Switch Mode

အပိုင်း(၁၅၀၈)

အရှင်ထိုက်ရွှမ်

အရှင်ထိုက်ရွှမ်နှင့်အရင်းနှီးဆုံးသူများသည် သူကိုယ်တိုင်သင်ကြားပေးသော ပင်မတပည့်လေးဦးပင်ဖြစ်သည်။ သူတို့သည် ရှေ့မှ စာလုံးကိုကြည့်ပြီး တစ်စုံတစ်ခုအား အာရုံခံစားမိကြသော်လည်း မည်သည့်စကားမျှ မဆိုကြပေ။

သူတို့သည် အရှင်ထိုက်ရွှမ်၏ ပင်မတပည့်များဖြစ်ပြီး သူတို့ဆရာ၏ သင်ကြားခြင်းအား မကြာခဏ ခံယူခဲ့ဖူးသည်။ ယနေ့တွင် အဓိကသင်ကြားပေးသည်မှာ ထိုက်ရွှမ်တောင်၏ အခြားတပည့်များအတွက်ဖြစ်သည်။

“လမ်းစဉ်” ဟူသော စကားလုံးသည် သူတို့အပေါ်ရှိ လေထဲတွင် လွင့်မျောနေသည်။ ထိုစာလုံးသည် သာမန် ဆန်သော်လည်း တစ်ချိန်တည်းမှာပင် ထူးခြားနေပြန်သည်။ သို့သော်မည်သူကမျှ ထိုစာလုံးနှင့် ပတ်သက်သော ထူးခြားချက်အား မပြောနိုင်ကြပေ။

ရီဖူရှင်းသည် ထိုစာလုံးအား စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး နက်ရှိုင်းလာသည်နှင့်အမျှ သူ၏ပတ်ဝန်းကျင်ရှိ ထိုကွင်းပြင်ကျယ်သည် ပြောင်းလဲသွားသည်။ သူသည် ကောင်းကင်နှင့် မြေကြီးအကြား အဆုံးမဲ့အလင်းတန်းများကို မြင်နေရပုံပေါ်သည်။ စာလုံး၏စွမ်းအားများသည် လေထုထဲတွင် ပြည့်နှက်နေ၏။ သူသည် အရာအားလုံး၏ အပြောင်းအလဲများကို တွေ့မြင်နိုင်ပြီ ဖြစ်သည်။

သူမြင်နေရသောအရာသည် စာလုံးတစ်လုံးမဟုတ်ပေ။ ၎င်းကိုယ်တိုင်သည်ပင် “လမ်းစဉ်” ဖြစ်သည်။

သို့သော် သူသည်မည်သည့်စကားမျှမဆိုဘဲ တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။ ယနေ့ ထိုက်ရွှမ်တောင်၏ တပည့်များအကြားတွင် ဂီတပညာရှင် တစ်ယောက်အနေဖြင့် သူဘာမျှမပြောဘဲနေခြင်းသည် အကောင်းဆုံး ဖြစ်သည်။

ရီဖူရှင်းက မည်သည့်စကားမှ မပြောသော်လည်း အရှင်ထိုက်ရွှမ်သည် တစ်စုံတစ်ခုအား အာရုံခံမိပုံပေါ်ကာ ရီဖူရှင်း ဆီသို့ လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသည်။ ရီဖူရှင်းသည် အဆုံးမဲ့နက်ရှိုင်းသော မျက်လုံး နှစ်လုံးအား ကြည့်လိုက်စဉ်တွင် ထိုမျက်လုံးများထဲတွင် သူ့ကိုယ်သူ ပြန်မြင်တွေ့ရပြီး ထိုအကြည့်သည် အလွန်နက်နဲသော လမ်းစဉ်များဖြင့် ပြည့်နှက်နေပုံ ပေါ်လေသည်။

သို့သော် ထိုခံစားချက်သည် ချက်ချင်း ကွယ်ပျောက်သွားသည်။ သူသည် ချက်ချင်းအကြည့်ကိုလွှဲလိုက်သော်လည်း အရှင်ထိုက်ရွှမ်၏ အသံကိုကြားလိုက်ရသည်။ “မင်းနာမည်ဘယ်လိုခေါ်လဲ”

ရီဖူရှင်း၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ သူသည် အလွန်ပေါ့လျော့သည်ဟု ကိုယ့်ကိုယ်ကို အပြစ်တင် လိုက်မိသည်။ အရှင်ထိုက်ရွှမ်ကဲ့သို့သောအလွန်အစွမ်းထက်သောပုဂ္ဂိုလ်တစ်ဦး၏ အမြင်သည် အလွန်ထက်မြက် ပေသည်။ သူသည် ထိုစာလုံးကို လွတ်လပ်ခြင်းကျင့်စဉ်ဖြင့် ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး အရှင်ထိုက်ရွှမ်က ထိုအရာကို အာရုံခံစား မိခဲ့ပုံပေါ်သည်။

ရီဖူရှင်းသည် ထရပ်ကာ အရိုအသေပေးလိုက်သည်။ “အရှင့်ကို ဂါဝရပြုပါတယ် ကျွန်တော့်နာမည်က ရှန်ကျင်းပါ”

“ထိုင်ပါ ရှန်ကျင်း” အရှင်ထိုက်ရွှမ်ကပြောလိုက်သည်။ “မင်းဘာမြင်ခဲ့လဲ”

လူအားလုံးသည် ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ အရှင်ထိုက်ရွှမ်သည် ရီဖူရှင်းအား အဘယ့်ကြောင့် ထိုသို့မေးသည်ကို မသိကြပေ။ ဖြစ်နိုင်သည်မှာ သူသည် လူအားလုံးထဲမှ ကြုံရာလူတစ်ဦးအား ရွေးချယ်ကာ မေးမြန်းခဲ့ပုံ ပေါ်သည်။

ရီဖူရှင်းသည် အတန်ကြာသည်အထိ တိတ်ဆိတ်နေသည်။ သူ ပြောသင့်မပြောသင့် စဉ်းစားနေမိသည်။

သူတိတ်ဆိတ်နေသည်ကိုမြင်လျှင် လူတိုင်း၏မျက်နှာထားများ ပြောင်းလဲသွားသည်။

ထိုက်ရွှမ်စံအိမ်၏ အရှင်သခင်က ပြောသည် “ ဆရာ… ရှန်ကျင်းက ကျွန်မ ထိုက်ရွှမ်တောင်ကို ခေါ်ဆောင်လာတဲ့ ဂီတပညာရှင် တစ်ယောက်ပါ ဒီစာလုံးက လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်လွန်းပါတယ် သူက ဘယ်လိုလုပ်ပြီး ဆရာ့ကိုပြန်ဖြေနိုင်မှာလဲ”

“ကိစ္စမရှိပါဘူး မင်း လွတ်လွတ်လပ်လပ်သာဖြေပါ” အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ကြင်နာစွာကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ကျွန်တော် “လမ်းစဉ်”ကို မြင်ပါတယ်” ရီဖူရှင်း ဦးညွှတ်ကာဖြေလိုက်သည်။ သူပြန်ဖြေလိုက်သောအခါ လူတိုင်း၏မျက်နှာတွင် အံ့ဩရိပ်များထင်ဟပ်လာပြီး ရီဖူရှင်းအား ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်လိုက် ကြသည်။ အချို့တပည့်များသည် မကျေမနပ်ပင်ဖြစ်နေကြသည်။ ဤမျှ ရိုးရှင်းသောအဖြေကို အမှန်တကယ်ကြီး ပေးနေသည်လား။

သူမသိလျှင် မသိသည့်အကြောင်း ပြောသင့်ပေသည်။ အရှင်ထိုက်ရွှမ်သည် သူ့အား ကျပန်း ရွေးချယ်ကာ မေးလိုက်ခြင်း ဖြစ်သဖြင့် သူမှားသွားလျှင်တောင် အပြစ်တင်မည်မဟုတ်ပေ။

စာလုံးသည် “လမ်းစဉ်” ဖြစ်ကြောင်း လူတိုင်းတွေ့မြင်ဖတ်ရှုပြီးဖြစ်ကာ အရှင်ထိုက်ရွှမ်က သူတို့မည်သည်ကို မြင်ကြောင်း မေးခဲ့ချိန်တွင် လူတိုင်းဖြေခဲ့ပြီးသော အဖြေဖြစ်သည်။

သို့သော် ရီဖူရှင်းက သူသည် “လမ်းစဉ်” ကိုမြင်သည်ဟုသာ ပြန်ဖြေခဲ့ပြန်သည်။

သို့သော် သူတို့အားလုံး ထိုအကြောင်းကို တွေးတောနေစဉ်တွင် အရှင်ထိုက်ရွှမ်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ “ဘာလမ်းစဉ်လဲ” ထိုအရာကို မြင်သောအခါ လူတိုင်း၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

အရှင်ထိုက်ရွှမ်သည် သူ့အား နောက်ထပ်မေးခွန်းတစ်ခု ထပ်၍မေးခဲ့သည်။

“ဓားလမ်းစဉ်” ဟု ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားသောအခါ လူတိုင်းဆွံ့အသွားကြသည်။ သူသည် ဓားလမ်းစဉ်ကို မြင်ခဲ့သည်လား။

ဒီရှန်ကျင်းကတော့…
“အရူးလို လျှောက်ပြောမနေနဲ့” ရီဖူရှင်း၏စိတ်ထဲတွင် တစ်စုံတစ်ယောက် ပို့လိုက်သော လျှို့ဝှက်အသံတစ်ခုအား ကြားလိုက်ရသည်။ သူမသည် မင်းသမီးလော့ယွဲ့ဖြစ်သည်။

အရှင်ထိုက်ရွှမ်က စိတ်မဆိုးသော်လည်း ရီဖူရှင်း ထိုသို့ မိုက်မဲစွာပြောနေခြင်းသည် မကောင်းပေ။ ထိုအရာကြောင့် သူ့အပေါ်တွင် ထိုက်ရွှမ်တောင်မှလူများ၏ သဘောထားများ လဲလာနိုင်ပေသည်။ ထိုအခါ သူသည် အနာဂတ်တွင် ထိုက်ရွှမ်တောင်၌ ကျင့်ကြံသောအခါ ဆိုးကျိုးများ သက်ရောက်နိုင်ပြီး ထိုက်ရွှမ်တောင်၏ တရားဝင်တပည့်တစ်ဦး ဖြစ်လာရန်အတွက် ခက်ခဲသွားစေမည်ဖြစ်သည်။

ရီဖူရှင်းသည် သူမအားကူညီပေးခဲ့သည့်အဖြစ်ကို သိပင်မသိသော်လည်း သူမ၏စိတ်ထဲတွင် အမှတ်ရနေဆဲ ဖြစ်သည်။

သို့သော် ရီဖူရှင်းကိုကြည့်ရသည်မှာ သူမ၏ သတိပေးချက်ကို မကြားသယောင် ထင်ရသည်။ သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး စိတ်မသက်မသာဖြစ်နေသည့်ပုံ အနည်းငယ်ပင်မပေါ်ချေ။

အကယ်၍ အရှင်ထိုက်ရွှမ်သည် သူ့ကို မေးခွန်းတစ်ခုမေးရန် ကြုံသလို ရွေးချယ်ခဲ့ခြင်းသာဖြစ်ပါက သူသည်လည်း ပေါ့ပေါ့ပါးပါးပင် အဖြေပေးရပေမည်။

“အင်း” အရှင်ထိုက်ရွှမ်က ခေါင်းတညိတ်လိုက်ကာ  ရီဖူရှင်းထံမှ အကြည့်လွှဲလိုက်သည်။

သူသည် အမှားအမှန်ကို ထုတ်မပြောသော်လည်း မေးခွန်းများဆက်မမေးတော့သည်ကို လူတိုင်းသတိပြုမိ ကြသည်။  အရှင်ထိုက်ရွှမ်သည် ရီဖူရှင်း၏အဖြေကို မည်သို့မျှ အလေးအနက်မထားကြောင်း တွေ့ကြရသည်။ ဖြစ်နိုင်သည်မှာ သူသည် ဒီအတိုင်း ကြုံရာလူအား မေးခွန်းမေးခြင်းသာဖြစ်ပေမည်။

ထိုအချိန်တွင် စာလုံးထံမှ အရောင်အဝါများ ပေါက်ကွဲထွက်လာပြီး ကွင်းပြင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ လျှပ်တစ်ပြက်အတွင်းတွင် ထူးခြားသော ဧရာမစာလုံးကြီးဖြစ်ပေါ်လာပြီး မမြင်နိုင်သော စွမ်းအားများသည် ထိုက်ရွှမ်တောင် တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

ထိုအချိန်တွင် လူတိုင်းသည် မည်သည်ကိုမှ တွေ့မြင်ရခြင်းမှရှိဘဲ စာလုံးကိုသာ တွေ့မြင်နိုင်ကြသည်။

“အခုရော မင်းတို့ ဘာကိုမြင်ကြလဲ”  အရှင်ထိုက်ရွှမ်က လူတိုင်းကိုမေးလိုက်သည်။

“စွမ်းအား” လူတိုင်းက ဖြေလိုက်ကြသည်။ သူတို့အားလုံးသည် ထိုစာလုံးအတွင်းရှိ မဟာလမ်းစဉ်၏ စွမ်းအားများ ပါ၀င်နေပုံရသော မယုံနိုင်လောက်အောင်အစွမ်းထက်သည့် သဘာဝလွန်စွမ်းအားကို ခံစားခဲ့ရသည်။

အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ဝေ့ရမ်းလိုက်ပြန်သည်။ လွှင့်မျောနေသော စာလုံးသည် နတ်အလင်းရောင်များ တောက်ပလာပြီး ထိုက်ရွှမ်တောင်တစ်ခုလုံး လွင့်မျောပြန့်နှံ့သွားသည်။

မိုးကောင်းကင်မှ တိမ်တိုက်များ အရောင်ပြောင်းသွားပြီး အရာရာတိုင်း၏စွမ်းအားများသည် အလွန်ထင်ရှားလာပြီး ထိုက်ရွှမ်မြို့တစ်ခုလုံး အလင်းရောင်များ တောက်ပထွန်းလင်းလာသည်။

ထိုအချိန်တွင် ထိုက်ရွှမ်မြို့မှ မရေမတွက်နိုင်သောလူတို့သည် စိတ်နှလုံး တုန်လှုပ်စွာဖြင့် ထိုက်ရွှမ်တောင်သို့ လှမ်းကြည့်လိုက်ကြသည်။

မဟာလမ်းစဉ်၏ အလင်းရောင်များ တောက်ပလာသောအခါ  “လမ်းစဉ်”ဟူသော စာလုံးနှင့် နတ်ဒေဝါတစ်ပါးကဲ့သို့ တင့်တယ်မြင့်မြတ်သော အဘိုးအိုတစ်ဦးကို တွေ့မြင်ရပေသည်။

“အရှင်ထိုက်ရွှမ်” လူတိုင်းသည် သူတို့၏စိတ်အတွင်းတွင် တုန်လှုပ်သွားကြပြီး ထိုပုံရိပ်အား လေးစားစွာဖြင့် အရိုအသေပေးလိုက်ကြသည်။

အရှင်ထိုက်ရွှမ်သည် လမ်းစဉ်ကို သင်ကြားပေးနေခြင်းပေလား။

မရေမတွက်နိုင်သော ရှန့်ထိုများသည် ထိုနေရာတွင်ထိုင်လျက် အရာရာတိုင်းကိုလုံ့လဝီရိယထားကာ အာရုံစိုက် နေကြသည်။ အရှင်ထိုက်ရွှမ်သည် လမ်းစဉ်ကို ထိုက်ရွှမ်မြို့သို့တိုင် ထုတ်လွှင့်ခဲ့ပြီး လမ်းစဉ်သည် နေရာတိုင်းတွင် ရှိသည်ဟုသူတို့အားလုံးကို သိရှိစေခဲ့သည်။

ထိုက်ရွှမ်တောင်ရှိ လူများသည် ၎င်းကိုအထင်ရှားဆုံး သိရှိခံစားနိုင်ခဲ့သည်။ သူတို့သည် ကမ္ဘာပေါ်ရှိအရာအားလုံးကို မြင်နိုင်ကြပုံပေါ်သည်။ စစ်မှန်သော မီးစွမ်းအားသည် နေမင်းဆီမှ ကျရောက်လာခြင်းဖြစ်ပြီး ရေများသည် ကမ္ဘာကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ စီးဝင်သည်။ မမြင်နိုင်သောစွမ်းအားများသည် နေရာတိုင်းတွင်ရှိပေသည်။ ပန်းများ ပွင့်လာကာ ကြွေသွားကြပြီး မြင့်မားသောကောင်းကင်ယံတွင် လေဟုန်စီးနေကြသော နတ်ဆိုးသားရဲ များကို သူတို့တွေ့မြင်ရပြီး သူတို့ ကိုယ်တိုင်လေဟုန်စီးနေရသလိုခံစားလိုက်ရသည်။

“ဒါကအရာအားလုံးရဲ့မဟာလမ်းစဉ်ပဲ” လူတိုင်း၏နှလုံးအိမ်တွင် တုန်လှုပ်မှုများခံစားလိုက်ကြရသည်။ သူတို့ အားလုံးသည် ထိုအချိန်တွင် အရာအားလုံးကိုရှင်းလင်းစွာ သဘောပေါက်နားလည်လာကြသည်။ သူတို့သည် အရာတိုင်း၏ စစ်မှန်သော သဘာဝတရားကို သိမြင်လာနိုင်ကြသည်။

“အခုရော ဘယ်လိုလဲ” အရှင်ထိုက်ရွှမ် ထပ်မေးလိုက်သည်။ လူတိုင်းသည် တုန်လှုပ်နေကြဆဲဖြစ်ပြီး တိတ်ဆိတ် နေကြသည်။

ထိုအချိန်တွင် ပို၍ အစွမ်းထက်သော အရှိန်အဝါများ ပျံ့နှံ့သွားသည်။ အရှင်ထိုက်ရွှမ်သည် အစစ်အမှန် မဟုတ် တော့သယောင် ထင်မှတ်ရသည်။ လမ်းစဉ်ဟူသော စကားလုံးသည် ကောင်းကင်တွင် ထင်ဟပ်လာပြီး အရာရာတိုင်းနှင့် ချိတ်ဆက်ထားသကဲ့သို့ နေရာတိုင်းတွင်တစ်ချိန်တည်း ပုံရိပ်များထွက်ပေါ်လာသည်။

ထိုအချိန်တွင် ထူးဆန်းသော စွမ်းအားများသည် နေရာတိုင်းတွင် ပျံ့နှံ့သွားသည်။ ထိုစွမ်းအားသည် ထိုက်ရွှမ်မြို့မှ တဆင့်  ကျယ်ပြန့်သော ထိုက်ရွှမ်ဒေသတစ်လျှောက်လုံး ပျံ့နှံ့သွားသည်။

အဝေးရှိ ထိုက်ရွှမ်မြို့မှလူများသည် ကောင်းကင်သို့မော့ကြည့်ရင်း သူတို့၏စိတ်နှလုံးထဲတွင် တုန်လှုပ်ချောက်ချား မှုများ ခံစားနေကြရသည်။

ထိုအရာသည် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါများလား။

ကမ္ဘာပေါ်ရှိအရာတိုင်းသည် ရှင်းလင်းပြတ်သားလာခဲ့သည်။ ထိုက်ရွှမ်တောင်မှလူများသည် ကမ္ဘာပေါ်ရှိသော အရာတိုင်း၏ မရေမတွက်နိုင်သော ရုပ်ပုံများကိုမြင်တွေ့ခဲ့ရသည်။

“လမ်းစဉ်ဆိုတာ ဘာလဲ” အရှင်ထိုက်ရွှမ်သည် လူတိုင်း၏အမြင်အား ရှည်ရှည်ဝေးဝေးမမေးတော့ဘဲ လမ်းစဉ် ဆိုတာ ဘာလဲဟုသာ မေးတော့သည်။

“နေနှင့်လဟာ ဘယ်သူမှ မထွန်းညှိပေမယ့် လောင်ကျွမ်းတောက်ပနေကြတယ်၊ ကြယ်တွေဟာ ဘယ်သူမှ မစီထားပေမယ့် သူတို့ဟာ အမြဲတမ်း အစီအစဉ်တကျရွေ့လျားနေကြတယ်၊ သားရဲတွေဟာ ဘယ်သူမှ မဖန်တီး ထားဘဲ အလိုလိုမွေးဖွါးလာတယ်၊ လေဟာ ဘယ်သူမှ မမောင်းနှင်ဘဲနဲ့ တိုက်ခတ်နေတယ်၊ ရေဟာ ဘယ်သူမှ တွန်းအား မပေးဘဲ စီးဆင်းနေတယ်၊ သစ်ပင်ပန်းမန်တွေဟာ ဘယ်သူမှ မစိုက်ပျိုးဘဲနဲ့ သီးပွင့်နေကြတယ်၊ မင်းဟာ အသက်ရှုဖို့မကြိုးစားပေမယ့် အလိုလို ရှုနေတယ်၊ မင်းရဲ့နှလုံးသားဟာ အားမထုတ်ရဘဲ အလိုလိုခုန်နေတယ်”
အရှင်ထိုက်ရွှမ်၏အမူအယာသည် သူ့ကိုယ်သူ ပြန်စကားပြောနေသည့်ပုံပေါ်နေသည်။

“ကမ္ဘာပေါ်ရှိအရာအားလုံးဟာ ဖြစ်ပေါ်လာပြီး ပျက်စီးသွားရတယ်။ ကမ္ဘာပေါ်ရှိအရာအားလုံးဟာ အကြောင်း တရားတွေ ကြောင့် ဖြစ်တည်လာကြတယ်။ ငါတို့လူသားတွေဟာ ဒီသဘာဝတရားကို ဖမ်းဆုပ်နိုင်ဖို့အတွက် လမ်းစဉ်ကို ကျင့်ကြံကြတယ်။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံမှုအဆင့်မြင့်လာလေလေ မင်းရဲ့ဖြစ်တည်မှုဟာ အရေးမပါဘူးဆိုတာ ပိုသိလာလေလေပဲ။ ရှန့်ထိုအဆင့်တွေဟာ လမ်းစဉ်ကို ဖမ်းဆုပ်မိပြီလို့ ခံစားမိကြပေမယ့် သူတို့ဟာ လမ်းစဉ်ရဲ့အနားသတ်လေးကို ထိတွေ့မိရုံပဲရှိသေးတယ်။ ဒီသဘောတရားရဲ့လည်ပတ်ပုံအချို့ကို သိမြင်နိုင်တာကို လမ်းစဉ်ကို သိနားလည်ခြင်းလို့ခေါ်ပြီး ရှန့်ထိုအဆင့်တက်လှမ်းသူလို့ခေါ်တယ်”

ထိုက်ရွှမ်တောင်ပေါ်တွင် ရှိနေသောသူများ အထူးသဖြင့် ကိုယ့်ကိုယ်ကို ကျင့်ကြံသူဟု ဂုဏ်ယူဝင့်ကြွားနေကြ သူများသည် ထိုစကားကိုကြားရသောအခါ အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ကြရသည်။ ထိုအချိန်တွင် သူတို့၏အရေးမပါမှုကို အမှန်တကယ် ခံစားမိခဲ့ကြသည်။

“ကျင့်ကြံခြင်းကခက်ခဲတယ် ရှန့်ထိုတစ်ယောက်ဖြစ်လာဖို့က အရမ်းခက်ခဲပြီး ရန်ဟောင်တစ်ယောက် ဖြစ်လာဖို့က ပိုပြီးတော့ခက်ခဲတယ်။ အဲဒီလို ဒါကခဲယဉ်းတယ်လို့ဆိုပေမယ့် တစ်ချိန်တည်းပဲ မခက်ခဲပြန်ဘူး။ မင်းသာ လမ်းစဉ်ကို နားလည်နိုင်မယ်ဆိုရင် နေနှင့်လတို့ရဲ့ ဖြစ်စဉ်တွေကို နားလည်နိုင်မှာဖြစ်ပြီး မင်းဟာ သူတို့လိုပဲ ထွန်းလင်း တောက်ပလာနိုင်လိမ့်မယ်။ ကြယ်တွေရဲ့ ဖြစ်စဉ်တွေကို မင်းနားလည်လာတဲ့အခါ မင်းဟာသူတို့လိုပဲ ရွေ့လျားလာ နိုင်လိမ့်မယ်။ ဒါပေမယ့် နေ၊ လ၊ ကြယ်တွေနဲ့ကမ္ဘာပေါ်ရှိအရာအားလုံးဟာ စနစ်တကျစီစဉ်ထားတာ ဖြစ်နိုင်လား။ တကယ်လို့ သူတို့ကို စနစ်တကျစီစဉ်ထားတာ မဟုတ်ဘူးဆိုရင် သူတို့ရဲ့ အပြောင်းအလဲတွေကို မင်းဘယ်လို နားလည်နိုင်မှာလဲ”

“လမ်းစဉ်ဆိုတာ စကားလုံးတစ်လုံးတည်းသာ ဖြစ်ပေမယ့် နားလည်သဘောပေါက်ဖို့ အလွန်ခက်တယ်”

အရှင်ထိုက်ရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏သက်ပြင်းတစ်ချက်သည်နေ၊ လနှင့်ကြယ်များကို ရွေ့လျား သွားစေသည်ဟုပင်ထင်ရသည်။

အရှင်ထိုက်ရွှမ်သည် မတ်တပ်ရပ်လိုက်ကာလက်ကို ဝေ့ရမ်းလိုက်ပြီး ထိုက်ရွှမ်တောင်ထိပ်ပေါ်တွင် နက်ရှိုင်းသော အမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုစာလုံးအား အဝေးရှိ ထိုက်ရွှမ်မြို့ကပင် လှမ်းမြင်နိုင်ပေသည်။

“အရှင်!”လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားသည်။

“ဆရာ” အရှင်ထိုက်ရွှမ်၏ တပည့်လေးယောက်ပင်လျှင် သူတို့ဆရာအား ကြည့်ကာ တုန်လှုပ်သွားကြသည်။ “ဆရာ နောက်တစ်ဆင့်တက်ဖို့ ကျင့်ကြံတော့မှာလား” ထိုက်ရွှမ်တောင်၏ ဆရာသခင်ကမေးလိုက်သည်။ ရုတ်တရက်လူတိုင်း၏ နှလုံးခုန်သံများ ဆူညံလာသည်။ အရှင်ထိုက်ရွှမ်သာ နောက်အဆင့်ကို ရောက်သွားမည် ဆိုလျှင် မည်သည့်အဆင့်ကို ရောက်သွားမည်နည်း။

“မေးတာကောင်းတယ် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကျင့်ကြံတိုင်းမှာ ငါဟာ တစ်ခုခုကို ခံစားနေခဲ့တယ် ဒီနေ့ လမ်းစဉ်ကို မင်းတို့ကို သင်ကြားနေတဲ့ တစ်ချိန်တည်းမှာပဲ ငါ့ကိုယ်ငါလဲ ပြန်ပြီးသင်ကြားနေခဲ့တယ်”

“ငါအချိန်တစ်ခုအထိ တစ်နေရာရာမှာ တံခါးပိတ်ကျင့်ကြံတော့မယ်” အရှင်ထိုက်ရွှမ်ကပြောလိုက်သည်။

“ကျွန်တော် ဆရာ့ကိုယ်စား ထိုက်ရွှမ်တောင်ကို စောင့်ရှောက်ထားလိုက်ပါမယ်” အကြီးဆုံး တပည့်က ပြောလိုက် သည်။ ကျန်သုံးဦးသည်လည်း ထရပ်ပြီး အရှင်ထိုက်ရွှမ်ကို အရိုအသေပြုလိုက်သည်။ သူတို့အားလုံးသည် တောင်ပေါ်မှာနေပြီး အရှင်ထိုက်ရွှမ်ကိုယ်စား စောင့်ရှောက်ပေးမည်ဖြစ်သည်။

အရှင်ထိုက်ရွှမ်သည် ခေါင်းညိတ်ကာ လှည့်ထွက်သွားပြီးခြေလှမ်းတစ်လှမ်းတည်းဖြင့် ပျောက်ကွယ်သွားသည်။

ထိုက်ရွှမ်တောင်ပေါ်ရှိ လူအားလုံးသည် လမ်းစဉ်ဟူသော စာလုံးအား ကြည့်ရှုနေမိကြဆဲဖြစ်သည်။ ထိုစာလုံးတွင် မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေသည်။

ထိုက်ရွှမ်တောင်မှလူများသာမက ထိုက်ရွှမ်မြို့နှင့် ထိုက်ရွှမ် ဒေသတစ်လျှောက်ရှိ လူအားလုံးသည် အဝေးမှနေပြီး ထိုက်ရွှမ်တောင်သို့ လှမ်းကြည့်နေကြသည်။ သူတို့၏အာရုံထဲတွင် ထိုစာလုံးသည်သာ ပြည့်နှက်နေပေသည်။

သူတို့အားလုံးသည် ထိုက်ရွှမ်တောင်သို့ သွားရန် ပြင်ဆင်ကြတော့သည်။

ထိုအချိန်တွင် ထိုက်ရွှမ်တောင်၏ ဝေးလံသောအရပ်မှ ရှန့်ရှောင်နန်းတော်ရှိ လှပတင့်တယ်သော ခန်းမတစ်ခု အတွင်းရှိ လူတစ်ယောက်သည် သူ၏မျက်စိကို ဖွင့်လိုက်သည်။

သူ၏မျက်ဝန်းများသည် အလွန်ဝေးကွာသောဒေသများကို ဖြတ်သန်းကာ မြင်ပုံပေါ်သည်။ “အရှင်ထိုက်ရွှမ်” ထိုသူက တီးတိုးရေရွတ်လိုက်သည်။

ထိုအရာအား ရှန့်ရှောင်နန်းတော် နန်းတော်၌သာမက မြင့်မားသော ကောင်းကင်ဘုံရှိ လူများစွာတို့သည် တစုံတရာကို ခံစားမိခဲ့ပုံပေါ်သည်။ ထိုသူများသည် ထိုက်ရွှမ်တောင်သို့ ချက်ချင်း ထွက်ခွါသွားကြတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset