Switch Mode

အခန်း ( ၂၉ )

လေးလံခြင်းမှသည် ပေါ့ပါးခြင်းဆီသို့

ကျောက်စိမ်းလည်ဆွဲ၏ အကာအကွယ်စွမ်းအားကို အသေးစားစစ်ဆေးမှုလုပ်ပြီးသွားသောအခါ ပိုင်ရှောင်ချန်းမှာ တဟားဟားနှင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထို့နောက် သူ၏အာရုံကို သစ်သားဓားဆီသို့ လွှဲလိုက်သည်။ သူဂိုဏ်းထဲစစဝင်ချင်း ကထဲကထိုဓားကို ပိုင်ဆိုင်ခဲ့သည်ဖြစ်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းနှစ်ဆင့်ထိ လုပ်ပြီးသွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်းက ပြုံးရင် စိတ်ထဲတွင်တွေးနေသည်။

“ဒီကျောက်စိမ်းလည်ဆွဲရဲ့ ကာကွယ်နိုင်စွမ်းနဲ့ ငါ့ရဲ့သစ်သားဓားကို အဆင့်သုံးစိတ်စွမ်းအင်အဆင့်မြှင့်ခြင်း လုပ်ပြီးသွားတဲ့ အခါ ရလာမယ့် စွမ်းအင်ကိုပေါင်းစပ်လိုက်ရင် ငါလုံးဝကို ထူးကဲသွားမှာပဲ။”

ထို့နောက်သူက သစ်သားဓားကို စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းလုပ်ရန် ပြင်ဆင်လိုက်သည်။

ငွေရောင်အလင်းတန်းများ လိပ်ဒယ်အိုးထဲတွင် ပေါ်ထွက်လာသည်။ ထိုအလင်းတန်းများပျောက်ကွယ်သွားသောအခါ သစ်သားဓားမှာ ပိုင်ရှောင်ချန်းရှေ့တွင်ပေါ်လာသည်။ဓားပေါ်တွင် ငွေရောင်အင်းကွက် ၃ကွက်တောက်ပလာပြီး ဖြေးဖြေးချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။ တစ်ချိန်ထဲမှာပင် ဓား၏သွင်ပြင်လက္ခဏာမှာ ပြောင်းလဲသွားသည်။ လက်တစ်ချောင်းပမာဏခန့် ပို၍ရှည်လာပြီး သစ်သား၏အကြောများမှာ ခရမ်းရောင်ပြောင်းသွားတော့သည်။

ထို့အပြင် နှာခေါင်းထဲသို့စဝင်သည့်အချိန်တွင် မွှေးကြိုင်သောအနံ့ရှိသော်လည်း ခဏအကြာတွင် စိတ်ကိုရှုတ်ထွေးသွားစေသော ထူးဆန်းသည့်အနံ့တစ်မျိုးလည်း ဓားမှပေါ်ထွက်လာသည်။

ပိုင်ရှောင်ချန်းလည်း တစ်ခဏမျှ တုန်လှုပ်သွားပြီးနောက် သူ၏မျက်လုံးများမှာ ကြည်လင်သွားသည်။ ဓားကိုတုန်လှုပ်စွာကြည့်လိုက်ပြီး လှမ်းယူလိုက်သောအခါ အရင်ကထက် များစွာလေးလံနေသည်ကို ခံစားလိုက်ရသည်။ သူ၏လက်ထဲတွင်ကိုင်ထားစဥ်မှာပင် ဓားကမထင်မှတ်ပဲ ကျောက်ဆောင်တစ်ခုအလား လေးလံလာသည်။

အရည်လဲ့နေသောမျက်လုံးများဖြင့် ဓားကိုစစ်ဆေးလိုက်ပြီးနောက် သူ၏မျက်လုံးမှာ တဖြည်းဖြည်း တောက်ပကာလာတော့သည်။

“ဒီသစ်သားဓားက ရှားပါးတဲ့ တိမ်ထူသစ်သားနဲ့ လုပ်ထားတာပဲဟ။” ပိုင်ရှောင်ချန်းက မှင်သက်စွာရေရွတ်လိုက်သည်။

စိတ်စွမ်းအင်အပင်များကိုလေ့လာထားသည်ဖြစ်သဖြင့် သူကဆက်၍စဥ်းစားလိုက်သည်။

“လက်နက်ပြုလုပ်တဲ့နေရာမှာသုံးဖို့ဆိုရင် အဲ့သစ်သားကို ၄၉ရက် အညစ်အ​ကြေး သန့်စင်ဖို့လိုတယ်။ လက်နက်အမြောက်အမြား ထုတ်လုပ်တဲ့နေရာမှာလည်းသုံးနိုင်တာပဲ။”

ထို့နောက်သူက ဓားပေါ်ရှိ သစ်ကြောများကို လေ့လာလိုက်သည်။

“ခရမ်းရောင် သစ်ကြောတွေပဲ။ အဲ့တာအတွက် အဖြေကတစ်ခုပဲရှိမယ်။ ဒီလောက်အများကြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတွေလုပ်လိုက်လို့ ဖြစ်လာတဲ့ ဒီဓားရဲ့ မှော်အသွင်ပြောင်းလဲခြင်းအင်္ဂါရပ်တွေပဲဖြစ်မယ် ”

ပိုင်ရှောင်ချန်းက မျက်လုံးမှိတ်ကာ သူလေ့လာထားသောစိတ်စွမ်းအင်အပင်များထဲမှ တိမ်ထူသစ်သားအကြောင်းကို ပြန်ကာတွေးတောနေသည်။

ခဏအကြာတွင် သူ့မျက်လုံးမှာ ပြန်ပွင့်လာပြီး မျှော်လင့်ချက်များဖြင့်တောက်ပနေသည်။ လက်ဖြင့်ဂါထာတစ်ခုမန်းမှုတ်လိုက်ပြီး ဓားကိုတို့လိုက်သောအခါ ခရမ်းရောင်အစက်လေးများ တလက်လက်ထနေသော အနက်ရောင်အလင်းတစ်ခုပေါ်လာသည်။

ရုတ်တရက်ပင် ထိုဓားမှာ သစ်သားအိမ်လေးထဲအပြင်သို့ ထိုးထွက်သွားပြီး ခြံဝန်းကိုဖြတ်ကာ မီတာ၃၀လောက်ရောက်သောအခါ ကျောင်ဆောင်အကြီးကြီးထဲသို့ စိုက်ဝင်သွားသည်။

အသံတစ်သံမှထွက်မလာပဲ ထိုဓားက ကျောက်သားထဲထိ မွှေနှောက်ထိုးဝင်သွားပြီး အခြားတစ်ဖက်မှ ဖောက်ထွက်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြန်ရောက်လာသည်။

ဓားမှာ ထိခိုက်မှုမရှိသည့်အပြင် ချွန်ထက်သော အခိုးအငွေ့တစ်ခုထွက်ပေါ်နေသည်။

ပိုင်ရှောင်ချန်း၏ အမူအရာမှာ ဝင်းလက်သွားသည်။ ဓားနှင့် အနည်းငယ်ဆော့ကစားလိုက်ပြီးနောက် အင်းကွက်များကိုဆေးခြယ်လိုက်သည်။အဆုံးတွင် တံခါးကိုဖွင့်၊အပြင်ထွက်ကာ အသက်ပြင်းပြင်းရှူလိုက်သ​ည်။သို့သော်လ​ည်း ပြိုင်ပွဲမှာ ၂လအတွင်း စတော့မည်ဆိုသည့်အတွေးခေါင်းထဲရောက်လာသောအခါ သူစောစောက တက်ကြွနေသည့်စိတ်ဓာတ်များပင် အနည်းငယ် လျော့ကျသွားသည်။

ကိုယ့်ကိုယ်ကို အပြည့်အဝမယုံကြည်နိုင်သေးသော ပိုင်ရှောင်ချန်းက တွေးလိုက်သည်။

“ဒီလောက်နဲ့တော့ မရသေးဘူး။ ငါ့ကိုယ်ငါ အကောင်းဆုံးမပြင်ဆင်ရသေးဘူးပဲ။ ပြိုင်ပွဲလာမဲ့ အခြားလူတွေကလည်း ကြောက်စရာသားရဲကောင်တွေလိုမျိုးနေမှာ။ သေချာပေါက် ထပ်ကြိုးစားမှရမယ်။”

သူက လက်စွဲစာအုပ်ထဲတွင်ဖတ်လိုက်ရသော ခရမ်းရောင်ချီထိန်းချုပ်နည်း အနုပညာဆိုသည့်အထဲမှ အဆင့်နှစ်ဆင့်အကြောင်းကို အံကြိတ်ကာစဥ်းစားတွေးတောနေသည်။

‘ လေးလံခြင်းမှသည် ပေါ့ပါးခြင်းဆီသို့….

ပေါ့ပါးခြင်းမှသည် လေးလံခြင်းဆီသို့….. ‘

ခရမ်းရောင်ချီထိန်းချုပ်နည်းအနုပညာ၏ ထိုအဆင့်၂ဆင့်မှာ ကျင့်ကြံရင်း ထွက်လာသော အစွမ်းထက် မှော်အတတ်များဖြစ်သည်။ အဆင့်၂ဆင့်လုံးကို ထိပ်ဆုံးထိလေ့ကျင့်ပြီးပါက နတ်ဘုရားအစွမ်းကဲ့သို့ အစွမ်းထက်​သော ခရမ်းရောင်ချီ ဒယ်စောက်အိုးဆင့်ခေါ်ခြင်းအတတ်ကို တတ်မြောက်သွားမည်ဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ကမ်းတွင် ခရမ်းရောင်ချီ ဒယ်စောက်အိုး ထိန်းချုပ်နည်း ပညာရပ်၏ အခြေခံကျင့်စဥ်များကို လူတိုင်းနီးပါးကျင့်ကြသည်။ သို့သော်လည်း လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ဆိုသောအကွက်ကို လူအနည်းငယ်မျှသာကျင့်ပြီး ဒုတိယအဆင့်ဖြစ်သော ပေါ့ပါးရာမှသည် လေးလံခြင်းဆီသို့ဆိုသော အကွက်ကိုမူ ကျင့်ကြံသူမှာ ပို၍ပင်ရှားသည်။ ထိုပညာရပ်ကို ထိပ်ဆုံးအဆင့်ထိလေ့ကျင့်ပြီး ခရမ်းရောင်ချီ ဒယ်စောက်အိုး ဆင့်ခေါ်ခြင်းအတတ်ကို တတ်မြောက်သူမှာကား အရှားတကာ့ အရှားဆုံးပင်။

တကယ်တန်းလက်တွေ့တွင် ခရမ်းဒယ်အိုးတောင်မှ ဂိုဏ်းသားများထဲတွင်သာ ထို ခရမ်းရောင်ဒယ်စောက်အိုး ဆင့်ခေါ်ခြင်းအတတ်ကို တတ်မြောက်သူများရှိသည်။

ပိုင်ရှောင်ချန်းက သစ်သားဓားကို ငေးကြည့်ကာ ထိုကျင့်စဥ်၏ အညွှန်းကို ဆက်၍တွေးတောနေသည်။

“လေးလံရာမှ ပေါ့ပါးခြင်းဆိုတာ……… ရုပ်ဝတ္ထုပစ္စည်းတွေကို လုံးဝထိန်းချုပ်နိုင်တဲ့အဆင့်ရောက်မှ အမှန်တကယ် တတ်မြောက်ပြီလို့ ပြောနိုင်တာပါလား ”

သူ ရွှီပေါက်ချိုင်နှင့် တိုက်ခိုက်ခဲ့စဥ်က စီမံရေးရာဌာနမှ လူများသာမက စားဖိုဆောင်ကလူများကပါ ပိုင်ရှောင်ချန်းကို လေးရာမှသည့် ပေါ့ပါးခြင်းဆိုသည့်အကွက်ကို တတ်မြောက်သွားပြီဟု အထင်လွဲခဲ့ကြသ​ည်။ ထို အခြေအနေကိုပြန်တွေးမိသွားသောအခါ သူ၏ခေါင်းထဲတွင် အကြံတစ်ခု ဖျတ်ကနဲပေါ်လာတော့သည်။

“အဲ့လူတွေ ငါ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ဆိုတဲ့အကွက်ကို တတ်တယ်လို့ထင်နေတာက ငါသစ်သားဓားကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ပြလိုက်လို့ပဲဟ။ ဒါပေမဲ့ အဲ့လိုထိန်းချုပ်နိုင်တဲ့ အဓိကအချက်က စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း လုပ်ပြီးတဲ့နောက်ပိုင်း ငါ့ရဲ့ဓားက အဆင့်မြင့်သွားလို့ပဲ။”

“အဲ့တာဆို ငါ့ရဲ့ထိန်းချုပ်မှုစွမ်းအင်က အဲ့လောက်အကောင်းကြီးမဟုတ်လောက်သေးဘူး။ ပြီးတော့ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ဆိုတဲ့ အကွက်လည်း မဟုတ်ဘူးပဲ။” ပိုင်ရှောင်ချန်းက တင်ပျဥ်ခွေထိုင်ကာ မျက်မှောင်ကြုံ့ရင်း သစ်သားဓားကိုကြည့်ကာ တွေးတောနေတော့သည်။ မျက်လုံးများမှာ အသက်မဲ့နေပြီး ရုတ်တရက်ကြီးဆိုသလို နီမြန်းသွားသည်။

ခဏအကြာတွင် သူကညာလက်ကို လေထဲတွင်ဝှေ့ယမ်းလိုက်ပြီး သစ်သားဓားကို ရှေ့သို့ လွှတ်လိုက်သည်။ ဓားမှာ သူ့ရှေ့ရှိလေထုကို ရွှီခနဲ ထိုးခွင်းသွားကာ လမ်းတစ်လျှောက်ဖုန်များထနေတော့သည်။ ပိုင်ရှောင်ချန်းလည်း ပို၍မျက်မှောင်ကြုံ့လိုက်ကာ ညာလက်ဖြင့် လက်ကွက်ဖော်လိုက်ပြီး လက်ညိုးထိုးလိုက်သည်။ သို့သော် သူလက်ညိုးထိုးသောအရာမှာ ဓားမဟုတ်ပဲ ခြံဝန်းထဲရှိ စောစောက သူဓားဖြင့်ထိုးနေခဲ့သော ကျောက်ဆောင်ကြီးဖြစ်သည်။

သူ့လက်ချောင်း၏ ဝှေ့ယမ်းမှုက ထိုကျောက်တုံးကြီးကို တုန်လှုပ်သွားစေပြီး လေထဲသို့ တစ်မီတာ၏ သုံးပုံးပုံတစ်ပုံခန့် မြင့်တက်သွားစေသည်။ သို့ရာတွင် ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်မှာ မငြိမ်မသက်ဖြစ်လာသဖြင့် ထိုကျောက်တုံးကြီးမှာ ပြန်ကျလာပြီး ဒုန်းကနဲ အသံကျယ်ကြီးထွက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာမူ မတုန်လှုပ်သည့် အပြင် ပြောင်းပြန်ပင်ဖြစ်နေသည်။ သူ၏မျက်လုံးများမှာ လင်းလက်စွာတောက်ပလာသည်။ အာရုံအပြည့်စိုက်ကာ စိတ်စွမ်းအင်ကိုပြန်လည် လည်ပတ်စေလိုက်ပြီး နောက်တစ်ဖန် လက်ညိုးကိုဝှေ့ယမ်းလိုက်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။….

အချိန်ဟူ​သောဒီရေလှိုင်းများစီးဆင်းနေသည်မှာ လတစ်ဝက်ပင် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ထိုတစ်ချိန်လုံး ပိုင်ရှောင်ချန်းမှာ ကျောက်တုံးကြီးကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။ ထိုကျောက်တုံးကြီးမှာ လူ၃ယောက်အရပ်စာလောက်ရှိပြီး ၁၅၀၀-၁၆၀၀ ကီလိုဂရမ်လောက်လေးသည်မှာ အမှန်ပင်။ ပိုင်​ရှောင်ချန်းမှာ ချီစုစည်းမှုအဆင့်၅ စက်ဝန်းထဲတွင်ရောက်နေသော်လည်း ထိုမျှလောက်သော အရာဝတ္ထုတစ်ခုကိုထိန်းချုပ်ရသည်မှာ မလွယ်ချေ။

ပိုင်ရှောင်ချန်း ထိန်းချုပ်နိုင်သည်မှာလ​ည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်သန့်စင်သောအခြေအနေသို့ရောက်ရှိနေ၍ပင်ဖြစ်သည်။ ချီစုစည်းမှုအဆင့်၅ ရှိသော မည်သည့်လူမဆို ထိုကျောက်တုံးကို စင်တီမီတာအနည်းငယ်ထက် ပို၍ ​ ရွှေ့နိုင်မည်မဟုတ်။

တစ်လတာလုံး ပိုင်ရှောင်ချန်းက ကြိုးစားနေတော့သည်။ ထိုအချိန်တွင် ကျောက်တုံးကိုထိန်းချုပ်ရန် ခက်ခဲနေရခြင်းမှာ စိတ်စွမ်းအင်မလုံလောက်၍ မဟုတ်ပဲ ထိန်းချုပ်မှုအား နည်းနေသေးသောကြောင့်ဖြစ်သည် ဆိုသောအချက်ကို သူသိသွားသည်။ စိတ်စွမ်းအင်များစွာ ကျန်ရှိနေသေးတာတောင်မှပင် ချိတ်ဆက်မှုက အမြဲကျိုးပြတ်သွားနေသည်ဖြစ်သ​ည်။

“အဓိကသော့ချက်ကတော့ စိတ်စွမ်းအင်စီးကြောင်းကို တသမတ်တည်း အသုံးချပြီး ရွှေ့စေဖို့ပဲ ” သူသည် မျက်လုံးများတောက်ပနီရဲနေပြီး ကွဲအက်သောအသံနှင့် ရေရွတ်လိုက်သည်။ ”

” အဲဒါဆိုရင် ဘယ်တော့မှ အောက်ပြုတ်မကျတော့ဘူး ”

ထိုသဘောတရားမှာ လူသားများ ခေါက်ဆွဲလုပ်သော သဘောတရားနှင့်အတူတူပင်။ ဂျုံသားကို အမြန်ကြီးဆွဲလိုက်လျှင် အမျှင်များ ပြတ်သွားမည်ဖြစ်သည်။ ဖြေး​ဖြေးလေးလုပ်ရင်လည်း ရှည်ရှည်မျောမျောဖြစ်အောင် ဆွဲနိုင်မည်မဟုတ်။ မှန်ကန်သော အားပမာဏကို သုံးမှသာ အရာဝတ္တုများကို ချောချောမွေ့မွေ့နှင့် ကိုယ်လိုသည့်အတိုင်း ထိန်းချုပ်နိုင်မည်ဖြစ်သည််။

ပုံမှန်အဆင့်ထက်ပိုသော ကျွမ်းကျင်မှုဖြင့် အရာဝတ္တုများကိုထိန်းချုပ်လိုပါက ကျင့်ကြံသူများမှာ မှန်ကန်သော အားပမာဏသုံးရန် လိုအပ်ပြီး တည်ငြိမ်မှုရှိရန်လည်းလိုအပ်သည်။ ထိုကြောင့်လည်း ဤမျှခက်ခဲနေရခြင်းဖြစ်၏။

” သဘောပေါက်ပြီကွ ”

ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ တွေးမိလိုက်သည်။

“လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ ဆိုတာ ‘လေးတာ’ ‘ပေါ့တာ’ ဆိုတဲ့စကားလုံးတွေထက်ပိုပြီး အဓိပ္ပါယ်ပါတာပဲ။ လေးလံတဲ့အရာတွေကို ပေါ့ပါးတဲ့အရာတစ်ခုလို ထိန်းချုပ်တာကိုပဲ ပြောတာမဟုတ်ဘူး။ အဲ့တာအပေါ်ယံ အဓိပ္ပါယ် သက်သက်ပဲ။ တကယ့် အနှစ်သာရက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို ထိန်းချုပ်တဲ့ နည်းလမ်းနဲ့ပဲဆိုင်တာ။ ” ဉာဏ်အလင်းပွင့်သွားသည့်အလား ပိုင်ရှောင်ချန်းမှာ တတွတ်တွတ် ရွတ်နေတော့သည်။

“ချီစုစည်းမှုအဆင့် ၅မှာဆိုရင် မင်းရဲ့ စိတ်စွမ်းအင်စုစုပေါင်းကို လေးလံမှု လို့သတ်မှတ်လို့ရတယ်။ အဲ့ဒီစိတ်စွမ်းအင်ကိုထုတ်ပြီး မရေမတွက်နိုင်အောင်သေးမွှားပြီး မပြတ်နိုင်တဲ့ စီးကြောင်းလေးတွေအဖြစ်ပြောင်းလိုက်တာက ပေါ့ပါးခြင်းပဲ။ အဲ့တာကို မှန်မှန်လုပ်နိုင်ရင် လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ဆိုတဲ့ အကွက်ကို တတ်ပြီပဲ။ အဲဒါကို အပေါ်ယံအဓိပ္ပာယ်အတိုင်းပြောထားတာက ရုပ်ဝတ္ထုပစ္စ​ည်းတွေကို အလွယ်တကူနဲ့ ဘယ်လောက်မြန်မြန် ထိန်းချုပ်နိုင်လည်းဆိုတာပဲ။”

ပြဿနာ၏ရင်းမြစ်ကိုသိသွားသော ပိုင်ရှောင်ချန်းမှာ တုံ့ဆိုင်းမနေတော့ပဲ လက်တွေ့အသုံးချရန်ပြင်လိုက်တော့သည်။ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကျောက်တုံးကြီးမှာ တုန်လှုပ်သွားပြီး လေပေါ်သို့ချက်ချင်း ပျံတက်သွားသ​ည်။

ထိုသို့ပျံတက်သွားသည်မှာ အပေါ်ဘက်မှ ကြီးမားသောလက်ကြီးတစ်ခုက ကောက်ကိုင်လိုက်သကဲ့သို့ပင်။ ထို့နောက် ထိုကျောက်တုံးကြီးမှ လေထုကိုခွင်းကာ ပိုင်ရှောင်ချန်းဆီ တည့်တည့်လာနေတော့သည်။ သို့သော်လည်း သူ့ဆီမရောက်ခင် ခြံဝန်းထဲသို့ လေပေါ်မှပြုတ်ကျသွားသောအခါ ဖုန်းအလိမ်းလိမ်းထသွားတော့သည်။

ပိုင်ရှောင်ချန်းကမူ စိတ်ဓာတ်ကျမသွား။

နောက်လဝက်ထိ သူက ဆက်၍ လေ့ကျင့်နေခဲ့သ​ည်။ ကံမကောင်းစွာနှင့်ပင် ထိုတစ်ချိန်လုံး သူက စိတ်စွမ်းအင်စီးကြောင်းတစ်ခုကိုသာ မပြတ်အောင် ထိန်းသိမ်းနိုင်သေးသည်။

စိတ်စွမ်းအင်စီးကြောင်းတစ်ခုကို တည်ငြိမ်အောင်လုပ်နိုင်ပါသော်လည်း ကျောက်တုံး၏လေးလံမှုကြောင့် စီးကြောင်းများမှာ မငြိမ်မသက်ဖြစ်ကာ ပြတ်တောက်သွားရသည်။

သစ်သားဓားလေးကို ထိန်းချုပ်သည့်နေရာတွင်မူ ဘာပြဿနာအခက်အခဲမှ မရှိတော့ပေ။ ကျောက်တုံးကြီးနှင့် ဓားအကြားကြီးမားသော အလေးချိန်ကွာဟချက်ကြောင့် ပိုင်ရှောင်ချန်းသည် သစ်သားဓားကို ထိန်းချုပ်ရသည်မှာ အလွန့်အလွန်ပင်လွယ်နေသည်ဟု ခံစားနေရတော့သည်။ ထို့အပြင် တစ်လလုံး ကျင့်ထားသည့်အတွက် ပို၍လျှင်မြန်စွာ ရွေလျှားစေနိုင်သောအဆင့်ထိ ရောက်သွားတော့သည်။

တကယ်မှာမူ သူသည် လေးရာမှသည် ပေါ့ပါးခြင်းဆိုသောအကွက်ကို တတ်မြောက်သွားပြီဖြစ်သည်။ သို့သော်လည်း သူက အားမရသေး။ နီ​မြန်းသောမျက်လုံးများဖြင့် အံကိုကြိတ်လိုက်သောအခါ ကြောက်မက်ဖွယ် စိတ်ဓာတ်ပြတ်သားခြင်းတစ်ခုကို ပြန်၍မြင်လိုက်ရသည်။

” ငါမလုပ်နိုင်ဘူးဆိုတာ ငါမယုံဘူး။ “

သူက ညာလက်ဖြင့်လက်ကွက်ဖော်လိုက်ပြီး ကျောက်တုံးကြီးကို သူ့အပေါ်တည့်တည့်သို့ ဆင့်ခေါ်လိုက်သည်။

ကျောက်တုံးကြီးကိုကြည့်ရင်း သူ့နဖူးမှ ချွေးလုံးကြီးများကျလာသည်။ မမြင်ရသော စိတ်စွမ်းအင်စီးကြောင်းများကို မ​​​ပြတ်အောင် ​ထိန်းသိမ်းရန် တတ်နိုင်သမျှ အားအကုန်သုံးကာ ကြိုးစားနေတော့သည်။ ထိုစီးကြောင်းများသာ ပြတ်တောက်သွားပါက ကျောက်တုံးကြီးကျလာမည်မှာ ဧကန်ပင်။ သူမသေနိုက်သော်လည်း အင်မတန်နာကျင်မည်မှာတော့ သေချာသည်။

.ဤအခါတွင်​ ရှောင်ချန်းသည် အရင်ကထက်ပို၍ ချိတ်ဆက်မှုကိုထိန်းထားနိုင်သ​ည်။ သို့ရာတွင် တစ်နာရီကျော်ကြာသွားသောအခါ မိုးချုန်းသံကဲ့သို့သောအသံများကိုကြားလိုက်ရပြီး ရှောင်ချန်း၏ ခွေးတစ်ကောင်ကဲ့သို့ တကိန်ကိန် အော်မြည်သံကိုလည်းကြားလိုက်ရသည်။ အနည်းငယ်ကြာပြီးနောက် ထိုကျောက်တုံးကြီးမှာ လှုပ်ခတ်သွားကာ ဘေးသို့လဲကျသွားပြီး ထိုအောက်မှ ရှောင်ချန်းတစ်ယောက် တွားသွားလျှက် ထွက်လာသည်ကို မြင်ရသည်။

သူ၏ ထာဝရအရေပြားကြောင့် များစွာနာကျင်မှုမဖြစ်သော်လည်း စိတ်နာမှုကြောင့် မျက်နှာမှာရှုံ့မဲ့နေသည်။

သို့သော်လည်း သူ၏စိတ်မှာပို၍ပင် ခိုင်မာလာလေသည်။ နောက်တစ်လအတွင်း ကျောက်တုံးကြီးမှာ သူ့ပေါ်သို့ ထပ်ခါတလဲလဲ ပြုတ်ကျနေခဲ့သည်။ အဆုံးတွင် ကျောင်တုံးကို တစ်ရက်တိတိ လေထဲတွင်ပြုတ်မကျနိုင်အောင်ထိန်းထာနိုင်သည့်အဆင့်ထိရောက်သွားတော့သည်။

ထို့အပြင် သူမြှောက်တင်နိုင်သော အမြင့်မှာ ပို၍များများလာသည်။

မကြာမီပင် အမြင့်၃၀မီတာအထိ မြှောက်နိုင်သွားခဲ့သည်။ တစ်ခါတရံ ထိုကျောက်တုံးကြီး အမြင့်မှပြုတ်ကျလာလျှင်မူ ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

သို့သော်လည်း ထိပ်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံရန် ထိုတစ်နည်းသာရှိသည်။

သူ၏ကိုယ်တွင်းစိတ်စွမ်းအင် တဖြည်းဖြည်း တည်ငြိမ်လာခြင်းနှင့်အတူ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ အကွက်ကိုလည်း သူပိုင်နိုင်စွာ အသုံးချနိုင်လာသည်။ အဆုံးတွင် စီးကြောင်းကို လုံးဝမပြတ်တောက်အောင် ထိန်းချုပ်နိုင်သည်အထိ တိုးတက်လာသည်။ သို့သော်လည်း သူအားရကျေနပ်ခြင်း မဖြစ်မိပေ။ နောက်ပိုင်းတွင် သူသည် တင်ပျဥ်ခွေထိုင်ရင်း မကျင့်ကြံပဲ လေ့ကျင့်ခန်းလုပ်ရင်းနှင့်သာ ကျင့်ကြံတော့သည်။

ထိုအခါ ပို၍ပင်ခက်ခဲသွားပြီး သူ၏ခြံထဲမှ တအုန်းအုန်းမြည်သံများမှာ ဆက်တိုက်ပင် ထွက်ပေါ်လျက်ရှိသည်။

အချိန်များက တစ်ရက်ချင်း ကုန်ဆုံးသွား၏။ မကြာခင် လီချင်းဟောက်ပြောခဲ့သော ပြိုင်ပွဲသို့ ရောက်လာရန် ၃ရက်သာလိုတော့သည်။ ပိုင်ရှောင်ချန်း၏ခြံဝန်းထဲရှိ မြင်ကွင်းမှာကား ၁၅၀၀ ကီလိုဂရမ်လောက်ရှိသော ကျောက်တုံးကြီး လေထဲဝဲပျံကာနေသောပုံပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းက လှုပ်ရှားနေပါသော်လည်း ကျောက်တုံးကြီးမှာ လေထဲတွင် တုတ်တုတ်မျှမလှုပ်။

အဆုံးတွင် ပိုင်ရှောင်ချန်းသည် ပတ်ပြေးနေခြင်းကိုရပ်လိုက်ပြီး သစ်သားအိမ်ရှေ့တွင် မတ်တတ်ရပ်ကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

ထို့နောက် ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ ကျောက်တုံးကြီးမှာခြံဝန်းအပြင်ဘက်ထွက်သွားပြီး မြေကြီးပေါ်သို့ နေရာတကျပြန်ကျသွားတော့သည်။

ထို့နောက် သူက လက်ကွက်ဖော်လိုက်ပြီး ညွှန်ပြလိုက်သောအခါ သူ၏သစ်သားဓားမှာ ပြေးထွက်သွားတော့သည်။ အလွန်မြန်ဆန်လွန်းလှ၍ ခပ်ရေးရေးသာမြင်ရသည်။ အရင်ကထက်များစွာ အစွမ်းထက်သွားသည် ထင်ရှားသည်။

ပိုင်ရှောင်ချန်း၏ မျက်နှာလည်း ကျေနပ်မှုများဖြင့် ပြည့်နှက်သွားပြီး လက်ကွက်ကို ဆက်တိုက်ဖော်ထုတ်နေသည်။

ဓား၏အရှိန်နှင့် ဓား၏ကြောက်မက်ဖွယ် အစွမ်းနှင့်ပေါင်းစပ်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသောရလဒ်တစ်ခု ထွက်ပေါ်လာတော့သည်။ ရုတ်တရက် ခြံဝန်းထဲတွင် မရေမတွက်အောင်များပြားလှသော ဓားပျံများဖြင့် ပြည့်နှက်လာသည့်အလား ထင်ရသည်။

နောက်ဆုံးတွင် သူက အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ ဓားပုံရိပ်များ ပျောက်ကွယ်သွားသည်။ ထိုအခါ သစ်သားဓားတစ်ချောင်းသာကျန်တော့ပြီး ထိုဓားသည် ပိုင်ရှောင်ချန်း ဆီသို့ ပျံဝဲလာပြီး သူ၏ထည့်စရာအိတ်ထဲသို့ဝင်ရောက် ပျောက်ကွယ်သွားသည်။

အရာရာကို ကျေနပ်နေသောလေသံ​ဖြင့် ပိုင်ရှောင်ချန်းက

” ကဲ ဒီလောက်ဆိုရင် ထိပ်ဆုံး၅ယောက်ထဲတော့ ငါပါလောက်ပါပြီကွ။ ” ဟုရေရွတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

သူသည် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုမရှိသေးသော်လည်း အချိန်ကမလောက်တော့ပေ။ သူလုပ်နိုင်သည့်အရာမှာ ချီများကိုပြန်လည်စုစည်းကာ စိတ်တည်ငြိမ်အောင်ထားပြီး တင်ပျဥ်ခွေထိုင်ကာ တရားကျင့်၍ ပုံမှန်အခြေအနေသို့ ပြန်ရောက်အောင် နေရန်သာဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset