Switch Mode

အခန်း ( ၃၂၇ )

ငါ့စကားကို ပြန်ရုတ်သိမ်းတယ်၊ အဲဒီမြည်းကို ငါ မယူနိုင်တော့ဘူး

အောက်ထပ်မှ ပေါက်ကွဲသံအကျယ်ကြီးနှင့် ဆူညံသံများကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်သံများ ဗြောင်းဆန်သွားရတော့သည်။ သူသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပါသော်လည်း သူတို့၏ အပေးအယူကို လက်စသတ်ရန် ကျင့်သိုမင်အား မတိုက်တွန်းနိုင်ခင်မှာပင် ကျင့်သိုမင်မှာ ပထမထပ်သို့ တအံ့တဩနှင့် ပြေးဆင်းသွားတော့သည်။

” သွားပါပြီကွာ ”
ဝမ်ပေါင်လဲ့မှာ နဖူးကို လက်ဖြင့်ရိုက်ကာ သက်ပြင်းအရှည်ကြီးချလိုက်ပြီး ကျင့်သိုမင်၏ နောက်မှ ပြေးလိုက်သွား၏။ သူ၏ ခေါင်းထဲတွင် ဤအခြေအနေကြီးအား ပြန်၍အဖတ်ဆယ်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေ၏။ သို့သော် သူတို့နှစ်ယောက် ပထမထပ်သို့ ရောက်သွားသောအချိန်တွင် ဝမ်ပေါင်လဲ့မှာ လက်ရှိအခြေအနေကြီးအား မည်သည့်နည်းနှင့်မှ အဖတ်ဆယ်နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် အသက်ပြင်းပြင်း ရှူမိလိုက်တော့သည်။

ပထမထပ် တစ်ထပ်လုံး သူတို့ ထွက်သွားခဲ့စဉ်တုန်းကနှင့် လုံးဝမတူတော့ပေ။ ဂိုထောင်တစ်ခုလုံးမှာ ပြောင်သလင်းခါနေပြီဖြစ်သည်။ ဆေးလုံးများနှင့် နတ်ဘုရားရတနာ အားလုံးသာမက စင်များပင်လျှင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့အပြင် နံရံကြီး မြေကြီးအောက်သို့ ဝင်သွားခဲ့သည့် နေရာတွင်လည်း ကြီးမားကျယ်ဝန်းသော ကျင်းကြီးတစ်ခု ရှိနေ၏။ ယခုတွင် ထိုနေရာ၌ မည်သည့်နံရံမှ ရှိမနေတော့ပေ။ ၎င်းမှာ အတင်းအဓမ္မ တူးထုတ်ခံထားရသည့်ပုံပင်။

တချိန်တည်းမှာပင် ဘေးပတ်ပတ်လည်ရှိ အခြား နံရံများအားလုံးမှာလည်း ပြိုလဲပျက်စီးနေကြပြီဖြစ်သည်။ ထိုနံရံများ၏ နောက်၌ ရှိသော အခြား ဂိုထောင်အခန်းများမှာလည်း ဖျက်ဆီးခံထားရပြီဖြစ်ပြီး ပြောင်သလင်းခါနေပြီဖြစ်သည်။

ထိုမျှလောက်သာဆိုလျှင် ကိစ္စမရှိပေ။ သို့သော် ပထမအထပ်၏ ခန်းမကြီးထဲရှိ နံရံများပေါ်တွင် ချိတ်ဆွဲထားသော နတ်ဘုရားရတနာများမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ဝိညာဉ်ချည်မျှင်များဖြင့် ပြုလုပ်ထားသည့် ခန်းဆီးလိုက်ကာများမှာလည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများဖြင့် လုပ်ထားသည့် မီးအိမ်ကြီးမှာလည်း ကိုက်စားခံထားရသောကြောင့် တစ်ဝက်သာ ကျန်ရှိတော့သည်။

ပရိဘောဂများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေပြီး အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့နေကြပြီဖြစ်သည်။ ရှေးဟောင်းစင်ကြီးမှာလည်း မြည်းလေး၏လက်မှ မလွတ်မြောက်နိုင်ခဲ့သောကြောင့် အပိုင်းပိုင်းပြတ်ကာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေကြ၏။ ကော်ဇောကြီးနှင့် ကြမ်းပြင်၏ အစိတ်အပိုင်း အချို့မှာလည်း ပျက်စီးနေကြပြီဖြစ်ပြီး ၎င်းတို့ပေါ်၌ သွားရာများစွာ ကျန်ရစ်ခဲ့ကြ၏။ ထို ပထမထပ် တစ်ထပ်လုံးပေါ်တွင် အကောင်းပတိအတိုင်း ကျန်ရှိနေသေးသည့် တစ်ခုတည်းသောအရာမှာ ကျင့်သိုမင် အကြိုက်ဆုံး ဆိုဖာလေးပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ခေါင်းခဲသွားရတော့သည်။ သူသည် ကျင့်သိုမင်အား လှမ်းကြည့်လိုက်သောအခါ ကျင့်သိုမင်မှာ ဆွံ့အမှင်တက်နေပြီး ဖြစ်ပျက်သွားခဲ့သည့် အရာများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေ၏။ သူ၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါ ဖြစ်သွားသည့် အရိပ်အရောင်များ ပထမဆုံးအကြိမ်အဖြစ် ထင်ဟပ်လာတော့သည်။ သို့သော် သူ အကြိုက်ဆုံး ဆိုဖာလေးမှာ အကောင်းပတိအတိုင်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဟန်ဆောင်ပြုံးလိုက်ရတော့သည်။

” တော်သေးတာပေါ့ ”

သို့သော် သူ့စကားမဆုံးနိုင်ခင်မှာပင် ထိုဆိုဖာ၏ သားရေအစွပ်မှာ အောက်သို့ကျွံကျသွား၏။ တစ်စုံတစ်ခုမှာ ၎င်းအား အတွင်းပိုင်းထဲမှနေ၍ ကိုက်စားနေသည့်ပုံပင်။ ထို့နောက် အဝတ်စများ ဆုတ်ပြဲသွားသည့် အသံများ စူးရှစွာ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အပေါက်ကြီးတစ်ပေါက် ပေါ်လာတော့သည်။ ထို့နောက် မြည်းလေး၏ ဦးခေါင်းမှာ ထိုအပေါက်ထဲမှ ထိုးထွက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်ပြီး ကျင့်သိုမင်အား သတိထားမိလိုက်‌သောအခါ ကျေနပ်အားရနေသည့် လေသံဖြင့် အော်ခေါ်လိုက်၏။

” သား….သား ”

ထိုအော်ဟစ်သံများမှာ အလွန်အင်မတန်မှ ကျယ်လောင်ပြီး မာန်ပါလှပေသည်။ တချိန်တည်းမှာပင် ထို မြည်းလေးမှာ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သောကြောင့် အာနာပါနအဆင့် ပထမအဆင့်မှ ဒုတိယအဆင့်သို့ တက်လှမ်းသွားတော့သည်။ ၎င်း၏ အမွေးများမှာ တောက်ပြောင်လာပြီး ပို၍ပင် အံသြဖွယ်ရာ ကောင်းလာတော့သည်။

ထိုအချိန်တွင် ကျင့်သိုမင်မှာ နောက်ထပ်တစ်ကြိမ် မူးဝေသွားရတော့သည်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီကာ အသက်ရှူသံများမှာလည်း သိသိသာသာ မြန်ဆန်လာပြီး မျက်လုံးများပြူးသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်အား စိုက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ့အား နားချရန် ကြိုးစားလိုက်တော့သည်။

” ညီကိုကျင့်။ မလောပါနဲ့။ မင်း စောစောတုန်းက ဘာပြောခဲ့တာ။ အစားပဲ နည်းနည်းစားတာ ဟုတ်လား ”

” အဲဒီမြည်းကို ဖမ်းလိုက်ကြစမ်း ”
ဝမ်ပေါင်လဲ့မှာ စကားမဆုံးနိုင်ခင်မှာပင် ကျင့်သိုမင်မှာ ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ ခုန်ပေါက်လိုက်၏။ ထိုအခါ ကျင့်သိုမင်၏ ပတ်ပတ်လည်မှ အစောင့်များနှင့် အစေခံများမှာ ထိုမြည်းလေးဆီသို့ ပြေးသွားလိုက်ကြတော့သည်။

ထိုအခါ ထိုမြည်းလေးမှာ အမှန်တကယ်ပင်ထိတ်လန့်တုန်လှုပ်သွားပြီး ဆိုဖာထဲသို့ ချက်ချင်းပင် ပြန်ဝင်သွား၏။ ထို့နောက် ယခင်ကနှင့် လုံးဝမတူသည့် အက်ကွဲသံများ ပဲ့တင်ထပ်လာတော့သည်။ ကျင့်သိုမင်မှာ အလွန်အင်မတန်မှ အံ့သြတုန်လှုပ်သွားရပြီး မြည်းလေးဆီသို့ သူကိုယ်တိုင် ပြေးသွားလိုက်ချိန်တွင် ပေါက်ကွဲသံအကျယ်ကြီး တစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ထိုဆိုဖာလေးမှာ ချက်ချင်းဆိုသလိုပင် ပြိုလဲပျက်စီးသွားရတော့သည်။ ထိုအချိန်တွင် မြည်းလေးမှာ ထွက်ပြေးသွားပြီဖြစ်သည်။

၎င်းမှာ နဂိုကတည်းက မြန်ဆန်လွန်းနေသည့်အပြင် ယခုတွင် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သည်ဖြစ်ရာ ပို၍ပင်မြန်ဆန်နေတော့သည်။ ထို့အပြင် ၎င်းမှာ လက်ရှိအခြေအနေကြီးကို နားလည်မှုလွဲသွားပြီး အခြားသူများမှာ သူ၏ အစာများကို လုယူရန် ကြိုးပမ်းနေသည်ဟု ယူဆမိလိုက်၏။ ထို့ကြောင့် ၎င်းမှာ ထွက်ပြေးရင်း လမ်းတွင်တွေ့သမျှ အရာအားလုံးကို စားသုံးနေလိုက်တော့သည်။

နေရာအနှံ့ ပြန့်ကျဲနေသည့် ပရိဘောဂများမှာလည်း ဝါးစားခံလိုက်ရပြီး မီးအိမ်ကြီး၏ တစ်ဝက်တိတိ ကျန်ရှိနေသေးသော အပိုင်းမှာလည်း ကိုက်စားခံလိုက်ရ၏။ ထို့အပြင် ၎င်းမှာ ဆိုဖာလေးကိုပင် ထပ်၍ ကိုက်လိုက်ပြန်သည်။ ထိုမျှလောက်နှင့် ရပ်တန့်မသွားသေးပေ။ ၎င်းမှာ အာနာပါနအဆင့် ဒုတိယအဆင့်သို့ တက်လှမ်းလာပြီးနောက် တမူထူးခြားသော စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်သွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ အခြားတစ်ဘက်သို့ လျင်မြန်သွက်လက်စွာ လှည့်သွားလိုက်ပြီး ကျင့်သိုမင်နှင့် သူ၏အပေါင်းအပါများအား ရှောင်တိမ်းကာ ဒုတိယထပ်ဆီသို့ ပြေးတက်သွားလိုက်တော့သည်။

ထိုမြည်းလေး ဒုတိယထပ်ပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသောအခါ ကျင့်သိုမင်မှာ ပို၍ပင် စိတ်ညစ်သွားရပြီး စိုးထိတ်သွားရ၏။ ထို့ကြောင့် သူသည် အော်ဟစ်ရင်း ချက်ချင်းပင် နောက်မှပြေးလိုက်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ထိုမြည်းလေးအား လိုက်ဖမ်းရန် ဒုတိယထပ်ပေါ်သို့ ပြေးတက်သွားသည့် လူအုပ်ကြီးကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေမိတော့သည်။

ခဏအကြာတွင် ဒုတိယထပ်ပေါ်မှ ပစ္စည်းများ အောက်သို့ပြုတ်ကျလာသည့် အသံများနှင့် တစ်စစီ ကွဲအက်သွားကြသည့်အသံများ ထွက်ပေါ်လာတော့သည်။ ထို့အပြင် မြည်းလေး၏ ရံခါဖန်ခါ အော်ဟစ်သံများကိုလည်း ကြားနေရ၏။

” သား… သား ”

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ စိတ်ပျက်လက်ပျက်နှင့် သူ၏နဖူးကို ရိုက်မိလိုက်တော့သည်။ အပေးအယူကိစ္စမှာ ပျက်သွားလောက်ပြီဖြစ်ကြောင်း သူက သိလိုက်၏။ မြည်းလေးမှာ လျင်မြန်သွက်လက်နေပါသော်လည်း သူ့အား လိုက်ဖမ်းနေသည့် အခြေတည်အဆင့်ကျင့်ကြံသူများကို မယှဉ်နိုင်သောကြောင့် နောက်ဆုံးတွင် သူတို့မှာ ၎င်းအား ဖမ်းမိသွားကြတော့သည်။

ထို့ကြောင့် မိနစ်အနည်းငယ်အကြာတွင် ဝမ်ပေါင်လဲ့နှင့် မြည်းလေးတို့မှာ ကျင့်သိုမင်၏ စံအိမ်ကြီး၏ ပင်မတံခါးပေါက် သို့မဟုတ် ပို၍တိတိကျကျ ဆိုရမည်ဆိုလျှင် တစ်စစီ ကျိုးပဲ့ကာ ကိုက်စားခံထားရသည့် ပင်မတံခါးပေါက်၏ အပြင်ဘက်သို့ ကန်ထုတ်ခံလိုက်ရ၏။ အစောင့်များမှာ သူတို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြသည်။

အစောင့်တိုင်းမှာ ရန်လိုနေသည့်ပုံ ပေါက်နေကြပြီး သူတို့မှာ ကတိအပြည့်ရှိသော မျက်ဝန်းများဖြင့် ထိုမြည်းလေးအား စိုက်ကြည့်နေကြသည်။ ဝမ်ပေါင်လဲ့မှာမူ အလွန်အင်မတန်မှ စိတ်သောကရောက်သွားရပြီး စံအိမ်ကြီး၏ ကျိုးပဲ့နေသော ပင်မတံခါးပေါက်နားတွင် ရပ်နေသည့် အစောင့်များကို ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ကျင့်သိုမင်အား ကသိကအောက်နှင့် လှမ်းကြည့်ကာ အသံအကျယ်ကြီး အော်ပြောလိုက်တော့သည်။

” ညီကိုကျင့်။ ဒီမြည်းက ဆိုးသွမ်းပေမဲ့ အဖိုးတန်တဲ့ သတ္တဝါတစ်ကောင်ပါ။ မင်းက ဒီမြည်းကို လိုချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ပြန်စဉ်းစားပါဦးကွ ”
ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေရ၏။

ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ကျင့်သိုမင်မှာ မျက်နာရှုံ့မဲ့သွားသည်။ သူသည် ရူးသွပ်နေခဲ့သောကြောင့် သို့မဟုတ် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားခဲ့ရသောကြောင့်သာ ထိုမြည်းလေးအား စိတ်ဝင်စားခဲ့ရခြင်း ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်၏။ ထိုမြည်းလေး၏ သွားများမှာ အံ့ဩဖွယ်ရာကောင်းပါသော်လည်း ၎င်းမှာ အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် အစားကြူးနေသောကြောင့် ၎င်း၏ သောင်းကျန်းဖျက်ဆီးနိုင်စွမ်းများမှာ ပို၍ပင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေရသည် မဟုတ်ပါလော။

သူ ဆုံးရှုံးလိုက်ရသည့် ဆိုဖာ၊ ရှေးဟောင်းစင်များ၊ ဆေးလုံးများနှင့် နတ်ဘုရားရတနာများအားလုံး၏ စုစုပေါင်းတန်ကြေးမှာ သတ္တမအဆင့် ဓမ္မလက်နက် နှစ်ခုစာနှင့် ညီမျှပေသည်။ ထိုဆိုဖာလေးမှာဆိုလျှင် ပြည်ထောင်စုကြီး တစ်ခုလုံးထဲ၌ အရေအတွက် အနည်းငယ်မျှသာ ကျန်တော့သည်ဖြစ်ရာ အလွန်အင်မတန်မှ စျေးကြီးသည်မဟုတ်ပါလော။ ၎င်းကို ကမ္ဘာပေါ်မှနေ၍ အင်္ဂါဂြိုဟ်ပေါ်သို့ တင်သွင်းထားခြင်းဖြစ်ပြီး မြည်းလေးမှာ ၎င်းအား မျိုချလိုက်သည့်တိုင်အောင် အာနာပါန ပထမအဆင့်မှ ဒုတိယအဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည် ဖြစ်သည်။

ထို့အပြင် မြည်းလေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် အချိန်ကာလထဲသို့ ရောက်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ထိုမြည်းလေးမှာ အဆင့်အတန်းနိမ့်သော သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ခန့်မှန်းနိုင်ရန်မှာ သိပ်မခက်ပေ။ ကမ္ဘာပေါ်မှ သာမန်ဝက်တစ်ကောင်ပင်လျှင် ထိုပစ္စည်းများအားလုံးကို စားပြီးသွားပါက အာနာပါန တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်အထိ ရောက်နေလောက်ပြီဖြစ်ကြောင်း ကျင့်သိုမင်က တွေးနေ၏။

ထို့ကြောင့် ကျင့်သိုမင်မှာ ထိုသို့တွေးတောလိုက်ပြီး မျက်နှာရှစ်ခေါက်ချိုးနှင့် ယတိပြတ် ပြောဆိုလိုက်တော့သည်။
” ငါ ကတိဖျက်တယ်ကွာ။ မလိုချင်တော့ဘူး ”

” ကျင့်သိုမင်ဆိုတဲ့ မင်းက ဘယ်တော့မှ ပြောပြီးသားစကားကို ပြန်မရုတ်သိမ်းတတ်ဘူးလို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား။ ဒီလိုလုပ်ကွာ ငါ တခြားပစ္စည်းတွေ မယူတော့ဘူး။ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုပဲ ပေးတော့ ”
ဝမ်ပေါင်လဲ့မှာ မကျေမချမ်းနှင့်‌ ဈေးဆစ်လိုက်၏။

ဝမ်ပေါင်လဲ့တစ်ယောက် လုံးဝအလျှော့မပေးသည်ကို မြင်လိုက်ရသောအခါ ကျင့်သိုမင်မှာ စိတ်သောကရောက်နေရတော့သည်။ အကယ်၍ အခြားတစ်ယောက်သာဆိုလျှင် သူသည် ဆက်လက်၍ ဘူးခံငြင်းနေနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ဆတ်ကြောင်းကို သူက သိထားသောကြောင့် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ဝမ်ပေါင်လဲ့အား နားချရန် ကြိုးစားလိုက်တော့သည်။
” ညီကိုပေါင်လဲ့။ ငါတို့နှစ်ယောက်ကြားမှာ ဘာ အငြိုးအတေးတွေမှ မရှိဘူးလေ။ ငါ အဲဒီ မြည်းကို တကယ် မလိုချင်တော့လို့ပါ။ ငါ မှားခဲ့ပါတယ်ကွာ။ တကယ်လို့ ငါ ဒီမြည်းကို ဝယ်လိုက်မယ်ဆိုရင် သူ့ရဲ့ စားစရိတ်နဲ့တင် ငါ မွဲသွားလိမ့်မယ်ကွ ”

ဝမ်ပေါင်လဲ့မှာ သူ၏အဖြစ်ကို စာနာနိုင်သောကြောင့် သက်ပြင်းချကာ ထပ်ပြောလိုက်၏။
” ဒီလိုလုပ်ကွာ။ ငါ ဒီမြည်းလေးကို မင်းဆီမှာ ထားခဲ့လိုက်မယ်။ နောက်ကျမှ မင်း ငါ့ကို သတ္တမဓမ္မလက်နက်တစ်ခု ပြန်ပေးပေါ့ ”

” ဆရာပေါင်လဲ့ရယ်။ မနောက်ပါနဲ့ဗျာ။ မြန်မြန် သွားပါတော့။ အလကားပေးရင်တောင် မလိုချင်တော့ပါဘူး။ မင်းကို ငါ ဆေးလုံးတွေ ပေးမယ်လေ ”
ကျင့်သိုမင်မှာ အလောတ‌ကော ဆိုလိုက်ပြီး အံကြိတ်ကာ သိုလှောင်အိတ်တစ်လုံးကို လှမ်းပစ်ပေးလိုက်၏။ ထိုအိတ်ထဲတွင် ဓမ္မလက်နက်များ မပါပါသော်လည်း ကျင့်ကြံခြင်း‌လေ့ကျင့်ရာ၌ အသုံးပြုနိုင်သည့် ပစ္စည်းအချို့ ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုသိုလှောင်အိတ်အား လှမ်းဖမ်းလိုက်ပြီးနောက် ကျင့်သိုမင်တစ်ယောက် လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် သူ၏ရှေ့မှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ အစောင့်များမှာမူ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ သတိအနေအထားဖြင့် ရပ်နေကြ၏။ ထို့ကြောင့် သူသည်‌ ခေါင်းစောင်းလိုက်ပြီး မြည်းလေးအား ကြည့်လိုက်၏။ ထိုမြည်းလေးမှာ နားရွက်များထောင်နေပြီး လေသံတိုးတိုးလေးဖြင့် ညည်းကာ မတရားခံလိုက်ရသည် မျက်နှာထားဖြင့် ဝမ်ပေါင်လဲ့အား ပြန်ကြည့်နေလိုက်တော့သည်။

” သား ”

” မအော်နဲ့ကွာ ”
ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား အားပါပါ ရိုက်လိုက်ပါသော်လည်း ၎င်းမှာ အနည်းငယ်မျှပင် နာကျင်မှုမရှိသည့်ပုံပင်။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့သည် သူ့အား စကားပြောနေခြင်း ဖြစ်ရမည်ဟု မှတ်ယူလိုက်ပြီး မျက်လုံးများ အရောင်တောက်လာတော့သည်။ ထို့နောက် ၎င်းမှာ နားရွက်နှစ်ဖက်ကိုထောင်၍ ကျေနပ်အားရစွာဖြင့် ကြိမ်ဖန်များစွာ ကဆုန်ပေါက်လိုက်ပြီးနောက် ထပ်၍ အော်ဟစ်မြည်တမ်းလိုက်ပြန်သည်။
” သား သား ”

ဝမ်ပေါင်လဲ့မှာမူ ဆွံ့အသွားရပြီး နဖူးကို လက်ဖြင့်ရိုက်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် မြည်းလေးအား ကန်ကျောက်လိုက်ပြီး ကျောင်းဆီသို့ ပြန်လာလိုက်တော့သည်။

ထိုမြည်းလေးမှာ ပို၍ပင်စိတ်လှုပ်ရှားလာပြီး ဝမ်ပေါင်လဲ့၏ နောက်မှလိုက်၍ ဟိုဟိုသည်သည် ပြေးလွှားဆော့ကစားနေတော့သည်။ ၎င်းမှာ ပန်းခင်းများနှင့် ပလက်ဖောင်းများကို မြင်လိုက်ရသောအခါ တစ်ကိုက်ပြီးတစ်ကိုက် ကိုက်စားနေ၏။ ထို့ကြောင့် သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားပြီး သူ၏ သင်္ဘောပျံကြီးအား ချက်ချင်းပင်ထုတ်ယူကာ မြည်းလေးအား အထဲသို့ ပစ်ထည့်၍ ကျောင်းသို့ ပြန်မောင်းသွားလိုက်တော့သည်။

ကျောင်းသို့ပြန်ရောက်သောအခါ သူသည် ထိုမြည်းလေးအား အပြင်းအထန် ရိုက်နှက်ဆုံးမလိုက်၏ ….

သို့သော် ထိုမြည်းလေးမှာ ရက်အနည်းငယ်များသာ စကားနားထောင်လိုက်ပြီးနောက် ပြန်၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြန်တော့သည်။ နောက်ဆုံးတွင် အမျက်ချောင်းချောင်းထွက်နေသည့် ဝမ်ပေါင်လဲ့မှာ တံခါးဘောင်အား ပျော်ရွှင်မြူးထူးစွာ ဝါစားနေသော မြည်းလေးအား ဒေါသတကြီးနှင့် စိုက်ကြည့်နေလိုက်တော့သည်။

” ကြည့်ရတာ ငါ့ရဲ့ ဝှက်ဖဲကို သုံးမှ ရတော့မယ်။ ဒီမြည်းကို လုံးဝငြိမ်သွားတဲ့အထိ မထိန်းနိုင်ဘူးဆိုရင် ငါ့ဘဝ အညွှန့်တုံးသွားလိမ့်မယ် “

Comment

Leave a Reply

Options

not work with dark mode
Reset