ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုလိုက်၏။ သူသည် စကားပြောရန်ပြင်လိုက်ပါသော်လည်း မြည်းလေးမှာ ပရိဘောဂများကို လျှာဖြင့်လျှက်ထားသောကြောင့် ၎င်းတို့မှာ စိုရွှဲနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်း၏ တံတွေးများမှာလည်း ကြမ်းပြင်ပေါ်တွင် အိုင်နေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရတော့သည်။
ကျင့်သိုမင် လှေကားပေါ်မှ ဆင်းလာချိန်တွင် ဝမ်ပေါင်လဲ့မှာမှာ ကျင့်သိုမင် သတိမထားမိသည့် အချိန်ကိုစောင့်၍ မြည်းလေးအား ကန်ကျောက်လိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ကျင့်သိုမင်အား ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
” ဟုတ်တယ်။ နည်းနည်းလေးတော့ စုတ်နေသေးတယ် ”
ဝမ်ပေါင်လဲ့က သူ၏စကားကို ထောက်ခံလိုက်သည်။ သူ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသော မြည်းလေးမှာမူ ချက်ချင်းပင် နားရွက်ထောင်လာပြီး ဝမ်ပေါင်လဲ့အား အပြစ်ကင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ၎င်း၏ မျက်လုံးများကို မထိန်းနိုင်တော့ဘဲ ဘေးဘက်ရှိ စားပွဲခုံအား လှမ်းကြည့်မိလိုက်၏။
မြည်းလေး၏ အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာမှာ ၎င်း၏ ထုံထိုင်းမှုကြောင့် ဆွံ့အသွားရတော့သည်။ အကယ်၍ အနာဂတ်တွင် သူသည် ၎င်းအား လူအများ၏ရှေ့သို့ ခေါ်သွားရမည်ဆိုပါက အရှက်တကွဲ အကျိုးနည်းဖြစ်ရမည်မှာ မလွဲဧကန်ပင်။ သို့သော် ကျင့်သိုမင်မှာ ၎င်းအား ဝယ်ယူရန် တွေးတောနေခြင်းဖြစ်ကြောင်း ပြန်၍သတိရသွားသောအခါ သူသည် စိတ်အေးသွားရ၏။ ထို့ကြောင့် သူသည် ကျင့်သိုမင်ဘက်သို့လှည့်ကာ ပို၍ပင် ရွှင်ပျစွာ ပြုံးပြလိုက်တော့သည်။
ထိုအချိန်တွင် ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ အနားသို့ ရောက်လာပြီး သူ၏စကားကို ကြားလိုက်ရသဖြင့် မျက်ခုံးပင့်မိသွား၏။ သူသည် လောကွတ်စကား ပြောနေခြင်းသာဖြစ်သည်။ အမှန်တွင် သူသည် ဤစံအိမ်ထဲရှိ အရာတိုင်းကို သူကိုယ်တိုင် လူပင်ပန်း စိတ်ပင်ပန်းခံ၍ တပ်ဆင်ထားခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးကို ဒီဇိုင်းရေးဆွဲရသည်မှာ အလွန်အင်မတန်မှ ငွေကုန်ကြေးကျများခဲ့၏။ ထိုဆိုဖာဆိုလျှင် သူ အနှစ်သက်ဆုံး ပရိဘောဂဖြစ်သည်။
သူသည် အလွန်အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်သွားရပါသော်လည်း ဝမ်ပေါင်လဲ့အကြောင်းကို ကောင်းကောင်းသိထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် ပြိုင်ငြင်းလျှင် အနိုင်ရနိုင်မည် မဟုတ်ကြောင်း နားလည်ထား၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား သင်ခန်းစာ ပေးချင်နေဆဲ ဖြစ်သောကြောင့် ပြုံးပြကာ ထိုဆိုဖာအား လက်ညှိုးထိုးလိုက်၏။
” ဟုတ်တယ်ကွ။ ဘာမှ အထင်ကြီးစရာမရှိပါဘူးကွာ။ ဒါပေမဲ့ ဒီဆိုဖာလေးကတော့ အဆင့်အတန်း အတော်အသင့် ရှိပါတယ်။ အဲဒီဆိုဖာကို အမြုတေအဆင့် သားရဲဘုရင်ကြီးတစ်ကောင်ရဲ့ အရေခွံနဲ့ လုပ်ထားပြီးတော့ အမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်သွေးတွေထဲမှာ နှစ်တွေအကြာကြီး စိမ်ထားတာလေ။ အတွင်းပိုင်းကိုကျတော့ သစ်သားနဲ့ မဟုတ်ဘဲ သားရဲဘုရင်ကြီးရဲ့ အရိုးတွေနဲ့လုပ်ထားတာ။ အဲဒီတော့ ဒီဆိုဖာကို သားရဲဘုရင်ကြီးရဲ့ ပြယုဂ်တစ်ခုလိုတောင် ခေါ်လို့ရတယ်။ ဒီပေါ်မှာ ထိုင်ပြီးတော့ ကျင့်ကြံမယ်ဆိုရင် ပုံမှန်ရဲ့ တစ်ဝက်လောက်ပဲ အားစိုက်ထုတ်စရာလိုမှာ ”
ကျင့်သိုမင်မှာ ထိုဆိုဖာလေး၏ အကြောင်းအား အကျဉ်းချုံးရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက် မှင်တက်သွားရသည်ကို မြင်လိုက်ရသောအခါ ပြုံးလိုက်၏။ ထို့နောက် သူသည် သူ၏အိမ်အကြောင်းကို ဆက်ပြောမနေတော့ပေ။ သူ၏အာရုံမှာ ဝမ်ပေါင်လဲ့၏ ဘေးရှိ မြည်းလေးပေါ်သို့ ရောက်သွား၏။
ကျင့်သိုမင်မှာ ၎င်းအား တစ်ချက်မျှ ကြည့်လိုက်ရုံမျှဖြင့် မျက်လုံးများ အရောင်တောက်သွား၏။ ထိုမြည်းလေးမှာ အမှန်တကယ်ပင် သားနားနေ၏။ အထူးသဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား ရောင်းချရန်အတွက် ထုပ်ပိုးထားသကဲ့သို့ ထိုမြည်းလေးအား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ထားသည်မဟုတ်ပါလော။ ၎င်း၏ အနက်ရောင်အမွေးများမှာ တလက်လက် တောက်ပြောင်နေပြီး ၎င်း၏ အပေါ်တည့်တည့်ထောင်နေသော နားရွက်များကြောင့် ၎င်း၏ပုံစံမှာ အားငယ်နေသည့်ပုံ ပေါက်နေ၏။ ၎င်း၏ မျက်လုံးဝိုင်းလေးများထဲတွင်မူ အပြစ်ကင်းစင်သည့် အရိပ်အယောင်များနှင့် ကမ္ဘာကြီးအား စူးစမ်းလိုသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထို့ကြောင့် ထိုမြည်းလေးမှာ ပုံမှန်ထက်ပင်ပို၍ စွဲဆောင်မှုရှိနေတော့သည်။
ထိုကြောင့် ကျင့်သိုမင်မှာ တစ်ချက်မျှ ကြည့်လိုက်ရုံမျှဖြင့် ထိုမြည်းလေးမှာ အမှန်တကယ်ပင် တမူထူးခြားသော သတ္တဝါတစ်ကောင် ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။ သူ၏ နှလုံးသားထဲတွင် သံယောဇဉ်ကြိုးများ ငြိတွယ်လာတော့သည်။ ထိုအချိန်တွင် သူသည် ဇဝေဇဝါဖြစ်နေသည့်ပုံ ပေါ်နေသော ထိုမြည်းလေးမှာ ကြိုးတုတ်ကြီးတစ်ချောင်းဖြင့် ချည်နှောင်ခြင်းခံထားရသည်ကို သတိထားမိလိုက်သဖြင့် မျက်မှောင်ကြုတ်မိသွားပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်တော့သည်။
” တာအိုရောင်းရင်းဝမ်ရယ်။ ဘာလို့ ဒီသတ္တဝါလေးကို ကြိုးနဲ့ ချည်ထားရတာလဲ။ အခု ဒီကိုရောက်နေပြီဆိုတော့ မြန်မြန်လေး ကြိုးဖြေပေးလိုက်ပါ။ ဒီသတ္တဝါလေးက အသိဉာဏ်ရှိတဲ့ပုံပဲ။ ပြီးတော့ သူ့ပုံစံက တော်တော်လေးလည်း အသက်ငယ်သေးတယ်။ မင်း သူ့ကို ကောင်းကောင်းမဆက်ဆံဘူးဆိုရင် သူက လူတွေကို ရန်သူလို သဘောထားသွားလိမ့်မယ်။ ပြီးတော့ ဒီလို အသက်အရွယ်တွေမှာရှိတဲ့ သတ္တဝါတွေက သူတို့ရဲ့သခင်တွေအတိုင်း လိုက်ပြီးတော့ အတုခိုးတတ်တယ်။ ကြည့်ရတာ မင်းက ဒီသတ္တဝါလေးအတွက် သင့်တော်တဲ့ သခင်တစ်ယောက် မဖြစ်နိုင်လောက်ဘူး ”
ကျင့်သိုမင်မှာ အနည်းငယ်ခန့် ဝမ်းနည်းသွားရ၏။ သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား နှိပ်စက်နေသည်။
ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုကြားလိုက်ရသောအခါ ထောင်းခနဲ ဒေါသထွက်သွားရ၏။ သို့သော် ကျင့်သိုမင်မှာ သူကြွယ်တစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူ ပြန်သတိပေးလိုက်ပြီးနောက် သူနှင့်အတူ စီးပွားရေးလုပ်မည့် ချမ်းသာကြွယ်ဝသော သူကြွယ်များအပေါ် အငြိုးထားနေစရာ မလိုကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် တာဝန်သိသော ရောင်းသူတစ်ယောက်အနေနှင့် ကျင့်သိုမင်အား သတိပေးလိုက်သည်။
” ငါ အရင်ဆုံးကြိုပြောထားမယ်နော်။ ဒီမြည်းက အစားအရမ်းကြီးတာ။ ငါ သူ့ကို လွှတ်လိုက်လို့ သူ ဒီနေရာမှာ ရှိတဲ့ ပစ္စည်းတွေကို လျှောက်စားနေရင် ငါ့တာဝန် မဟုတ်ဘူးနော် ”
ဝမ်ပေါင်လဲ့မှာ ကြို၍ သတိပေးထားလိုက်၏။ အကယ်၍ ကျင့်သိုမင်ကသာ သူ၏ နစ်နာဆုံးရှုံးမှုများအတွက် လျော်ကြေးပြန်တောင်းမည်ဆိုပါက သူသည် တတ်နိုင်မည် မဟုတ်ပေ။
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ ထို့နောက် သူသည် မောက်မာဝံ့ကြွားမှု အရိပ်အယောင်အချို့ ထင်ဟပ်သွားသည့် မျက်ဝန်းများဖြင့် တည်ကြည်စွာ ဆိုလိုက်တော့သည်။
” စားစရာလေး နည်းနည်းပါးပါး လောက်ပဲမလား။ ကျင့်သိုမင်ဆိုတဲ့ ငါ့ဆီမှာ တခြားအရာတွေ များများစားစား မရှိပေမဲ့ ဆေးလုံးတွေနဲ့ စားစရာတွေကတော့ အများကြီးရှိပါတယ်ကွ။ သူ စားချင်ရင် စားပါစေ။ ကုန်ကျစရိတ်အားလုံးကို ငါခံမယ်။ ပြီးတော့ ငါက ဒီသတ္တဝါလေးကို ဝယ်ဖို့ ဆုံးဖြတ်ထားပြီးသား ”
” ဈေးကိုနောက်မှညှိတာပေါ့။ စိတ်မပူပါနဲ့။ ကျင့်သိုမင်ဆိုတဲ့ ငါက တစ်ခုခုကိုဝယ်မယ်လို့ ကတိပေးထားပြီးရင် ဘယ်တော့မှ ကတိဖောက်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ ဈေးနဲ့ ပတ်သက်လို့လည်း…. မင်း စိတ်ကျေနပ်ဖို့ အာမခံတယ် ”
ကျင့်သိုမင်မှာ မြည်းလေးကို မခွာတမ်း စိုက်ကြည့်ရင်း ဆိုလိုက်၏။ သူသည် ၎င်းအား အချိန်အကြာကြီး ပိုကြည့်မိလေလေ ပို၍ သဘောကျလာလေလေ ဖြစ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ စကားကိုကြားလိုက်ရသောအခါ စိတ်အေးသွားရ၏။ ထို့ကြောင့် သူသည် မြည်းလေး၏ လည်ပင်းပတ်ပတ်လည်တွင် ချည်ထားသောကြိုးကို ချက်ချင်းပင် ပြန်ဖြေပေးလိုက်ပြီး ၎င်း၏ ခေါင်းအား အကြိမ်အနည်းငယ်ခန့် ပုတ်လိုက်ပြီးနောက် ကျေနပ်အားရနေသည့် လေသံဖြင့် ဆိုလိုက်၏။
” ကောင်းပြီ။ အခုကစပြီးတော့ ဒါ မင်းရဲ့ အိမ်အသစ်ဖြစ်သွားပြီ ”
ကြိုးများ ပြေသွားသောအခါ မြည်းလေးမှာ အနည်းငယ်ခန့် ကြောက်ရွံ့နေသည့်ပုံ ပေါက်နေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်ပြီးနောက် ကျင့်သိုမင်အား စိုက်ကြည့်ကာ ကြောက်ရွံ့နေသည့် မျက်နှာအမူအရာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွား၏။ ကျင့်သိုမင်မှာ ၎င်း၏ အမူအရာကို မြင်လိုက်ရသောအခါ စိတ်နှလုံး နာကျင်သွားရပြီး ဝမ်ပေါင်လဲ့အား မကျေမနပ်နှင့် စိုက်ကြည့်နေလိုက်၏။
ဝမ်ပေါင်လဲ့ကမူ ချောင်းဟန့်လိုက်ပြီး မြည်းလေး၏ ရောင်းဈေးအား ကျင့်သိုမင်နှင့် ဆွေးနွေးညှိနှိုင်းရန် ပြင်လိုက်စဉ်မှာပင် ထိုမြည်းလေးမှာ ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားသဖြင့် ရုတ်တရက်ဆိုသလို မျက်လုံးများ အရောင်တောက်လာ၏။ ထို့နောက် ၎င်းမှာ ရုတ်ခြည်းဆိုသလို ရဲတင်းလာပြီး အရောင်တောက်နေသော မျက်လုံးများဖြင့် နောက်သို့ဆုတ်ကာ ရှေးဟောင်းစင်ကြီးတစ်ခုပေါ်တွင် တင်ထားသည့် ဆေးလုံးတစ်လုံးဆီသို့ ချဉ်းကပ်သွားလိုက်တော့သည်။ ထို့နောက် ၎င်း၏ ပါးစပ်ကို ဟလိုက်ပြီး သွားများဖြင့် ဆေးလုံးအား အုပ်ထားသည့် အဖုံးကို ခွဲကာ ထိုဆေးလုံး အပါအဝင် ဆေးပုလင်းကိုပါ မျိုချပစ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ထိုမြည်းလေးအား လေသံမာမာဖြင့် ဆူပူကြိမ်းမောင်းရန် ပြင်လိုက်ပါသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဘေးနားတွင်ရပ်နေသည့် ကျင့်သိုမင်မှာ ထိုမြည်းလေးအား ချီးကျူးစကားဆိုလိုက်တော့သည်။
” ဒီသတ္တဝါလေးက တော်တော်ကို အံ့သြဖို့ကောင်းတာပဲကွ။ မြန်လည်းမြန်တဲ့အပြင် အဖုံးကိုပါ ဂရုစိုက်မနေဘူးပဲ။ ချကွာ။ ဒီအခန်းထဲမှာ ရှိတဲ့ ဘယ်အရာကိုမဆို စိတ်ကြိုက်စားပစ်လို့ရတယ် ”
ကျင့်သိုမင်မှာ ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်။ ထို့နောက် သူသည် ရှေးဟောင်းစင်ကြီးပေါ်ရှိ အဖုံးအားလုံးကို လှန်လိုက်သောကြောင့် ဆေးပုလင်းများအားလုံး ပေါ်လာတော့သည်။ ထိုအခါ မြည်းလေးမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် ပုံစံဖြင့် ဆေးလုံးများကို ကြည့်လိုက်ပြီးနောက် ကျင့်သိုမင်အား စိုက်ကြည့်ကာ အသက်ရှူနှုန်းများ မြန်ဆန်လာတော့သည်။ ၎င်းမှာ မွေးကင်းစ အချိန်ကတည်းက ယခုအထိ တစ်ခုခုကို စားပြီးတိုင်း ရိုက်နှက်ခံခဲ့ရသည်သာ ဖြစ်သည်။ သို့သော် ယခုအကြိမ်တွင်မူ ၎င်းမှာ စိတ်လွတ်လက်လွတ်နှင့် ဆန္ဒရှိသည့်အတိုင်း စားသုံးနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထို့ကြောင့် မြည်းလေးမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရပြီး စင်ကြီးဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် နောက်ထပ်ဆေးပုလင်း တစ်ပုလင်းကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားကာ မျိုချလိုက်ပြန်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကိုမြင်လိုက်ရသောအခါ ကျင့်သိုမင်အား သတိပေးလိုက်၏။
” သူက တော်တော်ကို အစားကြီးတာနော် ”
ကျင့်သိုမင်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းစောင်း၍ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီး မောက်မာဝင့်ကြွားစွာ ပြုံးပြလိုက်၏။
” အဲဒါဆိုရင် အဝစားစေဗျား ”
ထို သူကြွယ်လေး၏ နှုတ်မှထွက်လာသော စကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများပင် ရပ်တန့်သွားရတော့သည်။ ထို့နောက် သူသည် မည်သည့်အကြောင်းကြောင့်မှန်း မသိပါသော်လည်း ဆေးပုလင်းများကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေသည့် မြည်းလေးကို ကြည့်ရင်း စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။
ကျင့်သိုမင်၏ ထောက်ခံအားပေးမှုကို ရရှိထားသည့်အပြင် ဝမ်ပေါင်လဲ့မှာ ပထမဆုံးအကြိမ်အဖြစ် သူ့အား ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း သိလိုက်ရသောအခါ ထိုမြည်းလေးမှာ အလွန်အင်မတန်မှ ပျော်ရွှင်မြူးထူးသွားတော့သည်။ ၎င်းမှာ ဝမ်းသာအားရ အော်ဟစ်မြည်တမ်းနေသောကြောင့် ၎င်း၏ အော်ဟစ်သံများမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်နေတော့ငည်။ ထို့နောက် ၎င်းမှာ ကျေနပ်အားရမှု အပြည့်ဖြင့် အရှိန်မြှင့်တင်လိုက်ပြီး ကျင့်သိုမင်၏ စံအိမ်ထဲရှိ ပထမအထပ်ပေါ်၌ လှည့်ပတ်သွားလာနေလိုက်တော့သည်။
ထိုမြည်းလေးမှာ ဆေးပုလင်းအားလုံးကို မျိုချပစ်ခဲ့သည့်အပြင် နံရံပေါ်၌ ချိတ်ဆွဲထားသည့် ဓမ္မရတနာများကိုလည်း မချန်ထားခဲ့ပေ။ ၎င်းမှာ တစ်ကိုက်နှစ်ကိုက်ခန့် စမ်း၍ စားကြည့်လိုက်ပြီးနောက် အရသာမဆိုးကြောင်း သိလိုက်ရသဖြင့် ဓမ္မရတနာ အချို့ကိုလည်း မျိုချလိုက်ပြန်သည်။
ထိုပစ္စည်းများမှာ သူ၏အပိုင် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း တဖြည်းဖြည်းနှင့်ပို၍ ကြောက်ရွံ့ထိတ်လန့်လာရတော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင်ဆိုလိုက်၏။
” ကျင့်သိုမင်။ ငါတို့တွေ သဘောတူထားပြီးသားနော်။ မင်းက ဒီမြည်းလေးကို လိုချင်နေတာ။ နောက်မှ နောင်တမရနဲ့ ”
ထိုအခါ စတုတ္ထအဆင့် နတ်ဘုရားရတနာတစ်ခုအား သွားဖြင့် တစ်စစီကိုက်ဖြတ်၍ စားသုံးနေသည့် မြည်းလေးအား အားရကျေနပ်ကာ တအံ့တဩနှင့် ကြည့်နေသော ကျင့်သိုမင်မှာ သူ၏ လက်ကို ယမ်းပြလိုက်၏။
” စိတ်အေးအေး ထားစမ်းပါကွာ။ ငါ ဒီမြည်းလေးအတွက် မင်းကို ဓမ္မလက်နက်တစ်ခု ပေးမယ် ဟုတ်ပြီလား ”
ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ စကားကိုကြားလိုက်ရသောအခါ စိတ်အေးသွားရ၏။ ထို့နောက် သူသည် အချီကြီးပွသွားပြီဖြစ်ကြောင်း စိတ်ထဲတွင်ကျိတ်၍ တွေးနေမိတော့သည်။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့အား ကျောပေးထားသည့် ကျင့်သိုမင်မှာလည်း ကျေနပ်အားရနေသည့် မျက်ဝန်းများဖြင့် ဤ အပေးအယူကြီးကြောင့် သူသည် အမြတ်ထွက်သွားပြီဖြစ်ကြောင်း တွေးနေ၏။
” ဝမ်ပေါင်လဲ့က အရင်တုန်းက အမြဲတမ်း လိမ္မာပါးနပ်မှုအပြည့် ရှိခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ ခံလိုက်ရပြီပဲ။ ဒါ ဗဟုသုတ ရှိခြင်းရဲ့ အကျိုးပဲကွ ”
အမှန်တွင် သူသည် ထိုမြည်းလေးမှာ မြူခိုးတာအိုကျောင်းတွင် ရှိနေခဲ့စဉ်တုန်းက ၎င်း၏ ရှေ့၌ မြင်ရသည့် အရာအားလုံးကို စားသုံးခဲ့သည် ဖြစ်ကြောင်း ကြားသိထားပြီးဖြစ်သည်။ သို့သော် သူသည် ၎င်းအား ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟုသာ သတ်မှတ်ထားသောကြောင့် သူ့အတွက် ပြဿနာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လသုံးစင်းမဟာမိတ်အဖွဲ့မှ ရရှိထားသည့် သတင်းများအရဆိုလျှင် မွေးကင်းစအချိန်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲပေါက်လေးများ၏ ကျင့်ကြံခြင်းအဆင့်များမှာ ပထမဆုံးအကြိမ်အဖြစ် အရှိန်အဟုန်ဖြင့် တိုးတက်နေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ယခုလို အရေးအကြီးဆုံးအဆင့်ကို ကျော်ဖြတ်နေရသည့် သားရဲပေါက်လေးများမှာ အာဟာရဓာတ်နှင့် ဝိညာဉ်ချီများကို အမြောက်အမြား လိုအပ်ကြောင်း သူက ကောင်းကောင်းသိထား၏။ သူတို့မှာ အာဟာရဓာတ် ပိုရလေလေ ဤ အခိုက်အတန့်အတွင်း ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားလာနိုင်လေလေ ဖြစ်သည်။
သို့သော် အကန့်အသတ်တစ်ခုလည်း ရှိပေသည်။ သားရဲလေးမှာ ဗိုက်ဝသွားလျှင် ဆက်၍ အစာစားတော့မည် မဟုတ်ပေ။
ကျင့်သိုမင်မှာ ထိုသို့တွေးတောရင်း သူ၏ အပြုံးမှာ ပို၍ပင် ရွှင်ပျလာတော့သည်။ မြည်းလေးမှာ လေမုန်တိုင်းတစ်ခုကဲ့သို့ ရှေးဟောင်းစင်ကြီးပေါ်ရှိ ဆေးလုံးများအားလုံးကို စားသုံးနေ၏။ ထို့အပြင် ၎င်းမှာ အစာငတ်နေသည့် ပုံစံဖြင့် ပရိဘောဂများကိုပါ လျှာနှင့်လျှက်နေတော့သည်။ ထိုအခါ ကျင့်သိုမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ ညာဘက်ရှိနံရံကြီးမှာ မြေကြီးထဲသို့ ဝင်သွားပြီး ဂိုထောင်အခန်းကြီးတစ်ခန်း ပေါ်လာတော့သည်။ ထိုအခန်းထဲတွင် ဆေးပုလင်းများနှင့် နတ်ဘုရားရတနာများမှာ တောင်လိုပုံနေ၏။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ မြည်းလေးမှာမူ ပျော်ရွှင်မြူးထူးစွာ အော်ဟစ်၍ ထို ဂိုထောင်ထဲသို့ ချက်ချင်းပင် ပြေးဝင်သွားလိုက်ပြီး အငမ်းမရ စားသုံးနေလိုက်တော့သည်။ ကျင့်သိုမင်ကမူ လက်နှစ်ဖက်ကို နောက်ပစ်ကာ မောက်မာဝံ့ကြွားမှုအပြည့်ဖြင့် ဆိုလိုက်၏။
” ဒီမှာ စားစရာတွေ ထပ်ရှိသေးတယ်။ ငါက ဒီမြည်းလေး ဘယ်လောက်အထိ စားနိုင်မလဲဆိုတာ သိချင်နေတာ ”
ဝမ်ပေါင်လဲ့မှာမူ ကျေနပ်အားရစွာ အော်ဟစ်မြည်တမ်း၍ ဗြောင်းဆန်လောက်အောင် သောင်းကျန်းနေသော မြည်းလေးအားကြည့်ရင်း မျက်တောင်တစ်ဖျတ်ဖျတ် ခပ်မိလိုက်၏။ ထို့နောက် သူသည် အခြေအနေမဟန်တော့ကြောင်း ခံစားလိုက်ရသဖြင့် ချောင်းဟန့်ကာ ဆိုလိုက်တော့သည်။
” ညီကိုကျင့်ရေ။ ဒီမြည်းအကြောင်းကို မေ့ထားလိုက်ပါတော့။ ငါတို့တွေ ဈေးညှိနှိုင်းကြမယ်လေ ”
ကျင့်သိုမင်မှာ ထိုစကားကိုကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ ထို့နောက် သူသည် ထိုမြည်းလေးအား သံယောဇဉ်တွယ်နေသည့် အကြည့်ဖြင့် ကျေနပ်အားရစွာ ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့နှင့်အတူ ဒုတိယထပ်သို့ တက်သွားလိုက်တော့သည်။ ထို့နောက် သူတို့မှာ ဈေးနှုန်းများကို ညှိနှိုင်းလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ သူလိုချင်သည့် ဈေးနှုန်းကို အရိပ်အမြွက်မျှသာ ပြောလိုက်ပါသော်လည်း နောက်ဆုံးတွင် သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုအပါအဝင် ကျင့်ကြံခြင်းပစ္စည်းအချို့နှင့် ဈေးဖြတ်နိုင်သွား၏။
သူတို့နှစ်ယောက်စလုံးမှာ ကျေနပ်သွားကြပြီးနောက် ထို အပေးအယူကို လက်စသတ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ပထမအထပ်မှ ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် အစောင့်အချို့နှင့် အမျိုးသမီးအစေခံအချို့မှာ ပြေးဝင်လာကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် လေသံများဖြင့် အော်ဟစ်လိုက်ကြတော့သည်။
” ဘုရားရေ ”
” ဘာတွေဖြစ်သွားတာလဲဟ ”
” သူခိုးများ ဝင်သွားတာလား “