မြည်းလေးမှာ ဇဝေဇဝါဖြစ်နေစဉ် ဝမ်ပေါင်လဲ့ရှိနေသော လျှို့ဝှက်အခန်း၏ ဆွေးမြေ့ပျက်စီးနှုန်းမှာ တဖြည်းဖြည်းနှင့် ပို၍မြန်ဆန်လာနေ၏။ တချိန်တည်းမှာပင် နတ်ဆိုးများ၏ အော်ဟစ်မြည်တမ်းသံများဟု ထင်ရသော အသံများမှာလည်း ပို၍ပင် ကျယ်လောင်လာနေတော့သည်။ အမည်မသိ စွမ်းအားကြီးတစ်မျိုး ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းကို နှောင့်ယှက်နေသည့်အလားပင်။ သို့သော် ၎င်းမှာ အလွန်အင်မတန်မှ ဝေးကွာလွန်းနေသောကြောင့် သက်ရောက်မှု သိပ်မရှိပေ။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့နှင့် ကုန်လွန်သွားပြီး နှစ်ပတ်တိတိ ကုန်ဆုံးသွား၏။
ထိုနှစ်ပတ်အတွင်း ဝမ်ပေါင်လဲ့မှာ တင်ပျဉ်ခွေထိုင်ရင်း မလှုပ်မယှက်ရှိနေခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီဖြစ်ပြီး သူ၏ အသက်ရှူသံများမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တခုလုံးပေါ်တွင် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေပြီး သူသည် သက်စောင့်မီးတောက်ကိုပင် ခံစားနိုင်စွမ်းမရှိတော့သည် ရုပ်အလောင်းကြီး တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
ထိုကဲ့သို့ နှစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် ညဉ့်နက်သန်းခေါင်အချိန် တစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ဆတ်ခနဲ တုန်ရီသွားပြီး တဖြည်းဖြည်းနှင့် မျက်လုံးများပွင့်လာ၏။ သူ မျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ပေါ်မှ ဆီးနှင်းများမှာ ချက်ချင်းပင်ပျောက်ကွယ်သွားပြီး သူ၏ ပတ်ပတ်လည်ရှိ ဆွေးမြေ့ယိုယွင်းနေသော အရာများမှာလည်း ပျောက်ကွယ်သွားတော့သည်။ အရာအားလုံးမှာ နဂိုမူလတုန်းကအတိုင်း ပြန်ဖြစ်သွားပြီး အော်ဟစ်မြည်တမ်းသံများမှာလည်း ချက်ချင်းပင် ရပ်တန့်သွားသည်။
ထိုကဲ့သို့ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပွင့်နေပြီဖြစ်သည်။
သူ မျက်လုံးများပွင့်လာသည်နှင့် တစ်ပြိုင်နက် အလွန် ခံ့ညားထည်ဝါသော အေးစက်စက် အငွေ့အသက်တစ်ခု သူ၏ မျက်လုံးများနှင့် ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ အကယ်၍ ယခုတွင် ဝမ်ပေါင်လဲ့၏ အသိတစ်ယောက်ယောက်သာ သူ၏ရှေ့၌ ရပ်နေမည်ဆိုပါက သူတို့မှာ အံ့ဩတုန်လှုပ်နေရပြီး သူ့အား မျက်မှန်တမ်းမိကြမည် မဟုတ်ပေ။
သို့သော် အမှန်တွင်မူ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲရှိ လူသေအလောင်းပင်လယ်ကြီးထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည့် ဝမ်ပေါင်လဲ့အစစ်ပင် ဖြစ်သည်။
သူသည် သာမာန်အချိန်များတွင်ဆိုလျှင် သူ၏ အခြားအကျင့်စရိုက်ကိုသာ ထုတ်ပြလေ့ရှိသည်။ သူသည် သူ၏ ဗီဇထဲတွင် ကိန်းအောင်းနေသော ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သူ၏ အကောင်းမြင်တတ်သော အကျင့်စရိုက်ကိုသာ ထုတ်ပြလေ့ရှိ၏။ ယခုတွင်မူ ဝမ်ပေါင်လဲ့၏ ဘယ်ဘက်မျက်လုံးထဲရှိ သူငယ်အိမ်၏ နေရာတွင် အမှောင်မီးတောက်မှာ အစားထိုးဝင်ရောက်လာပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးဘီဝဲယာကို တိတ်တဆိတ် အကဲခတ်လိုက်ပြီးနောက် သူ၏ မျက်လုံးများထဲရှိ အမှောင်မီးတောက်ကို အာရုံခံမိလိုက်၏။ သို့သော် သူသည် လှုပ်ရှားခြင်းမရှိဘဲ သူ၏မျက်လုံးများကိုသာ ပြန်မှိတ်လိုက်သည်။ ထို့နောက် ၎င်းတို့အား ပြန်ဖွင့်လိုက်သော အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အအေးဓာတ်များနှင့် သူ၏ဘယ်ဘက်မျက်လုံးထဲမှ အမှောင်မီးတောက်တို့မှာ သူ၏ ဖုံးကွယ်ခြင်းကို ခံလိုက်ရသဖြင့် ပျောက်ကွယ်သွားတော့သည်။
” လတ်စသတ်တော့ ဒါက …. အမှောင်ပညာရပ်ကိုး ”
ဝမ်ပေါင်လဲ့မှာ တိုးတိုးလေးရေရွတ်လိုက်၏။ သူသည် အမှောင်ပညာရပ်အား ကျွမ်းကျင်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ သတ်မှတ်၍ မရသေးပေ။ ယခုမှ အခြေခံအဆင့်တွင်သာ ရှိသေးသည်ဟု မှတ်ယူထား၏။
သို့သော် ဝမ်ပေါင်လဲ့မှာ အခြေခံအဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူ ယခင်တုန်းက လုံးဝမကြုံခဲ့ဖူးသည့် ခံစားချက်တစ်မျိုးကို ခံစားနေရသည်။ သူသည် ထိုခံစားချက်အား စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။ သူ၏နှလုံးသားထဲတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့မှာ အဆုံးသတ်များ မဟုတ်ကြဘဲ အကူးအပြောင်း ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်ကြောင်း ခံစားနေရသည်။
” ငါ နည်းနည်းလေးတော့ ခေါင်းရှုပ်နေတုန်းပဲ ”
ဝမ်ပေါင်လဲ့မှာ သူ၏ ခံစားချက်များကို အတိအကျ ဖော်ပြနိုင်မည့် စကားလုံးများကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေရသည်။ သူသည် တစ်ကိုယ်တည်း ရေရွတ်နေရင်း မမလေး၏ အကြောင်းကို တွေးမိသွားသည်။ သူမသည် ထိုပညာရပ်အား တစ်လအတွင်း ကျွမ်းကျင်တတ်မြောက်နိုင်ခဲ့သည်ဖြစ်ရာ သူမ၏ စွမ်းရည်များကို သိရှိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မနာလိုဖြစ်နေရ၏။
” ကြည့်ရတာ ငါ နောက်ကျရင် အရမ်းကြီး မောက်မာဝင့်ကြွားနေလို့ မဖြစ်တော့ဘူး။ လူတစ်ယောက်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အမြဲမပြတ် လေ့လာသင်ယူနေသင့်တယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ မျက်နှာဖုံးကို ထုတ်ယူလိုက်ပြီးနောက် ပုံရိပ်ယောင် နယ်မြေထဲသို့ တန်း၍ ဝင်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင်နယ်မြေထဲသို့ ရောက်ရှိလာသောအခါ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်ပါသော်လည်း မမလေးအား မတွေ့ရပေ။ သို့သော် သူသည် ကျင့်သားရနေပြီဖြစ်သောကြောင့် မတ်မတ်ရပ်ကာ အသံအကျယ်ကြီးဖြင့် အော်ခေါလိုက်၏။
” မမလေး။ ကျနော် မေးခွန်းတစ်ခု မေးချင်လို့ ”
” အဲ… အမှောင်မီးတောက် ပေါ်လာတုန်းက ကျနော့်ရဲ့ ရင်ထဲမှာ ထူးဆန်တဲ့ ခံစားချက်ကြီးတစ်မျိုး ပေါ်လာတာ။ မသိရင် ကျနော်က ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတွေကို ထိန်းချုပ်နိုင်စွမ်းရှိသွားတဲ့အတိုင်းပဲ။ ဒါပေမဲ့ အဲဒီခံစားချက်ကို ခပ်ရေးရေးလေးပဲ ရခဲ့တာမလို့ အတိအကျ ဖော်ပြလို့မရဘူး…. အဝေးကနေ တစ်ယောက်ယောက်က လှမ်းခေါ်နေတဲ့ အတိုင်းပဲ။ ကျနော်လည်း သေချာတော့မပြောနိုင်ဘူး။ ပြီးတော့ ကျနော် အဆက်မပြတ်ကြားနေရတဲ့ ထူးဆန်းတဲ့ အသံကြီးတစ်သံလည်း ရှိသေးတယ်။ မမလေး အမှောင်ပညာရပ်ကို ကျွမ်းကျင်တတ်မြောက်သွားခဲ့တဲ့ အချိန်တုန်းကရော ဒီလိုမျိုးဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရသေးလား ”
ဝမ်ပေါင်လဲ့မှာ အကြောင်းအရင်းကို သိချင်သောကြောင့် စိတ်ရင်းအမှန်ဖြင့် ရိုးရိုးသားသား မေးလိုက်၏။ သူသည် ဖြစ်ပျက်နေသည့်အရာများကို ပို၍ ရှင်းရှင်းလင်းလင်း နားလည်နိုင်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအဆင့်အား တိုးတက်အောင်လုပ်ရာ၌ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မှတ်ယူထားသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့မေးလိုက်ပြီးနောက် မျက်နှာဖုံးပေါ်၌ လက်ရှိအခြေအနေများကို ရှင်းပြထားသည့် စကားလုံးများ ပေါ်လာပြီလား စစ်ဆေးကြည့်ရန် ရှေ့သို့လှမ်းလိုက်၏။ သို့သော် သူ အောက်သို့ ငုံ့မကြည့်နိုင်ခင်မှာပင် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အံ့သြတုန်လှုပ်နေသည့် စကားသံတစ်သံကို ကြားလိုက်ရတော့သည်။
” နင် ဘာပြောလိုက်တယ်။ အမှောင်မီးတောက် ဟုတ်လား ”
ထိုအသံနှင့်အတူ မမလေးမှာ ဝမ်ပေါင်လဲ့၏ ဘေး၌ ချက်ချင်းပင်ပေါ်လာ၏။ သူမ၏ မျက်လုံးများမှာ ပြူးကျယ်ဝိုင်းစက်နေပြီး သူမ၏ အသက်ရှူသံများမှာလည်း မြန်ဆန်နေ၏။
မမလေးက အလွန်အင်မတန်မှ အံ့သြနေသည့် အမူအရာနှင့် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာလည်း အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူသည် သူ၏ကျင့်ကြံခြင်းမှာ တစ်ခုခု မှားယွင်းသွားခဲ့လေသလား တွေးမိလိုက်သည်။ ထို့ကြောင့် သူသည် အလောတကောနှင့် ထပ်မေးလိုက်၏။
” မမလေး။ ကျနော် ကျင့်ကြံတာ မှားသွားလို့လား ”
” နင် အမှောင်မီးတောက် ပေါ်လာတဲ့အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်လို့ နင် စောစောက ပြောလိုက်တာလား ”
မမလေးကမူ ဝမ်ပေါင်လဲ့၏ မေးခွန်းကို လျစ်လျူရှုလိုက်၏။ သူမသည် စိုးရိမ်နေဆဲ ဖြစ်နေသည့် အမူအရာနှင့် မေးမြန်းလိုက်သည်။
” ဟုတ်တယ်။ ကျနော် အဲ့အဆင့်အထိ ရောက်သွားခဲ့တာ။ အာ။ ကျနော်က အဲ့လောက် အရည်အချင်း မရှိပါဘူးဗျာ။ တစ်နှစ်ကျော်ကြာမှ အောင်မြင်နိုင်ခဲ့တာကို ”
ဝမ်ပေါင်လဲ့ကမူ သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။ သူသည် စိတ်ရင်းအမှန်အတိုင်း ပြောနေခြင်းဖြစ်၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ဖြေလိုက်ပြီးနောက် မျက်လုံးများ မှိတ်လိုက်၏။ သူသည် မမလေးကဲ့သို့သော အမှောင်ပညာရပ်၏ ကျွမ်းကျင်ပညာရှင် ဝါရင့်ကြီးတစ်ယောက် ရှေ့တွင် ကလေးငယ်လေး တစ်ယောက်ကဲ့သို့ ခံစားနေရ၏။ ထို့နောက် သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ၏ ဘယ်ဘက်မျက်လုံးထဲ၌ အမှောင်မီးတောက်များ ပေါ်ပေါက်လာတော့သည်။
အမှောင်မီးတောက် ပေါ်ပေါက်လာမှုကြောင့် နဂိုကတည်းက အေးစက်နေပြီးသား ဖြစ်သော ပတ်ဝန်းကျင်ကြီးမှာ ပို၍ပင် အေးသွား၏။ ထို့နောက် အမှောင်မီးတောက်၏ ကူညီထောက်ပံ့ပေးမှုဖြင့် အေးစက်စက် အငွေ့အသက်တစ်ခု ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။
ထိုအခါ မမလေးမှာ အံ့အားသင့်သွားကာ နောက်သို့ ချက်ချင်းပင်ဆုတ်ခွာသွားပြီး အော်ဟစ်လိုက်၏။
” အဲ့မီးတောက်ကို အခုချက်ချင်း ငြှိမ်းလိုက်စမ်း ”
သူမမှာ တုန်လှုပ်ချောက်ချားနေရ၏။ သူမသည် အမှောင်မီးတောက်အား မွေးကတည်းက ဝမ်းတွင်းစိတ်ထဲမှနေ၍ ကြောက်ရွံ့နေခဲ့သည့် အတိုင်းပင်။
ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား မကောင်းဆိုးဝါးကြီး တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။ သူမ၏ ခံစားချက်များမှာ ရှုပ်ထွေးနေပြီဖြစ်ပြီး သူမသည် ဆူပူကြိမ်းမောင်းရန် ပြင်လိုက်တော့သည်။
မမလေး၏အမိန့်ကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ မျက်လုံးများကို ချက်ချင်းပင် ပြန်မှိတ်လိုက်သည်။ ထို့နောက် ၎င်းတို့အား ပြန်ဖွင့်လိုက်သောအခါ အမှောင်မီးတောက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် သူသည် မမလေး၏ အမူအရာများကြောင့် ခေါင်းရှုပ်သွားရ၏။
ဝမ်ပေါင်လဲ့ ခေါင်းရှုပ်နေသည်ကို သတိထားမိလိုက်တော့အခါ မမလေးမှာ သူ့အား စိုက်ကြည့်လိုက်ပြီး တင်းမာခက်ထန်သည့်လေသံဖြင့် ချက်ချင်းပင် ပြန်ပြောလိုက်၏။
” ကြွားစိန်ရယ်။ နင်က အခုမှ အခြေခံအဆင့်မှာပဲ ရှိပါသေးတယ်။ အမှောင်မီးတောက်ကို အခုလို အကြောင်းအရင်းမရှိ ထုတ်သုံးနေရင် နင့်ရဲ့ အသက်ကို ထိခိုက်စေနိုင်တယ်ဆိုတာ နင် မသိဘူးလား။ သေချာမှတ်ထား။ ငါတို့လို အမှောင်ပညာရပ် ကျင့်ကြံသူတွေက အမှောင်မီးတောက်ကို လွယ်လွယ်လေးနဲ့ ထုတ်ပြလို့မဖြစ်ဘူး။ အထူးသဖြင့် နင့်ရဲ့ အနီးတစ်ဝိုက်မှာ နင့်ထက် အမှောင်ပညာရပ် အဆင့်ပိုမြင့်တဲ့ တစ်ခြားလူတွေရှိနေရင် ပိုဆိုးတယ် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိသွားသည့်အမူအရာဖြင့် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်တော့သည်။
” မမလေးပြောတာ အမှန်ပဲ။ ကျနော် မှားသွားပါတယ် ”
” ချီးကိုမှားသွား ”
မမလေးမှာ မကျေမချမ်းနှင့် စိတ်ထဲမှ ကျိန်ဆဲမိလိုက်၏။ ဝမ်ပေါင်လဲ့တစ်ယောက် မည်သည့်အရာကိုမှ သံသယဝင်နေခြင်း မရှိကြောင်း သိလိုက်ရသောအခါမှသာ သူမသည် စိတ်အေးသွားရပြီး ခိုး၍ သက်ပြင်းချလိုက်၏။ သူမသည် သူမ၏ နှလုံးသားထဲ၌ တဖြည်းဖြည်းနှင့် ကြီးထွားလာနေသည့် အားမလိုအားမရဖြစ်နေသော ခံစားချက်များကို ချုပ်တည်းထားနိုင်စွမ်းမရှိတော့သလို ဆက်၍လည်း ဟန်မဆောင်နိုင်တော့ပေ။ ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်သွားလိမ့်မည်ဟု သူမက လုံးဝ ထင်မှတ်မထားခဲ့သည့်ပုံပင်။ ထို့ကြောင့် သူမသည် သူ့အား အကြိမ်ရေပေါင်းများစွာ လိမ်ညာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုအလိမ်အညာအားလုံးမှာ ဗူးပေါ်သလို ပေါ်သွားပြီဖြစ်သောကြောင့် သူမမှာ နာမည်ပျက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ဆက်လက်ဟန်ဆောင်နေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် သူမ၏ စိတ်နှလုံးထဲတွင်မူ သိချင်စိတ်များ တဖွားဖွားနေသောကြောင့် မနေနိုင်တော့ဘဲ မေးကြည့်လိုက်၏။
” ဝမ်ပေါင်လဲ့။ နင် ဘယ်လိုလုပ်ပြီးတော့ အောင်မြင်သွားတာလဲ ”
” ကျနော်လည်း မသိပါဘူးဗျာ။ အာ ကျနော်က အရည်အချင်း သိပ်မရှိပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်လုံးမှာ ကျနော် ကျင့်ကြံခဲ့တဲ့အချိန်တိုင်း ကျရှုံးခဲ့ရတာ။ ဒါပေမဲ့ အခုကျတော့ ဘာကြောင့် မှန်းမသိဘဲ ရုတ်တရက်ကြီး အောင်မြင်သွားတာပဲ။ ကျနော်လည်း ခေါင်းရှုပ်နေရတာဗျ။ ဪ ဒါနဲ့ မမလေးရော အရင်တစ်ခေါက်တုန်းက ဘယ်လိုလုပ်ပြီး အောင်မြင်သွားခဲ့တာလဲ။ ပြီးတော့ ဘာလို့ ကျနော်က ရုတ်တရက်ကြီး ကျွမ်းကျင်တတ်မြောက်သွားရတာလဲ ”
ဝမ်ပေါင်လဲ့က သက်ပြင်းချကာ မေးလိုက်၏။ အကယ်၍ သူသည် အခြားသူများ၏ရှေ့တွင်သာဆိုလျှင် ယခုထက်ပို၍ မောက်မာဝင့်ကြွားနေမည် ဖြစ်ပါသော်လည်း မမလေး၏ရှေ့တွင်မူ သူသည် နိမ့်ကျနေသလို ခံစားနေရ၏။
ဝမ်ပေါင်လဲ့၏ သူ့ကိုယ်သူ အရည်အချင်းမရှိဟု သုံးနှုန်းနေသည့် စကားများကို ထပ်ခါတလဲလဲ ကြားနေရသောအခါ မမလေးမှာ နှလုံးသားကို ဓားနှင့်မွှန်းနေသကဲ့သို့ ခံစားနေရတော့သည်။ သို့သော် သူမသည် ဟန်ဆောင်ကာ မောက်မာဝင့်ကြွားစွာ ပြုံးလိုက်ပြီး တည်ကြည်စွာ ဆိုလိုက်၏။
” နင့်ရဲ့ အရည်အချင်းတွေက တကယ်ကို သာမန်အဆင့်မှာပဲ ရှိတာပဲ။ ဘယ်လိုလုပ်ပြီးတော့ ကျွမ်းကျင်တတ်မြောက်သွားတယ် ဆိုတာကိုတောင် မသိဘူးတဲ့။ ငါကတော့ ဘာမေးနေစရာ လိုသေးလို့လဲ။ ဝိညာဉ်ချီထဲက အနုတ်ဝိညာဉ်ခန္ဓာကိုယ်တွေကို ခွဲထုတ်ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို တစ်ချက်ထဲနဲ့ အတင်းအဓမ္မစုပ်ယူလိုက်တာပေါ့။ အမှန်အတိုင်းပြောရမယ်ဆိုရင် ငါက နင် စိတ်ထိခိုက်နေမှာစိုးလို့ အဲဒီပညာရပ်ကို တစ်လတည်းနဲ့ ကျင့်ကြံနိုင်ခဲ့တာလို့ ပြောခဲ့တာ။ တကယ်တမ်းက ငါးရက်ပဲ ကြာလိုက်တယ် ”
မမလေးမှာ မေးငေါ့ကာ ဂရုမစိုက်သည့်အမူအရာဖြင့် ဆိုလိုက်၏။
” ငါးရက် ဟုတ်လား… ”
ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့အားသင့်သွားရပြန်သည်။ သူ၏ မျက်ဝန်းများထဲတွင် စိတ်ရှုပ်သွားရသည့် အရိပ်အယောင်များ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မမလေးမှာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေတော့သည်။ သို့သော် သူမမှာ သိချင်စိတ်များကို မထိန်းနိုင်သောကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ မေးလိုက်ပြန်သည်။
” ဝမ်ပေါင်လဲ့။ အနုတ်ဝိညာဉ်ခန္ဓာကိုယ်တွေက ဘာနဲ့တူလဲ ”
” ဘာနဲ့မှမတူပါဘူးဗျာ။ မျက်လုံးနဲ့လည်း မမြင်ရဘူး။ လေထဲမှာ အေးသွားတာလောက်ကိုပဲ အာရုံခံနိုင်တာ။ အဲဒါတွေကို စုပ်ယူရတာကတော့ တော်တော်နေလို့ကောင်းတယ်။ အဲ။ မမလေးက မသိဘူးလားဗျ ”
ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ သံသယဝင်သွားတော့သည်။ တစ်စုံတစ်ခု လွဲနေပြီဖြစ်ကြောင်း သူက ခံစားလိုက်ရ၏။
မမလေးမှာ စိတ်ထဲတွင်မူ ဘာကိုမှ မသိကြောင်း တွေးနေ၏။ သို့သော် အပြင်ပန်းတွင်မူ သူမသည် ဝမ်ပေါင်လဲ့အား ဂရုမစိုက်သည့် အကြည့်ဖြင့် တည်ကြည်စွာကြည့်လိုက်၏။ ထို့နောက် သူမသည် အတိတ်မှ အမှတ်တရတစ်ခုကို ပြန်လည်တွေးတောနေသကဲ့သို့ မှိုင်တွေတွေ အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
” ငါက မမှတ်မိတော့ဘူးလေ။ ငါ ခုနစ်နှစ်သမီးအရွယ်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို။ တခြားဘာကိုမှ ဂရုမစိုက်ဘဲနဲ့ အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့တာကိုပဲ မှတ်မိတော့တယ်။ နောက်ပိုင်း ငါ အရွယ်ရောက်လာတော့ အဆင့်မြင့် အမှောင်ချီတွေနဲ့ လေ့ကျင့်ခဲ့ရတာ။ ပြီးတော့လည်း အချိန်တွေ ကုန်သွားပြီး ငါ့ရဲ့ အပြင်ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရတာပဲ။ အဲဒီနောက်ပိုင်းကတော့ အရာအားလုံးက ငါ့အတွက် ဗလာနတ္ထိလိုပါပဲ ”
မမလေးမှာ စိတ်ပျက်အားလျော့နေသည့် လေသံဖြင့် ဆိုလိုက်၏။
” နင်က အခုမှ အမှောင်ပညာရပ်ရဲ့ အခြေခံအဆင့်မှာပဲ ရှိသေးတာဆိုတော့ အများကြီးကြိုသိထားရင် နင့်အတွက် မကောင်းဘူး။ နင်သိရမှာက အနုတ်ဝိညာဉ်ခန္ဓာကိုယ်ဆိုတာ အမှောင်ပညာရပ်ရဲ့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်ဆိုတာပဲ။ နင် အမှောင်မီးတောက်ကို အမှောင်စွမ်းအားဖြစ်အောင် ပြောင်းနိုင်တဲ့အချိန်မှ အမှောင်ချီကို အာရုံခံနိုင်စွမ်းရှိမှာ။ ဒါပေမဲ့ အဲဒီအဆင့်တွေအားလုံးက နင့်အတွက်ဆိုရင် အရမ်းခက်ခဲနေလောက်တယ်။ ငါတောင်မှ အောင်မြင်ဖို့ တစ်လတိတိ အချိန်ပေးခဲ့ရတာ ”
” နင် ကြားခဲ့ရတဲ့အသံတွေနဲ့ နင်ပြောတဲ့ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်ကြီးနဲ့ ပတ်သက်လို့က ငါ ရှင်းပြပေးမယ်။ အဲဒီအသံတွေက ရှေးဟောင်းကြယ်စင်စုကြီးရဲ့ စိတ်ဆန္ဒတွေဆီကနေ ထွက်လာတာ။ ငါကတော့ အဲဒါကို အမှောင်ဝိညာဉ်လို့ခေါ်တယ် ”
” နင်ပြောတဲ့ ခံစားချက်ကြီးနဲ့ ပတ်သက်လို့ကတော့ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့။ နင် သိထားရမှာက အမှောင်ပညာရပ်ကို အဆင့်တစ်ခုအထိ ကျွမ်းကျင်တတ်မြောက်ပြီးသွားပြီဆိုရင် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိသွားမှာ။ အမှောင်ပညာရပ်ကို စတုတ္ထအဆင့်အထိရောက်အောင် လေ့ကျင့်နိုင်ခဲ့တဲ့ လူတစ်ယောက်ရှိတယ်။ သူက ငါ့ရဲ့ မိတ်ဆွေတစ်ယောက်ပဲ။ တခြားသူတွေကတော့ သူ့ကို အင်မော်တယ်သေမင်းလို့ ခေါ်ကြတယ် ”
” အမှောင်ပညာရပ်မှာက အဆင့် ခုနစ်ဆင့်ရှိတယ် ”
” နင် အခု သွားလို့ရပြီ။ ငါ ပင်ပန်းနေပြီ ”
မမလေးက တည်ကြည်စွာဆိုလိုက်၏။ သူမ၏ စကားသံမှာ အိုစာနေသည့်ပုံ ပေါက်နေ၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူမ၏ ဝမ်းနည်းစရာ အမှတ်တရတစ်ခုကို ပြန်လည်နှိုးဆွပေးခဲ့သည့်အလား သူမ၏ မျက်နှာအမူအရာမှာ ညှိုးငယ်နေ၏။
သူမ၏စကားများနှင့် မျက်နှာအမူအရာများကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး မမလေးအပေါ် သံသယဝင်ခဲ့မိသည့်အတွက် အရှက်ရသွား၏။ သူသည် စကားအချို့ ပြောချင်ပါသော်လည်း နောက်ဆုံးတွင်မူ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ပြီး နှုတ်ဆက်စကားဆို၍ ထွက်ခွာသွားလိုက်တော့သည်။
သို့သော် ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် အခိုက်အတန့်တွင် မမလေး၏ မျက်နှာအမူအရာနှင့် မျက်ဝန်းများထဲရှိ ဝမ်းနည်းညှိုးငယ်နေသည့် အရိပ်အယောင်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ၎င်းတို့၏နေရာတွင် ရူးသွပ်မှုများနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များက အစားထိုးဝင်ရောက်လာတော့သည်။
” ဘုရားရေ။ ဒီ စိတ်ရှုပ်စရာ ဖက်တီးကောင်က ဘယ်ကမ္ဘာကနေများ ရောက်လာတာလဲဟ ”
” သူ… သူက အဲဒီပညာရပ်ကို တကယ်ကြီး ကျွမ်းကျင်တတ်မြောက်သွားတာပဲ။ ငါ့အမေ ငါ့ကို ဆက်ပြီးတော့ မလေ့ကျင့်ဖို့ တိုက်တွန်းခဲ့တဲ့ အချိန်တုန်းက ဒီပညာရပ်ကို ဘယ်သူကမှ ကျွမ်းကျင်တတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ ပြောခဲ့တာလေ ”
မမလေးမှာ ချက်ချင်းဆိုသလိုပင် အရူးမီးဝိုင်းဖြစ်သွားရပြီး သူမကိုယ်သူမ သံသယများ ဝင်လာတော့သည်။ ထို့နောက် သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွား၏။
” ငါ စောစောက ပြောခဲ့တဲ့စကားတွေက ဆက်ပြီးတော့ ဟန်ဆောင်နိုင်ဖို့ ပြောခဲ့တဲ့ စကားတွေချည်းပဲ။ ငါ့ရဲ့ စိတ်ကူးတွေထဲက အတွေးတွေနဲ့ ပုံဖော်ထားတာမလို့ ဘယ်လောက်မှကို မှန်မှာမဟုတ်ဘူး။ သူ အမှောင်ချီတွေကို စုပ်ယူနိုင်တဲ့ အဆင့်အထိတော့ မရောက်လောက်ပါဘူးနော် ”
မမလေးမှာ အသားများ တုန်ရီနေရတော့သည်။ သို့သော် ထိုသို့ လုံးဝဖြစ်လာနိုင်မည် မဟုတ်ဟုလည်း သူမ ခံစားနေရ၏။ ထိုအတွေးများကြောင့် သူမသည် စိတ်အေးသွားရပြီး သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့နှင့် ပတ်သက်လာလျှင် မဖြစ်နိုင်သော ကိစ္စများမှာ ထပ်ခါတလဲလဲ ဖြစ်ပျက်ခဲ့သည်ဖြစ်ကြောင်း ရုတ်တရက်ဆိုသလို ပြန်၍တွေးမိသွား၏။ ထို့ကြောင့် သူမမှာ ချက်ချင်းဆိုသလိုပင် ပြန်၍ စိတ်ဓာတ်ကျသွားရပြီး အလွန်အင်မတန်မှ စိတ်ပင်ပန်းသွားသောကြောင့် သက်ပြင်းအရှည်ကြီးချလိုက်မိတော့သည်။
25 မြန်မြန်ထွက်ပေးပါ