုက်ထွက်ကျလာပြီး တဂျုံးဂျုံးမြည်ဟည်းသံများပင် ထွက်လာသည်။ တစ်ခါထဲမှာပင် သူကနောက်သို့ ခုန်ပျံ၍ အလျင်အမြန်ဆုတ်ခွာလိုက်သည်။

ဓားပျံသည် သာမန်ပစ္စည်းတစ်ခုမဟုတ်ဘဲ ဒိုင်းကာများကို လျှင်မြန်စွာ ထိုးဖောက်သွားလေ၏။ တစ်လွှာပြီးတစ်လွှာထိုးဖောက်ကာ အကာအကွယ်ဒိုင်းများအားလုံးကို ဖြိုခွဲလိုက်ပြီး ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အထိ ရောက်သွားတော့သည်။

ထိုအချိန်တွင် ဓားမှာ စွမ်းအင်သိပ်မကျန်တော့ပေ။ ပိုင်ရှောင်ချန်းခန္ဓာကိုယ်ထဲသို့ ထိုးဝင်ခါနီးမှာပင် ထိုဓားက ညပ်သွားတော့သ​ည်။ ပိုင်ရှောင်ချန်းက နောက်သို့ထပ်၍ပျံဝဲကာ ဆုတ်လိုက်သောအခါ ဓားသွားထိုးဖောက်ရာနေရာမှ သားရေအင်္ကျီများ အထပ်လိုက်ထွက်ပေါ်လာသည်။

.

ပရိတ်သတ်မှာ ထိုမြင်ကွင်းကိုမြင်သော် ပါးစပ်အဟောင်းသားနှင့် မှင်သက်နေတော့သည်။

” ပိုင်..ပိုင်ရှောင်ချန်းမှာ အကာအကွယ်တွေအများကြီးပဲဟ။”

” သေရမှာကို ဒီကောင် ဘယ်လောက်များကြောက်တုံးမသိဘူး။ တန်ရောတန်ရဲ့လားကွာ။ မှော်ပစ္စည်းတွေနဲ့ အဆောင်တွေကို ဒီလိုအသေးစားပြိုင်ပွဲလေးအတွက် သုံးရတယ်လိူ့။ ပြီးတော့အဲ့တာတွေအပြင် သားရေအင်္ကျီအထပ်လိုက်ပါ ဝတ်ထားလိုက်သေးတယ်ဟ။”

အမြီးတက်နင်းခံလိုက်ရသော ယုန်လေးကဲ့သို့ပြေးလွှားနေသည့် ပိုက်ရှောင်ချန်းကိုကြည့်ရင်း တုလင်ဖေး၏မျက်မှာ​မှာ ဖြူဖတ်ဖြူရော်ဖြစ်လာသည်။ သူကလျှင်မြန်စွာရွေ့လျှားနေသည့်အပြင် သူမ၏ဓားမှာ သူ့အဝတ်များကြားတွင် ညှပ်နေသေးသည်။ သူမက အံကြိတ်ကာ လက်ဖြင့်ဂါထာမန်းမှုတ်လိုက်ပြီး ဓားကို သူမဆီ ပြန်ဆွဲထုတ်ရန်ကြိုးပမ်းလိုက်သည်။ သို့သော်လည်းသူမတွင် စိတ်စွမ်းအင်အနည်းငယ်သာကျန်တော့သည့်အတွက် ဓားမှာအနည်းငယ်ပင် လှုပ်ခါသွားပြီး ထွက်မလာချေ။

နောက်ဆုံးတစ်ခေါက် ထပ်ကြိုးစားရန်ပြင်လိုက်ပြီး သူမ၏စိတ်စွမ်းအင်များကို လည်ပတ်စေလိုက်ရာ သူမ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာတော့သည်။ ထိုအခါ ဒယီးဒယိုင်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ထိုနေရာတွင် မတ်တတ်ပင်ကောင်းကောင်းမရပ်နိုင်တော့ရာ ထိုင်ချလိုက်ရသည်။ သူမ၏မျက်နှာမှာ အသက်မရှိတော့သည့်အလား ဖြူဖတ်နေပြီး သူမ၏စိတ်စွမ်းအင်ကမူ အကုန်လုံးကုန်ခမ်းသွားပြီဖြစ်သည်။

သူမ၏စိတ်ထဲတွင်ကား တရားမျှတမှုလုံးဝမရှိပါလားဟု ခံစားနေရသည်။ နောက်ဆုံးတိုက်ပွဲသို့ရောက်ရှိရန် သူမက ခက်ခဲစွာကြိုးစားရုန်းကန်ခဲ့ရသော်လည်း ပိုင်ရှောင်ချန်းကမူ ဘာမှလုပ်စရာမလိုပဲ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင်သူက သူ့၏စိတ်စွမ်းအင်ကို အနည်းငယ်မျှပင် ထုတ်မသုံးရသေးပေ။ သူမ၏ နာကျည်းမှုများမှာ ဒေါသအဖြစ်ပြောင်းလဲသွားတော့သည်။ သူမကအံကြိတ်ရင်း ပိုင်ရှောင်ချန်းကို အကြိမ်ကြိမ်အခါအခါ သတ်ပစ်ချင်သော မျက်လုံးများဖြင့် ကြည့်နေတော့သည်။ သူမတွင် အင်အားရှိသေးပါက သူ့ကိုထ၍ပြေးကိုက်မိမည်မှာ အမှန်ပင်။

ပိုင်ရှောင်ချန်းမှာ နောက်သို့အလျှင်အမြန်ဆုတ်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ တုလင်ဖေးက ဤကဲ့သို့ ဓားမန္တန်ကို ထုတ်သုံးလိမ့်မည်ဟု သူလုံးဝမထင်ထားချေ။ သူ၏ အကာအကွယ်များပင် မထင်မှတ်နိုင်လောက်အောင် ပျက်စီးသွားပြီ ဖြစ်သည်။

” ဟူး…. တော်သေးတာပေါ့ ဉာဏ်ကောင်းပြီး သားရေအင်္ကျီရှစ်ထပ် ဝတ်ခဲ့လို့။”

သူက စိတ်သက်သာရာရသောလေသံဖြင့် သူ၏ပုခုံးကိုထိနေသော ဓားပျံကိုငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။ ထိုဓားသည်ကား ယခုတွင်မူ စိတ်စွမ်းအင်များကုန်ခမ်းနေပြီး သားရေထပ်များကြားတွင် ညှပ်နေတော့သည်။ သူ၏ အရေပြားဆီသို့ရောက်သောအခါ ထပ်၍ရှေ့ဆက်တိုးရန် အစွမ်းမရှိတော့ချေ။

ထို့အပြင် ဓားက သူ့ကိုတကယ်ထိုးမိပါကလည်း သူ၏ထာဝရအရေပြားကြောင့် ခြင်ကိုက်သလောက်ပင် နာမည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းက ကြောက်ရွံ့နေသောမျက်လုံးများဖြင့် ဓားကိုကြည့်ပြီး ဂရုတစိုက် ဆွဲထုတ်လိုက်သည်။ ထို့နောက်သူက ဟောဟဲဟောဟဲဖြစ်နေသော တုလင်ဖေးကိုလှမ်းကြည့်လိုက်သည်။

” ဂိုဏ်းတူအစ်မရယ်။ ဒီလိုမျိုး ရတနာပစ္စည်းတွေကို ဘာလို့အဲ့လိုကြီး လျှောက်လွှင့်ပစ်နေရတာလဲ။ ဘာလဲ ဒီဓားကိုမလိုချင်ဘူးလား။ ရတယ်အဲ့တာဆို ကျွန်တော်ယူလိုက်မယ်လေဗျာ။”

ပိုင်ရှောင်ချန်းက စ နောက်သောလေသံဖြင့် မေးလိုက်သည်။

ထို့နောက်သူက ကျေနပ်ပျော်ရွှင်စွာဖြင့် ဓားပျံကို သူ၏ထည့်စရာအိတ်ထဲသို့ထည့်လိုက်ပြီး သူ၏ သစ်သားဓားလေးကို ဆွဲထုတ်လိုက်သည်။ သူတိုက်ခိုက်ဟန်ပြင်လိုက်သောအခါ လူအုပ်ကြီးထဲကလူများက လန့်ဖြန့်ပြီး ထအော်လေတော့သည်။

သူမ၏ ဓားပျံကို ပို​င်ရှောင်ချန်းက သိမ်းသွားသည်ကိုမြင်လိုက်ရသောအခါ တုလင်ဖေး၏မျက်လုံးများမှာ နီရဲလာတော့သည်။

“နင်….” သူမကစိတ်တိုသောလေသံဖြင့် အော်လိုက်ရန်ပြင်လိုက်ချိန်မှာပင် မောဟိုက်လွန်း၍ မေ့မျောကာ သတိလစ်သွားတော့သည်။

ဤပြိုင်ပွဲတွင် ပိုင်ရှောင်ချန်းကြောင့် သတိလစ်သွားသူများထဲတွင် သူမက နှစ်ယောက်မြောက်ဖြစ်သည်။

” ကောင်းကွာ။ ဘာလို့နင်က မေ့လဲသွားရတာတုံးဟ။” ပိုင်ရှောင်ချန်းက အူကြောင်ကြောင်ဖြစ်သွားကာ မေ့မျောနေသော တုလင်ဖေးကိုကြည့်ရင်း ဓားကိုသိမ်းလိုက်ပြီး ပုခုံးကိုသာ တွန့်ပြမိလိုက်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset