Switch Mode

စာစဉ် (၂၈) အပိုင်း (၃၇၈)

ရှုယန်နှင့်အပြင်းအထန်တိုက်ခိုက်ကြခြင်း

ဝုန်း …

ပေရှစ်ရာကျော်မျှရှိသော အစိမ်းပုပ်ရောင် ချီစွမ်းအင်များမှာ ကောင်းကင်ထက်သို့ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ခန့်ထည်လှသော ဓားကြီးတလက်အသွင် ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဓားအော်သံသဲ့သဲ့ဖြင့် ပြည့်နှက်နေလျက် ရှိ၏။

ရှုယန်မှာ မူလစဦး သမ္မတအဆင့် တစ်ဦး၏ စွမ်းအင်များကို ပွဲအစထဲမှစ၍ ထုတ်ဖော်ပြသနေပြီ ဖြစ်သည်။ ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဆွဲကိုင်လျက်ရှိသော ဇူယွမ်၏ အမူအရာမှာ ခက်ထန်နေလျက်ရှိ၏။ ရှုယန်ကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းလှသည့် ရန်သူအား ဇူယွမ်သည် အနည်းငယ်မျှပင် လျှော့မတွက်ရဲချေ။

ဝုန်း …

ရှုယန်မှ ချီစွမ်းအင်များအား ကောင်းကင်တိုင်အောင် ပေါက်ကွဲ ထွက်ပေါ်စေပြီး မကြာမီမှာပင် အခြားသော တောင်ထွတ်ကိုးခုမှ ခရမ်းရောင်ခါးစည်း တပည့်များမှာလည်း ချီစွမ်းအင်များကို အသီးသီး ပေါက်ကွဲ ထွက်ပေါ်စေလိုက်၏။ တောင်ထွတ်ဆယ်ခုမှ ထိပ်ဆုံးဆယ်ဦးအား စမ်းသပ်ရန် စေလွှတ်ထားသော ခရမ်းရောင်ခါးစည်း တပည့်အကုန်လုံးမှာ မူလစဦး သမ္မတအဆင့်သို့ ရောက်ရှိပြီး သူများသာ ဖြစ်သည်။

တောင်ထွတ်အသီးသီးမှ ချန်ပီယံ နေရာအတွက် တိုက်ပွဲများမှာ စတင်ခဲ့ပြီပင် ဖြစ်၏။ သို့သော် ရှုယန်၏ ချီစွမ်းအင်များနှင့် နှိုင်းယှဥ်ရမည်ဆိုလျှင် အခြားသော တောင်ထွတ်များမှ ခရမ်းရောင်ခါးစည်း တပည့်ကိုးဦး၏ ချီစွမ်းအင်များမှာ အနည်းငယ် လျော့ပါးနေလေသည်။ ဇူယွမ်အား ရှုယန်မှ ရှင်းပြခဲ့သည့် အတိုင်းပင် ထိုသူများမှာ ဂျူနီယာညီတော်၊ ညီမတော်များ၏ သက်ဆိုင်ရာ တောင်ထွတ်များမှ ဂုဏ်သိက္ခာကို ငဲ့ညာ၍ ရည်ရွယ်ချက်ရှိစွာ လျော့ပေါ့ ပေးထားခြင်းပင် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ရှုယန်သည် ဇူယွမ်အား အနည်းငယ်မျှပင် အလျှော့ပေးခြင်း မပြုမည်မှာ ထင်ရှား၏။

တောင်တန်း အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များသည်ပင် ရှုယန်၏ အလျှော့မပေးလိုသော ရည်ရွယ်ချက်အား သတိပြုမိခဲ့ကြ၏။ သို့သော်လည်း စောင့်ကြည့်နေသော တပည့်များမှာ ဇူယွမ်၏ ကံဆိုးမှုအတွက် သနားဂရုဏာသက်စွာ သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်ပါပေ။ ကြုံရာကျပန်း ရွေးချယ်ခဲ့သော တောင်ထွတ်တွင်တောင်မှ ဇူယွမ်မှာ ရှုယန်ကဲ့သို့သော ဓားကပ်ဘေး တောင်ထွတ်မှ သူနှင့် တွေ့ဆုံခဲ့ရလေသည်။ အခြားတောင်ထွတ်မှ စီနီယာ တစ်ဦးနှင့်သာ တွေ့ဆုံခဲ့ရမည်ဆိုလျှင် ဇူယွမ့်အား သက်ညှာပေးရန် ဖြစ်နိုင်သေး၏။

တောင်တန်း အပြင်ဖက်ရှိ မြစ်ကမ်းစပ် တစ်ခုတွင် လုရွှမ်းယင်မှာ မြစ်ထဲမှ ပျံသန်းလာကာ ကုန်းစပ်ပေါ်သို့ တက်လိုက်ပြီး တောင်ထွတ်တစ်ခုမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ချီစွမ်းအင်များကို ငေးမောကြည့်ရှုလိုက်သည်။ သူမသည် အစောပိုင်းတိုက်ပွဲ၌ ဇူယွမ့်ထံတွင် မျက်နှာရစရာပင် မရှိအောင် ရှုံးနိမ့်ခဲ့ရ၏။

လုရွှမ်းယင်မှာ ဇူယွမ်အား အလွန်ပင် နာကြည်းမုန်းတီး မိပါသော်လည်း အလွန်အမင်း ကြောက်ရွံ့သွားခဲ့သည်။ ဇူယွမ်၏ ကြောက်မက်ဖွယ်ကောင်းကာ သနားကြင်နာစိတ် မရှိသော မျက်ဝန်းများက သူမ၏ စိတ်နှလုံးအား ပေါက်ထွက်တော့မတက် တုန်ရီစေ၏။

ထို့ကြောင့် လုရွှမ်းယင်မှာ ဇူယွမ်အား ဆန့်ကျင်တိုက်ခိုက်ရန် သတ္တိအနည်းငယ်မျှပင် မကျန်ရှိတော့ပေ။ သို့သော်လည်း ကြည့်ရသည်မှာ ဇူယွမ်၏ ကံကောင်းမှုများမှာ ကုန်ဆုံးသွားခဲ့ဟန်ရှိပြီး ကံဆိုးလှစွာနှင့် ရှုယန်ကဲ့သို့သော ဓားကပ်ဘေး တောင်ထွတ်မှသူနှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

“ဇူယွမ် နင်အောင်ပွဲခံဖို့ အဝေးကြီးလိုပါသေးတယ်။ စီနီယာအစ်ကိုတော် ရှုယန်က ဓားကပ်ဘေး တောင်ထွတ်ကို အမှားလုပ်မိရင် ဘယ်လောက်ဆိုးဆိုးရွားရွား ပြ​န်ပေးဆပ် ရမလဲဆိုတာ နင့်ကိုသိအောင် သင်ပေးလိမ့်မယ်”

“အခုတိုက်ပွဲကိုတော့ နင်အနိုင်ရဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဟင်းဟင်း … ချန်ပီယံဖြစ်ဖို့ကို စိတ်တောင်မကူးနဲ့”

ဗြန်း …

တောင်ထွတ်ပေါ်တွင် ရှိနေသော ရှုယန်မှာ သူ၏လက်နှစ်ဖက်အား ပြင်းထန်စွာ ထိကပ်စေလိုက်၏။

ဝှစ် …

ပေရှစ်ရာကျော်မျှ ရှိသော အစိမ်းပုပ်ရောင် ချီစွမ်းအင်များမှာ ပျံ့ကားသွားပြီး အလင်းတန်းများစွာ အဖြစ်သို့ ပြောင်းလဲကာ မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ အလင်းတန်းတစ်ခုစီမှာ ဓားသွားတစ်ခု ဖြစ်ပေါ်စေပြီး အလွန်ထက်ရှသော ဖိအားများကို ထုတ်လွှတ်နေလျက် ရှိ၏။

ဇူယွမ်၏အထက်၌ လေထုဆုတ်ပြဲနေသည့် အသံများ ပဲ့တင် ထပ်နေလေသည်။ ဇူယွမ်၏ ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့ပြီး အခိုးအငွေ့အလား လျင်မြန်စွာ ရွေ့လျားသွား၏။

ဝုန်း … ဝုန်း …

အစိမ်းပုပ်ရောင် ချီစွမ်းအင်ဓားသွားများမှာ မြေပြင်ပေါ်သို့ ထိုးစိုက်လာခဲ့ပြီး နက်ရှိုင်းလှသော စွတ်ကြောင်းများ ဖြစ်ပေါ်စေကာ ပြင်းထန်သော စွမ်းအင် လှိုင်းဂယက်များ ဖြစ်စေခဲ့သည်။

ဇူယွမ်မှာ ပြင်းထန်လှသော လှိုင်းဂယက်များကို ခုခံနေရသဖြင့် မုန်တိုင်းအလယ်၌ လွင့်မျောနေသော သစ်ရွက်တစ်ခုအလား ဖြစ်နေရ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ ပတ်ပတ်လည်မှာ အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့ပြီး တစ်စုံတစ်ခုမျှ လွဲချော်သွားခဲ့လျှင်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင် ရစေနိုင်ပေသည်။ အစိမ်းပုပ်ရောင် ချီစွမ်းအင်၏ နောက်ဆုံးဓားသွားများမှာ မြေပြင်ပေါ်သို့ ကျရောက်လာခဲ့၏။

ဇူယွမ်မှာ လျောတိုက် ရွေ့လျားသွားသဖြင့် ​မြေပြင်ပေါ်၌ စွပ်​ကြောင်းနှစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။ ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်၌ သေးငယ်သော ဒဏ်ရာများ ဖြစ်ပေါ်နေခဲ့ပြီး အမူအရာမှာလည်း လွန်စွာ ခက်ထန်နေလျက် ရှိ၏။ ထိုဒဏ်ရာများမှာ ရှုယန်၏ စွမ်းအင်ဖိအားများကြောင့် ရရှိခဲ့သော ဒဏ်ရာများ ဖြစ်ပေသည်။

“ဝါရင့် ခရမ်းရောင်ခါးစည်း တပည့်ဆိုတဲ့ အတိုင်းပါပဲလား”

ဇူယွမ်မှာ လက်မောင်းမှ သွေးစများကို ခါထုတ်ရင်း ရေရွတ်လိုက်၏။ ရှုယန်၏ ချီစွမ်းအင်များမှာ သန်မာရုံသာမက အဆင့်​ခြောက်သို့ ရောက်ရှိပြီးသော ချီစွမ်းအင်များ ဖြစ်သည်။ ထို့ကြောင့် ရှုယန်၏ စွမ်းအင်ဖိအား အနည်းငယ်ကပင်လျှင် တစ်ဖက်ရန်သူ၏ ခန္ဓာကိုယ်အား ဒဏ်ရာရစေနိုင်ပေသည်။ အကယ်၍သာ ဇူယွမ်၏ ဘိုးဘေးနဂါးချီ စွမ်းအင်သာ အဆင့်တစ်ခုသို့ ရောက်မနေခဲ့လျှင် ရှုယန်၏ စွမ်းအင်ဖိအားများမှာ သူ၏ခန္ဓာကိုယ်အား ထိုးဖော​က်ဝင်ရောက် သွားနိုင်သည်ဟူသော အတွေးက ဇူယွမ့်အား အကြီးအကျယ် ခေါင်းကိုက်စေ၏။

ဇူယွမ်၏ ခန့်မှန်းချက်အရ ဆိုလျှင် ရှုယန်၏ မူလချီစွမ်းအင် ကျင့်စဥ်မှာ အဆင့်ခြောက် အစပိုင်းအဆင့် ဖြစ်ပေလိမ့်မည်။ ကံကောင်း ထောက်မစွာဖြင့် ဇူယွမ်၏ ဘိုးဘေးနဂါးချီ ကျင့်စဥ်မှာလည်း အဆင့်ခြောက်အစပိုင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ဇူယွမ်မှာ ရှုယန်ထက် အားသာချက် အနည်းငယ် ရှိနိုင်ပေသည်။

ရှုယန်သည် သူ၏ ချီစွမ်းအင်များမှာ ဇူယွမ်အား အပေါ်ယံဒဏ်ရာမျှသာ ရရှိစေခဲ့သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကာ စကားဆိုလိုက်၏။

“မင်းရဲ့ ချီကျင့်စဥ်ကလည်း အဆင့်မြင်တဲ့ပုံပဲ … အဟက်။ ငါ့ရဲ့ အဆင့်ခြောက် အစိမ်းရင့်ရောင် လမင်းဓားချီကိုတောင် ခံနိုင်ရည် ရှိတယ်ဆိုတော့”

ဇူယွမ်မှာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သော အစိမ်းရင့်ရောင် လမင်းဓား ချီစွမ်းအင်များ အားလုံးကို ဖျက်ဆီးနိုင်ခဲ့သည်မှာ ထင်ရှားပေသည်။

“ဒါလည်း ကောင်းတာပဲ … မင်းသေသွားမလားဆိုပြီး ငါစိတ်ပူနေစရာ မလိုတော့ဘူးပေါ့” ရှုယန်မှာ အေးစက်စက်​ဖြင့် ပြုံးလိုက်၏။

ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှုယန်မှာ မြေပြင်အား ဆောင့်နင်း ချလိုက်လေသည်။

ဝုန်း …

မျက်စိတစ်မှိတ်စာမျှသော အချိန်လေး အတွင်းမှာပင် အစိမ်းပုပ်ရောင် ချီစွမ်းအင်များမှာ ရှုယန်၏ ခြေဖဝါးအောက်မှ ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

“အစိမ်းရင့်ရောင် လမင်းရဲ့ ဆံချည်မျှင်ဓားသွား”

ဝုန်း …

အစိမ်းပုပ်ရောင် ချီစွမ်းအင်များမှာ တုန်ခါသွားခဲ့ပြီး အသင်္ချေမျှသော ဆံချည်မျှင်ဓားသွား အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဇူယွမ့်ထံသို့ ဦးတည် ရွေ့လျား သွားခဲ့သည်။ လျင်မြန်လှသော တိုက်ခိုက်မှုကြောင့် ဇူယွမ်မှာ မည်သို့မှ ရှောင်ရှားရန် မဖြစ်နိုင်ခဲ့ချေ။

ဇူယွမ်မှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေဟန်ရှိသော အစိမ်းပုပ်ရောင် ဓားသွား အလင်းတန်းများအား ကြည့်ရှုလိုက်ရင်း မျက်ဝန်းများမှာ ကျဥ်းမြောင်း သွားပြီးနောက် ​ချက်ချင်း ဆိုသလိုပင် ခန္ဓာကိုယ်အား ဒြပ်မဲ့သဏ္ဌာန်သို့ အနည်းငယ်မျှ  ပြောင်းလဲစေလိုက်၏။

“နူးညံ့သိမ်မွေ့သော အသွင်သဏ္ဌာန် … ”

“ကောင်းကင်ဘုံ မြွေနဂါး​ကြေးခွံ …”

အော်ဟစ်လိုက်သည်နှင့် တကွ ခရမ်းပြာရောင ်ကြေးခွံများ ပေါ်ထွက်လာကာ ဇူယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးအုပ် သွားစေခဲ့သည်။ ဇူယွမ်မှာ မရပ်တန့်သေးဘဲ အင်္ကျီလက်မောင်းအိုးအား ဆွဲတင်လိုက်သောအခါ လက်မောင်းပေါ်၌ ကြိုတင် ရေးဆွဲထားခဲ့သော မူလမှော်စာလုံးတစ်ခု ပေါ်လာခဲ့၏။

“ရွေရောင်ဖန်ထည် မှော်စာလုံး”

ဇူယွမ် အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် မှော်စာလုံးမှာ ကြီးထွားလာခဲ့ပြီး ဖန်လုံးတစ်ခုအသွင်သို့ ပြောင်းလဲသွားကာ ဇူယွမ်၏ ခန္ဓာကိုယ်အား ဖုံးအုပ်သွားခဲ့သည်။ ရွှေအဆင်းရှိသော ဖန်ထည်၏ တလက်လက် တောက်ပနေသော အလင်းရောင်အောက်တွင် ကောင်းကင်ဘုံ မြွေနဂါးကြေးခွံများပင် အနည်းငယ်မျှ မှေးမှိန်ည သွားသယောင် ရှိနေ၏။

ဇူယွမ်မှာ ရုပ်ထုတစ်ခုအလား ဖြစ်နေရပေသည်။ သို့သော်လည်း ဇူယွမ်၏ ခုခံကာကွယ်နိုင်စွမ်းမှာ အံ့အားသင့်စရာပင် ဖြစ်၏။ ချလန် … ချလန် …

ဇူယွမ်၏ ကြိုတင်ပြင်ဆင်မှုများ ပြီးဆုံးပြီး ချက်ချင်းဆိုသလိုပင် အသင်္ချေမျှသော ဆံချည်မျှင် ဓားသွားများ ရောက်ရှိလာခဲ့ပြီး တောင်ထွတ်ဝန်းကျင် တစ်ခုလုံး၌ ဖန်ထည်အား ဓားသွားမှ တိုးဝင်နေသော အသံများဖြင့် ပဲ့တင်ထပ်နေခဲ့သည်။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ငေးကြည့်နေလျက် ရှိ၏။ အခြားတောင်ထွတ် ကိုးခုမှာ တိုက်ပွဲအစပြုရန် ပြင်ဆင်နေဆဲ ဖြစ်သော်လည်း ဇူယွမ်နှင့် ရှုယန်တို့နှစ်ဦး၏ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်သော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ တပည့်တစ်ဦးမှ သက်ပြင်းချကာ ရေရွတ်လိုက်၏။

“ရှုယန်က အရမ်းတရားလွန်တာပဲ။ တိုက်ပွဲက အခုမှ စကာစ ရှိသေးတာကို သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ အစိမ်းရင့်ရောင် လမင်းရဲ့ ဆံချည်မျှင်​ဓားသွားကို ထုတ်သုံးနေပြီ။ ဒီတိုက်ခိုက်မှုနဲ့ဆိုရင် ပုံမှန်ခရမ်းရောင် ခါးစည်း တပည့်တောင်မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“အော် … ရှုယန်လည်း ရွေးစရာမှ မရှိတာ။ ဇူယွမ်က ဓားကပ်ဘေး တောင်ထွတ် တစ်ခုလုံးကို ထုတ်ပစ်ခဲ့တာလေ။ အဲဒါကြောင့် ရှုယန်ကလည်း ဇူယွမ်ကို တက်နိုင်သမျှ မြန်မြန်ရှုံးအောင်လုပ်ပြီး သူတို့တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာကို နည်းနည်းဖြစ်ဖြစ် ပြန်ယူရမယ် မဟုတ်လား”

“ဒီတစ်ခါတော့ ဇူယွမ် ကံမကောင်းတော့ဘူး ထင်ပါတယ်ကွာ”

“ … ”

ဝေဖန်ဆွေးနွေးကြသော အသံများအောက်၌ပင် အစိမ်းပုပ်ရောင် ဓားသွားများမှာ ပို၍နည်းပါးလာခဲ့ကာ ရပ်စဲသွားခဲ့သဖြင့် တပည့်များမှာ မှန်ချပ်ထံသို့ လျင်မြန်စွာ ကြည့်လိုက်ကြသည်။ မြေပြင်ပေါ်၌ အပေါက်ပေါင်းများစွာ ဖြစ်ပေါ်နေခဲ့ပြီး အပေါက်တစ်ခုစီမှာ လက်သန်းအရွယ်ခန့်သာ ကျယ်ဝန်းသော်လည်း နက်ရှိုင်းလွန်းလှသဖြင့် အောက်ခြေကိုပင် မမြင်ရချေ။

အပျက်အစီးများ၏ အလယ်၌ ဇူယွမ်မှာ လက်မောင်းနှစ်ခုကို ယှက်သန်းထားသော ပုံစံဖြင့် ရှိနေပြီး အစိမ်းရောင် ဓားသွားများမှာ နေရာမလပ် ထိုးစိုက်နေခဲ့သဖြင့် ဖြူကောင်နှင့်ပင် အလားသဏ္ဌာန် တူနေကာ မြင်ရသည်နှင့်ပင် နာကျင်မှုအား ခံစားနိုင်ပေသည်။ ဇူယွမ်အား ကြည့်နေသော ရှုယန်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ရ၏။

ခရက် …

ဇူယွမ်၏ ခန္ဓာကိုယ်မှ အက်ကွဲသံသဲ့သဲ့မျှ ပေါ်ထွက်လာပြီး ဖန်ထည်များ စတင်၍ ကွာကျလာကာ အစိမ်းပုပ်ရောင် ဓားသွားများပါ ဖန်ထည်နှင့်အတူ ပြုတ်ကျလာခဲ့သည်။ အသက်ရှူစာ အနည်းငယ်မျှ ကြာပြီးနောက်တွင် ဖန်ထည်များအားလုံး ကွာကျသွားခဲ့ပြီး ဇူယွမ်မှာ မူလအသားရောင်သို့ ပြန်၍ ပြောင်းလဲသွား၏။ ဇူယွမ်၏ ခန္ဓာကိုယ်၌ အနီရောင် အစက်အပြောက်များစွာ ဖြစ်ပေါ်နေခဲ့ပြီး သွေးများ စို့နေခဲ့​လေသည်။ ရှုယန်မှာ လှောင်ပြောင် သရော်လိုဟန်ဖြင့် စကားဆိုလိုက်၏။

“ဟားဟား … မင်းရဲ့အကာအကွယ်က မာသားပဲကွ”

ဇူယွမ်မှာ ရှုယန်၏ ပြင်းထန်သော တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့ပြီး အပေါ်ယံ ဒဏ်ရာမျှသာ ရရှိခဲ့လေသည်။ ထို့ကြောင့် ရှုယန်မှာ အတော်ပင် စိတ်ပျက်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ရှုယန်မှာ ဤတိုက်ခိုက်မှုနှင့်ဆိုလျှင် ဇူယွမ်အား တိုက်ပွဲမှ ရှုံးနိမ့် သွားစေလိမ့်မည်ဟု တွေးထင် ထားခဲ့သောကြောင့်ပင် ဖြစ်သည်။

ဇူယွမ်၏ အမူအရာမှာ အေးစက်စက်ဖြင့် ခက်ထန်နေခဲ့၏။ ကန်ရွှမ်းကလန်သို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ တိုက်ခိုက်ခဲ့သော တိုက်ပွဲများတွင် ဤမျှလောက်ထိ ဖိအားပြင်းထန်လှသော ရန်သူအား တစ်ကြိမ်မှ မတွေ့ရှိခဲ့ဖူးချေ။ မူလစဦး သမ္မတအဆင့်မှာ အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

သို့သော်လည်း ရှုယန်မှာ မည်မျှပင် စွမ်းအားကြီးသော ကျားတစ်ကောင် ဖြစ်နေပါစေ ဇူယွမ်ကဲ့သို့သော မာကျောလှသည့် ကျောက်တုံးကိုမှ ကိုက်ချင်ပါသည်ဆိုလျှင် ကျား၏ သွားများလည်း ကျိုးပဲ့ရမည် ဖြစ်ကြောင်း သိရှိထားသင့်၏။

ဝုန်း …

ဇူယွမ်မှာ ပြင်းထန်လှသော ချီစွမ်းအင်များအား အာခံတွင်းမှတဆင့် မှုတ်ထုတ် ပစ်လိုက်သောကြောင့် မြေပြင်တစ်ခုလုံးမှာ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားခဲ့ရပြီး ဇူယွမ်၏ပုံရိပ်မှာ ဖုန်လုံးများအကြား၌ ပျောက်ကွယ်သွားခဲ့သည်။

“သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်ရဲ့ အထွတ်အထိပ်အဆင့် … .အဟက် … မင်းက ပုန်းတဲ့နေရာမှာတော့ တော်သားပဲ” ဇူယွမ်၏ ပျောက်ကွယ်သွားသော ပုံရိပ်အားကြည့်ရင်း ရှုယန်မှာ အေးစက်စက်​ဖြင့် ရီမောကာ စကားဆိုလိုက်လေသည်။

“မင်းက ပြန်တိုက်ဖို့တောင် လုပ်ရဲတယ်ဆိုတော့ တော်တော် သတ္တိရှိနေတဲ့ပုံပဲ”

“ကောင်းပြီလေ … ဒါဆိုလည်း မင်းကိုငါက သစ်ပင်ကြီးတစ်ပင်ကို ဆွဲလှုပ်ချင်တဲ့ ပုရွက်ဆိတ်လေး တစ်ကောင်က ဘယ်လိုဖြစ်သွား တတ်လဲဆိုတာ သင်ကြားပေးမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset