မြည်းလေးမှာ အကြောက်လွန်နေသောကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေ၏။ ၎င်း၏ ရွှင်ပျနေသောအမူအရာများမှာ ပျောက်ကွယ်သွားပြီးဖြစ်ကာ ယခုတွင် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ အလောတကော ပြေးလာပြီး အပြစ်ကင်းစင်သည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့၏ ခြေထောက်ကို ခေါင်းဖြင့် ပွတ်နေလိုက်တော့သည်။ နောက်ဆုံးတွင် ထိုသို့ ချွဲနေခြင်းမှာလည်း အလုပ်မဖြစ်ကြောင်း သိလိုက်ရသောအခါ ၎င်းမှာ ဝမ်ပေါင်လဲ့အား ဖားရန် ဆုံးဖြတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုနှင့်မြည်းလေး အဆက်အသွယ် မလုပ်နိုင်ခဲ့စဉ်တုန်းက ၎င်း၏ မျက်နှာအမူအရာများကို ခပ်ရေးရေးမျှသာ အဓိပ္ပါယ်ဖော်နိုင်ခဲ့၏။ သို့သော် ယခုတွင်မူ သူတို့နှစ်ယောက်၏ကြားတွင် အချိတ်အဆက်တစ်ခု ရှိနေပြီဖြစ်ရာ သူသည် ၎င်း၏မျက်နှာအမူအရာများကို ပို၍ပင် နားလည်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်၏။
” ဘာကိုမှ မညှိနှိုင်းပေးနိုင်ဘူး။ လစ်လိုက်တော့။ ဟုတ်ပြီလား။ အခုကစပြီးတော့ ငါ မင်းကို လစ်လိုက်တော့လို့ပဲ ခေါ်တော့မယ်။ ဘယ်လိုသဘောရလဲ။ မင်း သဘောမတူဘူးဆိုရင် နှစ်ခါအော်လိုက် ”
ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး မြည်းလေးအား မကျေနပ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအခါ မြည်းလေးမှာ ဝမ်ပေါင်လဲ့က သူ့အား ခေါ်လိုက်သည့် အမည်မှာ မကောင်းသည့်အဓိပ္ပါယ် သက်ရောက်နေကြောင်း ရိပ်မိသွားဟန် ရှိသဖြင့် စိုးထိတ်သွားရတော့သည်။ ထို့ကြောင့် ၎င်းမှာ အော်ဟစ်ရန် ပြင်လိုက်ပါသော်လည်း ၎င်း၏ ပါးစပ်မှာ ဖွင့်မရလောက်အောင် ပိတ်နေသောကြောင့် အော်၍မရပဲ ဖြစ်နေတော့သည်။
” ကြည့်ရတာ မင်းက ဒီနာမည်ကို သိပ်ကြိုက်တဲ့ပုံပဲ။ မင်းဘက်က သဘောတူမှတော့ အခုကစပြီးတော့ မင်းရဲ့နာမည်က လစ်လိုက်တော့ ဖြစ်သွားပြီ ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် သူ၏ ဗိုက်ကို ပုတ်လိုက်ပြီး မြည်းလေး၏ရှေ့တွင် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ ထိုမုန့်ထုပ်အား ဖွင့်ဖောက်၍ တစ်လုပ်ချင်းစီ စားနေသည်ကို မျက်လုံးဝိုင်းလေးများဖြင့် စိုက်ကြည့်နေတော့သည်။
ထိုမြည်းလေးမှာ ဝမ်ပေါင်လဲ့၏ လက်ထဲရှိ မုန့်များကို မျက်တောင်မခတ်တမ်း ငေးကြည့်ရင်း ရူးသွပ်လုမတတ် ဖြစ်လာတော့သည်။ ၎င်းမှာ အသိစိတ်လွတ်တော့မည့်ဆဲဆဲ အခြေအနေအထိ ရောက်နေပါသော်လည်း မည်မျှပင် ကြိုးစားစေကာမူ ၎င်း၏ ပါးစပ်မှာ ပိတ်နေဆဲပင်။
ထိုသို့ဖြင့် ၎င်းမှာ ဝမ်ပေါင်လဲ့ မုန့်စားနေသည့် မြင်ကွင်းကို အစမှအဆုံးအထိ စိုက်ကြည့်နေခဲ့ရ၏။ နောက်ဆုံးတွင် ထိုမြည်းလေးမှာ အသက်ရှင်ချင်စိတ်များအားလုံး ပျောက်ဆုံးသွားသည့် အမူအရာဖြင့် မြေကြီးပေါ်တွင်လဲလျောင်းကာ ၎င်း၏ရှေ့၌ ရှိနေသော မုန့်ထုပ်အခွံလေးအား ရီဝေဝေနှင့် ငေးကြည့်နေမိတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားမှာ ပျော့ပျောင်းသွားရ၏။ သို့သော် ထိုမြည်းလေးမှာ သူ ၎င်းအား ရိုက်နှက်ပြီးသည့် အချိန်တိုင်းတွင် ယခုလို အမြဲတမ်း ပြုမူခဲ့သည်သာ ဖြစ်ပြီး ခဏအကြာတွင် အရိုက်ခံခဲ့ရသည်ကို မေ့ပျောက်သွားပြီး ဆက်လက် သောင်းကျန်နေခဲ့သည်သာဖြစ်ကြောင်း ပြန်၍အမှတ်ရသွားသောအခါ ဝမ်ပေါင်လဲ့မှာ ၎င်းအား အေးစက်စက်ကြည့်ကာ လျစ်လျူရှုလိုက်တော့သည်။ ထို့နောက် သူသည် ၎င်းအား အာရုံစိုက်မနေတော့ဘဲ ငြိမ်ချမ်းမှု ရရှိသွားပြီဖြစ်သောကြောင့် ကျင့်ကြံခြင်း လေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး သုံးရက်တိတိ ကုန်ဆုံးသွား၏။ ထိုသုံးရက်အတွင်း မြူခိုးတာအိုကျောင်းမှ ကျောင်းသားများနှင့် ဆရာများအားလုံး အံ့အားသင့်သွားခဲ့ရ၏။ သူတို့ နေ့စဉ်နေ့တိုင်း မြင်နေခဲ့ရသည့် မြည်းလေးမှာ အကျင့်စရိုက်များ ပြောင်းလဲသွားသည်မဟုတ်ပါလော။ ၎င်းမှာ အော်ဟစ်မြည်တမ်းကာ ကဆုန်ပေါက်နေခြင်း မရှိတော့သလို ၎င်း၏ ရှေ့၌ ပေါ်လာသည့် အရာတိုင်းကိုလည်း စားသုံးနေခြင်း မရှိတော့ပေ။
” ဒီမြည်းက တစ်ခုခုတော့ လွဲနေပြီ ”
” ဟုတ်တယ်။ စောစောကလေးတင် ငါ့လက်ထဲမှာ ဝိညာဉ်ကျောက်တုံးတစ်တုံး ကိုင်ထားတုန်းကို သူက ဘေးကနေ ဖြတ်သွားတာ။ ဒါပေမဲ့ သူက အဲဒီ ဝိညာဉ်ကျောက်တုံးကို တစ်ချက်လေးတောင် ကြည့်မသွားဘူး ”
” ကျောင်းထဲက သစ်ပင်ပန်းမန်တွေနဲ့ အဆောက်အဦတွေကလည်း ဒီရက်ပိုင်းအတွင်းမှာ ကိုက်ခံထားရတဲ့ပုံ မရှိဘူးကွ…. ”
ထိုမြည်းလေးမှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိလာသည့် လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာ၏။ သိပ်မကြာခင် ထိုမြည်းလေးသည် ကျောင်းထဲရှိ မြစ်ပေါ်တွင် တည်ဆောက်ထားသော တံတားလေးပေါ်၌ မကြာခဏဆိုသလို လဲလျောင်းကာ ဝမ်းနည်းနေသည့် မျက်ဝန်းများဖြင့် မြစ်ရေများ စီးဆင်းနေသည်ကို စိုက်ကြည့်နေတတ်ကြောင်း သူတို့ သိလိုက်ရတော့သည်။ ထို့ကြောင့် ကောလာဟလ အမျိုးမျိုးမှာ ဆက်လက် ပျံ့နှံ့လာတော့သည်။
ကြင်နာတတ်သည့် ကျောင်းသူအချို့မှာဆိုလျှင် ထိုမြည်းလေးမှာ သနားစရာကောင်းနေသည်ဟု ရင်ထဲ၌ ခံစားနေရ၏။ သူတို့မှာ ထိုမြည်းလေးအတွက် စားစရာအချို့ ယူလာပါသော်လည်း ၎င်း၏ရှေ့၌ ချလိုက်သောအခါတွင် ၎င်းမှာ ထိုစားစရာများကို တစ်ချက်မျှကြည့်ကာ အနံ့ရှူလိုက်ပြီးနောက် ငိုကြွေးမြည်တမ်းနေတော့သည်။
၎င်းမှာ ထိုစားစရာများကို အနံ့သာရှူပြီး လုံးဝမစားဘဲ သနားစရာကောင်းစွာ ငိုကြွေးမြည်တမ်းနေသည်သာဖြစ်သည်။
” စားလေ။ စားပါ ”
ကျောင်းသူတစ်ယောက်မှာ ညင်သာစွာ ချော့မော့၍ ဆိုလိုက်၏။ သို့သော် သူတို့ မည်မျှပင် ချော့မော့နေစေကာမူ ထိုမြည်းလေးမှာ တစ်ကိုက်ပင် မကိုက်ပေ။ နောက်ဆုံးတွင် ၎င်းမှာ အလွန်အင်မတန်မှ ဝမ်းနည်းကြေကွဲသွားပြီး ထိုစားစရာများကို အဝေးသို့ ကန်ထုတ်ကာ နောက်သို့လှည့်၍ ဝမ်ပေါင်လဲ့၏ အိမ်ရာဆီသို့ ပြေးသွားလိုက်တော့သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ တံခါးပိတ် လေ့ကျင့်နေ၏။ သူသည် ထိုကဲ့သို့ မလေ့ကျင့်ခင်တုန်းက မြည်းလေးဆီသို့ သွားခဲ့ပြီး အကယ်၍ ထိုတံခါးပိတ်ကျင့်စဉ်အတွင်း ၎င်းမှာ သူ့အား နှောင့်ယှက်ရဲမည်ဆိုပါက ၎င်း၏ ပါးစပ်ပိတ်ထားရမည့် အချိန်ကာလမှာ ဆယ်ရက်တိတိ ထပ်တိုးသွားမည်ဖြစ်ကြောင်း သတိပေးခဲ့၏။
ထို့ကြောင့် ထိုမြည်းလေးမှာ သူ၏နေအိမ်သို့ ပြန်ရောက်လာပြီးသည့်တိုင်အောင် မြေပြင်ပေါ်၌သာ လဲလျောင်းနေရတော့သည်။ ၎င်းမှာ သနားစရာကောင်းသည့် အမူအရာဖြင့် ကောင်းကင်ကြီးအား မော့ကြည့်နေပြီး ၎င်း၏ မျက်ဝန်းများထဲတွင်လည်း မျှော်လင့်ချက်များ ပျက်သုဉ်းနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။ ထို့အပြင် ၎င်း၏ ကိုယ်အလေးချိန်မှာလည်း အများကြီး ကျသွားပြီဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ တံခါးပိတ်လေ့ကျင့်နေသည့်နေရာသို့ ခဏခဏ လှမ်းကြည့်ကာ ဝမ်ပေါင်လဲ့ ပြန်ထွက်လာမည့်အချိန်နှင့် သူ လက်ရှိ အချုပ်အနှောင်များထံမှ လွတ်မြောက်နိုင်မည့် နေ့ရက်ကို စောင့်ဆိုင်းနေမိတော့သည်။
ထိုမြည်းလေးမှာ လိမ္မာလာသောကြောင့် လျှို့ဝှက်အခန်းထဲ၌ ရောက်နေသည့် ဝမ်ပေါင်လဲ့မှာလည်း လျှပ်စီးတာအို အတွဲတစ်၏ ဒုတိယအဆင့်ကို အောင်မြင်ပြီးစီးစွာ ကျင့်ကြံပြီးသွားတော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ သူ၏ ခြေထောက်နှစ်ဖက်ထဲရှိ ကောင်းကင်မိုးကြိုးသွားမှာလည်း ပို၍ပင် အစွမ်းထက်လာ၏။ ထို့အပြင် ဝါးမျိုခြင်းသစ်စေ့မှာ ဝိညာဉ်ချီများကို အဆက်မပြတ် စုတ်ယူနေခဲ့သောကြောင့် အစိမ်းရောင်ကြာပွင့်လေးမှာလည်း ပို၍ အစွမ်းထက်လာတော့သည်။ အကြီးမားဆုံး ပြောင်းလဲသွားသည့်အရာမှာ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်ပင် ဖြစ်သည်။ ၎င်းမှာ ယခင်ကထက် သိသိသာသာပို၍ သန်မာသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော စွမ်းအားများကို အာရုံခံမိလိုက်သောအခါ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားကိုပင် ထုတ်သုံးနေစရာမလိုဘဲ သူ၏ လက်သီးကိုသာသုံး၍ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ကို သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
သို့သော် သူသည် အားမလိုအားမရဖြစ်ကာ အနည်းငယ်ခန့် စိတ်သောကရောက်နေရဆဲပင်။ သူ၏ စိတ်ထဲတွင် သူသည် အမှောင်ပညာရပ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်စွမ်း မရှိသေးဟု ခံစားနေရ၏။ ထို့ကြောင့် သူသည် စိတ်ဓာတ်ကျနေရပြီး သူ၏ အထုံပါရမီနှင့် ပတ်သတ်၍ သံသယစိတ်များ ဝင်လာရတော့သည်။
” မမလေးက အမှောင်ပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ဖို့အတွက် အချိန်တစ်လပဲ လိုခဲ့တာလို့ ငါ့ကို ပြောခဲ့တာ။ ငါက တစ်နှစ်လောက်တောင် ရှိတော့မယ် ”
ဝမ်ပေါင်လဲ့မှာ အမှောင်ပညာရပ်အကြောင်းကို တွေးမိလိုက်တိုင်း ခေါင်းခဲသွားရ၏။ သူသည် ထိုပညာရပ်အကြောင်းနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို သိရှိထားပြီးဖြစ်ပြီး ရွတ်ဖတ်ရန်လိုအပ်သည့် ဂါထာတော်များ အားလုံးကိုလည်း ကျွမ်းကျင်နေပြီးသားဖြစ်သည်။ သို့သော် သူသည် မည်မျှပင် ကျွမ်းကျင်နေစေကာမူ ထို အနုတ်ဝိညာဉ်ခန္ဓာဟု အမည်ရသော အရာကို အာရုံခံနိုင်စွမ်းမရှိသေးပေ။
ထို့အပြင် သူ ထိုပညာရပ်ကို အတင်းအဓမ္မ လေ့ကျင့်ရန် ကြိုးစားခဲ့သည့် အချိန်တိုင်းတွင် သူ လုံးဝတောင့်ခံနိုင်စွမ်းမရှိသော နာကျင်မှုများမှာ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းရော အပြင်ပိုင်းတွင်ပါ အဆက်မပြတ် ပေါ်ထွက်လာခဲ့၏။
အကယ်၍ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်နိုင်မည်ဆိုပါက ထိုအခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ရသည်မှာ ပြဿနာမဟုတ်ပေ။ သို့သော် သူသည် ပြီးခဲ့သည့် တစ်နှစ်ပတ်လုံး အောင့်အည်းသည်းခံခဲ့ရသည့်တိုင်အောင် မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ လက်လျှော့လိုက်ရန် တွေးနေမိတော့သည်။
” ထားလိုက်ပါကွာ။ တစ်နှစ်လေးပဲ ရှိသေးတာကို။ ငါ အရှုံးပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ နောက်ထပ် တစ်လလောက် ထပ်ပြီးတော့ တောင့်ခံကြည့်လိုက်မယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော လူတစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူ မှတ်ယူထား၏။ သူ မြေအောက်ဂူကြီးထဲတွင် လီဝမ်အာနှင့်အတူ နှစ်ယောက်တည်း ရှိနေခဲ့သည့် အချိန်တုန်းက တဏှာရာဂမီးများဖြင့် တောက်လောင်နေခဲ့သည့်တိုင်အောင် မေထုန်မှုကို မမှီဝဲခဲ့ဘဲ ဂူထဲမှ ပြန်ထွက်လာခဲ့သည်ကို ကြည့်လျှင် ထိုအချက်ကို အထင်အရှား သိမြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ အမှောင်ပညာရပ်ကို ထပ်၍ စတင်လေ့ကျင့်လိုက်ပြန်သည်။
ထို အမှောင်ပညာရပ်ဟု အမည်ရသော ပညာရပ်မှာ ဝိညာဉ်ချီများထဲရှိ အနုတ်ဝိညာဉ်ခန္ဓာကိုယ်အား စုပ်ယူရခြင်းဖြစ်သည်။ ထို ကျင့်ကြံခြင်းနည်းလမ်းမှာ ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင် မရှိပေ။ မျက်နှာဖုံးနှင့် အမျိုးသမီး၏ ကမ္ဘာကြီးထဲမှာပင် ၎င်းမှာ တားမြစ်ပညာရပ်တစ်ခုဖြစ်သည်။
တစ်ဖက်တွင် ထိုပညာရပ်မှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ကာ ကြိုတင်မှန်းဆနိုင်ခြင်းမရှိပေ။ အကယ်၍ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်ပြီးသည့်တိုင်အောင် မိမိ၏ နှလုံးသားထဲမှ လောဘစိတ်များကို မထိန်းချုပ်နိုင်ပါက စိတ်ကူးနှင့်ပင်မှန်း၍မရနိုင်သော ဘေးအန္တရာယ်ကြီး တစ်ခုနှင့် ကြုံရမည်ဖြစ်သည်။
တချိန်တည်းမှာပင် နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ ထိုပညာရပ်ကို ကျင့်ကြံရသည်မှာ ခက်ခဲရုံသာမက နောက်ပိုင်းတွင် ဆက်လက်ကျင့်ကြံရမည့် ကျင့်ကြံခြင်းပညာရပ်များမှာ ပို၍ပင် ခဲယဉ်းနေသည်။ ထို့ကြောင့် အောင်မြင်နိုင်ရန် ကံကောင်းဖို့လည်း လိုသေးသည့်ပုံပင်။ ထိုအမှောင်ပညာရပ်အား ရှေးယခင်ကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့သည့် ရှေးဟောင်း ကြေးညိုရောင်ဓားကြီး၏ ကမ္ဘာကြီးထဲတွင်ပင်လျှင် ယခုထက်ထိတိုင်အောင် ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်စွာ လေ့ကျင့်နိုင်ခဲ့သည့် လူအရေအတွက်မှာ လက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။
ထို အမှောင်ပညာရပ်အား ကျင့်ကြံနိုင်ခဲ့သည့် လူအနည်းငယ်ထဲမှ အများစုမှာ ထိုပညာရပ်၏ အခြေခံအဆင့်တွင်သာ ရှိကြသေးသည်။ ၎င်း၏နောက်တွင် ဆက်လက်ကျင့်ကြံရသည့် အဆင့်မြင့် အမှောင်ပညာရပ်များမှာ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ရာမှ တစ်စတစ်စ ပျောက်ဆုံးသွားခဲ့သောကြောင့်လား အစကတည်းက ပြီးပြည့်စုံခြင်း မရှိခဲ့သောကြောင့်လားတော့ မသိပေ။ ထိုပညာရပ်များကို မည်မျှပင် ကြိုးစားအားထုတ်၍ လေ့ကျင့်ခဲ့စေကာမူ ကျွမ်းကျင်တတ်မြောက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲ၏။
ထို့ကြောင့် ထိုအမှောင်ပညာရပ်တွင် အဆင့်မည်မျှအထိ ရှိနေသည်ကို မည်သူကမှ အတိအကျ မသိနိုင်လောက်ပေ။ သို့သော် အနည်းဆုံး အဆင့်ခုနစ်အဆင့်အထိ ရှိသည်ဟု လူအများက သိထားကြ၏။ သို့ရာတွင် ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်အထိ မဆိုထားနှင့် ပဉ္စမအဆင့်အထိ ရောက်အောင်ပင် မည်သူကမှ မကျင့်ကြံနိုင်ခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို လုံးဝမသိပေ။ သူသည် မမလေးမှာ တစ်လအတွင်း ကျင့်ကြံနိုင်ခဲ့သည်ဖြစ်ပြီး သူကမူ တစ်နှစ်တိတိ ကုန်ဆုံးသွားသည့်တိုင်အောင် မအောင်မြင်နိုင်ဘဲ ဖြစ်နေရသည့်အချက်ကိုသာ သိထားသည်။ ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက် ဖြစ်နေရတော့သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အမှောင်ပညာရပ်ထဲတွင် ဖော်ပြထားသည့် လိုအပ်ချက်များအတိုင်း ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို စတင်စုပ်ယူကာ ဖိနှိပ်လိုက်၏။
အမှောင်ပညာရပ်၏ မှတ်တမ်းများအရဆိုလျှင် အနုတ်ဝိညာဉ်ခန္ဓာကိုယ်အား စုပ်ယူပါက ပထမဆုံး အနေနှင့် ဝိညာဉ်ချီများကို ဖိနှိပ်ကာ အစိုင်အခဲ အနေအထားသို့ရောက်အောင် ပြောင်းလဲရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော အနုတ်ဝိညာဉ်ခန္ဓာကိုယ်မှာ ထိုပြောင်းလဲမှုနှစ်ခု ဖြစ်ပြီးမှ ထွက်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဝိညာဉ်ချီများထဲရှိ အနုတ်ဝိညာဉ်ခန္ဓာကိုယ်များကို ပါးစပ်ပေါက်နှင့် နှာခေါင်းပေါက်တို့မှတစ်ဆင့် စုပ်ယူ၍မရနိုင်ဘဲ အရေပြားပေါ်ရှိ ချွေးပေါက်များမှတစ်ဆင့် စုပ်ယူနိုင်သည်သာ ဖြစ်သည်။
သို့သော် အနုတ်ဝိညာဉ်ခန္ဓာကိုယ်အား အာရုံခံနိုင်စွမ်းမရှိသည့် လူတစ်ယောက်အတွက်မူ ထိုကျင့်စဉ်မှာ မိမိ၏ ခန္ဓာကိုယ်ထဲသို့ မရေမတွက်နိုင်လောက်အောင် များပြားသော အပ်ချောင်းများ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရမည်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဓာတ်ငွေ့နှင့် အစိုင်အခဲဟူသည့် အနေအထား နှစ်မျိုးဖြင့် ရောနှောနေသည့် ဝိညာဉ်ချီများမှာ မိမိ၏ ချွေးပေါက်များထဲသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ လိုအပ်သောပြင်ဆင်မှုများကို ပြုလုပ်ထား၏။ သူသည် သူ၏ ပတ်ပတ်လည်ရှိ ဝိညာဉ်ချီများကို ဖိနှိပ်လိုက်ပြီးနောက် အံကြိတ်ကာ ထိုနာကျင်မှုကြီးကို တောင့်ခံထားရန် ပြင်လိုက်၏။ ထိုအချိန်တွင် သူ၏ ချွေးပေါက်များအားလုံး ပွင့်ထွက်သွားပြီး အစိုင်အခဲအနေအထားသို့ ရောက်ရှိလုနီးပါးဖြစ်နေသည့် ဝိညာဉ်ချီများကို စုပ်ယူလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွားတော့သည်။ ထို့နောက် သူ၏ မှိတ်ထားသောမျက်လုံးများမှာ ပွင့်လာတော့သည်။
” အရင်တုန်းကနဲ့ မတူတော့ဘူး ”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာပြီး သူ၏ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။ စစချင်းတွင် သူသည် ဇဝေဇဝါ ဖြစ်နေရပါသော်လည်း ခဏအကြာတွင် သူသည် မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရပြီး အပျော်လွန်သွားရတော့သည်။
ထို ကျင့်စဉ်မှာ သူ့အတွက် လုံးဝ မနာတော့ပေ။ ထိုအပြင် သူ၏ ချွေးပေါက်များမှတစ်ဆင့် ဝိညာဉ်ချီများကို စုပ်ယူနေချိန်တွင် ဝိညာဉ်ချီနှင့် လုံးဝမတူသည့် အေးမြသောခံစားချက်တစ်ခု ထိုချွေးပေါက်များကိုဖြတ်၍ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေသည်ကို အာရုံခံမိလိုက်သည်။
ထိုအေးမြသော ခံစားချက်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားရပြီး နာကျင်နေခြင်းမရှိတော့ပေ။ ထိုအအေးဓာတ်ကြောင့် သူ အသက်ရှူထုတ်လိုက်သည့် အချိန်တွင် လေအေးငွေ့များပင် ထွက်လာရတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လေးလံထိုင်းမှိုင်းနေခြင်း အလျင်းမရှိဘဲ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သော ပေါ့ပါးမှုတစ်မျိုးဖြင့် ပြည့်နှက်နေတော့သည်။ ထို့ကြောင့် သူ လျှပ်စီးတာအိုအား ကျင့်ကြံခဲ့စဉ်တုန်းကထက်ပင် အဆပေါင်းများစွာပို၍ သက်တောင့်သက်သာ ရှိနေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရပြီး အမှောင်ပညာရပ်ထဲတွင် ဖော်ပြထားသည့် ခံစားချက်ကို ပြန်၍အမှတ်ရသွားတော့သည်။ ထို့နောက် သူသည် သူ၏ ဝါးမျိုခြင်းသစ်စေ့ကို လည်ပတ်စေလိုက်ပြီး ချွေးပေါက်အားလုံး၏ စုပ်အားများကို မြှင့်တင်ပေးလိုက်၏။ ထိုအခါ အအေးဓာတ်မြောက်မြားစွာ သူ၏ ချွေးပေါက်များကို ဖြတ်၍ သူ၏ ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြတော့သည်။
” အမှောင်ပညာရပ်ရဲ့ ဖော်ပြချက်အရဆိုရင် ဒီ အေးစက်စက် ခံစားချက်ကြီးက အနုတ်ဝိညာဉ်ခန္ဓာကိုယ်ကြောင့် ရတာ။ အဲဒီလို ဟုတ်မဟုတ်ကို အတည်ပြုဖို့က လွယ်ပါတယ်။ အမှောင်မီးတောက်ကို ဖန်တီးနိုင်ရင် အနုတ်ဝိညာဉ်ခန္ဓာကိုယ်ပဲ ”
ဝမ်ပေါင်လဲ့မှာမှာ အသက်ပြင်းပြင်းရှူလိုက်၏။ ယခုတွင် သူသည် အခြားအရာအားလုံးကို မေ့ပျောက်သွားပြီးဖြစ်ပြီး ကျင့်ကြံခြင်းပေါ်၌သာ အာရုံအပြည့်စိုက်ထား၏။ ထို့နောက် သူသည် အမှောင်ပညာရပ်၏ ဖော်ပြချက်အတိုင်း သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်စက် ခံစားချက်များကို စုစည်းရန် ကြိုးပမ်းလိုက်သည်။
အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်စက် ခံစားချက်များမှ ထပ်၍ မစုပ်ယူနိုင်တော့လောက်အောင် ပြည့်ဝနေသည့် အဆင့်သို့ ရောက်ရှိသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားပြီး အမှောင်ပညာရပ်ကျင့်စဉ်၏ နောက်ဆုံးအဆင့်ကို စတင်လိုက်တော့သည်။
သူသည် အသက်မီးတောက်ကို အသုံးပြု၍ အမှောင်မီးတောက်ကို ဖန်တီးကာ အအေးဓာတ်များကို မီးညှိရမည်ဖြစ်သည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် အပူချိန်မှာ ချက်ချင်းဆိုသလို ထိုးကျသွားသောကြောင့် သူ၏ မျက်နှာမှာ အစိမ်းရောင်သန်းသွား၏။ သူ၏ မျက်ခုံးများနှင့် ဆံပင်များပေါ်တွင် ဆီးနှင်းများပင် ပေါ်လာတော့သည်။ ထိုအခိုက်အတန့်တွင် ဘေးပတ်ဝန်းကျင်မှ အပူချိန်မှာလည်း ရုတ်ချည်းဆိုသလို အလျင်အမြန် ထိုးကျသွားပြီး ထိုလျို့ဝှက်အခန်းကြီး တစ်ခုလုံးမှာ ဆွေးမြေ့ပျက်စီးသွားတော့မည့် အရိပ်အရောင်များ ပေါ်လာတော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့၏ နားထဲတွင် အပြင်လူမကြားနိုင်သည့် ငိုညည်းသံများမှာ ခပ်ရေးရေးခန့် ပဲ့တင်ထပ်လာ၏။ ၎င်းမှာ နတ်ဆိုးများ စုဝေးလာကြသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို သတိမထားမိသလို အပြင်လူများမှာလည်း ၎င်းတို့ကို အာရုံခံမိကြမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ လျှို့ဝှက်အခန်း အပြင်ဘက်တွင် နုံးချည့်စွာ လဲလျောင်းနေသည့် မြည်းလေးတစ်ကောင်သာ ၎င်းတို့ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် ၎င်းမှာ ချက်ချင်းဆိုသလိုပင် မတ်တတ်ထလာပြီး သတိဝီရိယအပြည့်ရှိသော မျက်ဝန်းများဖြင့် လျှို့ဝှက်အခန်း ရှိရာဘက်သို့ လှမ်းကြည့်ရင်း အတန်ငယ် ဇဝေဇဝါ ဖြစ်နေတော့သည်။
Kk