အပိုင်း(၁၄၉၂)

နတ်ဆိုးတစ်ကောင် ဖြစ်လာခြင်း

“ဘာတွေဖြစ်နေတာလဲ” လူအများက အချင်းချင်း မေးလိုက်ကြသည်။ သူတို့က ကောင်းကင်မှ ထွက်ခွာသွားသည့် တန်ခိုးရှင်များအား မြင်လိုက်ရသည့်အခါ ဇဝေဇဝါ ဖြစ်သွားကြသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်အားလုံးသည်လည်း ချက်ချင်းပင် ထွက်ခွာသွားခဲ့ကြသည်။ သူတို့သည် တစ်ခုခုကို စိတ်ပူနေကြပုံပေါ်လေသည်။

“ကလန်ခေါင်းဆောင်နှစ်ယောက်နဲ့ ဝမ်မိသားစုခေါင်းဆောင် ထွက်မသွားကြဘူး” တစ်ယောက်က ပြောလိုက်သည်။ “သူတို့က ကောင်းကင်အာဏာစက်ဘုံမှာ ရှိနေတုန်းပဲ”

ထို ထိပ်သီးပုဂ္ဂိုလ်သုံးယောက်က ဝင်္ကပါစွမ်းအားများနှင့် တိုက်ခိုက်မှုကို ဖော်ထုတ်၍ ရန်သူ့ဘက်သို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ထိုအချိန်၌ ထုတ်ဖော်လိုက်သော စွမ်းအားသည် ပြည်ထောင်ဘုရင်နှင့် နန်းတော်သခင်တို့ကိုပင် ဒဏ်ရာရစေခဲ့သော်လည်း တူညီစွာပင် သူတို့သည်လည်း ထိခိုက်ခံစားခဲ့ရပေသည်။ အလွန် အားကောင်းသည့် စွမ်းအားများ ထိပ်တိုက်တွေ့မှုက မဟာလမ်းစဉ်လမ်းကြောင်းက ကောင်းကင်ကိုပင် ထိခိုက်သွားစေခဲ့သည်။ ကောင်းကင်နတ်တံခါး တန်ခိုးရှင်များသည် ဝင်္ကပါအတွင်းပိုင်းကို ကာကွယ်ကာ ပြီးပြည့်စုံသည့် လမ်းကြောင်းအတွင်း ဝင်ရောက်သွားနိုင်ခဲ့သည်။

အစပိုင်းတွင် သူတို့နှင့် တိုက်ခိုက်ခဲ့သည့် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် သူတို့ကို စောင့်ကြပ်ပေးရန် ကြိုးစားခဲ့သည်။

အခြားသော တန်ခိုးရှင်များအတွက် သူတို့သည် နှောင့်နှေးစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ သူတို့သည်လည်း ထွက်သွားလိုသည့် ဆန္ဒရှိကြပုံမပေါ်ပေ။

ကောင်းကင်နတ်တံခါးသည် နှစ်ပေါင်းများစွာကြာအောင် ဖြတ်သန်းလာခဲ့ကြသည်။ ယနေ့ သူတို့သည် အတိတ်ကာလမှဖြစ်ပျက်ခဲ့သလို အခြားသော ထိပ်သီးအင်အားစုများ၏ ဝန်းရံမှုကြောင့် ပျက်စီးခြင်းဆိုက်ခဲ့ရသည်။ ကောင်းကင်နတ်တံခါးဂိုဏ်းမှ တန်ခိုးရှင်များကို မည်သို့ ပြန်လည်စုစည်းနိုင်မည်နည်း။

အတိတ်တွင် သူတို့သည် ကြောက်မက်ဖွယ် တန်ဖိုးကို ပေးဆပ်ခဲ့ရကာ ဂူကလန်က အပြီးတိုင် ဖျက်ဆီးခံလိုက်ရသည်။

ယခု နောက်တစ်ဖန် ထပ်ဖြစ်လိမ့်မည်လား။ ကောင်းကင်နတ်တံခါးက ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးဖြစ်နိုင်မည့် အခွင့်အရေး မရနိုင်တော့သည်လား။

သူတို့က ကောင်းကင်နတ်တံခါးကို သုတ်သင်ရှင်းလင်းပစ်ချင်ပါက သူတို့သည်လည်း  တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရမည် ဖြစ်သည်။

ထိုသည်က သူတို့ ရွေးချယ်ခဲ့သော တိုက်ပွဲပင် ဖြစ်၏။

ထိုစကားကို ကြားပြီးနောက် လူအများ၏ နှလုံးသားက တုန်ယင်သွားကြသည်။ ထိုတန်ခိုးရှင် သုံးယောက်သည် ကောင်းကင်အာဏာစက်ဘုံမှ ထွက်ခွာမသွားခဲ့သည်လား။

သို့ဆိုလျှင် သူတို့က မည်သည့် နေရာသို့ သွားခဲ့ကြသနည်း။

ယခု ကောင်းကင်နတ်တံခါးက မတည်ရှိတော့သည်ဖြစ်ရာ သူတို့သည် မည်သည့်အကြောင်းမှ စိုးရိမ်ပူပန်ဖွယ် ရှိလိမ့်တော့မည် မဟုတ်ပေ။ သူတို့ မည်သည့်နေရာသို့ သွားခဲ့ကြသည်ကို ခန့်မှန်းရန်  ခက်ခဲပေလိမ့်မည်။

ကောင်းကင်အာဏာစက် ပြည်ထောင်၊ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် နတ်ဆိုးဘုံမှ အခြား အင်အားစုနှစ်ခုသည် ကောင်းကင်နတ်တံခါးဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်ရှင်းလင်း ဖျက်ဆီးလိုကြသည်။ သူတို့၌သာ ဝင်္ကပါရှိမနေခဲ့ပါက ကောင်းကင်နတ်တံခါးရှိ မည်သူမှ ရှင်သန်နိုင်လိမ့်မည်မဟုတ်ဘဲ အပြီးတိုင် ချေမှုန်းခံကြရပေလိမ့်မည်။

သို့ဆိုလျှင် ကျန်းချန်ကျီတို့သည် ထွင်သွားသည့်အခါ၌ မည်သည်တို့ကို လုပ်ဆောင်ကြမည်နည်း။

နတ်ဆိုးဘုံထက်စာလျှင် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်နတ်တံခါးနှင့် နီးကပ်သော အင်အားစုများ ဖြစ်သည်။

“အဲဒီအင်အားစုနှစ်ခုက သူတို့ကို မဖမ်းနိုင်ခဲ့ရင်တော့ တကယ့်ကို ပြဿနာကြီး ဖြစ်လာလိမ့်မယ်” တစ်ယောက်က ကောင်းကင်ထက်မှ ပုဂ္ဂိုလ်များ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပြောလိုက်သည်။ ထိပ်သီးအင်အားစုများက ကောင်းကင်နတ်တံခါးကို ဖျက်ဆီးချင်ကြသည်ဖြစ်ရာ သူတို့သည် ပြည်ထောင်ဘုရင်အပါအဝင် နန်းတော်သခင်တို့လည်း ကိုယ်တိုင် ပါဝင်လာသည့် အတွက်ကြောင့် မည်သူမှ ရှောင်လွှဲနိုင်ကြလိမ့်မည်မဟုတ်ပေ။

လက်ရှိတွင် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့၏ ခုခံကာကွယ်မှုက အလွန် အားနည်းနေသည့် အချိန်ဖြစ်သည်။

ခရမ်းရွှေကြွက်အင်ပါယာ၏ မျက်နှာက မည်းမှောင်လာသည်။ သူ၏ အရှိန်အဝါက ထူးခြားသော်လည်း ခရမ်းရွှေကြွက်တို့၏ အသွင်အပြင်က ရုပ်ဆိုးလှသည့်အတွက် သူ့ကို ကြည့်ရသည်မှာ ပို၍ စက်ဆုပ်ဖွယ်ကောင်းနေသည်။ သူ၏ ခန္ဓာကိုယ်က သွေးတို့ဖြင့် စွန်းထင်းနေပြီး သူသည် အကြီးအကျယ် ထိခိုက်ဒဏ်ရာရထားခဲ့သည်။

“နတ်ဆိုးဘုံကို အရင်ပြန်ကြရအောင်” သူက ပြောလိုက်သည်။ ချက်ချင်းပင် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များသည် မည်သည့် ကိစ္စမှ မဖြစ်ခဲ့သလို နတ်ဆိုးဘုံသို့ ပြန်သွားခဲ့ကြ၏။

ယင်းကျောင်းတောင်မှ တန်ခိုးရှင်များသည်လည်း စတင် ထွက်ခွာသွားခဲ့ကြသည်။

မကြာခင်၌ မဟာမိတ်အင်အားစု လေးခုလုံး ထွက်ခွာသွားခဲ့ကြသည်။ အခြားအင်အားစုများမှ များပြားလှသော တန်ခိုးရှင်များသည်သာ ဤနေရာ၌ ကျန်ရှိနေပြီး အတွေးထဲ၌ နစ်မျောနေခဲ့ကြသည်။

ထိပ်သီးအင်အားစုများ၏ တိုက်ပွဲတွင် အလွန် များပြားသည့် ကိစ္စရပ်များ ပါဝင်နေပြီး သူတို့က ဂရုမစိုက်မိလျှင် တန်ပြန်စစ်ခင်းမှုများကို ရင်ဆိုင်ရနိုင်ပေသည်။ ဤသည်မှာ ထိပ်သီးအင်အားစုများအကြား မည်သည့်အတွက်ကြောင့် လွယ်လွယ် စစ်မဖြစ်ရသလဲဟူသည့် အကြောင်းရင်းပင် ဖြစ်သည်။

လူအများသည် ကောင်းကင်ကို ဖြတ်သန်းကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြသည်။ သူတို့က ကောင်းကင်နတ်တံခါး၏ မဟာဝင်္ကပါက ကောင်းကင်နတ်တံခါး၏ တန်ခိုးရှင်များအားလုံးကို ခေါ်ဆောင်သွားကြောင်း သိရှိကြပေသည်။ သူတို့သည် လမ်းစဉ်ဝင်္ကပါ၏ နယ်နိမိတ်အမှတ်အသားများကို အသုံးပြုကာ ဘုံ၏ နယ်နိမိတ်စည်းကို ဖြတ်သန်းသွားခြင်း ဖြစ်နိုင်ပေသည်။

ထိုစဉ်က ဂူထျန်းရှင်း ရရှိခဲ့သော ရတနာဖြစ်သည့် ဝင်္ကပါကြီးနှစ်ခုအား ပေါင်းစည်း၍ မတူညီသည့် ဘုံများအကြား ကူးသန်းသွားလာနိုင်ပေသည်။

မကြာခင်၌ ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များသည် နေရာအသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြပြီး ဟောက်ထျန်းမြို့ရှိ တန်ခိုးရှင်များသာ ဤနေရာ၌ ကျန်ရစ်ခဲ့ပေသည်။ သူတို့သည် ကောင်းကင်နတ်တံခါးဂိုဏ်း တည်ရှိခဲ့ရာနေရာသို့ ကြည့်နေကြသည်။ ယခုတွင် ဂိုဏ်းက ပျက်စီးသွားခဲ့ပြီဖြစ်ရာ အားလုံးသော အရှိန်အဝါများကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အားလုံးသော ကံစွမ်းအားများသည် ဝင်္ကပါကြီးအတွင်းသို့ စုပ်ယူ ပေါင်းစပ်ခံလိုက်ရပြီး ကောင်းကင်နတ်တံခါးဂိုဏ်းမှ စွမ်းအင်မှန်သမျှကို ဝါးမျိုသွားခဲ့သည်။

“ကောင်းကင်နတ်တံခါးက ဒီတစ်ခါ တကယ် ပျက်စီးသွားပြီပဲ” လူအများက သက်ပြင်းချလိုက်ကြသည်။

ယခုတွင် ကောင်းကင်နတ်တံခါးဂိုဏ်းအနီးမှ နေရာတစ်ဝိုက်သည် အလွန် ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့ကာ မရေတွက်နိုင်သည့် လူများသည် ရှေ့သို့ တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ဤနေရာသည် ဟောက်ထျန်းမြို့၏ မြင့်မြတ်နယ်မြေ ဖြစ်ခဲ့ဖူးသည်။

သို့သော် ယနေ့တွင် ပျက်စီးသွားရပြီ ဖြစ်၏။

အဝေးတွင် သွားလာနေကြသည့် လူတချို့ ရှိနေဆဲ ဖြစ်သည်။ သူတို့ အားလုံးသည် ဟောက်ထျန်းမြို့မှ လူများ ဖြစ်ကြသည်။ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လူတိုင်းသည် ဆုံးရှုံးလိုက်ရသည့် ခံစားချက်နှင့် ဝမ်းနည်းမှုတို့ကို ခံစားလိုက်ကြရသည်။

“ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ ရှေ့ဖြစ်ဟောဆရာက ကောင်းကင်နတ်တံခါးဂိုဏ်းမှာ ကံကောင်းခြင်း အပြည့်ရှိတယ်လို့ မပြောခဲ့ဘူးလား။” တစ်ယောက်က ကောင်းကင်ကို မော့ကြည့်ရင်းနှင့် သက်ပြင်းချကာ ပြောလိုက်သည်။ သူတို့က ကံကောင်းခြင်း အပြည့်ရှိသည် ဆိုပါလျက်နှင့် အဘယ်ကြောင့် ဤကဲ့သို့ အဆုံးသတ်သွားရသနည်း။

ကောင်းကင်နတ်တံခါး၏ ကံကြမ္မာက စစ်ပွဲကြောင့် အမှန်တကယ် ပျက်စီးသွားရသည်လား။

“ကောင်းကင်နတ်တံခါးဂိုဏ်းက လူတွေ အသက်ရှင်နေသမျှ ကောင်းကင်နတ်တံခါးက တည်ရှိနေဦးမှာပဲ” တစ်ယောက်က ဝမ်းနည်းနေသည့် အသံဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။ ယခင် ကလန်ခေါင်းဆောင်နှစ်ယောက်နှင့် ရန်ဟောင်ပုဂ္ဂိုလ်အများအပြားသည် ရန်သူများ၏ တိုက်စစ်အတွင်း ထိုးဖောက်ကာ ကောင်းကင်နတ်တံခါးမှ လူများ ထွက်ခွာသွားနိုင်စေရန် လုပ်ဆောင်ပေးခဲ့သည်။ ထိုသူတို့သည် သူတို့၏ မျှော်လင့်ချက် မျိုးဆက်များကို ကယ်တင်ခဲ့ကြပြီး သူတို့က ဤနေရာ၌ ကျန်နေရစ်ခဲ့ကြရန် တွေဝေနေမည် မဟုတ်ပေ။

မျှော်လင့်ချက်များ တည်ရှိနေသရွေ့ ကောင်းကင်နတ်တံခါးလည်း တည်ရှိနေမည် ဖြစ်ကာ ကံတရားသည်လည်း သူတို့ဘက်တွင် ရှိနေမည် ဖြစ်သည်။

“ဂူတုံးလျိုက ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအားတွေကို ရရှိခဲ့ပြီး မူလတောင်တန်းရဲ့ ကံစွမ်းအားတွေကိုလည်း စုပ်ယူနိုင်ခဲ့တဲ့အပြင် ဂူထျန်းရှင်းရဲ့ သင်ကြားပေးမှုကိုလည်း ရရှိခဲ့တယ်။ သူတစ်ယောက်တည်းနဲ့ ကောင်းကင်အာဏာစက်ဘုံရဲ့ ကံစွမ်းအားတွေကို စုပြုံပိုင်ဆိုင်ထားတယ်။ အခု သူ ထွက်သွားပေမဲ့ ပြန်လာတဲ့အချိန်ကျရင် သူက ကောင်းကင်နတ်တံခါးကို ပြန်ကယ်တင်နိုင်ပြီး ကောင်းကင်နတ်တံခါးရဲ့ တန်ခိုးရှင်အားလုံးကို ပြန်လာဖို့ ခေါ်ဆောင်လာနိုင်လိမ့်မယ်”

“ကောင်းကင်နတ်တံခါးက အဓွန့်ရှည် တည်တံ့လိမ့်မယ်”

ဆက်တိုက် ထွက်ပေါ်လာသည့် အသံများတွင် အဆုံးမဲ့ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုသည်က အနာဂတ်အတွက် မျှော်လင့်ချက်များပင် ဖြစ်သည်။

သူတို့သည် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များ ထွက်မသွားခင် ပြောခဲ့သည်ကို အမှတ်ရလိုက်ကြသည်။ အနာဂတ်တွင် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များ ပြန်ရောက်လာသည့်အခါ ထိုအင်အားစု အားလုံး အမြစ်ဖြတ်သုတ်သင်ခံကြရမည် ဖြစ်သည်။ ယနေ့တွင် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့သည် ကောင်းကင်နတ်တံခါးကို ဖျက်ဆီးရန် တိုက်ပွဲ၌ ပါဝင်ခဲ့သည့်အတွက် အနာဂတ်တွင် သူတို့သည် ဤအဖိုးအခကို ကျိန်းသေပေးဆပ်ကြရမည် ဖြစ်သည်။

ကံတရားကို ဆန့်ကျင်ဖျက်ဆီးရန်မှာ လွယ်ကူလိမ့်မည် မဟုတ်သလို ထိုအင်အားစုများသည်လည်း ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဤတိုက်ပွဲပြီးနောက် ဟောက်ထျန်းမြို့မှ လူများ၏ စိတ်အခြေအနေတွင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်ခဲ့ပေသည်။ သူတို့၏ စိတ်စွမ်းအားသည် ပို၍ ခိုင်မာကာ သန့်စင်အားကောင်းလာခဲ့သည်။

နောက်ဆုံး၌ သူတို့သည် ခေါင်းဆောင်နှစ်ယောက်က ဤစစ်ပွဲ၌ ဟောက်ထျန်းမြို့ကို ပါဝင်ရန် မည်သည့်အတွက် ငြင်းဆန်ခဲ့သည်ကို နားလည်သဘောပေါက်လာခဲ့သည်။ သူတို့က အကြောင်းစုံကို အချိန်အတော်ကြာအောင် တွေးတောခဲ့ပြီးနောက် ဟောက်ထျန်းမြို့မှ လူများ ပါဝင်ပတ်သက်လာမည်ကို မဖြစ်စေချင်ခဲ့ကြပေ။

ထိုအချိန်တွင် ကောင်းကင်အာဏာစက်ဘုံ၏ တစ်နေရာ၌ တောက်ပသည့် အလင်းတန်းတစ်ခု ပေါ်ပေါက်လာသော်လည်း ထိုအလင်းသည် တဖြည်းဖြည်း မှေးမှိန်လာကာ ပျောက်ပျယ်သွားပြီးနောက် လူတစ်ယောက် ပေါ်ပေါက်လာသည်။

ထိုပုဂ္ဂိုလ်သည် ထူးချွန်ထက်မြက်သော အရှိန်အဝါရှိပြီး နှင်းဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ရှည်လျားသော ဆံပင်က တစ်ဝက်မျှ ဖြူနေခဲ့ပြီ ဖြစ်သည်။ သူသည် သက်လတ်ပိုင်းအရွယ်ဟု ထင်မှတ်ရသော်လည်း ဇရာအရိပ်အယောင်တို့ ထင်ဟပ်နေပေသည်။ ထိုအချိန်၌ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးတို့ စွန်းထင်းနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံသည်လည်း စုတ်ပြဲနေပြီး သွေးတို့ဖြင့် စွန်းထင်းနေသည်။

သူသည် ကောင်းကင်နတ်တံခါးဂိုဏ်း ခေါင်းဆောင်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဟွားကလန်၏ ခေါင်းဆောင် ဟွားကျန့်ရှန် ဖြစ်သည်။

သူက ဝတ်စုံကို ငုံ့ကြည့်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ “ထပ်ပြီး ညစ်ပေသွားပြန်ပြီ”

ထို့နောက် သူက ဝတ်စုံကို ချွတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ နောက်ထပ် အဖြူရောင်ဝတ်စုံကို ထုတ်လိုက်သည်။

ဟွားကျန့်ရှန်သည် အလွန် အသန့်ကြိုက်သော သူ ဖြစ်သည်။ သူက ညစ်ပေသွားသည်နှင့် ဝတ်စုံသစ်ကို အကြိမ်များစွာ လဲလှယ်နေခဲ့ကာ ထို့နောက်မှသာ ကျေနပ်သွားပေသည်။ သူသည် ပါးစပ်မှ သွေးတို့ကို သုတ်ပစ်လိုက်ပြီးနောက် အဝေးသို့ ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများသည် နတ်အလင်းတို့ဖြင့် တောက်ပနေခဲ့ပြီး လေဟာနယ်ကို ထွင်းဖောက်နေသကဲ့သို့ ထင်မှတ်ရသည်။

သူသည် ရှေ့သို့ ဆက်လျှောက်သွားနေပြီး ရုတ်တရက် မရေတွက်နိုင်သည့် အဖြူရောင် အရိပ်များက ကောင်းကင်တစ်ခွင်တွင် ပေါ်ပေါက်လာသည်။ ယင်းတို့သည် ဟွားကျန့်ရှန်၏ အရိပ်များအဖြစ် မရေတွက်နိုင်အောင် များပြားလှစွာ ထွက်ပေါ်လာနေသည်။ မြင်ကွင်းက ထိတ်လန့်ဖွယ်ကောင်းလှသည်။ တောက်ပသည့် အဖြူရောင် နတ်အလင်းတန်းတစ်ခုက ကောင်းကင်တစ်ခွင်တွင် ပေါ်ပေါက်လာပြီး အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် လေဟာနယ်ကို ဖြတ်သန်းသွားခဲ့သည်။

ဘုန်း…

ကောင်းကင်မှ ကျဆင်းလာသည့် အဖြူရောင် နတ်အလင်းသည် အတွင်းရှိ သူ၏ ပုံရိပ်ကို မမြင်နိုင်လောက်အောင် အလွန် လျင်မြန်ပေသည်။

ကောင်းကင်အာဏာစက်ဘုံ၏ တောင်ဘက်ပိုင်း တောင်တန်းတွင် ကျင့်ကြံနေသော ရှန့်ထိုအဆင့် တန်ခိုးရှင်တစ်ဦးက ရုတ်တရက် နိုးထလာကာ သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

“အဲဒီမှာ ဘယ်သူလဲ” သူက အော်ကာ မေးလိုက်၏။ အဖြူရောင် နတ်အလင်းတန်းသည် သူ့ ခေါင်းထက်မှ ဖြတ်သန်းသွားသည်။ သူသည် အဖြူရောင် အလင်းတန်းတစ်ခုမှ လွဲ၍ မည်သည်ကိုမှ မမြင်နိုင်ခဲ့သော်လည်း ထိုသည်က သူ့အား ထိတ်လန့်သွားစေခဲ့သည်။

၎င်းက မည်သို့ ဖြစ်၍ ထိုမျှ လျင်မြန်ရသနည်း။

သူက ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်သော်လည်း ပုံရိပ်ပျောက်ကွယ်သွားသည့်တိုင် ရှင်းလင်းစွာ တွေ့မြင်ရခြင်း မရှိခဲ့ပေ။

ကောင်းကင်အာဏာစက်ဘုံ၏ မိုးကြိုးပြစ်ဒဏ်မြို့တွင် မြို့အဝင်၌ စောင့်ကြပ်နေသော တန်ခိုးရှင်များစွာ ရှိနေခဲ့သည်။ ထိုအချိန်တွင် မြို့အပြင်ဘက်၌ အဖြူရောင် အလင်းတန်းတစ်ခု ထိုးဆင်းလာခဲ့သည်။

“အဲဒီမှာ ဘယ်သူလဲ” များပြားလှသည့် စစ်သားများသည် အော်ဟစ်လိုက်ကာ ၎င်းကို ရပ်တန့်ရန် ကြိုးစားလိုက်ကြသည်။

ဝှစ်.. အဖြူရောင် အလင်းတန်းသည် မှေးမှိန်သွားကာ ယင်းကို တားဆီးရန်ကြိုးစားသည့် စစ်သားနှစ်ဦးမှာ လေထဲ၌ အေးခဲသွားခဲ့ပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက အောက်ဘက်သို့ ပြုတ်ကျလာခဲ့သည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်နေကာ သေဆုံးသွားရသည်ကိုပင် မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

သူတို့သည် မိုးကြိုးပြစ်ဒဏ်မြို့ကို စောင့်ကြပ်နေသည့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ မည်သူက သူတို့အား ဤကဲ့သို့ သတ်ဖြတ်ရဲရသနည်း။

“အဲဒါ ဘာကြီးလဲ” မိုးကြိုးပြစ်ဒဏ်မြို့အတွင်းမှ မရေတွက်နိုင်သော လူများသည် ကောင်းကင်ကို မော့ကြည့်ကာ ဇဝေဇဝါနှင့် ရေရွတ်လိုက်သည်။ အဖြူရောင်အလင်းတန်းသည် သူတို့၏ ခေါင်းထက်မှ ပျံသန်းသွားကာ တစ်နေရာသို့ ဦးတည်သွားခဲ့သည်။

ထိုအလင်းတန်း ဦးတည်သွားနေသည့် နေရာမှာ ခရမ်းရင့်ကောင်းကင်နန်းတော်ရှိရာသို့ပင် ဖြစ်လေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်ထက်တွင် တန်ခိုးရှင်အများအပြား ကျင့်ကြံနေကြသည်။ ထိုအချိန်တွင် သူတို့သည် အန္တရာယ်များသည့် အသက်ဓာတ်ကို ခံစားမိလိုက်ကြကာ ရုတ်တရက် မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။ “ဒီကို ဘာကိစ္စများ ရှိလို့လဲ”

သူတို့က ထရပ်ကာ အဝေးသို့ ကြည့်လိုက်ကြသည်။ သူတို့၏ အသံက ခရမ်းရင့်ကောင်းကင်နန်းတော်တစ်ခွင်ကို ပျံ့နှံ့သွားကာ ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ၏ နှလုံးသားကို တုန်ယင်သွားစေသည်။

အဖြူရောင်အလင်းတန်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်ဆီသို့ ဆက်လက် တိုးဝင်သွားနေဆဲ ဖြစ်သည်။ ရန်ဟောင်အဆင့် တန်ခိုးရှင်တစ်ယောက်က ရှေ့ထွက်ကာ လှုပ်ရှားလိုက်သည်။ မိုးကြိုးအလင်းသည် ကြောက်မက်ဖွယ် အင်အားနှင့် ကောင်းကင်ကို ဝါးမျိုသွားခဲ့သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ကာ အဖြူရောင်အလင်းတန်းထံသို့ ဖျက်ဆီးခြင်း မဟာလမ်းစဉ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးက ကျယ်လောင်စွာ အော်မြည်လာသည်။

ဘုန်း…

အဖြူရောင်အလင်းနှင့် ခရမ်းရောင်အလင်းက ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ယင်းတို့သည် အလွန်လျင်မြန်လှသည့်အတွက် သာမန်လူ၏ မျက်စိနှင့် မြင်နိုင်စွမ်း မရှိခဲ့ပေ။

နောက်ဆုံးတွင် အဖြူရောင်အလင်းက ရပ်တန့်သွားပြီး ဝေဝါးဝါး ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်၏ ဆံပင်များနှင့် အဖြူရောင် ဝတ်စုံတို့က လေတွင် လွင့်ဝဲနေပြီး သူ၏ ခန္ဓာကိုယ်အနီးတွင် နတ်အလင်းများ လွှမ်းခြုံထားပေသည်။ သူက လက်တစ်ချောင်းဖြင့် ရှေ့သို့ ညွှန်လိုက်သည်။

နတ်အလင်းများက ကောင်းကင်ကို ထိုးဖောက်သွား၏။ ရန်ဟောင်ပုဂ္ဂိုလ်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း တစ်စစီကွဲကြေသွားခဲ့သည်။

သွေးများက လွင့်စဉ် ပန်းထွက်လာကာ ရန်ဟောင်ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည် တိုက်ရိုက်ကွဲကြေသွားခဲ့သည်။ အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်က ရှေ့သို့ ဆက်လက်ရွေ့လျားနေပြီး သူ၏ အဖြူရောင်ဝတ်စုံက သွေးတို့ စွန်းထင်းလာပြန်သည်။

ဘုန်း…

ကြောက်မက်ဖွယ် အသက်ဓာတ်က ခရမ်းရင့်ကောင်းကင်နန်းတော်တစ်ခွင်ကို ဖုံးလွှမ်းသွားပြီး တချို့သော တန်ခိုးရှင်များက လေထဲသို့ တက်လာခဲ့ကြသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက တုန်ယင်နေကြသည်။ တချို့သော လူများက ကောင်းကင်နန်းတော်ကို လာရောက် တိုက်ခိုက်နေလေသည်။

“ဟွားကျန့်ရှန်” လူအိုကြီးတစ်ယောက်က တုန်ယင်နေသည့် အသံနှင့် ပြောလိုက်သည်။ နန်းတော်သခင်သည် လူများ စုစည်းကာ ကောင်းကင်နတ်တံခါးကို ဝန်းရံရန် ထွက်ခွာသွားသော်လည်း ကောင်းကင်နတ်တံခါး ခေါင်းဆောင်နှစ်ယောက်မှ တစ်ယောက်ဖြစ်သော ဟွားကျန့်ရှန်က ဤနေရာ၌ မည်သည့်အတွက်ကြောင့် ပေါ်ပေါက်လာရသနည်း။

ဘုန်း…

ကြောက်မက်ဖွယ် စွမ်းအားများက လူတိုင်းကို လွှမ်းခြုံသွားသည်။ ဟွားကျန့်ရှန်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ သူ၏ လက်ချောင်းကို ရှေ့သို့ ညွှန်ပြလိုက်သည်။ အချိန်ခဏလေးအတွင်း၌ မဟာလမ်းစဉ် နတ်အလင်းက များပြားလှသည့် တန်ခိုးရှင်များ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်လိုက်သည်။ လူအများက ညည်းညူလိုက်ကြပြီး သွေးအန်လိုက်ရကာ အလွန် ကြောက်ရွံ့တုန်လှုပ်လာကြသည်။

ထိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

ဟွားကျန့်ရှန်က ရှေ့သို့ ဆက်လက် ရွေ့လျားလာကာ လက်တစ်ချောင်းကို ထပ်မြှောက်လိုက်သည်။ သူက ရှေ့မှ လူကို သတ်ဖြတ်လိုက်ပြီး သွေးများက သူ့မျက်နှာကို လာစင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် သူ့ကို ကြည့်ရသည်မှာ မည်သည့် ခံစားချက်မှ ရှိပုံမရဘဲ သူ၏ မျက်လုံးများက အေးစက်နေကာ မည်သည့် ခံစားချက် အစအနမှ ရှိမနေခဲ့ပေ။

ယနေ့တွင် သူ၏ လက်များက သွေးတို့ဖြင့် စွန်းထင်းရတော့မည် ဖြစ်သည်။

အချို့လူများက ပြောကြသည်မှာ နတ်လမ်းစဉ်ကို ကျင့်ကြံသူသည် အတွေးတစ်ချက်ဖြင့် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်ဟူ၍ ဖြစ်သည်။ သူက နှစ်ပေါင်းများစွာအတွင်း နတ်လမ်းစဉ်ကို ကျင့်ကြံခဲ့သော်လည်း ယနေ့တွင် သူက နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset