ရီဖူရှင်းသည် ထိုနေရာတွင်ပင် ကျန်နေခဲ့ပြီး ကမ်းပါးကိုကြည့်ကာ သူ၏ဓားပညာအား ဆက်လက် လေ့လာကျင့်ကြံ လိုက်သည်။
လော့ယွဲ့သည် ထိုက်ရွှမ်မြို့စား၏သမီးတော်ဖြစ်သော်လည်း မောက်မာဝင့်ကြွားခြင်း မရှိပေ။ ပျက်စီးခြင်းဘုံတွင် ဖြစ်သည့် တိုက်ပွဲနှင့် ထိုက်ရွှမ်ဆောင်တွင် ဆုံတွေ့ခဲ့သော အဖြစ်အပျက်များကြောင့် သူမအပေါ်တွင် အကောင်း မြင်သောစိတ်များ ရှိခဲ့သည်။ သူမသည် အရှင်ထိုက်ရွှမ်၏ တပည့်တစ်ဦးဖြစ်သော ထိုက်ရွှမ်စံအိမ်သခင်နှင့်လည်း ဆက်နွယ်မှုများရှိနေသည်ကိုလည်း မေ့ထား၍မရပေ။
ထိုက်ရွှမ်စံအိမ်သခင်သည် သူ့အား ထိုက်ရွှမ်တောင်တွင် ကျင့်ကြံခွင့်ရရန် မျက်နှာသာပေးခဲ့သည်။ လော့ယွဲ့ အကူအညီလိုအပ်နေကြောင်း သိသောအခါ သူသည် မသိမသာဖြင့် ဂီတသံစဉ်အား တီးခတ်ကာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ သူ၏အကူအညီမရလျှင်ပင် သိပ်မကြာမီအချိန်တွင် လော့ယွဲ့သည် သူမကိုယ်တိုင် အဆင့်ချိုးဖေါက်သွား နိုင်မည်ဖြစ်သည်။ ထိုအရာသည် သူ့အတွက် လွယ်ကူသောကိစ္စတစ်ခုဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းအတွက် မည်သို့ သော ကုန်ကျမှုမျိုးမှမရှိလေရာ အဘယ့်ကြောင့် ရှောင်လွှဲသွားနိုင်ပါမည်နည်း။ ထိုအရာမှာ ထိုက်ရွှမ်စံအိမ်၏ အရှင် သခင်က သူ့ကို ထိုက်ရွှမ်တောင်သို့ ရောက်အောင် ကူညီပေးသကဲ့သို့သာ ဖြစ်သည်။
“ရှန်ကျင်း မင်းရဲ့ ကုချင်းသံကိုနားထောင်ရတာ တိုက်ခိုက်နေတဲ့ ဓားကွက်တွေနဲ့ လုံးဝလိုက်ဖက်ညီတာပဲ ဒါပေမယ့် ဒီသံစဉ်ကနေ ငါဘာမှကြားနိုင်စွမ်းမရှိခဲ့ဘူးနဲ့တူတယ်။ ထိုးထွင်းသိမြင်နိုင်တာ ဘာတစ်ခုမှမရှိခဲ့ဘူး” သူ့ဘေးမှ နောက်တစ်ယောက်က ပြောသည် “ ငါ့အထင်ပြောရရင် မင်းက ကုချင်းလမ်းစဉ်မှာပဲ ထိပ်တန်းအဆင့်မဟုတ်ဘဲ ဓားပညာကိုပါ အဆင့်တစ်ခုထိ နက်နက်နဲနဲ နားလည်နိုင်နေလောက်ပြီ”
ရီဖူရှင်းသည် ထိုသို့ပြောနေသောသူအား ကြည့်ကာ ပြုံးလိုက်သည်။ ထိုနေ့များအတွင်း ဓားချောက်နက်မှ လူများသည် သူ့အားအသိအမှတ်ပြုခဲ့ကြပြီး သူနှင့် မကြာခဏ စကားစမြည်ပြောဆိုကြခြင်းများရှိလာသည်။
“ဓားချောက်နက်ရဲ့ တပည့်တွေရှေ့မှာ ဓားပညာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ နားလည်သဘောပေါက်မှုတွေကို ဘယ်လိုများ ထုတ်ပြောရဲမှာလဲ” ရီဖူရှင်းသည် ခါတိုင်းလိုပင် အပြုံးဖြင့် နှိမ့်ချစွာပြောဆိုခဲ့သည်။ ထိုလူများသည် ထိုအပြုအမူနှင့်ပတ်သက်ပြီး နေသားကျနေပြီဖြစ်သောကြောင့် အပြုံးဖြင့်ပြောလိုက်သည်။
“မင်းရဲ့ အစွမ်းအစတွေကို တမင်တကာ ဖုံးကွယ်ထားချင်နေတာမဟုတ်လား။ ဓားချောက်နက်မှာ မင်းဓားနဲ့ လေ့ကျင့်နေတာ ငါတစ်ခါမှမမြင်ဖူးဘူး”
ထိုသို့ပြောနေကြသူများ၏လေသံသည် ပေါ့ပေါ့ပါးပါးရှိလွန်းသည်ဖြစ်ရာ စနောက်နေကြမှန်း သိသာသည်။
“ကျွန်တော်က ဓားကွက်တွေကို လေ့လာမှတ်သားချင်လို့ ဓားချောက်နက်ကို လာခဲ့တာပါ။ လေ့ကျင့်တာကျတော့ တိတ်တိတ်လေး လေ့ကျင့်တာပဲ ကောင်းတယ်လေ ဒါမှပဲ ခင်ဗျားတို့တွေ ကျွန်တော့်ကို မရယ်ကြမှာပေါ့” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူ့ပတ်၀န်းကျင်က လူများကပြုံးလိုက်ကြသည်။ အခြားတစ်ယောက်က ပြောလိုက်ပြန်သည်။ “ ရှန်ကျင်းရေ ငါကတော့ မင်းက မင်းရဲ့အစွမ်းတွေကို ဖုံးကွယ်ထားတယ်လို့ပဲ ထင်တယ် မင်း ဓားပညာမှာ အဆင့်တစ်ခု ရောက်တဲ့အထိ အောင်မြင်နေပြီမလား”
ရီဖူရှင်းက ဘာမှမပြောတော့ဘဲ ခေါင်းခါပြလိုက်သည်။ သူသည် ချောက်ကမ်းပါးနံရံပေါ်အားကြည့်ရှုကာ ဆက်ပြီး ကျင့်ကြံလိုက်သည်။
ကျင့်ကြံခြင်းထက်ပို၍ အရေးကြီးသော အရာမရှိချေ။ ထိုက်ရွှမ်တောင်တွင် ကျင့်ကြံခွင့်ရရှိသော ထိုအခွင့် အလမ်းကို မဖြုန်းတီးပစ်ဘဲ သူ၏ကျင့်ကြံခြင်းအဆင့်အား မြှင့်တင်နိုင်ရန်ကြိုးစားရပေမည်။
အခြားနေရာတွင်မူ ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့သည် အတူတူထွက်လာခဲ့ကြပြီး လော့ယွဲ့သည် အဆင့်ချိုးဖျက်မှုတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းများကိုတွေးနေဆဲဖြစ်သည်။ ကုချင်းသံသည် တိုက်တိုက်ဆိုင်ဆိုင်ပင် သူမအား အပြည့်အဝ အကူအညီပေးခဲ့သည်။ ထိုအရာအား ရှန်ကျင်းကိုယ်တိုင်ပင် သတိမပြုမိခြင်းဖြစ်နိုင်သည်။
ရှန်ကျင်း၏ ဂီတသံစဉ်သည် ကြည်လင်ပြတ်သားလွန်းလှသည်။ ကုချင်းလမ်းစဉ်နှင့်ပတ်သက်ပြီး သူ၏ ပါရမီမှာ အလွန်ထူးခြားသည်။ ထို့ကြောင့်ပင် ဦးလေးသည် သူ့အား ထိုက်ရွှမ်တောင်၏ အဓိကနေရာတွင် ကျင့်ကြံရန် စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သော်လည်း သူသည် အဘယ့်ကြောင့် ဓားပညာအား ကျင့်ကြံရန် လာခဲ့သည်ကိုတော့ နားမလည်ပေ။
“အစ်ကိုဝမ် ရှန်ကျင်းကို ဘယ်လိုထင်သလဲ” လော့ယွဲ့ မေးလိုက်သည်။
“မဆိုးပါဘူး နှိမ့်ချတတ်တယ်။ ကြိုးစားအားထုတ်မှုရှိတယ်။ သူဟာ အနာဂတ်မှာ ပိုပြီး အစွမ်းထက်လာလိမ့်မယ် ဒါပေမယ့် သူဘယ်လောက်ထူးချွန်တယ်ဆိုတာတော့ မသိရသေးဘူး။ စတုတ္ထသခင်မလေးက ထိုက်ရွှမ်တောင်ကို ဝင်ခွင့်ပြုခဲ့တယ်ဆိုတော့ သူ့မှာ ထူးခြားမှုတစ်ခုခုတော့ ရှိရမယ်” ဟုဝမ်ရှိုးရီက သူ၏ထင်မြင်ချက်အား ရိုးသားစွာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် သူ့ရဲ့ဂီတသံက အရမ်းသန့်စင်လွန်းပြီး ဆွဲဆောင်မှုရှိတယ်” လော့ယွဲ့ ခေါင်းညိတ်ကာ ပြောလိုက် သည်။ “အစ်ကိုဝမ် ဖြစ်နိုင်ရင် ရှန်ကျင်းကို ဂရုစိုက်ပေးပါ။ ကျွန်မတို့တခါပဲ ဆုံတွေ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက်သိရုံပဲသိကြတာဆိုပေမယ့် ဦးလေးလွှတ်လိုက်တဲ့သူဖြစ်နေတဲ့အတွက် သူက ထိုက်ရွှမ်တောင်ရဲ့ တပည့် မဟုတ်တာနဲ့ပဲ သူ့ကိုအထီးကျန်ပြီးမနေစေချင်ဘူး”
“စိတ်ချပါ ရှန်ကျင်းကို ခင်တဲ့သူများပါတယ်။ ဓားချောက်နက်က တပည့်တွေကလည်း သူ့ကို ကောင်းကောင်း ဂရုစိုက်ကြပါတယ်” ဝမ်ရှိုးရီပြုံးကာပြောလိုက်သည်။ “ညီမရဲ့တောင်းဆိုချက်မရှိရင်တောင် စတုတ္ထသခင်မလေး ကြောင့် ငါတို့တတ်နိုင်သလောက် လုပ်ပေးကြမှာပါ”
“ကောင်းပါပြီ” လော့ယွဲ့ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်အစ်ကို”
သူမ၏ တောင်းဆိုချက်မှာ သူမဓားပညာ အဆင့်တက်ချိန်တွင် သူကိုယ်တိုင်ပင်မသိဘဲ မတော်တဆ ကူညီပေး ခဲ့သော သူအား မျက်နှာသာပြန်ပေးနိုင်ရန်အတွက် စဉ်းစားခဲ့ခြင်းပင်ဖြစ်သည်။
သူ့ကို ဤနေရာတွင် ကောင်းမွန်သောအရာတစ်ခုခုအား ရရှိအောင်မြင်နိုင်စေရန် ဆန္ဒရှိပေသည်။
လော့ယွဲ့သည် မရည်ရွယ်ဘဲ ပျက်စီးခြင်းဘုံရှိ လျှို့ဝှက်ဆန်းကြယ်သော ဓားသမားအား သတိရမိသွားသည်။ သူသည် ထိုက်ရွှမ်တောင်တွင် ကျင့်ကြံနိုင်မည်ဆိုလျှင် အတိုင်းအဆမဲ့အလားအလာများ ရရှိနိုင်ပေမည်။
ကံမကောင်းစွာပင် ထိုနေ့အပြီးတွင် လျှို့ဝှက်ဆန်းကြယ်ဓားသမားသည် ပျောက်ကွယ်သွားခဲ့သည်။
သူမ တွေးတောနေမိသော ဓားသမားသည် ဓားချောက်နက်တွင် ဓားပညာ ကျင့်ကြံနေပြီး သူမဂရုစိုက်ရန် တောင်းဆို ခဲ့သောသူနှင့် တစ်ဦးတည်းဖြစ်ကြောင်း သူမလုံးဝ မသိနိုင်ခဲ့ပေ။
ရီဖူရှင်းသည် နေ့စဉ်ကျင့်ကြံနေရင်း မသိလိုက်မသိဘာသာနှင့် အချိန်များကုန်လွန်သွားခဲ့သည်။
ယနေ့တွင် သူသည် တေးသံသာစံအိမ်၏ နောက်ဘက်မြေနေရာရှိ တိမ်ပင်လယ်၏ကမ်းပါးစွန်းထိပ်တွင် မတ်တပ်ရပ်နေသည်။ သူ၏ညာဘက်လက်တွင် ဓားတစ်ချောင်းအား ကိုင်ဆောင်ထားသည်။
သူ၏လက်အား ငြိမ်သက်စွာ ဆန့်ထုတ်ထားသော်လည်း ကောင်းကင်နှင့်မြေပြင်ကြားတွင် မမြင်ရသော စွမ်းအား တစ်ခုရှိနေသည်။ ထိုအလွန်ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကြားရှိ နေရာတိုင်းသို့ ပျံ့နှံ့သွားပုံပေါ်သည်။
သူ၏လက်အား လှုပ်ရမ်းလိုက်လျှင် တောက်ပသောရွှေရောင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားသည်။ ထိုရွှေရောင်အလင်းတန်းသည် သူ၏ရှေ့ရှိတိမ်ပင်လယ်အား နှစ်ခြမ်းကွဲသွား စေသော်လည်း ရီဖူရှင်းသည် ရပ်တန့်ခြင်းမရှိဘဲ သူ၏ခြေထောက်များအား ရှေ့သို့ရွေ့လိုက်ပြီး သူ၏လက်အား ထပ်မံလှုပ်ရမ်းလိုက်လျှင် နောက်ထပ်ရွှေရောင်လှိုင်းတစ်ခုသည် ထိုနေရာအား ပိုင်းဖြတ်သွားပြန်သည်။ ထိုနေရာရှိ လေထုသည် ဖြတ်တောက်ခံလိုက်ရပုံပေါ်သည်။
၎င်းသည် တစ်ဒင်္ဂနတ်ဘုရား ရှေးဟောင်းဓားသိုင်းကျမ်း၏ ပထမအဆင့်ဖြစ်သော ကောင်းကင်အငွေ့အသက် ဖြစ်သည်။ ဓားချက်တစ်ချက်စီတိုင်းသည် လေထုကိုပိုင်းဖြတ်ပြီး ကောင်းကင်ထိတိုင်အောင် ဖြတ်သန်းသွားသည်။
သူသည်ရှေ့သို့တိုးကာ ဓားချက်များ တစ်ချက်ပြီးတစ်ချက် ထုတ်ဖေါ်လိုက်လျှင် တည်ငြိမ်နေသော တိမ်ပင်လယ် သည် ပြင်းထန်သော ဓားမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ဓားအမှတ် အသားများ ထွက်ပေါ်လာသည်။ ဓားကွက်သည် မထင်မှတ်ဘဲ ပထမအဆင့်ဖြစ်သော ကောင်းကင် အငွေ့အသက်မှ ဒုတိယ အဆင့်ဖြစ်သော အရာခပ်သိမ်းပိုင်းဖြတ်ခြင်းသို့ ပြောင်းလဲသွားသည်။
အတန်ငယ်ကြာသောအခါတွင် ရီဖူရှင်းသည် ဓားကွက်ကို ရပ်နားလိုက်ပြီး တိမ်ပင်လယ်ထက်တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။
“ရှင်လေ့ကျင့်နေတာဖြင့် ကြာလှပြီ။ ဒီလောက်လေးပဲလား” ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ရီဖူရှင်းသည် ဖီးနစ်လေးဖြစ်ကြောင်းသိလိုက်သည်။ သူသည် ဖုန်းယန်၏အသက်ရှုသံမှ တစုံတရာအား ခံစားမိ လိုက်ရာ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်များ စွန်းထင်းလာသည်။ “မင်းအဆင့်တက်သွားတာလား”
“ဟုတ်တယ် ကျွန်မက အခုရှင်နဲ့အဆင့်တူသွားပြီ” ဖုန်းယန်က မထီတရီလေသံဖြင့် ပြောသည်။
“မဆိုးပါဘူး မင်းက ထိုးထွင်းသိမြင်မှုမရှိဘဲလဲ အဆင့်တက်နိုင်တာပဲ” ရီဖူရှင်း၏ စိတ်ထဲတွင် အနည်းငယ် မနာလိုမှုများ ဖြစ်ပေါ်လာပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဤကဲ့သို့သော စွမ်းရည်မျိုးသည် မည်သည့် ပါရမီရှင်များမှ မပိုင်ဆိုင်နိုင်သောအရာ ဖြစ်သည်။ မွေးရာပါရှန့်ထိုသည် အမှန်တကယ်ပင် အစွမ်းထက်ပေသည်။
“ဒါပဲလေ ကျွန်မက ဖီးနစ်နတ်ဘုရားပဲဟာ” ဖုန်းယန်သည် ခေါင်းကိုမော့လိုက်ပြီး ရီဖူရှင်းအား မထီမဲ့မြင် ကြည့်လိုက်သည်။ “ ကျွန်မက ရှင့်လိုမဟုတ်ဘူးလေ ရှင်က ကုချင်းလမ်းစဉ်ကို ကျင့်ကြံရမယ့်အစား ဓားချောက်နက်မှာ အပိုလုပ်ပြီး ဓားသိုင်းသွားကျင့်နေတယ်။ ဒီလောက်အကြာကြီးသင်နေတာတောင်မှ ရှင့်ရဲ့ တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းက ဒီအဆင့်လေးပဲရှိသေးတယ် ရှင်ပထမအဆင့် အောင်မြင်သွားပြီလား”
“အာ…”
ရီဖူရှင်း မှင်တက်သွားသည်။ သူက အလှောင်ခံလိုက်ရတာလား။
သူသည် ဖီးနစ်လေးကို ပြုံးပြီးကြည့်လိုက်သည်။ အဆင့်တက်ပြီးနောက် ဖုန်းယန်သည် အနည်းငယ် ထောင်လွှား လာသည်ဟု ထင်ရသည်။
ထိုအချိန်တွင် ဖုန်းယန်သည် သူ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။ သူမ၏ပြုမူပုံများအား ကြည့်လျှင် သူမသည် အနည်းငယ်စိတ်လှုပ်ရှားကာ စမ်းသပ်ကြည့်ချင်နေပုံပေါ်လေသည်။
“မင်းက တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းကိုလဲ သိတာပဲလား” ရီဖူရှင်းက ပြုံးကာမေးလိုက်သည်။
“ဓားချောက်နက်မှာ ဒီဓားပညာရှိတာကို ထိုက်ရွှမ်တောင်က လူတိုင်းသိကြတာပဲဟာ။ ကျွန်မက ဘာလို့မသိရမှာလဲ” ဖုန်းယန်ကဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ ရီဖူရှင်းခေါင်းညိတ်လိုက်သည်။ ဓားချောက်နက်၏ တပည့်များစွာ တို့သည် တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းကို အနည်းငယ်သာ နားလည်သိမြင်နိုင်ခဲ့ကြသော်လည်း ထိုအရာကပင် လွန်စွာ အစွမ်းထက်လွန်းလှပေသည်။ ထို့ကြောင့်ပင် ဓားပညာအား ကျင့်ကြံကြသူ အားလုံးသည် ၎င်းကို လေ့လာ သင်ယူလိုကြသည်။ သို့သော်အနည်းငယ်သောသူတို့သာ ၎င်း၏ စွမ်းအားအမြင့်ဆုံးသို့ ရောက်ရှိနိုင်ခဲ့သည်။
“ကောင်းပြီ မင်းက ဒီဓားပညာကို သိနေတယ်ဆိုတော့ ငါတို့စမ်းကြည့်ကြမလား “ ရီဖူရှင်းက ပြုံးပြီး ပြောလိုက် သည်။
“ကောင်းပြီ” ရီဖူရှင်းခန့်မှန်းထားသလိုပင် ဖုန်းယန်သည် စမ်းသပ်ကြည့်လိုသောကြောင့် ရောက်လာခြင်း ဖြစ်သည်။ ရီဖူရှင်း၏ ကမ်းလှမ်းချက်ကိုကြားလျှင် ချက်ချင်းပင် သဘောတူလိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ဒီကောင်စုတ်အား အရှက်ရစေရမည်။ အမြဲတမ်း ထောင်လွှားတတ်တဲ့ ဒင်းရဲ့ လေသံအားပြောင်းလဲပစ်ရလိမ့်မည်။
“စလိုက်ကြစို့” ဖုန်းယန်သည် စိတ်မရှည်တော့သည့်ပုံ ပေါ်နေသည်။ ရီဖူရှင်းသည် သူမ၏စကားဆုံးသည်နှင့် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကြားတွင် အပူချိန်သိသိသာသာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ မကြာမီအချိန်တွင် မီးဖိုတွင်းရောက်နေသလို ခံစားလိုက်ရသည်။ ဒဏ္ဍာရီလာ နတ်မီးလျှံများသည် တစ်လောက လုံးကို လွှမ်းခြုံထားပြီး ရီဖူရှင်းအား ရစ်ပတ်ချုပ်နှောင်ထားသည်ဟု ထင်ရသည်။
ရှည်လျားသော ဖီးနစ်အော်သံတစ်ခု ထွက်ပေါ်လာပြီး ၎င်းအသံသည် ကောင်းကင်ကိုးလွှာတိုင်အောင် ရောက်ရှိ သွားသည်။ ကောင်းကင်ထက်တွင် ကြီးမားသော ဖီးနစ်ပုံရိပ်ယောင်တစ်ခု ထင်ဟပ်လာသည်။ တိမ်ပင်လယ်သည် မီးတောက်များအောက်တွင် ကျွမ်းလောင်ကာ နီရဲလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်လည်း လောင်ကျွမ်းနေပုံပေါ်သည်။
သို့သော် သူသည် ထိုနေရာတွင် အေးဆေးတည်ငြိမ်စွာဖြင့် ငြိမ်သက်စွာရပ်နေသော်လည်းသူ၏ စိတ်ထဲတွင်မူ အနည်းငယ် လှုပ်ရှားသွားသည်။ ဓားကလေထုအားပိုင်းဖြတ်နိုင်လျှင်ပင် ထိုမီးလျှံများသည် နေရာတိုင်းတွင် ရှိနေပေသည်။ ဓားကိုထုတ်လိုက်လျှင် တစုံတခုအားထိုးဖေါက်လိုက်သကဲ့သို့ ထက်ရှသောအသံတစ်ခု ထွက်ပေါ် လာသည်။ လေထု ထဲတွင် အလွန်ပြင်းထန်သော ဓားအငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။
“ငါအဆင်သင့်ဖြစ်ပြီ” ရီဖူရှင်းသည် ဖုန်းယန်ကိုကြည့်ကာပြောလိုက်သည်။
“ကျွန်မလဲအဆင်သင့်ပဲ” ဖုန်းယန်သည် မီးတောက်မီးလျှံများဖြင့် တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်လျှင် ရီဖူရှင်းသည် လောင်ကျွမ်းနေသည်ဟုခံစားလိုက်ရသည်။
သူပြုံးလိုက်ပြီး ရှေ့သို့တိုးလိုက်ကာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏လက်ထဲမှ ဓားသည်လည်း သူနှင့်အတူ လွင့်မျောသွားသည်။
ဘန်း…
ဖုန်းယန်၏ကိုယ်ပေါ်မှ မီးလျှံများပေါက်ကွဲထွက်လာပြီး တစ်လောကလုံးအား လောင်ကျွမ်းသွားသော်လည်း သူမရှေ့မှ ရီဖူရှင်း၏ပုံရိပ်သည် ပျောက်ကွယ်သွားသည်။
ထိုအချိန်အတွင်းမှာပင် ရီဖူရှင်း၏ ပုံရိပ်များသည် သူမပတ်ဝန်းကျင်တွင် ဝန်းရံထားပြီး သူ၏ပုံရိပ်နှင့်အတူ သူ၏ဓားသည်လည်း နေရာတိုင်းတွင်ရှိနေသည်ကို မြင်လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားသည်။
ရုတ်တရက် အန္တရာယ်၏အငွေ့အသက်များအား ခံစားလိုက်ရသဖြင့် ဖုန်းယန်၏ မျက်နှာထား ပြောင်းလဲသွား သည်။ သူမရှိနေသည့် နေရာသည် အစိပ်စိပ်အမွှာမွှာ ကွဲသွားသည်ဟု ခံစားမိလာသည်။ သူမသည် အရာခပ်သိမ်း ပိုင်းဖြတ်ခြင်း၏ ထောင်ချောက်ထဲတွင် ကျရောက်သွားပြီး မရေမတွက်နိုင်သော ဓားအမှတ်အသားများသည် ထိုနေရာအား ဖျက်ဆီးရန် နီးကပ်လာပြီဖြစ်သည်။
“ဖေဖေ…မေမေရေ…” ဖုန်းယန်သည် မျက်စိစုံမှိတ်ပြီး အော်လိုက်သည်။
ဝှစ်…
ရီဖူရှင်း၏ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး ဖုန်းယန်၏ ခန္ဓာကိုယ်အား ထိုနေရာမှ ဆွဲထုတ်လိုက်သည်။ ထိုနေရာရှိ အရာအားလုံးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပိုင်းဖြတ် ခံလိုက်ရပြီး ဖုန်မှုန့်များအသွင်ကူးပြောင်းသွားသည်။
ဖုန်းယန်သည် မျက်လုံးများကိုဖွင့်ပြီး ထိုကြောက်စရာ အဖြစ်အား ကြည့်လိုက်သည်။ ထို့နောက် သူမသည် ရီဖူရှင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “ရှင်တကယ်ကြီး လုပ်ရသလား”
ရီဖူရှင်းသည် အပြစ်ကင်းစင်သည့်ဟန်နှင့် သူမအားကြည့်လိုက်သည်။
“ရှင့်မှာ တကယ်လုပ်ရက်တဲ့ နှလုံးသားရှိတာပဲ…” ဖုန်းယန်သည် အမှန်တကယ် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“…”
ရီဖူရှင်းသည် မည်သို့မျှမပြောဘဲ ရပ်နေသည်။
အလွန်လွှမ်းမိုးနိုင်စွမ်းရှိသော အစွမ်းထက်သည့် ပုံရိပ်နှစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာပြီး ရီဖူရှင်း၏ ရှေ့တွင် ဖီးနစ်သားရဲ အင်ပါယာစုံတွဲ ထွက်ပေါ်လာသည်။
ရီဖူရှင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူမသည် မိဘများအား ထပ်မံ၍ ခေါ်လိုက်ပြန်သည်လား။
ထိုသို့သာဆို မည်သို့ တိုက်ခိုက်ရမည်နည်း။
“ရှန်ကျင်းက အကြီးအကဲများကိုဂါဝရပြုပါတယ်” ရီဖူရှင်းသည် စိတ်လှုပ်ရှားနေသော်လည်း မျက်နှာတွင် မပေါ်စေဘဲ ယဉ်ကျေးစွာဖြင့် အရိုအသေပေးလိုက်သည်။
သားရဲအင်ပါယာစုံတွဲသည် သူ့ကိုကြည့်ကာ ဖိအားများအား ထုတ်ဖေါ်လိုက်သည်။ ရီဖူရှင်းသည် ထိုအချိန်တွင် မှားယွင်းစွာ ဖိအားပေးခံရသည်ဟု ခံစားလိုက်မိသည်။
“ဖေဖေ… မေမေ သူ သမီးကို အနိုင်ကျင့်တယ်” ဖုန်းယန်သည် ငိုသံပါနှင့် ဝမ်းနည်းစွာတိုင်ကြားလိုက်သည်။
ရီဖူရှင်း အော်ငိုလုနီးပါးဖြစ်သွားသည်။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။
“မင်းကပြသနာရှာချင်တာကိုး… အခုတော့ ဒုက္ခရောက်ပြီမဟုတ်လား” ဖုန်းယန်၏မိခင် ဖီးနစ်မကြီးက ပြောလိုက်သည်။ ထိုမိန်းမငယ်လေးသည် အခက်အခဲတချို့အား မြည်းစမ်းကြည့်စေခြင်းသည် ကောင်းပေသည်။ သူမသည် သူမ၏ကန့်သတ်အား မသိရှိပေ။
“အကြီးအကဲက အမျှော်အမြင်ရှိပါပေတယ်” ရီဖူရှင်းက ချီးကျူးလိုက်သည်။ မိုးကောင်းကင်အား သက်သေ ထူနိုင်ပေသည်။ သူသည်မည်သည့်အချိန်က ဖုန်းယန်အားအနိုင်ကျင့်ခဲ့ပါသနည်း။
“မင်းကိုယ်မင်း ငှက်ကောင်းတစ်ကောင်လို့ ထင်နေသေးလား။ သူက ကလေးတစ်ယောက်ပါ ဘာကြောင့်မို့ ဒီလို စွမ်းအားကြီးတဲ့နည်းစနစ်ကို သုံးရတာလဲ” ဖီးနစ်လေး၏မိခင်သည် ရီဖူရှင်းအားကြည့်ကာ မေးလိုက်သည်။
“အာ…” ရီဖူရှင်း ကြက်သေ သေသွားပြီး ဖီးနစ်လေး၏မိခင်အား ကြည့်လိုက်မိသည်။ “မင်းသာငှက်… မင်းတို့ တစ်မိသားစုလုံးပဲ ငှက် ဟုတ်ပြီလား…” ရီဖူရှင်းသည် ထိုသို့ပြန်လည်ချေပချင်စိတ်များ ဝင်လာသော်လည်း ထုတ်ဖေါ်မပြောဝံ့ပေ။
ဖုန်းယန်သည် ကလေးတစ်ယောက်ဖြစ်သည်။
မိခင်တစ်ယောက်အနေဖြင့် မည်သည့်ကိစ္စမဆို သူမ၏ကလေးဘက်ကသာ ရပ်တည်ပေလိမ့်မည်။
“မင်း ဒီဓားပညာကို ဓားချောက်နက်ကနေ သင်ခဲ့တာလား” ဖုန်းယန်၏ ဖခင်မှ မေးလိုက်သည်။
“ဟုတ်ပါတယ်” ရီဖူရှင်း ခေါင်းညိတ်ပြလိုက်ရာ လူတိုင်း တိတ်ဆိတ်သွားကြသည်။
သားရဲအင်ပါယာနှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကာ သူတို့၏စိတ်နှလုံးများ အနည်းငယ် တုန်လှုပ်သွားကြသည်။
ဤလူသည် နာမည်ကျော်သံစဉ်ခြောက်ပုဒ်လုံးအား လေ့လာနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာပင် သူသည် တစ်ဒင်္ဂ နတ်ဘုရားဓားသိုင်းအား အဆင့်နှစ်ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။
သူသည် တေးသံသာစံအိမ်အား စောင့်ရှောက်ရန်လာသည်လား သို့မဟုတ် ထိုနေရာရှိပညာများအား ခိုးယူရန် ရောက်လာသည်လား။
ဤအတိုင်းသာဆိုလျှင် ထိုက်ရွှမ်တောင်မှ လျှို့ဝှက်အမွေအနှစ်များအားလုံး ခိုးယူခြင်းခံရတော့မည်လား။
***