Switch Mode

စာစဥ် (၂၈) အပိုင်း (၃၇၇)

ချန်ပီယံနေရာတိုက်ပွဲ

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်သည် ဓားကပ်ဘေးတောင်ထွတ်မှ ရှုယန်နှင့် ထိပ်တိုက် ရင်ဆိုင်ရမည်အား သိရှိ သွားကြသည့်အခါတွင် တုန်လှုပ် ချောက်ချား သွားခဲ့ကြသည်။

“ဇူယွမ်နဲ့ တွေ့ရမဲ့သူက ဓားကပ်ဘေးတောင်ထွတ်က စီနီယာအစ်ကိုတော် ရှုယန်လို့ မထင်ခဲ့မိဘူး”

“ချန်ပီယံ နေရာအတွက် ခရမ်းရောင်ခါးစည်း တပည့်တွေနဲ့ တိုက်ခိုက်ရမှာလား”

“ဟုတ်တယ် … ကျန်တဲ့ ကိုးယောက်ကိုလည်း တခြား တောင်ထွတ်တွေက ခရမ်းရောင်ခါးစည်း တပည့်တွေ ပိတ်ဆို့ထားကြတယ်”

“အဲဒီတော့ ခရမ်းရောင်ခါးစည်းတပည့်ကို အနိုင်ယူနိုင်တဲ့ သူကပဲ ချန်ပီယံ ဖြစ်မှာပေါ့”

“မလွယ်လောက်ဘူး … စီနီယာအစ်ကိုတော် ရှုယန်ရော တခြားစီနီယာ အကုန်လုံးရောက မူလစဦး သမ္မတအဆင့်ကို ရောက်နေကြပြီ။ ပြီးတော့ သူတို့က ခရမ်းရောင်ခါးစည်း တပည့်တွေဆိုတော့ အဆင့်ခြောက် မူလစဦး ချီစွမ်းအင် ကျင့်ကြံရေး နည်းလမ်းတွေကို လေ့ကျင့်ထားကြတာ။ ပြောရမယ်ဆိုရင် စူးဝမ်နဲ့ တခြားသူတွေက သူတို့နဲ့ သက်ဆိုင်ရာ တောင်ထွတ်တွေမှာ ပထမတန်း ရွှေခါးစည်းတပည့်တွေ ဆိုပေမယ့် သူတို့ ကျင့်ကြံထားတဲ့ ချီစွမ်းအင်တွေက အဆင့်ငါးပဲ ရှိတယ်။ အဲဒီလိုတွေ ကွာနေတော့ ခရမ်းရောင်ခါးစည်း တပည့်တွေကို အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

“ဟုတ်တယ် … ချန်ပီယံနေရာရွေးတဲ့ ပွဲက ခရမ်းရောင်ခါးစည်း တပည့်တွေနဲ့ ချခိုင်းတာမျိုး မဖြစ်သင့်ဘူး”

“ … ”

တောင်တန်းအပြင်ဖက်ရှိ ပတ်ဝန်းကျင်မှာ တီတိုးဝေဖန်သံများဖြင့် ပြည့်နှက်နေလျက် ရှိ၏။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၏ ချန်ပီယံရွေးချယ်ခြင်း နည်းလမ်းမှာ စောင့်ကြည့်နေသော သူတိုင်းအား အံ့အားသင့် စေခဲ့လေသည်။

စောင့်ကြည့်နေကြသော တောင်တန်း၏ တောင်ထွတ်တစ်ခုပေါ်၌ လီချင်းချန်နှင့် ယောင်ယောင်မှာလည်း ပြိုင်ပွဲအား ပြသနေသော မှန်ချပ်ကြီးအား ကြည့်ရှုနေလျက် ရှိ၏။

“ဓားကပ်ဘေးတောင်ထွတ်က ရှုယန် …” လီချင်းချန်၏ အေးစက်စက် မျက်နှာလေးပေါ်၌ အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားကာ ရေရွတ်လိုက်သည်။

“ဇူယွမ်နဲ့ ဓားကပ်ဘေး တောင်ထွတ်ကလည်း ကံတော်တော်ပါတဲ့ပုံပဲ။ တောင်ထွတ်ဆယ်ခုကို ကြုံရာရွေးကြတာတောင် ဓားကပ်ဘေး တောင်ထွတ်ကလူနဲ့မှ သွားတွေ့ရတယ်လို့”

ထို့နောက် လီချင်းချန်မှာ ခေတ္တမျှ တွေးတော လိုက်ပြီးနောက် ဆက်၍ပြောလိုက်၏။

“ကလန်ခေါင်းဆောင်က ချန်ပီယံ ရွေးချယ်ပွဲအတွက် ခရမ်းရောင်ခါးစည်း တပည့်တွေကို လွှတ်လိုက်တဲ့ပုံပဲ။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်က ခရမ်းရောင်ခါးစည်း တပည့်တွေကို အနိုင်တိုက်ဖို့ထိ မဟုတ်ဘဲနဲ့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ဖြစ်လိမ့်မယ်”

လီချင်းချန်မှာ ယောင်ယောင့်အား ကြည့်ကာ စကားဆိုလိုက်လေသည်။

“ဇူယွမ်ကတော့ တကယ်ကို ကံမကောင်းတာပဲ။ တခြားတောင်ထွတ်က သူနဲ့ တွေ့ခဲ့မယ် ဆိုရင်တောင် သူ့အတွက် ပိုအဆင်ပြေနိုင်ဦးမယ်။ ရှုယန်ကတော့ နည်းနည်းလေးမှ ညှာတာမှာ မဟုတ်ဘူး”

“အဲဒါကြောင့် ဇူယွမ့်ကို ချန်ပီယံ ဖြစ်လာဖို့တော့ မျှော်လင့်လို့ မရတော့ဘူး”

ပြောရမည်ဆိုလျှင် လီချင်းချန်မှာ ဇူယွမ့်အတွက် အနည်းငယ်မျှ စိတ်မကောင်း ဖြစ်မိပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာသို့ ရောက်ရှိနိုင်ရန် အခြားသူများထက် ဇူယွမ်က ပို၍ကြိုးစား ရုန်းကန်ခဲ့ရသည်ကို သူမကိုယ်တိုင် တွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်၏။ ထိုသို့ ခက်ခဲစွာ ကြိုးစားလာခဲ့ပြီးမှ နောက်ဆုံးအဆင့်တွင် ရှုယန်ကဲ့သို့သော ဓားကပ်ဘေး တောင်ထွတ်မှသူနှင့် ထပ်၍ ရင်ဆိုင်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ယောင်ယောင်မှာ ထန်ထန်၏ အမွှေးနုနုလေးများကို ညင်သာစွာ ထိုးဆွကာ မှန်ချပ်အား ငေးကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

“ငါအရင်က ပြောဖူးသလိုပဲ။ နောက်ဆုံးမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူကမှ ကြိုမသိနိုင်ဘူး” လီချင်းချန်မှာ အနည်းငယ် စိတ်ကသိကအောက် ဖြစ်စွာဖြင့် ပြန်ပြောလိုက်၏။

“နင်က ဇူယွမ်ကို မျက်စိမှိတ်ယုံကြည်နေတာ မဟုတ်ဘူးလား။ ဇူယွမ်က လီထျန်းတို့ကို နိုင်ခဲ့တယ် ဆိုတာကလည်း သူ့မှာ ဝှက်ဖဲရှိမှန်း လီထျန်းတို့က မသိခဲ့လို့ပဲ။ အခု ရှုယန်ကလည်း အဲဒီအကြောင်းကို သိပြီးနေလောက်ပြီမို့ ဇူယွမ့်ကို အစီအရင်တစ်ခု ရေးဆွဲဖို့ထိ အချိန်ပေးမယ် ထင်နေလား”

“အစီအရင်သာ မရှိဘူးဆိုရင် ဇူယွမ်က ရှုယန်လို မူလစဦး သမ္မတအဆင့်ကို မပြောနဲ့ဦး။ လီထျန်းလို လူကိုတောင် နိုင်မှာမဟုတ်ဘူး”

လီချင်းချန်မှာ ကျိုးကြောင်း ဆီလျော်စွာ တွေးတောတက်သူ ဖြစ်သောကြောင့် ဇူယွမ့်အပေါ်တွင် ထားရှိသော ယောင်ယောင်၏ ယုံကြည်မှုအား နားမလည်နိုင် ဖြစ်နေရပေသည်။

ဇူယွမ်မှာ အလွန်ထူးချွန် ထက်မြက်သော တပည့်တစ်ဦး ဖြစ်သည်အား လီချင်းချန်မှ လက်ခံထားပြီး ဖြစ်၏။ သို့သော် အရာရာတိုင်းတွင် အကန့်အသတ် ရှိလေသည်။ ဇူယွမ်မှာ မူလစဦး တတိယအဆင့်သာ ရှိသေးသော်လည်း ယောင်ယောင်မှာ ဇူယွမ်သည် ရှုယန်အား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းမှာ ကြားထဲမှ ကွာဟနေသော အဆင့်လေးခုကို အလွန်အမင်း လျှော့တွက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ယောင်ယောင်မှာ လီချင်းချန်အား မည်သည့်စကားမှ မတုံ့ပြန်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ယောင်ယောင်မှာ ဇူယွမ်သည် ဖိအားကြီးမားလှသော ရန်သူနှင့် မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရှိထားသောကြောင့် ဖြစ်၏။ ထို့အပြင် ရှုယန်ကဲ့သို့သော ရန်သူနှင့် ရင်ဆိုင်ရခြင်း​က ဇူယွမ်အတွက် ကောင်းလိမ့်မည်ဟုလည်း ခံစားနေရပေသည်။ ပြိုင်ပွဲရလဒ်မှာ မည်သို့ပင် ထွက်လာပါစေ အရေးမကြီးပေ။ ဇူယွမ့်အတွက် ကောင်းမွန်သော အတွေ့အကြုံတစ်ခု ရရှိခြင်းကသာ ယောင်ယောင် ဂရုစိုက်သောအရာ ဖြစ်၏။

တောင်တန်း အပြင်ဖက်မှာ ဝေဖန်ဆွေးနွေး သံများဖြင့် ဆူညံ ပွတ်လော ရိုက်နေသော အချိန်တွင် ဇူယွမ်မှာ ရှုယန်ကို ကြည့်နေသည့် အမူအရာသည် အနည်းငယ် ခက်ထန်နေခဲ့သည်။ ရှုယန်ဆီမှ ထုတ်လွှတ်လျက်ရှိသော ချီစွမ်းအင်များ၏ တုန်ခါမှုက ဇူယွမ့်အား ဖိအားများစွာ ပေးလျက်ရှိ၏။

မူလစဦး သမ္မတအဆင့် …

ဇူယွမ် ရင်ဆိုင်ခဲ့ရသော လီထျန်းတို့ အုပ်စုနှင့် နှိုင်းယှဥ်ရမည်ဆိုလျှင် ရှုယန်မှာ များစွာကွာခြား သာလွန်ပေသည်။ ရှုယန်မှာ တည်ငြိမ်စွာဖြင့် ဇူယွမ်အား ကြည့်လိုက်ပြီးနောက် စိတ်မရှည်တော့ဟန်ဖြင့် စကားဆိုလိုက်၏။

“နောက်ဆုံးတစ်ခါ ငါတို့တွေ့ကြတုန်းက ငါမင်းကို လေးစားမှူထားပြီး ဂျူနီယာညီမတော် လုရွှမ်းယင်ကို တောင်းပန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ မင်းက စိတ်ကြီး ဝင်လွန်းပြီးတော့ ငါ့ရဲ့ ကြင်နာမှုကိုတောင် ငြင်းပယ်ရဲတယ်”

“အဲဒါကြောင့် ဘဝင်မြင့်နေတဲ့ ဂျူနီယာ ညီတော်လေးကို သင်ပြပေးနိုင်ဖို့အတွက် ဒီအစ်ကိုတော်က လီထျန်းနဲ့ တခြားသူတွေကိုတောင် အကူအညီ တောင်းခဲ့ရတာ”

“ဟားဟား … စီနီယာ အစ်ကိုတော် ကျောင်းဇူကလည်း မင်းကို ကြည့်မရဘူးလေ”

ဇူယွမ်မှာ အနည်းငယ်မျှ တွေဝေသွားခဲ့ရသည်။ ယခုအချိန်၌ လီထျန်တို့ အုပ်စုမှာ ရှုယန်၏ ခိုင်းစေချက်ကြောင့် သူ့အား ဒုက္ခပေးခြင်းဖြစ်ကြောင်း သိရှိခဲ့ရပြီ ဖြစ်၏။ သို့သော်လည်း ဓားကပ်ဘေး တောင်ထွတ်၏ ဒုတိယမြောက် အရွေးချယ်ခံ တစ်ယောက်ဖြစ်သော ကျောင်းဇူမှာ ဇူယွမ်နှင့် သိပင်မသိရှိပါချေ။ အဘယ့်ကြောင့် ကျောင်းဇူမှလည်း သူ့အား ပို၍ခက်ခဲအောင် လုပ်ဆောင်ချင် နေရပါသနည်း။

“ကြည့်ရတာ ကျွန်တော်က စီနီယာအစ်ကိုတော် နှစ်ယောက်ကို စိတ်ပျက်စေခဲ့တယ်နဲ့ တူတယ်” ဇူယွမ်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ ရှုယန်တို့မှ ဇူယွမ်အား ခက်ခဲစေရန် ရည်ရွယ်ထားသည့်အတွက် ဇူယွမ်မှလည်း သူတို့အပေါ် ယဥ်ကျေး သိမ်မွေ့​နေရန် မလိုအပ်တော့ပေ။ ရှုယန်မှ သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်လေသည်။

“ဟုတ်တယ်။ အမှန်တိုင်း ပြောရရင် လီထျန်းတို့က မင်းကို ပြိုင်ပွဲကနေ မဖယ်ရှားနိုင်ခဲ့လို့ ငါနည်းနည်း စိတ်ပျက်မိတယ်”

ရှုယန်သည် ဇူယွမ့်အား ရင်ဆိုင်ရန်မှာ အနည်းငယ် ခက်ခဲကြောင်း လက်ခံခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် လီထျန်းတို့အုပ်စုမှာ ရှုယန်တို့ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး ပထမတန်း ရွှေခါးစည်းတပည့်များ ဖြစ်လေသည်။ ထိုသည်တောင်မှ လီထျန်းတို့အားလုံး ဇူယွမ်၏ လက်အောက်၌ ကျဆုံးရလိမ့်မည်ဟု ရှုယန ်တွေးမထားခဲ့ချေ။

ရှုယန်မှာ မြေပြင်ထိပင် ရှည်ကျနေသော ဓားအိမ်အား လက်နှစ်ဖက်နှင့် အသာအယာ မတင်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် စကားဆိုလိုက်၏။

“အခုက မင်းဘာသာမင်း ငါရှေ့ ရောက်လာတာ ဆိုမှတော့  ငါ့ကို ကျော်ဖြတ်သွားနိုင်ဖို့ တွေးတောင် တွေးမနေနဲ့တော့”

“ငါတို့ရဲ့ ဓားကပ်ဘေး တောင်ထွတ်ကို ဂုဏ်သိက္ခာတချို့ ပြန်ယူဆောင်ပေးဖို့အတွက် မင်းကိုနာနာလေး သင်ခန်းစာ ပေးမှရမယ်”

“မင်းမှာ ဆင်ခြင်တုံတရားလေး နည်းနည်းလောက် ရှိဦးမယ်ဆိုရင် အခုပဲဖြစ်ဖြစ် အရှုံးပေးလိုက်တော့။ အဲဒီလိုမှ မဟုတ်ရင်တော့  … ” ရှုယန်မှ စဥ်းလဲစွာ ပြုံးလိုက်ပြီးနောက် ဆက်၍ ပြောလိုက်၏။

“မင်းကို သင်ကြား ပြသပေးဖို့အတွက် လုပ်ရတာကို ဒီစီနီယာ အစ်ကိုတော်က အနိုင်ကျင့်တယ်လို့ မစွပ်စွဲပါနဲ့”

ဇူယွမ်မှာ ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဖြည်းညင်းစွာ ဆွဲယူ လိုက်လေသည်။ ဇူယွမ်၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှု အနည်းငယ်မျှပင် ရှိမနေဘဲ တည်ငြိမ်စွာဖြင့်ပင် ရှုယန်အားကြည့်ကာ စကားဆိုလိုက်၏။

“အဲဒါဆိုလည်း စည်းကမ်းချက်တွေအကြောင်း ပြောရအောင်။ ချန်ပီယံ ဖြစ်လာဖို့ အတွက်က မင်းကို အနိုင်တိုက်မှ ရမှာလား”

ရှုယန်မှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ကျယ်လောင်စွာ ရီမော ပစ်လိုက်လေသည်။ ရှုယန်၏ မျက်ဝန်းများမှာ ပို၍ပို၍ အေးစက်လာခဲ့ပြီး နှုတ်ခမ်းအစုံမှာလည်း လှောင်ပြောင် သရော်ဟန်ဖြင့် ရီမောနေခဲ့၏။

“ဂျူနီယာ ညီတော်ဇူယွမ် ခုနက မင်းက အနိုင်ရလာခဲ့တော့ ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးသွားတဲ့ပုံပဲ”

ထို့နောက် ရှုယန်မှာ သုံးပေခန့် ရှည်လျားသော အမွှေးနံ့သာတိုင်ကြီးအား ညွှန်ပြကာ စကားဆက်လိုက်သည်။

“အခု တောင်ထွတ် ဆယ်ခုလုံးမှာ ရှိနေတဲ့ ထိပ်ဆုံးဆယ်ယောက်က သက်ဆိုင်ရာ တောင်ထွတ်ခုနစ်ခုက ခရမ်းရောင်ခါးစည်း တပည့်တွေနဲ့ ရင်ဆိုင်နေရတာ။ အချိန်အကြာဆုံး တောင့်ခံထားနိုင်တဲ့ သူကပဲ ချန်ပီယံ ဖြစ်လာလိမ့်မယ်”

“ဒီအမွှေးနံ့သာတိုင်ကြီး ကုန်သွားတဲ့ အချိန်ထိကို တောင့်ခံနိုင်မှ ရမှာ”

“ဂျူနီယာညီတော် ဇူယွမ် အခု မင်းတွေးနေသင့်တဲ့ဟာက ငါက မင်းကို ဘယ်အချိန်ထိ လွှတ်ထားပေးမလဲ ဆိုတာပဲ။ မင်းငါ့ကို ဘယ်လို အနိုင်ယူရမလဲ ဆိုတဲ့ အတွေးမျိုး မဟုတ်ဘူး”

“အမှန်တိုင်းပြောရရင် ငါတို့တွေက အစပိုင်းမှာတော့ မင်းတို့သက်ဆိုင်ရာ တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညာတဲ့ အနေနဲ့ နည်းနည်းကြာအောင် လွှတ်ထားပေးလေ့ ရှိတယ်”

“ဒါပေမဲ့ …”

ရှုယန်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားပြီး ဇူယွမ့်အား ကြည့်ကာ ဆက်၍ ပြောလိုက်သည်။

“ငါကတော့ မင်းကို ပထမဆုံး ရှုံးရတဲ့သူ ဖြစ်အောင် လုပ်မှာ”

ရှုယန်မှာ အနည်းငယ်မျှပင် သက်ညှာမှုပေးမည် မဟုတ်ကြောင်း ထင်ရှားပြီး ဇူယွမ့်အား အချိန်အချို့မျှပင် အလွတ်မပေးချင်ကြောင်း သိသာပေသည်။ ဇူယွမ်၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေလျက်ရှိကာ လက်ထဲမှ ယွမ်စုတ်တံမှာလည်း လျင်​မြန်စွာ ကြီးထွားလာခဲ့၏။ ထို့နောက် နှင်းကဲ့သို့ ဖြူစွတ်နေသော စုတ်တံထိပ်ရှိ အမွှေးများမှာ မြေပြင်နှင့် ထိစပ်သွားကာ ရွှေရောင် ချီစွမ်းအင်များက ကောင်ကင်ထက်၌ အခိုးအငွေ့အလား ပေါ်ထွက်လာခဲ့ပြီး စပါးအုံး တွန်သံသဲ့သဲ့မျှ ထွက်ပေါ်လာခဲ့လေသည်။

“အဲဒါဆိုလည်း ကျွန်တော့ကို စီနီယာ အစ်ကိုတော်နဲ့ အတွေ့အကြုံတွေ မျှဝေခွင့်ပြုပါ” ဇူယွမ်မှ ဖြည်းညင်းစွာ ပြောလိုက်၏။ ဇူယွမ်၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှု အရိပ်အယောင်မျှပင် ရှိမနေဘဲ တိုက်ပွဲဆာလောင် စိတ်များနှင့်သာ ပြည့်နှက်နေခဲ့သည်။

ဇူယွမ် ရင်ဆိုင်ရမည့်သူမှာ အလွန်ပင် အင်အားကြီးမား လှသော်လည်း သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ် ရန်သူများအား မကြောက်ရွံ့တက်ပေ။ ဇူယွမ်၏ အမြင်တွင်မူ အင်အားကြီးလှသော ရန်သူများသည် အမြင့်သို့ တက်လှမ်းရန်အတွက် ကြီးမားသော ကျောက်တုံးများသာ ဖြစ်၏။

ဇူယွမ်၏ စိတ်အားထက်သန်လှသော ပုံစံကြောင့် ရှုယန်၏ လှောင်ပြောင် သရော်လိုစိတ်မှာ ပို၍ပို၍ တိုးလာခဲ့ရလေသည်။

“မင်းရဲ့ ဒီလိုစိတ်ဓာတ်ကို အနာဂတ်မှာလည်း ဆက်ပြီး ထိန်းသိမ်းနိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်”

ထို့နောက် ရှုယန်မှာ ဓားအိမ်ထဲမှ ဓားသွားအား ဆွဲထုတ်လိုက်သဖြင့် လေထုအား ဆုတ်ဖြဲသွားသော အသံများဖြင့် ပတ်ဝန်းကျင်မှာ ဆူညံသွားခဲ့ရ၏။

ချပ် …

ရှုယန်၏ အနောက်တွင် ရှိနေသော အမွှေးနံ့သာတိုင်ကြီးမှာ စတင်၍ အငွေ့များ ​လွင့်ပျံလာခဲ့လေသည်။

ရှုယန်မှာ ခက်ထန်နေသော မျက်ဝန်းများနှင့် ဓားအား ဆွဲယူလိုက်သည်နှင့် တစ်ပြိုင်နက် ပေရှစ်ရာကျော်မျှ ရှိသော အစိမ်းပုပ်ရောင် ချီစွမ်းအင်များမှာ သူ၏ဦးခေါင်းထက်မှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

ရှုယန်၏ ချီစွမ်းအင်မှာ ကောင်းကင်နှင့် မြေပြင်တိုင်အောင် ထိစပ်နေသော အစိမ်းပုပ်ရောင် ဓားသွားကြီးအလား ခန့်ထည်စွာ တည်ရှိနေပေသည်။ ဓားသွားမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် ဖိအားများက ကောင်းကင်ထိတိုင် ပျံ့နှံ့သွားခဲ့၏။

“ဇူယွမ် မင်းက ငါ့ရဲ့ဓားကပ်ဘေး တောင်ထွတ်ကို ဂုဏ်သိက္ခာကျအောင် လုပ်ခဲ့တယ်။ အဲဒီတော့  …  ”

“အခုက မင်းပြန်ပေးဆပ်ရမဲ့ အချိန်ပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset