Switch Mode

အပိုင်း(၁၅၁၇)

ထွက်ခွာခြင်း

မကြာခင် ထိုက်ရွှမ်တောင်ပေါ်တွင် ကြီးမားသော ပြိုင်ပွဲကြီးတစ်ခု ပြုလုပ်ခဲ့၏။ အရှင်ထိုက်ရွှမ်၏တပည့်လေးယောက်အတွက် သူတို့ရရှိထားသော နေရာနှစ်ခုအတွက် ဆုံးဖြတ်ရသည်မှာ လွယ်ကူ၏။ သူတို့အနေဖြင့် စိတ်ကြိုက်တပည့်နှစ်ဦးကို ရွေးရုံသာဖြစ်သည်။

သို့သော်လည်း ထိုက်ရွှမ်တောင်တပည့်များအတွက်မူ နေရာငါးခုမျှသာရှိရာ ပြိုင်ဆိုင်မှုက ပြင်းထန်၏။

လူအများအပြားက ပိုမိုစိတ်ဝင်စားသည်မှာလား လက်ကျန်လစ်ဟပ်နေသော နေရာနှစ်ခုအတွက် အရှင်ထိုက်ရွှမ်က မည်သို့ဆုံးဖြတ်မည်ကိုပင် ဖြစ်ပေသည်။

ရီဖူရှင်းကား တေးသံသာစံအိမ်တွင် ကျင့်ကြံနေ၏။ အရှင်ထိုက်ရွှမ်အဆင့်တက်သွားသော နေ့ကတည်းက သူသည် များစွာသော သိမြင်နားလည်မှုများရရှိခဲ့ကာ အချိန်တစ်ခုပေး၍ ကျင့်ကြံရန် လိုအပ်ပေသည်။ သူ့အနေဖြင့် မဟာလမ်းစဉ်၏နတ်သံစဉ်ဖြစ်သော နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်အား နားလည်ရန် အချိန်များစွာ ပေးရန် လိုပေသည်။ သူက ထိုသံစဉ်အား တီးခတ်ရန် ကြိုးစားခဲ့သော်လည်း အနည်းငယ်မျှသော တိုးတက်မှုသာ ရှိခဲ့၏။

ယနေ့တွင် ရီဖူရှင်းသည် တေးသံစံအိမ်၌ လေ့ကျင့်နေစဉ် အနီရောင်ပုံရိပ်တစ်ခု ဘေးနားကို ကျဆင်းလာကာ သူ့အားခေါ်လိုက်သည် “ရှန်ကျင်း”

“မင်း ယဉ်ကျေးမှု မရှိဘူးလား” ရီဖူရှင်းကား ဆွံ့အရ၏။ ဖီးနစ်လေးကား သူ့ကျင့်ကြံခြင်းအား သည်အတိုင်း နှောင့်ယှက်ရပ်တန့်စေခဲ့ခြင်းအား သက်တောင့်သက်သာသဘောဖြင့် ပြုလုပ်ခဲ့၏။

“မရှိတော့ ဘာဖြစ်လဲ” ဖုန်းယန်က အနည်းငယ်မျှပင် အလေးမထားဟန်ဖြင့် ဆက်ပြောသည် “ရှန်ကျင်း… ထိုက်ရွှမ်တောင်ပေါ်မှာ ဖြစ်နေတာတွေကို ရှင် သိတယ်မလား။ ရှန့်ရှောင်းနတ်နန်းတော်က ထိုက်ရွှမ်တောင်ကို နေရာ ၁၅ခုပေးပြီးတော့ လူဆယ့်ငါးယောက်ဟာ မဟာလမ်းစဉ်ရဲ့အခွင်းအလမ်းအတွက် သက်သေပြပိုင်ခွင့်ရှိတယ်။ ဒါက ရန်ဟောင်ဖြစ်ဖို့ အခွင့်အလမ်းပဲ”

“မင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို တက်တာ မကြာသေးဘူးမလား။ ရန်ဟောင်အဆင့်က မင်းအတွက် အဝေးကြီးလိုသေးတယ်” ရီဖူရှင်းက ဆိုသည်။

“ကျွန်မ တစ်နေရာရတယ်ဆိုတာ ရှင်ဘယ်လိုသိလဲ” ဖုန်းယန်က ရီဖူရှင်းအား ကြည့်ကာ ပြုံးလျှက်ပြောသည် “ကြည့်ရတာ ကျွန်မ ပါရမီက ပြိုင်ဘက်ကင်းတာ ရှင်သိပုံရတယ်။ ဒါက ဆယ်နှစ်မှ တစ်ကြိမ်ရတဲ့ အခွင့်အရေးဖြစ်ပြီးတော့ မရေမတွက်နိုင်တဲ့လူတွေအတွက် အိပ်မက်တောင်မမက်ရဲတဲ့ကိစ္စပဲ။ အဖေနဲ့အမေဆီက ကြားတာကတော့ စွမ်းအားကြီးတဲ့ရန်ဟောင်တွေတောင်မှ နေရာလေးတစ်ခုရဖို့ တန်ဖိုးကြီးကြီးတွေ ပေးကြရတယ်တဲ့။ ရှင် မနာလို မဖြစ်ဘူးလား”

ကလေးမလေး လာရောက်ကြွားဝါခြင်းဖြစ်ကြောင်း ရီဖူရှင်း နားလည်လိုက်သည်။

“မနာလိုဖြစ်တာလား” ရီဖူရှင်းကား ဆွံ့အရသည်။ ဖီးနစ်လေး၏မိဘများကား တေးသံသာအင်ပါယာနှင့် လွန်စွာ နီးကပ်ရင်းနှီးသော ဆက်ဆံရေးအား ပိုင်ဆိုင်ကာ ဖီးနစ်လေးကိုယ်တိုင်မှာ မွေးကတည်းက အရှင်ထိုက်ရွှမ်၏ချစ်ခင်ကြင်နာမှုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အရှင်ထိုက်ရွှမ်က သူမအား တစ်နေရာပေးသည်မှာ ထူးဆန်းအံ့အားသင့်စရာမဟုတ်ပေ။

“ဟန်ဆောင်ကောင်း…” ဖီးနစ်လေးက ဆိုသည်။

“…” ရီဖူရှင်းကား ဆွံ့အရ၏။ ဖီးနစ်လေးက ဟက်ခနဲရယ်ကာ ပြောသည် “ရှင်က ကျွန်မလိုဖြစ်ချင်နေပြီမလား”

“သေချာတာပေါ့” ရီဖူရှင်း ပြုံးလျှက် ခေါင်းယမ်းမိသည်။

ထိုအချိန်တွင် ခြေသံအချို့ ကြားလိုက်ရ၏။

“လူငယ်လေး ရှန်ကျင်း” ခေါ်သံကို ကြားလျှင် ရီဖူရှင်းက လှည့်ကြည့်သည် “ဦးလေးလန်”

ရောက်လာသူကား ထိုက်ရွှမ်တောင်၏အိမ်တော်ထိန်း ဦးလေးလန်ဖြစ်ပေသည်။

“ဖုန်းယန်လည်း ရှိတာပဲ” ဦးလေးလန်က ပြုံးလျှက်ပြောသည်။

“အင်း…” ဖုန်းယန်က ခေါင်းညိတ်သည် “ဦးလေးလန် ကိစ္စရှိလို့လား”

“ငါ ရှန်ကျင်းဆီလာတာ” ဦးလေးလန်က ရီဖူရှင်းအား ကြည့်ကာ ပြုံးလျှက်ပြောသည် “ထိုက်ရွှမ်တောင်မှာ ဖြစ်နေတာကို မင်းလည်း သိမှာပဲ။ အရှင်ထိုက်ရွှမ်က ငါ့ကို တစ်နေရာပေးတယ်။ ဒါပေမဲ့ ငါ့အသက်အရွယ်နဲ့ ဘာလုပ်မှာလဲ။ ဒါကြောင့် မင်းကို လာပေးတာ”

ရီဖူရှင်း အံ့အားသင့်သွားသည်။ သူ့အနေဖြင့် နေရာတစ်ခုရရှိသည်မှာ သိပ်တော့ မထူးဆန်းသော်လည်း ဦးလေးလန် လာပေးခြင်းက သူ့အား အံ့အားသင့်စေသည်။

သို့သော် ဦးလေးလန်အား မည်သူက စေခိုင်းသနည်း။

သူ့အား အရှင်ထိုက်ရွှမ်က ညွန်ကြားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သည်နည်းဖြင့် အရှင်ထိုက်ရွှမ်သည် ရီဖူရှင်းအပေါ် အလေးပေးခြင်းအား လူအများသတိမထားစေရန် ရှောင်ဖယ်နိုင်ပေ၏။

“ဦးလေးလန်… သူ့ကို ဘာလို့ တစ်နေရာပေးတာလဲ” ဖီးနစ်လေးသည်လည်း ထူးဆန်းသော အခြေအနေကို နားမလည်ဟန်ဖြင့် မေးသည်။ ရှန်ကျင်းလည်း တစ်နေရာရသည်လား။

“အင်း” ဦးလေးလန်က ခေါင်းညိတ်သည်။ ရီဖူရှင်းက ပြုံးလိုက်ကာ ငြင်းပယ်ခြင်း မပြုပေ။ သူက ဦးလေးလန်အား ဦးညွတ်ကာ ပြောသည် “ကျေးဇူးတင်ပါတယ် အဘ”

“စတုတ္ထသခင်မလေးက မင်းကို ဒီပို့လိုက်မှတော့ မင်းက ထူးထူးခြားခြား ထူးချွန်တယ်ဆိုတာ ငါသိတာပေါ့။ မင်းအနာဂါတ်က တောက်ပမှာပါ” ဦးလေးလန်က ပြုံးလျှက်ပြောသည် “လာကြ… သူတို့ ဒီကိစ္စတွေကို ဆွေးနွေးနေကြတုန်းပဲ။ မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ကြ”

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ဖီးနစ်လေးနှင့်အတူ ဦးလေးလန်နောက်သို့ လိုက်ပါသွားခဲ့သည်။ လမ်းတွင် ဖီးနစ်လေးကား အံ့အားသင့်မှုကို မဖုံးကွယ်နိုင်သော မျက်နှာဖြင့် ရီဖူရှင်းအား ခဏခဏ ကြည့်နေခဲ့၏။ သူမက ရီဖူရှင်းအား သွားရောက်ကြွားဝါခဲ့သော်လည်း ရီဖူရှင်းလည်း တစ်နေရာ ရရှိခဲ့၏။

အရှင်ထိုက်ရွှမ် သိနေသည်များလား။

သည်လူကား အလွန်လျှို့ဝှက်ကာ သူ့ပါရမီကို ကောင်းကောင်းဖုံးကွယ်ထားနိုင်သော်လည်း အရှင်ထိုက်ရွှမ်ကား အရာအားလုံးကို သိနိုင်ပေသေးသည်။

ထိုက်ရွှမ်နန်းတော်သို့ သူတို့ ရောက်သွားသောအခါ လူအများအပြားမှာ ထိုနေရာ၌ ရှိနေပြီးဖြစ်သည်။ အများစုအား ရီဖူရှင်း သိပေသည်။ သူတို့က နောက်လှည့်ကြည့်လိုက်ပြီး ရီဖူရှင်းတို့အား မြင်လျှင် အံ့အားသင့်သွားကြသည်။

“ဦးလေးလန်” အားလုံးက ဦးလေးလန်ကို ဦးညွှတ်နှုတ်ဆက်ကြ၏။ လော့ယွဲ့က ရီဖူရှင်းအား ကြည့်ကာ မေးသည် “ရှန်ကျင်း… ရှင်ဘာလို့ ဒီကို ရောက်လာတာလဲ”

ထိုက်ရွှမ်မြို့စား၏သမီးဖြစ်ရာ သူမကား နေရာတစ်နေရာ သေချာပေါက် ပိုင်ဆိုင်ပေသည်။

“မိန်းကလေးလော့ယဲ့လိုပဲ သူလည်း ရှန့်ရှောင်းနန်းတော်ကို သွားလိမ့်မယ်” ဦးလေးလန်က ထိုသို့ပြောလျှင် အားလုံးမှာ အံ့အားသင့်သွားကြ၏။

ရှန်ကျင်းက ရှန့်ရှောင်းနန်းတော်သို့သွားမည်တဲ့လား။

“ဦးလေးလန်… နောက်နေတာလား” လော့ယွဲ့က မယုံကြည်နိုင်ဟန်ဖြင့် ဆိုသည်။ အရှင်ထိုက်ရွှမ်ယူထားသော နှစ်နေရာတွင် တစ်နေရာမှာ ဖုန်းယန်အား ပေးခြင်းအတွက် မထူးဆန်းသော်လည်း နောက်တစ်နေရာက ရှန်ကျင်းအတွက်လား…။

“ကျုပ်က မိန်းကလေးလော့ယွဲ့ကို စနောက်ရဲပါ့မလား။ ရှန်ကျင်းကို ထိုက်ရွှမ်တောင်မှာ နေရာချပေးတာ ကျုပ်ဖြစ်ပြီးတော့ အဲ့ကတည်းက သူဟာ တေးသံသာစံအိမ်ကို ကောင်းကောင်းစောင့်ရှောက်ခဲ့တယ်။ အရှင်ထိုက်ရွှမ်ပေးတဲ့နေရာကို ကျုပ်က ကိုယ်တိုင်မသုံးချင်မှတော့ ရှန်ကျင်းကို ပေးရတာပေါ့” ဦးလေးလန်က ပြုံးလျှက်ပြောသည်။

တေးသံသာစံအိမ်ကို ကောင်းကောင်းစောင့်ရှောက်သောကြောင့်တဲ့လား။

အားလုံးက ထူးဆန်းစွာ ကြည့်ကြသည်။ ဤက အကြောင်းပြချက်ဟုပင် ခေါ်ဆိုထိုက်ပါသလော။

ဦးလေးလန်ကား ရှန်ကျင်းအတွက် တမင်အကြောင်းပြချက်ရှာပေးနေခြင်းသာဖြစ်ပေမည်။ ဦးလေးလန်မှာ တေးသံသာအင်ပါယာနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ရှန်ကျင်းသည်လည်း ထိုက်ရွှမ်အိမ်တော်သခင်မကိုယ်တိုင်က ပို့လွတ်ထားသူဖြစ်သည်ဟု ကြားရသည်။ သူ့အား တေးသံသာစံအိမ်မှာ ထားကတည်းက သူသည် တတိယတပည့်နှင့် စုတုတ္ထတပည့်တို့ဖြင့် ဆက်နွယ်မှုရှိသည်ဟု ဆိုနိုင်ပေသည်။

ဦးလေးလန်က ထိုအကြောင်းများကြောင့် သူ့အား အလေးထားသည်များလား။

“ဦးလေးလန်မှာလည်း တပည့်တွေရှိတာပဲကို” လော့ယဲ့က ဆိုသည်။

“ဟ… ငါ့တပည့်တွေက အသုံးကျတာမှ မဟုတ်တာ။ သင့်တော်တဲ့လူကိုပေးတာ ပိုကောင်းတာပေါ့” ဦးလေးလန်က အေးအေးလူလူပြောသည်။

“ကျုပ်တို့ မိတ်ဆွေလေးရှန်ကျင်းဟာ စတုတ္ထသခင်မလေးပို့လွှတ်ထားတာဖြစ်ပြီးတော့ အရမ်းပါရမီပါတယ်ဆိုပေမဲ့ သူဟာ သံသယကင်းစင်ခြင်းအဆင့်မှာပဲ ရှိသေးတယ်။ ဒါက အရမ်းကို မျက်နှာသာပေးလွန်းရာ ရောက်နေပြီ” လော့ယွဲ့က သူမ၏သံသယကို ထုတ်ပြောလျှင် နောက်တစ်ယောက်ကလည်း ဝင်ပြောသည်။

ပြောလိုက်သူကား ထိုက်ရွှမ်အကြီးအကဲ၏တပည့် ကျွင်းမူဖြစ်ပေသည်။ သူသည်လည်း ရွေးချယ်ခံရကာ ရှန့်ရှောင်းနန်းတော်သို့ သွားမည်ဖြစ်သည်။

ရီဖူရှင်းက ကျွင်းမူအား ကြည့်လိုက်သည်။ ရီဖူရှင်း၏အကြည့်ကို ခံစားမိဟန်ဖြင့် ကျွင်းမူက သက်တောင့်သက်သာပုံဟန်ဖြင့်ပင် ပြန်ပြောသည် “ခွင့်လွှတ်ပါ အစ်ကိုရှန့်…ကျုပ်က ခင်ဗျားကို တမင်ဆန့်ကျင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ရှန့်ရှောင်းနန်းတော်သို့ ခရီးဟာ ရန်ဟောင်လမ်းစဉ်အတွက် အခွင့်အလမ်းရှာဖွေတာဖြစ်တယ်။ အစ်ကိုရှန့်ဟာ ပါရမီကောင်းမွန်တယ်ဆိုပေမဲ့ ခင်ဗျားအဆင့်ကတော့ နည်းနည်း အလှမ်းကွာနေပါသေးတယ်။ ပြန်လည်မွေးဖွားခြင်းအဆင့်တွေအတွက်ပဲ ဒါက သင့်တော်တယ်”

“ဒါက တကယ်ပဲ မသင့်တော်ဘူး” လူအများအပြားက သဘောတူကြသည်။ ရှန်ကျင်းအား တစ်နေရာပေးခြင်းက အလဟသဖြစ်စေသည်ဟု သူတို့ တွေးကြ၏။

သည်အခွင့်အရေးကား ရန်ဟောင်ဖြစ်ရန် အထူးအခွင့်အရေးဖြစ်သည်။

ရီဖူရှင်းသည်လည်း ကျွင်းမူအား ချက်ချင်းပြန်ပြောရန် စကားရှာမတွေ့ပေ။

“ဒါပေမဲ့ ငါက ရှန်ကျင်းကို အရမ်းသဘောကျတယ်။ သူ့အဆင့်က နိမ့်ပြီးတော့ ရန်ဟောင်တန်းမဖြစ်နိုင်ပေမယ့် ဒါက သူ့အတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တည်ဆောက်နိုင်မှာဖြစ်ပြီးတော့ အနာဂတ်မှာ ရန်ဟောင်အဆင့်ကို တက်လှမ်းဖို့ ကြီးမားတဲ့ အလားအလာရှိမှာပဲ” ဦးလေးလန်က တည်ငြိမ်စွာ ပြောသည် “အရှင်ထိုက်ရွှမ်က ငါ့ကို ဒီနေရာအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ပေးမှတော့ ငါက ရှန်ကျင်းကို ပေးတာ မသင့်တော်စရာမရှိဘူး”

ကျွင်းမူ၏မျက်လုံးများ အရောင်ပြောင်းသွား၏။ ဦးလေးလန်ကား ရှန်ကျင်းကို ကူညီရန် အလွန်စိတ်အားထက်သန်နေဟန်ရသည်။

“တော်ပြီ… မင်းတို့က ဆုံးဖြတ်ပြီးမှတော့ ဘာလို့ ငြင်းခုန်နေသေးတာလဲ” နန်းတော်အတွင်းမှ အသံတစ်သံနှင့်အတူ လူတစ်ယောက် ရောက်လာ၏။ သူကား အရှင်ထိုက်ရွှမ်ဖြစ်သည်။ သူ၏တပည့်လေးယောက်မှာ သူ့ဘေးတွင် ရှိနေသည်။

“နားလည်ပါပြီ” ကျွင်းမူက ခေါင်းငုံ့ကာ ပြောသည်။ ချက်ချင်းပင် သူကား အလွန်ငြိမ်သက်သွား၏။

အရှင်ထိုက်ရွှမ် လူငယ်လေးများအား ကြည့်သည်။ အရေအတွက်ကား အတိအကျ ဆယ့်ငါးယောက်ဖြစ်၏။ သူ့အကြည့်က ရီဖူရှင်းထံတွင် ခတ္တခဏမျှသာ ရှိနေခဲ့ကာ အကြည့်ကို ပြန်လွှဲသွားခဲ့၏။

“အခု သွားမယ့်လူတွေကို ရွေးပြီးသွားပြီဆိုတော့ မင်းတို့ ထွက်ခွာကြတော့” အရှင်ထိုက်ရွှမ်က ပြောသည်။ အားလုံးကလည်း ခေါင်းညိတ်ကာ ထပ်၍ ငြင်းခုန်ခြင်းမပြုကြတော့။ အရှင်ထိုက်ရွှမ်ကိုယ်တိုင်က သဘောတူမှတော့ မည်သူက ထပ်မံငြင်းခုန်ရဲတော့မည်နည်း။

“ဖုန်းကျူ… သူတို့ကို ခေါ်သွားဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ” အရှင်ထိုက်ရွှမ်က ပြောသည်။ သူက ထိုသို့ပြောလိုက်သည်နှင့် ပူပြင်းသော အရှိန်အဝါတစ်ခု ဆင်းသက်လာခဲ့ကာ သားရိုင်းမိစ္ဆာကြီးတစ်ကောင်ပေါ်လာ၏။ သူကား ဖီးနစ်လေး၏အဖေဖြစ်သူ ဖီးနစ်သားရဲအင်ပါယာဖြစ်၏။

“သွား … သူတို့ကို သေချာလေး ပို့ပေးခဲ့” အရှင်ထိုက်ရွှမ်က ထပ်မံ၍ အမိန့်ပေးသည်။ လူဆယ့်ငါးယောက်က ဖီးနစ်သားရဲအင်ပါယာ၏အပေါ်သို့ တက်ကြ၏။ ထို့နောက်တွင် ဧရာမသားရဲကြီးသည် ကောင်းကင်ထက်သို့ တက်ကာ ပျောက်ကွယ်သွားတော့သည်။

“ကျုပ်တို့ကို လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ” အားလုံးက သားရိုင်းအင်ပါယာကြီးအား အရိုအသေပြုကာ ဆိုကြသည်။

“အဖေ … သမီးကို တစ်လမ်းလုံး စောင့်ကြည့်နေမှာလား” ဖီးနစ်က ရေရွက်သည်။ ဖုန်းကျူကား သူမအား မည်သို့မှ ခွန်းတုန့်ပြန်ခြင်းမပြုဘဲ လေထဲတွင် ငြိမ်သက်စွာ ခရီးနှင်နေခဲ့၏။

“ရှန်ကျင်း… မင်းက တကယ်ပဲ ကံကောင်းတာပဲ” ဝမ်ရှိုးရီက ဝမ်းသာဟန်ဖြင့် ဆိုသည်။

“အကြီးအကဲတွေနဲ့ ဓားချောက်နက်က တပည့်တွေရဲ့ ဂရုစိုက်မှုကို ကျုပ် အမြဲကျေးဇူးတင်နေမှာပါ” ရီဖူရှင်းကလည်း တိမ်များအား ကြည့်ကာ ခေါင်းညိတ်လျှက်ဆိုသည်။

ရှန့်ရှောင်းနန်းတော်သို့ခရီးကား မထင်မှတ်ထားဘဲ ဖြစ်လာခဲ့၏။ အတိတ်တွင် ရှန့်ရှောင်းနန်းတော်မှ ကျင့်ကြံသူများသည် ကောင်းကင်အာဏာစက်ဘုံသို့ သက်ဆင်းလာခဲ့ဖူး၏။ ယခု ရီဖူရှင်းသည် ရှန့်ရှောင်းနန်းတော်သို့ သွားနေပြီဖြစ်သည်။ သည်ခရီးတွင် မည်သို့ တွေ့ကြံရမည်ကိုကား သူမခန့်မှန်းနိုင်။

ရဲ့ထျန်းယွီကား ရှန့်ရှောင်းနန်းတော်တပည့်တစ်ဦးဖြစ်သည်။ သူ၏အခြေအနေ မည်သို့ ရှိမည်နည်း။

ဖီးနစ်နတ်ငှက်သည် ကောင်းကင်ကို ဖြတ်သန်းကာ ခရီးနှင်နေခဲ့၏။ တစ်ချိန်တည်းမှာပင် အထက်ကောင်းကင်ဘုံများမှ အဓိကအင်အားစုများသည်လည်း ရှန့်ရှောင်းနတ်နန်းတော်သို့ ခရီးနှင်နေကြလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset