စာစဥ် (၂၈) အပိုင်း (၃၇၉)

ထွန်းလင်းလကြွေကျင့်စဥ်

ဟူး … ဟူး …

မြေပြင်မှာ လေပြင်းများ တိုက်ခတ်ကာ ဖုန်များ တထောင်းထောင်း ထနေလျက်ရှိပြီး မြင်ကွင်းမှာ မသဲမကွဲ ဖြစ်နေသလို ဇူယွမ်၏ ပုံရိပ်အားလည်း မမြင်ရချေ။ နူးညံ့သိမ်မွေ့သော အသွင်သဏ္ဌာန်၏ အထွတ်အထိပ်အဆင့်ထိ ရောက်ရှိခဲ့ပြီးနောက်တွင် ဇူယွမ်၏ ခန္ဓာကိုယ်မှာ အလုံးစုံ ဒြပ်မဲ့အသွင်သို့ ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်အား အနည်းငယ် ပြောင်းလဲစေလိုက်ရုံဖြင့် ဇူယွမ်မှာ မိမိကိုယ်ကို ဖုံးကွယ်ထားနိုင်ကာ တစ္ဆေသရဲအလား ရန်သူ၏လက်မှ လွတ်မြောက်နိုင်စွမ်း ရှိ၏။

ရှုယန်မှာ ဖုန်တထောင်းထောင်း ထနေသော ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် ကြည့်နေရင်း မျက်ဝန်းများမှာလည်း ခက်ထန်နေလျက် ရှိပေသည်။ ဇူယွမ်မှာ သူ၏လက်မှ ပုန်းကွယ်ရုံအတွက်သာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲခြင်း မဟုတ်ဘဲ တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ရန် အတွက်ပါ အချိန်ယူနေခြင် းဖြစ်ကြောင်း ရှုယန်မှ ကောင်းစွာ နားလည်ထား၏။

“မင်းက တော်တော်လေး ဉာဏ်နီဉာဏ်နက် များတဲ့သူပဲ။ ကံမကောင်းတာက မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ လူတစ်ယောက်အပြင် ဘာကောင်မှ မဟုတ်ဘူး”

ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှုယန်မှာ တုန်ခါသွားကာ သူ၏ခန္ဓာကိုယ်မှ ချီစွမ်းအင်များက လက်စွပ်ကွင်း တစ်ခုကဲ့သို့ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ချီစွမ်းအင်များမှာ အသင်္ချေမျှသော ဆံချည်မျှင်များအလား ကွဲထွက်သွားပြီး ရှုယန်၏ ပတ်ဝန်းကျင် တစ်ဝိုက်သို့ လျင်မြန်လှသော အရှိန်ဖြင့် ပျံ့နှံ့သွားခဲ့၏။

“သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်က အထင်ကြီးလောက်စရာ ကျင့်စဥ်တစ်ခုဆိုပေမဲ့ ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး” ရှုယန်မှာ လှောင်ပြောင် သရော်လိုဟန်ဖြင့် ပြုံးကာ စကားဆိုလိုက်လေသည်။

“ငါမင်းကိုမိပြီ ကြွက်စုတ်လေး”

ရှုယန်မှာ လေထုကိုပင် ဆုတ်ပြဲစေအောင် ထက်ရှလှသော ဖိအားနှင့်ဓားအား အရပ်မျက်နှာ တစ်ခုသို့ ပြင်းထန်စွာဖြင့် ထိုးစိုက်လိုက်၏။

ဒေါင် …

နှင်းကဲ့သို့ ဖြူစွတ်နေသော စုတ်တံအမွှေးများမှာ လေထုထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ စုတ်တံအပေါ်၌ ခရမ်းပြာရောင် အလင်းများ တောက်ပလျက်ရှိပြီး ဓားအားခုခံလိုက်လေသည်။ သို့သော် ရှုယန်မှ သိသာစွာ အသာစီးရနေကာ ဓားအားလှည့်ထုတ်၍ ခရမ်းပြာရောင် အလင်းတန်းဆီသို့ ထိုးစိုက်လိုက်၏။

ချပ် …

ချက်ချင်းဆိုသလိုပင် စုတ်တံအမွှေးများမှာ ပျံ့ကားသွားပြီး စပါးအုံးသဏ္ဌာန်သို့ ပြောင်းလဲသွားကာ ရှုယန်၏ ဓားနှင့်လက်အား ရစ်ပတ်လိုက်လေသည်။ ထိုသို့ ရစ်ပတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ရှုယန်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေကာ လက်အားဆွဲထုတ်ရန် ကြိုးပမ်းလိုက်၏။

သို့သော် စုတ်တံအမွှေးများ၏ ရစ်ပတ်ထားမှုမှာ အလွန်ပင်ခိုင်မာပြီး အချိန်အချို့ ကြာသည့်တိုင်အောင် ရှုယန်မှာ ဆွဲထုတ်၍မရဘဲ ရှိနေလေသည်။ ထိုအချိန်၌ပင် ဇူယွမ်မှာ ရှုယန်၏နောက်မှ ပေါ်ထွက်လာခဲ့ပြီး လက်များကို လျင်မြန်စွာ ချိတ်ဆက်ကာ ချီစွမ်းအင်များကို ကောင်းကင်ထက်သို့ ပေါက်ကွဲထွက်ပေါ် စေလိုက်၏။

“နဂါးကိုးကောင်နိယာမ နဂါးကိုးကောင် … ”

ပတ်ဝန်းကျင်မှာ ချက်ချင်းဆိုသလိုပင် သားရဲများ၏ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့ပြီး ကောင်းကင်ထက်၌ သားရဲကိုးကောင် ထွက်ပေါ်လာကာ တစ်ကောင်နှင့်တစ်ကောင် ကိုက်ဖျက် မြိုချနေခဲ့သည်။ နောက်ဆုံး၌ ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအင်ဖိအားများနှင့် သားရဲကြီး တစ်ကောင်သာ ကျန်ရှိ၏။

ဝေါင်း … .

ပေရာကျော်မျှရှိသော ကြီးမားလှသည့် သားရဲကြီးမှာ ဟိန်းဟောက် လိုက်ပြီးနောက် ကြောက်မက်ဖွယ်ရာ အရှိန်ဖြင့် ရှုယန်ထံသို့ ထိုးဆင်းသွားသော မြင်ကွင်းမှာ တုန်လှုပ်စရာ ကောင်းလှသည်။

ရှုယန်မှာ ခေါင်းကိုမော့ကာ ကြီးမားလှသော သားရဲကြီးအား ကြည့်ရှုလိုက်၏။ သားရဲကြီးထံမှ ကြောက်မက်ဖွယ်ဖိအားများကြောင့် ရှုယန်၏မျက်ဝန်းအစုံမှာ ခေတ္တမျှကျဥ်းမြောင်း သွားရသော်လည်း အဆုံး၌ ပျက်ရယ်ပြုသော အပြုံးတစ်ခုသာ နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့လေသည်။

“နဂါးကိုးကောင် နိယာမရဲ့ အထွတ်အထိပ်အဆင့်။ အဟက် … ဂျူနီယာညီတော်ဇူယွမ် ဒီတိုက်ခိုက်မှုက ရွှေခါးစည်း တပည့် တစ်ယောက်ကို အလဲထိုးနိုင်ဖို့ လုံလောက်ပေမဲ့ မင်းက ခရမ်းရောင်ခါးစည်း တပည့်တွေကို အထင်သေးနေတဲ့ပုံပဲ”

ရှုယန်၏ ပါးကြီးနှစ်ဖက်မှာ ချီစွမ်းအင်များကြောင့် ဖောင်းကား လာခဲ့ပြီးနောက် ချက်ချင်း ဆိုသလိုပင် ပါးစပ်ထဲမှ အစိမ်းပုပ်ရောင် ရောင်စဥ်တန်းများ ထွက်ပေါ်လာခဲ့၏။

“အဆင့်မြင့် ကောင်းကင်ဘုံငယ် ကျင့်စဥ် အစိမ်းရင့်ရောင် လမင်းရောင်စဥ်တန်း … ”

အစိမ်းပုပ်ရောင် ရောင်စဥ်တန်းများမှာ အလွန်လျင်မြန် လွန်းလှသဖြင့် တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်၏ ချီစွမ်းအင် သားရဲကြီးနှင့် မတွေ့ဆုံခင် အ စိမ်းပုပ်ရောင် အလင်းတစ်ခုအား ဖျက်ခနဲမျှသာ တွေ့မြင်လိုက်ရပေသည်။

ဝုန်း …

ပြင်းထန်လှသည့် စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားခဲ့သဖြင့် စွမ်းအင်လှိုင်း ဂယက်များမှာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။

ရှုယန်မှာလည်း စုတ်တံအမွှေးများဆီမှ ဓားအား ဆွဲယူနိုင်ခဲ့လေသည်။ စုတ်တံအမွေးများမှာ အနောက်သို့ ဆုတ်ခွာသွားပြီးနောက် စုတ်တံကိုယ်ထည် ပေါ်ထွက်လာကာ လက်တစ်ခုမှ ဖမ်းယူလိုက်၏။ ထို့နောက် ဇူယွမ် ပေါ်ထွက်လာခဲ့ကာ လက်ထဲမှ စုတ်တံအား မြေပြင်သို့ ထိုးစိုက် လိုက်လေသည်။

“ဝါရင့်ခရမ်းရောင် ခါးစည်း တပည့်တစ်ယောက်ကို ရင်ဆိုင်ရတာက တကယ်ကို ခက်တာပဲ”

ဇူယွမ်မှ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ရေရွတ်လိုက်၏။ ဇူယွမ်မှာ အနိုင်ရခဲ့သော အရှေ့မှတိုက်ပွဲများကြောင့် အနည်းငယ် မာနထောင်လွှား နေမိခဲ့သည်။ သို့သော် စဥ်းစားကြည့်ရမည် ဆိုလျှင် ကန်ရွှမ်းကလန်မှာ ကန်ရွှမ်းကောင်းကင်ဘုံ၌ အရေးပါသော ကလန်တစ်ခုမျှသာ ဖြစ်ပြီး အခြားသော ကလန်များမှာလည်း ခရမ်းရောင်ခါးစည်း တပည့်အား လူထောင်ပေါင်းများစွာထဲမှ ရွေးချယ်ထားခြင်း ဖြစ်သောကြောင့် ရှန်ကျိုးတိုက်ကြီး၏ အပြင်ဖက်၌ပင် ထူးချွန်အရေးပါသော သူများ ဖြစ်နိုင်လောက်သည့် အရည်အချင်းရှိသူများပါ ပါဝင်​နေနိုင်​သဖြင့် လျှော့တွက်ထား၍ မရနိုင်ပေ။

ထို့အပြင် ဇူယွမ်မှာ မူလစဦး တတိယအဆင့်မျှသာ ရှိသေးပြီး ရှုယန်မှာ မူလစဦး သမ္မတအဆင့်တစ်ဦး ဖြစ်သောကြောင့် သူတို့နှစ်ဦး၏ ကွာခြားချက်မှာ လွန်စွာမှ ကြီးမားလေသည်။ ဇူယွမ်၌ ထူးခြားသော သွေးနီရောင် ချီပင်လယ်နှင့် အဆင့်ခြောက် ဘိုးဘေးနဂါးချီသာ မရှိခဲ့ပါက တိုက်ခိုက်မှု အနည်းငယ်နှင့်ပင် ရှုယန်ထံတွင် ကျရှုံးသွားနိုင်၏။

“ချန်ပီယံကို အကြာဆုံး တောင့်ခံနိုင်တဲ့သူကို ရွေးမယ်ဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ ငါတို့ထဲက ဘယ်သူကမှ အနိုင်တိုက်နိုင်မှာမှ မဟုတ်တာ”

ဇူယွမ်၏မျက်ဝန်းများမှာ တည်ကြည်လေးနက်နေလျက် ရှိသည်။ ဘယ်သူက ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရအောင် …

ဇူယွမ်မှာ ခရမ်းရောင်ခါးစည်း တပည့်အဆင့်သို့ ရောက်ရှိသွားသည်နှင့်တကွ မူလစဦး စတုတ္တအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကာ ထိုအချိန်သို့ ရောက်လာခဲ့လျှင် ယခု ခရမ်းရောင်ခါးစည်း တပည့်များအား ကြောက်လန့်စရာ လိုအပ်တော့မည် မဟုတ်ကြောင်း ယုံကြည်ထား၏။

ဝှစ် …

ကောင်းကင်ဘုံယွမ် စုတ်တံအား ဆွဲကိုင်ထားသော ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားကာ အခိုးအငွေ့အလား အရှေသို့ လျင်မြန်စွာဖြင့် ရွေ့လျားသွားလေသည်။ ဇူယွမ်မှာ တိုက်ခိုက်ရင်းဖြင့်သာ ခုခံကာကွယ် သွားမည့်ဟန် ရှိ၏။

ဇူယွမ် ရွေ့လျားသွားသည်ကို တွေ့လိုက်ရသောအခါ ရှုယန်မှာ အေးစက်စွာ ရီမောပစ်လိုက်ကာ ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်စေလိုက်ပြီး ကိုင်ဆောင်ထားသော ဓားသွားအား အသင်္ချေမျှသော ဓားအရိပ်များအသွင်သို့ ပြောင်းလဲ၍ ဇူယွမ်၏ သေကွင်းသေကွက်များကို ချိန်ဆကာ တိုက်ခိုက်လိုက်၏။

ချလန် … ချလန်

ကျောက်တုံးစင်မြင့်ထက်၌ ဝေဝါးသောပုံရိပ်နှစ်ခု လျှပ်စီးအလား လျင်မြန်သော အရှိန်ဖြင့် တွေ့ဆုံနေခဲ့ကြပြီး ပတ်ဝန်းကျင်မှာ အသံများဆက်တိုက် ထွက်ပေါ်နေလျက်ရှိကာ လှိုင်းဂယက်များလည်း ဖြစ်ပေါ် နေခဲ့လေသည်။

ဇူယွမ်မှာ တွေ့ဆုံမှု တစ်ကြိမ်ပြီးတိုင်း အနောက်သို့ ဆုတ်သွားရသည်ကို သိသာစွာ တွေ့မြင်နိုင်ပြီး ဤထိပ်တိုက်တွေ့ဆုံမှုတွင် တိုက်ရိုက်ဖိနှိပ်ခြင်း ခံနေရသည်မှာ ထင်ရှား၏။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်တို့၏ တိုက်ပွဲအားကြည့်ရင်း ခေါင်းကိုသာ ခါယမ်းမိကြလေသည်။ မည်သို့ပင် ဆိုစေကာမူ ဇူယွမ်မှာ မူလစဦး တတိယအဆင့်မျှသာ ရှိသေးသူဖြစ်ပြီး လှည့်ကွက်များစွာ ရှိနေဦးမည်ဆိုလျှင်ပင် ရှုယန်ကဲ့သို့ မူလစဦး သမ္မတအဆင့် တစ်ဦးနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပါပေ။

သနားဂရုဏာသက်သော အကြည့်များစွာ၏ အောက်တွင် ဇူယွမ်၏ မျက်ဝန်းများမှာ တည်ငြိမ်နေလျက်သာရှိပြီး ရှုယန်နှင့် တိုက်ပွဲကိုသာ အာရုံစိုက်ထား၏။ ဆက်လက် တိုက်ခိုက်နေသည်နှင့် အမျှ ဇူယွမ် အသက်ရှူလိုက်တိုင်း နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မှာ ထွက်ပေါ်နေလျက်ရှိကာ  ချီစွမ်းအင်များအား အဆက်မပြတ် စုပ်ယူ၍ ခွန်အားနှင့် သက်လုံကို လျင်မြန်စွာ ဖြည့်တင်းနေလေသည်။

နဂါးအသက်ရှူခြင်း …

ဇူယွမ်မှာ ရှုယန်ကဲ့သို့ မူလစဦး သမ္မတအဆင့် တစ်ဦးလောက် ချီစွမ်းအင်များ မပြည့်ဝသော်လည်း နဂါးအသက်ရှူခြင်း နည်းလမ်းကို အသုံးပြုခြင်းဖြင့် စွမ်းအင်များ လျင်မြန်စွာ ဖြည့်ဆည်းနိုင်သောကြောင့် တိုက်ပွဲ၌ ခံနိုင်ရည်အား ကောင်းမွန်စေ၏။

ဇူယွမ်မှာ ယခုအချိန်၌ ရှုယန်အား အနိုင်တိုက်ရန် ခက်ခဲပါသော်လည်း ဇူယွမ်၏ ရည်ရွယ်ချက်မှာ တိုက်ပွဲ၌ ကြာကြာ တောင့်ခံနိုင်ရန်သာ ဖြစ်​ပေသည်။ ရှုယန်၏ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့်  ခန္ဓာကိုယ်၌ မကြာခဏဆိုသလို အပေါ်ယံဒဏ်ရာများ ပေါ်ပေါက် လာနိုင်သော်လည်း ရှုယန်၏ တိုက်ခိုက်မှု အလုံးစုံကို ကောင်းကင်ဘုံ မြွေနဂါးကြေးခွံနှင့် ဒြပ်မဲ့သဏ္ဌာန်တို့ဖြင့် ကာကွယ်ထားနိုင်သဖြင့် ဇူယွမ်၏တိုက်ပွဲစွမ်းရည်အား မထိိခုက်စေနိုင်ချေ။

အချိန်များ ကုန်ဆုံးလာသည်နှင့်သမျှ ဇူယွမ်တို့ နှစ်ဦးကြားမှ တိုက်ပွဲများမှာ ပို၍ပို၍ ပြင်းထန်လာခဲ့၏။ ထို့ကြောင့် တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ တစ်စုံတစ်ခု လွဲမှားနေကြောင်း စတင် သဘောပေါက် လာကြလေသည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ ရှုယန်၏ ဖိနှိပ်မှုအား ခံစားနေရသည်မှာ ထင်ရှားသော်လည်း တိုက်ပွဲအား ယခုအချိန်ထိ တောင့်ခံထားနိုင်ခဲ့၏။

“အမ် …”

လီချင်းချန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ သူမသည်လည်း ဤအ​​ခြေအနေမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိ၏။ ဇူယွမ်မှာ ရှုယန်ကဲ့သို့ မူလစဦး သမ္မတအဆင့် တစ်ဦးလောက် ချီစွမ်းအင်များ မပြည့်ဝသည်မှာ သိသာသော်လည်း တိုက်ပွဲမှာ ယခုအချိန်ထိ ဆက်လက် ဖြစ်ပေါ်နေလျက် ရှိနေသောကြောင့် ဖြစ်သည်။

ချလန်း …

ကောင်းကင်ဘုံ ယွမ်စုတ်တံနှင့် ရှုယန်၏ဓားတို့ ထပ်မံတွေ့ဆုံသွားခဲ့ပြီး ဇူယွမ်မှာ အနောက်သို့ ထပ်မံဆုတ်ခွာသွားရ၏။ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေသော ရှုယန်၏ အမူအရာမှာ ပို၍ခက်ထန်လာခဲ့ရသည်။

ထို့နောက် အနောက်သို့ လှည့်ကြည့်လိုက်သော အခါတွင် သုံးပေခန့် ရှည်လျားသော အမွှေးနံ့သာတိုင်ကြီးမှာ ငါးပုံတစ်ပုံမျှ လောင်ကျွမ်းပြီးခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ ရှုယန်၏ မူလအစီအစဥ်မှာ ဇူယွမ်အား ဤအချိန်တိုလေးအတွင်း ရှုံးနိမ့်သွားအောင် ပြုလုပ်ရန် ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေအား သုံးသပ်ကြည့်ရမည်ဆိုလျှင် ဇူယွမ်မှာ ဖိနှိပ်ခြင်း ခံနေရသော်လည်း အင်အားပြည့်ဝနေဆဲ ဖြစ်ပြီး ချီစွမ်းအင်များမှာ အနည်းငယ်မျှပင် လျော့ပါးသွားသည့် လက္ခဏာမရှိချေ။

“ဒီကောင်က တကယ်ကို လိပ်နဲ့တူတဲ့ ကောင်ပဲ။ သန်မာတဲ့အပြင် အနိုင်ယူဖို့လည်း ခက်တယ်”

ရှုယန်မှာ အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး မျက်ဝန်းများမှာ အေးစက်သော အရိပ်အယောင်များ ယှက်သန်းနေခဲ့၏။

ဒီတိုင်း ဆက်ထားလို့ မဖြစ်တော့ဘူး …  မင်းက အချိန်တွေ ဖြုန်းတဲ့နေရာမှာ တော်တယ် ဆိုမှတော့ ငါကိုယ်တိုင် တိုက်ရိုက် တိုက်ခိုက်ပြီး မင်းရဲ့ ကာကွယ်ရေးစနစ်တွေ အကုန်လုံးကို ဖျက်ဆီးပစ်မှ ရမယ် …

ရှုယန်မှာ ဇူယွမ်အား အေးစက်စွာဖြင့် ကြည့်လိုက်ကာ လက်ထဲမှဓားအား လေထဲသို့ ဖြည်းညင်းစွာ မတင်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ စတင်၍ လှုပ်ခါလာခဲ့သည်။

ဝှစ် …

ထို့နောက် ဓားအား ကောင်းကင်ထက်သို့ ပစ်ထုတ် လိုက်သောအခါ လင်းလက် တောက်ပနေသော အစိမ်းပုပ်ရောင် လခြမ်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး လရောင်များမှ ဓားသွားများကဲ့သို့ ထက်ရှလှသော ဖိအားများကို ထုတ်လွှတ်နေလျက် ရှိလေသည်။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ထိုမြင်ကွင်းအား တွေ့လိုက်ရသောအခါတွင် တုန်လှုပ်ချောက်ချား သွားကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဝေဖန်ဆွေးနွေးသံများဖြင့် ပြည့်နှက် သွားလေတော့သည်။

“ရှုယန်က တော်တော်ကို ရက်စက်နေတာ မဟုတ်ဘူးလား။ ကောင်းကင်ဘုံ ကျင့်စဥ်တစ်ခုကို ရွှေခါးစည်း တပည့် တစ်ယောက်အပေါ် သုံးတယ်ဆိုတော့”

“ဒါက ဓားကပ်ဘေး တောင်ထွတ်ရဲ့ ထွန်းလင်းလကြွေ ကျင့်စဥ် ဖြစ်မယ်။ အဲဒါက အဆင့်​နိမ့် ကောင်းကင်ဘုံ ကျင့်စဥ်ထဲမှာတောင် တော်တော်မြင့်တာတဲ့”

“ရှုယန်ရဲ့လုပ်ရပ်က တော်တော်ဆိုးရွားတာပဲ”

စောင့်ကြည့်နေသော တပည့်အများစုမှာ ရှုယန်၏ ရက်စက်သော လုပ်ရပ်အား ဝေဖန်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ရှုယန်မှာ ဇူယွမ်ထက် ချီကျင့်ကြံခြင်း အဆင့်များစွာ သာလွန်နေပေသည်။ ထိုသည်တောင်မှ ဇူယွမ့်အပေါ် ကောင်းကင်ဘုံ ကျင့်စဥ်တစ်ခု အသုံးပြုရန် ကြံစည်နေသေး၏။

ရှုယန်မှာ ဇူယွမ်အား သိသာစွာပင် အနိုင်ကျင့်နေခြင်း ဖြစ်သည်။ သို့သော်လည်း ရှုယန်မှာ ဝေဖန်ပြောဆို ခံနေရခြင်းကို အနည်းငယ်မျှပင် သိရှိနိုင်မည် မဟုတ်ချေ။ ရှုယန်မှာ ကျောက်တုံးစင်မြင့်၏ အလယ်၌ ရပ်နေလျက်ရှိပြီး ဇူယွမ့်အား အေးစက်စွာဖြင့် ကြည့်နေခဲ့၏။

ရှုယန်သည် ဇူယွမ့်အပေါ်၌ ကောင်းကင်ဘုံ ကျင့်စဥ်အား အသုံးပြုခြင်းမှာ သူ၏ ဂုဏ်သိက္ခာအတွက် ဆိုးရွားစေနိုင်ကြောင်း သိရှိထားပေသည်။ မည်သို့ပင် ဖြစ်စေကာမူ ပုံမှန်အတိုင်းသာ ဆက်လက် တိုက်ခိုက်နေခဲ့မည်ဆိုလျှင် အမွှေးနံ့သာတိုင် ကုန်ဆုံးသွားသည်အထိ ဇူယွမ့်အား ရှုံးနိမ့်အောင် လုပ်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဇူယွမ့်အား ဖျက်ဆီးနိုင်ရန်အတွက် ပြင်းထန်သော နည်းလမ်းအား အသုံးပြုရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်၏။

ရှုယန်မှာ ဇူယွမ်အား အေးစက်စက်ဖြင့် ကြည့်နေပြီးနောက် လက်နှစ်ဖက်အား ကျယ်လောင်စွာ တီးလိုက်လေသည်။

“ဝေယိုရွှမ်းက မင်းနဲ့တိုက်ခိုက်တုန်းက မပြည့်စုံတဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဥ်ကို သုံးခဲ့တယ်လို့ ကြားတယ်။ အဲဒါကြောင့် ဒီစီနီယာ အစ်ကိုတော်က မင်းကို စစ်မှန်တဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဥ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ပြသပေးမယ်”

“ထွန်းလင်းလကြွေ ကျင့်စဥ် …”

ဝုန်း …

ရှုယန် အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက်၌ ရစ်ဝဲနေလျက်ရှိသော လခြမ်းကြီးမှာ မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့ပြီး လင်းလက် တောက်ပလှသော အစိမ်းပုပ်ရောင် အလင်းတန်းကြီးမှာ ေကာင်းကင်ကိုပင် နှစ်ခြမ်းကွဲသွား စေသယောင် ထင်မှတ်ရစေလေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset