ရီဖူရှင်းသည် ကျွင်းမူကို စိုက်ကြည့်လိုက်သည်။ သူနှင့်ဝမ်ရှိုးရီတို့သည် သစ်သီးတစ်လုံးစီရရှိခဲ့ပြီး ကျွင်းမူသည် ကျန်သုံးလုံးကို ထိန်းသိမ်းရမည်လား။ ကျွင်းမူသည် ထိုက်ရွှမ်တောင်၏တပည့်ဆိုသော သူ၏အဆင့်အတန်းကို မှီခိုနေပုံရသည်။ သူသည်အခြား ထိုက်ရွှမ်တောင်မှ တပည့်များ၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ထိုသစ်သီးကို သူ၏စိတ်သဘောအတိုင်းခွဲဝေပေးပြီး သူအတွက်ပင် သစ်သီးတစ်လုံး ရယူလိုပေသည်။
သို့သော် မြင့်မားသောကောင်းကင်ဘုံမှ သူတို့နှင့်အဆင့်တူသည့် မရေတွက်နိုင်အောင်များပြားလှသော အခြား ကျင့်ကြံသူများသည် ယခုသူတို့ရရှိထားသော အခွင့်အရေးမျိုးရရှိနိုင်ရန်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ သူတို့သည် သာမန်တပည့်အုပ်စုများထဲမှ ခွဲထွက်ပြီး ဤအစီအစဉ်တွင်ပါ၀င်ခွင့်ရနိုင်ရန်အတွက် စိန်ခေါ်မှုပေါင်းများစွာအား ရင်ဆိုင်ခဲ့ရပေမည်။
အခွင့်အရေးအလွန်နည်းပါးသော်လည်း မရေမတွက်နိုင်သောလူများသည် ထိုနေရာသို့လာရောက်ခဲ့ကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မြင့်မားသောကောင်းကင်ဘုံရှိလူများသည် ထိုသစ်သီးကို မည်မျှ တန်ဖိုးထား ကြောင်း သိနိုင်ပေသည်။ ကျွင်းမူသည် ထိုမျှတန်ဖိုးရှိသောအရာအား တာဝန်ယူ ခွဲဝေရန်အတွက် ထိုက်တန်ပါ ၏လော။
သို့သော် ထိုအဖိုးတန်သစ်သီးများကြောင့် လောဘတက်နေသည့်ပုံပေါ်ပြီး တပည့်များအချင်းချင်းကြားရှိ ခင်မင် ရင်းနှီးမှုကိုပင် ထည့်မတွက်နိုင်တော့သည်လား။ ထို့အပြင် ကျွင်းမူသည် ရီဖူရှင်း တောင်ပေါ်သို့ ရောက်သည့် အချိန်မှ စ၍ မည်သည့်အခါမျှ မျက်နှာသာပေးခြင်းမရှိခဲ့ခြင်းမှာ သူ၏ဆရာနှင့်ပတ်သက်နေပုံရသည်။
“ဒီသစ်သီးတွေကို ဘာကြောင့်ရှင့်ကို ထိန်းသိမ်းခွင့်ပေးရမှာလဲ” ဖီးနစ်လေးသည် ကျွင်းမူကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ “ရှန်ကျင်းထွက်မလာခင်က ဝမ်ရှိုးရီကို အရှုံးပေးဖို့ရှင်ပြောခဲ့တယ်လေ။ ဒါကသစ်သီးတွေရဖို့ လက်လျော့လိုက်တာနဲ့အတူတူပဲ။ နောက်ပိုင်းရှန်ကျင်းထွက်လာပြီး ဝမ်ရှိုးရီရဲ့ ဓါးပညာကို အားဖြည့်ပေးခဲ့ တာကြောင့် သူတို့ပထမနေရာကိုရပြီး သစ်သီးကိုရလာခဲ့တယ်။ အခုတော့ ရှင်ကသူတို့စွမ်းအားကြောင့် ရလာတဲ့ သစ်သီးကို အပိုင်စီးချင်နေတာလား”
“ဖုန်းယန် ငါတို့ဆရာက မင်းကို ဒီနေရာကိုလိုက်ဖို့ နေရာပေးခဲ့တယ်။ မင်းရဲ့အပြုအမူက သားရဲဘုရင်နှစ်ယောက် အပေါ် သက်ရောက်စေလိမ့်မယ်။ ထိုက်ရွှမ်တောင်က မင်းကိုအရမ်းကောင်းပေးနေတာတောင်မှ အခု မင်းက သူတို့ကို ဆန့်ကျင်ဖို့ကြံစည်နေတာလား။ မင်းနေရာကို မင်းသိသင့်တယ်” ကျွင်းမူက အေးစက်စွာပြောလိုက်သည်။ ထိုသို့ပြောနေရင်း သူသည်သစ်ပင်ဆီသို့ ဦးတည်သွားကာ သစ်သီးကိုကောက်ရန်ပြင်လိုက်သည်။
ဝှစ်…
လေပြင်းသံထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ ဓါးချီအလင်းတန်းတစ်ခုသည် သစ်ပင်ဆီသို့ ကျဆင်း လာသည်။ ကျွင်းမူမျက်မှောင်ကြုတ်လိုက်ပြီး ဓါးအလင်းတန်းကို ရိုက်ခတ်ဖျက်ဆီးလိုက်သည်။ ထိုဓါးချီကို ထုတ်ဖေါ်လိုက် သူကို လှည့်ကြည့်လိုက်ရာ ဝမ်ရှိုးရီဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ ညီအစ်ကိုဝမ် မင်းတစ်ယောက်တည်းကပဲ သစ်သီးကိုပိုင်ဆိုင်ရမယ်လို့ တွေးနေတာလား။” ကျွင်းမူသည် မျက်နှာပျက်သွားကာ မေးလိုက်သည်။
အဖိုးတန်သောအသီးများကို တွေ့မြင်နေရသော်လည်း ပိုင်ဆိုင်နိုင်ရန် ခက်ခဲလွန်းလှသည်။ အစွမ်းအထက်ဆုံး လူများသည် သူတို့ရှေ့မှ တိုက်ခိုက်ကာ သစ်သီးများစွာကို ယူဆောင်သွားပြီးဖြစ်သလို များစွာသော ကျင့်ကြံသူ များသည် သစ်သီးများစွာကို ရယူသွားပြီးဖြစ်သည်။ ထိုက်ရွှမ်တောင်မှ လူဆယ့်ငါးယောက်အတွက် သစ်သီး ဆယ့်ငါးလုံးရရန်မှာ အလွန်ခဲယဉ်းပေသည်။
ထိုက်ရွှမ်တောင်အတွက် သစ်သီးငါးလုံးရရှိရန်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသစ်သီးအားလုံးအား မည်ကဲ့သို့ လက်လွတ်နိုင်မည်နည်း။ သူသည် သစ်သီးတစ်လုံးမျှကိုပင် မရနိုင်သည်လား။
သူသည် ပြန်လည်မွေးဖွါးခြင်းအဆင့်သို့ရောက်နေပြီဖြစ်သည်။ ထိုအဆင့်အထိရောက်ရှိရန် ကျင့်ကြံနိုင်ရန် မလွယ် ကူခဲ့ပေ၊ ရန်ဟောင်အဆင့်သို့ တက်ရောက်နိုင်ရန်မှာ ပို၍ပင်ခက်ခဲပေမည်။
သူ၏အဆင့်သို့ရောက်လာသောသူများ ပြုလုပ်ကြသကဲ့သို့ မဟာလမ်းစဉ်စက်ဝန်းကို အသက်ဝင်စေပြီး နေနှင့်လ ကဲ့သို့ တောက်ပသော အတုအယောင် ရန်ဟောင်ခန္ဓာကိုယ်အား ပြုလုပ်လိုခြင်းမရှိပေ။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏အစစ်အမှန်စွမ်းအင်သည် တစ်ဆင့်မြင့်တက်သွားမည်ဖြစ်သည်သည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ပါက သူသည် ပါရမီရှင်တစ်ယောက်ပင် ဖြစ်သော်ငြားလည်း မည်သည့်အခါမှ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်တော့မည်မဟုတ်ပေ။
“ညီအစ်ကိုကျွင်း ဖုန်းယန်ပြောတာ မှန်တယ်။ ငါတို့က သစ်သီးကို ဆုံးရှုံးခဲ့ပြီးသားဖြစ်ပေမယ့် ရှန်ကျင်းက သူ့ရဲ့ ကုချင်းသံစဉ်ကို သုံးပြီး ငါ့ရဲ့ဓားကိုပိုပြီးအစွမ်းထက်လာအောင် ပြောင်းလဲပေးခဲ့တယ်။ ဒီလိုမှမဟုတ်ရင် လီနတ်ဓါး မိသားစုရဲ့ လီစွမ်းက ငါ့ကိုအနိုင်ရသွားမှာပဲ။ ဒါကြောင့် ရှန်ကျင်းကပဲ သစ်သီးကို ခွဲဝေပေးခွင့်ရှိတဲ့သူပဲ။ ငါတောင်မှ သစ်သီးကို တောင်းခံပိုင်ခွင့်မရှိဘူး” ဝမ်ရှိုးရီသည် ကျွင်းမူအား ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။ သူသည် အလွန်ယဉ်ကျေးပုံပေါ်နေသော်လည်း သူ၏ရပ်တည်ချက်ကို အခိုင်အမာဖော်ပြနေခြင်းဖြစ်သည်။
ထိုအရာသည် သူက ရှန်ကျင်းကို မျက်နှာသာပေးခြင်းမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခြင်းသာလျှင် ဖြစ်ပေသည်။
ရီဖူရှင်းက သူ့ကိုသစ်သီးတစ်လုံးမျှ မပေးလျှင်ပင် စောဒကတက်မည်မဟုတ်ပေ။ ထိုအချိန်က ရီဖူရှင်းသာ မရှိပါက သူသည်လီစွမ်းလက်ချက်ဖြင့် ဒဏ်ရာများစွာရရှိသွားနိုင်ကာ ပြင်းထန်စွာရှုံးနိမ့်သွားမည်ဖြစ်သည်။
ထိုတိုက်ပွဲသည် လမ်းစဉ်ကို ရှာဖွေခြင်းအတွက် ဖြစ်သောကြောင့် သူအသတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာများ ရလာ လျှင်ပင် သူ၏အကြီးအကဲများသည် ပြန်၍လက်စားချေပေးနိုင်မည်မဟုတ်ပေ။ သူရွေးချယ်လိုက်သည့် ကိုယ်ပိုင် လမ်းစဉ်မှ ကျဆုံးသွားခြင်းသာဖြစ်ပေသည်။
“ကျွန်မလဲ အစ်ကိုဝမ်ပြောတာကအဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ ရှန်ကျင်းကပဲ ဒီသစ်သီးကို ခွဲဝေသင့်တယ်” ဟု လော့ယွဲ့က ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်သည်။ ထိုစကားသည် သစ်ပင်ဆီသို့သွားနေသော ကျွင်းမူကို တွန့်ဆုတ်သွားစေသည်။ သူသည်သစ်သီးများကို ထိုသို့ အတင်းဖိအားပေးကာ မကောက်ယူလိုပေ။ လက်ရှိ အခြေအနေအရ သူသည်သစ်သီးကို ကောက်ယူလိုက်လျှင် သူတို့ကြားတွင် ပဋိပက္ခများဖြစ်သွားစေပေမည်။
“အရှင်ထိုက်ရွှမ်က နောက်တစ်ဆင့်တက်သွားတာကြောင့် ထိုက်ရွှမ်တောင်ကလူဆယ့်ငါးယောက်က ဒီကိုလာဖို့ အခွင့်အရေးရခဲ့တယ်။ သစ်ပင်တစ်ပင်အတွက်နဲ့ ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ထားမိခဲ့ဘူး။ ဒီလိုမျိုးသာ ဆက်ပြီး စိတ်ဝမ်းကွဲနေကြမယ်ဆို ရှေ့ကို ဘယ်လိုဆက်ကြမလဲ “ ကျွင်းမူက အေးစက်သော လေသံဖြင့် မေးလိုက်သည်။
“ဒါဆို ရှင် သစ်သီးကို ခွဲဝေမယ်ဆိုရင် ငါတို့ကတစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီးတော့ ရှန်ကျင်းကသာ ခွဲဝေမယ်ဆိုရင် ငါတို့က စိတ်ဝမ်းကွဲကြတာပေါ့ အဲလိုလား” ဖုန်းယန်က ကျွင်းမူကို ဒေါသတကြီးကြည့်လိုက်သည်။ သူသည် လူတိုင်းရှေ့တွင် သစ်သီးများကိုသိမ်းယူချင်ကြောင်း ရှင်းလင်းစွာပြောခဲ့ပြီး ထိုအရာသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကာ လူတိုင်းကလည်းသဘောတူကြရမည်ဟုထင်နေပေသည်။
“ငါက ထိုက်ရွှမ်တောင်အကြီးအကဲရဲ့တပည့်ပဲ။ ရှန်ကျင်းကရော ဘယ်သူလဲ။ စတုတ္ထသခင်မလေးက သူ့ကို ထိုက်ရွှမ်တောင်ကို ခေါ်လာခဲ့ပေမယ့် သူက ထိုက်ရွှမ်တောင်က မျက်နှာသာပေးခြင်းခံရတဲ့ ဂီတပညာရှင်တစ်ဦး ဖြစ်နေတာကြောင့်ပဲ သူက ဒီနာမည်ကျော်ဂီတကို ကျင့်ကြံနိုင်ခဲ့တာပဲ။ သူက လီနတ်ဓါးမိသားစုက လူတွေကို နောက်ဆုတ်ဖို့ ဖိအားပေးနိုင်ခဲ့ပေမယ့် ဒါကလဲ ထိုက်ရွှမ်တောင်ကသူ့ကိုပေးထားတဲ့ စွမ်းရည်ကြောင့်ပဲလေ။ သူ့ကို ဒီကိုလာဖို့ အခွင့်အရေးတစ်နေရာစာပေးခဲ့တာတောင်မှ သူက ထိုက်ရွှမ်တောင်ကို ကျေးဇူးတင်ရမှာလေ ဒါကို ဘာဖြစ်လို့ သူကသစ်သီးကိုခွဲဝေသင့်တယ်လို့ ထင်နေကြတာလဲ”
ကျွင်းမူ၏ စကားများ ကြမ်းတမ်းလာသည်။ သူသည် ရီဖူရှင်းအား ထိုက်ရွှမ်တောင်မှ ခွဲထုတ်လိုက်ပြီး သူ၏ စိတ်ဓါတ်များအား ပြိုကွဲစေချင်နေပေသည်။
သို့သော် သူပြောနေသည်မှာ အမှန်တရားဖြစ်သည်။ ရီဖူရှင်းသည် ထိုက်ရွှမ်တောင်မှ ဂီတပညာရှင်တစ်ဦးသာ ဖြစ်ပြီး တပည့်တစ်ဦး၏ အဆင့်အတန်းမရှိပေ။ ထို့အပြင် ကျွင်းမူသည် ထိုက်ရွှမ်အကြီးအကဲ၏ တပည့်ဖြစ်ပြီး အရှင်ထိုက်ရွှမ်၏ မြေးတပည့်တစ်ဦးလည်း ဖြစ်သည်။
ထိုက်ရွှမ်တောင်မှ အခြားတပည့်များ၏ မျက်နှာတွင် အံ့အားသင့်ဟန်များ ဖြစ်ပေါ်လာသည်။ သူတို့တွင် ထိုသို့ ခွဲခြားသောအတွေးများ လုံးဝမရှိခဲ့ကြပေ။ သို့သော်လက်ရှိအခြေအနေအရ သစ်သီးတစ်လုံးကို မလိုချင်သူ တစ်ဦး တစ်ယောက်မျှမရှိပါ။ နောက်ဆုံးတွင် သူတို့သည် လီနတ်ဓါးမိသားစုကဲ့သို့ မိသားစုဝင်များ မဟုတ်ကြသဖြင့် ခေါင်းဆောင်သတ်မှတ်ထားခြင်း မရှိခဲ့ပေ။
ကျွင်းမူအား သူတို့၏ ခေါင်းဆောင်အဖြစ် တရားဝင် မသတ်မှတ်ထားသော်လည်း သူသည် ထိုက်ရွှမ်အကြီးအကဲ၏ တပည့်ဖြစ်သောကြောင့် သူတို့အဖွဲ့၏ခေါင်းဆောင်လိုပင် ဖြစ်နေခဲ့သည်။ သို့သော် ကျွင်းမူသည် သူတို့အားလုံးကို အနိုင်ယူနိုင်သည့် စွမ်းအားမရှိပေ။ သူသာ အမှန်တကယ်အစွမ်းထက်လျှင် သူသည် လီစွမ်းကို အနိုင်ယူနိုင်ခဲ့မည် ဖြစ်သည်။
သို့သော် သူသည် အမှန်တကယ်စွမ်းအားပြည့်ဝခြင်း မရှိသောကြောင့် သူတို့သည် ယခုကဲ့သို့သော အကြပ် အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဤသို့သာဆိုလျှင် သူတို့အတွက် နောက်ထပ်သစ်သီးများ ရရှိရန် အလွန်ခက်ခဲသွားပေမည်။ ထို့အပြင် ဤနေရာတွင် ငြင်းခုံပြောဆိနေခြင်းသည် သူတို့အတွက် အချိန်ဖြုန်းတီး နေခြင်းသာ ဖြစ်ပေသည်။
တစ်ချို့သူများသည် မည်သို့ပြုလုပ်မည်ကို သိချင်ဟန်ဖြင့် ရီဖူရှင်းအား မျှော်လင့်သည့်အကြည့်များဖြင့် ကြည့်လိုက် ကြသည်။
“သစ်သီးငါးလုံးရှိတယ်ဆိုတော့ နှစ်လုံးခွဲဝေပေးမယ် တစ်လုံးက တိုက်ပွဲဝင်ခဲ့တဲ့ ဝမ်ရှိုးရီအတွက်ဖြစ်ပြီးတော့ နောက်တစ်လုံးက လော့ယွဲ့အတွက်ပဲ။ ကျန်တဲ့အလုံးတွေက ငါ့ဆီမှာပဲ ချန်ထားလိုက်မယ်။” ရီဖူရှင်းက ထိုသို့ ပြောကာ ရှေ့တက်လိုက်သည်။ ထိုနေရာတွင် အဓိပ္ပါယ်မရှိသော စကားများပြောနေခြင်းသည် အမှန်တကယ် အချိန်ဖြုန်းနေခြင်းဖြစ်ပြီး သူသည် အခြားကျန်ရှိသော သစ်သီးများကိုရရှိရန် ကြိုးစားရပေဦးမည်။
ကျွင်းမူသည် ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူသည် အမှန်တကယ် လောဘကြီးပေသည်။ သူပြောခဲ့သည့် ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့နှစ်ဦးသာ သစ်သီးများကိုရရှိပြီး ကျန်သစ်သီးများအား သူတစ်ဦးတည်း ယူသွားခြင်း ဖြစ်သည်။
သူကတခြားသူများကိုကြည့်လိုက်သည်။ “ ဒါက ထိုက်ရွှမ်တောင်ရဲ့ လမ်းစဉ်ရှာဖွေခြင်းပါပဲ။ ညီအစ်ကိုတို့ရော ဘယ်လိုထင်ကြလဲ” “ ညီအစ်ကိုရှန် မင်းက ကျိုးကြောင်းဆီလျော်မှုမရှိဘူး” မာယိက ပြောလိုက်သည်။ ထိုက်ရွှမ်စံအိမ်သခင်မှ သူ့အားနေရာတစ်နေရာခွဲဝေပေးခဲ့သည်။ သူသည် တေးသံသာစံအိမ်သို့ ဝင်ရောက် ကျင့်ကြံခွင့်ရသွားခဲ့သည့် ရီဖူရှင်းအကြောင်းအား အမြဲတမ်း သိချင်နေခဲ့သည်။ သူ၏ဆရာ ထိုက်ရွှမ်တောင်သို့ ခေါ်ဆောင်သွားခဲ့သော ထိုဂီတပညာရှင်သည် လုံလောက်သော စွမ်းအားများကို ပြသခဲ့ခြင်းမရှိဟု သူထင် နေခဲ့သည်။
ထို့အပြင် သူသည် လော့ယွဲ့နှင့် အလွန်နီးကပ်ပုံရသည်။ ဤသည်က သူ့အပေါ်ထားသော မာယိ၏ သဘောထားကို ပြောင်းလဲစေခဲ့သည်။
“ညီအစ်ကိုတို့… ငါတို့ရဲ့သဘောထားက အတူတူကြိုးစားကြပြီး သစ်သီးတွေကို ကိုယ့်ဝေစုနဲ့ကိုယ် ခွဲဝေယူနိုင်ကြဖို့ မဟုတ်လား ဒါပေမယ့် ငါတို့ကြိုးစားမှုရဲ့ရလဒ်က ဒီလိုဖြစ်သွားတာကတော့ ရယ်စရာပဲ” ကျွင်းမူက ကဲ့ရဲ့ လှောင်ပြောင်လိုက်သည်။
“ငါကလဲဒီလိုဖြစ်လာတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ငါအစကပြောခဲ့သလိုပဲ။ တစ်ယောက်ယောက်က ဒီသစ်သီးကိုယူချင်ရင်တော့…” ဝမ်ရှိုးရီက လက်ထဲကဓါးကိုမြှောက်လိုက်ပြီး ပြောလိုက်သည်။ “ငါတို့ ပြန်ရောက်တဲ့ အခါကျမှ အရှင်ထိုက်ရွှမ်ဆီမှာ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ရုံပေါ့”
ရှင်းလင်းစွာပင် တစ်စုံတစ်ယောက်က ထိုသစ်သီးများကို ကောက်ရန်ကြိုးစားပါက ထိုသူတို့ကို တိုက်ခိုက်မည် ဖြစ်သည်။ ရီဖူရှင်းသည် ဝမ်ရှိုးရီ၏ ကုချင်းကိုကိုင်ကာ ရပ်နေသည်။ သူတို့နှစ်ယောက်ပေါင်းကာ တိုက်ခိုက်သည့် အခါ မည်မျှအစွမ်းထက်ကြောင်း ရုတ်တရက် တွေးတောမိသွားသည့် ကျွင်းမူ၏မျက်နှာထား ဆိုးဝါးစွာ ပျက်ယွင်း သွားသည်။ လီစွမ်းသည် သူတို့နှစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့ရသည်။ သူသည် လီရှင်းလောက် မသန်မာကြောင်း သူသိထားပြီးဖြစ်ကာ သူတို့နှင့်တိုက်ခိုက်လျှင် သစ်သီးကို မရနိုင်သည့်အပြင် ထိခိုက်ဒဏ်ရာများပင် ရရှိနိုင်ပြီး နောက်ထပ်သစ်သီးများတွက် တိုက်ခိုက်နိုင်ဖို့ပိုမို ခက်ခဲသွားလိမ့်မည်ဖြစ်သည်။
“ကောင်းပြီလေ” ကျွင်းမူသည် အင်္ကျီလက်ကိုဝေ့ရမ်းလိုက်ပြီး ရှေ့တိုးကာပြောလိုက်သည်။ “ သူတို့က ဘယ်လို လူမျိုးတွေလဲဆိုတာ မင်းတို့ကိုယ်တိုင်မြင်နေပြီပဲ ဒါကြောင့် ငါနဲ့ပူးပေါင်းချင်တဲ့သူတွေ ငါ့နောက်လိုက်ခဲ့နိုင်တယ်။” ထိုက်ရွှမ်အကြီးအမှူး၏ အခြားသောတပည့်များသည် သူ့နောက်သို့လိုက်လာကြသည်မှာ သဘာဝကျပေသည်။ မာယိနှင့် အခြားသူအနည်းငယ်လည်း သူ့နောက်လိုက်ပါလာသည်ဖြစ်ရာ နောက်ဆုံးတွင် ကျွင်းမူ၏အင်အား တောင့်တင်းသွားသည်။
“ရှန်ကျင်း သစ်သီးတွေကို ခူးလိုက်တော့” ဝမ်ရှိုးရီက ရီဖူရှင်းကိုပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သစ်သီးငါးလုံးကိုကောက်လိုက်ပြီး ဝမ်ရှိုးရီနှင့် လော့ယွဲ့ကို သစ်သီးတစ်လုံးစီပေးကာ သူကိုယ်တိုင်လဲ တစ်လုံး စားလိုက်သည်။ နောက်ထပ်သစ်သီးနှစ်လုံးသာကျန်တော့သည်။
“ ကျွန်မအတွက်ရော” ဖုန်းယန်က သနားသဖွယ်မျက်နှာလေးဖြင့်ကြည့်ကာ ပြောလိုက်သည်။ “မင်းလည်းတစ်လုံး လိုချင်လို့လား “ ရီဖူရှင်းသည် အလေးပေးခံချင်နေသည့် သူမလေးကိုကြည့်လိုက်သည်။ ဒီကောင်မလေး တောင်းဆိုနေတာ မလွန်လွန်းဘူးလား။ “ရှင်က အကျင့်ပုတ်ပဲ။” ဖီးနစ်လေးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ရီဖူရှင်းက ကျန်ရှိနေသေးသောသူများကို ကြည့်ကာပြောလိုက်သည်။ “ မင်းတို့အားလုံး သစ်သီးတစ်လုံးစီ ပေးမယ် လို့တော့ ငါမအာမနိုင်ခံဘူး။ တကယ်လို့ မင်းတို့ကိုယ်တိုင် သစ်သီးကို ယူနိုင်ခဲ့မယ်ဆိုရင် မင်းတို့ကိုယ်တိုင် သိမ်းဆည်းနိုင်တယ်။ ဒါပေမယ့်ငါရလာတဲ့အသီးတွေကိုတော့ ငါ့အတွက် လုံလောက်ပြီဆိုမှ မင်းတို့အတွက် ဝေပေးနိုင်မယ်”
ထိုက်ရွှမ်တောင်သည် သူ့အပေါ်ကောင်းသော်လည်း ထိုက်ရွှမ်တောင်မှတပည့်များအားထိုသစ်သီးအားလုံးကို ဝေမျှ မပေးနိုင်ပေ။ တကယ်တမ်းတွင် သူတို့သည် သူနှင့်အလွန်ရင်းနှီးသူများလည်း မဟုတ်ကြပေ။ ဝမ်ရှိုးရီ တစ်ယောက်သာသူနှင့်အတော်လေး ကောင်းမွန်သောဆက်ဆံရေးရှိသူဖြစ်ပြီး ကျန်သူများသည် သာမန်ရင်းနှီး ခင်မင်ကြသူများသာ ဖြစ်ကြပေသည်။
ထိုသူတို့သည် သူ၏မိတ်ဆွေဟောင်းများလည်းမဟုတ်ကြရာ ထိုသို့သော သာမန်ဆက်ဆံရေးရှိသူများအား အဖိုးတန်သစ်သီးကို မျှဝေသင့်သည်လော။
ထိုသို့ဆိုလျှင် ယူချင်း၊ ဝူချင်းနှင့် ရာရာတို့အတွက်ကရော မည်သို့နည်း။
ထို့ကြောင့်သူမည်သည့်ကတိမျှမပေးနိုင်ချေ။ မဟုတ်လျှင် သူမနာလိုဖြစ်နေရပေမည်။ သူရရှိခဲ့သော သစ်သီး ငါးလုံးမှ နှစ်လုံးကိုပင် သူပေးခဲ့ပြီးဖြစ်သည်။
သူပြောသည်ကို ကြားလိုက်ရသောသူ၏ မျက်နှာများသည် အလွန်အံ့အားသင့်သွားသည့်ဟန် ဖြစ်သွားကြသည်။ သူသည် ထိုသစ်သီးငါးလုံးကို ခွဲဝေရန်အတွက် ပြောနိုင်သော်လည်း ယခုပြောသော စကားသည်အလွန် ထောင်လွှား ဟန် ပေါက်နေပေသည်။ ယခုအချိန်မှစတင်ကာ ရှေ့လျှောက် အရာရာတိုင်းတွင် သူသာ ဆုံးဖြတ်မည့်ပုံ ပေါ်နေ လေသည်။
ထိုနေရာသို့လိုက်ပါခွင့်ရသူများသည် သာမန်ကျင့်ကြံသူများ မဟုတ်ကြသဖြင့် ရီဖူရှင်းအား သူတို့၏ခေါင်းဆောင် အဖြစ် မသတ်မှတ်ထားကြပေ။ သူသည် ထိုက်ရွှမ်တောင်၏ တေးသံသာစံအိမ်မှ နာမည်ကျော် သံစဉ်များကို သင်ယူခဲ့ရသော်လည်း ထိုအရာတို့ကို မည်သို့မျှ မသတ်မှတ်ထားသလို ထင်ရပေသည်။
ထွက်ခွါသွားသောသူများကို ကြည့်ပြီး ရီဖူရှင်းသည် သူတို့ဒေါသထွက်သွားကြသည်ကို သတိပြုမိသော်လည်း နောက်ပိုင်းတွင် ယခုလိုအဖြစ်အပျက်မျိုး ထပ်မံဖြစ်ပျက်၍ဖြစ်ပေါ်လာမည့် ခါးသီးမှုများထက် ဆိုးဝါးသော အမှန်တရားကို ပြောဆိုခြင်းသည် ပို၍ကောင်းပေသည်။ ယခုအခါတွင် ရီဖူရှင်း၊ ဖီးနစ်လေး၊ ဝမ်ရှိုးရီ၊ လော့ယွဲ့နှင့် လော့ယွဲ့နောက်သို့လိုက်ပါလာသော သန်းဟူတို့ ငါးယောက်သာကျန်ခဲ့တော့သည်။ သန်းဟူသည် ထိုက်ရွှမ်မြို့စား ၏ လက်အောက်မှလူဖြစ်သည်။
“သွားကြစို့” ရီဖူရှင်းက ပြောလိုက်ပြီး ထွက်သွားသည်။ ဝမ်ရှိုးရီသည် သူ့ကိုကြည့်လိုက်မိသည်။ သူသိခဲ့သော ရီဖူရှင်းသည် ယခင်နှင့်မတူဘဲ ပြောင်းလဲသွားခဲ့သည်။ သူ၏နှိမ့်ချသောအပြုအမူသည် တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး အလွန်အစွမ်းထက်သည့်ပုံပေါ်လာခဲ့သည်။
နောက်ဆုံးတော့ သူ၏စရိုက်မှန်ကို ထုတ်ဖေါ်ပြသခဲ့ပြီဖြစ်သည်။
သူပျံသန်းသွားသည်နှင့် မကြာမီ ဝမ်ရှိုးရီသည် သူ၏ဓါးကို စီးကာလိုက်ပါလာခဲ့သည်။ “မင်းသံစဉ်ကို တီးခတ်လိုက်ရင် ငါက အစစ်အမှန်ဓါးစွမ်းအားကို ခံစားရတယ် ကြည့်ရတာ တကယ်ပဲ တဒင်္ဂဓါးသိုင်းရဲ့ နောက်ဆုံး အကွက်များလား “ဟုမေးလိုက်သည်။
“အဲဒီသံစဉ်က တဒင်္ဂဓါးသိုင်းလိုပဲ တူညီတဲ့ အရင်းအမြစ်ကနေ ဖြစ်ပေါ်လာတာ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “ဒါပေမယ့်ငါ အဲဒီစွမ်းအားကို ခံစားမိတယ်။ အဲဒါက တကယ့်ကိုခက်ခဲတဲ့ တဒင်္ဂဓါးသိုင်းပဲ” ဝမ်ရှိုးရီသည် နောင်တရနေ ပုံပေါ်သည်။ “ ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ မဟာလမ်းစဉ်ဓါးစက်ဝန်းကို ဖန်တီးနိုင်တဲ့အခါ ဓါးချက်တစ်ချက် ထုတ်ဖေါ်လိုက်တိုင်း တစ်ဒင်္ဂဓါးသိုင်းပဲ ဖြစ်လာလိမ့်မယ်”
မဟာလမ်းစဉ်စက်ဝန်းသည် ကောင်းကင်နှင့်မြေကြီးကို တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ကျင့်ကြံသူများ ဖန်တီးသော မဟာလမ်းစဉ်စက်ဝန်းအားလုံးသည် တစ်ခုနှင့်တစ်ခုကွဲပြားခြားနားသည်။ ထိုသူတို့၏ လမ်းစဉ် စက်ဝန်းများတွင် မတူညီသောအားသာချက်များ အားနည်းချက်များရှိနေသည့်အပြင် လမ်းစဉ်တစ်ခုထက်ပို၍ လည်း ရှိနေနိုင်ပေသည်။
ဝမ်ရှိုးရီသည် ဓါးလမ်းစဉ်ရှာဖွေခြင်းအပေါ်တွင်သာ လုံးဝစိတ်နှစ်ထားလေသည်။ သူသည်ဧရာမ ဓါးလမ်းစဉ် စက်ဝန်းကို ဖန်တီးလိုသည်မှလွဲ၍ မည်သည့်စိတ်ကူးမျှမရှိပေ။
***