အပိုင်း(၁၄၈၈)

ကောင်းကင်နတ်တံခါး၏ ကံတရား

ကောင်းကင်အာဏာစက် ပြည်ထောင်၏ ခမ်းနားထည်ဝါလှသော နန်းတော်ရှေ့တွင် ရွှေရောင်တောက်ပနေသည့် နတ်ဝင်္ကပါတစ်ခု ရှိသည်။

ကောင်းကင်တစ်ခွင်မှ မရေတွက်နိုင်သော ကြယ်များက ကျဆင်းလာနေသည်။ မြေပုံတစ်ခုသည် ကြယ်စုံနေသည့် ကောင်းကင်တွင် ပေါ်ပေါက်လာပုံရသည်။ မြေပုံပေါ်တွင် နယ်မြေက အဆုံးမဲ့ကျယ်ပြန့်ကာ ဘုံနှစ်ခုအဖြစ် ခွဲခြားထားသည်။ ထိုဘုံနှစ်ခုအကြားတွင် အတောက်ပဆုံးနှင့် အလင်းလက်ဆုံး နေရာဆယ်ခု ရှိသည်။

တဖျတ်ဖျတ်လက်နေသည့် ကြယ်များက ထိုမြေပုံပေါ်ကျဆင်းနေပြီး ၎င်း၏ အောက် ဝင်္ကပါအတွင်း ပုံရိပ်တစ်ခုက ထိုင်နေခဲ့သည်။

ထိုနေရာ၏ အပြင်ဘက်တွင် လူအများအပြား ရပ်နေကြပြီး တိတ်ဆိတ်စွာ ကြည့်နေကြ၏။

ထိုအချိန်တွင် ဝင်္ကပါအတွင်းမှ လူသည် ကောင်းကင်သို့ စူးစိုက်ကြည့်နေပြီး ချက်ချင်းပင် ကြယ်များအားလုံးက စတင်လှည့်ပတ်လာကာ မရေတွက်နိုင်သည့် ကြယ်များက ဘုံနှစ်ခု၏ ကျယ်ပြောသည့် နယ်မြေအတွင်း အဆက်မပြတ်ပျံသန်းနေသည်။ မြေပုံတစ်ခုလုံးတွင် တည်နေရာ အမှတ်အသားများစွာ မှတ်သားထားသည်။ ယင်းတို့သည် သမိုင်းတစ်လျှောက် ပြောင်းလဲခြင်းများ ဖြစ်လာသည့်အတိုင်း အချိန်နှင့်အမျှ ပြောင်းလဲနေကြသည်။

စွမ်းအားများက အချိန်မရွေး မှေးမှိန်ပျောက်ကွယ်သွားတော့မလိုပင် ကြယ်ရောင်များက အလွန် မှေးမှိန်လာနေသည့် နေရာရှိသည်။ ထိုမြင်ကွင်းသည် လူအချို့၏ မျက်လုံးများကို ထက်ရှလာစေပြီး သူတို့၏ မျက်လုံးများထဲတွင် အေးစက်သည့် ခံစားမှုတို့ ဖြတ်ပြေးသွားသည်။

ကြည့်ရသည်မှာ ထိုအပြင်ဘက်ရှိ ကောလာဟလများက အမှန်မဟုတ်ပုံ ရလေသည်။ သူတို့တွင် ထူးချွန်ထက်မြက်သည့် တန်ခိုးရှင် နှစ်ဦးရှိနေလျှင်ပင် မည်သို့မှ ပြောင်းလဲမသွားနိုင်ပေ။

ကြယ်အလင်းများက ဆက်လက်စီးဆင်းနေပြီး သူတို့သည် မှေးမှိန်နေသည့် ကြယ်ရောင်များ အပြီးတိုင် ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အချိန်အတော်ကြာပြီးနောက်တွင် ရုတ်တရက် မရေတွက်နိုင်သော ကြယ်အလင်းများက စုစည်းလာကာ မှေးမှိန်သွားနေပြီဖြစ်သော နေရာတစ်ခုတည်းသို့ စီးဆင်းသွားခဲ့ပြီး အချိန်ကုန်ဆုံးလာသည်နှင့် တောက်ပသထက် တောက်ပလာကာ အလင်းတို့သည် အရာအားလုံးကို လွှမ်းမိုးသွားတော့သည်။ ယင်းမှ တောက်ပသည့် နတ်အလင်းများ ထုတ်လွှတ်နေခဲ့သည်။

ထိုအလင်းက လူအများ၏ မျက်လုံးများကိုပင် ကျိန်းစပ်လာစေခဲ့သည်။

ထပ်ပေါင်းဆိုရလျှင် အခြားနေရာတော်တော်များများ၌ အလင်းများ တောက်ပနေပြီး အချို့သော နေရာများတွင်တော့ ကြယ်ရောင်များ မှေးမှိန်လာသည်။ ရုတ်တရက် ကြည့်ရသည်မှာ ယင်းတို့သည် ရှင်းလင်း၍ ကွဲပြားလာသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ” အပြင်ဘက်မှ လူများသည် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ တောက်ပသည့် ကြယ်ရောင်က တဖြည်းဖြည်း အရာအားလုံးကို ဖုံးလွှမ်းသွားပြီး မြေပုံတစ်ခုလုံးကို ဝါးမျိုသွားသည်။ နောက်ဆုံးတွင် ရှင်းလင်းသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ကြယ်များက ပြန့်ကျဲ ကွဲကြေသွားသည်။ တောက်ပနေသည့် မရေတွက်နိုင်သော  ကြယ်များက အနီးတစ်ဝိုက်တွင် ပျံသန်းနေကာ မြေပုံက ပျောက်ကွယ်သွားခဲ့သည်။

ဝင်္ကပါထဲမှ လူသည် ပျောက်ကွယ်သွားသည့် အရာအားလုံးကို စောင့်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ လူတိုင်း၏ နှလုံးသားက အနည်းငယ် မွန်းကျပ်နေခဲ့၏။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်၌ သူက ထရပ်လိုက်ပြီး သူ့အနောက်မှ လူများကို လှည့်ကြည့်လိုက်သည်။ သူ ရင်ထဲမှာတော့ သက်ပြင်းအကြိမ်ကြိမ်ချနေခဲ့၏။

“အခြေအနေ ဘယ်လိုလဲ ဆရာ” ခန့်ညားသည့် ပုဂ္ဂိုလ်တစ်ဦးက ထည်ဝါ၍ လွှမ်းမိုးနိုင်သော အမူအရာနှင့် မေးလိုက်သည်။ သူက ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် ဖြစ်သည်။ သို့သော် သူက ဝင်္ကပါအတွင်းမှ လူကို ‘ဆရာ’ ဟု ခေါ်သည်ကို ကြည့်ရသည်မှာ ထိုသူ၏ အဆင့်အတန်းက သာမန်မဟုတ်သည်ကို ပြသနေ၏။

“အရှင်မင်းကြီးလည်း မြင်ပြီးခဲ့ပြီပဲ” ထိုပုဂ္ဂိုလ်က ပြောလိုက်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။ “ဆရာ.. အဲဒီကားချပ်ကနေ ပြောတာက ကောင်းကင်နတ်တံခါးဂိုဏ်းမှာ ကြီးမားတဲ့ ကံကောင်းမှုတွေ ရှိနေတယ်လို့ ဆိုလိုတာလား”

ထိုသူက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်တံခါးရဲ့ အနာဂတ်က အောင်မြင်မှုတွေ ပြည့်နေပြီးတော့ ကောင်းကင်အာဏာစက်ရဲ့ အနာဂတ်ကိုတောင် ဝါးမျိုသွားနိုင်ပြီး ကောင်းကင်အာဏာစက်ဘုံရဲ့ တခြားအင်အားစုတွေ အားလုံးထက် ပိုတောက်ပလာနိုင်တယ်”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘုရင်က ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ သူက ထိုသို့သော ရလဒ်မျိုးကို လက်မခံလိုပေ။ သူသာလျှင် မဟုတ်ဘဲ သူ့ဘေးရှိ အခြားလူများကလည်း အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

လတ်တလောတွင် အပြင်ဘက်၌ ကောလာဟလများ ပြန့်နေသည်မှာ ကောင်းကင်နတ်တံခါး၏ အနာဂတ်က တောက်ပနေမည်ဟူ၍ ဖြစ်သည်။ ကောင်းကင်နတ်တံခါးတွင် ကျန်းထိုက်ချူးနှင့် ဟွားချင်းယွင်တို့ ရှိပြီး ယခုတွင် ဂူတုံးလျှိုက ရီဖူရှင်းနှင့်အတူ ရောက်လာခဲ့သည်။ ထို့ပြင် လတ်တလောတွင် တစ်စုံတစ်ယောက်သည်လည်း  ရန်ဟောင်အဆင့်သို့ ရောက်ရှိသွားသည်ဟု ပြောကြသည်။ ရန်ဟောင်အဆင့်သို့ ဝင်ရောက်ခြင်းမှာ အရေးကြီးကိစ္စမဟုတ်သော်လည်း အလွန်များပြားသည့် ကိစ္စများ အတူတူဖြစ်ပွားလာသည် ဖြစ်ရာ လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားသွားနိုင်ပေသည်။

ထို့ကြောင့် ပြည်ထောင်ဘုရင်သည် တန်ဖိုးကြီးကြီးပေးကာ အပြင်မှ အရေးကြီးပုဂ္ဂိုလ်ကို ဖိတ်ကြားခဲ့ကာ ကောင်းကင်အာဏာစက်ဘုံဝ ကံကြမ္မာကို စူးစမ်းရှာဖွေစေခဲ့သည်။

သို့သော် ထိုပုဂ္ဂိုလ်မြင်သည့် ကောင်းကင်နတ်တံခါး၏ ကံကြမ္မာသည်လည်း အပြင်ဘက်၌ ထွက်နေသော ကောလာဟလများနှင့် အတူတူပင် ဖြစ်သည်။

“တန်ခိုးရှင်တွေက ကောင်းကင်နဲ့မြေကြီးက ကံစွမ်းအားကို စုပ်ယူပြီး ကောင်းချီးတွေနဲ့ ရှင်သန်ကြတယ်။ ကောင်းကင်နတ်တံခါးက ကံကြမ္မာကောင်းကောင်း ရှိနေရင်တောင် ကျုပ်တို့က သူတို့ရဲ့ ကံစွမ်းအားကို ဖျက်ဆီးပြီး ကောင်းချီးတွေကို ယူလို့ရသေးတာပဲ။” ပြည်ထောင်ဘုရင်က ပြောလိုက်သည်။ သူက ရုတ်တရက် လွှမ်းမိုးနိုင်စွမ်းရှိသည့် စိတ်စွမ်းအားကို ဖော်ထုတ်လိုက်သည်။ သူ၏ စကားသံက လေးနက်နေပြီး သူ၏ လေသံတွင် ဝင့်ကြွားမှုတို့ဖြင့် ပြည့်နေသည်။

သူသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘုရင် ဖြစ်သည်။ သူက ထိုကံစွမ်းအားက အရေးကြီးသည်ကို ယုံကြည်သော်ငြား မျက်လုံးစုံမှိတ်၍ ယုံကြည်နေမည်တော့ မဟုတ်ပေ။

လူသားက ကောင်းကင်ဘုံကို အနိုင်ယူနိုင်သည်ဟူသော စကားပင် ရှိသေးသည်။ ထိုသို့ပြောရလျှင် လူသားများသည် သူတို့၏ ကံတရားကို ပြောင်းလဲနိုင်ပြီး အနာဂတ်ကံကြမ္မာကလည်း ပြောင်းလဲသွားနိုင်ပေသည်။ မဟုတ်လျှင် လူသားများက မည်သို့ ကောင်းကင်နှင့် မြေကြီးမှ ကံစွမ်းအားကို ခိုးယူနိုင်ပါမည်နည်း။

“ဘယ်လိုထင်လဲ ဆရာ” ပြည်ထောင်ဘုရင်က မေးလိုက်သည်။ သူ၏ အသံက အလွန် ယဉ်ကျေးနေဆဲပင် ဖြစ်၏။

“အင်း” ထိုလူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကံကြမ္မာဖတ်တဲ့ ပညာရပ်ကလည်း နိမိတ်ဖတ်ဟောပြောတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါက အတိအကျ မှန်ကန်တာတော့ မဟုတ်ဘူးလေ။ ကောင်းကင်နဲ့ မြေကြီးကြားမှာ ကောင်းကင်ကို ဆန့်ကျင်နေထိုင်နေတဲ့ လူတွေ ရှိကြတယ်။ သူတို့ရဲ့ ကံကြမ္မာကို ကြိုတင်ခန့်မှန်းလို့မရဘူး။ သူတို့က အနာဂတ်ကို ကိုယ်တိုင် ပြောင်းလဲနိုင်ကြတယ်။ ကံတရားဆိုတာက ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ အနာဂတ်ဟောကိန်းဆိုတာကတော့ ဟောကိန်းသက်သက်ပါပဲ။ အဲဒါတွေက အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကို ကိုယ်စားမပြုဘူး။ ဟောကိန်းထုတ်တဲ့ အချိန်အတိုင်းအတာ ကွာခြားတာနဲ့အမျှ ရလဒ်ကလည်း ပြောင်းလဲနိုင်တယ်”

“ကျေးဇူးတင်ပါတယ် ဆရာ” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က ပြောလိုက်သည်။ သူက ထိုစကားများကို ကြားသည့်အခါ စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။

ကံကြမ္မာကို ပြောင်းလဲနိုင်သော်လည်း လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေသည်က လွယ်ကူပေမဲ့ အခြေအနေကို လွှမ်းမိုးရန်မှာ ခက်ခဲမည်ကို သူက ရှင်းလင်းစွာ သိရှိပေသည်။ ယခု ကောင်းသည့် ကံတရားက အခြားတစ်ဖက်တွင် ရှိနေပြီး သူတို့က ပြောင်းလဲလိုသည်ဆိုလျှင် အခြေအနေနှင့် ဆန့်ကျင်လုပ်ဆောင်ရမည့်အတွက် အောင်မြင်ရန် မလွယ်ကူလှပေ။ သူက ထိုအကြောင်းနှင့် ပတ်သက်၍ ဆင်ကန်းတောတိုး ယုံကြည်မှုမျိုးတော့ ရှိမနေပေ။

ထိုသည်က ခက်ခဲသည်ဆိုသော်ငြား သူက လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားအားထုတ်နေဦးမည် ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်၏ အမွေဆက်ခံမှုသည် မျိုးဆက်အဆက်ဆက် ဆင်းသက်လာခဲ့ပြီး သူတို့က ရှေးအခါကတည်းက ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်များအဖြစ် အသားကျနေခဲ့ပြီ ဖြစ်သည်။ ယခု လက်ရှိ ပြည်ထောင်ဘုရင် လက်ထဲတွင် ပြည်ထောင်အား ဤနေရာ၌ အဆုံးသတ်သွားစေရန် သူက ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ကောင်းကင်နတ်တံခါးက ကျော်ကြားသည့် နေ့ရက်များရောက်လာခဲ့လျှင် ထိုသည်က ကောင်းကင်အာဏာစက် ပြည်ထောင်၏ အဆုံးသတ် ဖြစ်သွားပေလိမ့်မည်။

ပြည်ထောင်ဘုရင်သာ ထိုအကြောင်းကို နားလည်သည်သာမက အနာဂတ်ကို ဟောကိန်းထုတ်သော လူသည်လည်း ထိုအကြောင်းကို ရှင်းလင်းစွာ သိရှိပေသည်။ သူက ဘုံတစ်ခုလုံး၏ ကံကြမ္မာအား ဟောကိန်းထုတ်နိုင်ရန်မှာ ခန့်မှန်းဟောပြောဖို့ရာ စွမ်းအားအများအပြား လိုအပ်ပေသည်။ ဘုံတစ်ခုလုံး၏ အခြေအနေသည် တည်ငြိမ်၍ မလှုပ်ခတ်နိုင်လေရာ အသေးအမွှား ကိစ္စအား ပြောင်းလဲရန် လွယ်ကူလျှင်ပင် ဘုံတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲရန်မှာတော့ အလွန်ခက်ခဲပေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်သည် ထိုအခြေအနေအား ဆန့်ကျင်လိုနေပါက လွယ်ကူသည့် ကိစ္စ ဖြစ်လိမ့်မည်တော့ မဟုတ်ပေ။

သို့သော် ထိုသည်က သူ တွေးရန်လိုအပ်သော အကြောင်းအရာ မဟုတ်ပေ။ ကောင်းကင်အာဏာစက် ပြည်ထောင်က ကိုယ်တိုင် ဖြေရှင်းကြပေလိမ့်မည်။

“ဆရာ… ကျုပ် ကလေးရဲ့ ဘဝကရော ဘယ်လိုများရှိလဲ” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က ဆက်ကာ မေးလိုက်သည်။ ထိုပုဂ္ဂိုလ်က သူ့အား မပြောပြဖူးပေ။

ထိုထူးခြားသည့် ပုဂ္ဂိုလ်က သူ့ကို ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျား တကယ် အဖြေကို သိချင်တာလား”

ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျုပ်သား ရီထျန်းယွိက ငယ်စဉ်ကတည်းက ကောင်းချီးပေးခံခဲ့ရတယ်။ သူက အထွတ်အထိပ်စွမ်းအားတွေနဲ့ မွေးဖွားလာတယ်။ သူ့ရဲ့ ကံကြမ္မာက အားကောင်းမယ်လို့ ယုံကြည်တယ်။ အဲဒီလို မဟုတ်ရင်တောင်မှ သူက သူ့ဘဝကို ပြောင်းလဲနိုင်ပါသေးတယ်”

“သူက အချိန်မှားပြီး မွေးဖွားလာတယ်လို့ပဲ ပြောနိုင်တယ်” ထိုပုဂ္ဂိုလ်က ဤမျှသော စကားလုံးများဖြင့်သာ တုံ့ပြန်လိုက်ပြီးနောက် သူ၏ လက်ကို ဆုပ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး.. ကျုပ် အခု ပြန်သင့်ပြီ”

သူက အဝေးသို့ လှည့်လျှောက်သွားကာ ဤနေရာ၌ မည်သည့်အခါကမှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

“အချိန်မှားပြီး မွေးဖွားလာတယ်တဲ့လား”

ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်သည် ထိုနေရာတွင် ရပ်နေကာ ရှေ့သို့ ငေးကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများတွင် အဆက်မပြတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး သူက သေချာ မမြင်နိုင်သကဲ့သို့ ဖြစ်လာသည်။

သူ၏သား ရီထျန်းယွိသည် ရှားပါးသည့် ပါရမီရှင်ဖြစ်ကာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်ပြီး အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာသူ ဖြစ်သည်။ သူက ထီးနန်းကို သိမ်းပိုက်နိုင်ကာ အနာဂတ်၏ ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် ဖြစ်လာပေလိမ့်မည်။

သို့သော် ထိုပုဂ္ဂိုလ်က ရီထျန်းယွိကို အချိန်မှားကာ မွေးဖွားလာသည်ဟု ပြောနေသည်။

သူက ဂူတုံးလျှို၊ ရီဖူရှင်းနှင့် ယနေ့ ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်နေသည့် ကောလာဟလများ အားလုံးကို တွက်ချက်တွေးတောကြည့်နေခဲ့သည်။ အရာအားလုံးက ကိုက်ညီနေသည်ဟု ထင်မှတ်ရသည်။

သို့သော် သူက ထိုအကြောင်းအား မယုံကြည်ပေ။

ရီထျန်းယွိက အချိန်မှား၌ မွေးဖွားလာခဲ့လျှင်ပင် သူက သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပေလိမ့်မည်။

“သူ့ကို ဒီအကြောင်း မပြောနဲ့” ပြည်ထောင်ဘုရင်က အမိန့်ပေးလိုက်သည်။ သူက ထိုအကြောင်းသည် ရီထျန်းယွိ၏ ကျင့်ကြံခြင်း စိတ်အခြေအနေအား သက်ရောက်စေမည်ကို စိုးရိမ်နေသော်လည်း ထိုသို့ပြောပြီးနောက်တွင် သူ၏ အမူအရာက အေးခဲသွားပေသည်။ သူက လှည့်ကြည့်လိုက်လျှင် တိတ်ဆိတ်စွာ ရပ်နေသည့် သူကို မြင်လိုက်ရသည်။

ဤနေရာသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အလွန်အရေးကြီးသော နေရာဖြစ်၍ လူအချို့သာလျှင် ဝင်ရောက်နိုင်သောကြောင့် သူက အစောင့်အကြပ်မချထားခဲ့သလို သူ၏ စိတ်စွမ်းအားကိုလည်း ဖြန့်ကြက်မထားခဲ့ပေ။ အရင်က သူသည် ရှေ့ဖြစ်ဟောသူကိုသာ အာရုံစိုက်နေသည့်အတွက် အပြင်ဘက်ကို အာရုံမစိုက်နိုင်ခဲ့ပေ။

ရီထျန်းယွိက ရုတ်တရက် ပေါ်ပေါက်လာကာ သူ ပြောနေသည့်စကားကို ကြားသွားခဲ့ပေသည်။

“ကံကြမ္မာဆိုတာကို ယုံကြည်လား အဖေ” ရီထျန်းယွိက ပြည်ထောင်ဘုရင်ကို မေးလိုက်သည်။

ပြည်ထောင်ဘုရင်က ရီထျန်းယွိ၏ ထက်ရှသော မျက်လုံးများကို ကြည့်လိုက်သည်။ ရီထျန်းယွိက ဆက်ပြောလိုက်၏။ “ကျွန်တော်က ကံတရားဆိုတာကို မယုံဘူး။ ကျွန်တော့် ကံကြမ္မာကို တခြားလူမဟုတ်ဘဲ ကျွန်တော် ကိုယ်တိုင် ထိန်းချုပ်နိုင်တယ်။

“ကောင်းတယ်” ပြည်ထောင်ဘုရင်က ချီးကျူးလိုက်သည်။ “ငါ့သားက ရှားပါးတဲ့ ပါရမီရှင်ပဲ။ မင်းက ကံကြမ္မာရဲ့ ထောင်ချောက်ထဲ ကျသွားရင်တောင် ကောင်းကင်ကို ဆန့်ကျင်ပြီး မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်။ ဘာလို့ ကြောက်နေဦးမှာလဲ”

“မင်း ရှန့်ရှောင်းနန်းတော်ကို ဘယ်တော့ ပြန်သွားမှာလဲ” ပြည်ထောင်ဘုရင်က မေးလိုက်သည်။

“အဖေ ဘာကိုဆိုလိုတာလဲ” ရီထျန်းယွိက ပြန်မေးလိုက်သည်။

“မင်းက နတ်ဘုရားနန်းတော်ကို ပြန်သွားပြီး ကျင့်ကြံဖို့ ပြင်တော့လေ။ အဖေကတော့ မင်း ရန်ဟောင်အဆင့်ကို တတ်နိုင်သမျှ မြန်မြန်ရောက်ဖို့ မျှော်လင့်တယ်” ပြည်ထောင်ဘုရင်က ပြောလိုက်သည်။ ရီထျန်းယွိက ခေတ္တမျှ ရပ်တန့်သွားပြီး သူ့ဖခင်အား အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်ကဲ့ အဖေ”

“သွား ကျင့်ကြံတော့” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ရီထျန်းယွိက ထွက်ခွာရန် ခွင့်တောင်းလိုက်သည်။

“အရှင်မင်းကြီး” ပြည်ထောင်ဘုရင်၏ အနီးမှ လူများက သူ့ကို ကြည့်ကာ ရေရွတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက သိချင်စိတ်များဖြင့် ပြည့်နှက်နေပြီး သူတို့အားလုံးက တစ်ခုခုကို ခပ်ရေးရေး မှန်းဆနေကြသည်။

“ခရမ်းရင့်ကောင်းကင်နန်းတော်ကို တစ်ယောက်ယောက် လွှတ်ပြီး ဒီနေ့ဖြစ်တာတွေကို သတင်းပေးလိုက်။ သူ့ကို ခရမ်းရင့်ကောင်းကင်နန်းတော်က လူတွေကို လာဆွေးနွေးဖို့ ပြောလိုက်” ပြည်ထောင်ဘုရင်က ရှေ့သို့ ကြည့်ကာ ပြောလိုက်သည်။ “ပြီးတော့ နတ်ဆိုးဘုံကို လူအချို့လွှတ်ပြီး အဓိကနတ်ဆိုးကလန်တွေနဲ့ သွားတွေ့ခိုင်းလိုက်။ အထူးသဖြင့် ခရမ်းရွှေကြွက်ကလန်နဲ့”

“အမိန့်အတိုင်းပါ အရှင်မင်းကြီး” သူတို့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူတို့အားလုံးက ပြည်ထောင်ဘုရင်၏ ရည်ရွယ်ချက်ကို နားလည်ကြပေသည်။

“ပြီးတော့ ကောင်းကင်အာဏာစက်ဘုံက တခြားအင်အားစုတွေဆီ လူတွေ လွှတ်ဖို့လည်း မမေ့နဲ့။” ပြည်ထောင်ဘုရင်က ထပ်ပြောလိုက်သည်။ ထို့နောက် သူက ရေရွတ်လိုက်သည်။ “အင်အားစုတစ်ခုရဲ့ အနာဂတ်က တခြားအင်အားစုတွေထက် ထူးခြားတောက်ပနေတာကို ဘယ်သူကမှ မြင်ချင်မှာမဟုတ်ဘူး”

အတိတ်ကာလတွင်လည်း အဓိကအင်အားစုကြီးများ ကောင်းကင်နတ်တံခါးသို့ လာရောက်ခဲ့သည့် အကြောင်းပြချက်မှာ ကောင်းကင်နတ်တံခါး၏ ဂူထျန်းရှင်းက အလွန် ထူးချွန်နေ၍ ဖြစ်ပေသည်။

ယနေ့ အချိန်တွေ ပြောင်းလဲသွားပြီး ကောင်းကင်နတ်တံခါးသည် နှစ်ပေါင်းများစွာကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ မည်သူမှ ထင်မှတ်မထားခဲ့မိသည်က သူတို့သည် အောင်မြင်မှုများကို ပြန်လည်ရယူနိုင်ကာ ကောင်းမွန်သည့် ကံတရားကို တစ်ဖန် ပြန်လည်ပိုင်ဆိုင်လာခြင်း ဖြစ်ပေသည်။

သူက ထိုသည်ကို မယုံကြည်နိုင်ပေ။

သူတို့၏ ကံတရားက မည်မျှ ကောင်းမွန်သည်ဖြစ်စေ ရှင်းလင်းသုတ်သင်ခံလိုက်ရပါက သူတို့က မည်သည့် ကံကြမ္မာအကြောင်း ပြောဆိုနိုင်ပါတော့မည်နည်း။

သူက အလျင်အမြန် လှုပ်ရှားရန် မရည်ရွယ်သော်လည်း ယခုတွင် တတ်နိုင်သမျှ မြန်မြန် လုပ်ဆောင်ရန်သာ ရှိပေသည်။ အမြန်ဆုံးက အကောင်းဆုံ ဖြစ်သည်။ စိတ်မွန်းကျပ်ဖွယ် ခြိမ်းခြောက်မှုကို ထွေးပိုက်ထားရန် မဖြစ်နိုင်သည့်အတွက် သူက ထိုသူများ အင်အားကြီးမားလာသည်ကို စောင့်ကြည့်မနေနိုင်ပေ။

သိပ်မကြာခင်မှာပင် ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များက လေဟာနယ်ကို ဖြတ်သန်းကာ ကောင်းကင်အာဏာစက်ဘုံရှိ အခြားအင်အားစုများထံ ဦးတည်သွားရောက်ခဲ့ကြပေသည်။

ထိုအချိန်တွင် ရီထျန်းယွိနှင့် ရှန့်ရှောင်းနတ်ဘုရားနန်းတော်မှ လူများသည်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်၏ လေဟာနယ်ခရီးသွားဝင်္ကပါကို အသက်သွင်းလိုက်ကြသည်။ သူတို့သည် လေဟာနယ်ကို ဖြတ်လျှောက်ကာ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ထွက်ခွာသွားသည်။ သူတို့က ရှန့်ရှောင်းနန်းတော်သို့ ပြန်သွားခဲ့ကြ၏။

ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်သည် စစ်ပွဲဖန်တီးချင်နေသည့်အတွက် ရီထျန်းယွိအား ဤနေရာ၌ နေရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ ရီထျန်းယွိက ရှန့်ထိုအဆင့်သာ ရှိနေသေးသည် မဟုတ်ပါလား။

ရုတ်တရက် ကောင်းကင်အာဏာစက်ဘုံတစ်ခွင်တွင် အမှောင်ထု တိမ်တိုက်များ လွှမ်းခြုံလာသည်ဟု ထင်မှတ်ရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset