Switch Mode

အခန်း ( ၃၂၈ )

ပါးစပ်ပိတ်စမ်း

လတ်တလောအတွင်း ထိုမြည်းလေး၏ ဆိုးသွမ်းမှုကြောင့် ဝမ်ပေါင်လဲ့မှာ အများကြီးထိခိုက်နစ်နာခဲ့ရ၏။ သူသည် နစ်နာကြေးများကိုပင် အမြောက်အမြား ပေးဆောင်ခဲ့ရသည်။ သူသည် မြူခိုးတာအိုကျောင်း၏ ကျောင်းအုပ် ဖြစ်နေပြီး သူ၏ကျောင်းထဲ၌ ရှိနေသည့်တိုင်အောင် ထိုမြည်းလေး စားခဲ့သော ပစ္စည်းများကို လျစ်လျူရှု၍မဖြစ်ပေ။ ထို့ကြောင့် သူသည် ငွေအကုန်ခံ၍ ၎င်းတို့ကို ပြန်လည်ဝယ်ယူခဲ့ရ၏။

ကျင့်သိုမင်ဆီမှ ရရှိခဲ့သော အစာများကြောင့် ထိုမြည်းလေးအား အာဟာရဓါတ်အချို့ ဖြည့်ဆည်းပေးနိုင်ခဲ့ပါသော်လည်း ၎င်း၏ ဝမ်းဗိုက်မှာ အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ပင်။ ၎င်းမှာ ယနေ့ထိတိုင်အောင် နေ့စဉ်နေ့တိုင်း မရပ်မနား စားသုံးနေခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ မြည်းတစ်ကောင်မဟုတ်ဘဲ ဝက်တစ်ကောင်ကို မွေးထားရသကဲ့သို့ ခံစားနေရတော့သည်။

သူသည် ၎င်းအား သတ်ပစ်လျှင် ကောင်းမလားဟု ကြိမ်ဖန်များစွာ တွေးခဲ့ဖူးပါသော်လည်း ၎င်းအပေါ် သံယောဇဉ် ရှိနေပြီဖြစ်သည်။ ထို့အပြင် ထိုမြည်းလေး ကျင့်သိုမင်၏ အိမ်၌ စားသုံးခဲ့သော ပစ္စည်းများအားလုံး၏ စုစုပေါင်းတန်ကြေးမှာ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုစာနီးပါး ရှိနေသည်မဟုတ်ပါလော။

အကယ်၍ သူသည် ၎င်းအား သတ်လိုက်မည်ဆိုပါက ထိုရင်းနှီးမြှုပ်နှံမှုများကို စွန့်လွှတ်ပစ်လိုက်သလို ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံကြိတ်၍ ထိုမြည်းလေးအား မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးရန် ပြင်လိုက်တော့သည်။

” မင်းက အရေထူပြီး အကြမ်းခံလွန်းတဲ့အပြင် ရိုက်နှက်ကန်ကျောက်ခံရတာကိုတောင် မှတ်မိနိုင်စွမ်းမရှိဘူး။ ခြင်ကိုက်ခံရတာတောင် ဘယ်လိုမှမနေတဲ့ကောင် ”
ဝမ်ပေါင်လဲ့မှာ တံခါးဘောင်အား ကိုက်ဝါးနေသည့် မြည်းလေးကို စိုက်ကြည့်ကာ တွေးတောလိုက်၏။ ထို့နောက် သူသည် အံကြိတ်လိုက်ပြီး မီးခိုးရောင်ခြင်ကို ထုတ်လွှတ်လိုက်တော့သည်။

၎င်းမှာ သူ၏ ဝှက်ဖဲဖြစ်သည်။ ထိုမီးခိုးရောင်ခြင်မှာ အခြေတည်အဆင့် ကျင့်ကြံသူများကိုပင် အသက်ထွက်သွားစေနိုင်လောက်သည့်အထိ ကိုက်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ ၎င်းမှာ အလွန်အင်မတန်မှ အဆိပ်ပြင်းပါသော်လည်း သူသည် ထိုမြည်းလေး အဆိပ်တက်၍ သေဆုံးသွားမည်ကို စိုးရိမ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုမီးခိုးရောင်ခြင်၏ အဆိပ်ပြင်းအားကိုပါ ထိန်းချုပ်လိုက်သည်။ ထို့နောက် ၎င်းမှာ မြည်းလေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားလိုက်တော့သည်။

ထိုမီးခိုးရောင်ခြင်လေးမှာ အလွန် မြန်ဆန်လှသောကြောင့် မြည်းလေး၏အနီးသို့ ချက်ချင်းပင်ရောက်လာ၏။ သို့သော် ထိုမြည်းလေးမှာ အထူးတဆန်းနှင့် ခေါင်းမော့လာပြီး ထိုမီးခိုးရောင်ခြင်လေးအား ချက်ချင်းပင် မျိုချပစ်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ အစာအနည်းငယ်မျှသာ ရလိုက်သည့်အတွက် အားမလိုအားမရ ဖြစ်နေသည့်ပုံစံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လှောင်ပြုံးပြုံးလိုက်ပြီး မြည်းလေးမှာလည်း ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွားရတော့သည်။ ၎င်းမှာ အသံကုန် အော်ဟစ်မြည်တမ်းလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း စတင်တုန်ရီလာတော့သည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှ ယားယံမှုတစ်မျိုး စတင်ထွက်ပေါ်လာခြင်းဖြစ်သည်။

မောက်မာဝင့်ကြွားနေခဲ့သည့် မြည်းလေးမှာ ချက်ချင်းဆိုသလိုပင် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းနေရပြီ ဖြစ်သည်။ ၎င်းမှာ မကြာသေးမီတုန်းက တစ်ကိုက်ပင် အပြည့်မကိုက်ခဲ့သည့် တံခါးဘောင်အား အားရပါးရ ကိုက်လိုက်ပြီးနောက် နံရံကိုလည်း တစ်ကိုက် ကိုက်လိုက်ပြန်သည်။ သို့သော် ၎င်းမှာ ယားယံနေဆဲဖြစ်သောကြောင့် ဘာလုပ်လုပ် အသုံးမဝင်ကြောင်း သိလိုက်ရတော့သည်။ ထို့ကြောင့် ထိုမြည်းလေးမှာ စိုးရိမ်စိတ်များ ကြီးထွားလာရပြီး ဝမ်ပေါင်လဲ့ အခန်းထဲရှိ နံရံများကို သွေးရူးသွေးတန်းနှင့် လိုက်ကိုက်နေတော့သည်။

အကယ်၍ သာမန်နေ့မျိုးတွင် ယခုလိုဖြစ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား တားဆီးရန် ကြိုးစားလိုက်မည်သာဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူသည် ထိုမြည်းလေးကို ဘယ်လောက်စားစား သူ၏မီးခိုးရောင်ခြင်‌အား ယှဉ်နိုင်မည်မဟုတ်ကြောင်း သိသွားအောင် သင်ခန်းစာပေးရန် စိတ်ပိုင်းဖြတ်ထား၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားစွာဖြင့် မတ်တတ်ရပ်နေရင်း သူ၏ အခန်းတစ်ခန်းလုံးအား မြည်းလေးက စားပစ်နိုင်ခြေ ရှိနေသည့်တိုင်အောင် အရဲစွန့်၍ ထိုမြည်းလေး သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းရင်း မြင်မြင်သမျှ အရာအားလုံးကို ကိုက်ဝါးနေသည့် အသံများအား နားထောင်နေလိုက်တော့သည်။ ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ ငါးမိနစ်တိတိ ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ အခန်းအပြင်ဘက်သို့ ထွက်လာသည့်အခါတွင် နံရံများမှာ ချက်ချင်းပင် ပြိုကျသွားတော့သည်။ အခန်းထဲတွင်ရှိနေသော မြည်းလေးမှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းနေဆဲ ဖြစ်ပါသော်လည်း အစားမရပ်သေးပေ။

ထိုမြည်းလေး၏ ဗိုက်ထဲ၌ အခန်းတစ်ခန်းလုံး ဝင်ဆံ့နေသည့်အချက်မှာ ထူးဆန်းလွန်းလှပေသည်။ တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မြေကြီးပေါ်၌ တည်ဆောက်ထားသည့် သူ၏အခန်းလေး လုံးဝပျောက်ကွယ်သွားသည်ကို မောက်မာဝင့်ကြွားစွာနှင့် စိုက်ကြည့်နေဆဲပင်။ ထိုအခန်းထဲရှိ အကျိုးအပဲ့ အပိုင်းအစလေးများပင် မကျန်တော့ပေ။ မြည်းလေးမှာမူ ရုန်းကန်နေရဆဲဖြစ်ပြီး မြက်ခင်းများကို ဝါးစားနေရသည့် အဆင့်အထိ ရောက်နေပြီဖြစ်သည်။

” မင်း အရှုံးပေးပြီလား။ မပေးသေးဘူးလား ”
ဝမ်ပေါင်လဲ့မှာ အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်သဖြင့် တည်ကြည်စွာ မေးလိုက်၏။

မြက်ခင်းများကို သွေးရူးသွေးတန်း ဝါးစားနေသည့် မြည်းလေးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ခွင့်လွှတ်ရန် တောင်းပန်လိုသည့် မျက်နှာပေးဖြင့် သူ့ဘက်သို့ လှည့်လာ၏။ သို့သော် ၎င်းမှာ အာရုံပြောင်းသွားပြီး ၎င်း၏ ခန္ဓာကိုယ်အား ပြန်၍ငုံ့ကြည့်လိုက်၏။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများ အရောင်လက်သွားပြီး ကျေနပ်အားရစွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်တော့သည်။ ထိုအခိုက်အတန့်တွင် သူသည် ဖောက်ထွက်သွားပြီး အာနာပါန တတိယအဆင့်သို့ ရောက်ရှိသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး မျက်လုံးများပြူးသွားရတော့သည်။ ပို၍ အံ့အားသင့်စရာကောင်းပြီး ယုံကြည်နိုင်စရာ မရှိသည့် အချက်မှာ ထိုမြည်းလေးသည် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားခြင်းပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပင်မရှူနိုင်တော့ပေ။ ထို့နောက် သူနှင့် မီးခိုးရောင်ခြင်လေးကြားရှိ အဆက်အသွယ်မှာ ပြတ်တောက်သွားသောကြောင့် သူသည် ကြက်သေသေသွားရတော့သည်။

ထိုမီးခိုးရောင်ခြင်လေးမှာ မြည်းလေး၏ မျိုချခြင်းကို ခံခဲ့ရသည့်တိုင်အောင် ဒဏ်ရာမရခဲ့ပေ။ ၎င်းမှာ မြည်းလေး၏ ဗိုက်ထဲတွင် ရှိနေခဲ့သည်ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ ၎င်းအား ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်ခဲ့သလို ထိန်းချုပ်နိုင်စွမ်းလည်း ရှိခဲ့၏။ ထို့ကြောင့် ထိုမြည်းလေးမှာ အစာဘယ်လောက်စားစား ထိုယားယံမှုကို မဖျောက်ဖျက်နိုင်ဘဲ ဖြစ်နေရခြင်းဖြစ်သည်။

သို့သော် ထိုမြည်းလေး၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားသည့်အချိန်တွင် မီးခိုးရောင်ခြင်လေးမှာ မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိုမြည်းလေး၏ ခန္ဓာကိုယ်ထဲသို့ အရည်ပျော်ကျသွား၏။ ၎င်းမှာ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အရည်ပျော်ကျသွားခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သေချာသိလိုက်၏။ ထိုသို့ ဖြစ်သွားရသည်မှာ မြည်းလေးကြောင့်လား၊ မီးခိုးရောင်ခြင်လေးကြောင့်လားတော့ သေချာမသိနိုင်ချေ။ သို့သော် သေချာသည့်အချက်မှာ ထိုမီးခိုးရောင်ခြင်လေးသည် အရည်ပျော်ကျသွားပြီ ဖြစ်သည်။

ထို့အပြင် ၎င်းမှာ အရည်ပျော်ကျသွားပြီးနောက် မြည်းလေး၏ အသွေးအသားများနှင့် တစ်သားတည်း ပေါင်းစည်းသွားသည့်ပုံပင်။

ထို့ကြောင့် မီးခိုးရောင်ခြင်လေးမှာ မြည်းလေးနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားရပြီး ခေါင်းရှုပ်သွားရတော့သည်။ သူသည် ကတုန်ကယင်နှင့် သူ၏ ဓားအိမ်လေးကို ချက်ချင်းပင် စစ်ဆေးကြည့်လိုက်ပါသော်လည်း ထိုဓားအိမ်ထဲတွင် မီးခိုးရောင်ခြင်တစ်ကောင် ထွက်ပေါ်လာတော့မည့် အရိပ်အရောင်များကို မြင်လိုက်ရသောအခါ မယုံသင်္ကာဖြစ်သွားရ၏။

သို့သော် သူသည် ထိုဓားအိမ်လေးကို ထိန်းချုပ်နိုင်စွမ်းရှိနေသောကြောင့် ယခုလို အချိန်အနည်းငယ်ကြာပြီးမှ ထွက်ပေါ်လာမည့် မီးခိုးရောင်ခြင်လေးမှာ ယခင်မီးခိုးရောင်ခြင်နှင့် တစ်ပုံစံတည်း ဖြစ်နေသည့်တိုင်အောင် ၎င်းတို့၏ အငွေ့အသက်များမှာ မတူညီဘဲ ကွဲပြားနေကြောင်း အာရုံခံမိလိုက်သည်။

ယခင်မီးခိုးရောင်ခြင်လေးမှာ အမှန်တကယ်ပင် အရည်ပျော်ကျသွားခဲ့ပြီး အသစ်ပြန်ပေါ်လာသည့် ခြင်မှာ ၎င်းနှင့်မတူသော ခြင်တစ်ကောင် ဖြစ်နေသည့်ပုံပင်။ ထို့အပြင် ဤ ဒုတိယမြောက် မီးခိုးရောင်ခြင်လေး ထွက်ပေါ်လာနိုင်ဖို့အတွက် စွမ်းအင်အမြောက်အမြား လိုအပ်သောကြောင့် သူ၏ ဓားအိမ်လေးမှာ အနည်းငယ် မှေးမှိန်သွားရ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းရှုပ်သွားရပြီး မမလေးအား ထိုအကြောင်းနှင့်ပတ်သက်၍ ချက်ချင်းပင် မေးမြန်းလိုက်သည်။ သို့သော် မမလေးမှာလည်း ဤကိစ္စကို နားမလည်နိုင်လောက်အောင် ဖြစ်နေသောကြောင့် ခေါင်းရှုပ်နေသည့် အကြည့်များဖြင့် ဝမ်ပေါင်လဲ့အား အချိန်အကြာကြီး စိုက်ကြည့်နေမိတော့သည်။ နောက်ဆုံးတွင် သူမသည် ဝမ်ပေါင်လဲ့အား သူ၏ ဓားအိမ်လေးမှာ ကြိုတင်မခန့်မှန်းနိုင်သည့် ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသော ကိုယ်ပိုင်ဓမ္မအဆောင်တစ်ခု ဖြစ်သောကြောင့် သူမသည်လည်း အသေးစိတ်အချက်အလက်များကို သိနိုင်မည်မဟုတ်ကြောင်း ရှင်းပြလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ မမလေးဆီမှ ထွက်ခွာလာပြီးနောက် မြည်းလေးအား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်၏။ ထို့နောက် ၎င်း၏ ရုန်းကန်မှုများကို ဂရုမစိုက်ပဲ ၎င်းအား ချုပ်ထားလိုက်၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြု၍ ထိုမြည်းလေး၏ အတွင်းပိုင်းနှင့်အပြင်ပိုင်း နှစ်ခုစလုံးကို စစ်ဆေးကြည့်ရှုလိုက်တော့အခါ မီးခိုးရောင်ခြင်‌လေးမှာ အမှန်တကယ်ပင် ရှိမနေတော့သည်ကို သိလိုက်ရတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့ကြည့်ရှုစစ်ဆေးနေရင်း မြည်းလေး၏ အတွင်းပိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ သန္ဓေပြောင်းကာ မီးခိုးရောင်ပြောင်းသွားသည်ကို သတိထားမိလိုက်၏။ သို့သော် ၎င်းမှာ ထိုမြည်းလေးအပေါ် ဘေးထွက်ဆိုးကျိုး မရှိသည့်အပြင် ၎င်းမှာ ပို၍ပင် တက်ကြွလန်းဆန်းလာ၏။

ဝမ်ပေါင်လဲ့အား အံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့သည်အရာမှာ ထိုအချက်မဟုတ်ပေ။ အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ ဝမ်ပေါင်လဲ့သည် ထိုမြည်းလေးနှင့် စိတ်ချင်းဆက်သွယ်နိုင်စွမ်း ရှိသွားခြင်းပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်သွားရတော့သည်။ ယခင်တုန်းကဆိုလျှင် ထိုမြည်းလေးမှာ သူ၏နောက်သို့ အမြဲတမ်းလိုက်နေခဲ့ပါသော်လည်း ၎င်းမှာ သက်ရှိတစ်ကောင်မျှသာ ဖြစ်ပြီး ဓမ္မရတနာတစ်ခု မဟုတ်သောကြောင့် ဝမ်ပေါင်လဲ့နှင့် အချိတ်အဆက်တစ်ခု တည်ဆောက်နိုင်စွမ်းမရှိသလို သူ့အား သူ၏ သခင်အဖြစ်လည်း မသတ်မှတ်နိုင်ခဲ့ပေ။

မိမိအား သခင်အဖြစ် အသိအမှတ်ပြုသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို ပိုင်ဆိုင်နိုင်ခြင်းမှာ ပြည်ထောင်စုကြီးထဲရှိ သားရဲမွေးမြူရေး ကျွမ်းကျင်ပညာရှင်များပင်လျှင် အဖြေမထုတ်နိုင်သေးသော ကိစ္စတစ်ခုဖြစ်သည်။ ထိုသို့ ဖြစ်နိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲရုံသာမက အကြိမ်အရေအတွက်မှာလည်း အကန့်အသတ်နှင့် ရှိသေးသည်။

” မီးခိုးရောင်ခြင်ရဲ့ အစွမ်းက တစ်ခုခုနဲ့ ပေါင်းစည်းသွားဖို့များ ဖြစ်နေတာလား။ သူ မြည်းလေးနဲ့ အဲ့လို ပေါင်းစည်းသွားလို့ မြည်းလေးက သူ့ရဲ့ သခင်ကို အတိုင်းအတာ တစ်ခုအထိ အသိမှတ်ပြုသွားတာများ ဖြစ်နေမလား ”
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အံ့အားသင့်သွားရပြီး မြည်းလေးအား ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိကို ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်တော့သည်။

” မြည်းလေး။ ဆောင့်ကြောင့်ထိုင်ချလိုက်စမ်း ”
ဝမ်ပေါင်လဲ့မှာ မြည်းလေးအား ချုပ်ထားရာမှ လွှတ်ပေးကာ အမိန့်ပေးလိုက်သည်။ ထိုအခါ မြည်းလေးမှာ ရုတ်တရက်ဆိုသလို မတ်တတ်ပြန်ထလာပြီး တံခါးဘောင်ရှိနေခဲ့သည့် နေရာသို့ ပြေးသွားလိုက်ပြီးနောက် ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့အား မောက်မာဝင့်ကြွားစွာ စိုက်ကြည့်ရင်း အော်ဟစ်မြည်တမ်းလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ ကသိကအောက်ဖြစ်သွားသည့် အမူအရာဖြင့် ထိုမြည်းလေးအား ထပ်၍ အမိန့်ပေးလိုက်ပြန်သည်။ သို့သော် သူ မည်ကဲ့သို့ပင် အမိန့်ပေးနေစေကာမူ ထိုမြည်းလေးမှာ သူ့အား နာခံမည်မဟုတ်ကြောင်းကို သိလိုက်ရသည်။ ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး မီးခိုးရောင်ခြင်နှင့် မြည်းလေးတို့၏ ကြားမှ အချိတ်အဆက်မှာ သိပ်မကောင်းသေးကြောင်း ခံစားလိုက်ရ၏။

မြည်းလေးမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ့အား မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိနိုင်လောက်အောင် ဖြစ်နေသည့်ပုံကို သတိထားမိလိုက်သောအခါ အားမာန်တက်ကြွစွာဖြင့် ခေါင်းမော့လာ၏။ ၎င်း၏ မျက်ဝန်းများထဲတွင် ကျေနပ်နေသည့် အရိပ်အယောင်များ မရှိတော့ဘဲ မောက်မာဝင့်ကြွားနေသည့် အရိပ်အယောင်များ အစားထိုး ဝင်ရောက်လာတော့သည်။ ၎င်း၏ အော်ဟစ်မြည်တမ်းသံများပင်လျှင် ယခင်တုန်းကထက်ပို၍ ကျယ်လောင်လာတော့သည်။

” သား သား သား ”

ဝမ်ပေါင်လဲ့မှာမူ စိတ်ပျက်လက်ပျက်နှင့် သူ၏ ဆံပင်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တော့သည်။ သူသည် ထိုမြည်းလေးအား မည်သို့ ဆက်လုပ်ရမည်မှန်း မသိနိုင်လောက်အောင် ဖြစ်နေပြီဖြစ်သည်။ သူသည် ၎င်းကို ရိုက်နှက်ကန်ကျောက်ကာ ခြင်များအား ကိုက်ခိုင်းခဲ့ရုံသာမက မီးခိုးရောင်ခြင်လေးကိုပင် အသုံးပြုခဲ့သေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ၎င်းအား မသတ်ဘဲနှင့် နောင်ကြဉ်‌လောက်မည့် သင်ခန်းစာတစ်ခုကို ပေးနိုင်မည်မဟုတ်ပေ။

သူသည် ထိုကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေရစဉ်တွင် မြည်းလေးမှာ အဆက်မပြတ် ခုန်ပေါက်ကာ ပျော်ရွှင်မြူးထူးစွာ အော်ဟစ်နေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ရှုပ်လာရပြီး ခေါင်းငုံ့ကာ ဒေါသတကြီး အော်ဟစ်မိလိုက်တော့သည်။

” ပါးစပ်ပိတ်ထားစမ်းကွာ ”

” သ…. ”

ဝမ်ပေါင်လဲ့၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပါးစပ်ဟ၍ ပျော်ရွှင်မြူးထူးစွာ အော်ဟစ်နေခဲ့သော မြည်းလေးမှာ ရုတ်တရက်ဆိုသလို အသံဝင်သွား၏။ ထို့နောက် ၎င်း၏ ပါးစပ်ပေါက်ကြီးမှာလည်း ချက်ခြင်းပင် ပြန်ပိတ်သွားသဖြင့် ၎င်းမှာ အံ့အားသင့်သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားသဖြင့် ချက်ချင်းဆိုသလိုပင် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မြည်းလေးနှင့် အကြည့်ချင်းဆုံသွားတော့သည်။

ထိုသို့ဖြင့် သူတို့၏ ဘေးပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ ငြိမ်ကျသွား၏။ ဝမ်ပေါင်လဲ့နှင့် မြည်းလေးတို့မှာ တစ်ပြိုင်နက်တည်း သူငယ်အိမ်များ ကျဥ်းမြောင်သွားရတော့သည်။ တစ်ဖက်မှာ အံ့အားသင့်သွားရပြီး အခြားတစ်ဖက်မှာမူ တုန်လှုပ်ချောက်ချားသွားရ၏။

တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ထိုမြည်းလေးမှာ စိုးရိမ်စိတ်များ သိသိသာသာကြီးထွားလာပြီး ၎င်း၏ ပါးစပ်ကို ဟရန် ကြိုးစားကြည့်လိုက်ပါသော်လည်း အချည်းနှီးပင်။ ထိုပါးစပ်ပေါက်ကြီးမှာ ၎င်း၏အပိုင် မဟုတ်တော့သည့် အလားပင်။ ထို့ကြောင့် မြည်းလေးမှာ ဝမ်ပေါင်လဲ့ ၎င်း၏ပေါင်ကြားထဲသို့ အားပါပါဖြင့် ကန်ကျောက်ခဲ့သည့် အချိန်တုန်းကထက်ပင် ပို၍ ကြောက်လန့်တကြား ဖြစ်သွားရတော့သည်။

အခြားတစ်ဖက်တွင်မူ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏ ခေါင်းထဲတွင်လည်း အတွေးမျိုးစုံပေါ်လာတော့သည်။ ထို့နောက် သူသည် မျက်လုံးများအရောင်လက်သွား၏။

” အကြောင်းအရင်း တစ်ခုခုကြောင့် ရှုပ်ရှုပ်ယှက်ယှဉ် အမိန့်တွေ ပေးလို့မရပေမယ့် ပါးစပ်ပိတ်ခိုင်းတဲ့ အမိန့်လိုမျိုး ရိုးရှင်းတဲ့ အမိန့်တွေကိုကျ ပေးလို့ရနေတာများလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်တော့သည်။

” ပါးစပ်ဟစမ်း ”

” သား သား ”

” ပြန်ပိတ်လိုက်စမ်း ”

” သ…. ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ကြိမ်ဖန်များစွာ စမ်းသပ်ကြည့်လိုက်ပြီးနောက် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရပြီး ကြောက်လန့်တကြားဖြစ်နေသည့် မြည်းလေးကိုကြည့်ကာ ဟက်ဟက်ပက် ရယ်မောလိုက်တော့သည်။ သူသည် ကမ္ဘာကြီး တစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် နေချင့်စဖွယ် နေရာကြီးတစ်ခုအသွင် ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရပြီး ပျော်ရွှင်ကျေနပ်သွားတော့သည်။

” မြည်းလေး။ ငါ မင်းကို တချိန်လုံး စိတ်ကြိုက်သောင်းကျန်းခွင့် ပေးထားတာ။ အခုတော့ ဆယ်‌ရက်လောက် ပါးစပ်ပိတ်နေလိုက်အုံး။ မင်း နောက်တစ်ခါ စကားနားမထောင်တဲ့ အချိန်ကျရင် သုံးလတိတိ ပါးစပ်ပိတ်ပြီး နေရမယ်မှတ် “

Comment

Leave a Reply

Options

not work with dark mode
Reset