ဝါးပင်ကြီးမှာ အလွန်ပင်လေးလံလှပြီး ၁၀ပင် သယ်လာရသည်။ ထို့အပြင် တောင်အတက်လမ်းလည်းဖြစ်လေရာ ပိုင်ရှောင်ချန်းမှာ ဟောဟဲဆိုက် နေတော့သည်။ ထပ်ခါထပ်ခါ စဥ်းစားမိလေ သူ့အတွက် မမျှတလေဟူ၍ ပိုပိုခံစားလာရသည်။
“ငါလေး အင်မော်တယ်ဖြစ်ဖို့ကျင့်တာ ထာဝရအသက်ရှင်နေနိုင်အောင်လို့ပါကွာ။ ဘယ်နှယ့်ကြောင့်များ တိုက်ခိုက်သတ်ပုတ်နေရမှာလဲ။ ဟူး……”
” ဒီဝါးပင်တွေက နည်းနည်းစောင့်လိုက်ရင် ပိုရှည်လာနိုင်သေးတယ်။ ဒါပေမဲ့ အခုချက်ချင်း စွမ်းဆောင်မှုရမှတ်တွေ လိုနေတာဆိုတော့လည်း မတတ်နိုင်ဘူး။ ”
အဖြစ်အပျက်များကိုစဥ်းစားမိလေ သူ့အတွက်မမျှတဟူ၍ တွေးကာ ပို၍ စိတ်ရှုပ်လာလေသည်။ သက်ပြင်းချကာ တောင်တက်လမ်းတစ်လျှောက် ဝါးပင်များကို ‘မ’ သွားတော့သည်။
ထိုအချိန်တွင် မွှေးရနံ့တိမ်တောင်၏ စီမံရေးရာအဆောင်အပြင်ဘက်တွင် အပြင်စည်းဂိုဏ်းသားများစွာ စုရုံးနေကြသည်။ သူတို့၏ လက်များထဲတွင် စွမ်းဆောင်မှုရမှတ်များနှင့် လဲလှယ်မည့် အမျိုးမျိုးသော ဆေးပင်များနှင့် ပြည့်နှက်နေသည်။
မွှေးရနံ့တိမ်တောင်၏ အကြီးအကဲတစ်ယောက်မှာ ထိုလဲလှယ်မည့်ပစ္စည်းများကို စစ်ဆေးရန် ရောက်နေ၏။ လဲလှည့်မည့်ပစ္စည်း၏ အရည်အသွေးပေါ်မူတည်၍ ပေးမည့် စွမ်းဆောင်မှုရမှတ် ပမာဏကို ဆုံးဖြတ်သည်။
ထိုအဆောက်အဦ၏ အပြင်ဘက်နားတွင် ကြီးမား၍ ပြန့်ကားနေသော ကျောက်ဆောင်ကြီးတစ်ခုရှိပြီး ထိုအပေါ်တွင် နီမြန်းသောအသားရည်နှင့် ဆံဖြူအဘိုးကြီးတစ်ယောက်က တင်ပျဥ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် အဆုံးမရှိလောက်အောင် ရှည်လျားသောလူတန်းကြီးရှိပြီး ဂိုဏ်းသားများက လက်ထဲတွင် ဝိညာဥ်အပင်များကိုကိုယ်စီကိုင်ကာ တန်းစီစောင့်နေကြသည်။ အဘိုးကြီးက သူ၏သုံးသပ်ချက်ကိုပေးပြီးသောအခါ လူငယ်လက်ထောက်လေးတစ်ယောက်က ထိုအချက်အလက်များကို မှတ်သားပြီး စွမ်းဆောင်မှုရမှတ်များကို ထုတ်ပေးသည်။
“မဆိုးဘူးပဲကွ။ ဒီ ရေမှုန်သစ်ခွပန်းက ပွင့်ဖတ်၄ခုတောင်ရှိတာပဲ။ အလယ်အလတ်အဆင့် ပစ္စည်းပဲ။”
“ဒီ သစ်ကြောဂျင်ဆင်းပင်ကတော့ တော်တော်လေး အနက်ရောင်သန်းနေပြီကွဲ့။ ပြီးတော့ မြေကြီးဓာတ်တွေ အရမ်းများလွန်းနေတယ်။ မျှခြေမကိုက်ဘူး။ စိတ်တော့မကောင်းဘူးနော်။ ဒါပေမဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီသေးဘူး။”
သူတို့၏အပေါ်တွင်မူ ကျက်သရေရှိလှသော ၅ရောင်ခြယ် ဇာမဏီငှက် တစ်အုပ်က ဝဲကာပျံသန်းနေသည်။ ဇာမဏီငှက်တစ်ကောင်လျှင် ၃မီတာကျော် ရှည်လျားလေသည်။ ထိုငှက်များသည် ရံခါဖန်ခါ သာယာနာပျော်ဖွယ်အသံများနှင့် တွန်ကျူးကြသည်။
ထိုငှက်များမှာ ထိုင်နေသောအဘိုးကြီး၏ ဝိညာဥ်အိမ်မွေးတိရစ္ဆာန်များဖြစ်ပြီး အပင်များကို စစ်ဆေးမည့်ရက်ရောက်လာတိုင်း သူနှင့်အတူ အမြဲပါလာတတ်သည်။ အပြင်ဘက်ဂိုဏ်းသားများ၏ အသိိုင်းအဝိုင်းထဲတွင် ထိုငှက်များသည် လေးစားအားကျမှုများဖြင့် ပြောဆိုစရာတစ်ခု ဖြစ်သည်။
ထိုအကြီးအကဲ၏ တန်ခိုးအဆင့်မှာ အခြေခိုင်မာခြင်း အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး သာမန်အဆင့်ထက်ကျော်လွန်နေသည်မှာ သိသာထင်ရှားလှသည်။
သူ၏ စိတ်စွမ်းအင်ဆေးဝါးများနှင့် ပတ်သတ်သော ကျွမ်းကျင်မှုမှာ လီချင်းဟောက်ကိုမယှဥ်နိုင်သော်လည်း ဂိုဏ်းထဲတွင်မူ အလွန်နာမည်ကျော်ကြား၏။ ထို့အပြင် သူ၏ ဆေးတာအိုပညာကို ရူးသွပ်စွာစွဲလမ်းမှုမှာ ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး လီချင်းဟောက်ပင် မယှဥ်န်ိုင်ပင်။ အရှေ့ဘက်သစ်တောဒေသတွင် တတိယမြောက် အဆင့်မြင့်သမားတော်ထွက်ပေါ်လာလျှင် ထိုသူမှာ ဤအကြီးအကဲကျိုး ပင်ဖြစ်ရမည်ဟုပင် လူအများက ပြောစမှတ်ပြုကြသည်။
လူတန်းကြီးထဲတွင် လွန်စွာချောမောခန့်ညားခြင်းမရှိသည့်တိုင် ထိုးထိုးထောင်ထောင်နှင့် မတ်တတ်ရပ်နေသော လူငယ်တစ်ယောက်ရှိသည်။ အကြီးအကဲကျိုးရှေ့သို့ သူရောက်သွားသောအခါ သူကလက်ယှက်လိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။
“မင်္ဂလာပါ အကြီးအကဲကျိုး။ ကျွန်တော်မျိုး ချန်းကျိအန်းပါ။”
ထိုနေရာရှိအပြင်ဘက်ဂိုဏ်းသားများက အဆိုပါလူငယ်၏နာမည်ကိုကြားလိုက်ရသောအခါ စူးစူးစမ်းစမ်းဖြင့် ကြည့်လိုက်ကြသည်။
“အို… အဲ့တာလား ဂိုဏ်းတူအစ်ကို ချန်းကျိအန်းဆိုတာ။ စိတ်စွမ်းအင်ပင်တွေ စိုက်တဲ့နေရာမှာ သူကအတော်လေး ပါရမီပါတယ်လို့တော့ သတင်းတွေကြားထားတယ်ကွ။”
“ငါလည်း အဲ့လိုကြားထားတာပဲကွ။ ချန်းကျိအန်း ဒီဂိုဏ်းကိုဝင်ပြီးကထဲက အဆင့်မြင့်ထက် နိမ့်တဲ့ စိတ်စွမ်းအင်ပင်တွေ မစိုက်ဖူးဘူးဆိုပဲ။ တော်တော်လေးကို အံ့သြဖို့ကောင်းတဲ့ လူပဲ။”
ထိုသို့ဂိုဏ်းသားများက တီးတိုးတီးတိုး ဆွေးနွေးနေချ်ိန်တွင် ချန်းကျိအန်းကမူ စိတ်မဝင်စားသည့် မျက်နှာအမူအရာဖြင့် အေးဆေးငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။ သို့သော်လည်း မျက်လုံးများတွင်မူ ဂုဏ်ယူဝင့်ကြွားနေသော မီးများတောက်လောင်နေသည်။
ချန်းကျိအန်း အလွန်အမင်းကျေနပ်နေသည်ကို အကြီးအကဲကျိုး တွေ့နေရသည်။ စိတ်စွမ်းအင်အပင်များ စိုက်ပျိုးသည့်နေရာတွင် ထိုကောင်လေးအလွန်ပါရမီပါလှချည်လား ဟုတွေးရင်း သူ့ကိုသတိထားမိနေတာကြာပြီဖြစ်သည်။
“ကျိအန်းရေ။ ဒီတစ်ခေါက်ရော မင်းဘယ်လိုအပင်အမျိုးအစားတွေ စိုက်ခဲ့တာလည်းကွ။” ဟု အကြီးအကဲကျိုးက နွေးထွေးသော လေသံဖြင့်မေးလိုက်သည်။
“အကြီးအကဲကျိုးခင်ဗျာ။ ကျွန်တော် ဆောင်းဝိညာဥ်ဝါးပင် စိုက်ခဲ့ပါတယ် ”
ထို့သို့ပြောရင်း ချန်းကျိအန်းကလက်ကိုဝှေ့ယမ်းလိုက်သောအခါ ဆောင်းဝိညာဥ်ဝါးပင် ၁၀ပင် ပေါ်ထွက်လာသည်။
တစ်ပင်တစ်ပင်မှာ လက်မောင်းလောက်တုတ်ပြီး ၂မီတာကျော်ရှည်၏။ ထိုဝါးပင်များမှာ မြစိမ်းရောင်ရှိပြီး အစိမ်းရောင်အလင်းဖျော့ဖျော့လည်း ရှိနေသည်။
“ကျွန်တော်အရင်ဆုံး အစေ့တွေကို စိတ်စွမ်းအင်စမ်းရေတွေနဲ့စိမ်လိုက်တယ်။ ဝိညာဉ် ကျောက်တုံးတွေကို သေးသေးလေးတွေဖြစ်အောင် အမှုန့်ကြိတ်ပြီး မြေဆီလွှာအဖြစ်သုံးတယ်။ ပြီးတော့ အပင်တွေကို ၆နာရီခြားတစ်ခါ ကျွန်တော့ရဲ့ စိတ်စွမ်းအင်တွေသုံးပြီး အားဖြည့်ပေးတယ်။ ၃ရက်ခြားတစ်ခါ အရွက်တွေကို သေချာစစ်ဆေးပေးတယ်။ ကျွန်တော်ကျင့်ထားတဲ့ မြစိမ်းရောင်ကိုးမျိုး မှော်အတတ် သာမကအခြားဆေးပင်တွေကိုပါသုံးပြီး ဒီအဆင့်ထိရောက်အောင် စိုက်ပျိုးခဲ့တာပါ။”
“ကောင်းသကွာ။ အလွန်ကောင်း။” အကြီးအကဲကျိုးက မုတ်ဆိတ်မွှေးပွတ်နေရင်းပြောလိုက်သည်။
သူ့မျက်လုံးထဲတွင် အားရကျေနပ်ကာ ချီးကျူးနေဟန်ကို အထင်းသားမြင်နိုင်၏။
” ဝါးပင်တွေက ၂မီတာကျော်ရှည်ပြီး အစိမ်းရောင်စွမ်းအင်တွေပါ ထွက်နေတာပဲကွ။ သာမန် အဆင့်မြင့်ဆိုတဲ့အဆင့်ကိုတောင်ကျော်သွားပြီ။ အဆင့်မြင့်ရဲ့ထိပ်ဆုံးကို ရောက်နေပြီလို့ သတ်မှတ်ရမှာပဲ။ ဒီအတိုင်းဆက်သာကြိုးစား တပည့်လေးရေ။ ၃မီတာထက်ကျော်တဲ့ ဝါးပင်တွေစိုက်နိုင်ရင်တော့ အဆင့်လွန်ကို ရောက်သွားပြီ။ ”
( ဆေးပင်တွေကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်၊ အဆင့်လွန် ၊ အထွတ်အထိပ်အဆင့်ဟူ၍ ခွဲခြားထားပါတယ် )
ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများက အဆင့်မြင့်၏ထိပ်ဆုံးဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ ဆွေးနွေးတိုင်ပင်သံများမှာ ပို၍ပင်ကျယ်လာပြီး ထိုဆောင်းဝိညာဥ်ဝါးပင်များကို မရေမတွက်သော မျက်လုံးများက ငေးကြည့်လာကြသည်။
ချန်းကျိအန်း၏ မျက်နှာတွင် အပြုံးပန်းတစ်ခုပွင့်လာပြီး သူ၏မျက်လုံးထဲရှိ ဂုဏ်ယူနေသောအကြည့်မှာလည်း ပို၍ စူးရှလာသည်။ လက်ယှက်က အရိုအသေပေးလိုက်ပြီး သူ၏ စွမ်းဆောင်မှုရမှတ်ကိုယူရန် လက်ထောက်လေးဆီသို့ သွားဟန်ပြင်လိုက်စဥ်မှာပဲ အေးစက်စက် အသံတစ်သံက ဘယ်ကမှန်းမသိ ရုတ်တရက်ထွက်ပေါ်လာသည်။
“အကြီးအကဲကျိုးခင်ဗျာ။ တပည့် ကျောက်ရိသော်လည်း ဆောင်းဝိညာဥ်ဝါးပင်တွေ စိုက်ထားတာဗျ။”
မျက်လုံးကျဥ်းကျဥ်း၊ မျက်နှာရှည်ရှည်နှင့် လူတစ်ယောက်က ရုတ်တရက် ပေါ်ထွက်သည်။ သူက အကြီးအကဲကျိုးဆီ လာရာလမ်းတွင် ချန်းကျိအန်းဘက်သို့ အထင်းသေးသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ( ကျောက်ရိသော်၏ တရုတ်နာမည်မှာ zhào yī duō ဖြစ်သည်။ Zhao သည် အသုံးများသော မျိုးရိုးနာမည်တစ်ခုဖြစ်သည်။ Yi ကမူ ‘ တစ် ‘ ဟုအဓိပ္ပါယ်ရပြီး Duo ကမူ ‘ ပို၍ ‘ ဟုအဓိပ္ပါယ်ရသည်။ )
သူ၏ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများက စိတ်လှုပ်ရှားသွားကြပြီး သူ့ကိုအကုန်ဝိုင်း၍ကြည့်လိုက်သည်။
“ဟာ ဂိုဏ်းတူအစ်ကို ကျောက်ရိသော်ပဲကွ။ သူရဲ့ စိတ်စွမ်းအင်အပင်စိုက်တဲ့ ကျွမ်းကျင်မှုအဆင့်က ချန်းကျိအန်းနဲ့ ဘတစ်ပြန် ကျားတစ်ပြန်ပဲကွ။”
“ကဲဲ အခုတော့ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့တာကိုကြည့်ရပြီပေါ့ကွာ။ သူတို့နှစ်ယောက်စလုံးက ပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့တာ အတော်လေးကိုကြာနေပြီ။ နှစ်ယောက်လုံးကလည်း ဂိုဏ်းသားတွေအားလုံးထဲက အဆင့်၁ရုက္ခဗေဒပညာရှင် ဆိုတဲ့နေရာကိုလိုချင်နေကြတာလေ။”
ချန်းကျိအန်း၏ အမူအရာမှာ ချက်ခြင်းပင် ညှိုးနွမ်းသွားသည်။ ကျောက်ရိသော်ကို သူက အေးစက်စက်ကြည့်လိုက်ပြီး ကျောက်ရိသော်ကလည်း သူ့ကို ပြန်၍
စိန်းတဝါးဝါး ကြည့်လိုက်သည်။ မျက်လုံးနှစ်စုံကြား ရန်လိုမှုများမှာ ပိုပို၍ ပြင်းထန်လာတော့သည်။
” ကျောက်ရိသော်။ အဲ့တာဆိုလည်း မင်းရဲ့ ဆောင်းဝိညာဥ် ဝါးပင်ကို ထုတ်လိုက်ကွာ။”
အကြီးအကဲကျိုးက အားပေးသောလေသံဖြင့်ပြောသည်။
အကြီးအကဲကျိုးပင်လျှင် ဘာတွေဆက်ဖြစ်မလဲဟု စိတ်ဝင်စားနေသည်။ သူသည် ထို လုလင်၂ဦးကြားရှိ ပြိုင်ဆိုင်မှုကို သတိထားမိထားပြီး ထိုသို့မီးကုန်ယမ်းကုန် ယှဥ်ပြိုင်နေသည်ကို မြင်ရသည့်အတွက် ပျော်ရွှင်နေ၏။ စည်းကမ်းကျကျ ပြိုင်ဆိုင်မှသာ ကြီးမားသော တိုးတက်မှုများကို ရယူနိုင်မည် မဟုတ်ပါလော။
ကျောက်ရိသော်က လက်ယှက်လိုက်ပြီး အကြီးအကဲကျိုးရှေ့တွင် ဦးညွှတ်လိုက်သည်။ ထို့နောက် သူ၏ ထည့်စရာအိတ်လေးကိုပုတ်လိုက်သောအခါ လူတစ်ယောက်ခြေထောက်ထက် တုတ်ကာ ၃မီတညကျော်ရှည်လျားသော ဆောင်းဝိညာဥ်ဝါးပင် ၁၀ပင်ထွက်လာသည်။ သူတို့မှာ တောက်ပသော မြစိမ်းရောင်ရှိပြီး သလင်းကျောက်အသွင်ပင်ဆောင်နေသည်။ သူတို့ဆီကထွက်လာသော စိတ်စွမ်းအင်များကလည်း ပုံမှန်ထက်သာလွန်နေပြီး အရည်အသွေးချင်းယှဥ်ကြည့်ပါက ချန်းကျိအန်း၏ အထက်တွင်ရှိသည်။
ထိုဝါးပင်များကို မြင်လိုက်ရသည်နှင့် လူအုပ်ကြီးမှာ အုပ်အော်သောင်းနင်းဖြစ်သွားကြသည်။ လူအများစုမှာ ဆောင်းဝိညာဥ်ဝါးပင်များက ၃မီတာထက်ပို၍ ရှည်နိုင်သည်ဆိုသည်ကို ကြားပင်ကြားဖူးပြီး အပြင်တွေ မမြင်ဖူးကြ။
” ဘာ… ၃မီတာရှည်တဲ့ ဆောင်းဝိညာဥ်ဝါးပင်။ ဟုတ်လား။ အဲ့လောက်အရှည်ရဖို့ ဘယ်လောက်တောင်များ စောင့်လိုက်ရလဲမသိဘူး။”
“အဲ့ ဆောင်းဝိညာဥ်ဝါးပင်တွေက စိတ်စွမ်းအင်တွေထုတ်လွှတ်နေတဲ့ အဆင့်ထိတောငိရောက်သွားပြီပဲဟ။ ဂိုဏ်းတူအစ်ကိုကျောက်ရဲ့ အပင်တွေနဲ့ပတ်သတ်တဲ့ ကျွမ်းကျင်နှံ့စပ်မှုကတော့ သူ့ကို မွှေးရနံ့တိမ်တောင်ရဲ့ နံပါတ်၁ အပြင်ဘက်ဂိုဏ်းသားအဖြစ် ရောက်စေတော့မယ်ဟေ့။”
ထိုကဲ့သို့ လူအုပ်ကြီး စိတ်လှုပ်တရှားဖြစ်နေသည်ကိုကြည့်ရင်း ကျောက်ရိသော်က ချန်းကျိအန်းကို ရန်စသောအပြုံးဖြင့် လှမ်းပြုံးပြလိုက်သည်။
ချန်းကျိအန်း၏မျက်နှာကား ချက်ချင်းပင် ညှိုးကျသွားသည်။
အကြီးအကဲကျိုးကမူ ထိုဝါးပင်ကိုကြည့်ရင်း ချီးကျူးသောအကြည့်များဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။
“အလွန်ကောင်းသဟေ့။ ဒီနေ့ ဂိုဏ်းသားတွေလာအပ်တဲ့ ဆောင်းဝိညာဥ်ဝါးပင် တွေထဲ မင်းရဲ့ဟာက အရည်အသွေးအကောင်းဆုံးပဲ။ သာမန် အဆင့်မြင့်တောင်မဟုတ်တော့ဘူး။ အဆင့်လွန်ကို သေချာပေါက်ရောက်သွားပြီ။ မင်းလုပ်တာကောင်းတယ်ကျောက်ရိသော်။ ဒီတိုင်းပဲဆက်ကြိုးစားကွာ”
ကျောက်ရိသော်က တစ်ဖန်ပြန်၍ အကြီးအကဲကျိုးကို ဦးညွှတ်လိုက်ပြီး ချန်းကျိအန်းကို စိန်ခေါ်သောအကြည့်ဖြင့်ကြည့်လိုက်၏။
“ဂိုဏ်းတူညီလေးချန်းရေ။ ကြည့်ရတာတော့ မင်းပိုပြီးလေ့လာရဦးမယ် ထင်တယ်နော။” ကျောက်ရိသော်က နှိမ်သောလေသံဖြင့် အေးစက်စွာပြောလိုက်သည်။
ချန်းကျိအန်း၏ အမူအရာမှာ ပို၍ညှိုးနွမ်းသွားပြီး မကျေမချမ်းဖြစ်နေသောလေသံဖြင့်
” ဒီလိုဝင့်ကြွားနေဖို့ စောလွန်းသေးတယ်လို့မထင်ဘူးလား ဂိုဏ်းတူအစ်ကိုကျောက်။ ပြီးတော့ အစ်ကို့ကို နောက်ကွယ်ကနေ ကူညီပေးနေတဲ့လူရှိနေလို့ပါဗျာ။ နောက်တစ်ခါ ညီလေးက ၅မီတာထိရှည်အောင်စိုက်ပြမယ်။” ဟု စိန်ခေါ်သောအမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ကျောက်ရိသော်ကဟားတိုက်ရယ်မောရင်း ” ဂိုဏ်းတူညီလေးချန်း အလွန်အကျွံလုပ်မိရင် ဘယ်အရာမှမကောင်းဘူးနော်။ ကိုယ့်ကိုယ်ကို ထိခိုက်မိနေဦးမယ်။ ဆောင်းဝိညာဥ်ဝါးပင်ဆိုတာ စိတ်စွမ်းအင် မဟားဒရားလိုအပ် လို့ စိုက်ရတာ ခက်ခဲတဲ့ အမျိုးကွ။ ချီစုစည်းမှုကိုအားပြုတဲ့ ငါတို့လို ဂိုဏ်းသားတွေအတွက် ၃မီတာဆိုတာ ထိပ်ဆုံး အတိုင်းအတာပဲ။ အဲ့တာကိုမင်းက ၅မီတာထိရှည်အောင်စိုက်နိုင်မယ်ထင်နေတာလား။ အခြေခိုင်မာအောင်ပြုလုပ်ထားတဲ့ အကြီးအကဲတွေကသာ အဲ့လိုမျိုးလုပ်နိုင်မှာပဲ။ ၆မီတာဆိုရင် သူတို့တောင် ရမှာမဟုတ်ဘူး။ ငါဒီဂိုဏ်းမှာရှိခဲ့တဲ့ နှစ်တွေအများကြီးထဲ ၆မီတာရှည်တဲ့ ဆောင်းဝိညာဥ်ဝါးပင်ကို တစ်ခါမှ မမြင်ဖူး……..”
ကျောက်ရိသော်စကားမဆုံးခင်မှာပင် စီမံရေးရာသို့လာသောလမ်းဆီမှ ဧရာမသတ္တဝါကြီးတစ်ကောင် ချဥ်းကပ်လာသည့်အလား တဒုန်းဒုန်းဖြင့် မြည်ဟည်းသံများကို ကြားလိုက်ရသည်။
ကျောက်ရိသော်နှင့် ချန်းကျိအန်းတို့ ငြင်းခုံနေသည်မှာလည်း ရပ်သွားပြီး သူတို့၂ယောက်စလုံးလည်း မျက်မှောင်ကြုံကာ လမ်းဘက်သို့ကြည့်လိုက်သည်။
မကြာခင်မှာပဲ လူတစ်ယောက်ခန္ဓာကိုယ်ထက် တုတ်သော ဝါးပင်ထိပ်လေးများကို မြင်လိုက်ရသည်။ တောက်ပသောမြစိမ်းရောင်ထွက်နေပြီး သေချာစွာကြည့်လိုက်ပါက ခရမ်းရောင် အစက်အပျောက်လေးများ တလက်လက်ထနေသည်ကိုပင် မြင်ရပေမည်။ ထို့အပြင် ခန့်ငြားလှသော အရောင်စုံတောက်ပမှုများကိုလည်း ထုတ်လွှတ်နေ၏။
ပို၍ တုန်လှုပ်ဖွယ်အရာမှာ ထိုဝါးပင်မှ ထွက်နေသောအင်အားကြီးမားသည့် စိတ်စွမ်းအင်များပင်ဖြစ်သည်။ ထိုစွမ်းအင်ကြောင့် လူအုပ်ကြီးမှာ လန့်၍ ထအော်ရသည်အထိပင်။
“ဘာ…ဘာကြီးလဲဟ။”
အံ့သြသောအသံများထွက်လာသည်။
“ပုံစံက သစ်ပင်တစ်ပင်လိုလိုပဲကွ။ ဒါပေမဲ့ ပြန်ကြည့်လိုက်ရင် ဝါးပင်နဲ့ တူနေပြန်ရော။” မှင်သက်မှုများဖြင့် လူအုပ်ကြီးမှာ ကြောင်ကြည့်နေကြသည်။
ချန်းကျိအန်းနှင့် ကျောက်ရိသော်တို့လည်း မျက်မှောင်အကြီးကြီးကြုံကာ သူတို့မြင်နေရသောအရာကို ဘယ်အရာမှန်းမခွဲနိုင်းသေးချေ။ သို့သော်လည်း အင်မတန် ထူးကဲသောအရာတစ်ခုဖြစ်သည်ကိုတော့ တပ်အပ်ပြောနိုင်ပေသည်။ သူတို့၏ဘေးတွင် အကြီးအကဲကျိုးကမူ ထိုဝါးပင်ကြီးကိုကြည့်ရင်း မျက်လုံးများပြူးပြူးလာကာ အသက်ရှူသံများပင် အနည်းငယ်မြန်လာတော့သည်။
လူတိုင်းကြည့်နေစဥ်မှာပဲ ဝါးပင်ကြီးမှာ ပို၍ရုပ်လုံးပေါ်လာသည်။ ၁၅မီတာအရှည်ရှိသော ဝါးပင်ကြီးကို ပိန်ပါးပါးလူငယ်တစ်ယောက်က သူ၏ပုခုံးပေါ်တွင်ထမ်းကာလမ်းတစ်လျှောက် ဟောဟဲဆိုက်ကာ သယ်လာသည်ကို ရှင်းရှင်းလင်းလင်း ဘွင်းဘွင်းရင်းရင်း မြင်ရလေတော့သည်။
သူ့ကိုကြည့်ရသည်မှာ ပေါက်စီတစ်လုံးကို မနိုင်မနင်းသယ်လာရသော ပုရွတ်ဆိတ်တစ်ကောင်နှင့်ပင် တူနေတော့သည်။
သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အသံကျယ်ကြီးများထွက်ပေါ်လာသည်။
လူအုပ်ကြီးက သူ့အတွက်လမ်းဖယ်ပေးလိုက်ကာ သူ၏ခွန်အားကြီးမားပုံကို ကြည့်၍ မှင်သက်တုန်လှုပ်နေကြသည်။
ထိုလူငယ်ကား တစ်ခြားမဟုတ်။ မြွေတစ်သောင်းတောင်ကြား၏ ခြောက်ခြားဖွယ်ရာများနှင့် ပြိုင်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုများကို တစ်လမ်းလုံးငြီးတွားလာသော ပိုင်ရှောင်ချန်းပင် ဖြစ်သည်။
သူ့ခမျာငိုချင်သော်လည်း မျက်ရည်များမှာထွက်မလာပေ။ လူအုပ်ကြီးကသူ့ကိုကြည့်နေသည်ကိုပင် သူ့မှာသတိမထားမိနိုင်တော့။ အကြီးအကဲကျိုးဆီ ရောက်သွားသောအခါ သူကမြေကြီးပေါ်သို့ ဝါးပင်ကြီးကိုပစ်ချလိုက်သဖြင့် ဝုန်းခနဲအသံကျယ်ကြီးပင်ထွက်လာသည်။
ထို့နောက် မျက်ခုံးပေါ်မှချွေးများကိုသုတ်လိုက်ပြီး မောပန်းလွန်းသဖြင့် ဝါးပင်ပေါ်တွင် လျှာထွက်ကာထိုင်နေတော့သည်။
ပိုင်ရှောင်ချန်းက မောမောပန်းပန်းနှင့် ပတ်ဝန်းကျင်ကိုပင် သတိမထားနိုင်ပဲ
“ဒီဝါးပင်က ငါ့ထည့်စရာအိတ်နဲ့တောင် မဆံ့ဘူးကွား။ လခွမ်းပဲ။ ငါလည်းမောလွန်းလို့သေတော့မယ်။ အော်…အကြီးအကဲခများ မင်္ဂလာပါဗျာ။ ကျွန်တော့်ကို ပေးထားတဲ့ တာဝန် လာအပ်တာပါဗျာ ”
ထ်ို့နောက် ရုတ်တရက် ပိုင်ရှောင်ချန်းမှာ ထူးဆန်းသောအရာတစ်ခုကိုခံစားလိုက်ရသဖြင့် ဘေးဘီကိုအကဲခတ်လိုက်သောအခါ လူအုပ်ထဲရှိ လူအားလုံးက သူ၏ဝါးပင်ကြီးအား ငေးကြည့်နေသည်ကို တွေ့လိုက်သည်။ ပင့်သက်ရှိုက်သံများကို ပင်ကြားလိုက်ရတော့သည်။
“ဝါးပင်ဟုတ်လား။ အဲ့တာကြီးက တကယ်ကြီး ဝါးပင်ပေါ့။” တအံ့တသြမေးသံများ ထွက်လာသည်။
“အကြီးကြီးပဲဟေး။ တစ်ခါမှအဲ့လောက်ကြီးတဲ့ ဝါးပင်မမြင်ဖူးပေါင်။ မညာစမ်းနဲ့ သစ်ပင်တွေမလား။” သံသယမျက်လုံးဖြင့်ကြည့်ကာ မယုံမကြည်မေးကြသည်။
ချန်းကျိအန်းနှင့် ကျောက်ရိသော်တို့လည်း သူတို့ကြည့်နေသောအရာမှာ ဝါးပင်ဖြစ်ကြောင်းသိသွားသောအခါ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့။ သို့သော်လည်း ဝါးပင်အစစ်ဟုတ် မဟုတ် မယုံကြည်နိုင်သေး၍ ဒူးထောက်လိုက်ကာ ဝါးပင်ကို သေချာစစ်ဆေးနေတော့သည်။
ကျောက်ရိသော်မှာ အသားများ တဆက်ဆက်တုန်လာပြီး ဝါးပင်ကိုခွဲကာ အထဲမှအရာများအား စစ်ဆေးချင်စိတ်ကို မနည်းထိန်းနေရသည်။
သို့သော် သူမခွဲခင်မှာပင် အကြီးအကဲကျိုးက ရောက်လာပြီး အင်္ကျီလက်ကို ဝှေ့ ယမ်းလိုက်သောအခါ ချန်းကျိအန်းနှင့် ကျောက်ရိသော်တို့မှာ ဘေးဖက်သို့ လွင့်ထွက်သွားသည်။ ထို့နောက် အကြီးအကဲကျိုးက မတ်မတ်ကြီးရပ်ကာ ဝါးပင်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေတော့သည်။ အနည်းငယ်ကြာသွားသောအခါ သူက အသက်ပြင်းပြင်းရှူလိုက်ရင်း မယုံကြည်နိုင်သောလေသံဖြင့်
” ဒါ….ဒါ…. ဒီဟာကတကယ် ဆောင်းဝိညာဥ်ဝါးပင်ပဲကွ။”
ဘေးနားရှိ အပြင်ဘက်ဂိုဏ်းသားများလည်း ခေတ္တမျှ မှင်သက်တိတ်ဆိတ်သွားပြီး ခဏအကြာ အုပ်အော်သောင်းနင်းဖြစ်ကုန်တော့သည်။
“ဆောင်းဝိညာဥ်ဝါးပင်တဲ့ဟေး။ အဲ့အပင်ကြီးတွေက ဆောင်းဝိညာဥ်ဝါးပင် ဆိုတာ ငါ့ဖြင့်ယုံတောင်မယုံနိုင်ဘူး။” ပါးစပ်အဟောင်းသားနှင့် ထအော်ကြသည်။
“ဘယ်လိုတောင် ဖြစ်နိုင်ရတာလည်း။ ဘယ်လိုတောင် ဆောင်းဝိညာဥ်ဝါးပင် တွေက အဲ့လောက်ကြီး တုတ်နိုင်ရတာလဲကွာ။ ဘုရားရေ။ တကယ်ကြီး ၁၅မီတာရှည်တာပဲကွ။” ဂိုဏ်းသားများက မှင်သက်ကာ ပြောဆိုနေသည်။
” ၁၅မီတာရှည်ပြီး လူတစ်ယောက်ခန္ဓာကိုယ်လောက် တုတ်တဲ့ ဝါးပင်။ တကယ်ကြီးဝါးပင်တဲ့လား။ ”
ပိုင်ရှောင်ချန်း၏ဝါးပင်ကို ချန်းကျိအန်းနှင့် ကျောက်ရိသော်တို့၏ဝါးပင်များနှင့် နှိုင်းယှဥ်ကြည့်လိုက်သောအခါ ထို ဆူညံပွက်လောရိုက်နေသံများမှာ ပို၍ပင် ကျယ်လာတော့သည်။