နှစ်တစ်နှစ်၏ နောက်ဆုံးအချိန် နီးကပ်လာသည်နှင့်အမျှ ထိုက်ရွှမ်တောင်သို့ လာရောက်လည်ပတ်သည့် ကျင့်ကြံသူ အရေအတွက် များပြားလာပြီး အခြားဘုံများတွင် ကျင့်ကြံရန် သွားသူများသည်လည်း ပြန်ရောက် လာကြသည်။
ယနေ့တွင် ထိုက်ရွှမ်တောင်တစ်ခုလုံး လှုပ်ရှားအသက်ဝင်နေသည်။ အရှင်ထိုက်ရွှမ်၏ တတိယတပည့်ဖြစ်သည့် တေးသံသာအင်ပါယာသည် တေးသံသာနန်းတော်မှ သူ၏ဆရာဖြစ်သူအရှင်ထိုက်ရွှမ်ထံသို့ လာရောက်လည်ပတ် သည့်သတင်းမှာ ထိုက်ရွှမ်တောင်ရှိ လူများကြား ပျံ့နှံ့နေသည်။
ထို့အပြင် တေးသံသာစံအိမ်၏ အစောင့်အရှောက် ရှန်ကျင်းအကြောင်းကိုလည်း တွေးမိကြသည်။ ယခုအခါတွင် တေးသံသာအင်ပါယာ ပြန်ရောက်လာပြီဖြစ်ရာ ရှန်ကျင်းနှင့် ပတ်သက်၍ မည်သို့ပြုလုပ်မည်ကို မည်သူမျှ မသိနိုင်ခဲ့ကြပေ။
အကယ်၍ ရှန်ကျင်းအား ကံတရားကဖေးမခဲ့လျှင် သူသည် တေးသံသာအင်ပါယာ၏တပည့် ဖြစ်လာနိုင်သည်။
တေးသံသာအင်ပါယာချင်သည် ထိုက်ရွှမ်တောင်သို့ တက်သွားပြီးနောက်မကြာမီ ထိုက်ရွှမ်မြို့ရှိ ထိုက်ရွှမ်စံအိမ်မှ စတုတ္ထသခင်မလေးသည်လည်း ပြန်ရောက်လာကြောင်းသည် ထိုက်ရွှမ်တောင်၏ တပည့်များအကြားတွင် ရေပန်းစားလာကြသည်။ စတုတ္ထသခင်မလေးနှင့် တေးသံသာအင်ပါယာတို့သည် ကောင်းမွန်သော ဆက်ဆံရေး ရှိနေဆဲဖြစ်သည်။ စတုတ္ထသခင်မလေးသည် ခါတိုင်းလို တေးသံသာအင်ပါယာ ရောက်လာတိုင်း အဝေးသို့ တိမ်းရှောင်သွားခြင်း မရှိတော့ပေ။
အရှင်ထိုက်ရွှမ်၏ နန်းတော်တွင် ရယ်မောသံများဖြင့် စည်ကားနေသည်။ ထိုရယ်သံများအား ကြားရသူတိုင်းသည် သရှင်ထိုက်ရွှမ်သည် တပည့်များလာရောက်လည်ပတ်ချိန်တွင်သာ ဤသို့ပျော်ရွှင်နေလေ့ရှိသည်ဟု တွေးတော မိကာ သက်ပြင်းချလိုက်မိကြသည်။
အရှင်ထိုက်ရွှမ်၏ အချစ်ဆုံးတပည့်မှာ စတုတ္ထသခင်မလေးဖြစ်သည် ဟူသောကောလဟလများရှိသည်။စတုတ္ထ သခင်မလေးသည် အငယ်ဆုံးဖြစ်ပြီး တပည့်လေးဦးထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သောကြောင့် သူမ မျက်နှာသာအပေးခံရသည်မှာ သဘာဝကျပေသည်။ အရှင်ထိုက်ရွှမ်သည် သူမကို သမီးအရင်းသဖွယ် ဆက်ဆံခဲ့ သည်။ တေးသံသာအင်ပါယာသည်လည်း ငယ်ရွယ်သူဖြစ်ပြီး အရှင်ထိုက်ရွှမ်၏ နှစ်သက်ခြင်းအား ခံရသူဖြစ်သည်။
ရီဖူရှင်းသည် ယနေ့တွင် ဓားချောက်နက်သို့မသွားဘဲ တေးသံသာစံအိမ်တွင် ကျင့်ကြံနေသည်။ သူသည် တေးသံသာစံအိမ်တွင် တစ်ဦးတည်းနေသည်ဖြစ်သောကြောင့် ပြင်ပတွင် ဖြစ်ပျက်နေသည်များအား သိရှိခြင်း မရှိပေ။
ထိုအချိန်တွင် သူသည် တောင်၏အနောက်ဘက်တွင် ကုချင်းနှင့် ကျင့်ကြံနေဆဲ ဖြစ်သည်။
တိတ်ဆိတ်အေးချမ်းကာ မြူခိုးများ အုံ့ဆိုင်းနေသောတိမ်ပင်လယ်ကြီးအား သာယာလှသော ကုချင်းသံက လွှမ်းခြုံ ထားသည်။ တိမ်ပင်လယ်ထဲတွင် တင့်တယ်လှပသော ရောင်စဉ်တန်းတစ်ခု တောက်ပလင်းလက်လာ၏။ တိမ်ပင်လယ်ကြားတွင် လှပသောဖီးနစ်နတ်ငှက်တစ်ကောင်သည် ကုချင်းသံစဉ်နှင့်အတူ ရှေ့နောက်လှည့်ပတ်ရင်း ကခုန်နေပြီး ကျင့်ကြံခြင်းတွင် နှစ်မြုတ်နေပုံပေါ်သည်။
ဖီးနစ်တောင်ပံ၏ လေဟုန်ခရီးသည် ဖုန်းယန်အတွက် အထောက်အပံ့ဖြစ်စေသောကြောင့် ရီဖူရှင်း အမြဲလိုလို တီးခတ်ဖြစ်သည့်သံစဉ်ဖြစ်သည်။ သူမသည် သူနှင့်မကြာခဏငြင်းခုံခဲ့ဖူးသော်လည်း မည်သို့မျှသဘောမထားဘဲ ဤသံစဉ်ကို ဖီးနစ်လေးအတွက် မကြာခဏ တီးခတ်ပေးလေ့ရှိသည်။
သူမ၏ နောက်ခံဖြစ်သော မိခင်ဖြစ်သူအား မကြာခဏ ခေါ်ကာ တိုင်ကြားလေ့ရှိသောအကျင့်ဆိုးသည် သူ့ကို အလွန် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော်လည်း သူသည်ကလေးများနှင့် ငြင်းခုံမနေချင်ပေ။
ဖီးနစ်တောင်ပံ၏ လေဟုန်ခရီး၏ စည်းချက်သည် သိမ်မွေ့လှပသည်။ သီချင်းပြီးဆုံးသွားသော်လည်း ထိုလှပသော ခံစားချက်သည် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ရီဖူရှင်းသည် တစုံတရာအား ခံစားလိုက်မိသဖြင့် သူ၏ လက်ဆယ်ချောင်းအား ရုတ်သိမ်းလိုက်ပြီး လှည့်ကြည့်လိုက်လျှင် အဖြူရောင်သားမွေးဝတ်စုံအား ဝတ်ဆင် ထားသည့် လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် ထိုနေရာ၌ တိတ်ဆိတ်စွာရပ်နေလေသည်။ အသက်ရှုနေခြင်းသာ မရှိပါက ထိုသူသည် ကောင်းကင်နှင့်မြေကြီးကြားတွင်ရှိသော ဖြစ်တည်မှုတစ်ခုဟုပင် ထင်ရပေသည်။
ရီဖူရှင်းသည် တိတ်တဆိတ် တုန်လှုပ်သွားမိသည်။ တစုံတယောက်သူ၏အနားတွင် ရှိနေသော်လည်း သူလုံးဝ သတိမထားမိခဲ့ပေ။ သူသည်ကုချင်းတီးခတ်ခြင်းတွင် အာရုံဝင်စားနေသည်ဆိုသော်ငြားလည်း သူ၏ကျင့်ကြံခြင်း သည် အဆင့်တစ်ခုသို့ရောက်နေပြီဖြစ်သည်။ အကယ်၍ ထိုသူကသာ သူ့အား တိုက်ခိုက်လိုလျှင် သူ သိပင်သိလိုက် မည်မဟုတ်လေရာ ထိုသူ၏စွမ်းရည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။
ထိုအဆင့်အထိ ရောက်နေသော သူတစ်ယောက်သည် သူ့အားသတ်ချင်သည်ဆိုပါက အလွယ်တကူ သတ်နိုင်သည် ဖြစ်ရာ တကူးတကစောင့်ဆိုင်းပြီးသတ်ဖြတ်ရန် မလိုအပ်ပေ။
ရီဖူရှင်းသည် သက်တောင့်သက်သာဖြင့် ထရပ်လိုက်ပြီး အဖြူရောင်သားမွေးဝတ်စုံနှင့်လူဘက် လှည့်ကာ ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။ “တေးသံသာစံအိမ်ရဲ့အစောင့်အရှောက် ရှန်ကျင်းက အကြီးအကဲကို ဂါဝရပြုပါတယ်”
ဤနေရာအား ထိုက်ရွှမ်တောင်၏ ကျင့်ကြံသူများသာ ရောက်လာနိုင်သည်ဖြစ်ပြီး ထိုသူသည် အစွမ်းထက်သော ရန်ဟောင်တစ်ပါးဖြစ်သည်။ ထိုက်ရွှမ်တောင်တွင် သူ၏အဆင့်အတန်းသည် အခြားသူများ အားလုံးထက် မြင့်မားရ ပေမည်။ ရီဖူရှင်းသည် ထိုသူသည် မည်သူဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
“ရှန်ကျင်း” ထိုလူက အသံတိုးတိုးဖြင့် ပြန်လည်ရေရွတ်လိုက်ရာ ရီဖူရှင်းက ခေါင်းညိတ်ပြလိုက်သည်။ ရီဖူရှင်းသည် သူ၏ရှေ့မှသူအား အကဲခတ်ကြည့်လိုက်သည်။ ထိုသူသည် အသက် သုံးဆယ်မှလေးဆယ်အတွင်း ဖြစ်ပြီး တင့်တယ်ချောမောသော ရုပ်သွင်ရှိပြီး စိတ်သဘောထား ကောင်းမွန်မည့်ပုံပေါ်လေသည်။ ထိုသို့သော ပုံစံမျိုးသည် အမျိုးသမီးများ တွန်းလှန်ရန်ခက်ခဲစေမည့် ဆွဲဆောင်မှုမျိုးဖြစ်သည်။
အဝေးမှ တိမ်ပင်လယ်သည် ပြိုကွဲသွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် တောက်ပသော အလင်းတန်းများ ထွန်းလင်းတောက်ပလာသည်။ ရီဖူရှင်းနှင့် မနီးမဝေးရှိ တိမ်ပင်လယ်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာကြသည်။ ထိုပုံရိပ်များသည် ဖီးနစ်နတ်ငှက်စုံတွဲဖြစ်ပြီး သူတို့၏အကြည့်များသည် ထိုသူအပေါ်သို့ ကျရောက်နေသည်။
“အရှင်ပြန်လာပြီလား”ထိုသူအား မေးလိုက်သည်။
သူတို့၏စကားသံအားကြားလိုက်သောအခါ ရီဖူရှင်းသည် သူ၏မှန်းဆချက်များ မှန်ကန်သွားသည်အား သိလိုက်သည်။
တေးသံသာစံအိမ်၏သခင်၊ အရှင်ထိုက်ရွှမ်၏ တတိယတပည့် ဖြစ်သည့် သူတို့၏သခင် တေးသံသာအင်ပါယာ ပြန်လာပေပြီ။
“အင်း” တေးသံသာအင်ပါယာ ခေါင်းညိတ်လိုက်ချိန်တွင် လျင်မြန်စွာ ပျံသန်းလာသော ဖီးနစ်လေးအား တွေ့လိုက်ရသည်။ သူမ၏လှပသောမျက်လုံးများသည် သူမ၏ရှေ့မှောက်၌ရှိသော တေးသံသာအင်ပါယာအား စူးစိုက်ကြည့်နေသည်။
“ဖုန်းယန် သမီးရဲ့အပြုအမူကို ပြင်လိုက်စမ်း” သူမ၏ဖခင်ကသတိပေးလိုက်သောအခါမှ ဦးညွှတ်လိုက်သည်။ “ဖုန်းယန်က တေးသံသာအင်ပါယာကို ဂါဝရပြုပါတယ် “
“သူမတောင် အရွယ်ရောက်ပြီပဲ” တေးသံသာအင်ပါယာကနူးညံ့သိမ်မွေ့စွာပြုံးပြလိုက်သည်။ သူသည် နူးညံ့ကာ ကြင်နာသောအကြည့်ဖြင့် ဖုန်းယန်အား ကြည့်လိုက်သည်။ ဖုန်းယန်သည် သူ၏မျက်စိရှေ့တွင် မွေးဖွါးလာခဲ့ခြင်း ဖြစ်ပြီး သူ၏ချီးမြှောက်မှုများကြောင့်ပင် သူမသည် ထူးခြားသောသဘာဝ၏ လက်ဆောင်တစ်ခုဖြစ်သည့် မွေးရာပါ ရှန့်ထိုအဖြစ်နှင့် မွေးဖွားလာခဲ့သည်။
နောက်ပိုင်းတွင် သူသည် ထိုက်ရွှမ်တောင်သို့ မကြာခဏလာရောက်လည်ပတ်ခဲ့သော်လည်း ဖုန်းယန်ကို မတွေ့ခဲ့ ရပေ။ ယခုအချိန်တွင်မူ မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် မိန်းမပျိုလေးအဖြစ် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ခြေသံများကြားလိုက်ရသည်။ ဖီးနစ်စုံတွဲသည် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြပြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။ “စတုတ္ထသခင်မလေး”
ရီဖူရှင်းလည်း ထိုနေရာသို့ကြည့်လိုက်ရာ တေးသံသာအင်ပါယာ၏ နောက်ဘက်လမ်းပေါ်တွင် တစ်စုံတစ်ယောက် သည် တိတ်ဆိတ်စွာဖြင့် လမ်းလျှောက်လာနေသည်။ သူမသည် ထိုက်ရွှမ်တောင်တွင် စတင်ကျင့်ကြံနိုင်ရန်အတွက် ပို့ဆောင်ပေးခဲ့သော ထိုက်ရွှမ်စံအိမ်၏သခင်ဖြစ်သည်။ သူမသည် မြင့်မြတ်သော စိတ်သဘောထားရှိပြီး သူမ၏ ရုပ်ရည်သွင်ပြင်သည် တစ်မျိုးတစ်မည် ဆွဲဆောင်မှု ရှိပေသည်။
“အကြီးအကဲ” ရီဖူရှင်းက ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ဂျူနီယာညီမ”
တေးသံသာအင်ပါယာက ထိုက်ရွှမ်စံအိမ်၏အရှင်သခင်အားကြည့်ကာ လေသံတိုးတိုးဖြင့်ခေါ်လိုက်သည်။
သို့သော် ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် သူ့အား မကြည့်ဘဲ သူ၏ဘေးမှဖြတ်ကျော်တက်သွားပြီး ရီဖူရှင်းအား ကြည့်လိုက်သည်။ “ ထိုက်ရွှမ်တောင်မှာ ကျင့်ကြံရတာဘယ်လိုလဲ နေသားကျနေပြီလား “
“အခုထိတော့ အရမ်းကောင်းပါတယ် ထိုက်ရွှမ်တောင်ရဲ့တပည့်တွေကလည်း ကျွန်တော့်ကို အရမ်းဂရုစိုက်ကြ ပါတယ်” ရီဖူရှင်းက ဦးညွှတ်ကာဆက်ပြောလိုက်သည်။ “အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ”
“ကောင်းပြီ” ထိုက်ရွှမ်စံအိမ်၏အရှင်သခင်က ခေါင်းညိတ်လိုက်သည်။ “အကြီးအကဲလို့ခေါ်နေတာ ကြားနေရ တော့ ငါ့ကိုယ်ငါ အသက်ကြီးသွားသလို ခံစားနေရတယ် ငါ့ကို အစ်မလို့ပဲခေါ်ပါ”
“…”
ရီဖူရှင်းဆွံ့အ,သွားသည်။ မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ။
သူသည် ထိုက်ရွှမ်စံအိမ်၏အရှင်သခင်နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ပြီး သူမ၏မျက်နှာသာပေးခြင်းခံခဲ့ရသော်လည်း သူတို့၏ဆက်ဆံရေးသည် မည်သည့်အချိန်က ထိုမျှ အလွန်ရင်းနှီးသွားရသနည်း။
အစ်မတဲ့လား။ ထိုသည်မှာ ပုံမှန်မဟုတ်သော အကြံအစည်တစ်ခုဖြစ်ပုံပေါ်သည်။
ထိုအချိန်ခဏအတွင်းတွင် သူ၏စိတ်ထဲတွင် မကြာသေးမီက ဖြစ်သွားသော အကြောင်းအရာအား တွေးမိသွား သည်။ ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် တေးသံသာအင်ပါယာ၏ ခေါ်သံအား လုံးဝတုံ့ပြန်ခဲ့ခြင်းမရှိပေ။ ဝါစဉ်အရဆိုလျှင် တေးသံသာအင်ပါယာသည် သူမ၏အစ်ကိုကြီးဖြစ်သဖြင့် သူမ၏အပြုအမူသည် ပုံမှန် မဟုတ်ပေ။ ပုံမှန်အစဉ်အလာများအား ဂရုမစိုက်ခြင်းသည် သူတို့နှစ်ဦးကြားတွင် ကောင်းမွန်သော ဆက်ဆံရေး ရှိ၍လည်း ဖြစ်နိုင်သလို ဆိုးဝါးသော ဆက်ဆံရေးရှိ၍လည်း ဖြစ်နိုင်ပေသည်။
အကယ်၍ ဆိုးဝါးသောဆက်ဆံရေးရှိနေပါက ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် ထိုနေရာသို့ လုံးဝရောက်လာမည် မဟုတ်ချေ။ ထို့နောက် ဦးလေးလန်သည် အစကတည်းက သူ့အား တေးသံသာစံအိမ်သို့ ပို့ဖို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ကိုအမှတ်ရသွားသောအခါ ရီဖူရှင်းသည် တစုံတရာအား ရုတ်တရက် သိရှိသွားကာ သဘောပေါက် နားလည်သွားသည်။
ရီဖူရှင်းသည် သူတီးခတ်ခဲ့သော ဖီးနစ်တောင်ပံ၏လေဟုန်ခရီး သံစဉ်ကို ရုတ်တရက် တွေးမိသွားသည်။ ၎င်းသည် ဖီးနစ်မောင်နှံအတူတူ လှည့်လည်ပျံသန်းခြင်း အကြောင်းဖြစ်ပြီး ထူးခြားသောအဓိပ္ပာယ်ရှိပေသည်။
ထိုအချက်ကို စဉ်းစားမိသောအခါ ရီဖူရှင်းသည် အရာအားလုံး ပြီးဆုံးသွားပြီဟု ခံစားလိုက်ရသည်။ ထိုအရာသည် ခက်ခဲလွန်းလှသည်။ သူသည် သူမအား “အစ်မ”ဟုခေါ်ရဲပါမည်လား။
ရီဖူရှင်းသည် ထိတ်လန့်သွားပြီး တိတ်ဆိတ်စွာ ရပ်နေမိသည်။
“ဘာလဲ မင်းက ငါအိုနေပြီလို့ထင်လို့လား “ ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် နူးညံ့ကာ နှစ်လိုဖွယ်ကောင်းသော အပြုံးဖြင့် မေးလိုက်သည်။
အိုနေပြီလား။
ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သောအယူအဆမျိုး မရှိပေ။ အထူးသဖြင့် အင်ပါယာအဆင့်များသည် ထာဝရ နုပျိုကြသည်။ ကျက်သရေရှိပြီးတင့်တယ်သည့် ဆွဲဆောင်မှုရှိသော အင်ပါယာတစ်ဦးအား အိုနေပြီဟု မည်သို့ တွေးထင်ပါမည်နည်း။
သို့သော် တေးသံသာအင်ပါယာသည် သူ့နံဘေးတွင်ရှိနေသည်ဖြစ်ရာ သူတို့နှစ်ဦး ကြားတွင်ရှိသော ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်းမသိရဘဲ မည်သို့ခေါ်ဝံ့ပါမည်နည်း။
သူသေသွားရင်တောင် ဘယ်လိုသေလဲဆိုတာသိလိုက်နိုင်မည်မဟုတ်ပေ။
“ကျွန်တော့်ကိုအဲလိုမနောက်ပါနဲ့ခင်ဗျား။ မခေါ်ရဲပါဘူး” ရီဖူရှင်းသည် သူမလုပ်ဝံ့ကြောင်း ရိုးသားစွာပြောလိုက်သည်။
ထိုက်ရွှမ်စံအိမ်၏ အရှင်အသခင်သည် သူ့အားပြုံးကာကြည့်နေခဲ့သော်လည်း သူမ၏လှပသော မျက်ဝန်းတွင် သရော်သည့်ဟန် အနည်းငယ် ပေါ်လွင်နေသည်။ သို့သော် ထိုမျှလောက်က သူ့အတွက်အဆင်ပြေပေသည်။ လိုအပ်လျှင် ထိုထက်မက စွန့်လွှတ်ဖို့ရန် အသင့်ရှိပေသည်။ သူ၏အသက်ထက် မည်သည်က အရေးပါမည်နည်း။
“ဒါက ကျွန်မရဲ့စံအိမ်က ဂီတပညာရှင် ရှန်ကျင်းပါ။ သူကရုပ်ချောရုံပဲမဟုတ်ဘဲ ဂီတစွမ်းရည်ကလဲ အရမ်း အဆင့်မြင့်တယ်။ ဒါကြောင့်သူ့ကို ထိုက်ရွှမ်တောင်ကို ပို့ပေးခဲ့တယ်။ ကျွန်မရဲ့ နဂိုရည်ရွယ်ချက်ကသူ့ကို ကုချင်းဆောင်ကို ပို့ပြီး ကျင့်ကြံစေဖို့ပဲ။ ဒါပေမယ့် ဦးလေးလန်က သူ့ကိုဒီကိုပို့ခဲ့လိမ့်မယ်လို့ မထင်မိခဲ့ဘူးး”
ထိုအချိန်တွင် ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် သူမ၏လှပသောမျက်လုံးများဖြင့် သူမနံဘေးတွင်ရှိနေသော တေးသံသာအင်ပါယာအား စတင်၍ ကြည့်လိုက်သည်။ သူမက ပြောသည် “စီနီယာအစ်ကို ပြန်ရောက်လာပြီဆိုတော့ သူ့ကိုကျွန်မ ပြန်ခေါ်သွားလိုက်မယ်။ ရှန်ကျင်း တောင်းပန်လိုက်…”
ရီဖူရှင်း ဆွံ့အသွားသည်။ ဦးလေးလန်က သူ့ကို ဤနေရာတွင် ထားရှိခဲ့သည်အား ထိုက်ရွှမ်စံအိမ်၏အရှင်သခင် သတိမထားမိကြောင်း သူလုံးဝ မယုံကြည်ပေ။
ထိုနေ့က သူ့ကိုလိုက်ပို့သည့်အချိန်တွင် ဦးလေးလန်ကသူ့အား တေးသံသာစံအိမ်သို့ လိုက်ပို့ခဲ့ပြီးနောက်ပိုင်းမှ သူမသည် အရှင်ထိုက်ရွှမ်ထံသို့ သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ သူ့ကိုလိုက်ပို့ချိန်တွင် သူမ ထွက်မသွား သေးပါ။
ထိုသည်မှာ ဟန်ဆောင်လွန်းရာကျပေသည်။
ရီဖူရှင်းသည် တေးသံသာအင်ပါယာအား ကြည့်ကာ အနည်းငယ် ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။ သူ စကားပြောတော့မည့်အချိန်တွင် တေးသံသာအင်ပါယာက ဦးစွာပြောလိုက်သည်။ “မလိုဘူး”
ရီဖူရှင်းသည် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး အကျပ်ရိုက်သွားသည်။
“ဦးလေးလန်က မင်းကို ဒီနေရာမှာကျင့်ကြံဖို့ထားခဲ့တယ်ဆိုတော့ ဒါရေစက်ပါတယ်လို့ပြောလို့ရတယ်။ ငါကဒီကို ခဏခဏလာလေ့မရှိဘူး။ ဒါကြောင့် ငါ့ရဲ့စံအိမ်ကို စောင့်ရှောက်ဖို့ ဂီတပညာရှင်တစ်ယောက်ရှိနေတာ ကောင်းပါတယ် အနာဂတ်မှာ မင်းဒီမှာပဲ ဆက်ပြီး ကျင့်ကြံပါ” တေးသံသာအင်ပါယာက ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်သည်။
ရီဖူရှင်း၏ စိတ်ထဲသို့ အတွေးပေါင်းစုံ ဝင်ရောက်လာသည်။ အကယ်၍ သူသည် တေးသံသာစံအိမ်တွင် ဆက်နေမည်ဆိုပါက တေးသံသာအင်ပါယာသည် ထိုအခွင့်အရေးကိုအသုံးချကာ သူ့အား လျှို့ဝှက်စွာ လက်စားချေ မည်လော။
သူသည် သူ၏”ညီမ”အား ယခုတိုင် စကားမပြောခြင်းသည် ဒေါသထွက်နေ၍ ဖြစ်နိုင်ပေသည်။ ထိုအရာသည် အမှန်တကယ် ကံဆိုးခြင်းပင်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ” ရီဖူရှင်းသည် သူ၏ အမှန်တကယ် အတွေးများအား ထုတ်ဖေါ်မပြရဲဘဲ ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်းဖေါ်ပြလိုက်သည်။
“ဒါပေမယ့် သူကငါ့လူလေ” ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် တေးသံသာအင်ပါယာအားကြည့်ကာ ပြောလိုက် သည်။
“…..” ရီဖူရှင်းသေချင်စိတ်ပေါက်သွားသည်။ သူသည် ထိုကဲ့သို့စိတ်ဖိစီး ခံရဖို့မထိုက်တန်ပေ။
သူသည် မည်သည့်အချိန်မှစ၍ ထိုက်ရွှမ်စံအိမ်၏အရှင်သခင်၏လူ ဖြစ်သွားခဲ့ရပါသနည်း။
“ဒါဆိုလဲ ညီမရဲ့လူကို တေးသံသာစံအိမ်ကို စောင့်ဖို့ငှါးပါ။ ငါကညီမအပေါ်အကြွေးတင်သွားပြီ” တေးသံသာ အင်ပါယာက ပြန်ပြောလိုက်သည်။
“စီနီယာအစ်ကိုက အဲလိုလုပ်ချင်ရင်ဆိုတော့လဲ ကျွန်မက ဝမ်းမြောက်စွာနဲ့ဖြည့်ဆည်းပေးရမှာပေါ့” တေးသံသာ စံအိမ်၏ အရှင်သခင်က ပြုံး၍ပြောလိုက်သည်။ “ရှန်ကျင်း ခုချိန်ကစပြီး မင်းက တေးသံသာစံအိမ်ကို ကောင်းကောင်း စောင့်ရှောက်ပါ”
“ကျွန်တော်နားလည်ပါြပီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“နောက်သုံးရက်ကြာရင် ဆရာက ထိုက်ရွှမ်နန်းတော်မှာ ဟောပြောလိမ့်မယ် ထိုက်ရွှမ်တောင်မှာရှိတဲ့ တပည့်တွေ အားလုံးသွားပြီးနားထောင်နိုင်တယ်။ မင်းလဲသူတို့နဲ့အတူ လိုက်သွားသင့်တယ်”
အရှင်ထိုက်ရွှမ်၏ ဟောပြောမှုအား နားထောင်ရန်လား။ ရီဖူရှင်းသည် အနည်းငယ် အံ့အားသင့်သွားပေမယ့် ခေါင်းညိတ်လိုက်ပြီး ဖြေသည်။ “ သေချာပေါက် သွားရမှာပေါ့”
ထိုအရာသည် အလွန်ရှားပါးသည့် အခွင့်အရေးဖြစ်သည်။ အရှင်ထိုက်ရွှမ်သည် အတိတ်ကာလမှပစ္စုပ္ပန်အထိ အရာတိုင်းအား သိမြင်နိုင်သော အစွမ်းထက်သည့် တန်ခိုးရှင်တစ်ဦးဖြစ်သည်။ အရှင်ထိုက်ရွှမ်သည် အဆင့်မြင့် ကောင်းကင်ဘုံရှိဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားပေသည်။
ထိုက်ရွှမ်စံအိမ်၏အရှင်သခင်သည် တေးသံသာအင်ပါယာအား တစ်ချက်ကြည့်ပြီးနောက် မည်သည့် စကားမျှ မပြောတော့ဘဲ ထွက်ခွာသွားခဲ့သည်။ ထိုအရာများကြောင့် သူတို့နှစ်ဦးကြားရှိ ဆက်နွယ်မှုသည် ရီဖူရှင်းအတွက် ပိုမိုရှုပ်ထွေးသွားစေလေသည်။
သို့သော် သူသည် “နည်းနည်းပြောပြီး များများ လေ့လာပါ”ဟူသော ဦးလေးလန်၏စကားအား အမြဲတမ်း နှလုံးသွင်း ထားသောကြောင့် အလိုက်သိစွာြဖင့် ပါးစပ်ကို ပိတ်ထားလိုက်သည်။
တေးသံသာအင်ပါယာသည် ရီဖူရှင်းအနားသို့ လျှောက်သွားလိုက်သည်။ သူ၏မျက်လုံးများသည် ဖီးနစ်ကုချင်း ပေါ်သို့ ကျရောက်သွားသည်။ ရီဖူရှင်းသည် တေးသံသာအင်ပါယာကို ကုချင်းရှေ့တွင် ထိုင်ရန် အလိုက်တသိဖြင့် လမ်းဖယ်ပေးလိုက်သည်။ သူသည်လက်နှစ်ဖက်ကို ကြိုးပေါ်တင်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
“ငါ မတီးတော့တာ အရမ်းကြာနေပြီ”
သူသည် တီးတိုးရေရွတ်နေရင်းဖြင့် ကြိုးများကို လက်ချောင်းများဖြင့် တီးခတ်လိုက်ရာ အလွန်အားကောင်းကာ လွှမ်းမိုးနိုင်စွမ်းရှိသော ဂီတသံသည် ပတ်ဝန်းကျင်အားလွှမ်းခြုံသွားသည်။
ဖီးနစ် အင်ပါယာ နတ်ငှက်စုံတွဲသည် အမြင့်သို့ပျံတက်သွားကြပြီး အလွန်တောက်ပသော နတ်ဘုရား အလင်းရောင် များသည် တေးသံသာစံအိမ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။
ကုချင်းသံသည် တိမ်ပင်လယ်အား လွှမ်းခြုံသွားကာ တဖြည်းဖြည်း ကျယ်လောင်လာပြီး ထိုက်ရွှမ်တောင်ကိုပင် လွှမ်းခြုံသွားလေသည်။ ထိုနေရာတစ်လျှောက်တွင် ကြည်လင်ပြတ်သားသည့် ဖီးနစ်ငှက်တို့၏ အော်မြည်သံများ လွှင့်ပျံ့နေသည်။ အင်ပါယာ နတ်ငှက်နှစ်ကောင်သည် အတူတကွယှဉ်တွဲပျံသန်းကာ မိုးကောင်းကင်ပေါ်တွင် ကခုန်နေကြသည်မှာ အံ့အားသင့်ဖွယ် ခမ်းနားလွန်းလှသောမြင်ကွင်းတစ်ခု ဖြစ်ပေသည်။
ရီဖူရှင်းသည် ကောင်းကင်ထက်ရှိ အရာအားလုံး လှပနေသော ထိုမြင်ကွင်းအား မော့ကြည့်လိုက်သော်လည်း သူ၏နှလုံးထဲတွင်မူ စိတ်သောကရောက်ကာ အားနည်းသလိုခံစားနေရပေသည်။ ထိုကုချင်းသံသည် အလွန် သာယာလှသော်လည်း သူ့အတွက်မူ အလှတရားအတွင်း သိုဝှက်ထားသော သောကဝေဒနာများပင်ဖြစ်သည်။
***