အခန်း ( ၃၂ )

ဘယ်တော့ ပြန်လာမှာလဲလို့ မင်း မေးတယ်၊ ငါ့မှာ အဖြေမရှိဘူး ( ၂ )

တစ်ခြမ်းစီ ကွဲထွက်နေသော သံမဏိဒိုင်းကာကြီးနှစ်ခြမ်းနှင့် သံတင်းပုတ်တစ်လက် ရှိနေသည်။

ရွှီချင်း၏ပစ်မှတ်က ပိုကြီးသော ဒိုင်းကာကြီးတစ်ခြမ်း ဖြစ်သည်။

သူက လှစ်ခနဲ နီးကပ်သွားပြီး လေးလံသော သံမဏိဒိုင်းကာကြီးကို ဆွဲယူလိုက်သည်။ ပြီးသည်နှင့် ပိန်ပါးသောခန္ဓာကိုယ်လေးကို ထိုဒိုင်းကာကြီးနှင့် ကာ၍ သွေးနက်လုံးကြီးနောက်တွင် ရှိနေသော မီးကျီးကန်းထံ ပြေးဝင်သွားသည်။

တဒင်္ဂကြာပြီးနောက် မီးကျီးကန်း၏ သွေးလုံးကြီးနှင့် ရွှီချင်းတို့ ထိပ်တိုက်တွေ့ဆုံရာမှ ဘုန်းခနဲ မြည်ဟည်းသံကြီး လွင့်ပျံသွားပြီး သွေးလုံးကြီးသည် သွေးအမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။

သံမဏိဒိုင်းကာကြီးသည်လည်း သွေးလုံးကြီး၏ဒဏ်ကို မခံနိုင်ဘဲ ချက်ချင်း စိစိညက်ညက် ကျိုးကြေသွားသည်။ သို့သော်လည်း ၎င်းက သွေးလုံးကြီး၏အင်အားအများစုကို ခံနိုင်ခဲ့သေးသည်။

သို့ဖြစ်၍ သံမဏိဒိုင်းကာကြိးနောက်တွင် ရှိနေသော ရွှီချင်းသည် သွေးမည်းအနည်းငယ်၏ ရိုက်ခတ်ခြင်း ခံလိုက်ရပါသော်လည်း ဆိုးဆိုးဝါးဝါး မဖြစ်သွားချေ။ ထို့နောက် သူက အံကိုတင်းတင်းကြိတ်၍ အနည်းငယ်မျှ တွေဝေတွန့်ဆုတ်မနေဘဲ လေးညို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား မီးကျီးကန်းထံ ပြေးဝင်သွားသည်။

မီးကျီးကန်းက သရော်လှောင်ပြောင်သောအကြည့်ဖြင့် ကြည့်နေပြီး ရှောင်တိမ်းရန် မစဉ်းစားချေ။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ရာ ရွှီချင်း၏နောက်တွင် ပြန့်ကျဲနေသော သွေးမည်းများက မြေပြင်အထက် လေထဲသို့ ချက်ချင်း မြင့်တက်လာသည်။ မကြာခင် ၎င်းတို့က သွေးမြားများအဖြစ် ပြောင်းလဲသွားကာ ရွှီချင်းထံ အရူးအမူး ပြေးဝင်သွားလေသည်။

ထိုအခြင်းအရာသည် ရွှီချင်းကို ရှောင်တိမ်းရန် ခဲယဉ်းသွားစေသည့်တိုင်အောင် သူသည်လည်း ရှောင်ရန် စိတ်ကူးမရှိချေ။

သူက နီးကပ်လာသည်နှင့် ဘယ်ဖက်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါသော်လည်း အမှန်တကယ် လက်သီးထိုးလိုက်သော လက်သည်ကား ညာဖက်လက်ဖြစ်ပေသည်။

မီးကျီးကန်း၏ခန္ဓာကိုယ်အပြင်ဘက်ရှိ ဝိညာဉ်စွမ်းအားအတားအဆီးအလွှာ၌ အက်ကွဲကြောင်းများ ထလာပြီး ရွှီချင်း၏ညာဖက်လက်သီးသည်လည်း သွေးအလိမ်းလိမ်း ဖြစ်သွားသည်။ ထိုသွေးများထဲတွင် အသားစများပါ ဖွာထွက်နေ၏။

မီးကျီးကန်းက ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင် ရွှီချင်းက နီမြန်းနေသော မျက်ဝန်းများဖြင့် နောက်ထပ် တစ်ချက် ထိုးနှက်လိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အတားအဆီးအလွှာ တစစီဖြစ်သွားပြီး ကြောက်ခမန်းလိလိ ပြင်းအားကြီး လွင့်ပျံလာကာ ရွှီချင်း နောက်လန်သွားသည်။ ယခင်အကြိမ်များက ကြုံတွေ့ခဲ့ရသည့်အတိုင်း အတားအဆီးအလွှာ ပြိုကွဲသွားရာမှ ဖြစ်ပေါ်လာသော အားလှိုင်းကြောင့် သူ အနီးမကပ်နိုင်ချေ။

မီးကျီးကန်း၏မျက်ဝန်းများထဲရှိ အထင်သေးသော အရိပ်အယောင်များက ပို၍ ကြီးထွားလာသည်။သို့သော် ထိုအချိန်၌ …

ရွှီချင်း၏ခန္ဓာကိုယ်က အားအင်အသစ်တစ်မျိုး ရရှိလာဟန်တူသည်။

အတားအဆီးလွှာ ပျက်စီးရာမှ ဖြစ်ပေါ်လာသော အားလှိုင်း ရှိနေပါသော်လည်း ရွှီချင်းသည် ယခင်တုန်းကအတိုင်း နောက်ဆုတ်မသွားချေ။

သူက ဖိအားကို ကြံ့ကြံ့ခံ၍ ရှေ့တက်သွားကာ မီးကျီးကန်း၏ ဝမ်းဗိုက်တွင် စိုက်ဝင်နေသော သံတုတ်ကလေးကို ဆတ်ခနဲ လှမ်းဆုတ်လိုက်သည်။

သို့သော်လည်း ထိုအားအင်သစ်က သူ့ကို သံတုတ်ကလေးအား ဖမ်းဆုပ်နိုင်ရုံမျှသာ ခွင့်ပြုပေးနိုင်ဟန်တူသည်။ မီးကျီးကန်း၏ ဒဏ်ရာကို သူ ကြီးမားသွားအောင် လုပ်နိုင်ခဲ့ပါသော်လည်း သေစေနိုင်လောက်သော ထိုးသွင်းချက်မဟုတ်သည့်အပြင် ထိုအခိုက် သူ ကတိုက်ကရိုက် နောက်ဆုတ်လာရလေသည်။

မီးကျီးကန်း၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး နောက်သို့ ယိမ်းယိုင်သွားသည်။

ရွှီချင်း၏ သံတုတ်ကလေးအား လာရောက်ဆုပ်ကိုင်ခြင်းက များစွာ အန္တရာယ်မဖြစ်စေသည်ကို သူ သိရှိလိုက်ပြီး သွေးပျက်ခမန်း ရယ်မောကာ သွေးမည်းများကို ပစ်လွှတ်ရန် မန္တန်ရွတ်ဖတ်လိုက်သည်။

ထိုအချိန်၌ သူ့မျက်နှာ တဖန် ဖြူဆုတ်သွားပြီး အထိတ်ထိတ်အလန့်လန့်ဖြင့် ခေါင်းငုံ့ကြည့်လိုက်သည်။

သူ့ဝမ်းဗိုက်နေရာရှိ သွေးများစီးကျနေသော နေရာ၌ ကျိုးပဲ့နေသော အစွယ်အနည်းငယ်နှင့် ပျော့ပြဲပြဲ အသားစများ ရှိနေသည်။

ယခုအခါ ဒဏ်ရာအနားတဝိုက်ရှိ အသားစများ တိုက်စားခံနေရပြီး အဆိပ်သင့်သွေးများ စီးကျနေသည်။ ထိုသွေးများ စီးဆင်းသွားသည့်နေရာတိုင်းမှ အသားများ ချက်ချင်း ပုပ်ပွလာသည်။

သည်းမခံနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုကြောင့် မီးကျီးကန်းက နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ သူ့မျက်နှာပေါ်တွင် တစ်ခါမှ မပေါ်လာခဲ့ဖူးသော ထိတ်လန့်ကြောက်ရွံ့သည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။

ထို့နောက် သူက နောက်သို့ တရစပ် ဆုတ်ခွာလိုက်ပြီး အတန်ငယ်ဝေးသောနေရာတွင် ဝပ်နေသော ရွှီချင်းကို မြင်လိုက်ရသည်။ ရွှီချင်း၏ ဖြန့်ထားသော လက်ထဲတွင် သူ့ဝမ်းဗိုက်တွင် ရှိနေသည်နှင့် ဆင်တူသော အသားအပိုင်းအစအနည်းငယ်နှင့် ကျိုးကြေနေသော အစွယ်များ ရှိနေသည်။

ထိုအသားအပိုင်းအစနှင့် ကျိုးကြေနေသော အစွယ်များကိုသာ အတူတကွ ပေါင်းစပ်လိုက်လျှင် မြွေခေါင်းပုံစံ ပေါ်လာမည်ဖြစ်သည်။

ယင်းသည် အလောင်းများနှင့် ရင်ဆိုင်ရာတွင် ရွှီချင်း သုံးလေ့ရှိသော အဆိပ်ပြင်းသည့် မြွေခေါင်းဖြစ်သည်။

ထို့အပြင် သူ့ဘယ်ဖက်လက်က တဆတ်ဆတ် တုန်ရီနေပြီး တဖြည်းဖြည်း ပွင့်လာသည်။ ကျိုးကြေနေသော ပယင်းအပိုင်းအစများ အောက်ကျလာပြီး သူ့လက်ဖဝါးကို တစ္ဆေမျက်နှာကင်းမြီးကောက်၏ အမြီးကြီးက နက်ရှိုင်းစွာ ထိုးစိုက်နေသည်။

သူ့ညာဖက်လက်ထဲတွင် ပြင်းထန်သော အဆိပ်ရှိနေပြီး သူ့ဘယ်ဖက်လက်ထဲတွင်မူ အတားအဆီးအလွှာကို ရင်ဆိုင်ရာတွင် အားအင်သစ်တစ်မျိုး ပေးစွမ်းနိုင်သော တစ္ဆေမျက်နှာကင်းမြီးကောက်၏အမြီး ရှိနေပေသည်။

“ မင်း …”
မီးကျီးကန်း တုန်ရီသွားပြီး မန္တန် စီရင်ရန် မဆိုထားဘိ အော်ဟစ်ညည်းညူရန်ပင် အသံထွက်မလာတော့ချေ။

သူ့မျက်နှာပေါ်တွင် သွေးရူးသွေးတန်းဖြစ်နေသည့် လက္ခဏာများ ထင်ဟပ်လာသည်။ သူက သူ့ကိုယ်ပေါ်ရှိ အဆိပ်သွေးများကို သုတ်ပစ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အဆိပ်သွေးများ ဒလဟော စီးကျနေပြီး သူ မောဟိုက်နွမ်းနယ်လာသည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူလိုက်၏။ ဖက်တီးရှန်နှင့် တိုက်ခိုက်နေစဉ် အတောအတွင်း ခရမ်းရောင်သလင်းကျောက်က အဆိပ်ဖြေနိုင်သည်ကို သူ သိလာရသည်။

မြွေဆိပ်မိထားသော သူ့ညာလက်က ပုပ်ပွမသွားသည်ကိုကြည့်၍ ခရမ်းရောင်သလင်းကျောက်၏အစွမ်းကို သိနိုင်ပေသည်။

ထိုနည်းလမ်းသည် မီးကျီးကန်းနှင့် ရင်ဆိုင်ရန် သူ ပြင်ဆင်ထားသည့် အသက်ခြွေတိုက်ကွက် ဖြစ်ပေသည်။

ယခုအခါ သူသည် မတ်တတ်ထရပ်လိုက်ပြီး မီးကျီးကန်းထံ လျှောက်သွားသည်။

ရွှီချင်း နီးကပ်သွားသည်နှင့်အမျှ မီးကျီးကန်း၏ ကြောက်လန့်တုန်ရီနေသော အကြည့်သည် စိတ်ဓာတ်ကျနေသော အကြည့်အဖြစ် ပြောင်းလဲသွားသည်။ သူက နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်ခွာရင်း နာကျင်စွာ အော်ဟစ်လိုက်သည်။
“ ခေါင်းဆောင်၊ ကျုပ်ကို ကယ်ပါဦး ”

ယင်းဆိုးဝါးသော မြင်ကွင်းက ခေါင်းဆောင်လဲ့နှင့် တိုက်ခိုက်နေသော သွေးအရိပ်အဖွဲ့ခေါင်းဆောင်၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။ သူက မီးကျီးကန်းကို သွားကယ်ချင်ပါသော်လည်း ခေါင်းဆောင်လဲ့က သူ မသွားနိုင်စေရန် ဟန့်တားထား၏။

ရွှီချင်းက မီးကျီးကန်းထံ အလျင်အမြန် ချဉ်းကပ်သွားသည်ကိုသာ သူ ကြည့်နေနိုင်တော့သည်။

ရွှီချင်းက နီးကပ်သွားစဉ် မီးကျီးကန်းသည် ပြင်းထန်သော ဒဏ်ရာများနှင့် စိတ်ဓာတ်များ ကျနေသောကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် သိပ်သည်းစွာ စုစည်းနေသော ဓာတ်နှောများကို မထိန်းချုပ်နိုင်တော့ပေ။

ရွှီချင်း အနီးရောက်မသွားခင်မှာပင် မီးကျီးကန်း၏ခန္ဓာကိုယ်ကြီး တောင့်တင်းသွားပြီး ဓာတ်နှောများ ပျံ့နှံ့သွားကာ ဘုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။

တချို့လူများသည် သန္ဓေပြောင်းသည့်အခါ အစိမ်းပုပ်ရောင်အလောင်းများအဖြစ် ပြောင်းလဲသွားပြီး တခြားလူများမှာမူ သွေးမြူများအဖြစ် ပေါက်ကွဲသွားကြပေသည်။

ရွှီချင်းသည် လှမ်းလက်စခြေလှမ်းများကို ရပ်လိုက်ပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည့် မီးကျီးကန်း ရှိနေခဲ့သောနေရာကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အကြည့်လွှဲလိုက်ပြီး သွေးအရိပ်အဖွဲ့ခေါင်းဆောင်ကို အေးစက်စက်ကြည့်လိုက်သည်။

မိုးကုတ်စက်ဝိုင်းအောက်သို့ နေမင်းကြီး ငုပ်လျှိုးနေပြီဖြစ်ပါသော်လည်း ကောင်းကင်ယံရှိ ဆည်းဆာရောင်ခြည်တန်းများက ယခင်ကနှင့် မတူချေ။ ညအချိန် မရောက်သေးဘဲ ကောင်းကင်ကြီးက ထူးဆန်းစွာ နီစွေးနေပေသည်။

ထိုနီစွေးသော ရောင်ခြည်တန်းများအောက်တွင် ရွှီချင်း၏ပုံရိပ်သည်လည်း ကြက်သွေးရောင်လဲ့နေသည်။ သူသည် ပြင်းထန်သော ဒဏ်ရာများဖြင့် မတ်တတ်ရပ်နေပြီး သူ၏ သွေးအေးသော အကြည့်က မဖော်ပြနိုင်သော ဖိအားတစ်ရပ် ဖြစ်စေသည်။

ထိုဖိအားသည် သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားသော သွေးအရိပ်အဖွဲ့ခေါင်းဆောင်ကို တဆတ်ဆတ် တုန်ရီသွားစေသည်။

မီးကျီးကန်း၏ ဆိုးဝါးသော သေဆုံးခြင်းက သွေးအရိပ်အဖွဲ့ခေါင်းဆောင်၏ အရှိုက်ကို ထိုးနှက်သွားခဲ့သည်။

သူသည် ခေါင်းဆောင်လဲ့ကို အချိန်ကြာမြင့်စွာ တိုက်ခိုက်နေသည့်တိုင်အောင် အနိုင်မရသေးသည့်အပြင် ရွှီချင်းက မည်မျှတုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသည်ကို မြင်လိုက်ရသောအခါ စိုးရိပ်ပူပန်စိတ်များ ကြီးစိုးလာရသည်။ သို့ဖြစ်၍ သူက ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး ရွှီချင်း၏အကြည့်ကို မြင်လိုက်ရသည့်အခိုက် ခေါင်းဆောင်လဲ့ကို လက်သီးဖြင့် ထိုးကာ နောက်သို့ ဒရောသောပါး ဆုတ်ခွာသွားလေသည်။

သူ နောက်ထပ် ဆက်မတိုက်ချင်တော့ပေ။


Comment

Leave a Reply


Options

not work with dark mode
Reset