Switch Mode

အပိုင်း(၁၅၀၇)

အရှင်ထိုက်ရွှမ် သင်ကြားပေးသည့်လမ်းစဉ်

တေးသံသာစံအိမ် အတွင်းမှ ကုချင်းသံ ရပ်တံ့သွားသည်။ အင်ပါယာနှစ်ဦးသည် တေးသံသာအင်ပါယာ၏ နောက်တွင် ငြိမ်သက်စွာမတ်တပ်ရပ်နေကြကာ သူတို့၏ရင်ထဲတွင် အမျိုးမျိုးသောခံစားချက်များ ပြည့်နှက်နေ ကြသည်။ သူတို့သည် ဤကာလတစ်လျှောက်တွင် ထိုသို့သောခံစားချက်မျိုး မဖြစ်ပေါ်ခဲ့ကြဖူးပါ။

သူတို့သည် သူနှင့်အတူ ပြင်ပလောကသို့ လိုက်ပါလိုခဲ့ကြသော်လည်း တေးသံသာအင်ပါယာက သူတို့အား ထိုက်ရွှမ်တောင်၌နေရစ်ခဲ့ရန် တောင်းဆိုခဲ့သည်။

တေးသံသာအင်ပါယာသည် သူ၏လက်ချောင်းများအား ကုချင်းကြိုးများအပေါ်တွင်တင်ထားရင်း ရီဖူရှင်းကို ကြည့်ပြီးမေးလိုက်သည်။ “သံစဉ်ခြောက်ပုဒ်ထဲမှာ ဘယ်သံစဉ်ကို အကြိုက်ဆုံးလဲ”

“ဖီးနစ်တောင်ပံ၏ လေဟုန်ခရီး” ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“ဘာကြောင့်လဲ” တေးသံသာအင်ပါယာက မေးလိုက်သည်။

“ဒီသံစဉ်က စိတ်ခံစားမှုကို ဖြေလျော့နိုင်တယ်လို့ ထင်လို့ပါ။ ဒီသံစဉ်က တီးတဲ့သူရဲ့ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း တွေကနေ နာကျင်မှုတွေ၊ ကြည်နူးမှုတွေကို ထင်ဟပ်စေနိုင်တယ်။ နက်ရှိုင်းတဲ့ ခံစားချက်မျိုး ရှိမှပဲ ဒီသံစဉ်ကို စိတ်နှစ်ပြီး တီးခတ်နိုင်လိမ့်မယ်။ ဖီးနစ်တောင်ပံ၏လေဟုန်ခရီးသံစဉ်မှာပါတဲ့ အနက်ရှိုင်းဆုံး စိတ်ခံစားချက်မျိုး ဘယ်သံစဉ်မှာမှ မရှိဘူး” ရီဖူရှင်းပြန်ဖြေလိုက်သည်။

“ဒါကြောင့် ဖီးနစ်တောင်ပံ၏လေဟုန်ခရီးသံစဉ်ဟာ သံစဉ်ခြောက်ပုဒ်ထဲမှာ အကောင်းဆုံးသံစဉ်လို့ထင်ပါတယ်”
ရီဖူရှင်းကို ကြည့်နေသော တေးသံသာအင်ပါယာ၏ မျက်ဝန်းများသည် တဖြည်းဖြည်းပြောင်းလဲသွားပြီး သူတီးခတ် နေခဲ့သော ကုချင်းကိုကြည့်ပြီး တိုးညှင်းစွာပြောလိုက်သည်။ “ တေးသံသာနန်းတော်ကို ငါပြန်လာတာကို စောင့်ပြီး အချိန်ဖြုန်းနေတာက အဓိပ္ပာယ်မရှိဘူး။ ခုချိန်ကနေစပြီး ဒီကုချင်းအပါအဝင် ဘာဖြစ်ဖြစ် မင်းကြိုက်တဲ့တစ်ခုခုကို တွေ့ရင် ယူလို့ရတယ် ဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုဘူး”

ရီဖူရှင်းသည် တေးသံသာအင်ပါယာ၏ စကားကိုကြားသောအခါ မှင်သက်သွားမိသည်။ တေးသံသာအင်ပါယာ သည် တေးသံသာစံအိမ်ကို သူ့အား ပေးနေခြင်းဖြစ်သည်။

ပထမဦးစွာ သူသည် သူ၏နဂိုပုံစံအား ဖုံးကွယ်ရန် ထိုက်ရွှမ်ဆောင်သို့ဝင်ရောက်ခဲ့ပြီး တစ်ဖန် ထိုက်ရွှမ်တောင်သို့ ရောက်လာခဲ့ရသည်။ သူသည် ထိုနေရာတွင် အချိန်ခနသာ ကျင့်ကြံလိုခဲ့သော်လည်း နောက်ပိုင်းတွင် အံ့သြစရာ ကောင်းလောက်အောင်ပင် အရာအားလုံးသည် ချောမွေ့စွာ ဖြစ်ပျက်သွားခဲ့သည်။ ထိုက်ရွှမ်စံအိမ်၏ အရှင်သခင် သည် သူ့အားတောင်ပေါ်သို့ခေါ်ဆောင်လာခဲ့ပြီး ဦးလေးလန်က သူ့ကို တေးသံသာစံအိမ်သို့ ပို့ဆောင်ခဲ့သည်။

ယခုအခါတွင် တေးသံသာအင်ပါယာသည် တေးသံသာစံအိမ်အတွင်းရှိ အရာအားလုံးကို သူ့အားပေးခဲ့သည်။

သူသည် ထိုအရာများ မည်သည်ကြောင့် ဖြစ်ပေါ်လာမှန်း သေချာမသိသော်လည်း ထိုအဖြစ်အပျက်များကြောင့် အထူးတလည် စိတ်လှုပ်ရှားခြင်းတော့ မရှိခဲ့ပါ။

သူသည် တေးသံသာအင်ပါယာကို ပြန်ကြည့်လိုက်သည်။ သူသည် တေးသံသာစံအိမ်အား ထိုရိုးရှင်းသော စကားတစ်ခွန်းတည်းဖြင့် အမှန်တကယ်ပေးလိုက်သည်လား။

ထိုသို့ဖြစ်လာရခြင်းမှာ ထိုက်ရွှမ်စံအိမ်၏အရှင်သခင်နှင့်လည်း တစ်စုံတစ်ရာ ပတ်သက်နိုင်ပေသည်။

တကယ်တမ်းတွင် သူသည် ထိုအကြောင်းများကို အထပ်ထပ်အခါခါ စဉ်းစားမိသည်။ တေးသံသာအင်ပါယာ သည် အလွန်အစွမ်းထက်သော်လည်း ထိုက်ရွှမ်စံအိမ်အရှင်၏ သေးငယ်လှသော ပရိယာယ်အား အဘယ့်ကြောင့် ထိုမျှဂရုစိုက်နေရပါသနည်း။ သူ့အား မည်သည့်အရာကမျှ နာကျင်အောင်လုပ်နိုင်မည်မဟုတ်ပေ။

“စီနီယာကို ကျေးဇူးတင်ပါတယ်” ရီဖူရှင်းသည် ကျေးဇူးတင်သည့်အနေဖြင့် အရိုအသေပေးလိုက်သည်။ သူသည် ထိုအရာအား စိတ်ဝင်စားခြင်းမရှိသော်လည်း ငြင်းဆန်မည် မဟုတ်ပေ။

အင်ပါယာစုံတွဲသည် သူ့အား လေးနက်စွာ ကြည့်လိုက်ကြသည်။ ထိုကောင်လေးသည် ထိုက်ရွှမ်တောင်သို့ ရောက်သည်မှာ မကြာသေးသော်လည်း အရာများစွာအား ခိုးယူသွားခဲ့သည်။ ယခုလည်း သူသည် တေးသံသာ စံအိမ်အား ရရှိသွားပြန်သည်။ ထိုက်ရွှမ်တောင်မှ တပည့်များသည် သူယနေ့ရရှိခဲ့သည့်အရာများကို သိခဲ့လျှင် သူ့အား ထိုမျှ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ကြတော့မည် မဟုတ်ပေ။


ကောင်းကင်ပြက္ခဒိန် ၁၀၀၃၀ ခုနှစ်သည် ကုန်ဆုံးသွားပြီဖြစ်သည်။ အများအားဖြင့် အလွန်တိတ်ဆိတ်သော ထိုက်ရွှမ်တောင်သည် ထိုနေ့တွင် အလွန် သက်ဝင်လှုပ်ရှားနေသည်။ အခြားဘုံများမှ ပြန်လာကြသော တပည့်များအပြင် အရှင်ထိုက်ရွှမ်၏ တပည့်ကြီးလေးယောက်သည်လည်း သူတို့၏တပည့်များကို ခေါ်ဆောင်ကာ ထိုက်ရွှမ်တောင်သို့ ရောက်ရှိလာခဲ့ကြသည်။

ယနေ့တွင် အရှင်ထိုက်ရွှမ်သည် လမ်းညွှန်သင်ကြားပေးမည် ဖြစ်သဖြင့် လူတိုင်းသည် နံနက်စောစောကတည်းက ပင် ထိုက်ရွှမ်နန်းတော်၏ ရှေ့တွင် စုရုံးရောက်ရှိနေခဲ့ကြသည်။ ထိုက်ရွှမ်တောင်သည် အခြားနေရာများကဲ့သို့ တပည့်အများအပြား လက်ခံခြင်းမရှိသော်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိနေဆဲပင်ဖြစ်သည်။

ကုချင်းဆောင်၊ ဓားချောက်နက်နှင့် အခြားနေရာများမှ ကျင့်ကြံသူများအားလုံး ထိုနေရာတွင် စုဝေးရောက်ရှိလာ ကြသည်။ ထိုအချိန်တွင် နန်းတော်အပြင်ဘက် ကွင်းပြင်သည် အလွန် သက်ဝင်လှုပ်ရှားနေခဲ့သည်။

ရီဖူရှင်းသည်လည်း ဖီးနစ်လေးနှင့်အတူ ထိုနေရာတွင် ရောက်ရှိနေခဲ့သည်။ သူသည် အစွမ်းထက်သော ပုဂ္ဂိုလ် များစွာနှင့် တွေ့ဆုံခဲ့ဖူးပြီး နတ်ဆင်အင်ပါယာ၏ ကိုယ်တိုင်ကိုယ်ကျသင်ကြားပေးခြင်းကိုပင် ခံခဲ့ရသူ ဖြစ်သည်။ ယခုလို ပုံစံမျိုးဖြင့် သင်ကြားရန် ရောက်ရှိနေခြင်းသည် သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သော်လည်း ထိုအရာသည် သူ၏ ကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူ ရရှိစေမည်ဖြစ်သည်။

မရေမတွက်နိုင်သော ရှန့်ထိုအဆင့် တပည့်များအပြင် ရန်ဟောင်အဆင့် ပုဂ္ဂိုလ်အချို့လည်း ရှိနေကြပြီး ရှေ့ဆုံး ခုံများတွင်ထိုင်နေကြသည်။

ရီဖူရှင်းသည် ရင်းနှီးကျွမ်းဝင်သော မျက်နှာများကို မြင်တွေ့ရသည်။ သူသိသောသူအများစုမှာ ဓားချောက်နက်မှ တပည့်များ ဖြစ်သည်။ သူ့ကို မြင်သောအခါ တချို့ကပြုံးပြကာ ခေါင်းညိတ်ပြကြသည်။

“ရှန်ကျင်း” ရီဖူရှင်းသည် အသံထွက်လာသည့်နေရာသို့ လှမ်းကြည့်လိုက်ရာ ဝမ်ရှိုးရီနှင့် မင်းသမီး လော့ယွဲ့တို့ ဦးဆောင်လာပြီး ပျက်စီးခြင်းဘုံတွင် တိုက်ခိုက်ခဲ့ကြသော သန်းဟူနှင့် အခြားသူများပါဝင်သော လူစုအား တွေ့လိုက်ရသည်။ မြို့စားမင်း၏ လူများရောက်ရှိလာကြပြီဖြစ်သည်။

ရီဖူရှင်းက သူတို့ကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

“ဒီအတောအတွင်း မင်းကျင့်ကြံရတာဘယ်လိုလဲ” ဝမ်ရှိုးရီက ပြုံးပြီးမေးလိုက်သည်။

“မဆိုးပါဘူး” ရီဖူရှင်းပြန်ဖြေလိုက်သည်။ “ဒါပေမယ့် ဓားသိုင်း လေ့ကျင့်တဲ့အခါတိုင်း စိတ်ထဲမရှင်းတာလေးတွေ ရှိနေတယ်။ တကယ်လို့ အခွင့်အရေးတစ်ခုရမယ်ဆိုရင် ကျွန်တော့်ကို သင်ပေးဖို့ အစ်ကိုဝမ်ကိုတောင်းဆိုပါတယ်”

ဝမ်ရှိုးရီ ခေါင်းညိတ်လိုက်သည်။ “ဒါကဖြစ်တတ်ပါတယ် မင်းက ကုချင်းပညာမှာပဲ ကျွမ်းကျင်မှာပေါ့။ အခက်အခဲ တစ်ခုခုရှိရင် ငါ့ဆီလာခဲ့ပါ။ မင်းကို နည်းနည်းလောက်တော့ လမ်းညွှန်ပေးနိုင်မှာပါ” သူ၏စကားသံတွင် နှိမ့်ချမှုများ ပါသော်လည်း ယုံကြည်မှု ရှိပုံပေါ်လွင်နေသည်။

“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာပြောလိုက်သည်။

“ညီလေးရှန်ကျင်း” နောက်ထပ် ခေါ်သံတစ်သံ ကြားလိုက်ရပြီး မာယိနှင့် ထိုက်ရွှမ်ဆောင်မှ သူ၏ ဂိုဏ်းတူညီမ တို့အား တွေ့လိုက်ရသည်။ မာယိသည် မင်းသမီးလော့ယွဲ့ကို စိတ်၀င်စားနေသူဖြစ်သဖြင့် သူမနှင့် ဝမ်ရှိုးရီတို့အား အတူတကွ တွေ့သောအခါ သူ၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး လော့ယွဲ့ကိုခေါ်လိုက်သည်။

“ညီမ လော့ယွဲ့”

“အစ်ကို”
“ငါတို့ ထိုက်ရွှမ်ဆောင်မှာ နောက်ဆုံးအကြိမ်တွေ့ပြီးတော့ မင်းကိုဒီမှာထပ်တွေ့ရမယ်လို့ လုံးဝမထင်ထားဘူး” မာယိက ပြုံးကာပြောလိုက်သည်။ “ရှန်ကျင်း အရှင်က မင်းကို ထိုက်ရွှမ်တောင်ကို ပို့လိုက်ကတည်းက ငါတို့ မတွေ့ကြတော့ဘူး။ မင်းရော ကျင့်ကြံရတာ အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်” ရီဖူရှင်းက အပြုံးနှင့်ဖြေလိုက်သည်။

“မင်းလို ဂီတပညာရှင်တစ်ယောက်ကို အရမ်းကောင်းပေးနေကြတော့ ငါတောင် နည်းနည်း မနာလိုဖြစ်လာပြီ လုံ့လဝီရိယရှိရှိနဲ့ ဆက်ပြီးကျင့်ကြံပါ” မာယိကပြောလိုက်သည်။ ထို့နောက် လော့ယွဲ့ဘက်လှည့်ကာ စကားပြော နေရင်း မကြာမီအချိန်တွင် သူသည် မည်သည်ကိုမျှ သတိထားမိပုံမပေါ်တော့ဘဲ သူမဘေးမှ အတူတကွ လျှောက်လှမ်းကာ လိုက်ပါသွားလေသည်။

ရီဖူရှင်းသည် ထိုအရာကိုမြင်သောအခါပြုံးမိသွားသည်။ သူသည် ဖွင့်ထားသော စာအုပ်တစ်အုပ်နှင့်တူသည်။
မာယိသည် အလွန်ပြိုင်ဆိုင်လိုစိတ်ရှိသူဖြစ်သည်။ သို့သော် ထိုအရာအတွက် သူ စိုးရိမ်နေရန် မလိုအပ်ပေ။

“ရှန်ကျင်း” နောက်ထပ် ခေါ်သံတစ်သံထွက်လာသောအခါ ရီဖူရှင်းသည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက် သည်။ သူသည် ထိုက်ရွှမ်တောင်တွင် မည်သည့်အချိန်မှစတင်ကာ လူသိများသွားခဲ့ပါသနည်း။

ဤတစ်ကြိမ်တွင် သူ့ကိုနှုတ်ဆက်လိုက်ကြသူများမှာ လီကျစ်ရင်နှင့် ကုချင်းဆောင်မှ ချန်ယွီဖြစ်သည်။ လီကျစ်ရင်သည် တေးသံသာစံအိမ်တွင် ဖီးနစ်တောင်ပံ၏လေဟုန်ခရီးအား တီးခတ်ခဲ့သည်။ သူမသည် မယုံနိုင်လောက်အောင် ထူးချွန်သူဖြစ်သည်။

ရီဖူရှင်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

“တေးသံသာနန်းတော်မှာ ကျင့်ကြံရတာဘယ်လိုလဲ။ သံစဉ်ခြောက်ပုဒ်လုံးမှာ ဘယ်သံစဉ်ကို အကြိုက်ဆုံးလဲ” လီကျစ်ရင်က မေးလိုက်သည်။

“သံစဉ်ခြောက်ပုဒ်လုံးမှာ တစ်ခုစီက အံ့ဩစရာကောင်းလောက်အောင် နက်နဲတယ်။ ကျွန်တော်က အခုမှ သံစဉ်တွေကို နည်းနည်းလေး သိမြင်နိုင်ရုံလောက်ပဲရှိသေးတာပါ။ကျွန်တော်က ပိုပြီးလေ့လာဖို့လိုဦးမယ်” ​​ရီဖူရှင်းက ပြောလိုက်သည်။

“သံစဉ် ခြောက်ပုဒ်လုံးက တစ်ခုမှမလွယ်ကူဘူး။ သူတို့ထဲကတစ်ပုဒ်ကို ကျွမ်းကျင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ တကယ်လို့ မင်းက သံစဉ်ခြောက်ပုဒ်ကို တစ်ခုထက်မက သင်ယူချင်တယ်ဆိုရင် အားလုံးကို ကောင်းကောင်း မသင်ယူနိုင်မှာ စိုးရိမ်စရာပဲ။ အခြေအနေပေးတုန်းမှာ သီချင်းတစ်ပုဒ်တည်းကို ရွေးချယ်ပြီး လုံ့လဝီရိယရှိရှိနဲ့ ကျင့်ကြံဖို့က မင်းအတွက် အကောင်းဆုံးအခွင့်အရေးပဲ” လီကျစ်ရင်ကပြောလိုက်သည်။

“ညီမပြောတာမှန်တယ် ဒါပေမယ့် ရှန်ကျင်းအနေနဲ့ပြောရရင် သူ့ကိုအပြစ်တင်လို့လဲမရဘူးလေ။ ငါသာ သူ့နေရာမှာ ဆိုရင်လည်း သံစဉ်တွေအားလုံးကို လေ့လာမိမှာပဲ” ချန်ယွီက ပြုံးပြီးပြောလိုက်သည်။ လီကျစ်ရင် ထောက်ခံ မိသည်။ အကယ်၍ တေးသံသာစံအိမ်တွင် ကျင့်ကြံခွင့်ရပါက သူမလည်း တူညီစွာပင် သံစဉ် ခြောက်ပုဒ်လုံးကို လေ့လာမိမည်ပင်ဖြစ်သည်။

သို့သော် ထိုသို့ကျင့်ကြံနိုင်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲပေသည်။

ရီဖူရှင်းကပြုံးပြီးခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ ကျွန်တော် သေချာမှတ်သားထားပါ့မယ်” ထိုသို့ ပြောကြား ပြီးနောက် တစ်ခြားသူများနှင့်အတူ ကုချင်းဆောင်မှလူများလည်း ထွက်ခွါသွားကြသည်။

ရီဖူရှင်း ခါးသက်စွာပြုံးမိသည်။ ယနေ့တွင် ရောက်လာသူများအားလုံးသည် သူ့အားလာရှာကြသည်လား။

“ကြည့်ရတာ ရှင်က ထိုက်ရွှမ်တောင်မှာ တော်တော်လူသိများပုံပဲ” ဖီးနစ်လေးက သူ့ကိုတီးတိုးပြောလိုက်သည်။  ရီဖူရှင်းက မျက်လုံးကို လှည့်ပတ်ကစားပြလိုက်သည်။

“သူတို့ကရှင့်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်ထင်ရပေမယ့် သူတို့စိတ်ထဲမှာရှိတာက တစ်မျိုးဖြစ်နေတယ်လို့ အာရုံခံမိတယ်”  ဖီးနစ်လေးက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ “ သူတို့ ဒီလိုဆက်ဆံတာက တေးသံသာ စံအိမ်ရဲ့ အရှိန်အဝါကြောင့်ပဲ “

ရီဖူရှင်းလည်း ထိုသဘောတရားအား နားလည်ပြီးဖြစ်သည်။ သူသည် ထိုက်ရွှမ်တောင်သို့ ရောက်သည့် အချိန်မှစပြီး ဂီတပညာရှင်ဟူသော ပုံရိပ်အောက်တွင် သူ၏အစွမ်းအစများကို နှိမ့်ချစွာ ဖုံးကွယ်ထားခဲ့သောကြောင့် ထိုက်ရွှမ်တောင်၏တပည့်များသည် သူ့အပေါ်တွင် ယဉ်ကျေးစွာဆက်ဆံကြသော်လည်း သူ့အား လေးစားခြင်း မရှိကြသလို သူတို့နှင့်တန်းတူအဖြစ်လည်း မသတ်မှတ်ထားကြပေ။

သို့သော် ရီဖူရှင်းသည် ထိုအချင်းအရာအား စိတ်ထဲမထားပေ။ နောက်ဆုံးတွင် သူမျှော်လင့်ထားသည့် ရလဒ်ကို ရရှိနိုင်ခဲ့ပြီဖြစ်သည်။

ထိုသို့သာမဟုတ်ပါက သူမည်ကဲ့သို့ အေးအေးချမ်းချမ်း ကျင့်ကြံခွင့်ရနိုင်ပါမည်နည်း။

“ဆရာသခင်ကြီးနဲ့ ဒုတိယဆရာသခင်တို့ ရောက်လာပြီဟေ့” စိတ်လှုပ်ရှားစွာ‌ အော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည်။ လူတိုင်းသည် နောက်ဆုတ်လိုက်ကြကာ လမ်းကြောင်းတစ်ခု ဖန်တီးလိုက်ပြီး  ရောက်ရှိ လာသောလူနှစ်ဦးအား ဦးညွှတ်ကာ ဂါဝရပြုလိုက်ကြသည်။

“ဆရာသခင်ကြီးနဲ့ ဒုတိယဆရာသခင်တို့ကို ဂါဝရပြုပါတယ်”

ထိုသူနှစ်ဦးသည် ထိုက်ရွှမ်တောင်နှင့် ထိုက်ရွှမ်မြို့၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

ထိုက်ရွှမ်တောင်၏ အကြီးအကဲသည် ရှေ့သို့ တက်လှမ်းလိုက်သည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည် အလွန်ထူးခြား လှပြီး ကြီးမြတ်သောအသွင်အပြင်ရှိသူဖြစ်သည်။ သူကလက်ကို မြှောက်လိုက်ပြီး “ ဒီနေ့ အရှင်ထိုက်ရွှမ်က ငါတို့ကို လမ်းညွှန်သင်ကြားပေးလိမ့်မယ် ဒါကြောင့် ငါ့ကို အဲလောက်အလေးထားစရာမလိုဘူး ငါတို့ကလဲ မင်းတို့လိုပဲ အရှင်ထိုက်ရွှမ် လမ်းညွှန်တာကို နားထောင်ဖို့လာခဲ့ကြတာပါ”

“ဟုတ်ကဲ့ပါ ဆရာသခင်” အားလုံး ခေါင်းကိုပြန်မတ်လိုက်ကြသော်လည်း သူတို့၏မျက်ဝန်းများတွင် လေးစားမှုနှင့် ပြည့်နှက်နေဆဲဖြစ်သည်။ ဆရာသခင်ကြီးသည် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက်ဖြစ်သည်။ သူသည် အရှင်ထိုက်ရွှမ်နှင့်တူညီသော အဆင့်တွင်ရှိပြီး မြင့်မားသော ကောင်းကင်ဘုံတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။

သို့သော်လည်း သူမည်မျှသန်မာကြောင်း မည်သူမျှရှင်းရှင်းလင်းလင်းမသိကြပေ။

မကြာမီအချိန်တွင် တေးသံသာအင်ပါယာနှင့်  ထိုက်ရွှမ်စံအိမ်၏အရှင်သခင်တို့သည် ရှေ့ဆင့်နောက်ဆင့် ရောက် လာကြသည်။ တေးသံသာအင်ပါယာက ရောက်လာပြီးမှ ထိုက်ရွှမ်စံအိမ်၏အရှင်သခင် ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုနေရာရှိ လူအများစုက သတိမထားမိကြသောလည်း လူနည်းစုသည် ထိုအရာသည် မည်သည်ကို ရည်ညွှန်း သည်ဆိုသည်အား နားလည်ကြပေသည်။

တေးသံသာအင်ပါယာသည် ရှေ့သို့သွားလိုက်ပြီး ထိုက်ရွှမ်တောင်အကြီးအကဲနှင့် ထိုက်ရွှမ်မြို့စား တို့အား ဦးညွှတ် လိုက်သည်။ “အစ်ကိုတို့ကို ဂါဝရပြုပါတယ်”

“အဲလောက်လဲ ယဉ်ကျေးနေစရာမလိုပါဘူး ညီလေး ထိုင်ပါဦး” ထိုက်ရွှမ်တောင်၏အကြီးအကဲက ပြုံးပြီး ပြော လိုက်သည်။ တေးသံသာအင်ပါယာက ခေါင်းညိတ်ကာ ထိုင်လိုက်သည်။ ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် မည်သည့်စကားမျှမဆိုဘဲ သူတို့အနားတွင် ထိုင်လိုက်သည်။ ပင်မတပည့်လေးယောက်သည် ရှေ့ဆုံးအတန်းတွင် နေရာယူလိုက်ကြသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် နန်းတော်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ဆရာသခင်လေးဦး အပါအ၀င် လူတိုင်းထရပ်ပြီး တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြသည်။ “ အရှင်ထိုက်ရွှမ်ကို ဂါဝရပြုပါတယ်”

သူတို့၏ စိတ်ထဲမှ လေးစားမှုများသည် သူတို့၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။ အရှင်ထိုက်ရွှမ်သည် သူတို့ အား လမ်းညွှန်ပြသပေးရန် ဆန္ဒရှိခြင်းကပင် သူ့ကိုရိုသေလေးစားရန် လုံလောက်နေပြီဖြစ်သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော အင်အားကြီးမားသောပုဂ္ဂိုလ်တစ်ဦး၏ မျက်လုံးထဲတွင် ရှန့်ထိုအဆင့်သို့ ရောက်ရှိနေသော လူများပင် ပုရွက်ဆိတ်လေးမျှသာဖြစ်သည်။

အရှင်ထိုက်ရွှမ်သည် တပည့်သစ်များကိုလက်မခံတော့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ထိုအကြောင်း အရာနှင့် ပတ်သက်၍ သူ၏စိတ်ပြောင်းလဲလာအောင် မည်သူမျှ ပြောဆိုနိုင်ခြင်းမရှိပေ။

ထို့ကြောင့် သူ၏လမ်းညွှန်သင်ကြားပေးခြင်းအား နားထောင်နာယူခြင်းနည်းလမ်းဖြင့်သာ သင်ယူနိုင်တော့မည် ဖြစ်သည်။

“ထိုင်ကြပါ” အရှင်ထိုက်ရွှမ်ပြောလိုက်လျှင် အားလုံး ထိုင်လိုက်ကြသည်။ အရှင်ထိုက်ရွှမ်သည် သူတို့အားလုံးရှေ့မှ ထိုင်ဖုံပေါ်တွင် ထိုင်လိုက်သည်။

ရီဖူရှင်းသည် ထိုက်ရွှမ်တောင်ပေါ်တွင် အတန်ကြာအောင် ကျင့်ကြံခဲ့သော်လည်း ယခုအခါမှသာ အရှင်ထိုက်ရွှမ် အား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ အရှင်ထိုက်ရွှမ်သည် ဖြူဖွေးနေသော ဆံပင်များနှင့် မုတ်ဆိတ်များ ရှိပြီး ကျင့်ကြံသူဝတ်စုံအား ဝတ်ဆင်ထားသည်။ သူ၏ ကြီးမြတ်သောဟန်ပန်အမူအရာသည် သူအား ဤကမ္ဘာမြေ၏ ဖြစ်တည်မှုမဟုတ်ဘဲ ကောင်းကင်ဘုံမှ မြင့်မြတ်သောသူဟု ထင်မှတ်ရလောက်အောင်ပင် ခမ်းနားလွန်းပေသည်။

အရှင်ထိုက်ရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်လျှင် ရုတ်တရက် စာလုံးတစ်လုံးသည် လူအားလုံးရှေ့ရှိ လေထဲတွင် လွင့်မျောနေသည်။ “လမ်းစဉ်”

ထိုစာလုံးသည် လေထဲတွင် စုတ်တံဖြင့် ရေးသားထားသကဲ့သို့ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

“မင်းတို့ဘာမြင်ရလဲ” အရှင်ထိုက်ရွှမ်က မေးလိုက်သည်။

“စာလုံးတစ်လုံး” “လမ်းစဉ်” လူများက ပြန်ဖြေလိုက်သည်။

“ဒါပဲလား” အရှင်ထိုက်ရွှမ်က မေးလိုက်သည်။ လူတိုင်းသည် ထိုစာလုံးကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။ သူတို့နားမလည်ကြပေ။

သူတို့အားလုံးသည် “လမ်းစဉ်” ဟူသော စာလုံးကိုသာ မြင်ကြသည်။ ထိုစာလုံးသည် လျှို့ဝှက်ဆန်းကြယ် သော အရာများ ရှိနေသည်လား။

လူတိုင်းသည် မိမိတို့၏စိတ်စွမ်းအားဖြင့် ထိုစာလုံးအား လေ့လာရှုမှတ်လိုက်သောအခါမှ သိရှိသွားကြသည်။ ထိုစာလုံးသည် ထိုနေရာတွင် လွင့်မျောနေသည်ကို သူတို့တွေ့မြင်ခဲ့ကြသော်လည်း ၎င်းမှ ထွက်ပေါ်လာသည့် ထူးခြားသည့် အငွေ့အသက်ကိုမူ အာရုံခံနိုင်ခြင်းမရှိကြပါ။

ထိုကွင်းပြင်တစ်ခုလုံးသည် မယုံနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။

“ဒီနေ့မင်းတို့ကို ဒီနေ့ ဒီ “လမ်းစဉ်”ဆိုတဲ့ စာလုံးအကြောင်းကိုပဲ သင်ပေးမှာ” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ “ဘယ်သူမှ မမြင်နိုင်ကြဘူးလား”

လူတိုင်းတိတ်ဆိတ်နေကြသည်။ မည်သူမျှ အရှင်ထိုက်ရွှမ်၏ မေးခွန်းကိုမဖြေနိုင်ကြပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset