ရီဖူရှင်းနှင့် တစ်ခြားသူများ ရှေ့သို့ ခရီးဆက်ခဲ့သည်။ သို့သော် တိုက်ပွဲများပြီးဆုံးနေပြီဖြစ်ကာ သစ်ပင်အများစုမှ သစ်သီးအများစုသည် သစ်သီးများသည် ကောက်ယူပြီးဖြစ်သည်။ ထိုနေရာရှိသစ်ပင်များတွင် သစ်သီးများ မကျန်တော့သော်လည်း သူတို့ရောက်နေသည့်နေရာနှင့်မလှမ်းမကမ်းတွင် တိုက်ပွဲများ ဖြစ်ပွါးနေဆဲဖြစ်သည်။
ထိုတိုက်ပွဲများသည် လူတိုင်းအတွက် သူတို့သည် နောက်အဆင့်သို့ တက်ရန်ထိုက်တန်ကြောင်း သက်သေပြနိုင်ပြီး မဟာလမ်းစဉ်ခရီး၏ ရှေ့သို့တက်လှမ်းခွင့်ရနိုင်ရန်အတွက် အခွင့်အရးတစ်ခုလည်းဖြစ်သည်။ အကယ်၍ ထိုအခွင့်အရေးအတွက် တိုက်ခိုက်ယူနိုင်မှရမည်ဆိုလျှင် သူတို့တိုက်ကြရပေလိမ့်မည်။ တိုက်ပွဲအတွင်းတွင် မည်သူကမှ ယဉ်ကျေးသိမ်မွေ့စွာပြုမူနေမည်မဟုတ်ပေ။
ထို့နောက် ရီဖူရှင်းနှင့် လိုက်ပါလာကြသူများသည် အခြားသစ်သီးများကို ရယူနိုင်ရန်ရှာဖွေကြည့်ကြသော်လည်း သူတို့၏အနီးတစ်ဝိုက်တွင် မည်သည့်သစ်သီးမျှ မရှိတော့ကြောင်းတွေ့ရလေသည်။ သို့သော် လူတိုင်းသည် အမြင့်ဆုံးတောင်သို့ ဦးတည်ကာသွားနေကြသည်။ ထိုရှေးဟောင်းတောင်ထွဋ်၏ ထိပ်ဆုံးတွင် ကောင်းကင် နန်းတော်တစ်ခု တည်ရှိနေပုံပေါ်သည်။ ထိုနန်းတော်သည် ပုံရိပ်ယောင်တစ်ခု ဖြစ်ပုံရသော်လည်း တောင်ကို လွှမ်းခြုံထားသည့် ကောင်းကင်နှင့်မြေကြီး၏ကြီးကျယ်ခမ်းနားလှသော မဟာလမ်းစဉ်၏ စွမ်းအားတို့ကို လူတိုင်း သတိပြုမိခဲ့ကြသည်။
လူများသည် ထိုနေရာသို့သွားသည့် လမ်းတစ်လျှောက် တိုက်ခိုက်နေကြသည်။ တောင်ခြေကိုကျော်ဖြတ်ကာ တောင်နှင့်နီးလာသည်နှင့်အမျှ ပိုမိုများပြားသော တိုက်ပွဲများကိုတွေ့လာရသည်။ ထိုနေရာရှိ စွမ်းအားများသည် အလွန်ထူထပ်သောကြောင့် မြောက်များစွာသောနတ်ဘုရားများအား မွေးဖွားလာစေခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းတို့ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် အလွန်အစွမ်းထက်သော မိစ္ဆာနှင့်နတ်ဘုရားစွမ်းအားနှစ်ခုလုံးမှ ဖိအားများကို ခံစားလိုက်ကြရသည်။ တောင်တစ်ခုလုံးအား ထူထဲလှသောစွမ်းအားများဖြင့် လွှမ်းခြုံထားပြီး ထိုနေရာတစ်လျှောက်တွင် မြူများဖုံးလွှမ်းနေသဖြင့် မှုန်ဝါးဝါးသာ တွေ့မြင်ရလေသည်။
ဘုန်း…
မြူမှုန်များထက်ရှိ ကောင်းကင်ထက်မှ အလင်းတန်းတစ်ခုကျဆင်းလာပြီး သူတို့ရှိရာသို့ မိုးကြိုးတစ်ခု ပစ်ချ လာပြီး ထိုနေရာတစ်ခုလုံး လှုပ်ခတ်သွားသည်။ သို့သော် ထိုတောင်သည် မယုံနိုင်လောက်အောင် တောင့်တင်း ခိုင်မာလှပေပြီး နဂိုပုံစံအတိုင်း နတ်ဘုရားစွမ်းအင်များဖြင့်ပြည့်ဝနေကာ အနည်းငယ်ပင် မလှုပ်ခတ်ပေ။
ရီဖူရှင်း ရောက်သွားသောအခါ လူအတော်များများသည် သူတို့၏ဒဏ်ရာများအား ပြန်လည်ကုသရန် ထွက်ခွာ သွားကြသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် သစ်ပင်တစ်ပင်ရှိနေပြီး ထိုသစ်ပင်အား အဆုံးမဲ့သော လျှပ်စစ် စွမ်းအားများ ရစ်ပတ်ထားသည်။ ထိုသစ်ပင်တွင် သစ်သီးတစ်လုံးသာရှိသော်လည်း သူမြင်ခဲ့ဖူးသော သစ်သီးများ ထက်ပို၍ကြီးသည်။ ၎င်းသစ်ပင်သည် မဟာလမ်းစဉ်၏အလင်းတန်းများ ဖုံးလွှမ်းနေပြီး မိုးကြိုးသည် ထိုသစ်ပင် အထက်ရှိ ကောင်းကင်ပေါ်မှ ကျဆင်းလာခြင်းဖြစ်သည်။ မိုးကြိုးသံတစ်ချက်ထွက်ပေါ်လာတိုင်း သစ်သီးသည် ပို၍ရင့်မှည့်လာပြီး စွမ်းအားများ ပိုမိုထူထပ်လာသည်။
“ဒါက မဟာလမ်းစဉ်ရဲ့မိုးကြိုးပြစ်ဒဏ်တွေနဲ့ သစ်သီးက သူ့ကိုယ်သူသန့်စင်နေတာပဲ “ ရီဖူရှင်း၏ စိတ်နှလုံးများ တုန်လှုပ်သွားသည်။ ဤသည်မှာ ကမ္ဘာလောကြီး၏ ဆန်းကြယ်မှုတစ်ခုဖြစ်သည်။ ထိုသစ်သီးသည် တစ်ခြား သစ်သီးများထက် မဟာလမ်းစဉ်၏စွမ်းအားများ ပို၍ပါဝင်မည်မှာ ထင်ရှားပေသည်။ ထိုသစ်ပင်ပေါ်တွင် သစ်သီးတစ်လုံးသာရှိနေပြီး ကျန်သစ်သီးများကို တစ်ခြားသူများခူးယူသွားသည်လား သို့မဟုတ် သစ်သီး တစ်လုံးတည်းသာ သီးသည်လား ဆိုသည်ကို သူမသိပေ။
သူတို့မြင်တွေ့နေရသော အနေအထားအရ ထိုသစ်ပင်သည် အမြဲတမ်းသစ်သီးတစ်လုံးသာ သီးသည့်ပုံ ပေါ်လေ သည်။ မဟာလမ်းစဉ်၏ စွမ်းအားများအားလုံးကို ထိုသစ်သီးတစ်လုံးတည်းက စုပ်ယူလိုက်ခြင်းဖြစ်ပေသည်။
လျှပ်စီးကြောင်းများနှင့် မိုးကြိုးများသည် တောက်ပကြည်လင်သော စိတ်ဝိညာဉ်လမ်းကြောင်းတစ်ခုဖြင့် ထိုသစ်သီးအား ရစ်ပတ်ထားသည်။ ၎င်း၏ဘေးတွင် ဧရာမမိုးကြိုးနတ်နဂါးကြီးတစ်ကောင်ရှိနေသည်။ ထိုနဂါးသည်သစ်ပင်ကိုရစ်ပတ်နေပြီး သစ်သီးရင့်မှည့်လာသည်နှင့် သစ်သီးကို စားရန် စောင့်နေသည့်ပုံပေါ်သည်။ ဤသို့ပြုလုပ်ခြင်းသည် သူ့ကိုသားရဲဘုရင်အဆင့်သို့ သေချာပေါက် ရောက်ရှိသွားစေမည်ဖြစ်သည်။
သူတို့ရှေ့တွင် ခရမ်းရောင်မျက်လုံးများရှိပြီး ခရမ်းရောင်ဝတ်စုံအားဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ရပ်နေသည်။ သူ၏မျက်လုံးများသည် အဆုံးမဲ့သည့်လျှပ်စီးတန်းများ တောက်ပနေပြီး သူ၏ဝတ်ရုံပေါ်တွင် တောက်ပသော နတ်မိုးကြိုးများ လှည့်ပတ်သွားလာနေသည်။ ကောင်းကင်ထက်တွင် ကြိတ်ဆုံပုံသဏ္ဌာန် မိုးကြိုးတိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုကြိတ်ဆုံကြီးသည် အဆက်မပြတ် လှည့်ပတ်ကာ အော်မြည်လျက် ရှိပြီး အဘိုးအို၏ကိုယ်ခန္ဓာပေါ်သို့ ပဲတင့်သံများရိုက်ခတ်နေသည်။
“သူ့မှာ မဟာလမ်းစဉ်စိတ်ဝိညာဉ်ရှိနေတာပဲ” ဝမ်ရှိုးရီသည် အံ့အားသင့်ဟန်ပေါ်နေပြီး လေသံတိုးတိုးဖြင့် ပြောသည်။ နဂါးသည် မြင့်မြတ်သော သားရဲကျင့်ကြံသူဖြစ်ပြီး ၎င်း၏ကြီးမားသောကိုယ်လုံးတစ်လျှောက်ရှိ အကြေးခွံတစ်ခုတစ်ခုစီတိုင်းတွင် တောက်ပသောလျှပ်စီးများ ဖြတ်သန်းစီးဆင်းနေသည်။ ၎င်းသည် မိုးကြိုး ခန္ဓာကိုယ်ကို ကျင့်ကြံနေသည့်ပုံပေါ်သည်။ အဘိုးအိုသည် ရန်ဟောင်အဆင့်သို့ရောက်ရန် ခရီးတစ်ဝက်ပေါက်ခဲ့ပြီး ဖြစ်ရာ သူ၏ကျင့်ကြံခြင်းသည် အလွန်အရေးကြီးသောအဆင့်ကို ရောက်ရှိနေပြီဟု ဆိုနိုင်လေသည်။ သူသည် ထိုနေရာတွင် မဟာလမ်းစဉ်စက်ဝိုင်းကိုပုံဖေါ်ကာ သူ၏ရန်ဟောင်ခန္ဓာကိုယ်ကို အသက်ဝင်စေရန် သစ်သီးကို အသုံးပြုပြီး သူ့ကိုယ်သူ ရန်ဟောင်အဆင့်သို့ရောက်ရန် ထိုက်တန်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားနေပုံ ပေါ်သည်။
ရီဖူရှင်းသည်လည်း ထိုအဘိုးအို၏ နက်နဲသည့်စွမ်းအားကို ခံစားမိပေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာလီ၏ နန်းတော်မှ သူ၏ဆရာ ထွက်လာစဉ်က အနေအထားထက်ပင် မဟာလမ်းစဉ်အား သိနားလည်ခြင်းတွင် ခြေတစ်လှမ်းပိုသာနေပုံပေါ်သည်။ ထို့ကြောင့် သူ့တွင် စိုးရိမ်စိတ်များ ရှိနေသော်လည်း ထိုအခွင့်အလမ်းသည် အလွန်အရေးပါပေသည်။ သူသည်ထိုသစ်သီးအား အရာရာတိုင်းထက်ပိုမိုလိုအပ်ပေသည်။
“မင်းတို့အားလုံးတခြားနေရာကိုသွားသင့်တယ်။” အဘိုးအိုသည် ရီဖူရှင်းနှင့် အခြားသူများရောက်လာကြောင်း အာရုံရသွားပြီး ပြောလိုက်သည်။ သူ၏အကြည့်သည် သူတို့အပေါ်သို့ ရောက်ရှိလာချိန်အတွင်းတွင် မဟာလမ်းစဉ်၏အလင်းတန်းများသည် ရီဖူရှင်း၏ မျက်လုံးအတွင်းသို့ ထိုးဖေါက်ဝင်ရောက်လာပြီး သူ၏ စိတ်ဝိညာဉ်အား ဖိနှိပ်လိုက်သည်။ သူသည် မည်မျှ ခက်ခဲကြောင်း သိရှိစေလိုက်ပြီး သူတို့အား ပြန်လည် ဆုတ်ခွာသွားစေသောကြောင့် ထိုသို့ပြုမူလိုက်ခြင်းဖြစ်ကြောင်း နားလည်လိုက်ကြသည်။
“ခင်ဗျားက ဒီလောက်ထိအဆင့်မြင့်လာပြီးမှတော့ မကြာခင် အင်ပါယာအဆင့်ကို ရောက်နိုင်တော့မှာပါ။ ဘာကြောင့် အဲဒီသစ်သီးကို ကျွန်တော်တို့လို အဆင့်အရမ်းနိမ့်သေးတဲ့သူတွေကို မပေးချင်ရတာလဲ” ရီဖူရှင်းက သွားဖြဲကာပြုံးပြပြီးပြောလိုက်သည်။ ရီဖူရှင်း၏ ဘေးတွင်ရှိနေသည့် သူ၏အရှက်မဲ့ခြင်းကို ကျင့်သားရနေပြီ ဖြစ်သော ဖီးနစ်လေးသည်ပင် နှာခေါင်းရှုံ့လိုက်မိသည်။
ဘုန်း…
အဘိုးအိုသည် ကောင်းကင်သို့ ညွှန်ပြလိုက်လျှင် ရုတ်တရက် ကြိတ်ဆုံ ပုံသဏ္ဍန်တိမ်တိုက်သည် မိုးကြိုး စွမ်းအင်များပြည့်ဝနေသော အလင်းတန်းများဖြင့် တောက်ပလာသည်။ ကောင်းကင်ထက်တွင် ကြီးမားပြီး အစွမ်းထက်သော မိုးကြိုးနတ် ဘုရားတစ်ပါး၏ ပုံရိပ်ထွက်ပေါ်လာပြီး သူ၏လက်ဖဝါးဖြင့် မြေပြင်ကိုဖိနှိပ် လိုက်သည်။ အဘိုးအိုသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ထိုသို့ဖြစ်ပျက်စေလိုက်သည်။
သူသည် ရန်ဟောင်အဆင့်သို့တက်ရောက်ခြင်းသည် တစ်ဝက်တစ်ပျက်မျှသာရှိနေသေးသောကြောင့် သူတို့ ထက်ပိုပြီး ထိုသစ်သီးကိုလိုအပ်ပေသည်။ ထိုသစ်သီးသည် အမှန်တကယ်ပင် သူ့အတွက် အလွန်အရေးပါပေသည်။ ၎င်းသည် သူ့ကို ရန်ဟောင်အဆင့်နှင့် ပိုမိုနီးကပ်စေလိမ့်မည်။
သူ၏လမ်းတွင် ပိတ်ဆို့ဝံ့သူ မည်သူမဆိုသေရပေမည်။
ဝမ်ရှိုးရီသည် သူ၏ဓားကိုလေထဲသို့ ညွှန်ပြလိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားပြီး ဓါးသည် ကောင်းကင်တစ်လျှောက်ပိုင်းဖြတ်သွားကာ မိုးကြိုးလက်ဝါးကို ပိုင်းဖြတ်လိုက်ရာ ဧရာမ လက်ဝါးကြီး ပျက်စီးသွားစေသည်။
ရီဖူရှင်းသည် လေထဲမော့ကြည့်လိုက်ပြီး တပလ္လင်ခွေထိုင်ချလိုက်သည်။ ကုချင်းသံသည် နောက်ထပ်တစ်ဖန် ထွက်ပေါ်လာသည်။ ထိုအဖိုးအိုသည် အမှန်ပင် လွန်လွန်းပေသည်။ သူတို့ကို ယဉ်ကျေးမှုအနည်းငယ်ပင် မပြခဲ့ပေ။
ကုချင်းသံသည် ရုတ်တရက်ကျယ်လောင်ကာ ကြမ်းတမ်းလာသည်။ ဝမ်ရှိုးရီသည် ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ ကုချင်းသံ သူ၏နားထဲသို့ဝင်ရောက်လာသည့်အခါတွင် သူ၏ဓားစွမ်းအားများ ပြည့်ဝစွာ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့စွမ်းအားသည်သူ၏ဓားထဲသို့ ၀င်ရောက်လာလေသည်။
ထိုစွမ်းအားကို ခံစားမိသောအခါ အဘိုးအို၏မျက်လုံးများတွင် အံ့သြရိပ်တစ်ချက်ပေါ်လာသည်။ သူည် ဝမ်ရှိုးရီ ဘက်သို့လှည့်ကာ မိုးကြိုးစွမ်းအားများ ဖုံးလွှမ်းနေသော လက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် ယခင်ကထက်ပိုမို ပြင်းထန်လာသည်။ မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအင်တစ်ခုလုံးသည်သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။
ရီဖူရှင်းသည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ရီဖူရှင်းသည် ရန်ဟောင်အဆင့်တစ်ယောက်၏ မဟာ လမ်းစဉ်၏စွမ်းအားဖြင့် တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်အစွမ်းထက်သည့်အကြောင်း သိထား သော်လည်း သူတို့၏ပြိုင်ဘက်သည် လုံလောက်စွာ စွမ်းအားမပြည့်ဝသေးပေ။ ထိုသို့မဟုတ်ပါက Brahma’s Sky မြို့တွင် သူ၏ဆရာတိုက်ခိုက်ခဲ့သည့် ထိတ်လန့်ဖွယ်စွမ်းအားမျိုးကို ထုတ်ဖေါ်နိုင်မည် ဖြစ်သည်။ သူ၏ဆရာသည် သူ့ကိုယ်သူ နောက်ဆုံး အကန့်အသတ်အထိ ဖိအားပေးကာ ရန်ဟောင်စွမ်းအားများကို ထုတ်ဖေါ်ခဲ့သည်။ ထိုတိုက်ပွဲပြီးနောက် မကြာမီသူ၏ဆရာသည် ရန်ဟောင်အဆင့်သို့ ရောက်သွားခဲ့သည်။
ထိုအချိန်တွင် အဘိုးအိုသည် သူ၏လက်ချောင်းကို အောက်သို့ညွှန်ပြလိုက်၏။ မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအား သည် ကောင်းကင်ကို ကွဲအက်သွားစေပြီး မိုးကြိုးနဂါးများသည် ဝမ်ရှိုးရီနှင့် ရီဖူရှင်းထံသို့ ပြေးဝင်လာသည်။
လော့ယွဲ့သည် ကုချင်းသံ၏သံစဉ်အတိုင်း လိုက်ပါလှုပ်ရှားလိုက်သည်။ သူမ၏ဓားသည် ရီဖူရှင်းအပေါ် ကျရောက် လာသော အရာတိုင်းကို ဟန့်တားလိုက်သည်။ သူမသည် ဝမ်ရှိုးရီအား အကာအကွယ်မပေးခဲ့ပေ။ သူသည် ပြန်လည်မွေးဖွါးခြင်းအဆင့်သို့ရောက်ပြီးဖြစ်ကာ ကုချင်းသံ၏ အားဖြည့်ပေးမှုကြောင့် ပိုမိုအစွမ်းထက်လာသည် ဖြစ်သောကြောင့် တစ်ဖက်လူ၏တိုက်ခိုက်မှုအား ကြောက်ရွံ့ရန်မလိုအပ်ပေ။
“နဂါးအကြီးအကဲက ဆက်ပြီးစောင့်ကြည့်နေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ နောက်ပြန်ဆုတ်ပေးပါ့မယ်” ရီဖူရှင်းသည် ကုချင်းကိုဆက်လက်တီးခတ်နေရင်း သားရဲနဂါးကြီးအား ပြောကြားလိုက်သည်။ သူသည် လက်ကလေး တစ်ချက်တောင် မလှုပ်ဘဲနှင့် ထိုနေရာတွင်စောင့်ဆိုင်းနေခဲ့ပြီး အနိုင်ရသူအား လုယက်ရန် ကြံစည် နေသည်လား။ နဂါးကြီးသည် ရီဖူရှင်းကိုကြည့်သည်။ အဘိုးအိုသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သော်လည်း ထိုသစ်သီးကို အကာကွယ်ပေးနေသည့်ကာလပတ်လုံး သူ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ အခြေအနေ လုံးဝပြောင်းသွားလျှင် သစ်သီးကို သူစားနိုင်မည်ဖြစ်သည်။
သူသည် သစ်သီးကို ကာကွယ်နေခဲ့သည်ဖြစ်ရာ အခြေခံအားဖြင့် သစ်သီးသည် သူ့အပိုင်သာဖြစ်သည်။ အဘယ်ကြောင့် တိုက်ပွဲတွင် ပါဝင်ရမည်နည်း။
ရီဖူရှင်း၏စကားများ၏ အဓိပ္ပာယ်မှာ ရိုးရှင်းပေသည်။
သူသည်အသီးမှည့်ရန်စောင့်နေခဲ့ပြီး သစ်သီးမှည့်လာသည်နှင့်တစ်ပြိုင်နက် စားပစ်မည်ဖြစ်သည်။ သူသည် အားလုံးထက် သစ်သီးကိုလိုအပ်ပေသည်။
မလှုပ်မယှက်ရှိနေသောနဂါးကို မြင်လိုက်ရသောအခါ ထိုနေရာရှိလူများသည် အလွန်ပါးနပ်သည်ဟု ရီဖူရှင်း ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ ကြည့်ရသည်မှာ အရာရာတိုင်းသည် သူတို့၏အစွမ်းများအပေါ်တွင်သာ မူတည်ပေသည်။
ကုချင်းသံသည် နှစ်ပေါင်းများစွာအား ဖြတ်သန်းလာခဲ့ပြီး ကြီးပြင်းလာသကဲ့သို့ ပိုမိုတည်ငြိမ်အားကောင်း လာသည်။ ဝမ်ရှိုးရီသည် သူ၏ဓားကွက်အား အကြိမ်များစွာ ထိုးနှက်ခဲ့ပြီး အဘိုးအိုကို သူ့အားတိုက်ခိုက်လာစေရန် ဖိအားပေးလိုက်သည်။
တိုက်နေသည့်တစ်ချိန်လုံးတွင် ကုချင်းသံ၏ ဖိအားကို သူခံစားနေရဆဲပင်ဖြစ်သည်။ ဂီတသံသည် သူ၏ စိတ်ဝိညာဉ်မှ ဓါးစွမ်းအင်တို့ကို ဦးဆောင်ကာ တိုက်ခိုက်စေခြင်းဖြစ်ပုံပေါ်သည်။ သူ၏ စိတ်ဝိညာဉ်သည် အလွန် သန်မာသောကြောင့် မပျက်စီးသွားနိုင်သော်လည်း ထိုဖြစ်စဉ်သည် သူ့အား အလွန်မသက်မသာခံစားရစေသည်။ တိုက်ပွဲသည် ပြင်းထန်သည်ထက် ပြင်းထန်လာသည်။ ဝမ်ရှိုးရီ၏ ဓါးကွက်များသည် ပိုမိုအစွမ်းထက် လာသော်လည်း အဘိုးအိုသည် တောင်တစ်လုံးကဲ့သို့ တည်ငြိမ်နေဆဲဖြစ်ကာ အဘိုးအိုအား ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်သေးပေ။
ထိုအချိန်တွင် လေထဲတွင်လွင့်မျောနေသော အဆုံးမဲ့ဂီတမှတ်စုများသည် ဓားနှင့်ပေါင်းစပ်သွားပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် မြစ်တစ်စင်းပမာ စီးဆင်းနေသည်။
အဘိုးအိုသည် တစ်စုံတစ်ခု မူမမှန်တော့မှန်း ခံစားမိသော်လည်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို တိတိကျကျမသိခဲ့ပေ။ သူသည် အန္တရာယ်၏အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ့ကိုယ်သူ အားနည်းလာသည်ဟု ခံစားလိုက်ရသည်။
ခရက်! မြည်သံတစ်ချက်နှင့်အတူ ဝမ်ရှိုးရီ၏ဓါးချက်သည် သူ့အပေါ်ကျဆင်းလာသည်။ အဘိုးအိုသည် သူ၏ သက်စောင့်ဝိညာဉ်အား ထုတ်လွှင့်လိုက်ပြီး မိုးကြိုးစွမ်းအင်ခန္ဓာကိုယ်အဖြစ်သို့ပြောင်းလဲလိုက်ကာ ဓါးချက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ရုတ်တရက် ထိတ်လန့်ခြောက်ချားဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားသည်။
“ဒါက ထိုက်ရွှမ်တောင်ရဲ့ ဓါးသိုင်းပဲ… ဒါပေမယ့် မင်းက မကျွမ်းကျင်သေးဘူးပဲ” အဘိုးအို၏ ဆံပင်များ လေထဲတွင် လွှင့်မျောနေသည်။ သူ့မျက်လုံးများမှ အလင်းတန်းတစ်ချက် လက်သွားပြီး ရန်သူအပေါ်သို့ ကျဆင်းသွားသည်။ သို့သော်သူတို့နှစ်ဦး၏ စွမ်းအားများအချင်းချင်းထိခတ်သွားသောအခါ ရီဖူရှင်း၏ ကုချင်းထံမှ ဂီတမှတ်စုများသည် ဓါးမြစ်တစ်စင်းကဲ့သို့လေထုထဲတွင် စီးဆင်းသွားပြီး အဘိုးအိုအား ဖုံးလွှမ်းသွားကာ ရုတ်တရက်ပြင်းထန်သော ခြိမ်းခြောက်မှုများကိုခံစားလိုက်ရသည်။
“မကောင်းတော့ဘူး” သူသည် ဝမ်ရှိုးရီ နှင့် ထိကပ်ထားသောသူ၏လက်ကို ရုတ်ကာ ထိုတိုက်ပွဲမှ အလျင်အမြန် ရှောင်ထွက်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်မိုးကြိုးစွမ်းအားများ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် မိုးကြိုးအကာအကွယ်တစ်ခုထွက်ပေါ်လာသည်။
သို့သော် ထိုအချိန်တွင် စီးဆင်းနေသောဓားမြစ်သည် ရုတ်တရက် သတ်ဖြတ်ခြင်းဓါးများအဖြစ်သို့ ပြောင်းလဲ သွားသည်။ ဓါးများသည် ကောင်းကင်ကိုပင် ထိုးဖောက်ထွက်လာပြီး လေထုထဲတွင် ဓါးရာများပင် ထင်ကျန်နေ ခဲ့သည်။ ဖျက်ဆီးခြင်းဓါးများသည် အဘိုးအိုနှင့်အတူ ထိုနေရာရှိ အရာရာတိုင်းကို အပိုင်းပိုင်းဖြတ်ပိုင်းသွားသည်။
“မဟုတ်ဘူး…” အဘိုးအို၏အမူအရာများပြောင်းလဲသွားသည်။ သူ့အပေါ်တွင် မရေမတွက်နိုင်သော ဓါးများ ရုတ်တရက် ထွက်ပေါ်လာပြီး ထောင်ချီသောဓားများ၏ ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သူ၏မျက်နှာတွင် ကြောက်လန့်သည့် အမူအယာများ ထွက်ပေါ်လာသည်။ ဝမ်ရှိုးရီသည် သူ၏ဓားကိုရှေ့သို့ခုတ်ချလိုက်ပြီး ရန်သူ၏ သက်စောင့်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသည့် မိုးကြိုးခန္ဓာကိုယ်အား ပိုင်းဖြတ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းတွင် အဘိုးအို၏ ကိုယ်ခန္ဓာသည် ပုံရိပ်ယောင်တစ်ခု ဖြစ်သွားခဲ့သည်။ သူသည် နာကျင်နေသည့် သူ့ကိုယ်သူပြန်မြင်နေရပြီး အလွန်အမင်း မကျေနပ်မှုများကို ခံစားလိုက်ရသည်။ သူသည် ရန်ဟောင်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သော်လည်း ထိုကဲ့သို့ ကျဆုံးသွားရသည်လား။
ဘုန်း…
အဘိုးအို၏ခန္ဓာကိုယ်သည် မည်သည့်အခါမျှ မရှိခဲ့သလို အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ ဝမ်ရှိုးရီသည်သူ၏ဓားကို သိမ်းလိုက်ပြီးဖြစ်ပျက်သွားသည်တို့ကို အံ့အားသင့်စွာကြည့်နေခဲ့သည်။ သူသည်သာမက လော့ယွဲ့နှင့် အခြားသူများ၏ စိတ်နှလုံးများပင် တုန်လှုပ်သွားကြသည်။ ထိုဓါးများသည် ဝမ်ရှိုးရီ၏ ဓားမဟုတ်ပေ။
ကုချင်းသံစဉ်သည် ထိုနောက်ဆုံးဓားကွက်ကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းသည် အရာခပ်သိမ်းဖြတ်တောက်ခြင်းဖြစ်ပြီး ထိုက်ရွှမ်တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အတိုင်းပင်ဖြစ်သည်။ ကြည့်ရသည်မှာ ထိုက်ရွှမ်တောင်၏ ဓားသမားက သူတို့အား မျက်နှာသာပေးကာ စောင့်ရှောက်ပေးနေသည်လား။
ထိုက်ရွှမ်တောင်မှ ပါဝင်ခွင့်ရသည့်ဝေစုမှာ သူတို့ဆယ့်ငါးယောက်သာဖြစ်သည်။ အရှင်ထိုက်ရွှမ်သည် သူတို့ အားလုံးကို လိမ်ညာမည် မဟုတ်ပေ။ ထိုဆန်းကြယ်သောကျင့်ကြံသူသည် မဟာလမ်းစဉ်ခရီးတွင် လိုက်ပါခွင့် ရသည့်သူတစ်ဦးပင် ဖြစ်ပေမည်။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် သူတို့အထဲတွင် မပါဝင်သနည်း။ အရှင်ထိုက်ရွှမ်သည် ပါဝင်ခွင့်ဝေစုတွင် အဘယ်ကြောင့် နေရာနှစ်ယောက်စာနေရာအား ထည့်သွင်းခဲ့သနည်း။ ယခုအခါတွင် သူတို့အားလုံးဘာကြောင့်ဆိုတာ သိသွားပြီဖြစ်သည်။ သူသည် ဤနေရာတွင်ရှိနေပေသည်။
***