Switch Mode

အပိုင်း(၁၄၉၅)

စမ်းသပ်ခြင်း

ရီဖူရှင်းက ထိုက်ရွှမ်စားသောက်ဆိုင် ခြံဝင်းသို့ ပြန်လာခဲ့သည်။ ထူးခြားသာလွန်သော အရှိန်အဝါရှိသည့် လူငယ်လေးတစ်ယောက်နှင့် အမျိုးသမီးငယ်လေးတစ်ယောက်က သူ့ထံသို့ လျှောက်လာကြ၏။

“ရှန်သခင်လေးရဲ့ ကု့ချင်းဂီတက ဧကရီကျီဆီကနေတောင် ချီးမွမ်းခံရမယ်လို့ မမျှော်လင့်ထားမိဘူး။ သိပ်ကောင်းတာပဲ” အမျိုးသားက ရီဖူရှင်းကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။

ရီဖူရှင်းအား သူမ၏ ကု့ချင်းတီးခတ်ဖျော်ဖြေသူ ဖြစ်လာစေရန် ဖိတ်ကြားခဲ့သူမှာ ထိုက်ရွှမ်မြို့၌ ဂုဏ်သတင်းကျော်စောသည့် ဧကရီကျီ ဖြစ်သည်။

ဧကရီကျီသည် သဘောထားကြီးပြီး အလွန် ဆွဲဆောင်မှုရှိသည့် ပုဂ္ဂိုလ်ဖြစ်ကာ မရေတွက်နိုင်သော တန်ခိုးရှင်များ၏ မျက်လုံးထဲတွင် နတ်ဘုရားမတစ်ပါး ဖြစ်သော်လည်း သူတို့သည် သူမအား မော်မကြည့်ရဲသလို သူမအကြောင်းကိုလည်း စိတ်ကူးမယဉ်ရဲကြပေ။ ဧကရီကျီသည် လက်မထပ်ရသေးသော်လည်း သူမက ဧကရီ ဖြစ်နေခဲ့၏။

“ရှန်သခင်လေးရဲ့ ကု့ချင်းဂီတက သာမန်မဟုတ်ဘဲ သန့်စင်ပြီး နက်ရှိုင်းတဲ့ အနုပညာခံစားချက် ရှိတယ်။ ဂီတကို စတင်လိုက်တဲ့ အခိုက်မှာ လူတွေက အဲဒီဂီတထဲမှာ နစ်မျောသွားကြတယ်။ ဧကရီကျီက ရှင့်ရဲ့ ဂီတစွမ်းရည်ကို နှစ်သက်တာ အံ့သြစရာမရှိတော့ပါဘူး” အမျိုးသမီးက ပြုံးကာ ပြောလိုက်သည်။  သူမက ရီဖူရှင်း၏ ချောမောသော မျက်နှာကို ကြည့်လိုက်သော်လည်း သူ့ကို မမြင်နိုင်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သူ၏အရှိန်အဝါနှင့် တစ်ဖက်ကမ်းခပ်သည့် ဂီတစွမ်းရည်အရ ရီဖူရှင်းသည် ကျော်ကြားထင်ရှားသည့် မိသားစုကနေ လာပြီး သာမန်အဆင့်အတန်းမျိုး ဖြစ်လိမ့်မည် မဟုတ်ပေ။ သူက သူ့ကိုယ်သူ ကု့ချင်းဓားသိုင်းပညာရှင်ဟု ခေါ်ခဲ့သော်လည်း လူတိုင်းက ကု့ချင်းဂီတသံကိုသာ ကြားခဲ့ရပြီး မည်သူကမှ သူ၏ ဓားစွမ်းရည်ကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။

သူ့အနီးတွင် ထူးခြားဆန်းကြယ်သည့် အသက်ဓာတ်များ ရှိနေသည့်ပုံပေါ်သည်။

ထို့ပြင် သူ၏ ထူးချွန်မှုနှင့် ရီဖူရှင်းသည် စားသောက်ဆိုင်၌ ကု့ချင်းပညာရှင်အဖြစ်သာ လုပ်ဆောင်နေရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။ ထိုက်ရွှမ်စားသောက်ဆိုင်သည် သာမန်စားသောက်ဆိုင် မဟုတ်သော်လည်း ဤစားသောက်ဆိုင်၏ ပိုင်ရှင်မှာ မည်သူဖြစ်သည်ကို လူတိုင်း သိကြပေသည်။

“ဝမ်းမြောက်မိပါတယ်” ရီဖူရှင်းက အပြုံးနှင့် တုံ့ပြန်လိုက်သည်။

သူတို့နှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ပြီး သူတို့၏ ခေါင်းများကို ယမ်းလိုက်ကာ ခါးသက်စွာ ပြုံးလိုက်ကြသည်။ သူတို့ပ ရီဖူရှင်း ဆိုလိုသည်ကို နားမလည်ကြပေ။ သူက သာမန်ပုဂ္ဂိုလ် ဖြစ်ပါက ထိုက်ရွှမ်စားသောက်ဆိုင်၏ ကု့ချင်းပညာရှင်ဖြစ်ခွင့်ရသည်မှာ ကောင်းသော အခွင့်အလမ်း ဖြစ်သော်လည်း ရီဖူရှင်းသည် သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။ ထိုသည်ကို သူ၏ ကျင့်ကြံဆင့်နှင့် ကျွမ်းကျင်သည့် ဂီတစွမ်းရည်က သက်သေပြခဲ့ပြီး ဖြစ်သည်။

“အစ်ကိုရှန်.. ကျွန်တော့်ဆရာဆီ လိုက်လည်ပြီး သူ့တပည့် မဖြစ်ချင်ဘူးလား” လူငယ်လေးက ထပ်ပြောလိုက်သည်။ သူ၏ ဆရာက ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင် ဖြစ်သည်။

ထိုက်ရွှမ်ဘုံတွင် ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်အား မည်သူကမှ အထင်မသေးရဲပေ။ ထိုက်ရွှမ်ဒေသ၌ သူ၏ အဆင့်အတန်းက ထူးခြားသာလွန်ပေသည်။ ထိုက်ရွှမ်စားသောက်ဆိုင်သည် ထိုက်ရွှမ်မြို့တွင် ထိပ်တန်းစားသောက်ဆိုင် ဖြစ်ပြီး ပိုင်ရှင်၏ အဆင့်အတန်း အရှိန်အဝါကြောင့် မည်သူကမှ ထိုက်ရွှမ်စားသောက်ဆိုင်၌ ပြဿနာမရှာရဲကြပေ။

ထိုက်ရွှမ်မြို့တော်အရှင်နှင့် ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်သည် ဆရာတူမောင်နှမများ ဖြစ်ကြသည်။ ထိုအချက်မှာ လူတိုင်း သိရှိကြပြီး ၎င်းက လျှို့ဝှက်ချက် မဟုတ်ပေ။ သူတို့၏ အဆင့်အတန်းနှင့် ခွန်အားကို ထပ်ပေါင်းပြောဆိုရလျှင် သူတို့သည်လည်း အလွန် အစွမ်းထက်သည့် သူများ ဖြစ်ကြသည်။

ထို့ကြောင့် ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်က တပည့်လိုချင်သည်ဟု ဆိုလိုက်လျှင် အလွန် ကြီးမားသည့် လှုပ်ခတ်မှုဖြစ်ကာ ထိုက်ရွှမ်ဒေသမှ မရေတွက်နိုင်သော တန်ခိုးရှင်များသည် ထိုအခွင့်အရေးကို လက်လွတ်ခံကြလိမ့်မည် မဟုတ်ပေ။

သို့သော် ရီဖူရှင်းသည် လူငယ်၏ စကားများကို ကြားသည့်အခါ၌ အလွန်ပင် သာမန်ဖြစ်နေခဲ့သည်။ သူက အမူအရာကင်းမဲ့စွာနှင့် ခေါင်းကို ယမ်းလိုက်သည်။ သူက ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်ကြောင့် ဤစားသောက်ဆိုင်ကို လာခဲ့ခြင်းမဟုတ်ပေ။

‘သူ့ရဲ့ အမူအရာက ငါမျှော်လင့်ထားသလိုပဲ’ ဟု လူငယ်က ရီဖူရှင်းကို ကြည့်ကာ တွေးလိုက်သည်။ ရီဖူရှင်းက အကြိမ်အနည်းငယ် ငြင်းဆန်ခဲ့ပြီး ဖြစ်သည်။

ရီဖူရှင်းသည် စားသောက်ဆိုင်သို့ ဆရာရှာရန် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ လူငယ်က မရဲတရဲ မေးသည့် အချိန်တိုင်း ရီဖူရှင်းက တွေဝေခြင်းမရှိ ခေါင်းကို ယမ်းကာ တိုက်ရိုက်ငြင်းပယ်ခဲ့သည်။

သို့ဆိုလျှင် ရီဖူရှင်းက ထိုက်ရွှမ်စားသောက်ဆိုင်ကို မည်သည့်အတွက် လာခဲ့သနည်း။

သူတို့က ဤရက်များအတွင်း မည်သည့် သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။

“ကျုပ် လမ်းသွားလျှောက်လိုက်ဦးမယ်” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်ပြီးနောက် အပြင်သို့ ထွက်သွားခဲ့သည်။ သူ၏ အကျင့်က ယခင်နှင့် အတူတူပင် ဖြစ်သည်။ လူငယ်နှင့် မိန်းမငယ်လေးက အချင်းချင်း ကြည့်လိုက်ကြသည်။

“သွားကြမယ်” လူငယ်က ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် ထွက်သွားခဲ့သည်။

စားသောက်ဆိုင်အပြင်ဘက်၌ ရီဖူရှင်းသည် ရှေ့သို့ ဦးတည်နေခဲ့သည်။ ထိုက်ရွှမ်ဘုံ၏ အဓိကမြို့အနေနှင့် ရှေးဟောင်းမြို့ဖြစ်သော ဤထိုက်ရွှမ်မြို့သည် အလွန် ခမ်းနားကြီးကျယ်ကာ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များစွာနှင့် မရေတွက်နိုင်သည့် တန်ခိုးရှင်များ ရှိကြသည်။ ဤနေရာသည် အထက်ကောင်းကင်ဘုံ၌ အစွမ်းထက်ဆုံး နေရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

ထိုက်ရွှမ်တောင်တန်းပေါ်၌ အလွန် ထူးခြားသည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး နေထိုင်ပြီး သူ့ကြောင့်ပင် အထက်ကောင်းကင်ဘုံတွင် ထိုက်ရွှမ်ဘုံသည် နေရာတစ်ခုရရှိခဲ့ခြင်း ဖြစ်သည်။ သူသည် အထက်ကောင်းကင်ဘုံ၌ပင် ကြောက်မက်ဖွယ်ကောင်းသည့် ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ့ကြောင့်ပင် ဤနေရာကို ထိုက်ရွှမ်ဘုံဟု ခေါ်ဆိုခြင်း ဖြစ်သည်။ သူက ဂိုဏ်းတစ်ခု မတည်ထောင်ခဲ့သော်လည်း သူ၏ အဆင့်အတန်းသည် ဟောက်ထျန်းမြို့ရှိ ကောင်းကင်နတ်တံခါးကဲ့သို့ ကျော်စောလှပေသည်။ သူသည် ဘုံဝ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူ မြေတောင်မြှောက်ပေးခဲ့သည့် တပည့်များ အားလုံးသည် အလွန် ကျော်ကြားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့အကြားတွင် ထိုက်ရွှမ်မြို့တော်အရှင်နှင့် ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်တို့ ပါဝင်ပေသည်။

ရီဖူရှင်းသည် မြို့အတွင်းမှ မြင်ကွင်းကို ဂရုတစိုက်ကြည့်ရှုနေခဲ့သည်။ ရှေးဟောင်းမြို့တွင် ရှန့်ထိုအဆင့် တန်ခိုးရှင်များမှာ နေရာအနှံ့တွင် ရှိနေပြီး အထက်ဘုံကိုးခု၌ ရှန့်ထိုအဆင့်များက သာမန်ပင် ဖြစ်သည်။ ကြည့်ရသည်မှာ ဝိညာဉ်စွမ်းအား အရင်းအမြစ် ပေါကြွယ်သည့် အတွက်ကြောင့် ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် အရှိန်မြှင့်လိုက်ပြီး ခြေတစ်လှမ်းနှင့် ကောင်းကင်သို့ ဝင်ရောက်လိုက်သည်။ သူသည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ သူသည် လေထဲမှ မည်သည့်နေရာကိုမဆို လျင်မြန်စွာ သွားလာနိုင်သကဲ့သို့ပင် ဖြစ်ပေသည်။

သူ ထွက်သွားပြီးနောက် ထိုနေရာတွင် လူနှစ်ယောက် ပေါ်လာခဲ့သည်။ သူတို့သည် အတွေးစများကို လွှင့်ထုတ်လိုက်သော်လည်း ရီဖူရှင်း၏ စွမ်းအား အစအနသည်ပင် ပျောက်ကွယ်သွားတော့သည်ကို တွေ့ရှိလိုက်ရပေသည်။

“အရမ်းမြန်တယ်” သူတို့က ပြောလိုက်သည်။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ခါးသက်သည့် အပြုံးနှင့် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ပြန်သွားခဲ့သည်။ ထိုဂီတပညာရှင်၏ အမြန်နှုန်းက အလွန် လျင်မြန်လှပြီး တခဏအတွင်း၌ပင် သူတို့က သူ့ကို မည်သည့်နေရာမှာမှ ရှာမတွေ့ကြတော့ပေ။

“ပျောက်ဆုံးခြင်းနယ်မြေကို သွားကြရအောင်” လူငယ်က ပြောလိုက်သည်။

“ပျောက်ဆုံးခြင်းနယ်မြေကို သွားကြမလို့လား” အမျိုးသမီးက သူ့ကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။ “ကျွန်မကြားတာတော့ မြို့တော်အရှင် အိမ်တော်က ညီမငယ်လေးလည်း အဲဒီကို သွားလိမ့်မယ်တဲ့”

“အများကြီးမတွေးနဲ့။ ခုတလော ပျောက်ဆုံးခြင်းနယ်မြေမှာ အစွမ်းထက် တန်ခိုးရှင်တစ်ယောက် ပေါ်လာတယ်လို့ ပြောကြတယ်။ လူအများကြီးက သူ့ကို စိန်ခေါ်ဖို့ ပြင်နေကြတယ်။ အဲဒီကို ဦးလေးရဲ့ တပည့်တွေ အများကြီးလည်း သွားဖို့ အသင့်ဖြစ်နေကြပြီ” လူငယ်သည် တစ်နေရာသို့ ဦးတည် လျှောက်နေရင်းမှ သာမန်အတိုင်း ပြောလိုက်သည်။

ပျောက်ဆုံးခြင်းနယ်မြေသည် ထိုက်ရွှမ်မြို့တွင် ကျော်ကြားသည့် နေရာတစ်ခု ဖြစ်ပြီး ယင်းသည် ထိုက်ရွှမ်မြို့မှ မရေတွက်နိုင်သော တန်ခိုးရှင်များ ယှဉ်ပြိုင်ရာ နေရာဖြစ်သည်။

ပျောက်ဆုံးခြင်းနယ်မြေ၏ ဝင်ပေါက်သည် ထိုက်ရွှမ်မြို့အလယ်တွင် တည်ရှိပြီး အလွန် ထူးခြားဆန်းကြယ်သည့် နေရာတစ်ခု ဖြစ်သည်။ ထိုနေရာ၏ အရှေ့တွင် မမြင်နိုင်သော အလင်းတို့ဖြင့် ဖုံးလွှမ်းခံထားရသည့် မြူဆိုင်းနေသော နေရာတစ်ခု ရှိသည်။ တစ်စုံတစ်ယောက်က ထိုနေရာနှင့် နီးကပ်လာလျှင် မမြင်ရသည့် တည်ရှိမှုတစ်ခု ဖြစ်လာသည်။

ပုံရိပ်ယောင်နယ်မြေအရှေ့၌ တံခါးပေါက်တစ်ခုရှိပြီး ယင်းသည် ပျောက်ဆုံးခြင်းနယ်မြေ၏ ဝင်ပေါက်ဖြစ်ကာ ခမ်းနားထည်ဝါပေသည်။

ဤကြီးမားသည့် တံခါးပေါက်သည် ပေတစ်ရာခန့် မြင့်မားပြီး ထိုက်ရွှမ်မြို့ကဲ့သို့ မြို့တစ်မြို့လုံး ဝင်ဆံ့နိုင်လောက်အောင် ကြီးမားကျယ်ပြန့်ပေသည်။

ပျောက်ဆုံးခြင်းနယ်မြေ၏ သမိုင်းသည် အလွန် ရှေးကျလှသည်။ ဤနေရာတွင် ရှေးနှစ်ပေါင်းများစွာက အမွေအနှစ်တို့ ကျန်ရှိနေသည်ဟု ပြောကြသည်။ မရေတွက်နိုင်သည့် တန်ခိုးရှင်များသည် ရတနာ ရှာဖွေရန် လာရောက်ကြသော်လည်း နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ပျောက်ဆုံးခြင်းနယ်မြေသည် ရတနာရှာဖွေသည့် နယ်မြေအဖြစ်မှ တိုက်ခိုက် စမ်းသပ်ခြင်းမြေပြင်အဖြစ် ပြောင်းလဲလာခဲ့သည်။ မရေတွက်နိုင်သည့် တန်ခိုးရှင်များသည် ပျောက်ဆုံးခြင်းနယ်မြေကို ဝင်ရောက်ပြီး သူတို့၏ ခွန်အားက မည်သည့် အဆင့်၌ ရှိနေကြောင်း သိရစေရန် အဆုံးအဖြတ် စမ်းသပ်တိုက်ပွဲများ ပြုလုပ်လာကြပြီး ၎င်းသည် သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်၌ နားလည်သဘောမှုအတွက် အလွန် အကူအညီဖြစ်ပေသည်။

ထိုအချိန်၌ ပျောက်ဆုံးခြင်းနယ်မြေ အပြင်ဘက်တွင် လူတစ်စုရောက်ရှိလာသည်။ အဖွဲ့ထဲမှ လူတိုင်းသည် ထူးခြားသာလွန်သော အရှိန်အဝါတို့ ရှိကြသည်။ ဦးဆောင်လာသည့် သူမှာ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမ၏ မျက်လုံးများက ထိုက်ရွှမ်စားသောက်ဆိုင်မှ လူနှစ်ယောက်ထံ ကျရောက်သွားခဲ့သည်။

“ညီမလေး လော့ယွဲ့” လူငယ်က အပြုံးနှင့် ခေါ်လိုက်သည်။ ချက်ချင်းပင် လူတိုင်း၏ အကြည့်များက ထိုအမျိုးသမီးငယ်လေးထံသို့ ကျရောက်လာသည်။ ‘မင်းသမီးလော့ယွဲ့ ရောက်ရှိလာပြီလား’

မြို့တော်အရှင်၏ သမီးတော်သည် သူ၏ အဖိုးတန်ဆုံးရတနာလေး ဖြစ်သည်။

လော့ယွဲ့သည်လည်း လူငယ်ကို သတိပြုမိသည်။ သူမက တည်ငြိမ်စွာ ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်ရင်း မေးလိုက်သည်။ “ရှင်ရော ပျောက်ဆုံးခြင်းနယ်မြေကို ဝင်မလို့လား”

“ဟုတ်တယ်။ တစ်ချက်လောက် သွားကြည့်ချင်လို့” လူငယ်က အပြုံးနှင့် တုံ့ပြန်လိုက်သည်။ သူ့ဘေးမှ အမျိုးသမီးက အနည်းငယ် ရှက်အမ်းအမ်း ဖြစ်သွားပုံပေါ်သည်။ သူက ထိုနေရာကို သွားကြည့်ရုံ ကြည့်ချင်နေသည်လား။

“ဟုတ်ပါပြီ။ ကံကောင်းပါစေ အစ်ကို” လော့ယွဲ့က ပြောပြီး ပျောက်ဆုံးခြင်းနယ်မြေ၏ ကြီးမားသော ဝင်ပေါက်ဆီ လျှောက်လှမ်းသွားခဲ့သည်။ သူမက ဝင်ပေါက်သို့ ခြေချလိုက်သည့်အခါတွင် အားကောင်းသည့် အတွေးစတစ်ခုက လွှမ်းခြုံလာသည်။

ခဏအကြာတွင် လော့ယွဲ့က ပျောက်ကွယ်သွားခဲ့သည်။ သူမသာလျှင် မဟုတ်ဘဲ သူမနောက်မှ လိုက်ပါလာသည့် လူများလည်း ပျောက်ဆုံးခြင်းနယ်မြေအတွင်း ဝင်ရေက်ကာ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

“အဲဒီမှာ ဘယ်လို ပွဲကောင်းကောင်း ရှိမလဲ မသိဘူး။ မင်းသမီးလော့ယွဲ့ကလည်း ဒီကို လာခဲ့တယ်။ သူမအပြင်ကို တခြား အစွမ်းထက်ပုဂ္ဂိုလ်တွေကလည်း ပျောက်ဆုံးခြင်းနယ်မြေထဲကို ဝင်သွားကြတယ် ဟုတ်တယ်မလား။”လူအများက အပြင်ဘက်၌ ဆွေးနွေးနေကြသည်။

ပြောကြသည်မှာ ဤအရာအားလုံးက ထူးခြားဆန်းကြယ်သည့် ဓားသမားနှင့် ပတ်သက်နေသည်ဟူ၍ပင် ဖြစ်သည်။

ပျောက်ဆုံးခြင်းနယ်မြေအတွင်းတွင် အပြင်ဘက်လောကမှ မြင်ကွင်းနှင့် လုံးဝ ကွာခြားပေသည်။ ဤနေရာသည် အမှန်တကယ်ပင် လွတ်လပ်သော နေရာဖြစ်ကာ ပျောက်ဆုံးခြင်းနယ်မြေသည် အဆုံးမဲ့ ကျယ်ပြောသည့် နေရာတစ်ခု ဖြစ်သည်။

နေရာတစ်ခုတွင် ဓားစွမ်းအားများ လွှမ်းခြုံထားပြီး ထိုစွမ်းအားသည် လူတစ်ယောက်၏ ဦးခေါင်းဆီသို့ ချက်ချင်း ထိုးဖောက်သွားသည်။ ဓားက ဖြတ်သန်းသွားပြီးနောက် သွေးများ ပန်းထွက်လာပြီး ထိုသူသည် နေရာ၌ပင် အေးခဲနေကာ သူ့ရှေ့မှ လူကို ကြည့်၍ အူတိအူကြောင် ဖြစ်နေခဲ့သည်။

ထိုပုဂ္ဂိုလ်သည် သူ၏ အတွေးစအဖြစ် ပြောင်းလဲသွားကာ ပျောက်ဆုံးခြင်းနယ်မြေမှ ပျောက်ကွယ်သွားပေသည်။

သူ့ကို ရှုံးနိမ့်စေခဲ့သည့် ဓားသမားမှာ ဝတ်စုံဖြူနှင့် ဖြစ်ကာ သူ၏ မျက်နှာက မြူများဖြင့် လွှမ်းခြုံထားသည်ဟု ထင်မှတ်ရပေသည်။ သူသည် ထိုသူ၏ ရုပ်သွင်အစစ်အမှန်ကို မမြင်နိုင်ခဲ့ပေ။ လူအများသည် ပျောက်ဆုံးခြင်းနယ်မြေသို့ ဝင်ရောက်သည့်အခါ ဤနေရာမှ ရန်ငြိုးများကို အပြင်လောကသို့ ပါလာခြင်းမှ ရှောင်ရှားနိုင်ရန် ထိုသို့ ပြုလုပ်ကြသည်။

ထိုအဖြူရောင်ဝတ်စုံနှင့် ပုံရိပ်မှာ ရီဖူရှင်းဖြစ်သည်။ သူက ကောင်းကင်အာဏာစက်ဘုံမှ ဤနေရာသို့ ရောက်လာပြီးနောက် ပထမဆုံး ထိုက်ရွှမ်စားသောက်ဆိုင်သို့ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် သူ၏ ကိုယ်ပိုင်အဆင့်အတန်းကို နေ့တိုင်း မြှင့်တင်ခဲ့သည်။ သူက သန့်စင်သည့် နှလုံးသားဖြင့် ကု့ချင်းကို တီးခတ်ပြီး သူ၏ စိတ်အခြေအနေကို သန့်စင်ကာ ပျောက်ဆုံးခြင်းနယ်မြေသို့ သွား၍ သူ၏ ဓားစွမ်းရည်ကို ကြံ့ခိုင်စေကာ တိုက်ပွဲအပေါ် နားလည်သဘောပေါက်မှုအား မြှင့်တင်ခဲ့သည်။

ဘုန်း… ဘုန်း…. ဘုန်း…..

များပြားလှသော ပုံရိပ်များက ကောင်းကင်မှ ဆင်းသက်လာပြီး ရီဖူရှင်း၏ ရှေ့ မတူညီသော နေရာများတွင် ပေါ်ပေါက်လာသည်။ သူတို့အားလုံးတွင် ပြင်းထန်သည့် အသက်ဓာတ်များ ရှိနေကာ သံသယကင်းစင်ခြင်း အဆင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့၏ အသက်ဓာတ်များ ပေါက်ကွဲထွက်လာသည့်အခါ ရီဖူရှင်းအနီးတွင် ပြင်းထန်သည့် မုန်တိုင်းသဖွယ် ရစ်ပတ်လာသည်။

ရီဖူရှင်းက သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် သူ့ရှေ့တွင် ဓားများ စီတန်းထွက်ပေါ်လာသည်။ သူက ရှေ့မှ လူများကို ကြည့်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။ ဓားများ ထွက်ပေါ်လာကာ ကောင်းကင်ကို ဖြတ်၍ ထိုးဖောက်လိုက်သည်။

ဘုန်း…

မရေတွက်နိုင်သည့် ပုဂ္ဂိုလ်များက တစ်ချိန်တည်းတွင် လျှောက်လာကာ သူတို့၏ ဝိညာဉ်မှာလည်း အံ့မခန်းပင် ဖြစ်သည်။ သူတို့က ဓားများကို ရပ်တန့်ရန် ကြိုးစားလိုက်ကြလျှင် ဓားများက တုန်ခါလာကာ ယင်းတို့၏ အမြန်နှုန်းကို နှေးကျသွားစေသည်။

ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ ဓားစွမ်းအားများက အားကောင်းလာသည်မှာ ဓားသဏ္ဌာန်မုန်တိုင်းကဲ့သို့ပင် ဖြစ်၏။ သူက လက်ချောင်းများကို ရှေ့သို့ ညွှန်လိုက်ပြီး ဓားများက အော်မြည်လာသည်မှာ သူ ဆက်ပြီး မထိန်းချုပ်နိုင်တော့သကဲ့သို့ပင် ဖြစ်သည်။ ဓားသည် ထိုတန်ခိုးရှင်များကို တစ်ချိန်တည်း တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် များပြားလှသည့် တန်ခိုးရှင်များသည် ဓားစွမ်းအားများဖြင့် ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ သို့သော် သူတို့ အနောက်တွင် ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်တစ်ဦး ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ဝန်းရံလိုက်၏။

ဘုန်း…

ရီဖူရှင်းက ကောင်းကင်တွင် လမ်းလျှောက်လာပြီး ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်ထံ ဦးတည်လိုက်သည်။ သူက ခြေလှမ်းလိုက်သည့်အခါတွင် ဓားသည် ကောင်းကင်ကို ဖြတ်သန်းကာ ထိုပုဂ္ဂိုလ်ထံ တည့်တည့် တိုးဝင်သွားခဲ့သည်။ ထိုတန်ခိုးရှင်က လက်ကို မြှောက်ကာ ဆန့်ထုတ်လိုက်ပြီး ဓားစွမ်းအားများကို ပျက်စီးသွားစေသည်။

လေထု အော်မြည်လာပြီး ရီဖူရှင်း၏ နောက်၌ မရေတွက်နိုင်သော ထက်ရှသည့် ဓားများ ပေါ်ပေါက်လာသည်။ ဓားတစ်လက်စီ၌ အသက်တစ်ချောင်း ပါဝင်နေသည်ဟု ထင်မှတ်ရသည်။

“သွား” သူက လက်တစ်ချောင်းဖြင့် အမိန့်ပေးလိုက်သည်။ ဓားများက အတွဲလိုက် ပြေးထွက်သွားသည်။ ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်က ရှေ့သို့ ရွေ့လျားလာကာ ကောင်းကင်ကို ရိုက်ခတ်လိုက်သည်။ သူက လက်သီးချက်ကို ပစ်လွှတ်လိုက်ပြီး ကောင်းကင်က ပြင်းထန်စွာ တုန်ခါလာ၍ အားလုံးသော ဓားများက ကွဲကြေပျက်စီးသွားသည်။

ရီဖူရှင်းက လက်ကို ဝှေ့ယမ်းလိုက်ပြန်ကာ သူ့ခန္ဓာကိုယ်အနီးတွင် မရေတွက်နိုင်သော ဓားများ ဝန်းရံလာသည်။ ဓားတစ်လက်ချင်းစီသည် ကြောက်မက်ဖွယ် ဓားအလင်းများကို ဝါးမျိုကာ ဓားဝင်္ကပါအဖြစ် အသွင်ပြောင်းသွားခဲ့လေသည်။

ဘုန်း… ရီဖူရှင်းက ဓားများနှင့် လိုက်ပါလာသည်။ မရေတွက်နိုင်သည့် ဓားများသည် အရာအားလုံးကို ဖျက်ဆီးကာ ထိုတန်ခိုးရှင်အား တိုက်ခိုက်လိုက်သည်။ သူ ရှေ့သို့ ခြေလှမ်းထွက်လာသည့်အခါ ကောင်းကင်က အော်မြည်လာပြီး အနီးပတ်ဝန်းကျင်က ပေါက်ကွဲပျက်စီးသွားသကဲ့သို့ ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ် မုန်တိုင်းက ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကာ ထွက်ပေါ်လာသည်။ တန်ခိုးရှင်သည် သူ၏ လက်သီးကို တစ်ချိန်တည်း ပစ်လွှတ်လိုက်ပြီး ဓားများကို အသည်းအသန် တိုက်ခိုက်လိုက်သည်။

သို့သော် လှည့်ပတ်နေသည့် မဟာလမ်းစဉ်ဓားအလင်းက အဆုံးမရှိသကဲ့သို့ ထင်မှတ်ရကာ ဓားစွမ်းအားများသည် ထိုတန်ခိုးရှင်၏ ဝိညာဉ်ကိုပင် တိုက်ခိုက်နေသည်ဟု ထင်မှတ်ရပြီး သူ့ကို စိတ်မသက်မသာ ဖြစ်စေရန် ပြုလုပ်နေသည်။

နောက်ဆုံး၌ ရီဖူရှင်းက သူ့လက်ကို မြှောက်ကာ အခြားတစ်ဖက်သို့ ညွှန်ပြလိုက်ပြီး ထောင်ချီသည့် မဟာလမ်းစဉ် ဓားများက တစ်နေရာတည်းသို့ တစ်ပြိုင်တည်း ထိုးဖောက်လာသည်။ မဟာလမ်းစဉ် စွမ်းအားများက ထိုးဖောက်သွားပြီး ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်က ခပ်တိုးတိုး ညည်းညူလိုက်ရသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားခဲ့၏။ သူက အရှေ့မှ လူကို အထိတ်တလန့်နှင့် မော့ကြည့်လိုက်သည်။ ထိုသူက မည်သူနည်း။

သူကဲ့သို့ သံသယကင်းစင်ခြင်း အဆင့် တန်ခိုးရှင်တစ်ယောက်က မည်သို့ ဖြစ်၍ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်ကို လွယ်လွယ် ရှုံးနိမ့်စေနိုင်သနည်း။ ကြည့်ရသည်မှာ သူ့ရှေ့တွင် ရပ်နေသည့် မည်သူ့ကိုမဆို သူ့ဓားဖြင့် သတ်ဖြတ်နိုင်သကဲ့သို့ပင် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset