အပိုင်း(၁၄၉၃)

ကောင်းကင်နတ်တံခါး၏ ဂုဏ်သရေနှင့်အညီ ရှင်သန်ခြင်း

“ဝင်္ကပါကို အသက်သွင်းလိုက်တော့?”

ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နန်းတော်အတွင်းမှ တန်ခိုးရှင်များက စုစည်းလာသည်။ ခဏချင်းအတွင်းတွင် ဖျက်ဆီးခြင်းစွမ်းအားများသည် ကောင်းကင်တစ်ခွင်၌ ပေါ်ပေါက်လာကာ လွှမ်းခြုံသွားခဲ့သည်။ ကြောက်မက်ဖွယ် နတ်မိုးကြိုးများက မိုးကြိုးပြစ်ဒဏ်မြို့၏ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

မိုးကြိုးပြစ်ဒဏ်မြို့မှ လူများသည် ထိတ်လန့်နေကြပြီး သူတို့၏ နှလုံးသားများက ဆက်လက်တုန်ယင်နေသည်။ ထိုအခိုက်တွင် သူတို့အားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကောင်းကင်နန်းတော်သို့ စူးစိုက်ကြည့်နေကြပေသည်။

ထိုနေရာ၌ မည်သည်တို့ ဖြစ်နေသနည်းဟု သူတို့က သိချင်နေကြသည်။

မကြာသေးခင်က တောက်ပသည့် အဖြူရောင်အလင်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းလာခဲ့သည်။ အခုဖြစ်နေသည်က ထိုအဖြူရောင် အလင်းကြောင့်များလား။

တစ်စုံတစ်ယောက်က ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ချိုးဖျက်ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်လား။

“ဒီနေ့ နန်းတော်သခင်က လူတွေ စုပြီး ကောင်းကင်နတ်တံခါးကို တိုက်ခိုက်ဖို့ ဟောက်ထျန်းမြို့ကို သွားတယ်။” တစ်ယောက်က ရေရွတ်လိုက်သည်။ သူသည် တစ်ခုခုကို သတိပြုမိသွားသကဲ့သို့ မျက်နှာက ရုတ်တရက် သွေးဆုတ်ဖြူရော်သွားခဲ့သည်။

ထိပ်သီးအင်အားစုများ၏ တိုက်ပွဲ နောက်ဆက်တွဲမီးပွားက သူတို့ပေါ်သို့ ကျရောက်လာနိုင်သည်လား။

ထိုအကျိုးဆက်က သူတို့အပေါ် ကျရောက်လာသည်လား။

သို့သော် ယခုတွင် ထိပ်သီးအင်အားစုများအားလုံးက ပူးပေါင်းခဲ့ကြသည်။ သူတို့က ကောင်းကင်နတ်တံခါး၏ တန်ခိုးရှင်များကို မည်သို့ ထွက်ပြေးလွတ်မြောက်ခွင့် ပြုလိုက်ရသနည်း။

သူတို့က ထွက်ပြေးလွတ်မြောက်သွားလျှင်ပင် မည်သည့်အတွက်ကြောင့် ထိပ်သီးအင်အားစုများက သူတို့နောက်မှ လိုက်မဖမ်းဘဲ ခရမ်းရင့်ကောင်းကင်နန်းတော်သို့ လာရောက် တိုက်ခိုက်ခွင့် ပြုရသနည်း။

သူတို့က မည်သို့ ဖြစ်နေသည်လဲ မသိရှိကြသည့်အတွက် ဇဝေဇဝါ ဖြစ်နေကြသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်သည် ကောင်းကင်နတ်တံခါး၌ ထိုမျှ ထူးခြားသည့် ဝင်္ကပါရှိနေသည်ကို သိမည်ဆိုလျှင် သူတို့က ပို၍ ဂရုတစိုက် ပြုမူလိုက်မည် ဖြစ်သော်လည်း လက်တွေ့တွင် ‘လျှင်’ ဟူသည်မှာ မရှိပေ။

ထိုအချိန်တွင် မိုးကြိုးပြစ်ဒဏ်မြို့သည် အမှန်တကယ် မိုးကြိုးပြစ်ဒဏ်နယ်မြေ ဖြစ်လာပြီး တန်ခိုးရှင်များသည် မိုးကြိုးပြစ်ဒဏ်စွမ်းအားများကို ထုတ်လွှတ်ကာ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေပေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ကောင်းကင်သို့ တစ်ဟုန်ထိုး ပြေးတက်ကာ မိုးကြိုးပြစ်ဒဏ် မဟာဝင်္ကပါအတွင်း ဝင်ရောက်သွားခဲ့သည်။ ယင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရန်ဟောင်များ စောင့်ကြပ်ထိန်းချုပ်နေသည့် ကမ္ဘာဖျက်ဝင်္ကပါ ဖြစ်လေသည်။ နန်းတော်သခင်သည် ကောင်းကင်နတ်တံခါးကို ဝန်းရံရန်အတွသ် ခရမ်းရင့်ကောင်းကင်နန်းတော်၏ အတော်ဆုံး တန်ခိုးရှင်များကို ခေါ်ဆောင်သွားခဲ့သော်လည်း ခရမ်းရင့်ကောင်းကင်နန်းတော်ကို စောင့်ကြပ်ရန် မည်သည့် တန်ခိုးရှင်မှ ချန်ရစ်မထားခဲ့သည်တော့ မဖြစ်နိုင်ပေ။

ထို့ကြောင့် များပြားလှသည့် ရန်ဟောင်များက ဤနေရာ၌ ရှိနေဆဲ ဖြစ်၏။

ဟွားကျန့်ရှန်သည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ အကာအကွယ် ဝင်္ကပါဖြစ်သော ထိုမိုးကြိုးပြစ်ဒဏ် ဝင်္ကပါကို တစ်ချက်ကြည့်လိုက်သည်။ သူက ခရမ်းရင့်ကောင်းကင်နန်းတော်၏ အကာအကွယ်ဝင်္ကပါကို အသက်မသွင်းနိုင်မီ သူက နန်းတော်အတွင်း ချက်ချင်း ထိုးဖောက်ဝင်ရောက်လိုက်သည်။

သို့သော် သူတို့က ဝင်္ကပါအား အပြည့်အဝ အသက်မသွင်းရသေးလျှင်ပင် စွမ်းအားက ပြင်းထန်နေဆဲ ဖြစ်သည်။

နတ်အလင်းသည် ကောင်းကင်တွင် လင်းလက်တောက်ပနေသည်။ မရေတွက်နိုင်သည့် ပုံရိပ်များက ဟွားကျန့်ရှန်၏ ခန္ဓာကိုယ်အနီးတွင် ပေါ်ပေါက်လာကာ ကောင်းကင်သို့ ဦးတည်သွားခဲ့သည်။ မရေတွက်နိုင်သည့် ပုံရိပ်များက ဝင်္ကပါဆီသို့ ဆက်တိုက်ကျဆင်းလာသည်။ သူတို့သည် ထိုဝင်္ကပါအား အသွေးအသားနှင့်  ထောက်ပံ့ပေးချင်နေပုံရသည်။

ဘုန်း…

ပုံရိပ်များက ပေါင်းစည်းသွားကာ ဟွားကျန့်ရှန်၏ ခန္ဓာကိုယ်သည် အထွတ်အထိပ် နတ်ပုံရိပ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ပုံရိပ်ကညဆက်လက် ကြီးမားလာနေပြီး သူက အထက်သို့ ခြေလှမ်းလိုက်သည်။ သူသည် ထူးခြားလမ်းစဉ်ဖြင့် ကောင်းကင်လှေကားတစ်ခုကို ဖန်တီးလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ကောင်းကင်လှေကားတစ်ခုပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ပင် ဖြစ်သည်။ သူက ခြေလှမ်းလှမ်းလိုက်တိုင်းတွင် သူ၏ အသက်ဓာတ်က ပိုအစွမ်းထက်လာကာ သူ၏ ပုံရိပ်ကလည်း ပို၍ အားကောင်းလာသည်။ သူ့ကို မည်သည့်အရာကမှ မရပ်တန့်နိုင်သကဲ့သို့ပင် ဖြစ်သည်။

မဟာလမ်းစဉ်သည် ကောင်းကင်တွင် အော်မြည်နေပြီး ဟွားကျန့်ရှန်၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင် နတ်ဘုရားသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ သူက လက်တစ်ချောင်းကို ကောင်းကင်သို့ ညွှန်ပြလိုက်ပြီး မိုးကြိုးများကို ထိုးဖောက်ကာ ကြောက်မက်ဖွယ် ကမ္ဘာဖျက်မိုးကြိုးဝင်္ကပါကို ချက်ချင်း ဖျက်ဆီးလိုက်သည်။ တစ်ခဏအတွင်း ကောင်းကင်ထက်တွင် မရေတွက်နိုင်သည့် နတ်အလင်းတန်းများသည် ကြီးမားသည့် ဝင်္ကပါကြီးအတွင်း၌ မိုးကြိုးများကဲ့သို့ ပေါ်ပေါက်လာကာ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားခဲ့သည်။ မရေတွက်နိုင်သည့် စွမ်းအားများက ဝင်္ကပါအထက် ကောင်းကင်မှ ကျဆင်းလာပြီး အောက်ဘက်ရှိ စွမ်းအားများနှင့် တသားတည်း ဖြစ်သွားသည်။ တုန်ခါနေသည့် အသံတစ်ခု ထွက်ပေါ်လာကာ ဝင်္ကပါသည် တုန်ယင်လာပြီး များပြားလှသည့် အက်ကွဲရာများ ပေါ်ပေါက်လာသည်။

ဘုန်း…

ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီး မရေတွက်နိုင်သော မိုးကြိုးလျှပ်စီးများက ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် ကောင်းကင်က ပြိုကျလာသည်ဟု ထင်မှတ်ရကာ ကမ္ဘာပျက်နေ့ရက် ရောက်လာသည်ဟု ထင်မှတ်ရသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် အပိုင်းအစများစွာ ပျက်စီးသွားပြီး မရေတွက်နိုင်သည့် အဆောက်အအုံတို့ ပြိုကျပျက်စီးသွားသည်။ ဝင်္ကပါပျက်စီးသွားပြီးနောက် ကောင်းကင်ပြစ်ဒဏ်မြို့မှ မရေတွက်နိုင်သည့် လူများသည် စိတ်ပျက်ခြင်းများစွာဖြင့် မြည်တမ်းလိုက်ကြသည်။ မည်သူကမှ သူတို့အား ရည်ရွယ်ကာ မတိုက်ခိုက်သော်လည်း မိုးကြိုးဝင်္ကပါ၏ အင်အားက အလွန် ကြောက်မက်ဖွယ်ကောင်းလေရာ ထိုဝင်္ကပါ ပြိုကျသွားသည့်အခါ၌ စွမ်းအားများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ  လူများစွာကို သေဆုံးသွားစေသည်။

ကောင်ကင်ထက်ရှိ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် တုန်လှုပ်နေကြသည်။ သူတို့၏ ပါးစပ်များမှ သွေးစီးကြောင်းတို့ ကျဆင်းနေကာ သူတို့၏ မျက်နှာများက ဖြူဖျော့နေခဲ့သည်။ သူတို့က ရှိသမျှ ခွန်အားကို သုံးကာ တိုက်ခိုက်ခဲ့သည်။ ပြင်းထန်သည့် ရန်ဟောင်စွမ်းအားများက ကောင်းကင်ကို လွှမ်းခြုံထားပြီး ရန်ဟောင်ပုဂ္ဂိုလ်များ အားလုံးက ဟွားကျန့်ရှန်ကို စူးစူးရဲရဲ ကြည့်နေကြသည်။ သူတို့က ခရမ်းရင့်ကောင်းကင်နန်းတော်ကို စောင့်ကြပ်ရမည့် သူများ ဖြစ်သည်။

အဆုံးမဲ့ မိုးကြိုးလျှပ်စီးများက ဟွားကျန့်ရှန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော်လည်း သူက ထိုနေရာမှ ရပ်နေဆဲဖြစ်ကာ ထို့နောက်တွင် ကောင်းကင်၌ ခြေလှမ်းလိုက်ခြင်းက တန်ခိုးရှင်များအားလုံး၏ နှလုံးသားတို့ကို တုန်ယင်လာစေသည်။

များပြားလှသည့် ပုံရိပ်များ ပေါ်ပေါက်လာပြီး ဟွားကျန့်ရှန်သည် ပြိုင်ဘက်ကင်း နတ်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။

များပြားလှသည့် ရန်ဟောင်တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်။

ဟွားကျန့်ရှန်က ရပ်တန့်လိုက်သည့်အခါ သူ၏ လက်ချောင်းသည် ရန်ဟောင်တစ်ပါး၏ မျက်ခုံးအလယ်သို့ ညွှန်ပြနေခဲ့ကာ သွေးများ ပန်းထွက်နေသော်လည်း ဟွားကျန့်ရှန်ကို ကြည့်ရသည်မှာ အတော်လေး တည်ငြိမ်နေပေသည်။ သူသည် မည်သည့် ခံစားချက်မှ မရှိသကဲ့သို့ပင် ထင်မှတ်ရ၏။

“သေစမ်း.. အားလုံး သေကြစမ်း”

“အကြီးအကဲ…”

“ဆရာ..”

လေဟာနယ်အတွင်း၌ နေရာအနှံ့မှ တန်ခိုးရှင်များ၏ အသံတို့ ထွက်ပေါ်လာသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် ကောင်းကင်သို့ မော့ကြည့်နေကြကာ သူတို့အားလုံးက ပူဆွေးသောက ရောက်နေကြသည်။

ကောင်းကင်နတ်တံခါး၏ ကလန်ခေါင်းဆောင်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဟွားကလန်၏ ဟွားကျန့်ရှန်သည် ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သူ ဖြစ်သည်။ အနည်းငယ်မျှသော ပုဂ္ဂိုလ်ကြီးများမှလွဲကာ အခြားမည်သူမှ သူ့အား တိုက်ခိုက်နိုင်ကြမည် မဟုတ်ပေ။

ခရမ်းရင့်ကောင်းကင်နန်းတော်၌ ကျင့်ကြံနေခဲ့သည့် ရန်ဟောင်တန်ခိုးရှင်များ အားလုံးသည် ကျော်ကြားပြီး ထူးချွန်သည့် ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ယခုတွင် သူတို့အားလုံးသည် ဟွားကျန့်ရှန်၏ လက်ထဲ၌ သေဆုံးကြရပေတော့မည်။ မည်မျှ ဝမ်းနည်းစရာ ကောင်းလိုက်သနည်း။

ဤတိုက်ပွဲသည် ခရမ်းရင့်ကောင်းကင်နန်းတော်အတွက် အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

ထို့ပြင် ဤသည်က အဆုံးသတ် မဟုတ်သေးပေ။

ဟွားကျန့်ရှန်က ငုံ့ကြည့်လိုက်သည်။ ထိုအချိန်၌ ခရမ်းရင့်ကောင်းကင်နန်းတော်ထက် ကောင်းကင်သည် အလွန် တိတ်ဆိတ်နေခဲ့ကာ အေးစက်သည့် လေထု အော်မြည်သံသာလျှင် ရှိနေခဲ့သည်။

“ဟွားကလန်ခေါင်းဆောင်.. ခင်ဗျား လူငယ်တန်ခိုးရှင်လေးတွေကိုတော့ လွှတ်မပေးနိုင်ဘူးလား” အသံတစ်ခု ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသည့် ခရမ်းရင့်ကောင်းကင်နန်းတော်အထက်သို့ လူတစ်ယောက် လျှောက်ထွက်လာခဲ့သည်။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် ကျန်းယွမ် ဖြစ်ပေသည်။

သူက လျှောက်လာကာ ဟွားကျန့်ရှန်ကို ကြည့်လိုက်သည်။

ယနေ့ ကောင်းကင်နန်းတော်တွင် ဟွားကျန့်ရှန်သည် လူသတ်စက်ကဲ့သို့ ပြုမူနေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်သည် ယခုကဲ့သို့ ကြီးမားသည့် ဆုံးရှုံးမှုများကို ခံစားခဲ့ရဖူးခြင်း မရှိပေ။

ဟွားကျန့်ရှန်သည် လက်ကို မြှောက်ကာ လေထုအား ဆုပ်ဆွဲလိုက်သည်။ ရုတ်တရက် မမြင်နိုင်သည့် ကြီးမားသော လက်ကြီးတစ်ဖက်က ကျန်းယွမ်ကို လေထဲသို့ ကိုင်မြှောက်လိုက်သည်။ ကျန်းယွမ်သည် ဟွားကျန့်ရှန်ကို စူးစိုက်ကြည့်နေ၏။

“မင်း ငါ့ကို အဲဒီလို ကြည့်စရာမလိုဘူး။  မင်းက ခရမ်းရင့်ကောင်းကင်နန်းတော်က လူတွေ ဒီနေ့ ကောင်းကင်နတ်တံခါးကို ဘာလို့ လာကြလဲဆိုတာ တခြားလူတွေထက် ပိုသိမှာပေါ့” ဟွားကျန့်ရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် ဖြူဖျော့သွားခဲ့သည်။ သူတို့က မည်သည့်အတွက် သွားခဲ့သည်ကို ကောင်းကောင်းသိကြပေသည်။

အတိတ်တွင် ဂူကလန်မှ လူများအားလုံး အမြစ်ဖြတ်သုတ်သင်ခံခဲ့ရသည်။ ယနေ့တွင် ထိပ်သီးအင်အားစုများအားလုံး စုပေါင်း၍ ကောင်းကင်နတ်တံခါးသို့ လာရောက်ကြခြင်းမှာ ကောင်းကင်နတ်တံခါး၏ အတိတ်ကာလမှ အဖြစ်မျိုး တစ်ဖန်ပြန်ဖြစ်လာစေချင်ပြီး ကောင်းကင်အာဏာစက်ဘုံမှ ပျောက်ကွယ်သွားစေချင်ပေသည်။

သို့သော် ယခု ဟွားကျန့်ရှန်က ဤနေရာသို့ ရောက်လာနေသည်။

ဟွားကျန့်ရှန်၏ အဖြူရောင်ဝတ်စုံက သွေးများနှင့် စွန်းထင်းနေခဲ့သည်။ ဟွားကျန့်ရှန်က ကျန်းယွမ်၏ မျက်နှာကို ကြည့်လိုက်ပြီး ဟွားကျန့်ရှန်သည် မည်သည့် အကြောက်တရားမှ မရှိဘဲ သူ့အား တည်ငြိမ်စွာ ကြည့်နေသော ကျန်းယွမ်ကို ကြည့်လိုက်သည်။ ၎င်းက ဟွားကျန့်ရှန်ကို ပြုံးသွားစေကာ သူက ပြောလိုက်၏။ “ကြည့်ရတာတော့ ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင်ဆိုတာ စိတ်ပျက်စရာ လူမျိုးတော့ မဟုတ်ဘူးပဲ။ အမှန်တော့ ဒီနေ့ ကျုပ်က ခရမ်းရင့်ကောင်းကင်နန်းတော်က လူတိုင်းကို သတ်ဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ ဒီလိုလုပ်လိုက်မယ်ဆိုရင် ခရမ်းရင့်ကောင်းကင်နန်းတော်မှာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကို မျက်မြင်တွေ့နိုင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီနေ့ မင်း အသက်ကို ချမ်းသာပေးခဲ့ပြီး တစ်နေ့မှာ ဘယ်သူက ကောင်းကင်အာဏာစက်ဘုံရဲ့ အထွတ်အထိပ်မှာ ရပ်နိုင်လိမ့်မလဲဆိုတာ မြင်တွေ့စေမယ်”

ထိုစကားများ ပြောပြီးနောက် သူက ကျန်းယွမ်ကို လွှတ်ပေးလိုက်သည်။ ကျန်းယွမ်သည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင်ဖြစ်သော်လည်း သူက လွှတ်ပေးခဲ့သည်။ သူ ပြောခဲ့သည့်အတိုင်း ယနေ့တွင် ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်နတ်တံခါးမှ လူတိုင်းကို အမြစ်ဖြတ်သုတ်သင်ရန် လာခဲ့ကြခြင်း ဖြစ်သည်။ ယခု သူသည် လူသတ်စက်ကဲ့သို့ နတ်ဆိုးတစ်ကောင်သဖွယ် မည်သည်ကိုမှ စိတ်မပူဘဲ သတ်ဖြတ်နေသော်လည်း သူက ကျန်းယွမ်ကို ကောင်းကင်နတ်တံခါးဂိုဏ်း ပြန်လည်ရှင်သန်လာသည်အား မျက်မြင်တွေ့စေလိုသောကြောင့် မသတ်ခဲ့ပေ။

ကောင်းကင်နတ်တံခါးတွင် ဂူတုံးလျှိုနှင့် ရီဖူရှင်းတို့ ရှိနေသည့် အတွက်ကြောင့် မဟာလမ်းစဉ်ခန္ဓာပိုင်ရှင် ကျန်းယွမ်သည် သူတို့အား ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။

ဘုန်း…

သူက နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်ကာ ခရမ်းရင့်ကောင်းကင်နန်းတော် ထိပ်ဖျားသို့ ရောက်ရှိလာပြီးနောက် ခြေဆောင့်နင်းချလိုက်သည်။ ရုတ်တရက် မိုးကြိုးပြစ်ဒဏ်မြို့အထက်တွင် မြင့်မားထည်ဝါသည့် ခရမ်းရင့်ကောင်းကင်နန်းတော် နန်းတော်က ပြင်းထန်စွာ တုန်ခါလာသည်။ များပြားလှသည့် အက်ရာများ ပေါ်ပေါက်လာပြီး စတင်ပြိုကျလာသည်။ မရေတွက်နိုင်သော ကျောက်တုံးကြီးများ လိမ့်ဆင်းလာကာ ကောင်းကင်နန်းတော်သည် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ယနေ့တွင် ကောင်းကင်နတ်တံခါးက ပျောက်ကွယ်သွားသော်လည်း ခရမ်းရင့်ကောင်းကင်နန်းတော်သည်လည်း တူညီသည့် နည်းလမ်းဖြင့် သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ထိုသို့ပြုလုပ်ပြီးနောက် ဟွားကျန့်ရှန်သည် ကောင်းကင်သို့ လျှောက်သွားခဲ့ကာ လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သခင်သည် သူတို့၏ အတော်ဆုံး ပုဂ္ဂိုလ်များကို ခေါ်ဆောင်သွားသည်ဆိုသော်ငြား ဤတိုက်ပွဲသည် ခရမ်းရင့်ကောင်းကင်နန်းတော်အား အကြီးအကျယ် အင်အားနည်းသွားစေသော်လည်း သူတို့၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။ ကောင်းကင်နတ်တံခါးသို့ လိုက်ပါသွားကြသူများမှာ အားအကောင်းဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

သို့ဆိုလျှင်ပင် ယခုအချိန်မှစကာ ခရမ်းရင့်ကောင်းကင်နန်းတော်သည် အမြံ စိတ်မသက်မသာ ဖြစ်နေရပေတော့မည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်အာဏာစက် ပြည်ထောင်တွင်လည်း တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေခဲ့သော်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်၏ အုတ်မြစ်က နက်ရှိုင်းသည့်အတွက် များလှစွာသော တော်ဝင်အင်အားစုများသည် မရေတွက်နိုင်သော တန်ခိုးရှင်များ ပူးပေါင်းဝန်းရံထားခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဝင်္ကပါစွမ်းအားသည်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကျန်းချန်ကျီသည်လည်း လူသတ်စက်ကဲ့သို့ပင် တန်ခိုးရှင်အများအပြားအား သတ်ဖြတ်ပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူက ကောင်းကင်အာဏာစက် ပြည်ထောင်၏ ခုခံကာကွယ်မှုကို အပြည့်အဝ မချိုးဖျက်နိုင်ခဲ့သော်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်သည်လည်း အကြီးအကျယ် ဆုံးရှုံးမှုကို ခံစားရပေသည်။

သူက ၎င်းတို့အား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမပေးလိုသောကြောင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ သူက ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် ပြန်ရောက်လာသည်အထိ စောင့်နေခဲ့ပါက သူ့အတွက် လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။

ဝမ်ကလန်ခေါင်းဆောင်သည် ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်လောက် အားမကောင်းသည့်အတွက် သူက ကံကောင်းခြင်း သိပ်မရှိလှပေ။ သူသည် ရန်သူ့နယ်မြေအတွင်း အတင်းအကြပ် ထိုးဖောက်ဝင်ရောက်ပြီးနောက် သူ၏ နေရာရွှေ့ပြောင်းခြင်း လမ်းစဉ်က ပိတ်ဆို့ထားဆီးခံလိုက်ရသည်။ လေဟာနယ် ခရီးတိုရွှေ့ပြောင်းခြင်းကို အသုံးပြု ပြီးနောက် သူသည် ကံမကောင်းစွာနှင့် အမြန်နှုန်းဖြင့် ပြန်လာခဲ့သော ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ စိတ်စွမ်းအားဖြင့် ပိတ်ဆို့ထားခြင်းကို ခံလိုက်ရသည်။

ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များသည် သူတို့၏ စိတ်စွမ်းအားများကို မိုင်ထောင်ချီကာ ထုတ်လွှင့်၍ ဖုံးလွှမ်းပိတ်ဆို့ထားနိုင်စွမ်း ရှိသည်။ ယခုတွင် ကောင်းကင်အာဏာစက်ဘုံတစ်နေရာ၌ တန်ခိုးရှင်တစ်ဦးသည် နတ်လက်နက်အဖြစ် ပြောင်းလဲကာ ရှေ့သို့ လျင်မြန်စွာ ပျံသန်းနေသည်။ သို့သော် သူ့နောက်မှ လူက သူ့အား လိုက်ဖမ်းနေဆဲပင် ဖြစ်သည်။ ထိုသူမှာ ကောင်းကင်အာဏာစက်ပြည်ထောင်ဘုရင် ဖြစ်၏။

အခြားသော တန်ခိုးရှင်များသည် သူ၏ အမိန့်ကို လက်ခံရရှိပြီးနောက် ကောင်းကင်အာဏာစက် ပြည်ထောင်သို့ အမြန်ဆုံးနှုန်းဖြင့် ပြန်လာကြပေသည်။ သူက စိုးရိမ်နေသော်လည်း အခြားတန်ခိုးရှင်များအားလုံး ပြန်လာကြသည့်အခါ သူက ခေတ္တပျက်ကွက်လျှင်လည်း ကိစ္စရှိမည်မဟုတ်ပေ။

ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော စိတ်တို့ဖြင့် ပြည့်နှက်နေသည်။ နှစ်ယောက်လုံး၏ အရှိန်သည် အလွန်လျင်မြန်လှပြီး ဝမ်မိသားစုခေါင်းဆောင်သည် နတ်လက်နက်အသွင်အဖြစ် အပြီးတိုင် ပြောင်းလဲလိုက်ကာ ကောင်းကင်နှင့် မြေကြီးကို ထိုးခွဲဖြတ်သန်းသွားသည်။

“မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား” ကောင်းကင်အာဏာစက်ပြည်ထောင်ဘုရင်က အော်လိုက်သည်။ သူက အဝေးမှ လက်သီးတစ်ချက် ပစ်ထိုးလိုက်လျှင် ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ် စွမ်းအားများက အော်မြည်လာပြီး လက်သီးစွမ်းအားများက လေဟာနယ်ကို ဖြတ်သန်းလာခဲ့သည်။ သို့သော် ဤလက်သီးချက်က နတ်လက်နက်ကို ရိုက်ခတ်မိသွားသလို ဖြစ်ကာ ဝမ်ကလန်ခေါင်းဆောင်၏ အရှိန်ကို ပို၍ လျင်မြန်သွားစေခဲ့ပြီး ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ အကြည့်များက မည်းမှောင်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင် ကျန်းကလန်ခေါင်းဆောင်သည်လည်း ထို အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ ဝမ်ကလန်ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရုတ်တရက် မြေပြင်သည် နှစ်ခြမ်းကွဲသွားခဲ့ကာ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါတို့က ကောင်းကင်တစ်ခွင်ကို ဖြတ်သန်းလွှမ်းခြုံသွားခဲ့သည်။ မကြာခင်၌ ကြောက်မက်ဖွယ် ခရမ်းရွှေကြွက်က ရောက်ရှိလာကာ ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ် စွမ်းအားများကို ဝါးမျို ပြီး  သူ့ကိုပင် ဝါးမျိုတော့မလို ဖြစ်လာသည်။

ဝမ်မိသားစုခေါင်းဆောင်သည် ရုတ်တရက် ရပ်တန့်သွားကာ နတ်လက်နက်ကို ပစ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ် အမှောင်အက်ကြောင်းက လေဟာနယ်တွင် ပေါ်ပေါက်လာပြီး သွေးရောင်အလင်းတန်းက လိုက်ပါလာ၏။

ဝမ်မိသားစုခေါင်းဆောင်က ရပ်တန့်သွားသော်လည်း သူ့ခန္ဓာကိုယ်မှ သွေးတို့ စီးကျနေခဲ့သည်။ သူ၏ လက်မောင်းတစ်ဖက်က အကိုက်ခံလိုက်ရကာ သွေးများ ဒလဟော စီးကျလာသည်။

ဘုန်း…

သူ့နောက်မှ ပြင်းထန်သော တိုက်ခိုက်မှုက တစ်ခါတည်း လိုက်ပါလာကာ သူ့ကို သွေးအန်သွားစေသည်။

သူ့တွင် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းမရှိပေ။

ရုတ်ချည်းပင် အင်အားစုနှစ်ခုလုံး၏ တန်ခိုးရှင်များ ရောက်ရှိလာသည်။

“မင်းကိုတော့ သနားမိပါရဲ့။ ဒါပေမဲ့လည်း ကောင်းကင်နတ်တံခါးကို ဝင်ပြီး ကိုယ့်သေတွင်း ကိုယ်တူးတာကိုး” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။ အမှန်တွင် ဝမ်ကလန်ခေါင်းဆောင်ကို အပြင်လူအဖြစ် သတ်မှတ်နိုင်ပေသည်။

“ကိုယ့်သေတွင်း ကိုယ်တူးတယ်တဲ့လား” ဝမ်ကလန်ခေါင်းဆောင်က ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။ သူက ရုတ်ခြည်း စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာအတွင်း သူသည် ကောင်းကင်နတ်တံခါးသို့ ပြန်သွားနိုင်ရန်မှာ အကြီးမားဆုံး ရည်ရွယ်ချက်ဖြစ်ကာ အပတ်တကုတ် ကြိုးစားခဲ့သည်။

ယခု သူက လက်လွှတ်နိုင်ပြီ ဖြစ်၏။

“ကျုပ် ဝမ်ယွိက ကောင်းကင်နတ်တံခါးရဲ့ မိသားစုဝင်ဖြစ်ဖို့ ထိုက်တန်တယ်။ ဝမ်မိသားစုက ကောင်းကင်နတ်တံခါးရဲ့ ဂုဏ်သရေနဲ့အညီ နေထိုင်မယ်”

သူက ကျယ်လောင်စွာ ပြောလိုက်ပြီး ကောင်းကင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။ ကောင်းကင်က တုန်ခါသွားကာ မရေတွက်နိုင်သည့် နတ်လက်နက်များက ကောင်းကင်မှ ကျဆင်းလာသည်။ မဟာလမ်းစဉ် နတ်အလင်းများက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး လက်နက်များက ပျော်ဝင်သွားခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset