Switch Mode

အပိုင်း(၁၄၉၆)

ဓားသင်္ကေတ

ရီဖူရှင်း၏ ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွားကာ သူ့ခန္ဓာကိုယ်သည် ဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွားသည်။ ယင်းသည် ဆက်လက်၍ လှုပ်ရှားနေပြီး တစ်ဖက်လူကို ဖြတ်ကျော်သွားသည်။ သူက ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုပေါ်သို့ ရောက်ရှိလာသည်။ ထိုကျောက်တုံးကျောက်ဆောင်၏ အောက်တွင် အပျက်အစီးများ ရှိနေသည်။ ထို ကျောက်တုံး၏ ထိပ်ပိုင်း ပြန့်ပြူးသည့် နေရာ၌ ရီဖူရှင်းက တင်ပျဉ်ခွေကာ ထိုင်လိုက်သည်။

ပျောက်ဆုံးခြင်းနယ်မြေကို နှစ်ပေါင်းများစွာကပင် ရှာတွေ့ခဲ့သည်။ ဤနေရာသည် အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ခံရသည်။ ဤကျောက်တုံး ကျောက်ဆောင်သည် နှစ်ပေါင်းများစွာတိုင် မပြိုကျဘဲ တည်ရှိနေခဲ့သည်က ၎င်း၏ ခိုင်မာမှုကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

သူ၏ အဖြူရောင်ဝတ်စုံက လွင့်ပျံနေပြီး ဓားစွမ်းအားများက သူ့အပေါ်တွင် စီးဆင်းနေကာ သူ့အနီးမှ ဓားစွမ်းအားများကို ပို၍ ပြင်းထန်စွာ စီးဆင်းလာစေသည်။ ယင်းတို့သည် ဓားမုဒြာများနှင့် တူသော်လည်း ဓားအက္ခများနှင့်လည်း တူကာ သူ့ခန္ဓာကိုယ်အနီးတွင် လှည့်ပတ်နေသည်။ သို့သော် ဓားသင်္ကေတ အက္ခရာတို့ဖြင့် ဖြစ်တည်လာသည့် ဓားမုဒြာတစ်ခုချင်းစီတွင် အစွမ်းထက် ဓားစွမ်းအားများနှင့် ဓားဝိညာဉ်တို့ ပါဝင်နေသည်။ ယင်းတို့သည် အသက်ရှင်နေသကဲ့သို့ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။

ကောင်းကင်အာဏာစက်ဘုံ၏ တိုက်ပွဲသတင်းများသည် အထက်ကောင်းကင်ဘုံသို့လည်း ရောက်ရှိလာသည်။ ရီဖူရှင်းသည်လည်း ထိုက်ရွှမ်စားသောက်ဆိုင်၌ ရှိနေစဉ် အခြေအနေ သတင်းများကို ကြားရပေသည်။ ဝမ်ကလန်ခေါင်းဆောင် ဝမ်ယွိသည် တိုက်ပွဲအတွင်း အသတ်ခံခဲ့ရသည်။ ကောင်းကင်နတ်တံခါး၏ အဓိက ခေါင်းဆောင်နှစ်ယောက်သည် ကောင်းကင်အာဏာစက်ဘုံ၌သာ ရှိသေးကာ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်ကို စိတ်သက်သာရာ အချိန်မရစေရန် လုပ်ဆောင်နေခဲ့သည်။

တိုက်ပွဲ၏ အဆုံးသတ်ကို ချင့်တွက်ရလျှင် အမှန်တကယ်၌ ကောင်းကင်နတ်တံခါးသည် ကြီးကြီးမားမား မဆုံးရှုံးခဲ့ရသော်လည်း ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်တို့သည် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ ကောင်းကင်နတ်တံခါးသည် ဖိအားပေးခံရသဖြင့် လှုပ်ရှားခဲ့ရခြင်း ဖြစ်သည်။ သေချာပေါက် ကောင်းကင်နတ်တံခါးမှ လူများသည် ထိုကံကြမ္မာကို လက်ခံနိုင်ရန် ခက်ခဲပေသည်။ မည်သူက သူတို့အိမ်ကို စွန့်ခွာသွားလိုမည်နည်း။

ကောင်းကင်နတ်တံခါး၏ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခြင်းသည် ဝမ်းနည်းရခြင်းတစ်မျိုး ဖြစ်သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ရသည်မှာလည်း ဝမ်းနည်းရခြင်း တစ်မျိုး ဖြစ်သည်။

ဤ မဟာလမ်းစဉ် အထွတ်အထိပ် ဘုံသုံးထောင်တွင် အထွတ်အထိပ် ပါရမီရှိသည့် ရှန့်ထိုအဆင့် ဖြစ်နေလျှင်ပင် သူတို့သည် အေးချမ်းသာယာနေသည့် အချိန်၌သာ ကျော်ကြားမှု၌ ပျော်ရွှင်ရလိမ့်မည် ဖြစ်သော်လည်း စစ်ပွဲဖြစ်ပွားလာသည့် အချိန်သို့ ရောက်ပါက ရန်သူ၏ ဦးစားပေး ပစ်မှတ်များ ဖြစ်လာကြပေလိမ့်မည်။ စစ်မက်ဖြစ်ပွားသည့် အချိန်အတွင်း၌ မည်သည့် ခြိမ်းခြောက်မှုမှ ရှိမလာနိုင်စေရန် အရည်အချင်း အရှိဆုံးသူကို အရင်ဆုံးဖယ်ရှားရန် အမိန့်ပေးခံရပေလိမ့်မည်။

ကောင်းကင်အာဏာစက် ပြည်ထောင်သည် အစ်ကိုသုံးနှင့် သူ့အား သတ်ဖြတ်ရန် စီစဉ်ခဲ့သည်။ ကောင်းကင်နတ်တံခါး၏ အောင်မြင်ကျော်ကြားမှုက အမြဲထာဝရ ပိုမိုတောက်ပလာနေမည် ဖြစ်ရာ ကောင်းကင်အာဏာစက် ပြည်ထောင်သည် ဆက်လက်စောင့်ဆိုင်းရန် သည်းမခံနိုင်တော့ဘဲ အလဲထိုးရန် လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

သူသည် ခွန်အားသည်သာ အရာရာကို ဖြေရှင်းနိုင်ကြောင်း သတိပြုမိသည့်အတွက် ယခု သူက အထက်ကောင်းကင်ဘုံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် သူ မည်သို့ လုပ်ဆောင်ရန် လိုသည်ကို အလွန် ရှင်းလင်းစွာ သိရှိပေသည်။

ပျောက်ဆုံးခြင်းနယ်မြေသည် ထိုက်ရွှမ်မြို့မှ ရှန့်ထိအဆင့်များအတွက် ယှဉ်ပြိုင်ရန် အကောင်းဆုံး နေရာဖြစ်သည်။ ရှန့်ထိုအဆင့်မှ မည်သည့် တန်ခိုးရှင်မဆို ဤနေရာသို့ လာရောက်၍ မကြောက်မရွံ့နှင့် သူတို့ကိုယ်သူတို့ စမ်းသပ်နိုင်သည်။ ပျောက်ဆုံးခြင်းနယ်မြေ၌ ကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့သည့် လူများ အားလုံးက ကျော်ကြားကြပေသည်။

သို့သော် သူ ဤနေရာသို့ လာရောက်ခြင်း ရည်ရွယ်ချက်မှာ သူ၏ ခွန်အားကို မြှင့်တင် ခိုင်မာစေရန် ဖြစ်သည်။

ဤနေ့ရက်များတွင် လူအများသည် သူ၏ ဓားချက်များ အောက်တွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် ပျောက်ဆုံးခြင်းနယ်မြေမှ လူအများသည် သူနှင့် ယှဉ်ပြိုင်ရန် လာရောက်ရှာဖွေကြပေသည်။

ယနေ့တွင် သူ့ဘက်မှ စကာ ပြိုင်ဘက်အား ရှာဖွေရန် မလိုအပ်တော့ဘဲ ပြိုင်ဘက်များကသာ သူ့ကို လာရောက် ရှာဖွေခဲ့ကြသည်။

လူအများအပြားက လေထဲမှ ထွက်လာကာ အချို့ကတော့ အပျက်အစီးများကြားမှ ဖြတ်လာကြသည်။ ရီဖူရှင်း ရှိနေရာ ကျောက်တုံးအနီးတွင် ကျောက်တုံးကျောက်ဆောင် အပုလေးများ အချို့လည်း ရှိသည်။ ယင်းတို့အပေါ်တွင် လူများက ရပ်နေကြသည်။ လူအများ၏ မျက်လုံးများက ရီဖူရှင်းကို အာရုံစိုက်နေကြသည်။

ထိုသူများ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေပုံရသည်။ အချို့သည် သူတို့၏ မျက်နှာများကို ကာထားကာ အချို့သည် မည်သည့် အဖုံးအကွယ်မှ မရှိဘဲ လောကကြီးကို မြင်တွေ့စေသည်။

“မင်းက ဘယ်သူလဲ။ ဘယ်ကလန်ရဲ့ လက်အောက်မှာ ကျင့်ကြံနေတာလဲ” အပျက်အစီးများ ကြားမှ ဖြတ်ကာ လာသည့် တစ်စုံတစ်ယောက်က ရီဖူရှင်းကို မေးလိုက်သည်။

ရီဖူရှင်း၏ ရှေ့တွင် မြူဆိုင်းနေသော လေထုက ရစ်ဝဲနေခဲ့သည်။ သူ၏ မျက်နှာတစ်ခုလုံးက မြူများအတွင်း ဖုံးကွယ်နေသည့်အတွက် သူ့ကို မြင်ရသည်မှာ ဝေဝါးဝါးနှင့် မရှင်းမလင်း ဖြစ်နေခဲ့သည်။ မည်သူကမှ သူ မျက်နှာကို မမြင်နိုင်ကြပေ။

သူ၏ တိုက်ပွဲမှတ်တမ်းအရ ဆုံးဖြတ်ရလျှင် သူသည် ထိုက်ရွှမ်မြို့မှ ကျော်ကြားသည့် တစ်နေရာရာမှ ဖြစ်သင့်သော်လည်း သူ အသုံးပြုသည့် ဓားနည်းစနစ်ကို မည်သူကမှ မကြားဖူးခဲ့ပေ။

ရီဖူရှင်းသည် သူ၏ မျက်လုံးများကို မဖွင့်ဘဲ တိတ်ဆိတ်စွာ ထိုင်နေဆဲပင် ဖြစ်သည်။ ပြင်ပမှ မည်သည့်အရာမဆို သူ့ကို မည်သို့မှ မနှောင့်ယှက်နိုင်သကဲ့သို့ ဖြစ်ပေသည်။ သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပြီး ထူးခြားဆန်းကြယ်သည့် ခံစားချက်နှင့် သာလွန်ထူးကဲသော အရှိန်အဝါတို့ကို ပေးစွမ်းနေသည်။

ပိုမိုများပြားသည့် ခြေသံများကို ထပ်ကြားလိုက်ရပြီး လူတိုင်းက အသစ်ရောက်လာသူကို လှည့်ကြည့်လိုက်ကြသည်။ ရုတ်တရက် ပျောက်ဆုံးခြင်းနယ်မြေအတွင်းမှ လူများသည် နောက်သို့ ဆုတ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။

“မင်းသမီးလော့ယွဲ့ ရောက်လာပြီ”

မင်းသမီးလော့ယွဲ့သည် ထိုက်ရွှမ်မြို့တော်အရှင်၏ သမီး ဖြစ်ကာ ထူးခြားသာလွန်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ကောလာဟလများက ပြောကြသည်မှာ သူမသည် အနာဂတ်၌ ထိုက်ရွှမ်တောင်ပေါ်တွင် သွားရောက်ကျင့်ကြံလိမ့်မည်ဟူ၍ ဖြစ်လေသည်။ သူမသည် အမျိုးသမီးများကြားတွင် အမှန်တကယ် အရည်အချင်းရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမနှင့် လိုက်ပါလာသည့် သူများသည်လည်း သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ သူမ၏ ဘယ်ဘက်တွင် ရှိသည့် ထွားကျိုင်းသန်မာသည့် လူငယ်သည် သူ၏ နောက်ကျောတွင် တိုက်ပွဲပုဆိန်တစ်လက်ကို သိုင်းလွယ်ထားသည်။ အကြည့်တစ်ချက်နှင့်ပင် သူ၏ လွှမ်းမိုးနိုင်ပြီး ထူးခြားသာလွန်သည့် အရှိန်အဝါကို ခံစားမိနိုင်ပေသည်။ သူ၏ အမည်မှာ တန့်ဟူ ဖြစ်သည်။ သူ၏ အမည်ကို ကြည့်လျှင် အရေးမပါဟု ထင်မှတ်ရသော်လည်း သူ၏ ခွန်အားက အလွန် အားကောင်းကာ သူသည် မုန်တိုင်းရှန့်ထိုအဖြစ် ကျော်ကြားသည်။ သူသည် ထိတ်လန့်ကြောက်မက်ဖွယ် ခွန်အားနှင့် မုန်တိုင်းတိုက်ပွဲပုဆိန်သည်လည်း ထင်ရှားပေသည်။ ထိုက်ရွှမ်မြို့၌ သူ၏ အဆင့်တွင် ပြိုင်ဘက်ကင်းပေသည်။

ညာဘက်မှ တစ်ယောက်သည် ချောမောကာ ခန့်ညားသည့် လူငယ်လေးတစ်ယောက် ဖြစ်ပြီး လူကြီးလူကောင်းဆန်သည့် အသွင် ရှိသည်။ သူ၏ အမည်က လင်းယွမ် ဖြစ်သည်။

ထိုနှစ်ယောက်လုံးသည် ထိုက်ရွှမ်မြို့တော်အရှင်၏ အယုံကြည်ရဆုံး တပည့်များ ဖြစ်ပြီး သူတို့နှစ်ယောက်လုံးက အလွန် အားကောင်းလှသည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်သည် ဤဓားသမားကြောင့် ရောက်လာကြခြင်း ဖြစ်ပုံရသည်။

“စိတ်ဝင်စားစရာပဲ” ရီဖူရှင်း၏ အနီးတစ်နေရာတွင် ပေါ်ပေါက်လာသည့် အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်း လူတစ်ယောက်က ပြောလိုက်သည်။ လူအများက သူ့ကို မြင်သည့်အခါ သူတို့၏ နှလုံးသားတို့က တင်းကြပ်သွားကြသည်။ သူသည်လည်း ရောက်လာခဲ့ပေသည်။ ဤလူသည် မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပျောက်ဆုံးခြင်းနယ်မြေ၌ သူသည် အားအကောင်းဆုံး လူများထဲမှ တစ်ယောက် ဖြစ်ကာ ရှန့်ထိုအဆင့်တွင် ပြိုင်ဘက်အနည်းငယ်သာ ရှိသည်။

သို့သော် သူက တိုက်ခိုက်ရန်လာခဲ့ခြင်းမဟုတ်ဘဲ ပွဲကြည့်ရန်သာ ရောက်လာခြင်း ဖြစ်ပေသည်။

ဤရက်များအတွင်း နေ့ရက်တိုင်းနီးပါး ဤဓားသမားက ပျောက်ဆုံးခြင်းနယ်မြေသို့ ဝင်လာခဲ့သည်။ ရက်ပေါင်းများစွာ ဤလူများနှင့် ပညာဖလှယ်ခဲ့ပြီး သူ၏ သာလွန်ထူးကဲသော ပါရမီအရည်အချင်းကို ပြသခဲ့ကာ လူအများသည် ထိုသတင်းကို ကြားသည့်အခါ သူတို့သည်လည်း ထိုပုဂ္ဂိုလ်ကို မြင်တွေ့လိုကြပေသည်။

“အဲဒါသူပဲ” လော့ယွဲ့နောက်မှ အမျိုးသမီးက ရီဖူရှင်းရှိရာဘက်ကို ကြည့်လိုက်ပြီး ပြောသည်။ “သူ့ဓားက အရမ်းမြန်တယ်”

မင်းသမီးလော့ယွဲ့က မထုံတက်တေးနှင့် ရီဖူရှင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ပြောလိုက်သူမှာ သံသယကင်းစင်ခြင်းအဆင့်၌ ရှိနေသော သူမ၏ ဝမ်းကွဲဖြစ်သည်။ သူမသည် ဓားတစ်ချက်နှင့် တိုက်ပွဲတစ်ပွဲကို အဆုံးသတ်နိုင်သည်ဟုသော ပျောက်ဆုံးခြင်းနယ်မြေ ဓားသမားနှင့် တွေ့ဆုံခဲ့သည်ဟု ပြောခဲ့သည်။ သူမ၏ ဝမ်းကွဲသည် ရီဖူရှင်းက အလေးအနက်ဖြစ်လာလျှင် သူမ ထွက်ပြေးရန် အခွင့်အရေးပင် မရှိတော့မည်ကို အလွန် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပျောက်ဆုံးခြင်းနယ်မြေမှ ထွက်ပြေးလာခဲ့သည်။

ပျောက်ဆုံးခြင်းနယ်မြေသည် ထူးဆန်းသော နေရာတစ်ခု ဖြစ်သည်။ သူတို့သည် စိတ်ထဲ တွေးလိုက်ရုံနှင့် ဤနယ်မြေအတွင်းမှ ချက်ချင်း ထွက်သွားနိုင်ပေသည်။ ထို့ကြောင့် သူတို့သည် ဤနေရာသို့ ရဲရဲတင်းတင်း လာရောက်ကာ တိုက်ပွဲ ဆင်နွှဲနိုင်ခြင်း ဖြစ်သည်။ သူတို့၏ လုံခြုံရေးက အန္တရာယ်ရှိလာသည့်အခါ တစ်ချက်မျှ တွေးလိုက်ရုံဖြင့် ချက်ချင်း ထွက်ခွာသွားနိုင်ပေသည်။ လူအချို့သာလျှင် ဤနေရာ၌ အသက်ဆုံးရှုံးနိုင်ပေသည်။

သို့သော် နောက်ဆုံးအကြိမ် သူမ ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့စဉ်က သူ၏ ဓားကသာ သူမအသက်ကို နုတ်ယူရန် ရည်ရွယ်ခဲ့လျှင် သူမ၌ အတွေးတစ်ချက်မျှ တွေးရန်ပင် အချိန်ရလိုက်မည် မဟုတ်ဘဲ ထွက်သွားရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်း၏ ဓားက မှန်းဆ၍ မရနိုင်လောက်အောင် အလွန် လျင်မြန်ပေသည်။

“ကျွန်မ ကြားတာတော့ ရှင့်ဓားက အရမ်းမြန်တယ်ဆို” မင်းသမီးလော့ယွင်က ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်ကာ စကားပြောလိုက်သည့်သူကို ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်၏။ “ဟုတ်မှာပါ”

“ရှင် သူမကို မှတ်မိလား” သူမက ရီဖူရှင်းကြောင့် ရှုံးနိမ့်ခဲ့ရသည့် သူမ ဘေးမှ အမျိုးသမီးကို ညွှန်ပြကာ မေးလိုက်သည်။

“သူမကို ကြည့်ရတာ ရင်းနှီးသလိုပါပဲ” ရီဖူရှင်းက တုံ့ပြန်လိုက်လျှင် ထိုအမျိုးသမီးက အနည်းငယ် ရှက်သွားခဲ့သည်။ သူမတွင် ရီဖူရှင်းနှင့် ပတ်သက်သော နက်ရှိုင်းသည့် မှတ်ဉာဏ်ရှိနေသော်လည်း သူ့အတွက်ကတော့ သူမသည် ရင်းနှီးနေသလိုရှိသည်ဟုသာ ဖြစ်လေသည်။

“ကြည့်ရတာ ရှင်က ပျောက်ဆုံးခြင်းနယ်မြေအတွင်းမှာ နိုင်ပွဲတွေ အများကြီးရခဲ့ပုံ ရတယ်” မင်းသမီးလော့ယွဲ့က ထပ်ပြောလိုက်သည်။ သူက လူများစွာကို ရှုံးနိမ့်စေခဲ့ပြီး သူသည် သူ့အား ရှုံးနိမ့်ခဲ့သူများထဲမှ အနည်းငယ်ကိုသာ သတိရပေလိမ့်မည်။

ရီဖူရှင်းက ပြန်မဖြေခဲ့ပေ။ သူက ပျောက်ဆုံးခြင်းနယ်မြေအတွင်းမှ တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ရသည်။ သံသယကင်းစင်ခြင်းအဆင့်မှ လူများသည် လျင်မြန်စွာ ရှုံးနိမ့်သွားခဲ့သည် ဖြစ်ရာ သူနှင့် ဆက်လက်ယှဉ်ပြိုင်ရန် ကြိုးစားအားထုတ်နိုင်သူမှာ များများစားစား မရှိလှပေ။ သူမကို ကြည့်ရသည်မှာ ရင်းနှီးသလို ဖြစ်နေသော်လည်း သူမက သူ့စိတ်ထဲ၌ စွဲထင်ကျန်ရစ်နေခြင်း မရှိခဲ့ပေ။

“ကျွန်မက ထိုက်ရွှမ်မြို့တော်အရှင် အိမ်တော်က လော့ယွဲ့လို့ ခေါ်ပါတယ်။ ကျွန်မ ဒီကို လာတာ ရှင်နဲ့ သိုင်းပညာဖလှယ်ကြည့်ချင်လို့ပါ” မင်းသမီးလော့ယွဲ့က သူမကိုယ်သူ မမိတ်ဆက်လိုက်သည်။ သူမ၏ အဆင့်အတန်းက မြင့်မားသော်လည်း သူမသည် မောက်မာဝင့်ကြွား၍ လွှမ်းမိုးမှုတို့ကို ထုတ်မပြခဲ့ပေ။ ပျောက်ဆုံးခြင်းနယ်မြေတွင် အဆင့်အတန်းထက် ခွန်အားက ပို အရေးကြီးပေသည်။

“ကြားရတာ ကောင်းပါတယ်” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိုက်ရွှမ်မြို့တော်အရှင်သည် မြို့တော်၏ သခင်ဖြစ်သော်လည်း  အမှန်တကယ်တွင် အတော်လေး အစွမ်းထက်သည်ဟု ဆုံးဖြတ်နိုင်ပေသည်။ အထက်ကောင်းကင်ဘုံ၌ ထိုက်ရွှမ်ဘုံ၏ အဆင့်အတန်းကို ဆုံးဖြတ်ရလျှင် ထိုက်ရွှမ်မြို့သည် ကောင်းကင်အာဏာစက်ဘုံ၏ ခရမ်းရင့်ကောင်းကင်နန်းတော်၏ အဓိကမိုးကြိုးကလန်ရှစ်ခုနှင့် တူညီပြီး ကလန်ရှစ်ခုကြားတွင် အားအကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူ၏ဆရာ အရှင်ထိုက်ရွှမ်သည် အထက်ကောင်းကင်ဘုံ၌ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ ထိုက်ရွှမ်ဘုံသည် အရှင်ထိုက်ရွှမ်၏ အမည်နာမကို အစွဲပြုထားခြင်း ဖြစ်သည်။

ထိုက်ရွှမ်စားသောက်ဆိုင်၏ ပိုင်ရှင်သည်လည်း အရှင်ထိုက်ရွှမ်၏ တပည့်တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် မင်းသမီးလော့ယွဲ့သည်လည်း အရှင်ထိုက်ရွှမ်၏ တပည့်တစ်ယောက်ဟု ဆိုနိုင်ကာ သူမ၏ အဆင့်အတန်းက သံသယဖြစ်ဖွယ်မရှိ မြင့်မားပေသည်။

“မင်းသမီး ကိုယ်တိုင် ဝင်ပါဖို့ မလိုပါဘူး။ ဒီထူးခြားဆန်းကြယ်တဲ့ ဓားသမားရဲ့ ခွန်အားကို ကျုပ်တို့ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ချင်နေတယ်” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ယနေ့တွင် လူအများသည် သူတို့ ကိုယ်တိုင် ရင်ဆိုင်ကာ မင်းသမီး၏ သဘောကျမှုကို ရယူလိုနေကြသည်။ ထိုအခြေအနေက နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေ ဖြစ်သည်။

“ကျုပ် အတွေးလည်း အတူတူပဲ” နောက်တစ်ယောက်က ပြောလိုက်သည်။

“ဒါဆို ဘယ်သူအရင် သွားမလဲ” တစ်ယောက်က မေးလိုက်၏။ ဤဓားသမားက အလွန် ကျော်ကြားသူ ဖြစ်ရာ သူ့ကို အလွယ်တကူ ရှုံးနိမ့်စေလိမ့်မည် မဟုတ်ပေ။ အရင်ဆုံး လှုပ်ရှားသူသည် အရေးသာမှု ရှိနိုင်လိမ့်မည် မဟုတ်ပေ။

“မင်းတို့အားလုံး အကုန်လာခဲ့ပါ” ရီဖူရှင်းက ပြောလိုက်လျှင် လူအများထံတွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။

အတူလာရမယ်တဲ့လား။

ဤထူးခြားဆန်းကြယ်သည့် ဓားသမားက အတော်ရဲတင်းလွန်းပေသည်။

“ဒါဆိုလည်း ကျေးဇူးပြုပြီးတော့” တစ်ယောက်က လမ်းလျှောက်လာပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်လာကာ ရုတ်တရက် လေဟာနယ်က အလွန် လေးလံလာသည်။ ပြင်းထန်သည့် ပေါက်ကွဲသံများကို ကြားလိုက်ရပြီး သူတို့အကြားတွင် လွန်စွာ ဖိနှိပ်နိုင်သော စွမ်းအားများ ထွက်ပေါ်လာ၏။

သူက ရီဖူရှင်းဆီသို့ လျှောက်သွားလိုက်သည်။ သူသည်၏ ခြေလှမ်းတိုင်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး လျှောက်လှမ်းလာသကဲ့သို့ပင် ဖြစ်၏။ လူတိုင်းသည် ထိုဖိနှိပ်နိုင်လွန်းသော စွမ်းအားများကို ရှင်းလင်းစွာ ခံစားမိကြကာ သူတို့၏ သွေးကြောများထဲမှ သွေးတို့ ခဲတောင့်သွားသလို ခံစားမိလိုက်ကြ၏။

ရီဖူရှင်းသည် အမူအရာကင်းမဲ့နေဆဲ ဖြစ်သည်။ ရုတ်တရက် ဓားမုဒြာသင်္ကေတတစ်ခု သူ့ရှေ့တွင် ပျံသန်းထွက်လာကာ အလွန် တောက်ပသည့် အလင်းအဖြစ် ပြောင်းလဲသွားသည်။ ယင်းသည် အလွန် လျင်မြန်လှသည့် အရှိန်ဖြင့် လေထုကို ဖြတ်သန်းလာသည်။

ထိုတန်ခိုးရှင်သည် တွေဝေခြင်းမရှိ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ တောက်ပသည့် လက်သီးစွမ်းအား အရှိန်အဝါတို့က လေထုကို ကွဲထွက်သွားစေသည်။ များပြားလှသည့် လက်သီးအရိပ်များက အကြွင်းမဲ့ လွှမ်းမိုးနိုင်သော လက်သီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ဓားမုဒြာထံသို့ ဦးတည်နေသည်။

အော်မြည်နေသော ထက်ရှသည့် ဓားအရိပ်များက တစ်ခါပြီးတစ်ခါ ထိုးဖောက်ဝင်ရောက်လာပြီး လက်သီးအရိပ်များကို ကြေမွသွားစေသည်။ အလင်းတန်းသည် လက်သီးအရိပ်များကို တိုက်ရိုက်ထိုးဖောက်သွားကာ ထိုသူထံသို့ တည့်တည့် တိုးဝင်သွားပြီး မျက်လုံးများကြားသို့ တည့်တည့်ရောက်ရှိလာသည်။

အလင်းတန်းတစ်ခုက လင်းလက် တောက်ပသွားကာ ဓားမုဒြာအော်မြည်ပြီး ရောက်ရှိလာသည့် အချိန်၌ ထိုပုံရိပ်က ချက်ချင်းပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရှင်းလင်းစွာပင် ပြိုင်ဘက်သည် ပျောက်ဆုံးခြင်းနယ်မြေမှ ထွက်ပြေးသွားခဲ့ပြီး ဖြစ်လေသည်။

“ဒါက….” လူအများသည် စိတ်အတွင်း၌ ထိုင်းမှိုင်းသွားသလို ခံစားကြရပေသည်။ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

ဓားမုဒြာသည်လည်း ရပ်တန့်သွားပြီး လေထဲ၌ လှည့်ပတ်နေကာ ရီဖူရှင်း၏ ဘေးသို့ ပြန်ရောက်လာသည်။ ဓားမုဒြာ တစ်ခုတည်းနှင့်ပင် တစ်ဖက်လူ၏ ခံနိုင်ရည်ကို ကျော်လွန်သွားခဲ့ပေသည်။

ဓားသဏ္ဌာန်မုဒြာသည် ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးရစ်ပတ်နေကာ ရုတ်တရက် တောက်ပသည့် နတ်အလင်းတို့ ပေါက်ကွဲထွက်လာသည်။ ရီဖူရှင်း၏ အတွေးတစ်ချက်နှင့် ဓားမုဒြာအားလုံးက လေထဲသို့ တစ်ချိန်တည်းတွင် ဖြတ်သန်းသွားခဲ့ပြီး သူ့ထံ လျှောက်လာနေသည့် တန်ခိုးရှင်အားလုံးထံ တိုက်ရိုက်ရည်ရွယ်နေသည်။

ရုတ်ခြည်းပင် အလွန်ပြင်းထန်သည့် မဟာလမ်းစဉ် စွမ်းအင်စီးကြောင်းများ လှုပ်ရှားလာသည်။ တန်ခိုးရှင်အားလုံးသည် တစ်ပြိုင်တည်း လှုပ်ရှားလာကြပြီး လမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထိုတန်ခိုးရှင်တစ်ယောက်ချင်းစီက အစွမ်းထက်ကြပေသည်။

သို့သော် အဆက်မပြတ် အော်မြည်နေသည့် အသံများကို ကြားလိုက်ရပြီး မဟာလမ်းစဉ် နတ်အလင်းများကဲ့သို့သော တောက်ပသည့် ဓားမုဒြာများသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် အဆက်မပြတ် စီးဆင်းနေသည်။ ယင်းစွမ်းအား ဖြတ်သန်းသွားပြီးနောက် လမ်းကြောင်းတစ်လျှောက် မည်သည့်အရာမှ မချန်ခဲ့ဘဲ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။

ချက်ချင်းပင် လူအများက ဒဏ်ရာရရှိသွားပြီး နောက်သို့ လွင့်စဉ်သွားကာ အချို့က ကြောက်လန့်တကြား ထွက်ခွာသွားပေသည်။ ဤအဆင့်မှ လူများသည် သူ့ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိကြပေ။

ရီဖူရှင်းက ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေသည်။ ဓားအလင်းများက သူ့ခန္ဓာကိုယ်ကို ဝန်းရံနေပြီး သူ့အနောက်တွင် ဓားတစ်လက် ပေါ်ပေါက်လာသည်။ ဓားဝိညာဉ်၏ အလင်းက အလွန် တောက်ပနေပြီး ဓားများ၏ အရှင်သခင်ကဲ့သို့ပင် ဖြစ်သည်။

အားလုံးသော လမ်းစဉ်များက တူညီကြပေသည်။ အချို့သော စွမ်းအားများသည် နားလည်သဘောပေါက်မှု နက်ရှိုင်းလာပြီး ဓားစွမ်းရည်အတွင်း ပေါင်းစပ်အသုံးပြုသည့်အခါ ပို၍ အစွမ်းထက်လာပေသည်။ ထိုသည်ကို ထိုက်ရွှမ်မြို့မှ ဤအရူးများ မည်သို့ နားလည်နိုင်ပါမည်နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset