အပိုင်း (၁၅၁၀)

ပြဿနာရှာခြင်း

ကောင်းကင်ပြက္ခဒိန် ၁၀၀၃၁ ခုနှစ်၏ပထမနေ့တွင် အမြဲတမ်းအေးချမ်းနေခဲ့သော ထိုက်ရွှမ်တောင်ကြောင့် အထက်ကောင်းကင်ဘုံ တစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။

ဖိတ်ကြားခြင်းခံရသော မရေမတွက်နိုင်သော ကျင့်ကြံသူတို့သည် တောင်ပေါ်သို့တက်ရောက်လာကြ၏။

ထိုက်ရွှမ်တောင်သည် အလွန်ကျယ်ပြန့်သောကြောင့် နေရာစုံမှလာကြသောသူများနှင့် စည်ကားနေသော်လည်း ကျပ်ညှပ်သွားခြင်းမရှိပေ။

ရောက်ရှိလာသူအများစုမှာ ထိုက်ရွှမ်ဒေသမှဖြစ်ပြီး  ရှန့်ထိုဖြစ်လိုသော ဆန္ဒဖြင့်လာရောက်ကြခြင်းဖြစ်သည်။ ထို့အတူ ထိုနေရာသည် ထိုက်ရွှမ်ဒေသ၏ တော်ဝင်နယ်မြေဖြစ်သည်။

ထို့အပြင် အရှင်ထိုက်ရွှမ်သည် နောက်တစ်ဆင့်သို့တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံနေသည်။ သူသည် နောက် တစ်ဆင့်သို့ တက်လှမ်းနိုင်မည်လား။

ထိုသို့ဖြစ်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ အရှင်ထိုက်ရွှမ်သည် အတွေးပြောင်းသွားပြီး ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ကို တည်ထောင်မည်လော။

ရှန့်ရှောင်နန်းတော်သည် အစွမ်းထက်သောသူများစွာပိုင်ဆိုင်ထားပြီး တစ်လောကလုံးမှ လူပေါင်းများစွာအား လေ့ကျင့်သင်ကြားပေးခဲ့ကာ မရေမတွက်နိုင်သော သူရဲကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သဖြင့် မြင့်မားသော ကောင်းကင်ဘုံတွင် သြဇာအရှိဆုံးအင်အားစုဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ ထိပ်တန်းမိသားစုအများစုသည် သူတို့၏ငယ်ရွယ်သော မိသားစုဝင်များကို ရှန့်ရှောင်နန်းတော်တွင် လေ့ကျင့်နိုင်ရန် ပို့ဆောင်ကြပြီး အခြားဘုံမှ လူများပင် ခရီးဝေးကိုဖြတ်သန်းကာ ၎င်းတို့၏ငယ်ရွယ်သောအဖွဲ့သားများကို လမ်းစဉ်ကိုရှာဖွေနိုင်ရန် ပို့ဆောင် ကြသည်။

ထို့ကြောင့် ရှန့်ရှောင်းနန်းတော်သည် အထက်ကောင်းကင်ဘုံတွင် အင်အားကြီး အင်အားစုဟု ပြော နိုင်ပေသည်။

အထွတ်အထိပ်အင်အားစုများတွင် ရှန့်ရှောင်းနန်းတော်သည်လည်း ရပ်တည်နိုင်ခဲ့သည်။ အရှင်ထိုက်ရွှမ်သည် အလွန်အစွမ်းထက်သော်လည်း ရှန့်ရှောင်းနန်းတော်နှင့် နှိုင်းယှဉ်လျှင် ထိုက်ရွှမ်တောင်သည် ထင်ရှားခြင်းမရှိပေ။ ထိုက်ရွှမ်ဒေသထိုသို့ မြင့်မားခြင်းမရှိရသည့်အကြောင်းရင်းမှာ အရှင်ထိုက်ရွှမ်သည် ကိုယ်ပိုင်ကျောင်းတော်ကို မတည်ထောင်ခဲ့သောကြောင့်ပင် ဖြစ်သည်။ သူသည် တပည့်လေးယောက်ကိုသာ လက်ခံခဲ့ပြီး ထိုတပည့် လေးယောက်တို့က အကြီးအမှူးပြု၍ ထိုက်ရွှမ်ဒေသအနှံ့အပြားတွင် ကိုယ်ပိုင်ကျောင်းများ တည်ထောင်ခဲ့ကြ သည်။

ထိုက်ရွှမ်ဒေသရှိ ကျင့်ကြံသူအများစုသည် ယခုအခြေအနေနှင့်ပတ်သက်၍ ထင်မြင်ချက်များရှိနေကြသည်။ သူတို့က အရှင်ထိုက်ရွှမ်သည် သူ၏အာဏာစက်ကို ချဲ့ထွင်ကာ တပည့်များကို ထပ်မံခေါ်ယူမည်ဖြစ်ပြီး သူတို့ထဲမှ အချို့သည် ထိုက်ရွှမ်တောင်တွင်ကျင့်ကြံခွင့်ရနိုင်မည်ဟု တွေးထင်မျှော်လင့်နေကြသည်။

ယခုအချိန်တွင် အရှင်ထိုက်ရွှမ်သည် အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပါက မြင့်မားသော ကောင်းကင်ဘုံတစ်ခုလုံး လှုပ်ခတ်သွားမည်ဖြစ်ပြီး သူ၏သြဇာအာဏာသည် အလွန်တရာပင် တိုးတက်လာပေလိမ့်မည်။ အကယ်၍ အရှင်ထိုက်ရွှမ်သည် ကိုယ်ပိုင်ကျောင်းကို စတင်ဖွင့်လှစ်မည်ဆိုလျှင် ကျင့်ကြံသူ အများအပြား စုရုံးရောက်ရှိ လာမည် ဖြစ်သည်။ ယခုဖြစ်ပျက်နေသည်များကို ကြည့်လျှင် ထိုသို့ဖြစ်လာမည်ကို ခန့်မှန်းနိုင်ပေသည်။

မရေမတွက်နိုင်သောသူတို့သည် ထိုက်ရွှမ်တောင်ပေါ်တွင် လွင့်မျောနေသော “လမ်းစဉ်” ဟူသောစာလုံးအား လေ့လာရှုမှတ်နေကြသည်။ သူတို့သည် အရာရာတိုင်း၏ လမ်းစဉ်ကို တွေ့မြင်နိုင်ကြပုံပေါ်သည်။ ထိုစာလုံးသည် မယုံနိုင်လောက်အောင်မှော်ဆန်သောခံစားမှုကို ဖြစ်ပေါ်စေပြီး သူတို့အားလုံးကို အတန်ကြာသည်အထိ မှင်သက် နေစေရန် လုံလောက်ပေသည်။ သို့သော်ယခုအချိန်တွင် ကျင့်ကြံသူများစွာ စုရုံးရောက်ရှိနေသော ထိုက်ရွှမ် တောင်သည် ကျင့်ကြံရန်နေရာကောင်းမဟုတ်ပေ။

ထိုအချိန်တွင် လူတိုင်းသည် သူတို့ထံ လျှောက်လာနေသောလူတစ်စုအား တွေ့လိုက်ကြရသည်။ သူတို့သည် ထိုက်ရွှမ်တောင်၏ အကြီးအမှူးများဖြစ်သလို အရှင်ထိုက်ရွှမ်၏ တပည့်များလည်းဖြစ်ကြပြီး ထိုက်ရွှမ်မြို့စားမှ ကျန်လူနှစ်ယောက်အား ဦးဆောင်လာသည်။ သူတို့သည် အစွမ်းထက်သော ကိုယ်ရောင်ကိုယ်ဝါများရှိသည့် အုပ်စုတစ်စုဆီသို့ ဦးတည်သွားသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုအုပ်စုသည် အလွန်ထူးခြားကြောင်း ပြောနိုင်ပေသည်။

“နတ်ဘုရားနန်းတော်ကလူတွေ” ထိုအုပ်စုကို သိသော တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ နတ်ဘုရားနန်းတော်မှ ထင်ရှားသောပုဂ္ဂိုလ်များသည် သူတို့၏ တပည့်များနှင့်အတူ ထိုက်ရွှမ်တောင်သို့ ရောက်လာ ခဲ့ကြသည်။

အရှင်ထိုက်ရွှမ်၏ လှုပ်ရှားမှုသည် မြင့်မားသော ကောင်းကင်ဘုံအား အမှန်တကယ် လှုပ်ခတ်သွားစေခဲ့ပုံပေါ်သည်။

“နတ်ဘုရားဂီတနန်းတော်ရဲ့အရှင်ကို နှုတ်ဆက်ပါတယ်” ထိုက်ရွှမ်မြို့စားသည် အရိုအသေပေးကာ နှုတ်ဆက် လိုက်သည်။ နတ်ဘုရားနန်းတော်မှ အကြီးအကဲသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်ရှိုင်းသော မျက်လုံးများရှိပေသည်။ သူသည် နတ်ဘုရားဂီတနန်းတော်မှ နန်းတော်သခင်ပင်ဖြစ်သည်။

“ဒီလိုမျိုး အရိုအသေပေးဖို့မလိုပါဘူး” နတ်ဘုရားဂီတနန်းတော်၏ နန်းတော်သခင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ သူသည် အရိုအသေပေးရန်မလိုဟု ပြောသော်လည်း သူ၏အဆင့်အတန်းအရ အရိုအသေ ပေးခြင်းကို လက်ခံလိုက်သည်။

“အရှင်ထိုက်ရွှမ်ရဲ့ ကျင့်ကြံခြင်းက ဘယ်လိုလဲ” သူ၏မေးခွန်းသည်လူတိုင်း၏ သိချင်နေသောမေးခွန်းဖြစ်သည်။ အရှင်ထိုက်ရွှမ်သည် နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီလော။

“အခု ဆရာက တခါးပိတ်ကျင့်ကြံနေပြီး အစ်ကိုက သူ့ကိုစောင့်ရှောက်ပေးနေတယ်။ အခု ဆရာ့ရဲ့ကျင့်ကြံခြင်းက ဘယ်လို အခြေအနေမှာရှိလဲဆိုတာ ကျွန်တော်တို့ မသိရပါဘူး” ဟု ထိုက်ရွှမ်မြို့စားက ပြန်လည်ဖြေကြား လိုက်သည်။ “ကျွန်တော်တို့က ထိုက်ရွှမ်တောင်ပေါ်မှာ ဧည့်ခံပွဲတစ်ခုစီစဉ်ထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ”

ထိုသို့ပြောလိုက်ပြီး ထိုက်ရွှမ်မြို့စားသည် ရှေ့မှ လမ်းပြခေါ်သွားလိုက်သည်။ နတ်ဘုရားဂီတနန်းတော်သခင်နှင့် သူ၏ တပည့်များသည် ထိုက်ရွှမ်မြို့စားနောက်သို့လိုက်ပါသွားကြသည်။ နောက်ပိုင်းတွင် ထိပ်တန်းကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြပြီး ထိုက်ရွှမ်မြို့စားက သူတို့အားလုံးကို ယဉ်ကျေးစွာကြိုဆိုခဲ့သည်။

ထိုအချိန်တွင် အစွမ်းထက်သော အရှိန်အဝါတစ်ခု လေထုထဲတွင် ပျံ့နှံ့လာပြီး အလွန်အမင်းတောက်ပသော ရွှေရောင်အလင်းတန်းများ ကျရောက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။ လူတိုင်းသည် မျက်လုံးများကို လက်ဖြင့်ကာလိုက်ကြပြီး အလင်းတန်းများပျောက်ကွယ်သွားသည့်အခါမှသာ ကောင်းကင်သို့ မော့ကြည့်နိုင် ကြတော့သည်။ တောက်ပသော အလင်းတန်းများကြားမှ လင်းလက်နေသော လူတစ်စု ဆင်းသက်လာသည်။

“နတ်ဘုရားနိုင်ငံတော်” ထိုသူများကို မြင်ရသောအခါ လူတိုင်း၏ စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။ အစွမ်းထက်သောအင်အားစုများမှ လူများပင်လျှင် မှင်သက်အံ့ဩနေခဲ့ကြသည်။

မြင့်မားသော ကောင်းကင်ဘုံ၏ အရှေ့ဘက်ခြမ်းတွင် သူတို့ကိုယ်သူတို့ နတ်ဘုရားများမှ ဆင်းသက်လာသူများဟု သတ်မှတ်ထားသော ရှေးဟောင်း အင်အားစုတစ်စု ရှိသည်။ အလွန်အားကောင်းပြီးစွမ်းအားပြည့်ဝသော ရွှေရောင် သွေးများသည် သူတို့၏သွေးကြောများတွင် စီးဆင်းနေပြီးသူတို့၏ခန္ဓာကိုယ်များကို ဖျက်ဆီး၍ မရနိုင်သဖြင့် သူတို့သည် မသေဆုံးနိုင်ဟုဆိုကြသည်။ သူတို့သည် မြင့်မားသောကောင်းကင်ဘုံ၏ အရှေ့ဘက်အခြမ်းတွင် ရှေးဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ရွှေရောင်နတ်ဘုရားနိုင်ငံတော်ကိုတည်ထောင်ခဲ့ကြသည်။

ရွှေရောင်နတ်ဘုရားနိုင်ငံတော်သည် အထက်ကောင်းကင်ဘုံ၏ အရှေ့ဘက်ခြမ်းကို အလုံးစုံ လွှမ်းမိုးချုပ်ကိုင် ထားခဲ့သည်။ သူတို့၏ အစွမ်းများကို ယှဉ်ပြိုင်ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော်ရောက်ရှိလာသောလူများသည် နတ်ဘုရားနိုင်ငံတော်၏အရှင်သခင်မဟုတ်ဘဲ အခြားထိပ်တန်းပုဂ္ဂိုလ်များသာဖြစ်သည်။ သူတို့သည် နတ်ဘုရား နိုင်ငံတော်၏ စစ်သူကြီးများ ဖြစ်ကြသည်။

ကောလာဟလများအရ ထိုထိပ်တန်းပုဂ္ဂိုလ်သည် တစ်ချိန်က အရှင်ဒွန်ဟောင်၏စစ်သူကြီးဖြစ်ခဲ့ဖူးသည်ဆို၏။ နတ်ဘုရားနိုင်ငံတော်၏ စစ်ပွဲတစ်ပွဲတွင် အရှင်ဒွန်ဟောင်၏ ကိုယ်စား တိုက်ခိုက်ခဲ့ပြီး ကြီးမားသောအောင်ပွဲများကို ရယူနိုင်ခဲ့သည်။ သူတို့သည် အရှင်ဒွန်ဟောင်ကိုယ်တိုင် ချီးမြှင့်သော အဖိုးတန်ရတနာများရှိကြပြီး ယခုအခါ သူတို့သည် နတ်ဘုရားနိုင်ငံတော်ကို ကိုယ်စားပြုကာ ရောက်ရှိ လာကြခြင်းဖြစ်သည်။

လူအုပ်ကြီးသည် သူတို့ကို လမ်းဖယ်ပေးလိုက်ကြသည်။ ရွှေရောင်နတ်ဘုရားနိုင်ငံမှ ကျင့်ကြံသူများသည် ရှေ့တိုး လာသောအခါ ထိုက်ရွှမ်မြို့စားနှင့် အခြားသူများက သူတို့ကို အရိုအသေပေးလိုက်သည်။ ထိုဖြစ်ရပ်များကြောင့် အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်သွားရသည်။ အရှင်ထိုက်ရွှမ်၏ တံခါးပိတ်ကျင့်ကြံခြင်းကြောင့် ရှန့်ရှောင်းနန်းတော် နှင့် ရွှေရောင်နတ်ဘုရားနိုင်ငံတော်ကဲ့သို့သော ထိပ်တန်းအဖွဲ့အစည်းများ လာရောက်ကြလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

“အရှင်ထိုက်ရွှမ် ဘယ်မှာလဲ” စွမ်းအားပြည့်ဝသော အသံတစ်ခုထွက်ပေါ်လာသည်။ ထိုက်ရွှမ်တောင်ပေါ်ရှိ လူအားလုံးသည်မျက်မှောင်ကြုတ်လိုက်ကြပြီး အသံထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်ကြရာ အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး သူတို့ထံလာနေသောသူများကို တွေ့လိုက်ရသည်။ သူတို့အားလုံးထံမှ အလွန်တရာ ပြင်းထန်သောမိစ္ဆာအငွေ့အသက်များထွက်ပေါ်နေသည်။ အထူးသဖြင့် သူတို့၏ခေါင်းဆောင်၏ ခေါင်းအစ ခြေအဆုံး မိစ္ဆာအငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။

ထိုက်ရွှမ်မြို့စားနှင့် အခြားသူများသည် ထိုသူတို့အားမြင်ရသောအခါ သူတို့၏အမူအယာများ အနည်းငယ် ပြောင်းလဲသွားသည်။ သူတို့သည်လည်း ရောက်လာခဲ့ကြသည်။

“ရှီလင်မြို့တော်ရဲ့ လောမိသားစု” ထိုက်ရွှမ်တောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြသည်။ ထပ်မံရောက်ရှိလာသော ထိပ်တန်းအင်အားစုမှာ ရှီလင်မြို့တော်၏မင်းသား လောချုံးယန် ကိုယ်တိုင်ပင် ဖြစ်သည်။

ရှီလင်မြို့တော်၏မင်းသားသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်ရာ အလွန်အစွမ်းထက်သည်။ သူသည် မင်းသား တစ်ပါးဖြစ်သည့်အပြင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်သည်။ ထို့အပြင်သူ၏ဖခင်သည် မိစ္ဆာအိုကြီးလော ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် အလွန်ကျော်ကြားကြပြီး မည်သူကမျှသူတို့၏ စွမ်းအားကိုသံသယမဝင်ဝံ့ကြပေ။

ရှီလင်မြို့တော်၏ လောမိသားစုသည် အလွန်ကျယ်ပြန့်သော နယ်မြေကို ချုပ်ကိုင်ထားသည်။

ထိုနေရာတွင် မိစ္ဆာအိုကြီးလော ရှိမနေသော်လည်း တကယ်တမ်း သူရောက်လာခြင်း ရှိမရှိအား မည်သူမျှ မသိကြပေ။ သို့သော် လောချုံးယန်ရှိနေခြင်းပင်လျှင် ထိုနေရာရှိလူများကို သတိထားမိစေရန် လုံလောက်နေပြီ ဖြစ်သည်။

ထိုက်ရွှမ်တောင်သို့ ရောက်ရောက်ခြင်းပင် အရှင်ထိုက်ရွှမ်အား တိုက်ရိုက် မေးခွန်းထုတ်ရဲသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။  ထိုသူသည် လောချုံးယန်ဖြစ်ရာ ထိုသို့ပြုလုပ်နိုင်ခြင်းသည် မထူးဆန်းတော့ပေ။

“ကျုပ်ကရှီလင်မြို့တော်က လောချုံးယန်ပါ။ အရှင်ထိုက်ရွှမ်က လမ်းစဉ်ကို သင်ကြားတယ်လို့ ကြားလို့ အရှင့်ဆီကို လာရောက်လည်ပတ်တာပါ” သူက ခပ်ရှင်းရှင်းပင် ပြောလိုက်သည်။ သူ၏အသံသည် အလွန်ကျယ်လောင်ပြီး ထိုက်ရွှမ်တောင်တစ်လျှောက်လုံးပျံ့နှံ့သွားရာ လူတိုင်း၏မျက်နှာပေါ်တွင် အံ့အားသင့်ဟန်များ ထွက်ပေါ် လာသည်။ ထိုက်ရွှမ်ဒေသရှိ ဒေသခံများသည် အနည်းငယ် စိတ်ပျက်သွားကြသည်။ သူသည် အရှင်ထိုက်ရွှမ်၏ ကျင့်ကြံခြင်းကို နှောင့်ယှက်ရန် ကြိုးစားနေသည်လား။ သို့သော် သူက လောချုံးယန်ဖြစ်နေသဖြင့် သူ့ကို မည်သူမျှ မဆန့်ကျင်ဝံ့ကြပေ။

“လောချုံးယန် မင်းဆက်ပြီး ရိုင်းစိုင်းနေဦးမယ်ဆိုရင် တောင်ကုန်းကနေ ထွက်သွားရလိမ့်မယ်” အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အသံထွက်ပေါ်လာရာသို့ လူတိုင်းကြည့်လိုက်ကြရာ ထိုက်ရွှမ်တောင်၏ အတွင်း ပိုင်းမှ ထွက်လာသော လူတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူမှာ ထိုက်ရွှမ်တောင်အကြီးအကဲ ဖြစ်သည်။ သူ၏ အရှိန်အဝါများကို ဖြန့်ထုတ်ရင်း လောချုံးယန်ဆီသို့ အေးစက်သောအမူအရာဖြင့် လျှောက်သွားလိုက်သည်။

“ခင်ဗျားက အကြီးအကဲဖြစ်မယ်ထင်တယ်” လောချုံးယန်သည် ရိုးသားသည့်အပြုံးကို တောက်ပစွာပြုံးပြလိုက်ပြီး “ကျုပ်က အရှင်ထိုက်ရွှမ်ဆီကို လာရောက်လည်ပတ်တာကို မကြိုဆိုဘူးလား”

“ဆရာက အခုတံခါးပိတ်ကျင့်ကြံနေတယ် မင်းသူ့ဆီအလည်လာတာဆိုရင် တိတ်တိတ်လေး စောင့်ဆိုင်းနေ သင့်တယ်။ ငါ့ရဲ့ညီတွေက မင်းကိုဂရုစိုက်ပါလိမ့်မယ်” ထိုက်ရွှမ်တောင်၏အကြီးအကဲ က အေးစက်စွာ ပြောလိုက် သည်။

“ သူ ဘယ်တော့ထွက်လာမှာလဲ” လောချုံးယန်က မေးလိုက်သည်။

“မသိဘူး” ထိုက်ရွှမ်တောင်အကြီးအကဲက ဖြေလိုက်သည်။

“ဒါဆို ကျုပ်က ဘယ်လောက်ကြာအောင်စောင့်ရမှာလဲ။ အရှင်ထိုက်ရွှမ်က အတားအဆီးကို ချိုးဖျက်တာကို တစ်လောကလုံးက မျက်မြင်ကိုယ်တွေ့ တွေ့ကြရင် သူ့ရဲ့ ကြီးမြတ်ခမ်းနားမှုကို လူတိုင်းလေးစားကြမှာပဲ။ ဒါကို ဘာကြောင့်မလုပ်ချင်ရတာလဲ” လောချုံးယန်သည် အရှင်ထိုက်ရွှမ်ဆီသို့ အလည်အပတ်လာရုံပဲဆိုသည်မှာ မဖြစ်နိုင်ပေ။ ရှီလင်မြို့တော်၏ လောမိသားစုသည် ထိုက်ရွှမ်တောင်နှင့် ရင်းနှီးသောဆက်ဆံရေးမရှိခဲ့ပေ။ ယခု အရှင်ထိုက်ရွှမ်သည် နောက်အဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ရာ စိုးရိမ်ပူပန်မှုရှိသည်မှာ သဘာဝကျပေသည်။

လောချုံးယန်သည် ပြသနာရှာရန်အတွက် ထိုက်ရွှမ်တောင်သို့ ရောက်ရှိလာခဲ့ပုံပေါ်သည်။ သူသည် အရှင်ထိုက်ရွှမ် နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်အောင် အနှောက်အယှက်ပေးလိုခြင်းဖြစ်သည်။

“ဒါကအရှင်ထိုက်ရွှမ်နဲ့ပဲဆိုင်တယ်။ လောချုံးယန်ဆိုတဲ့ မင်းနဲ့မဆိုင်ဘူး” ထိုက်ရွှမ်တောင်၏အကြီးအကဲက ပြောလိုက်သည်။ ထိုအချိန်တွင် ထိုက်ရွှမ်တောင်တန်းရှိ လူအားလုံးသည် လောချုံးယန်မှာ ဆိုးရွားသည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းကို သိလိုက်ကြသည်။

“မှန်တယ်” လောချုံးယန်ကပြုံးကာ ပြောလိုက်သည်။ သူက “လမ်းစဉ်” ဟူသော ဧရာမ စာလုံးကိုကြည့်ပြီး ပြောလိုက်သည်။ “အရှင်ထိုက်ရွှမ်က ကျုပ်တို့အားလုံးထက် ပိုပြီးအဆင့်မြင့်တယ်ဆိုတာရှင်းပါတယ်။ သူက ထိုက်ရွှမ် တောင်မှာ လမ်းစဉ်စာလုံးကိုပုံဖေါ်ပြီး တပည့်အားလုံးကို သင်ကြားပေးခဲ့တယ်။ ဒီနေ့တော့သူက အစွမ်း ထက်တဲ့ သူတွေအများကြီးကို မွေးထုတ်ပေးနိုင်ခဲ့မှာပဲ။ ကျုပ်ကအရှင့်ကို အနှောက်အယှက်ပေးဖို့ လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမှာထိုင်နေရတာ ပျင်းဖို့ကောင်းတယ်။ ကျုပ်ကအမြဲတမ်း တစ်ခုခုလုပ်နေရမှကျေနပ်တာ။  ထိုက်ရွှမ်တောင်ရဲ့ တပည့်တွေက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းတို့အားလုံး စမ်းကြည့်သင့်တယ်။ သူတို့ဆီက အကြံဉာဏ်တွေယူပြီး မင်းတို့ရဲ့ ကိုယ်ပိုင်အားနည်းချက်တွေကို ရှာကြ”

“အမိန့်အတိုင်းပါ အရှင်မင်းသား” ထိုသို့ပြောလိုက်သည်နှင့် သူ၏နောက်မှသူများသည် ထိုက်ရွှမ်တောင်၏ တပည့်များဆီသို့ ဦးတည်လိုက်ကြသည်။ ထိုအရာကိုမြင်သောအခါ ထိုက်ရွှမ်ဒေသမှလူများသည် အနည်းငယ် စိုးရိမ်သွားကြသည်။

လောချုံးယန်သည် အမှန်တကယ် ပြဿနာရှာရန်လာခြင်းဖြစ်ကြောင်း မေးခွန်းထုတ်စရာမလိုတော့ပေ။ သူသည် တိုက်ပွဲဝင်ရန်အတွက် ရှီလင်မြို့တော်မှ သူခေါ်ဆောင်လာသောသူများကိုသာ တိုက်ရိုက်အမိန့်ပေးခဲ့သည်။ ပုံမှန် အတိုင်းပြောရမည်ဆိုလျှင် သူတို့သည် အကြံဥာဏ်တောင်းခံခြင်းသာဖြစ်သော်လည်း တကယ်တမ်းတွင်မူ ထိုနေရာမှ လူများအား နှောင့်အယှက်ဖြစ်စေရန် စိန်ခေါ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစွမ်းထက်သောကျင့်ကြံသူများသည် ရှေ့သို့ထွက်လာပြီး သူတို့၏အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ် လာသည်။ ရှီလင်မြို့တော်မှလူများသည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူတို့သည် မိစ္ဆာအိုကြီးလော၏ တမန်များဖြစ်ရန် အမှန်ပင်ထိုက်တန်သူများ ဖြစ်သည်။

ထိုက်ရွှမ်တောင်မှ တပည့်အားလုံးသည် ထိုက်ရွှမ်တောင်အကြီးအကဲကို ကြည့်လိုက်ကြသည်။ သူ၏ အမူအယာ သည် အေးစက်လွန်းသည်။ သူ၏အဝတ်အစားများသည် လေထဲတွင် တဖျတ်ဖျတ်လွင့်နေသည်။ သူ၏ အစွမ်း ထက်သော ကိုယ်ရောင်ကိုယ်ဝါတို့ကို ထုတ်လွှင့်လိုက်သောအခါ လောချုံးယန်က သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ တိုက်ခိုက်လာသည်ကို စောင့်နေသည်ဟု ထင်ရပေသည်။ ထိုက်ရွှမ်တောင်၏ တပည့်များကို စိန်ခေါ်ရန် သူ၏ဂျူနီယာများကို သူအမိန့်ပေးခဲ့သည်။ အကယ်၍ ရန်ဟောင်အဆင့်မှလူက တိုက်ခိုက်လာလျှင် သူကပြန်တိုက်ခိုက်ခြင်းမှာ သဘာဝကျပေသည်။

ရန်ဟောင်အဆင့်မှလူများအကြား တိုက်ပွဲဖြစ်လျှင် ထိုက်ရွှမ်တောင်သည် အလွယ်တကူ ပြိုကျပျက်စီးသွား နိုင်ပေသည်။ ထိုသို့ဆိုလျှင် အရှင်ထိုက်ရွှမ်၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်သွားစေပြီး အဆင့်တက်ခြင်း ကျဆုံးသွားပေလိမ့်မည်။

ဘုန်း…

ထိုအချိန်တွင် ရှီလင်မြို့တော်မှ ကျင့်ကြံသူများသည် စတင်တိုက်ခိုက်လိုက်ကြသည်။ နက်မှောင်သော သေဆုံးခြင်းအငွေ့အသက်များပါဝင်သည့် အစွမ်းထက်သော နတ်ဆိုးစွမ်းအားများ လေထုထဲပျံ့နှံ့သွားသည်။ သူတို့၏တိုက်ခိုက်မှုသည် ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ရပ်တံ့ရန် မဖြစ်နိုင် တော့ပေ။

ထိုသို့သောတိုက်ခိုက်မှုသည် မိမိကိုယ်ကို စစ်ဆေးရုံမျှ မဟုတ်တော့ပေ။

“မင်းဘာလုပ်မလဲဆိုတာ ငါစောင့်ကြည့်နေတယ်” ထိုက်ရွှမ်တောင်၏အကြီးအကဲက အေးစက်စွာ ပြောလိုက် သည်။ ရုတ်တရက် ထိုက်ရွှမ်တောင်၏ ရှန့်ထိုအဆင့် ကျင့်ကြံသူများအားလုံးသည် သူတို့၏အရှိန်အဝါများကို ထုတ်ဖေါ်လိုက်ပြီး ရှေ့သို့တက်လှမ်းလိုက်ကြသည်။

ထို့နောက် ထိုက်ရွှမ်တောင်တွင် ရုန်းရင်းဆန်ခတ်ဖြင့် တိုက်ပွဲတစ်ခု ဖြစ်ပွါးလာသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် တေးသံသာစံအိမ်၌ ဆက်လက် ကျင့်ကြံနေဆဲဖြစ်သည်။ သူ၏စိတ်စွမ်းအားသည် စာလုံးထဲတွင် နှစ်မြုတ်နေပြီး သူသည်မဟာလမ်းစဉ်၏ စွမ်းအားကိုခံစားနိုင်သည်။ တစ်ချိန်တည်းမှာပင် သူသည် ထိုက်ရွှမ်တောင်ပေါ်တွင် ဖြစ်ပျက်နေသောအရာများကိုလည်း ခံစားနေနိုင်ပေသည်။

အရှင်ထိုက်ရွှမ်ကို နောက်တစ်ဆင့်သို့ မရောက်စေချင်သူများရှိနေကြပြီး ထိုသူတို့သည် ဆင်ခြေတစ်ခုရှာကာ တိုက်ခိုက်ခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset