နောက်၃ရက်အကြာ။ အာရုဏ်ဦးအချိန်…..
တရွေ့ရွေ့မြင့်တက်လာသော နေမင်းနှင့်အတူ ပိုင်ရှောင်ချန်း၏ မျက်လုံးများပွင့်လာသည်။ အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်ထွက်လာသည်။ ဤကဲ့သို့ ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သည်မှာ သူ့အတွက် ပထမဆုံး အကြိမ်ပင်ဖြစ်သည်။
ရွှီပေါက်ချိုင်နှင့် တိုက်ခိုက်ခဲ့သည်ကိုမူ ပြိုင်ပွဲတစ်ခုဟု သတ်မှတ်၍မရပေ။ သို့သော်လည်း ယခုတွင်မူ မွှေးရနံ့တိမ်တောင်၏ အပြင်စည်းဂိုဏ်းသားများ ပြိုင်ပွဲတွင်ကား သူ၏ ဂိုဏ်းတူ ညီအစ်ကိုမောင်နှစ်မများဖြင့် ယှဥ်ပြိုင်တိုက်ခိုက်ရတော့မည်ဖြစ်သည်။
ဖြေးဖြေးချင်းထလိုက်ကာ သူ၏ထည့်စရာကို ပြင်ဆင်လိုက်ပြီး ခြံဝန်းအပြင်သို့ ညှိုးငယ်စွာ ထွက်သွားလိုက်သည်။ အနည်းငယ်ကြာသောအခါ သူသည် ပြန်ပြေးလာပြီး စားဖိုဆောင်တုံးကရခဲ့သော သားရေအင်္ကျီများကို သူ၏ခုတင်အောက်တွင် လှန်ကာရှာဖွေနေတော့သည်။ အထပ်ပေါင်းများစွာ ဝတ်ဆင်ပြီးလိုက်သောအခါ သူ၏ ကျောက််စိမ်းလည်ဆွဲကို အလွယ်တကူ ထုတ်ယူနိုင်မည့်နေရာတွင် သိမ်းထားလိုက်သည်။
သူ၏ လိပ်ဒယ်အိုးကိုမူ နောက်ကျောပေါ်တွင် ချည်သွားလျှင် လူများက အထူးတဆန်းလုပ်ကာ မေးခွန်းများထုတ်နေမည်စိုး၍သာ မယူသွားပဲထားခဲ့ရသည်။
“အာ…. ဘာလို့များ စောစောက ဒီလိုမစဥ်းစားမိခဲ့မိပါလိမ့်ကွာ။ ငါရဲ့ အနက်ရောင်ဒယ်အိုးကြီးရှိနေတာကို မေ့သွားတာ ငါ့ဖြင့်ယုံတောင်မယောင်နိုင်ဘူး။” နောင်တရစွာသူက မကျေမချမ်း တွေးနေတော့သည်။
သို့သော်လည်း အချိန်မလောက်တော့၍ အံကြိတ်ကာ လှည့်ထွက်ခဲ့ရုံမှတစ်ပါး မတတ်နိုင်ပေ။ ခပ်လှမ်းလှမ်းရှိ နေလုံးကြီးကို ပြတ်သားမှုများပြည့်နှက်နေသော မျက်လုံးဖြင့် တစ်ချက်မျှော်ကြည့်လိုက်တော့သည်။ ထို့နောက် ရင်ကော့ကာ တောင်ထိပ်သို့ တက်ကာသွားတော့သည်။
ယခုအခါ သူက သားရေအင်္ကျီအထပ်များစွာ ဝတ်ထားသည်။ ဒယ်အိုနက်ကြီးမပါသော်လည်း သူ့ပုံစံမှာ ဆန်မုန့်လုံးလေးနှင့် တူနေသေးသည်။ တင်းကျပ်စွာ အဝတ်စားများဝတ်ဆင်ထားသည့်အတွက် လမ်းအနည်းသာလျှောက်ရသေးသော်လည်း သူ့ခမျာ ချွေးများစထွက်လာတော့သည်။
သို့်သော်လည်း ဘယ်လောက်ပင်ချွေးထွက်ပါစေ သူကား အင်္ကျီတစ်ထပ်လေးတောင် ချွတ်မည်မဟုတ်။ ပြိုင်ပွဲသည်အလွန်အရေးကြီးကြောင်း သူသိသည်။ ထို့အပြင် သူ၏အတွေးထဲတွင် ပြိုင်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုများကိုသာ ကြို၍တွေးတောနေမိသည်။ လမ်းအနည်ငယ်လျှောက်လာပြီးသောအခါ တောင်ပေါ်တွင် မြူများထူထိုင်းနေသည်ကိုသူ သတိထားမိလိုက်တော့သည်။ သူဘယ်နေရာသို့ရောက်နေမှန်းကိုတော့ သူမသိပေ။
” ငါလမ်းများမှားကွေ့လာတာလား။” သူက ဘေးဘီကိုကြည့်လိုက်ကာ လမ်းမေးစရာလူရှိမရှိ လိုက်ရှာလိုက်သည်။ ပြိုင်ပွဲသို့နောက်ကျမည့် စိုးရိမ်မှုများကြောင့် သူ၏နှလုံးသားမှာ တဒိန်းဒိန်းနှင့် ခုန်နေတော့သည်။
**********
မွှေးရနံ့တိမ်တောင်၏ထိပ်တွင် ပြိုင်ပွဲကျင်းပရန် တိုက်ခိုက်ရေးကွင်းကြီးတစ်ခု ရှိသည်။ ပြိုင်ပွဲစီစဥ်နေသည်များကို ကြည့်ရန် လူအနည်းငယ်ပင် ရောက်နေပြီဖြစ်သည်။ သူတို့သည် တိုးတိုးတိတ်တိတ် စကားများပြောနေကြသည်။
ချီစုစည်းမှု အဆင့်ငါးရှိသော ဂိုဏ်းသားများပင် ပရိတ်သတ်ထဲတွင်ပါလေသည်။ အများစုမှာ လက်ပိုက်ကာ ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် ဂိုဏ်းတူ ညီငယ်၊ ညီမငယ်များကို ကြည့်နေကြသည်။ သူတို့၏သူငယ်ချင်းများကို အားပေးရန် လာသော လူများလည်း ရှိပေသည်။
အပြင်စည်းဂိုဏ်း ပြိုင်ပွဲမှာ အလွန်ခမ်းနားလှသည်တော့မဟုတ်ပေ။ သို့သော်လည်း ပြိုင်ပွဲဝင်များမူ ပုံမှန်ထက်ပို၍ ထင်ပေါ်သည်။ မျက်လုံးကို မှိတ်ကာ တင်ပျဥ်ခွေထိုင်ပြီး ပြိုင်ပွဲစတင်ရန်တာဆူနေကြသော ပြိုင်ပွဲဝင် အယောက်၂၀ ခန့်ရှိသည်။
စည်းကမ်းများအရခွင့်ပြုသော်လည်း ပြိုင်ပွဲဝင်လူများထဲတွင် အဆင့်သုံးချီစုစည်းမှု ရှိသောလူ တစ်ယောက်မှ မပါချေ။ ပြိုင်ပွဲဝင်အများစုမှာ အဆင့်ငါးချီစုစည်းမှု ရှိသောလူများဖြစ်ကြသည်။ အဆင့်လေးချီစုစည်းမှု ရှိသော လူ ငါးယောက်ခြောက်ယောက်လောက်သာပါသည်။
အခြားလူများနှင့်လုံးဝမတူဘဲ ကွဲထွက်နေသော မိန်းကလေးတစ်ယောက်လည်း ရှိလေသည်။ သူမကား အရပ်မြင့််မြင့်နှင့် ချောမောလှပပြီး သူမ၏အပြင်စည်းဂိုဏ်းသားဝတ်စုံက သူမ၏လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်နိုင်စွမ်းမရှိပေ။ သူမကိုကြည့်မိလိုက်သူတိုင်း စိတ်ကူးယဥ်မိမှာ အမှန်ပင်။
သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဆွတ်နေပြီး မိုးမခပင်အရွက်ကဲ့သို့ လှပစွာ ကွေးညွှတ်နေသော မျက်တောင်များကိုပိုင်ဆိုင်ထားသည်။ သူမ၏အလှမှာ ရင်သက်ရှုမောလောက်သည်။ သူမ၏တာအိုဘောင်းဘီများမှာ ချောင်ချောင်ချိချိ ရှိသော်လည်း တင်ပါးနားတွင် အနည်းငယ်တင်းကြပ်နေသဖြင့် ယောက်ျားတိုင်းမှာ အကြည့်မခွာနိုင်ပဲ ဖြစ်နေရသည်။
သူမ၏အားပေးသူများဟုထင်ရသည့် အပြင်စည်းဂိုဏ်းသားများက သူမအနားတွင် ဝန်းရံနေကြသည်။
ကျိုးရှင်းချီနှင့် မယှဥ်နိုင်သော်လည်း သူမမှာ အပြင်စည်းဂိုဏ်းသားများထဲတွင် နာမည်အကြီးဆုံးတစ်ယောက်ဖြစ်သော တုလင်ဖေးပင်ဖြစ်သည်။ ( တုလင်ဖေး၏ တရုတ်အမည်မှာ dù líng fēi ဖြစ်သည်။ တု သည်အသုံးများသော မျိုးရိုးနာမည်ဖြစ်သည်။ လင်ဆိုသောစာလုံးသည် ‘မြင့်တက်သည်’ ဟုအဓိပ္ပါယ်ရပြီး ဖေးဆိုသောစာလုံးသည် ‘ကြွယ်ဝသော’ ဟု အဓိပ္ပာယ် ရသည်။)
“ဂိုဏ်းတူအစ်မတုရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်ငါးချီစုစည်းမှု စက်ဝန်းထဲရောက်နေပြီကွ။ ဒီပွဲမှာ သူပဲသေချာပေါက် နံပါတ်တစ်ရမှာ။ အသိအသာကြီးပါကွာ။ မေးခွန်းထုတ်နေစရာတောင်မလိုဘူး။”
” ဂိုဏ်းတူအစ်ကို ချန်းကျိအန်းကိုလည်း လျှော့တွက်လို့တော့မရဘူးနော ။ သူလည်းအရင်လက ကျင့်ကြံခြင်းအခြေခံကို ဖောက်ထွက်နိုင်ခဲ့တယ်လို့ ကြားတယ်ဟ ။ အဆင့်ငါးချီစုစည်းမှုရဲ့ စက်ဝန်းထဲထိမရောက်သေးလည်း အရမ်းကြီး ကွာတာတော့မဟုတ်ဘူးကွ။ ” ကြည့်ရှုနေသူများက သူတစ်တစ်စ ကိုယ်တစ်စ ထင်ကြေးကိုယ်စီ ပေးနေကြသည်။
တုလင်ဖေးနှင့် မဝေးသောနေရာတွင် မတ်တတ်ရပ်နေသည့်လူကား စီမံရေးရာဆောင်ရှေ့တွင် ပိုင်ရှောင်ချန်း၏ဝါးပင်ကြောင့် တုန်လှုပ်ခဲ့ရသော ချန်းကျိအန်းပင် ဖြစ်သည်။
လူတိုင်းက ငြင်းခုံနေကြချိန်တွင် ချန်းကျိအန်းက တုလင်ဖေးကို ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ အဆင့်တစ်ရရှိရန် မိမိကိုယ်ကို ယုံကြည်မှုမရှိသော်လည်း အဆင့်နှစ်တော့သေချာပေါက်ရမည်ဟု သူ့ကိုယ်သူတွက်ထားလေသည်။ ထို့်အပြင် ဤအခြေအနေကို အသုံးချကာ တုလင်ဖေးနှင့် ပို၍ရင်းနှီးနိုင်ရန် ကြံစည်နေသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ အလင်းတန်း၂ခုက လေကိုခွင်းကာ ပျံဝဲလာသည်။ ထိုနှစ်ယောက်ကား လီချင်းဟောက်နှင့် သူနောက်မှ ကပ်ရပ်လိုက်ပါလာသည့် ပိန်လှီလှီအဘိုးကြီး တစ်ယောက်ဖြစ်သည်။ ထိုအဘိုးကြီးမှာ ညိုသောအသားအရေရှိပြီး မျက်လုံးများက တောက်ပစွာ လင်းလက်နေသည်။ စည်းကမ်းအလွန်တင်းကြပ်မည့်အသွင်ရှိသည်။
ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများက လီချင်းဟောက်ကိုယ်တိုင် ပြိုင်ပွဲလာကြည့်သည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားကြကာ အလျှင်အမြန်ပင် လက်ယှက်ကာ ကြိုဆိုလိုက်ကြသည်။
” မင်္ဂလာပါ ဂိုဏ်းချုပ်သခင်။ မင်္ဂလာပါ အကြီးအကဲစွန်း။” ဂိုဏ်းချုပ်သခင် ကိုယ်တိုင်ပွဲလာကြည့်သဖြင့် လူတိုင်းက အံ့အားသင့်စွာ နှုတ်ဆက်လိုက်ကြသည်။
ဤကဲ့သို့ ပြိုင်ပွဲအသေးအဖွဲလေးတွေကို အကြီးအကဲစွန်းကသာ တာဝန်ယူနေကြဖြစ်သည်။
တုလင်ဖေးနှင့် ချန်းကျိအန်းတို့လည်း တုန်လှုပ်သွားပြီး တည်ကြည်သောအမူအရာများဖြင့် လီချင်းဟောက်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။
လီချင်းဟောက်က ခေါင်းညိတ်ပြလိုက်ရင်း ကြင်နာသောအကြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်သည်။သို့သော်လည်း လူအုပ်ထဲသို့ စစ်ဆေးလိုက်သောအခါ ပိုင်ရှောင်ချန်းကို မတွေ့မိ၍ မျက်မှောင်ကြုံ့သွားသည်။
ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများက လီချင်းဟောက် မျက်မှောင်ကြုံနေသည်ကို မြင်လိုက်သောအခါ နှလုံးခုန်နှုန်းမြန်လာတော့သည်။ တုလင်ဖေးသည် ချက်ချင်းပင် ထိတ်လန့်သွားကာ ဂိုဏ်းချုပ်က ဘယ်အရာကြောင့် မကျေမနပ်ဖြစ်နေသည်ကို အဖြေရှာမရဖြစ်နေသည်။
လီချင်းဟောက်ဘေးရပ်နေသော အကြီးအကဲစွန်းက
” ကျွန်တော်တို့ ပွဲကို စတော့မလား ဂိုဏ်းချုပ် ” ဟု မေးလိုက်သည်။
လီချင်းဟောက်က ပြန်ဖြေရန်ပြင်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းမှ ချွေးတွေစိုရွှဲနေသော ခပ်လုံးလုံးအရာတစ်ခုက သူတို့ဆီပြေးလာနေသည်ကို မြင်လိုက်ရသည်။
” ကျွန်တော် လမ်းပျောက်သွားလို့ပါဗျာ။”
ပိုင်ရှောင်ချန်းက ပြေးလာရင်း ငိုသံပါအောင် အော်ပြောလိုက်သည်။
” မြူတွေက အသေဖုံးနေတာကိုးဗျ။” ဖြစ်ရပ်များကို မကျေနပ်သောလေသံဖြင့် ထိတ်ထိတ်လန့်လန့်ပြောလိုက်သည်။
တောင်ပေါ်လမ်းများကို သူသိပ်မကျွမ်းသေးသည့်အပြင် မြူများကလည်း ထူထပ်နေသည့်အတွက် တွေးတောရင်း လာသဖြင့် လမ်းပျောက်ခဲ့သည်။
ထိုစကားသံများကို ကြားလိုက်ရသောအခါ အပြင်စည်းဂိုဏ်းသားများက သူ့ကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်းကို အနည်းငယ်သိသောလူများလည်းရှိသဖြင့် သူ့အသံကိုကြားလိုက်ရသောအခါ သူတို့မှာ ခိုးရယ်နေကြသည်။ သူ့ကိုမသိကြသူများကမူ မျက်မှောင်ကြုံ့လိုက်ကာ လှောင်သောအကြည့်များဖြင့်ကြည့်လိုက်ကြသည်။
သူတို့ထင်ထားသည်ကား ပိုင်ရှောင်ချန်း ပြိုင်ပွဲသို့လာရာတွင် လမ်းပျောက်သည့်အချက်မှာ သူတောင်ထိပ်သို့ အကြိမ်များများ မတက်ဖူး၍ ဖြစ်မည်ဟူ၍ပင်။ သူက အပျင်းပြေ လမ်းအနည်းငယ်သာလျှောက်ဖူးရုံမျှသာ ရှိလိမ့်မည်။
တုလင်ဖေးက သူ့ကိုကြည့်လိုက်ပြီး ကျိုးရှင်းချီနောက်လိုက်တစ်ယောက်ဖြစ်ကြောင်း မှတ်မိသွားသည်။ စောရကြက်သူခိုးကိုဖမ်းဆီးရန် သူအပြင်းအထန် ကြိုးစားခဲ့သည် မဟုတ်ပါလော။ တုလင်ဖေးက ပိုင်ရှောင်ချန်းကို အထင်သေးသည့်ပုံစံဖြင့် သူ့ကိုမကြည့်ချင်သည့်အလား အခြားဖက်သို့လှည့်လိုက်လေသည်။
ချန်းကျိအန်းကာမူ ပိုင်ရှောင်ချန်းကိုကြည့်ကာတုန်လှုပ်နေပြီး လီချင်းဟောက်ကို လှမ်းကာ ခိုးကြည့်လိုက်သည်။ စီမံရေးရာအဆောင်မှာ လီချင်းဟောက်က သူ၏ ဦးလေးဖြစ်ကြောင်း ပိုင်ရှောင်ချန်းပြောခဲ့သည်ကို သူမမေ့သေးပေ။ ထိုအချက်ကြောင့်ပင် စောစောက လီချင်းဟောက် မျက်မှောင်ကြုံ့နေခြင်းဖြစ်မည် ဟုတွေးလိုက်သည်။ ထို့အပြင် သူပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်ရမည်ဆိုပါက ပိုင်ရှောင်ချန်းကို အလွန်အကျူး ဒဏ်ရာမရစေရန် ဂရုစိုက်ရမည်ဟု တွေးလိုက်သည်။
အကြီးအကဲစွန်းက ပိုင်ရှောင်ချန်းကို စူးစိုက်ကြည့်လိုက်ပြီး ရယ်မောကာ အင်္ကျီလက်ကိုခါ၍ ကြေငြာလိုက်သည်။
” ကောင်းပြီ။ အပြင်စည်းဂိုဏ်း တိုက်ခိုက်ရေးပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ ဂိုဏ်းသားတွေ ကွင်းထဲကို ဝင်ခဲ့ပါ။”
လီချင်းဟောက်၏ စိုက်ကြည့်နေမှုကြောင့် ပိုင်ရှောင်ချန်းမှာ သူ့အတွက်လောကကြီးမှာ မမျှတပါလားဟု ပို၍တွေးတောနေသည်။ သို့သော်လည်း စိတ်ထဲမှာရှိသည့်အတိုင်း မပြောရဲပေ။ အကြီးအကဲစွန်း၏ ကြေငြာသံထွက်လာသောအခါ ပိုင်ရှောင်ချန်းမှာ စဥ်ပေါ်သို့ ပထမဦးဆုံးခုန်တက်လိုက်သည်။ သူ့ပုံစံမှာ ရင်ကော့ကာ မသိလျှင် ဓားတောင်ကြီးများနှင့် မီးပင်လယ်ကြီးများပင် သူ၏ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်နိုင်မည့်အရည်အချင်းမရှိ သည့် အလားပင်။
မကြာမီ ပြိုင်ပွဲဝင်အားလုံး ကွင်းထဲရောက်လာတော့သည်။ ပိုင်ရှောင်ချန်း အပါအဝင် အယောက်၂၀ ရှိသည်။
ယခုလိုပြိုင်ပွဲအတွက် စည်းမျဥ်းက မတင်းကျပ်ပေ။ အကြီးအကဲစွန်းက ပြိုင်ပွဲဝင်များကို တစ်ခဏကြည့်လိုက်ပြီး နံပါတ်များရေးထားသော ကျောက်လုံးများပါသည့် အဝတ်အိတ်အသေးလေးတစ်ခုကို ဆွဲထုတ်လိုက်သည်။ ပြိုင်ပွဲဝင်များက တစ်ယောက်ချင်းစီ သူတို့၏ ပြိုင်ပွဲအမှတ်စဥ်ကိုသတ်မှတ်ပေးမည့် ကျောက်လုံးများကိုနှိုက်ကြလေသည်။
ပိုင်ရှောင်ချန်းမှာမူ ပထမဆုံးမနှိုက်လိုက်ရပေ။ အလယ်လောက်မှသာနှိုက်ခွင့်ရပြီး နံပါတ် ၁၁ပါသော ကျောက်လုံးကိုရသည်။
“ကောင်းပြီ။” အကြီးအကဲကျိုးက တည်ကြည်သော အမူအရာဖြင့် ပြောသည်။ သူကဆက်၍ ” အကုန်လုံးနောက်ဆုတ်ပေးကြပါ။ ပထမပွဲ အခုပဲစတင်တော့မှာမလို့။ အမှတ်စဥ် နံပါတ်၁ နဲ့ အမှတ်စဥ်နံပါတ်၂ ပြိုင်ပွဲဝင်တို့ စယှဥ်ပြိုင်ဖို့ အဆင်သင့်ပြင်ထားပါ။” ဟု အမိန့်ပေးသံဖြင့် ကြေငြာလိုက်သည်။
ပိုင်ရှောင်ချန်းနှင့် အခြားလူများလည်း ကွင်းထဲမှ အလျှင်အမြန်ထွက်လိုက်ကြ၏။ ကွင်းထဲတွင် ပြိုင်ပွဲဝင် အမှတ်စဥ် တစ်နှင့်နှစ် သာကျန်ခဲ့သည်။ သူတို့နှစ်ယောက်သည် တောက်ပသော မျက်လုံးတွေနှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
မကြာခင် သူတို့စ၍ တိုက်ခိုက်ကြသည့်အခါ ဝုန်းခနဲ ဒုန်းကနဲ အသံများပေါ်ထွက်လာသည်။ ထိုစဥ် ပိုင်ရှောင်ချန်း၏ အတွေးများက မြင်းတစ်ကောင်အလား ဒုန်းစိုင်းပြေးလွှားနေသည်။ ပြိုင်ပွဲဝင်အယောက်၂၀ရှိသည့်အတွက် နှစ်ပွဲနိုင်လျှင် ထိပ်ဆုံး၅ယောက်ထဲရောက်ပြီဟု သူ့ကိုယ်သူ ရေရွတ်နေသည်။ မည်သူက အမှတ်၁၂ ကျောက်လုံးရသွားသလဲဟု သူကသိချင်နေသော်လည်း မည်သူကမှ ကိုယ်ရသော နံပါတ်ကို ဖော်ပြရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူ၏ပြိုင်ဘက်ကို မည်သူမည်ဝါမှန်းသိနိုင်ရန် အခက်တွေ့နေတော့သည်။
သူ စိတ်ဓာတ်များပင်ကျလာတော့သည်။ ထိုစဥ် ပထမပွဲပြီးသွားပြီး ဒုတိယပွဲ စတင်နေပြီဖြစ်သည်။ တုလင်ဖေးကဤပွဲတွင် တိုက်ခိုက်ရလေသည်။ သူမကချက်ချင်းပင် လက်ကွက်ဖော်လိုက်သောအခါ တံခွန်တစ်ခုက ပျံထွက်လာပြီး မြူခိုးတန်းများအဖြစ်ပြောင်းလဲသွားကာ သူမ၏ပြိုင်ဘက်ကို လွှမ်းခြုံသွားသည်။ အနည်းငယ်ရုန်းကန်သော်လည်း ထိုဂိုဏ်းသားမှာ မလွတ်မြောက်နိုင်မှန်းသိလိုက်သဖြင့် အရှုံးပေးလိုက်သည်။ သူ၏ရင်ထဲတွင်မူ တုလင်ဖေးကို လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
ပွဲစဥ်သုံးနှင့် ပွဲစဥ်လေးမှာ အလျင်အမြန်ပြီးဆုံးသွားသည်။ ပွဲစဥ်ငါးသို့ရောက်သောအခါ ချန်းကျိအန်းက အဆင့်လေးချီစုစည်းမှု ရှိသောဂိုဏ်းသားကို လျှင်မြန်စွာ အနိုင်ယူလိုက်သည်။
” ပြိုင်ပွဲဝင် အမှတ်စဥ် ၁၁နဲ့၁၂။ ရှေ့ထွက်လာပြီး ပွဲကိုစတင်နိုင်ပါပြီ။” အကြီးအကဲစွန်းက ကြေငြာလိုက်သည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ကာ အလွန်တည်ကြည်သောအမူအရာဖြင့် ရှေ့သို့လျှောက်ထွက်သွားသည်။ ကွင်းထဲသို့ရောက်သောအခါ သူ၏ ပြိုင်ဘက်မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အေးတိအေးစက်ပြုံးနေသော လူငယ်တစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ၏တန်ခိုးအဆင့်က အဆင့်၅ချီစုစည်းမှုပင်ဖြစ်သည်။သူ၏ မျက်လုံးများက လျှပ်စီးအလား တလက်လက်တောက်ပနေပြီး မဆိုင်လျှင်သွားမပတ်သင့်သည့်လူစားမျိုး ဖြစ်ဟန်တူသည်။
” အော် ဂိုဏ်းတူညီလေးရယ်။ မင်းငါနဲ့ ထိပ်ဆုံးပွဲမှာလာတွေ့တာ ကံဆိုးတာပဲ။ နောက်မကျသေးဘူးနော်။ အရှုံးပေးလိုက်ပါလား။ အရှုံးမပေးရင်တော့ ကိုယ်ဖြစ်တဲ့ဒဏ် ကိုယ်ခံနော်။”
ထို လူပိန်လေးက အေးစက်စက်လေသံဖြင့် အထက်စီးကနေပြောလိုက်သည်။
သို့သော်လည်း ထိုလူစကားပြောပြီးပြီးချင်းမှာပင် ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအော်ဟစ်သံမှာ ပြင်းထန်လွန်းလှ၍ ပရိတ်သတ်အချို့ပင် တုန်လှုပ်သွားသည်။ လူပိန်လေးလည်း အနည်းငယ်ဖြုံသွားတော့သည်။ ထို့နောက် နောက်သို့အနည်းငယ်ဆုတ်လိုက်ကာ ပိုင်ရှောင်ချန်းကို မျက်လုံးပြူးများဖြင့် ကြည့်လိုက်သည်။
အော်ဟစ်ပြီးသောအခါ ပိုင်ရှောင်ချန်းက သူ၏ ကျောက်စိမ်း လည်ဆွဲကို ပုတ်လိုက်သည်။ ထိုအခါ အစိမ်းရောင်အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ သို့သော်လည်း သူကမလုံခြုံသေးဟုထင်နေသည့်အတွက် စာရွက်အဆောင်များကိုအစည်းလိုက်ဆွဲထုတ်လိုက်ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် ကပ်လိုက်သည်။ တစ်ရွက်ကပ်လိုက်တိုင်း အားပြင်းသော တောက်ပမှုများထွက်ပေါ်လာပြီး အဆုံးတွင် ၁၀ခုထက်မနည်းသော ဒိုင်းကာများက သူ့ကိုဖုံးလွှမ်းသွားတော့သည်။ သူတို့၏ပေါင်းစပ်စွမ်းအားများက တစ်မီတာနှင့်တစ်ဝက်နီးပါးထူသော အကာအကွယ်နံရံတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ အဝေးမှကြည့်လျှင် ထိုမြင်ကွင်းမှာ တုန်လှုပ်စရာပင်။
ထို အကာအကွယ်ဒိုင်းများကြောင့် ပိုင်ရှောင်ချန်း၏နောက်ပိုင်း အော်ဟစ်သံများကို သေချာမကြားရပဲ လုံးထွေးနေတော့သည်။
” ဟုတ်ပြီ။ လာခဲ့စမ်းကွာ။”
လူပိန်လေးက ပိုင်ရှောင်ချန်းကို ငေးကြည့်နေမိသည်။ သူတစ်ယောက်ထဲပင်မဟုတ်ပေ။အခြား အပြင်စည်းဂိုဏ်းသားများနှင့် အခြားပြိုင်ပွဲဝင်များကပါ တုန်လှုပ်စွာ မှင်သက်နေကြသည်။ ယခုလိုပြိုင်ပွဲများတွင် သူ့လောက် အကာအကွယ်ဒိုင်းသုံးသော လူကို သူတို့မမြင်ဖူးပေ။
လီချင်းဟောက်၏ မျက်နှာမှာ သံပုရာသီးကိုက်မိသကဲ့သို့ ဖြစ်သွားလေသည်။ သို့သော်လည်း သူ၏အကြည့်များက ဤအခြေအနေနှင့်ပတ်သတ်၍ သူဘာမှမတတ်နိုင်ကြောင်း ဖော်ပြနေသည်။
ချန်းကျိအန်းကမူ အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်ရှောင်ချန်းနှင့် လီချင်းဟောက်တို့မှာ အမှန်တကယ်ဆွေမျိုးတော်စပ်သည်ဟု ပို၍ပင်ထင်မှတ်သွားသည်။ တုလင်ဖေးကား အေးစက်စက်ချောင်းဟန့်လိုက်ကာ သူမ၏သရောင်လှောင်ပြောင်ခြင်းမှာလည်း တစထက်တစ ပြင်းထန်လာသည်။
လူအားလုံးက မျက်လုံးပြူးတွေနှင့်အံ့အားသင့်စွာကြည့်နေကြစဉ် ကွင်းထဲရှိ လူပိန်လေးက အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်ကာ ပိုင်ရှောင်ချန်းဆီသို့ ဓားတစ်ချောင်း ပစ်လွှတ်လိုက်သည်။