Switch Mode

အပိုင်း(၁၅၂၄)

ကု့ချင်းနှင့်ဓား

ဓားစွမ်းရည်ရှေးဟောင်းသစ်ပင် ရှေ့တွင် လီစွမ်းသည် သူ၏ ဓားနှင့် လေထုကို ထိုးခွင်းလိုက်သည်။ သူက လှုပ်ရှားလိုက်တိုင်း မရေတွက်နိုင်သည့် ပုံရိပ်ယောင်များ ဖြစ်တည်လာကာ ပိုမိုများပြားသည့် ဓားများက ချက်ချင်းပေါ်ပေါက်လာပြီး ဝမ်ရှိုးရီကို ဓားချီများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ဝမ်ရှိုးရီသည် သူ၏ ဓားဝိညာဉ်ကို နှိုးဆွကာ ဓားစွမ်းအားများက ကောင်းကင်တွင် လှိုင်းထကာ အော်မြည်လာသည်။ သူက ဓားပေါ်တွင် လက်တစ်ချောင်းတင်လိုက်ကာ ဓားသွားနှင့် ဖြတ်ဆွဲလိုက်သည်။ လတ်ဆတ်သည့် သွေးက သူ့လက်ချောင်းမှ စီးကျလာပြီး ဓားအတွင်းသို့ စုပ်ယူခံလိုက်ရသည်။

“တိုက်ပွဲဝိညာဉ်”

ဝမ်ရှိုးရီ၏ ဆံပင်က လေနှင့် လွင့်ပျံနေပြီး ဓားဝိညာဉ်အတွင်း ဓားချီများက ပို၍ အားကောင်းလာသည်။ ထက်ရှလှသည့် မရေတွက်နိုင်သော ဓားများက ကောင်းကင်ကို ဖြတ်သန်းကာ ကြောက်မက်ဖွယ် ဓားမုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး သူ့အနီးမှ ပုံရိပ်ယောင်များကို ခုတ်ပိုင်းဖျက်ဆီးလိုက်သည်။

ပုံရိပ်များ ပြိုကွဲနေသည့် အသံက အဆက်မပြတ် ထွက်ပေါ်နေသည်။ ကျန်ရှိသည့် ပုံရိပ်များက လီစွမ်းထံ ပြန်ရောက်သွားကာ သူသည် ဝမ်ရှိုးရီအထက် လေထုထဲတွင် ပေါ်ပေါက်လာသည်။ သူက ဓားကို ကျစ်ကျစ်ဆုပ်ကိုင်ထားသည်။ သူက ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ထာဝရ”

သူက ထိုသို့ပြောပြီး ဝမ်ရှိုးရီ အနီးမှ ဓားစွမ်းအားများက အစစ်အမှန် နတ်ဓားများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့ တစ်ခုချင်းစီသည် တောက်ပသည့် အလင်းတို့နှင့် လက်လက်နေသည်။

လီနတ်ဓားမိသားစု၏ ယတိပြတ်ဓား နှင့် ထာဝရဓား တို့မှာ အပြည့်အဝ လိုက်ဖက်ညီလှသည်။

ကြောက်မက်ဖွယ် ဓားချိပ်တံဆိပ်က လီစွမ်း၏ မျက်ခုံးများကြားတွင် ပေါ်ပေါက်လာသည်။ သူက ဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ နှိုင်းယှဉ်မရအောင် တောက်ပသည့် နတ်ဓားအလင်းက လေထုကို ထိုးဖောက် ဖြတ်သန်းသွားသည်။ ၎င်းသည် ကောင်းကင်မှ ကျဆင်းလာသည့်အခါ အခြားဓားများအားလုံးက ၎င်းနှင့်တသားတည်း ဖြစ်သွားကာ  ဝမ်ရှိုးရီထံသို့ ကျဆင်း ရိုက်ခတ်လာသည်။ ဓားက စွမ်းအားအပြည့် မဖော်ထုတ်ထားသော်လည်း ထိုဓားစွမ်းအားသည်ပင် နေရာတစ်ခုလုံးကို မွန်းကြပ်သည့် ဖိအားဖြစ်ပေါ်စေရန် လုံလောက်နေပြီဖြစ်သည်။ ဝမ်ရှိုးရီ အရှေ့မှ ဓားဝိညာဉ်က အော်မြည်နေသည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူ၏ ဆံပင်များက လေနှင့်အတူ ကြမ်းတမ်းစွာ ကခုန်နေသည်။

လေထုအထက်တွင် လီစွမ်းသည် ဓားနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အသွင်နှင့် တူပေသည်။

ထိုသည်မှာ လီနတ်ဓားမိသားစု၏ ဓားပင်ဖြစ်သည်။ သူတို့သည် အထက်ကောင်းကင်ဘုံ၌ အကောင်းဆုံးဓားသမားများဟု ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ထားကြသည်။ သူတို့ကို ယှဉ်နိုင်မည့်သူ မည်သူမှ မရှိပေ။

ဝှစ်

ကြောက်မက်ဖွယ် နတ်ဓားအလင်းက ဝမ်ရှိုးရီ အနီးတွင် ဖြစ်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ သွေးများက သူ့ ဓားအတွင်း စီးဝင်နေသည်။ သူ၏ ရောင်ဝါကိုပါ ဓားအတွင်း ပေါင်းထည့်ပေးနေသည်။ သူက အားနည်းသထက် အားနည်းလာသော်လည်း သူ၏ စိတ်က လမ်းစဉ်ကို ရှာဖွေနေပြီး အတွေးထဲ နစ်မြုပ်နေသည်။ သူက သူ့ကိုယ်သူ ထိုက်တန်ကြောင်း သက်သေပြနိုင်မည့် အခွင့်အရေးကို ရှာဖွေလိုနေသည်။ ယခု ဓားသဏ္ဌာန်သစ်သီးက သူ့ရှေ့တွင် ရှိနေ၏။ သူက ဤတိုက်ပွဲ၌ အနိုင်မရရှိနိုင်ပါလျှင် သူ့ကိုယ်သူ ထိုက်တန်ကြောင်း သက်သေပြဖို့ရာ မည်သို့ ပြောနိုင်ပါတော့မည်နည်း။

သူ၏ ဓားဝိညာဉ်က ပြင်းထန်စွာ တုန်ခါလာသည်။ ဖျက်ဆီးခြင်းဓားချက်များက ပေါ်ပေါက်လာပြီး ကောင်းကင်သို့ လွှမ်းခြုံကာ သူ့ပြိုင်ဘက် ခင်းကျင်းထားသော ဓားအချုပ်အနှောင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

ဝမ်ရှိုးရီအနီးမှဓားများက သူ့ဓားဝိညာဉ်၏ ဖြတ်ပိုင်းခံလိုက်ရသောကြောင့် ပျက်စီးသွားခဲ့သည်။ လီစွမ်း၏ အကြည့်များက ထက်ရှလာသည်။ သူက ဝမ်ရှိုးရီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “မင်းရဲ့ လျှပ်တပြက်နတ်ဓား နည်းစနစ်က အတော်ကောင်းပါတယ်။ ကံမကောင်းတာက မင်းရဲ့ ဓားစွမ်းရည်က ထင်သလောက် မမြင့်မားတာပဲ”

သူက ပြောလိုက်ပြီး သူ့ထံမှ နတ်အလင်းများ ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က ဓားစွမ်းရည်နတ်ခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ရှိ ကြောက်မက်ဖွယ် ဓားစွမ်းအားများက ကောင်းကင်ပြိုဓားချက်အဖြစ် ပြောင်းလဲသွားသည်။ ဓားစွမ်းအား အားလုံးသည် ထိုဓားအတွင်းသို့ တရကြမ်း တိုးဝင်လာသည်။ အခြားသောဓားများအားလုံးသည် ၎င်းနှင့် ပေါင်းစပ်သွား၏။ လီနတ်ဓားမိသားစုမှ တန်ခိုးရှင်များ ကိုင်ဆောင်ထားသည့် ဓားများပင်လျှင် လာရောက်ပေါင်းစပ်ကြသည်။

ကောင်းကင်ပြိုဓားက ဓားများအကြားမှ ဘုရင်သဖွယ်ပင် ဖြစ်၏။ အားလုံးသော ဓားများမှာ ၎င်း၏ အသုံးချခံများ ဖြစ်ကြသည်။

“မဟာနတ်ဓားမုန်တိုင်း… “ လူတိုင်းက ကောင်းကင်သို့ မော့ကြည့်ရင်း ပြောလိုက်ကြသည်။ လီမိသားစုကို ခုခံနေကြသည့် လော့ယွဲ့ နှင့် ထိုက်ရွှမ်တောင်မှ အခြားတပည့်များသည်လည်း ဓားကို မော့ကြည့်လိုက်ကြသည်။ လီနတ်ဓားမိသားစု၏ ထိပ်တန်းဓားနည်းစနစ်သည် အလွန် ထိတ်လန့်အံ့သြဖွယ်ကောင်းလှသည်။

ဓားက ထွက်လာသည့်အခါ အားလုံးသော နည်းစနစ်များ ပျက်စီးသွားပြီး လေထုကလည်း ပြိုကွဲကာ အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်တွင် တိမ်တိုက်များသည် ကောင်းကင်ရှိ ဓားချီများကို ဖြတ်သန်းသွားသည်။ ထိုဓားသည်သာလျှင် လောကကြီး၌ ထီးထီးမားမား ကျန်ရစ်ခဲ့သလို ထင်မှတ်ရပေသည်။

ဓားစွမ်းအားက အားကောင်းသထက်အားကောင်းလာသည်။ အောက်ဘက်ရှိ ဝမ်ရှိုးရီသည် ပြင်းထန်သည့် ဖိအားကို ခံစားမိပေသည်။ သူ့အနီးရှိ ဓားချီများ စီးဆင်းမှုက ၎င်း၏ နှောက်ယှက်ခြင်းကို ခံရကာ သူ၏ ကိုယ်ပိုင်ဓားများက ကွဲအက်ကြေမွသွားခဲ့သည်။ ဓားက သူ၏ ဝတ်ရုံကို ဖြတ်တောက်သွားခဲ့ပုံရကာ သွေးများ ထွက်လာခဲ့သည်။

“လက်လျှော့လိုက်တော့ ဝမ်ရှိုးရီ” ကျွင်းမူက သူ့အား လှမ်းပြောလိုက်သည်။ ဝမ်ရှိုးရီက ဤဓားချက်အောက်၌ ကြာကြာခံနိုင်တော့မည် မဟုတ်ပေ။ သူက ဆက်လက်တွန်းအားပေးနေပါလျှင် သူသည်ပင် ပျက်စီးသွားရလိမ့်မည် ဖြစ်၏။

လီမိသားစု၏ နတ်ဓားက အလွန်အားကောင်းပြီး သူတို့သည် ဓားသဏ္ဌာန်သစ်သီးအား သူတို့အပိုင်ဟု သတ်မှတ်လိုက်ပြီး ဖြစ်သည်။ ၎င်းကို လိုချင်သည့် မည်သူမဆို သူတို့နှင့် တိုက်ခိုက်ရန် လိုပေသည်။

လီစွမ်း၏ ဓားစွမ်းရည်အရဆိုလျှင် လီနတ်ဓားမိသားစုမှ လူများကို ယှဉ်နိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။

ထို့ပြင် ဝမ်ရှိုးရီသည် ဓားသဏ္ဌာန်သစ်သီးကို မဖြစ်မနေ လိုအပ်နေခြင်းမရှိပေ။

ဤတိုက်ခိုက်မှုက ထိုက်တန်ခြင်း မရှိပေ။

သို့သော် ဝမ်ရှိုးရီက သူ၏ ဓားကို ဆုပ်ကိုင်ထားဆဲ ဖြစ်ကာ အရှုံးမပေးခဲ့ပေ။ သူ၏ မျက်လုံးများထဲတွင် ရက်စက်ပြတ်သားသည့် ဆုံးဖြတ်ချက်တို့နှင့် ပြည့်နေခဲ့သည်။ သူက ဤတိုက်ပွဲ၌ ရှုံးနိမ့်ခြင်းကို လက်ခံနိုင်သော်လည်း ဓားကိုချကာ အရှုံးပေးရမည်မှာ သူ လက်ခံနိုင်သည့် အရာမျိုးမဟုတ်ပေ။

ထိုအချိန်၌ ဂီတသံရေးရေးကို ကြားလိုက်ရပြီး တိုက်ပွဲမှ လူအားလုံး၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။

ထိုနေရာ၌ ပုံရိပ်နှစ်ခုက မျောလွင့်နေသည်။ သူတို့ထဲမှ တစ်ယောက်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူက ဝမ်ရှိုးရီ အရှေ့တွင် ဆင်းသက်လာသည်။ သူ၏ လက်အတွင်း၌  ကု့ချင်းတစ်လက် ကိုင်ဆောင်ထားပြီး တေးသွားကို တီးခတ်နေသည်။ ခဏချင်းအတွင်း မရေတွက်နိုင်သည့် သံစဉ်များ ထွက်ပေါ်လာကာ ကြမ်းရှပြင်းထန်သည့် စွမ်းအားအပြည့်ပင် ဖြစ်၏။ ၎င်းတေးသွားသည် တိုက်ပွဲခံစားချက်နှင့် အပြည့်အဝ ကိုက်ညီနေသည်ဟု ထင်မှတ်ရသည်။

ကျွင်းမူက မျက်မှောင်ကြုတ်လိုက်သည်။ ရှန်ကျင်း သူ မည်သည်ကို လုပ်ရန် ကြိုးပမ်းနေသနည်း။

တေးသွားက ထွက်ပေါ်လာသည့်အခါ ထူးဆန်းသည့် ပုံရိပ်ယောင်များက နေရာအနှံ့ ပေါ်ပေါက်လာသည်။ လေပြည်နှင့် တိမ်တိုက်များက လှုပ်ရှားလာပြီး ဓားစွမ်းအားများက ကောင်းကင်တွင် စီးဆင်းလာသည်။ တေးသွားသံစဉ်က ဝမ်ရှိုးရီ၏ စိတ်ထဲသို့ တိုးဝင်သွားကာ သူ၏ ဓားအတွင်းသို့လည်း စီးဝင်သွားသည်။

“လောကစီရင်ချက်”

ကု့ချင်းတောင်ကြားမှ တပည့်များ ဖြစ်သည့် လီကျစ်ရင်နှင့် ချန်ယွိတို့သည် အလွန် ထိတ်လန့်အံ့အားသင့်သွားကြသည်။ ထူးဆန်းသည့် ပုံရိပ်ယောင်များက ကောင်းကင်အနှံ့တွင် ပေါ်ပေါက်လာနေပြီး မဟာလမ်းစဉ် စွမ်းအားများက နောက်ပြန်စီးဆင်းနေသည်။ ဤသည်မှာ နာမည်ကျော် တေးသွားတစ်ပုဒ်ဖြစ်သည့် လောကစီရင်ချက် ပင် ဖြစ်၏။

တေးသံသာ စံအိမ်မှ ရီဖူရှင်း သင်ယူခဲ့သည်မှာ နာမည်ကျော် သီချင်းခြောက်ပုဒ်မှ တစ်ပုဒ်ဖြစ်သည့် ဖီးနစ်တောင်ပံခတ်သံသာလျှင် မဟုတ်ခဲ့ပေ။ သူက လောကစီရင်ချက် ကိုလည်း သင်ယူနိုင်ခဲ့ပေသည်။

ထိုသို့သော အရည်အချင်းက…

သူမသည် တစ်ချိန်က ရီဖူရှင်းအား ညွှန်ပြခဲ့ပြီး တေးသံသာ စံအိမ်၌ ကြိုးကြိုးစားစား လေ့ကျင့်သင်ယူရန် ပြောခဲ့သည်ကို အမှတ်ရမိသည့်အခါ ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။  သိသာစွာပင် ရှန်ကျင်း၏ ဂီတစွမ်းရည်က သူမ တွေးထင်ထားသည်ထက် အများကြီး ပိုမို ကောင်းမွန်နေခဲ့သည်။ သူမပင်လျှင် သူ့လောက် ကောင်းမွန်ခြင်းမရှိပေ။

သူက နာမည်ကျော်တေးသွား ခြောက်ပုဒ်မှ နှစ်ပုဒ်ဖြစ်သော ဖီးနစ်တောင်ပံခတ်သံ နှင့် လောကစီရင်ချက် ကို သင်ယူနိုင်ခဲ့သည်။

ထို့ကြောင့် ဦးလေးလန်က ရှန်ကျင်းအား ခွဲတမ်းတွင် ပါဝင်စေ၍ ကု့ချင်းဂီတဖြင့် သူတို့အား ပိုသန်မာလာစေရန် ထောက်ပံ့ပေးနိုင်ဖို့ရာ ရည်ရွယ်သည်ဟု ပြောခဲ့ခြင်း ဖြစ်ရပေမည်။

သို့သော် သူတို့က ရှန်ကျင်းအား ဤခရီးသို့ ခေါ်ဆောင်သွားစေသည်မှာ စတုတ္တသခင်မလေး မျက်နှာမပျက်ရစေရန်ဟုသာ တွေးထင်ခဲ့ကြသည်။

ကု့ချင်းတေးသွားသည် ဝမ်ရှိုးရီ၏ ဓားစွမ်းအားနှင့် အပြည့်အဝ ကိုက်ညီနေသည်။ ဝမ်ရှိုးရီသည် သူ့အနီးမှ ဓားစွမ်းအားများ ပို၍ အားကောင်းလာသည်ကို ခံစားမိလိုက်ပြီး သူ၏ စိတ်ထဲတွင် မရေတွက်နိုင်သော ဓားသမား ပုံရိပ်များ ဝဲလည်နေသည်။

သူ့ဓားသည် အော်မြည်လာပြီး ဓားအလင်းများက ဓားဝိညာဉ် အပြင်သို့ ထွက်လာကာ သူအနီးရှိ မဟာလမ်းစဉ် စွမ်းအားများကို လှုပ်ခတ်လာစေသည်။

“ဘာလို့ ဒီတေးသွားထဲမှာ နတ်ဘုရားပျောက်ဆုံးခြင်း သံစဉ်ကို ခံစားမိနေတာလဲ။ အဲဒီကောလာဟလတွေက အမှန်ပဲလား။ လောကစီရင်ချက်က နတ်ဘုရားပျောက်ဆုံးခြင်း တေးသွားကနေ ဆင်းသက်လာတယ်ဆိုတာကလေ” လီကျစ်ရင်က ပြောလိုက်သည်။ သူမသည် သူမ၏ ဆရာတီးခတ်ပြခဲ့သော နတ်ဘုရားပျောက်ဆုံးခြင်း တေးသွားကို အမှတ်ရနေဆဲ ဖြစ်သည်။ ၎င်းသည် သူမ၏ မှတ်ဉာဏ်များ အတွင်း တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ပင် ဖြစ်သည်။

“အဲဒါတင်မကဘူး။ ဒီတေးသွားက ဓားစွမ်းအားနဲ့လည်း အပြည့်အဝ ကိုက်ညီနေတယ်” သူမသည် အိပ်မက်အတွင်း ရောက်နေသကဲ့သို့ ခံစားနေရသည်။ လော့ယွဲ့ဲ၏ လှပသော မျက်နှာလေးထက်တွင်လည်း ထိတ်လန့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ကု့ချင်းနှင့် ဓားက ညီညွတ်ကာ တသားတည်းဖြစ်နေသည့် ခံစားချက်ကို ပေးစွမ်းသည်။

သူမသည် သူမ အဖေ တစ်ခါ ပြောဖူးသည်ကို အမှတ်ရလိုက်သည်။ အရှင်ထိုက်ရွှမ်သည် နောက်တစ်ဆင့်သို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်မှာ နတ်ဘုရားပျောက်ဆုံးခြင်း တေးသွားကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟူ၍ ဖြစ်၏။ သူ၏ နားလည်သဘောပေါက်မှုကို မြှင့်တင်နိုင်ကာ သူသည် တေးသွားအတွင်း သူ၏ အခြားသော စွမ်းရည်များကို ပေါင်းစပ်ခဲ့သည်။ ဥပမာအားဖြင့် သူက ဓားစွမ်းရည်နှင့် တေးသွားကို ပေါင်းစပ်သည့်အချိန်၌ လျှပ်တပြက်နတ်ဓားဟု ခေါ်သော ဓားပညာရပ်ကို တီထွင်ဖန်တီးခဲ့သည်။

ထိုအချိန်က သူမသည် ဤတေးသွားက အမှန်တကယ်ပင် မှော်ဆန်လေသလားဟု သံသယဖြစ်နေခဲ့သည်။

သို့သော် ယခု သူမသည် ကု့ချင်းတေးသွားနှင့် ဓားစွမ်းရည်တို့က တသားတည်းပေါင်းစပ်နေသည်ကို မြင်တွေ့ပြီးနောက် သူမ မှားယွင်းခဲ့သည်ကို သတိပြုမိလိုက်သည်။ မဟာလမ်းစဉ်သည် အရာရာနှင့် ဆက်သွယ်ထားပြီး ဂီတပင်လျှင် အလွန် အစွမ်းထက်သည့် ကျင့်ကြံရေးနည်းစနစ်အဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

ကောင်းကင်ထက်တွင် ထောင်ချီသည့် ဓားများ လှုပ်ရှားနေပြီး တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားကြသည်။ လီစွမ်းသည်လည်း တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ သူက ဓားကို လက်ညွှန်ကာ အော်လိုက်၏။ “ကျစမ်း”

သူက ထိုသို့ ပြောပြီးသည့်အခါ ကောင်းကင်မှ ဓားက ကျဆင်းလာပြီး ၎င်းအောက်ရှိ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။ ဓားအမှတ်အသားများက ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာကာ အရာအားလုံးကို ဖျက်ဆီးသွားခဲ့၏။

ဝမ်ရှိုးရီက ဓားများ ကျဆင်းလာသည်ကို ကြည့်နေပြီး သူ့မျက်လုံးများမှ မယှဉ်သာအောင် တောက်ပသည့် နတ်အလင်းတို့ တောက်ပလာသည်။ သူက လက်ကို လှုပ်ရှားလိုက်ပြီး ဓားကို စေလွှတ်လိုက်သည်။ လျှပ်တပြက်နတ်ဓားက တဖန် ထွက်ပေါ်လာပြန်သည်။  ထိုအချိန်တွင် ဓားက သက်တန့်ကဲ့သို့ ကောင်းကင်တွင် စက်ဝိုင်းပြတ်သဏ္ဌာန် ဖြတ်သန်းသွားသည်။ သူ့ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော သူ့ပြိုင်ဘက်၏ ဓားသည် ဓားစွမ်းအင်လှိုင်းများကို မခံနိုင်ဘဲ နောက်သို့ စတင်ဆုတ်ခွာလိုက်သည်။ ကြောက်မက်ဖွယ် လျှပ်တပြက်နတ်ဓားက ကောင်းကင်နှင့်မြေကြီးအကြားတွင် အော်မြည်နေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဓားနှစ်လက်က ထိပ်တိုက်တွေ့ဆုံခဲ့သည်။ နတ်ဓားအလင်းက ပေါက်ကွဲထွက်လာပြီး သူတို့အနီးမှ အရာအားလုံးသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားသည်။ ချီစွမ်းအင်လှိုင်းများကြောင့် လူတိုင်းသည် သူတို့၏ လက်များကို မြှောက်ကာ စွမ်းအင်တိုက်ခိုက်မှုမှ ကာကွယ်လိုက်ကြသည်။

ကု့ချင်းက တီးခတ်နေဆဲဖြစ်ကာ တေးသွားက အရိုင်းဆန်သထက် ဆန်လာသည်။ ကာရန်ညီသော ကြောက်မက်ဖွယ် မှော်တေးသွားက အလွန်အစွမ်းထက်သည့်အတွက် ကြယ်များ၏ အနေအထားကိုပင် ပြောင်းလဲနိုင်စွမ်း ရှိပေလိမ့်မည်။ ဝမ်ရှိုးရီကိုယ်တိုင်သည် ထိုစွမ်းအားအတွင်း နစ်မြုပ်နေဟန်တူသည်။ သူ၏ ဓားက ကု့ချင်းတေးသွားနှင့် လိုက်ဖက်နေကာ ပထမဆုံးထိပ်တိုက်တွေ့ဆုံခြင်း၌ ဖျက်ဆီးခြင်းစွမ်းအားများ ဖြစ်ပေါ်လာပြီးနောက် တစ်ဖန် တိုက်ခိုက်လိုက်ပြန်သည်။

“ဒီကု့ချင်းတေးသွားက…” လူတိုင်းက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ တေးသွားသည် ဝမ်ရှိုးရီ၏ ဓားစွမ်းရည်ကို တိုးတက်ပြောင်းလဲလာစေသည်။

လီနတ်ဓားမိသားစုမှ တန်ခိုးရှင်တစ်ယောက်သည် ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် နတ်ဓားသွားများက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။  ၎င်းတို့က လေထုအတွင်းသို့ ထိုးထွက်သွားကာ ရီဖူရှင်းထံ ဦးတည်လာခဲ့ပေသည်။

လော့ယွဲ့က ရီဖူရှင်း၏ ရှေ့၌ ကာရပ်လိုက်သည်။ သူမ၏ စိတ်က တည်ငြိမ်နေပြီး ကု့ချင်းတေးသွားအား သူမ၏ဓားနှင့် တသားတည်း ဖြစ်လာစေရန် ခံစားကြည့်လိုက်သည်။ သူမက ဓားကို ဆန့်ထုတ်ကာ ကြောက်မက်ဖွယ် ဓားမုန်တိုင်း ဖန်တီးလိုက်ပြီး သူမထံ တိုးဝင်လာနေသည့် ဓားများကို ဖျက်ဆီးလိုက်သည်။

ထိုအချိန်တွင် ဝမ်ရှိုးရီက ထရပ်လိုက်သည်။ သူက ဓားကို ကြိမ်ဖန်များစွာ ဝှေ့ယမ်းလိုက်ပြီး တိမ်စိုင်များကို ရေကဲ့သို့ စီးဆင်းသွားစေပြီး လေထုကို ခုတ်ပိုင်းလိုက်သည်။

ခရက်! နားစည်ကွဲလောက်သော ဆူညံသံက လီစွမ်း၏ ဓားမှ ထွက်ပေါ်လာကာ ဓားက ကြေမွသွားခဲ့သည်။ သူ၏ အင်္ကျီလက်တို့သည်လည်း ဓားချီများကြောင့် စုတ်ပြဲသွားကာ သူ၏ လက်များတွင် ဖြတ်ရှရာများ ပေါ်ပေါက်လာသည်။ သူ့ဝတ်ရုံတွင် သွေးများစွန်းထင်းနေပြီး ကြောက်မက်ဖွယ် ဓားစွမ်းအားများက သူ့ ခန္ဓာကိုယ်အတွင်း အော်မြည်နေသည်။

သူက ဝမ်ရှိုးရီကို ကြည့်လိုက်ပြီးနောက် လေထဲမှ ရီဖူရှင်းကို မော့ကြည့်လိုက်သည်။ ကု့ချင်းတေးသွားက ဓားနှင့် ပျော်ဝင်သွားသည်။ ၎င်းက စွမ်းအားကို ထိုမျှပင် ပြောင်းလဲစေသည်လား။

ယခင်က ဝမ်ရှိုးရီသည် သူနှင့် ယှဉ်နိုင်ခြင်းမရှိခဲ့ပေ။

ဝမ်ရှိုးရီက ဆက်လက်မတိုက်ခိုက်ခဲ့ပေ။ သူက လီစွမ်းကို ကြည့်လိုက်သည်။ လီစွမ်းကလည်း သူ့အားကြည့်ကာ ပြောလိုက်၏။ “အရှင်ထိုက်ရွှမ်က ဓားစွမ်းရည်နဲ့ ဂီတကို တပြိုင်တည်း အသုံးပြု ပြီး အပြည့်အဝ ပေါင်းစပ်နိုင်စွမ်းရှိတာ တကယ် အထင်ကြီးစရာပါပဲ။ ကျုပ်က မင်းတို့နှစ်ယောက်ကို ရှုံးသွားမှတော့ ဒီအသီးတွေက မင်းတို့အပိုင် ဖြစ်သွားပါပြီ”

ထိုသို့ပြောပြီးနောက် သူက လီနတ်ဓားမိသားစုမှ တန်ခိုးရှင်များနှင့်အတူ ထွက်ခွာသွားတော့သည်။ သူ၏ ရှုံးနိမ့်မှုက ဝမ်ရှိုးရီနှင့် မတူပေ။ သူက လူနှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရှုံးနိမ့်ရသည့်အတွက် လီနတ်ဓားမိသားစုအတွက် မျက်နှာပျက် အရှက်ရစရာ မဖြစ်စေခဲ့ပေ။ ယခင်ကဆိုလျှင် သူသည် ဝမ်ရှိုးရီအား ကျိန်းသေ အနိုင်ရနိုင်ပေသည်။

သူက လီစွမ်းထွက်ခွာသွားသည်ကို ကြည့်နေရင်း ဝမ်ရှိုးရီသည် အနည်းငယ် ရှုပ်ထွေးစွာ ခံစားနေရသည်။ အမှန်တွင် သူက ရှုံးနိမ့်ခဲ့သည်။ သို့သော် သူ ထင်မှတ်မထားမိသည်က ဤတေးသွားသည် အလွန် ထူးခြားဆန်းကြယ်ကာ သူ၏ ဓားစွမ်းရည်နှင့် ကောင်းစွာ ပေါင်းစပ်နိုင်ပေသည်။

သူက ရီဖူရှင်းကို အပြုံးနှင့် ကြည့်လိုက်သည်။ သူက ရှန်ကျင်းအား ထူးခြားသည့်သူတစ်ဦးအဖြစ် ခံစားမိပြီး ဖြစ်သော်လည်း အံ့အားသင့်မိနေဆဲပင် ဖြစ်သည်။

“အသီး” ဖီးနစ်လေးက သစ်သီးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသော်လည်း မမြင်နိုင်သည့် ဓားစွမ်းအားများက သူမအား တားဆီးပိတ်ပင်ထားသည်ကို တွေ့ရှိလိုက်ရသည်။ ထိုဓားစွမ်းအားများကို သစ်ပင်မှ ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ဖီးနစ်လေး၏ ရှေ့၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး လူတိုင်းကို ကြည့်လိုက်သည်။ “သစ်သီးက ငါးလုံးပဲ ရှိတယ်။ သူတို့ကို ဘယ်လိုခွဲဝေပေးမှာလဲ”

ဤနေရာတွင် ထိုက်ရွှမ်တောင်မှ လူဆယ့်ငါးယောက် ရှိနေသည်။

ဖီးနစ်လေးက သူ့ကို ကြည့်လိုက်၏။ “ခွဲဝေပေးမယ်တဲ့လား။ သူတို့နှစ်ယောက်ကပဲ အနိုင်ရတဲ့သူလေ။ သူတို့ကိုပဲ ပေးသင့်တာပေါ့”

သူတို့က ခွဲဝေယူလိုက်မည်ဆိုလျှင် ဝမ်ရှိုးရီ နှင့် ရီဖူရှင်းကလည်း သူတို့နှင့်အတူ ခွဲဝေယူရတော့မည် ဖြစ်သည်။

ကျွင်းမူက သူ၏ မျက်ခုံးတို့ကို ပင့်လိုက်သည်။ ဤသစ်သီးကို လေးစားထိုက်ကြောင်း သက်သေပြရာ၌ အသုံးပြုနိုင်သည်။ သူတို့ ကျင့်ကြံခြင်း အထူးပြုမှုကြောင့် အသုံးမဝင်လျှင်ပင် တစ်စုံတစ်ယောက်ထံမှ သစ်သီးများနှင့် လဲလှယ်နိုင်သည်။ ထိုသည်က အလွန် အဖိုးတန်လှသည်။

ထို့ပြင် သူတို့အားလုံးက ဤအရာအတွက် တိုက်ခိုက်ခဲ့ကြသည်။ သူတို့က မည်သို့ လက်လျှော့နိုင်ပါမည်နည်း။

“ဝမ်ရှိုးရီနဲ့ ရှန်ကျင်းက လီစွမ်းကို ရှုံးနိမ့်စေခဲ့တယ်ဆိုပေမယ့် ကျုပ်တို့တွေကလည်း လီနတ်ဓားမိသားစုက တခြားလူတွေကို တားဆီးပေးခဲ့ရတာပဲလေ။ မဟုတ်ရင် ဝမ်ရှိုးရီက စောစောစီးစီး ရှုံးနိမ့်သွားမှာပေါ့။ ဝမ်ရှိုးရီနဲ့ ရှန်ကျင်းကို တစ်လုံးစီ ပေးပြီးတော့ ကျန်တဲ့ သုံးလုံးကို ခဏစောင့်ပြီး အချိန်ကျလာရင် ခွဲဝေယူလိုက်မယ်” ကျွင်းမူက ပြောလိုက်သည်။ အကယ်၍ ရီဖူရှင်းသာ အခြေအနေကို ပြောင်းပြန်မလှန်ပေးခဲ့ပါလျှင် သူသည် သစ်သီးတစ်လုံးကိုမျှပင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset