အပိုင်း (၁၅၀၁)

ဖီးနစ်လေး

ဦးလေးလန် ထွက်ခွာသွားပြီးနောက် တေးသံသာစံအိမ်တွင် ရီဖူရှင်းတစ်ယောက်တည်း အတွေးထဲနစ်မြုတ်ပြီး ကျန်ရစ်ခဲ့သည်။

ထိုက်ရွှမ်ဒေသ၏ တော်ဝင်မြေသို့ရောက်ရှိချိန်တွင် တော်ဝင်မြေမှလူများ၏ ကျင့်ကြံခြင်းများကို သိမြင်နိုင်ရန်နှင့် ထိပ်သီးပညာရပ်များကို လေ့ကျင့်နိုင်ရန် အချိန်များစွာလိုအပ်မည်ဟု သူထင်ခဲ့သည်။

ထိုက်ရွှမ်စံအိမ်သခင်၏ စကားအနည်းငယ်ကြောင့် အရာရာတိုင်းသည် ထိုမျှလျင်မြန်စွာဖြင့် ပြောင်းလဲသွား လိမ့်မည်ဟု မထင်ခဲ့မိပေ။ ထိုက်ရွှမ်စံအိမ်သခင်သည် အရှင်ထိုက်ရွှမ်၏ ပင်မတပည့်လေးဦးထဲမှ တစ်ဦး ဖြစ်သည်ကို သိရသောအခါ စိတ်ထဲရှင်းလင်းသွားခဲ့သည်။

အမှန်တကယ်တွင် တေးသံသာစံအိမ်တွင် သူသည် ဂီတမှတ်တမ်းထိန်းသိမ်းသူမျှသာ ဖြစ်ကြောင်းကို သိရှိ သော်လည်း ထိုသို့သော မျက်နှာသာပေးမှုကိုပင် ပြန်လည်ပေးဆပ်နိုင်ရန် မလွယ်ကူပေ။ သူသည် မည်သည့် ကုချင်းအားဖြစ်စေ အသုံးပြု၍ ဤနေရာတွင် စုဆောင်းထားသည့် ဂီတမှတ်တမ်းများကို လေ့လာနိုင်သည်။ မည်မျှ ကံကောင်းလိုက်ပါသနည်း။

ထိုက်ရွှမ်ဒေသ၏ မရေတွက်နိုင်သော ပါရမီရှင်များအတွက် တေးသံသာစံအိမ်ကို ထိန်းသိမ်းရန်မဆိုထားနှင့် ထိုက်ရွှမ်တောင်ကို ဝင်ရောက်နိုင်ရန်ပင် အလွန်ခက်ခဲလွန်းလှသည်။

တေးသံသာစံအိမ်သည် အလွန်ကျယ်ဝန်းသည်။ ကုချင်းများကို နေရာအနှံ့ ချိတ်ဆွဲထားပြီး စာအုပ်စင်များတွင် ဂီတမှတ်တမ်းများစွာရှိနေသည်။ ရီဖူရှင်းသည် စာအုပ်အချို့ကို ယူပြီးဖတ်လိုက်ကာ စတင်လေ့လာဆင်ခြင် လိုက်သည်။

သူသည် ဂီတပညာတွင် ထူးခြားသောထိုးထွင်းသိမြင်နိုင်မှုအပြင် ခိုင်မာသောအခြေခံ စိတ်ဝိညာဉ်စွမ်းအားပါ ရှိနေသောကြောင့် နတ်ဘုရားသံစဉ်နှင့် မိစ္ဆာသံစဉ်တို့ကို ကျင့်ကြံနိုင်ခဲ့သော်လည်း ပိုမိုတိုးတက်ရန် လေ့လာရမည့် အခန်းကဏ္ဍများစွာ ရှိနေသေးသည်။ သူသည် ကုချင်းကို ငယ်ရွယ်စဉ်အချိန်ကသာလေ့လာခဲ့ပြီး ထိုအချိန်ကသူ၏ ဗဟုသုတမှာအကန့်အသတ်ရှိသည်။ ယခုအချိန်တွင်မူ ဤစံအိမ်အတွင်းရှိ အရာရာတိုင်းသည် သူ့အတွက် ပွင့်ဟလာမည့် တံခါးချပ်များသာဖြစ်တော့သည်။

ရီဖူရှင်းသည် ထိုက်ရွှမ်စံအိမ်သခင် ထွက်သွားခြင်း၊မသွားခြင်းကိုပင် သတိမမူမိတော့ဘဲ အတွေးများထဲတွင် နှစ်မြုတ် သွားသည်။ သို့သော်လည်း သူမ၏ရည်ရွယ်ချက်မှာ သူ့အား ထိုက်ရွှမ်တောင်သို့ ပို့ရန်သာဖြစ်သောကြောင့် ထပ်မံမေးမြန်းစရာ မလိုတော့ပေ။

တေးသံသာစံအိမ်၏ နောက်ဘက်တွင် ကွက်လပ်တစ်ခုရှိသည်။ ထိုကွက်လပ်တွင် ရှေးကျသောလူလုပ်ဂူ တောင်ပို့လေးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွယ်တန်းနေကြပြီး ကျောက်ပြားချပ်များလည်းရှိနေသည်။ နေရာတိုင်းတွင် ယခင်နေထိုင်သူများ ရှိခဲ့သည့် သဲလွန်စများကို ပြသနေပြီး ထိုနေရာသည် တေးသံသာအင်ပါယာ ယခင်က ကျင့်ကြံခဲ့သည့်နေရာ ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်ပြီး တောင်စောင်းဆီ ခုန်ပျံသွားလိုက်သည်နှင့် သူ၏ရှေ့တွင် တိမ်ပင်လယ်ကြီးအား တွေ့လိုက်ရသည်။ တိမ်တိုက်များနှင့် မြူခိုးများသည် နေရာအနှံ့တွင် ဝေ့ဆိုင်းနေသော အလွန်လှပသည့် ရှုခင်းသည် ထိုနေရာတွင် ခမ်းနားစွာတည်ရှိနေသည်။

ရုတ်တရက် အသံတစ်ခုနှင့်အတူ တိမ်တိုက်ထဲမှ တောက်ပသောပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်၏ တောက်ပသော အတောင်ပံများသည် ကောင်းကင်နှင့်မြေကြီးကိုပင် ထိန်လင်းတောက်ပသွားစေသည်။ တိမ်ပင်လယ်ကို ပြိုကွဲသွားစေပြီး အရောင်အသွေးစုံလင်လှသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ် စီးဆင်းလာစေသော  ထိုပုံရိပ်သည် နတ်ငှက်တစ်ကောင်ဖြစ်၏။ ရီဖူရှင်းသည် ဖီးနစ်ငှက်ကို မြင်သောအခါ မှင်တက်သွားမိသည်။

ဖီးနစ်ငှက်က ရီဖူရှင်းကို အံ့အားသင့်ဟန်များ စွန်းထင်းနေသော်လည်း ဆန့်ကျင်လိုသောအကြည့်များဖြင့် ကြည့်ကာ လှည့်ပတ်ပျံသန်းပြီးနောက် အဝေးသို့ ပျံသွားခဲ့သည်။ ကျယ်ပြန့်သောတိမ်ပင်လယ်ကြီးတွင် တိမ်တိုက်များအပြင် ရံဖန်ရံခါ ထွက်ပေါ်လာသော မြူခိုးများအပြင် ကြိုးကြာပြာများနှင့် မီးတောက်ဖီးနစ် ငှက်တို့ရှိနေသော မြင်ကွင်းသည် နတ်ဘုရားများ ဖန်ဆင်းထားသလို လှပလွန်းနေသည်။

တိမ်ပင်လယ်၏ ကမ်းပါးထက်တွင် ဖီးနစ်ငှက်ပုံစံ ရေးထွင်းထားသော ရှေးဟောင်း ဖီးနစ်ကုချင်းတစ်လက် ရှိနေသည်။ ဧရာမကျောက်တုံးပေါ်တွင် အလွန် ကြီးမားလှသော “ဖီးနစ်တောင်ပံ၏ လေဟုန်ခရီး” ဟူသော စာလုံးများအား ထွင်းထုထားသည်။

“ဒီမှာတစ်ခုခုတော့ရှိရမယ်” ရီဖူရှင်းသည် အင်္ကျီလက်ကို ဝေ့ရမ်းလိုက်ပြီး ဖုန်ခါလိုက်သည်။ “ဖီးနစ်တောင်ပံ၏ လေဟုန်ခရီး” ဟူသော စကားလုံး၏အောက်တွင် ရွှေရောင် ရှေးဟောင်း အက္ခရာတန်းများရေးထိုးထားသော ဂီတမှတ်စုတစ်ခုရှိနေပြီး ထိုမှတ်စုများသည် သူ၏စိတ်ထဲသို့ တိုက်ရိုက် စီးဝင်လာကြသည်။

ရီဖူရှင်းသည် တမင်ခွေထိုင်ချလိုက်ပြီး ဂီတမှတ်တမ်းကို တိတ်ဆိတ်စွာဖြင့် လေ့လာဆင်ခြင်လိုက်သည်။ အချိန်အနည်းငယ်ကြာသောအခါ မျက်လုံးများကိုဖွင့်လိုက်ပြီး ကုချင်းဆီသို့ သွားကာ ကြိုးများပေါ်သို့ လက်ကို တင်လိုက်သည်။

သူ၏လက်ချောင်းများသည် သံစဉ်အတက်အကျနှင့်အတူ လိုက်ပါလှုပ်ရှားနေသည်။ ထိုအသံသည် ဖီးနစ်ငှက်၏ ကြည်လင်ပြတ်သားသော အော်မြည်သံကဲ့သို့ဖြစ်သည်။ ကုချင်းအား ဖြည်းညင်းစွာတီးခတ်လိုက်သံသည် တိမ်ပင်လယ်ထဲတွင် ပျံ့နှံ့သွားသည်။ တိမ်ပင်လယ်၏ အဝေးမှတိမ်တိုက်များ တစ်လိမ့်လိမ့်တက်လာပြီး တောက်ပသော နတ်ဘုရားအလင်းတန်းများ စီးဆင်းလာကာ တိမ်ပင်လယ်ထက် ပျံသန်းနေသောဖီးနစ်ငှက် ထွက်ပေါ်လာပြီး ရီဖူးရှင်းအား စူးစိုက်ကာကြည့်လိုက်သည်။

ဂီတမှတ်စုများသည် ၎င်း၏စိတ်ထဲ ထိုးဖောက်လာကာ တုန်လှုပ်စေသော်လည်း မျက်လုံးများကို မလွှဲဖယ်ဘဲ ရီဖူရှင်းကို စူးစိုက်ကြည့်နေဆဲဖြစ်သည်။ နောက်ဆုံးတွင် ထိန်းချုပ်မရနိုင်တော့ဟန်ဖြင့် စကားတစ်ခွန်း ထုတ်ပြောလိုက်သည်။

“တော်တော်ဆိုးရွားတာပဲ”

ကုချင်းသံသည် ရုတ်တရက် ရပ်တံ့သွားသည်။  ရီဖူရှင်းသည် ဖီးနစ်ငှက်၏ မထီမဲ့မြင်ပြုခြင်းကို ခံလိုက်ရသဖြင့် အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။

ရီဖူရှင်းက မသက်မသာဖြင့်ပြောလိုက်သည်  “တောင်းပန်ပါတယ် ငါ ဒီသံစဉ်ကို မကျွမ်းကျင်သေးလို့ပါ”

ဤဖီးနစ်တောင်ပံ၏လေဟုန်ခရီးသည် ဖီးနစ်ကုချင်း၏သံစဉ်ဖြစ်၍  ဖီးနစ်ငှက်နှင့် သေချာသော ဆက်စပ်မှုများ ရှိနိုင်သည်။ ဆိုလိုသည်မှာ သူကျဆုံးသွားပြီဖြစ်သည်။

တကယ်တမ်းတွင် ရီဖူရှင်းသည် ဂီတမှတ်စုကိုလေ့လာနေချိန်တွင် နဂါးဆရာမလေး လင်းအာအကြောင်း စဉ်းစားနေခဲ့သည်။

သူတို့သည် နဂါးများအား တေးဂီတသံဖြင့်ဆက်သွယ်နိုင်ပြီး အစစ်အမှန်နဂါးများကို တိုက်ရိုက်ထိန်းချုပ်ကာ ထိုနဂါးမှတစ်ဆင့် သူတို့၏စွမ်းရည်များကို ထုတ်ဖေါ်ပြနိုင်ကြသည်။ ထိုသည်မှာ နဂါးဆရာများ၏စွမ်းအားပင် ဖြစ်သည်။

ဤဖီးနစ်တောင်ပံ၏လေဟုန်ခရီးသည်လည်း ထိုပညာနှင့်ဆင်တူပြီး ပို၍ပင်သာလွန်နိုင်ပေသည်။

“ငါ ဒါကိုထပ်ပြီးလေ့လာဖို့လိုသေးတယ်” ရီဖူရှင်းသည် မည်သည့်တုံ့ပြန်မှုမှမရှိဘဲ သူ့အားကြည့်နေသောသူကို ပြောလိုက်သည်။

“ကျွန်မကို ထပ်ပြီး နှိပ်စက်ဉီးမလို့လား”  ဖီးနစ်ငှက်သည် ဒေါသထွက်နေသော လူတစ်ယောက်လေသံဖြင့် အော်လိုက်သည်။  “တခြားနေရာတွေမှာလဲ ဒီလိုမျိုး ထူးခြားတဲ့ ကုချင်းနဲ့ ဂီတသံစဉ်တွေ ရှိနေတာပဲ ရှင်အဲဟာတွေကိုပဲ သွားပြီးလေ့လာကျင့်ကြံသင့်တယ်”

“…”
ရီဖူရှင်း ဆွံ့အသွားသည်။ ထိုငှက်သည် သူ့အား အမှန်တကယ်မုန်းတီးနေသည်လား။

“ကုချင်းတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ဂီတသံစဉ်တွေနဲ့ ချိတ်ဆက်ထားကြတာ မဟုတ်ဘူးလား” ရီဖူရှင်း မေးလိုက် သည်။ မည်မျှစိတ်ဝင်စားဖို့ကောင်းလိုက်သနည်း။

“ဟုတ်တာပေါ့… တစ်ချို့ကို အရင်တေးသံသာအင်ပါယာဆီကနေ ဆက်ခံနိုင်သလို တစ်ချို့ကိုတော့ ကိုယ်တိုင် ကျင့်ကြံနိုင်မှပဲရမယ် ရှင်ကအဲဒီအဆင့်ရောက်ဖို့ အဝေးကြီးလိုသေးတယ်” ဖီးနစ်ကပြောလိုက်သည်။ ရီဖူရှင်းအား ဝင့်ကြွားသောအကြည့်ဖြင့်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ဒီမှာ နာမည်ကျော်တဲ့သံစဉ် ခြောက်ခု ကျန်နေသေးတယ် အဲဒါတွေအားလုံးက ဆင့်ခေါ်တဲ့သံစဉ်တွေချည်းပဲဖြစ်ပြီးတော့ ကျင့်ကြံနိုင်ဖို့ မလွယ်ကြဘူး ဒါကို ကျွမ်းကျင်နိုင်ဖို့ ရှင့်အဆင့်က အရမ်းနိမ့်တယ် ဒီလောက်နဲ့မလုံလောက်ဘူး”

“ငါ့စွမ်းရည်က နိမ့်တယ်လား”  ရီဖူရှင်းစိတ်ဓာတ်ကျသွားသည်။ ဤသည်မှာတစ်စုံတစ်ဦးက  သူ၏ဂီတစွမ်းရည် ကို ပထမဆုံးအကြိမ် မေးခွန်းထုတ်ခံရခြင်းဖြစ်သည်။

“တော်တော်နိမ့်တယ်” ဖီးနစ်ကပွင့်လင်းစွာဝေဖန်လိုက်သည်။

“ဘယ်လောက်ထိ နိမ့်တာလဲ” ရီဖူရှင်းစိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

“သည်းမခံနိုင်လောက်အောင်ပဲ…” ဖီးနစ်ကချက်ချင်းအဖြေပေးလိုက်သည်။

“…”

ရီဖူရှင်းသည် ဖီးနစ်အား အချိန်အတန်ကြာ စိုက်ကြည့်လိုက်သည်။ ထိုစိတ်ကြီးဝင်နေသည့်သားရဲသည် အရာရာအားအလွယ်တကူ ကျော်လွှားနိုင်ခဲ့သဖြင့် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေဟန်ရှိသည်။ သူမသည် အချိန်အတော် ကြာသည်အထိ မည်သူနှင့်မျှ ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရခြင်းရှိဟန်မတူပေ။

“မေမေ..ဖေဖေ… ဒီမှာသမီးကို ရိုက်ချင်တဲ့သူတွေရှိနေတယ်” ဖီးနစ်ငှက်၏အော်မြည်သံသည် အဝေး တစ်နေရာသို့ ရောက်ရှိသွားသည်။ ချက်ချင်းပင်တိမ်တိုက်များ၏အနက်ရှိုင်းဆုံးနေရာမှ ကျယ်လောင်သော ဖီးနစ်အော်သံနှစ်ခုအား ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ ကောင်းကင်ပြိုကျလာသလို အလွန် ပြင်းထန်လှသော အင်ပါယာအဆင့်သားရဲတစ်ကောင်၏အဆုံးအစမဲ့ဖိအားသည် အလွန်ဝေးကွာသောအရပ်မှ ရီဖူရှင်းထံသို့ တိုက်ရိုက်ဖိအားပေးလာသည်။

“ ငါ…”

ရီဖူရှင်းသည် တစ်စုံတစ်ယောက်အား ပြင်းပြင်းထန်ထန်ရိုက်နှက်လိုစိတ်များ ဖြစ်ပေါ်နေသော်လည်း သူ၏ လေသံအား ချက်ချင်းပြောင်းလဲလိုက်သည်။

သူကပြုံးလိုက်ပြီး “အလှလေးဖီးနစ်… ငါတို့ဆွေးနွေးကြရအောင်” ဟုပြောလိုက်သည်။

ထိုမိန်းကလေးကသူ့မိဘများကို ခေါ်ခဲ့သည်လား။ ဘယ်လောက် မျှတမှုမရှိတဲ့ လောကလဲ။

ထိုတိမ်ပင်လယ်ထဲတွင် အင်ပါယာအဆင့်သားရဲ ဖီးနစ်နှစ်ကောင်ရှိနေသည့်အတွက် မည်သို့ရှေ့ဆက်နိုင်ပါ မည်နည်း။ ထိုက်ရွှမ်တောင်သည် အမှန်တကယ်မြင့်မြတ်သောနေရာတစ်ခုဖြစ်နေသည်မှာ သံသယဖြစ်စရာ မလိုပေ။ စံအိမ်၏အနောက်ဘက်တွင်ပင် မြင့်မြတ်သော ဖီးနစ်သားရဲများ ရှိနေခဲ့သည်။

“ကျွန်မလှတယ်ဆိုတာ ရှင်ဘယ်လိုသိတာလဲ” ဖီးနစ်၏ခန္ဓာကိုယ်သည် အလင်းတန်းများ တောက်ပလာပြီး လူအသွင်သို့ပြောင်းလဲသွားသည်။ လူအသွင်သို့ပြောင်းလဲသွားသည့် သူမ၏ပုံသဏ္ဍာန်သည် ပြီးပြည့်စုံလွန်း လှသည်။ သူမတွင် နူးညံ့ချောမွေ့သောအသားအရေရှိပြီး သူမ၏ကိုယ်ပေါ်တွင် အနီရောင်မီးတောက်ပုံရှိသော သားမွေးဝတ်စုံအားဝတ်ဆင်ထားသည်။ သူမသည်မီးကဲ့သို့ပူပြင်းသည့်အလွန်ညှို့အားကောင်းသော မိန်းမပျို တစ်ဉီး ဖြစ်သည်။

ရီဖူရှင်းက လေးနက်ဟန်ဖြင့်ပြောလိုက်သည်။ “ ငါက အသံကြားတာနဲ့သိတယ်လေ” ရီဖူရှင်းသည် သူမအား မလွန်ဆန်နိုင်ပေ။

ထိုက်ရွှမ်တောင်တန်းတွင် မွေးဖွားခဲ့ပြီး သားရဲဘုရင်နှစ်ဉီး၏ မျိုးဆက်ဖြစ်သည့် ဤဖီးနစ်လေးသည် ကောင်းကင် နှင့် မြေကြီးအကြားတွင် အကောင်းဆုံး ဖြစ်တည်မှုဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် ရှန့်ထိုအဆင့် ဖြစ်သော်လည်း သူမသည် မိန်းမငယ်လေးတစ်ယောက်ပမာပြုမူနေသည်။ ဥဒေါင်းအင်ပါယာမှ ဆင်းသက် လာသော ခွန်ရွှမ်ပင်လျှင် သူမနှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

“ရှင်ကတော်တော်ပါးနပ်တဲ့လူပဲ” ဖီးနစ်သည် ရီဖူရှင်းအား သေချာစွာ အကဲခတ်သလိုကြည့်လိုက်ပြီး ဆက်ပြောသည်။

“ရှင်က တော်တော်ကြည့်ကောင်းတာပဲ ရှင်က တေးသံသာအင်ပါယာရဲ့တပည့်လား”

ရီဖူရှင်း ခေါင်းကိုခါလိုက်သည်။

“ထိုက်ရွှမ်တောင်ပေါ်မှာ တိတ်တိတ်လေးခိုးပြီး ကျင့်ကြံဖို့ လာခဲ့တာဆိုရင်တော့ ခုချက်ချင်း ထွက်သွား သင့်တယ်လို့ အကြံပေးချင်တယ်”

ရီဖူရှင်းက “ဦးလေးလန်က ဒီနေရာကို လာဖို့ ငါ့ကိုခွင့်ပြုထားတယ်”

“ဟုတ်လား” ဖီးနစ်လေးသည် သူမ၏လှပသောမျက်လုံးလေးအား လှည့်ပတ်ကာ တစ်စုံတစ်ရာအား စဉ်းစားလိုက်သည်။ တေးသံသာစံအိမ်တွင် မည်သူမျှ ကြာမြင့်စွာမနေခဲ့ကြပါ။ တစ်စုံတစ်ဦးသည် ထိုနေရာသို့ တေးဂီတကို လေ့လာဆင်ခြင်ရန်ရောက်လာမည်ဆိုလျှင် သူမ၏ပျင်းရိငြီးငွေ့ဖွယ်အချိန်များအား လျော့ပါး သက်သာစေပေလိမ့်မည်။

“ကျွန်မနာမည်က ဖုန်းယန်ပါ  ရှင့်နာမည်က…”

“ရှန်ကျင်း” ရီဖူရှင်းကပြောလိုက်သည်။

“ဖုန်းယန်… မျှော်လင့်ထားတဲ့အတိုင်းပဲ… မင်းရဲ့နာမည်က မင်းလိုပဲလှတယ်”

ဖုန်းယန်ကတောက်ပစွာပြုံးလိုက်သောအခါ ရီဖူရှင်းသည် အနည်းငယ်အပြစ်ရှိသလို တိတ်တဆိတ် ခံစားလိုက် ရသည်။ မိန်းမငယ်လေးများသည် စိတ်ပြောင်းလွယ်လှ၏။

“ဖုန်းယန် ငါ့ကို ဒီနေရာအကြောင်းနည်းနည်းလောက်ပြောပြနိုင်မလား” ရီဖူရှင်းမေးလိုက်သည်။

“ဒါပေါ့” ဖုန်းယန်ကအလွယ်တကူ သဘောတူလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ထက်မှ ဆင်းသက်လာသော အသံလှိုင်းတစ်ခုအား ကြားလိုက်ရသည်။

“ဖုန်းယန်…ကျင့်ကြံဖို့အချိန်ရောက်ပြီ”
ဖုန်းယန် ချက်ချင်းပင် မျက်နှာပျက်သွားသည်။ အသံထွက်ပေါ်လာသည့်နေရာတွင် ဖီးနစ်ပုံစံ ပုံရိပ်ယောင် တစ်ခုဖြစ်ပေါ်လာပြီး ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။

“ရှန်ကျင်းက အကြီးအကဲကိုဂါရဝပြုပါတယ်” ရီဖူရှင်းက အနည်းငယ်လေးစားဟန်ဖြင့်ပြောလိုက်သည်။

“အကြီးအကဲလန်က မင်းကို ဒီမှာ ကျင့်ကြံခွင့်ပြုတယ်ဆိုရင် ကျင့်ကြံခြင်းကိုပဲအာရုံစိုက်ပါ အကြီးအကဲလန်ကို စိတ်မပျက်စေနဲ့” ဖီးနစ်ပုံရိပ်သည် ပေါ့ပါးစွာပြောဆိုနေခြင်းဖြစ်သော်လည်း သူမ၏အသံသည် ဩဇာအာဏာဖြင့် ပြည့်စုံသောအသံဖြစ်သည်။ ထို့နောက်သူမသည် ဖုန်းယန်အားခေါ်ဆောင်ကာ ထွက်ခွါသွားသည်။

ဖုန်းယန်သည် ထူးခြားစွာမွေးဖွားလာသူဖြစ်သည်ဟု ရီဖူရှင်း သံသယဝင်မိသည်။ သူမ၏မိဘနှစ်ပါးစလုံးသည် အင်ပါယာအဆင့် သားရဲများဖြစ်လာပြီးနောက် သူမအား မွေးဖွားလာခဲ့ပြီး အရှင်ထိုက်ရွှမ်၏ စိတ်ဝိညာဉ် ရတနာမှလည်း ထပ်မံကောင်းချီးပေးခဲ့သည်။ ဖုန်းယန်သည် မွေးရာပါ ရှန့်ထိုအဖြစ် မွေးဖွားခဲ့ပြီး သဘာဝတိုင်းပင် ရှန့်ထိုအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ ၎င်းသည် နတ်အဆင့်သားရဲများသာ ရရှိနိုင်သောစွမ်းရည်ဖြစ်ပြီး လူသားများ တတ်နိုင်သောအရာမဟုတ်ချေ။

ထို့ကြောင့် ဖီးနစ်မျိုးနွယ်စုများနှင့် လူသားများအား နှိုင်းယှဉ်ကြည့်လျှင် ဖုန်းယန်သည် အလွန်ငယ်ရွယ်ပေဦးမည်။ ထိုမိန်းမငယ်လေးသည်အလွန်ဆိုးသွမ်းလှသော်လည်း အကြီးအကဲလန် စီစဉ်ထားသောကိစ္စအား မည်သို့မျှ ပြုလုပ်မည်မဟုတ်ပေ။

ရီဖူရှင်းသည် ထွက်ခွါသွားသူများအား ကြည့်ပြီး အနည်းငယ်စိတ်ပျက်မိသွားသည်။ ဖုန်းယန်သည် ဤနေရာတွင် အမြဲတမ်းနေထိုင်သူဖြစ်သောကြောင့် တေးသံသာစံအိမ်နှင့် ထိုက်ရွှမ်တောင် အကြောင်းများအား သိနေပေ လိမ့်မည်။  အကယ်၍ သူမသာ သူနှင့်အတူ ဆက်လက်ရှိနေဉီးမည်ဆိုပါက ဖြစ်လာနိုင်သော အခက်အခဲများအား ရှောင်ရှားနိုင်ပေလိမ့်မည်။

သို့သော် ထိုဖီးနစ်အမျိုးသမီးကြည့်သော အကြည့်များသည် အလွန်ပြင်းထန်လွန်းလှသည်။

“သေစမ်း” ရီဖူရှင်းသည် တစ်ကိုယ်တည်း ရေရွတ်မြည်တမ်းလိုက်ပြီး  ထိုနေရာတစ်ဝိုက်အား လေ့လာလိုက်သည်။ နာမည်ကျော်သံစဉ် ခြောက်ပုဒ်…။ ကြည့်ရသည်မှာ သူသည် ထိုထိုက်ရွှမ်တောင်ပေါ်တွင် ပျင်းရိချိန် ရှိမည် မထင်ချေ။

ထို့နောက်တွင်မူ ရီဖူရှင်းသည် တေးသံသာစံအိမ်တွင် တစ်ကိုယ်တည်း ကျင့်ကြံနေခဲ့ပြီး အခြားသူများကို မေ့လျော့သွားတော့သည်။ သူ၏ တည်ရှိမှုကို မည်သူမျှ အာရုံစိုက်ခြင်းမရှိကြဘဲ သူတစ်ယောက်တည်း ပျော်ရွှင်စွာ ကျင့်ကြံရင်း ဖြတ်သန်းနေသည်။ ဖုန်းယန်သည် တစ်ခါတစ်ရံ သူ့ထံ တိတ်တခိုးလာပြီး စကား တစ်ခွန်းစနှစ်ခွန်းစ လာပြောလေ့ရှိသည်။

သို့သော် ဖီးနစ်မကြီးသည် သူမအား သူခိုးဂျပိုးရန်မှ ကာကွယ်သလို လိုက်ပါစောင့်ရှောက်နေခြင်းသည် ရီဖူရှင်းအား အမှန်တကယ် ဒေါသထွက်စေသည်။ သူက ထိုသို့သော လူစားမျိုးနှင့် တကယ်ပင် တူနေသည်လား။

ရီဖူရှင်းအား အနှောက်အယှက်မပေးသော်လည်း ထိုက်ရွှမ်တောင်တန်းရှိ ကျင့်ကြံသူများသည် သူ၏တည်ရှိမှုကို သိရှိကြသည်။ နောက်ဆုံးတွင်သူသည် တေးသံသာစံအိမ်၏ တစ်ဉီးတည်းသော အစောင့်အရှာက်ဖြစ်လာခဲ့သည်။

ဤအဆင့်အတန်းသည် လူအများ လိုချင်တပ်မက်သောနေရာဖြစ်သော်လည်း ရရှိရန်ခဲယဉ်းသည်။

မျိုးဆက်သစ်ပါရမီရှင်များ အပါအ၀င် ထိုက်ရွှမ်တောင်တန်းတွင် ကျင့်ကြံသူများစွာရှိသည်။ ထိုအချိန်တွင် ထိုက်ရွှမ်တောင်ပေါ်တွင် အုပ်စုတစ်စု ဆွေးနွေးနေကြသည်။

“မနေ့ကငါ တေးသံသာစံအိမ်နားကဖြတ်သွားတော့  အထဲကကုချင်းတီးနေတဲ့ အသံကြားရတယ်။ စတုတ္ထ သခင်မလေးက ပို့လိုက်တဲ့ ဂီတပညာရှင်ဖြစ်မယ်ထင်တယ်” တစ်ယောက်ကပြောလိုက်သည်။

“ရှန်ကျင်း.. အဲဒီလူရဲ့ နောက်ခံကဘာတဲ့လဲ” တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

လူတိုင်းခေါင်းခါလိုက်ကြပြီးတစ်ယောက်က ပြောသည် “သူက ထိုက်ရွှမ်စားသောက်ဆိုင်က ဂီတပညာရှင်လို့ပြောတာပဲ စတုတ္ထ သခင်မလေးက သူ့ရဲ့ ဂီတပါရမီကို တန်ဖိုးထားလို့ သူ့ကိုတောင်ပေါ်ကိုခေါ်လာတာ။ အကြီးအကဲလန်က သူ့ကို တေးသံသာ စံအိမ်မှာ နေဖို့စီစဉ်ပေးခဲ့တာပဲ”

“ထိုက်ရွှမ်ပေါ်က တေးသံသာစံအိမ်ကို လိုချင်တဲ့သူအရမ်းများတယ်။ ထိုက်ရွှမ်တောင်ကို ရောက်ခါစ လူ တစ်ယောက်က ဘာကြောင့် တေးသံသာစံအိမ်မှာ ကျင့်ကြံနိုင်ရတာလဲ”

သူပြောလိုက်ပြီး သူ့အနားကလူငယ်တစ်ယောက်ကိုကြည့်လိုက်သည်။ ထိုလူငယ်သည် ကုချင်းလမ်းစဉ်ကို အလွန်ကျွမ်းကျင်သည်အထိ ကျင့်ကြံနိုင်ခဲ့သော်လည်း ဤသို့သော အခွင့်အရေးမျိုး မရရှိခဲ့ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset