အပိုင်း(၁၄၈၂)

ရိထျန်းယွီနှင့်တိုက်ခိုက်ခြင်း

“နတ်မိမယ်ချင်းက ကျုပ်ရဲ့ မိတ်ဆွေကောင်းပဲ။ ဒါကြောင့် ဒီကိစ္စက ကျုပ်နဲ့ သက်ဆိုင်တယ်လို့ ပြောလို့ရတယ်လေ” ရီဖူရှင်းက ရီထျန်းယွိအား ကြည့်ကာ ပြောသည်။ သူ့ခန္ဓာတွင် ဆင်အော်မြည်သံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်လာသည်။ ရွှမ်ထျန်းစံအိမ်အထက်မှ လူတိုင်းသည် ထောင်သောင်းချီသော ဆင်များ ပြေးလာသကဲ့သို့ ထင်မှတ်ရသည်။

ချက်ချင်းပင် မဟာလမ်းစဉ်၏ ချောက်ချားဖွယ် မုန်တိုင်းက လွှမ်းခြုံလာကာ လေထဲတွင် ထိပ်တိုက်တွေ့သွားသည်။ လူအများ၏ နှလုံးသားများက အေးစက်မှုအား ခံစားလာရသည်။ ရီဖူရှင်းက ရီထျန်းယွိနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည်။ သူသည်လည်း တိုက်ခိုက်ချင်နေသည်လား။

ရီထျန်းယွိ၏ အကြည့်များက ဓားသွားကဲ့သို့ ထက်ရှနေသည်။ သူက ပြောသည်။ “ဒါက ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ ရွှမ်ထျန်းစံအိမ်ပဲ။ ကျုပ်တို့ ဒီမှာ မတိုက်ခိုက်ဘူး”

သူက ပြောပြီးသွားသည်နှင့် ရီဖူရှင်းအား နောက်တစ်ခါ ကြည့်လိုက်ကာ ရွှမ်ထျန်းစံအိမ် အပြင်ဘက်သို့ လျှောက်ထွက်သွားခဲ့သည်။

ရီဖူရှင်းက သူဆိုလိုသည်အား နားလည်ပေသည်။ သူက လေထဲသို့ တက်သွားကာ အပြင်သို့ ဦးတည်သွားခဲ့သည်။

သူတို့ နှစ်ယောက်၏ အပြုအမူများကို ကြည့်ရင်း လူအများသည်လည်း ရွှမ်ထျန်းစံအိမ် အပြင်ဘက်သို့ လိုက်ပါသွားခဲ့သည်။ ရုတ်ချည်းပင် အံ့သြထိတ်လန့်ဖွယ် လေထုက အပြင်ဘက်သို့ ကူးပြောင်းသွားခဲ့သည်။ ထိုသည်မှာ အတော်လေး လက်ဖျားခါစရာပင် ဖြစ်သည်။ မကြာခင်၌ အနည်းငယ်မျှသော လူသာ ရွှမ်ထျန်းစံအိမ်တွင် ကျန်ရစ်ခဲ့သည်။

ချင်းဟယ်က ထိုနေရာသို့ မော့ကြည့်လိုက်သော်လည်း မလှုပ်ရှားခဲ့ပေ။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများသည်လည်း ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ရွှမ်ထျန်းနတ်မိမယ်က ချင်းဟယ်ကို ကြည့်လိုက်ပြီးနောက် သူမ အနီးရှိ အခြားသူများအား ပြောသည်။ “ချင်းဟယ်ကို ဗြဟ္မာ့သန့်စင်ကောင်းကင်ဆီ ပြန်ခေါ်သွားလိုက်တော့”

သူမ၏ အသံက တည်ငြိမ်နေဆဲ ဖြစ်ကာ ယင်းအသံမှ မည်သည့် ခံစားချက်ကိုမှ ဆုံးဖြတ်၍ မရနိုင်ပေ။ မည်သူကမှ သူမ၏ အတွေးများကို မသိခဲ့ဘဲ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တပည့်များသည်ပင် မပြောနိုင်ခဲ့ပေ။

“ဟုတ်ကဲ့” လူများစွာက ချင်းဟယ်ထံသို့ လျှောက်လာကြသည်။ ချင်းဟယ်က ရွှမ်ထျန်းနတ်မိမယ်ကို ကြည့်သည်။ သူမ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုအချို့နှင့် ဆုံးရှုံးမှု အရိပ်အယောင်တို့ ရှိနေသည်။

ရွှမ်ထျန်းနတ်မိမယ်က သူမကို ကြည့်ကာ ပြောသည်။ “နောက်ကျရင် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်”

သူမ ပြောပြီးသွားသည့်အခါ သူမက အပြင်သို့ လျှောက်သွားခဲ့သည်။

ချင်းဟယ်၏ လှပသော မျက်လုံးများတွင် ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူမက ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်ကာ ရွှမ်ထျန်းနတ်မိမယ်၏ စကားကို နားလည်ခြင်း မရှိပေ။

သူမက မည်သည့်အတွက် ကျင့်ကြံခြင်းကို ပြန်၍ အာရုံစိုက်ရမည်နည်း။

ထိုအချိန်တွင် ရွှမ်ထျန်းစံအိမ် အောက်ခြေရှိ မရေတွက်နိုင်သော လူများသည် သူတို့၏နှလုံးသားများက တုန်ခါနေသည်ဟု ခံစားနေကြရသည်။ သူတို့သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကာ ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေကြရသည်။

ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိ နှင့် ရီဖူရှင်းတို့က နောက်ဆုံးတွင် ထိပ်တိုက်တွေ့တော့မည်လား။

ယခင်က ကောင်းကင်အာဏာစက်ဘုံမှ လူတိုင်းသည် ချင်းဟယ်က လက်တွဲဖော် ရွေးချယ်သည်ဖြစ်ရာ ဤသည်က သူတို့နှစ်ယောက်ကြားမှ ကစားပွဲ ဖြစ်လာလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် ထိုသည်က တိုက်ခိုက်မှုအသွင် ပြောင်းသွားလိမ့်မည်ဟု မည်သူမှ တွေးထင်မထားခဲ့ပေ။ သူတို့ နှစ်ယောက်ကြားမှ ကျင့်ကြံမှုက လုံးဝ ကွာခြားနေသည် မဟုတ်ပါလား။

ရီဖူရှင်းက တစ်သန်းမှ တစ်ယောက် ပေါ်ထွက်နိုင်သည့် ပါရမီရှင် ဖြစ်လျှင်ပင် သူက သံသယကင်းစင်ခြင်း အဆင့်၌သာ ရှိနေသေး၏။ အိမ်ရှေ့စံ ရီထျန်းယွိသည် ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်နေပြီဖြစ်ကာ ကောင်းကင်အာဏာစက်ဘုံ၏ ရန်ဟောင် အဆင့်အောက်တွင် အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်အား သက်သေပြခဲ့ပြီး ဖြစ်သည်။ သူတို့၏ အဆင့်ကွာခြားမှုသည် ကျော်လွှားရန်မှာ အလွန် ခက်ခဲပေသည်။

သို့ဆိုလျှင် သူတို့က မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

“အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ အရိုး” ရီဖူရှင်းထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါကို ခံစားမိသည့်အခါ တစ်ယောက်က ပြောသည်။ ကောင်းကင်ထက်တွင် ပုဂ္ဂိုလ်နှစ်ဦးသည် ရွှမ်ထျန်းစံအိမ်မှ ထွက်လာကာ အပြင်ဘက်သို့ ရောက်လာသည်။ ကောင်းကင်တွင် မရေတွက်နိုင်သော နတ်ဆင်များ၏ ပုံရိပ်ယောင်များကို မြင်လာရပေသည်။ ရီဖူရှင်းထံမှ အသက်ဓာတ်က ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက်နှင့် နှိုင်းယှဉ်၍ ရလာခဲ့သည်။

“အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးအကူအညီနဲ့ ရီဖူရှင်းရဲ့ ခွန်အားက တကယ်ပဲ ပြန်လည်မွေးဖွားခြင်း အဆင့်နဲ့ ယှဉ်နိုင်သွားတယ်။ ဒါက သူတို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်တဲ့အခါ ညီမျှအောင် လုပ်ပေးလိမ့်မယ်” လူအများက စူးစမ်းရင်း မှတ်ချက်ပြုသည်။ နတ်ဆင်များ၏ ဘိုးဘေးအရိုးသည် အလွန် ကြီးမားသည့် စွမ်းအားရှိသည်။ ရီဖူရှင်းက နတ်ဆင်များနှင့် ကျင့်ကြံခဲ့ပြီး သူတို့ အစွမ်းထက်ဆုံး စွမ်းရည်ကို သင်ယူခဲ့ရပြီးနောက် သူသည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးနှင့် တသားတည်း ဖြစ်လာခဲ့ကာ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။

ရီထျန်းယွိသည် ချင်းဟယ်နှင့် တိုက်ခိုက်သည့် အခါကကဲ့သို့ပင် အထွတ်အထိပ် စွမ်းအားကို ဆက်လက်ထုတ်ဖော်ခဲ့သည်။ ကောင်းကင်အာဏာစက် နတ်ပန်းချီ သက်စောင့်ဝိညာဉ်က ထွက်ပေါ်လာကာ မဟာလမ်းစဉ်နတ်အလင်းများက သူ့ခန္ဓာဆီသို့ အဆက်မပြတ် စုစည်းလာနေသည်။ ယင်းသည် သူ့အား မဟာလမ်းစဉ် နတ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားစေသည်။

ကောင်းကင်ထက်မှ မြင်ကွင်းသည် အလွန် ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။

ရီထျန်းယွိသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ ထိပ်သီးအဖြစ် ကျော်ကြားကာ အထွတ်အထိပ်တွင် ရပ်တည်ရရန် ကံကြမ္မာရှိသည်။ သူ ပခုံးထမ်းထားသည့် တာဝန်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဂုဏ်ရောင်ကို ပြန်လည်ထွန်းပြောင်စေနိုင်ရန် ဖြစ်သည်။

တစ်ဖက်လူ ရီဖူရှင်းသည် သူ့အား ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု ကြွေးကြော်ခဲ့သူ ဖြစ်သည်။

သူတို့နှစ်ဦးကြားမှ တိုက်ပွဲက မည်သို့ ဖြစ်လာလိမ့်မည်နည်း။

ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များသည် မတူညီသည့် နေရာများတွင် ရပ်နေကြသော်လည်း သူတို့၏ အကြည့်များက တိုက်ပွဲသို့ ကျရောက်နေကြသည်။ အထူးသဖြင့် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များနှင့် ကျန်းယွမ်တို့ ဖြစ်ကြသည်။ သူတို့က ဤတိုက်ပွဲအပေါ်တွင် စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်သည်။

ယနေ့ ရီထျန်းယွိသည် ချင်းဟယ်၊ နှလုံးသားကို အနိုင်ရကာ ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် မဟာမိတ်လက်ထပ်မှု လုပ်ရမည့် အရေးကိစ္စတွင် ရှုံးနိမ့်ခဲ့သော်လည်း သူနှင့် ကောင်းကင်နတ်တံခါး ရီဖူရှင်းကြားမှ ပဋိပက္ခက ပို၍ နက်ရှိုင်းလာပေသည်။ ယခုတစ်ကြိမ်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ရီထျန်းယွိတို့က ဤကိစ္စကို လွယ်လွယ်ကူကူ လက်လွှတ်နိုင်တော့မည် မဟုတ်ပေ။

ပြင်းထန်သည့် သတ်ဖြတ်ခြင်း စွမ်းအားများက ကောင်းကင်နှင့် မြေကြီးတစ်ခွင်ကို လွှမ်းခြုံသွားသည်။ ကောင်းကင်အထက်တွင် ရီထျန်းယွိသည် နတ်ဘုရား၏ နတ်ချပ်ဝတ်အား ဝတ်ဆင်ထားသည်။ သူ၏ ရွှေရောင်မျက်လုံးများက အလွန် ထက်ရှနေသည်။ သူ၏ လက်ချောင်းက လေဟာနယ်ကို ညွှန်လိုက်ပြီး ကြောက်မက်ဖွယ် ချန်းချိုးစုတ်တံက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး ကောင်းကင်မှ အောက်သို့ တိုက်ရိုက် ထိုးဆင်းလာသည်။ ယင်းသည် လေထုကို ချိုးဖျက်ဖြတ်သန်းကာ မဟာလမ်းစဉ် နတ်အလင်းများက ထောင်ချီသည့် လူသတ်စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းဆီ ဦးတည်လာသည်။

စူးရှသည့် အော်မြည်သံက လေထုအတွင်း ပဲ့တင်ထပ်လာကာ လူတိုင်း၏ နားစည်ကို ရိုက်ခတ်လာသည်။ အဝေးတွင် ရပ်နေသည့် တန်ခိုးရှင်များပင်လျှင် ထိုအားကောင်းလှသော သတ်ဖြတ်ခြင်းစွမ်းအားများကို ခံစားမိပေသည်။ အခွင့်အရေးသာ ရှိခဲ့လျှင် ရီထျန်းယွိက ရီဖူရှင်းအား သတ်ရန်ပင် ဖြစ်သွားနိုင်ပေသည်။

ရီဖူရှင်းက သူ၏ လက်ကို မြှောက်ကာ မဟာလမ်းစဉ်ကို ထုတ်ဖော်၍ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ကာ လေဟာနယ်ကို အက်ကွဲသွားစေသည်။ ရီဖူရှင်း၏ ခန္ဓာကို ဗဟိုပြုကာ သူ့အနီးတွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ထောင်သောင်းချီသော နတ်ဆင်များသည် တစ်ဟုန်ထိုး ဖြတ်သန်းသွားကာ ကောင်းကင်ကို နင်းဖြတ်၍ ထိုသတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများကို ဖျက်ဆီးသည်။

ကောင်းကင်တွင် ချောက်ချားဖွယ် မဟာလမ်းစဉ် မုန်တိုင်းတစ်ခု ပေါ်ပေါက်လာပြီး သူတို့နှစ်ယောက်၏ အစပိုင်းတိုက်ခိုက်မှုကပင် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

“နတ်ဆင်အင်ပါယာ အရိုးတစ်သောင်း” ရီထျန်းယွိသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အစွမ်းထက်အရှိန်အဝါကို ခံစားမိပေသည်။ ယင်းစွမ်းအားတွင် ဘုရင်တစ်ပါး၏ တော်ဝင်စွမ်းအားများ ပါဝင်နေသည်။ မရေတွက်နိုင်သည့် နတ်ဆင်များသည် နတ်ဆိုးအင်ပါယာ၏ စွမ်းအားများ ပျော်ဝင်နေသော လေဟာနယ်အတွင်း နင်းဖြတ်သွားကြသည်။

ကောင်းကင်အာဏာစက် ပြည်ထောင် နတ်ပန်းချီသည် လေထဲတွင် အော်မြည်နေပြီး ကောင်းကင်နှင့် မြေကြီးမှ မဟာလမ်းစဉ်စွမ်းအားများကို စုစည်းနေသည်။ လောကကြီးသည် ပန်းချီကားတစ်ချပ်၏  ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်လာကာ ကောင်းကင်အာဏာစက် နတ်ပန်းချီက ကြီးမားကျယ်ပြန့်လာပြီး ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းကာ သူနှင့် ရီဖူရှင်း ရှိနေသည့် တိုက်ပွဲနေရာသို့ လွှမ်းခြုံသွားခဲ့သည်။

ထိုအချိန်တွင် အနန္တသတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများက ကောင်းကင်မှ ကျဆင်းလာပြီး များပြားလှသည့် ချန်းချိုးစုတ်တံများ ပေါ်ပေါက်လာသည်။ ရီထျန်းယွိ၏ လက်အတွင်းတွင် နတ်စုတ်တံတစ်ချောင်း ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရကာ ယင်းသည် မဟာလမ်းစဉ်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိလောက်ပေသည်။

နတ်ချပ်ဝတ် ဝတ်ဆင်ထားသည့် သူက နတ်ဘုရားများ၏ မျိုးဆက်နှင့်ပင် တူနေသည်။ သူ့လက်ထဲတွင် စုတ်တံကို ကိုင်ထားကာ ယင်းကို ကောင်းကင်မှ ကျဆင်းလာစေသည်။ ထောင်သောင်းချီသည့် ချန်းချိုးစုတ်တံများ၏ တိုက်ခိုက်မှုအောက်တွင် ကောင်းကင်တစ်ခုလုံးက သွေးလွှမ်းတော့မည်ဟု ထင်မှတ်လာရသည်။ ရီဖူရှင်း၏ ပုံရိပ်သည် ယင်းနှင့် ယှဉ်ပါက အလွန် သေးငယ်လာသည့် ပုံပေါ်ပေသည်။

ရီဖူရှင်းက ကောင်းကင်မှ ကျဆင်းလာသော မရေတွက်နိုင်သည့် နတ်စုတ်တံများကို မော့ကြည့်သည်။ ယင်းစုတ်တံ တစ်ခုချင်းစီတွင် သတ်ဖြတ်ခြင်း မဟာလမ်းစဉ် စွမ်းအားများ ပါဝင်နေသည်။ ၎င်းသည် ကောင်းကင်ကို ဖြတ်သန်းကာ သူ့ထံသို့ ရိုက်ခတ်လာသည်။

ရီဖူရှင်း၏ မျက်နှာက လေးနက်သွားကာ ပညာရှိကျမ်းကို ထုတ်ဖော်သည်။ မဟာလမ်းစဉ် စွမ်းအားများက စုစည်းလာကာ နတ်ဆင်အင်ပါယာက သူ၏ ခန္ဓာကိုယ်အထက်တွင် ပေါ်ပေါက်လာ၍ နတ်ဆင် ရွှေရောင်ချပ်ဝတ် ဖြစ်ပေါ်လာသည်။ ဆင်အော်မြည်သံနှင့်အတူ ကောင်းကင်နှင့် မြေကြီးက ပြင်းထန်စွာ တုန်ခါလာသည်။ အရာအားလုံးက ပြိုကျတော့မတတ်ပင် ဖြစ်သည်။ လူအများတို့ နှလုံးသားများက လျင်မြန်စွာ ခုန်လှုပ်လာပြီး သူတို့အားလုံးက အလွန်အမင်း ထိတ်လန့်သွားကြသည်။

“ဘယ်လောက် အစွမ်းထက်လိုက်သလဲ” လူတိုင်းက တိုက်ပွဲကို ကြည့်နေကြပြီး အထူးသဖြင့် ရွှမ်ထျန်းစံအိမ်ရှေ့တွင် ရပ်နေသူများ ဖြစ်ကြသည်။ သူတို့က ဤတိုက်ပွဲသည် ချင်းဟယ်နှင့် ရီထျန်းယွိကြားမှ တိုက်ပွဲထက် ပို၍ ပြင်းထန်သည်ကို တွေ့ရှိလိုက်ကြပြီး သူတို့နှစ်ယောက်၏ အစကနဦး တိုက်ခိုက်မှုမှာပင် လူတိုင်းကို ထိတ်လန့်အံ့သြသွားစေရန် လုံလောက်ခဲ့သည်။

နတ်ဆင် ရွှေရောင်ချပ်ဝတ်ဖြင့် လွှမ်းခြုံခံထားရသည့် ရီဖူရှင်း၏ ခန္ဓာကိုယ်သည် နတ်ဆင်အင်ပါယာအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။ ထောင်သောင်းချီသည့် ဆင်များက ကောင်းကင်ကို နင်းဖြတ်ကာ ချန်းချိုးစုတ်တံနှင့် ထိပ်တိုက်တွေ့မိကြသည်။ မရေတွက်နိုင်သော သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများနှင့် ချန်းချိုးစုတ်တံများသည် ရွှေရောင်ချပ်ဝတ် နတ်ဆင်၏ ကြီးမားသော ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ခဲ့သော်လည်း ၎င်းကို အနည်းငယ်မျှပင် လှုပ်ခါစေနိုင်ခဲ့ခြင်း မရှိပေ။

“လက်ဖျားခါလောက်စရာပဲ” ဗြဟ္မာ့ကောင်းကင်မြို့မှ လူများသည်လည်း ထိုပြင်းထန်သည့် တိုက်ပွဲကို စိတ်လှုပ်ရှားလှစွာဖြင့် ကြည့်ရှုနေကြသည်။ သူတို့ ရှေ့မှ မြင်ကွင်းသည် အလွန် ခမ်းနားကြီးကျယ်လှသည်။ နတ်ဆင်အင်ပါယာသည် ရီထျန်းယွိရှေ့သို့ ဆက်လက် တိုးဝင်လာနေသည်။

သိသာစွာပင် ရီဖူရှင်းက ခုခံသည့် အနေအထားဖြင့် ရင်ဆိုင်ရန် စိတ်ကူးမရှိပေ။ ထို့အစား သူက ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံကို လက်ဦးမှုယူကာ ရင်ဆိုင်တိုက်ခိုက်ရန် ကြံရွယ်နေသည်။

ဘန်း…

နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ်ကို ထုတ်ဖော်လိုက်ကာ မဟာလမ်းစဉ်ကို နင်းဖြတ်၍ လေဟာနယ်ကို ကွဲအက်သွားစေသည်။ ရွှေရောင်ချပ်ဝတ် နတ်ဆင်သည် ရှေ့သို့ ရွေ့လျားနေသည်။ ထိုကြီးမားသော ခန္ဓာကိုယ်ကြီးက ရီထျန်းယွိရှေ့သို့ ချက်ချင်း ရောက်ရှိလာပေသည်။

“ကျုပ် ကြားတာတော့ ခင်ဗျားက အထွတ်အထိပ်မှာ ရပ်တည်ဖို့ မွေးဖွားလာတာဆို။ ဒါပေမဲ့ ခုထိ ခင်ဗျားရဲ့ စွမ်းအားအစစ်အမှန်ကို မသိရသေးပါလား။” ရီဖူရှင်းက သြဇာသံပါသည့် လွှမ်းမိုးနိုင်သော အသံဖြင့် ကျယ်လောင်စွာ ပြောသည်။ သူ၏ လက်က မြှောက်တက်သွားပြီး သူက ရီထျန်းယွိထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လျှင် လေဟာနယ်က ကွဲအက်ကာ မှုန့်မှုန့်ညက်ညက် ကြေသွားတော့မည့်ဟန်တူလာသည်။ သူနှင့် ရီထျန်းယွိ ကြားမှ အရာအားလုံးက ပေါက်ကွဲပျက်စီးသွားခဲ့သည်။

ရီထျန်းယွိသည်လည်း ရီဖူရှင်း၏ ပြင်းထန်ပြီး လွှမ်းမိုးနိုင်သည့် စွမ်းအားကို ခံစားမိပေသည်။ သူက ရှေ့သို့ လှမ်းလာကာ ကြီးမားသည့် ချန်းချိုးစုတ်တံကလည်း ရှေ့သို့ ထိုးဖောက်သည်။ မရေတွက်နိုင်သည့် လူသတ်စွမ်းအင်လှိုင်းများက သတ်ဖြတ်ခြင်းမုန်တိုင်းအတွင်း ပေါင်းစည်းသွားကာ ထိုလွှမ်းမိုးနိုင်သည့် လက်သီးချက်စွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရှိခဲ့သည်။

ဘုန်း… ဘုန်း….

အင်အားနှစ်ခုက ထိပ်တိုက်တွေ့ဆုံမိကာ လောကကြီးအား လွှမ်းမိုးသွားခဲ့သည်။

ဘန်း..

ရီဖူရှင်းက ရှေ့သို့ ဆက်လက်လှမ်းလာနေသည်။ ကြီးမားသည့် နတ်ဆင်က ကောင်းကင်သို့ တစ်ဖန်နင်းဖြတ်လာပြန်ကာ လက်ကြီးကို ကောင်းကင်နှင့် မြေကြီးသို့ ထိုးဖောက်သည်။ ထိုတိုက်ခိုက်မှုက ကျဆင်းလာသည့်အခါ မရေတွက်နိုင်သည့် လက်သီးရိပ်များ ပေါ်ပေါက်လာပြီး တစ်ချက်ချင်းစီသည် ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ နတ်ဆင်လေဟာနယ်ခွဲလက်သီး စွမ်းအားက လေဟာနယ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

ကောင်းကင်အာဏာစက် နတ်ပန်းချီသည် တောက်ပသည့် နတ်အလင်းများကို ထုတ်လွှတ်နေပြီး ရီထျန်းယွိကို ဖုံးလွှမ်းသွားသည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုထားသည့် မဟာလမ်းစဉ် မုန်တိုင်းက ပို၍ အားကောင်းလာသည်။ ထောင်ပေါင်းများစွာသော သတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းများက ကောင်းကင်အာဏာစက် နတ်ပန်းချီ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ အရာအားလုံးက အချိန်မရွေး ဖျက်ဆီးသုတ်သင်ခံရတော့မလိုပင် ဖြစ်သည်။

သူက ရီဖူရှင်းကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများက မာနတို့ဖြင့် ပြည့်နှက်နေသည်။

“ကောင်းကင်အာဏာစက် နတ်ပန်းချီလား” ရီဖူရှင်းက သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က နတ်အလင်းများ တောက်ပလာသည်။ နတ်ဝိညာဉ်က စုစည်းလာကာ နတ်ဝိညာဉ်ဆွဲဆောင်ခြင်းကို ထုတ်ဖော်လိုက်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset