ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ အော်ဟစ်သံကိုကြားလိုက်ရသောအခါ မျက်နှာရှုံ့မဲ့သွားတော့သည်။ ၎င်း၏ မျက်နှာအမူအရာကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏မျက်နှာအား လက်သီးဖြင့် ထိုးပစ်ချင်စိတ်များ ပေါက်လာတော့သည်။ ထို့နောက် သူသည် အမြင်မကြည်တော့သော မျက်ဝန်းများဖြင့် ကြည့်ကာ ထိုမြည်းလေးအား မည်သူက သခင်ဖြစ်ကြောင်း သိရှိအောင်ပြသရန် သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ထုတ်သုံးလိုက်ရမည်လော တွေးတောနေမိတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ တွေးနေစဉ်မှာပင် မြည်းလေးမှာ သူ့ဆီမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် ၎င်း၏ အော်ဟစ်သံများကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အပြစ်ကင်းစင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ထိုမျှလောက်နှင့် ဘေးကင်းနိုင်မည်မဟုတ်ကြောင်း ရိပ်မိသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ နောက်သို့ ချက်ချင်းလှည့်သွားပြီး ကြမ်းပြင်အား ခွာဖြင့်ပေါက်ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။
” ထွက်ပြေးဖို့ ကြိုးစားနေသေးတယ်ပေါ့ ”
ဝမ်ပေါင်လဲ့မှာ ပို၍ပင် ဒေါပွသွားရ၏။ သူသည် ချက်ချင်းပင် လိုက်ဖမ်းလိုက်ပါသော်လည်း ထိုမြည်းလေးမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေ၏။ ၎င်းမှာ ပြေးလွှားရင်း လမ်းတွင်တွေ့သမျှ အရာအားလုံးကို အဆက်မပြတ် ဝါးစားနေတော့သည်။ ၎င်း၏ရှေ့တွင် သစ်ပင်တစ်ပင်ပေါ်လာသောအခါ ထိုမြည်းလေးမှာ ၎င်း၏ဘေးမှ ဖြတ်ပြေးသွားပြီး ပင်စည်အား လှမ်းကိုက်လိုက်သဖြင့် ပါးစပ်ထဲ၌ အတုံးလိုက်ပါလာ၏။ ထို့နောက် ၎င်းမှာ ထိုအတုံးကြီးအား မျိုချလိုက်သောအခါ ၎င်း၏ အမြန်နှုန်းမှာလည်း ပို၍ မြန်ဆန်လာတော့သည်။
သိပ်မကြာခင် ဆရာနှင့်ကျောင်းသားများစွာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြတော့သည်။ သူတို့မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး ထိုမြည်းလေး ကျောင်းထဲ၌ ပတ်ပြေးနေသည်ကို မျက်လုံးပြူးကြီးများဖြင့် ငေးကြည့်နေမိတော့သည်။ ၎င်းမှာ ရုပ်ထုများဖြစ်စေ၊ ပလက်ဖောင်းများဖြစ်စေ၊ ပန်းခင်းများဖြစ်စေ သို့မဟုတ် အဆောက်အဦများပင်ဖြစ်စေ မည်သည့်အရာကိုမဆို ကိုက်စားနေတော့သည်။
ထို့အပြင် ၎င်းမှာ ကျောင်း၏ အလွန်အင်မတန်မှ ဈေးကြီးသော တံခါးများကိုပင် တစ်ကိုက်နှစ်ကိုက်ခန့် ကိုက်စားခဲ့သေးသည်။ ကျောင်းသားတစ်ယောက်ဆိုလျှင် သူ၏ သိုလှောင်လက်ကောက်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံးကိုထုတ်ကာ ကျောင်းထဲ၌ ပစ္စည်းတစ်ခုဝယ်ယူရန် ပြင်နေ၏။ သို့သော် သူ ထိုဝိညာဉ်ကျောက်တုံးအား ထုတ်ယူလိုက်သည့်အချိန်မှာပင် ၎င်းမှာ ပျောက်ကွယ်သွားရသဖြင့် ထိုကျောင်းသားမှာ ဆွံ့အမှင်တက်သွားရတော့သည်။ ထို့နောက် သူသည် အရိပ်တစ်ခု အဝေးသို့ ပြေးထွက်သွားသည်ကို လှမ်းမြင်လိုက်ရ၏။
ကျောင်းတစ်ကျောင်းလုံး ပရမ်းပတာ ဖြစ်နေကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ဒေါသစိတ်များကို မထိန်းနိုင်တော့သဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာတော့သည်။ သူ၏အပြင်ခန္ဓာကိုယ်စွမ်းအားမှာလည်း သိသိသာသာ မြင့်တက်သွားသဖြင့် သူ၏ အမြန်နှုန်းမှာလည်း ပိုမိုမြင့်တက်လာ၏။ ထိုမြည်းလေးမှာ အလွန် မြန်ဆန်နေသည့်တိုင်အောင် ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာ ဝမ်ပေါင်လဲ့ထက် အများကြီးပို၍ နိမ့်ကျနေသည်မဟုတ်ပါလော။ ထို့ကြောင့် အမျက်ချောင်းချောင်းထွက်နေသော ဝမ်ပေါင်လဲ့မှာ ခဏအကြာတွင် ထိုမြည်းလေးအား လိုက်မီသွားပြီး ၎င်း၏ နားရွက်ရှည်ကြီးများကို လှမ်းဆွဲလိုက်တော့သည်။
သို့သော် ထိုမြည်းလေးမှာ သားရဲပင်လယ်ထဲမှ ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာ ချစ်စရာကောင်းနေသည့်တိုင်အောင် ရက်စက်ကြမ်းကြုတ်သော ဗီဇများမှာ အရိုးထဲအထိ စွဲနေဆဲပင်။ ထို့ကြောင့် ၎င်း၏ နားရွက်အား အကိုင်ခံလိုက်ရသောအခါ ၎င်းမှာ မျက်လုံးများနီမြန်းသွားကာ နောက်သို့ ရုတ်တရက်ဆိုသလို လှည့်လာပြီး ဝမ်ပေါင်လဲ့၏ လက်ကောက်ဝတ်အား လှမ်းကိုက်ရန် ကြိုးစားလိုက်သည်။
” မင်းက ငါ့ကို ကိုက်ရဲတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ အစတုန်းက ဒေါသထွက်နေခဲ့ခြင်းသာ ဖြစ်သော်လည်း ယခုတွင်မူ ပို၍ပင် ဒေါသထွက်လာရသည့်အပြင် ခံပြင်းသွားရ၏။ ထို့ကြောင့် သူသည် အေးစက်နေသော မျက်ဝန်းများဖြင့် ထိုမြည်းလေး သူ့အားကိုက်ရန် ကြိုးပမ်းနေသည့်ပုံကို ကြည့်ရင်း ရုတ်တရက်ဆိုသလို ထိုမြည်းလေး၏ ပေါင်ကြားကို လှမ်း၍ ကန်ကျောက်လိုက်တော့သည်။
ထိုအခါ ထိုမြည်းလေးမှာ နာကျင်ခံစားနေရသည့် အသံကြီးဖြင့် အကျယ်ကြီး အော်ဟစ်မြည်တမ်းလိုက်ရ၏။ ထို့နောက် ၎င်းမှာ မြေကြီးပေါ်သို့ လဲကျသွားပြီး အော်ဟစ်ငိုကြွေးနေတော့သည်။ ဝမ်ပေါင်လဲ့မှာ ဒေါသတကြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသော်လည်း အားအကုန် မထုတ်ခဲ့ပေ။ ထို့နောက် သူသည် နှာမှုတ်လိုက်ပြီး ထိုမြည်းလေးအား နားရွက်မှဆွဲခေါ်ကာ သူ၏ အိမ်ရာထဲသို့ ပြန်ဆွဲခေါ်လာလိုက်တော့သည်။
သူတို့ ဝမ်ပေါင်လဲ့၏ အိမ်ရာသို့ ပြန်ရောက်လာသည့်အချိန်တွင် ထိုမြည်းလေးမှာ နာကျင်မှုများကို ခံစားရခြင်း မရှိတော့ပေ။ ၎င်းမှာ ရိုသေကျိုးနွံသည့် အမူအရာဖြင့် မြေကြီးပေါ်၌ လဲလျောင်းနေလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား ချော့လိုသော အကြည့်များဖြင့် စိုက်ကြည့်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး ရိုသေကျိုးနွံသွားသည်ကို မြင်လိုက်ရသောအခါ သူ၏ အပြစ်ပေးခြင်းများကို ရပ်တန့်လိုက်၏။ သို့သော် ထိုမြည်းလေးမှာ သုံးရက်မျှသာ ယခုလို လိမ်လိမ်မာမာ နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ နောက်သုံးရက်အကြာတွင် ၎င်းမှာ ပြန်လည်တက်ကြွလာပြီး ဝမ်ပေါင်လဲ့ အသစ်လဲထားသည့် တံခါးများကို မျိုချပစ်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ ကျောင်းထဲသို့ ပြေးဝင်သွားပြီး မျက်လုံးထဲ၌ ပေါ်လာသမျှအရာအားလုံးကို လိုက်ကိုက်နေလိုက်တော့သည်။
၎င်းမှာ ဝမ်ပေါင်လဲ့၏ ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ရိုက်နှက်ခံခဲ့ရသည့်တိုင်အောင် ယခင်အတိုင်း သံသရာပြန်လည်နေဆဲပင်။ ဖမ်းခံရပြီး သုံးရက်မှ ငါးရက်အကြာတွင် ၎င်းမှာ ထိုးထိုးထောင်ထောင် ပြန်ဖြစ်လာပြီး ယခင်အတိုင်း ပြန်လည်ပြုမူနေသည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ်ဖြစ်နေရပြီး ကျောင်းတစ်ကျောင်းလုံးမှ ဆရာများနှင့် ကျောင်းသားများမှာလည်း ကြောက်ရွံ့နေရတော့သည်။ သူတို့မှာ ကြိုတင်ခန့်မှန်းချက်များပင် ထုတ်ထားကြ၏။
” ကျောင်းအုပ်ရဲ့ စစ်ပွဲသုံးသားရဲကြီးက တစ်လအတွင်း…. မဟုတ်သေးဘူး…. နှစ်ပတ်အတွင်းမှာကို ကျောင်းထဲမှာ ရှိသမျှ ပစ္စည်းအားလုံးကို ဝါးစားပစ်လိမ့်မယ်ကွ ”
ဝမ်ပေါင်လဲ့မှာမူ ခေါင်းခဲနေရပြီဖြစ်သည်။ သူသည် စစ်ပွဲသုံးသားရဲကြီးတစ်ကောင်ကို မွေးထားခြင်းမဟုတ်ဘဲ ဒုက္ခများကိုသာ မွေးထားမိသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် သူသည် သားရဲလက်ကောက်တစ်ခု ဝယ်သင့်မဝယ်သင် စဉ်းစားနေမိတော့သည်။ သို့သော် သားရဲလက်ကောက်မှာ သိုလှောင်လက်ကောက်နှင့် မတူပေ။ ၎င်းမှာ အလွန်အင်မတန်မှ စျေးကြီးသော အဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်သည်။ ဝမ်ပေါင်လဲ့ပင်လျှင် ၎င်း၏ ဈေးနှုန်းကို တွေးမိလိုက်တိုင်း ခေါင်းခဲသွားရ၏။
ကောင်းကင်တာအိုကျောင်း၏ သားရဲမွေးမြူရေးဌာနမှ ကျောင်းသားအများစုပင်လျှင် သားရဲလက်ကောက်များကို မတတ်နိုင်သောကြောင့် သူတို့၏ စစ်ပွဲသုံးသားရဲကြီးများကို နောက်ဖေးခြံထဲတွင် မွေးမြူကာ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့် ပေးထားရသည်။ ထို့အပြင် ဤမြည်းလေးမှာ သူ့ကို အလွန်အင်မတန်မှ ဒုက္ခပေးနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ၎င်းအတွက် ထပ်၍ ငွေအကုန်မခံသင့်တော့ကြောင်း ဆုံးဖြတ်ထား၏။
၎င်းမှာ ဥပေါက်လာသည်မှာ တစ်လပင် မပြည့်သေးပေ။ သို့သော် ၎င်း စားခဲ့သည့် အစားအစာများ၏ တန်ကြေးများနှင့် ၎င်းကြောင့် ဝမ်ပေါင်လဲ့ ပေးဆောင်ခဲ့ရသည့် ဒဏ်ကြေးအမျိုးမျိုးနှင့် နစ်နာကြေးအမျိုးမျိုးတို့ကို ပေါင်းလိုက်မည်ဆိုပါက ပဉ္စမအဆင့်နတ်ဘုရားရတနာတစ်ခုအား သန့်စင်ရန် လိုအပ်သည့် ကုန်ကျစရိတ်လောက်အထိ ရှိနေပြီဖြစ်သည်။
” ငါ မတတ်နိုင်တော့ဘူးဟေ့ ”
ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ ကျနေရပြီး ၎င်းအား သတ်လိုက်ရန် တွေးမိလိုက်ပါသော်လည်း ထိုမြည်းလေးမှာ အမှန်တကယ်ပင် ရှားပါးသားရဲတစ်ကောင် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ဝေခွဲမရ ဖြစ်နေရတော့သည်။ ထို့နောက် သူသည် သက်ပြင်းချကာ သူ၏ အခန်းတံခါးနှင့် တံခါးဘောင်အား အငြိုးအတေး ရှိနေသည့် အမူအရာဖြင့် မရပ်မနား ကိုက်ဝါးနေသည့် မြည်းလေးအား စိုက်ကြည့်နေလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ခိုကိုးရာမဲ့နေသလို ခံစားနေရပြီဖြစ်သည်။
အမှန်မှာ ထိုမြည်းလေး၏ မှတ်ဉာဏ်မှာ ရွှေငါးတစ်ကောင်ကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအား မည်မျှပင် ရိုက်နှက်ကန်ကျောက်စေကာမူ ရက်အနည်းငယ်အကြာတွင် ၎င်းမှာ ပုံမှန်ဗီဇအတိုင်း ပြန်ဖြစ်သွားမည်သာဖြစ်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ခိုကိုးရာမဲ့သလို ခံစားနေရချိန်တွင် ကျင့်သိုမင်၏ အသံလွှင့် အကြောင်းကြားစာတစ်ခု ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုကဲ့သို့ ရရှိလာတော့သည်။ သူ၏ စကားသံမှာ ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်ထဲမှ ထွက်ပေါ်လာ၏။
” ပေါင်လဲ့။ မင်း ရှားပါးသားရဲတစ်ကောင်ကို ရထားတယ်လို့ ငါကြားတယ်။ သူက တော်တော်လေးကို မြန်ပြီးတော့ ဆိုးလည်းဆိုးတယ်ဆို။ သူ့ကို အပြင်ခေါ်ခဲ့လေ။ ငါ ကြည့်ချင်လို့။ ငါတို့တွေ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရမယ်ဆိုရင် မင်း ကြိုက်စျေးပြောလိုက်ကွာ။ ငါ ဝယ်မယ် ”
ကျင့်သိုမင် ထိုမြည်းလေးအကြောင်း သိရှိထားသည်ကို ဝမ်ပေါင်လဲ့က အံ့အားသင့်နေခြင်းမရှိပေ။ လက်တလောတွင် ထိုမြည်းလေး ဗြောင်းဆန်အောင် ဆော့ကစားခဲ့သည့် အကြောင်းများမှာ ကျောင်းတစ်ကျောင်းလုံး၌ ပျံ့နှံ့နေပြီဖြစ်သည်။ ထို့ကြောင့် ကျင့်သိုမင် ၎င်း၏အကြောင်း သိရှိသွားခဲ့သည်မှာ မထူးဆန်းပေ။
ကျင့်သိုမင်က ထိုမြည်းလေးအား ဝယ်ယူချင်ကြောင်း ဆိုလာသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားရတော့သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်လာပြီး တံခါးဘောင်အား ကိုက်နေဆဲဖြစ်သည့် မြည်းလေးအား လှမ်းကြည့်လိုက်သောအခါ သူ၏မျက်လုံးများမှာ ပို၍ပင် တောက်ပလာတော့သည်။
” ကျင့်သိုမင်က ဒီမြည်းလေးကို စိတ်ဝင်စားနေတာ ငါ့ဖြင့် မယုံနိုင်ဘူး…. သိပ်ကောင်းတယ်။ ငါ ဒီ မြည်းကို သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုနဲ့ လဲလိုက်မယ်။ မဟုတ်သေးဘူး။ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုနဲ့ လဲရမယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်လှုပ်ရှားနေတော့သည်။ သူ၏ ထိုမြည်းလေးအား ကြည့်နေသော အကြည့်များမှာ ယခင်ကလောက် ခက်ထန်တင်းမာနေခြင်း မရှိတော့ဘဲ နူးညံ့သိမ်မွေ့နေတော့သည်။
ထိုကဲ့သို့ သူ ရုတ်တရက် လှမ်းကြည့်လိုက်သောကြောင့် ထိုမြည်းလေးမှာ ကြောက်လန့်သွားသည့်ပုံပင်။ ၎င်းမှာ ကြက်သေသေသွားပြီး တံခါးအား မာန်ပါပါ ဝါးစားနေခြင်းအား ခေတ္တရပ်တန့်လိုက်၏။ ထိုအခါ ၎င်း၏ ပါးစပ်ထဲမှ သစ်သားတုံးမှာ အပြင်ဘက်သို့ ထွက်ကျလာပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းမှာမူ ဝမ်ပေါင်လဲ့အား အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်သည်။
” မကြောက်ပါနဲ့ ကလေးလေးရာ ”
ဝမ်ပေါင်လဲ့၏ လေသံမှာ နူးညံ့သိမ်မွေ့လွန်းနေပြီး သူသည် ထိုမြည်းလေးဆီသို့ စိတ်အားထက်သန်စွာ လျှောက်လှမ်းသွားလိုက်သည်။ သို့သော် သူ၏လေသံကြောင့် မြည်းလေးမှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထို့နောက် ၎င်းမှာ ခြေထောက်လေးချောင်းစလုံးဖြင့် ကြမ်းပင်အားပေါက်ကာ ထွက်ပြေးရန်ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ အမြန်နှုန်းကို ကျင့်သားရနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ပို၍ပင် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ၎င်းအား ဖမ်းဆီးလိုက်၏။
” ဘာလို့ ထွက်ပြေးနေတာလဲကွ။ လာပါ။ မင်းကို ရေချိုးပေးရအောင်။ မင်းကို ရောင်းမယ်ဆိုရင် အနည်းဆုံးတော့ မင်းရဲ့ပိုင်ရှင်အသစ်အတွက် ချောနေလှနေအောင် လုပ်ထားမှ ဖြစ်မှာပေါ့ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် ဆိုလိုက်ပြီး မြည်းလေး၏ မရပ်မနား ကန်ကျောက်နေမှုများကို လျစ်လျူရှုကာ လေချွန်ရင်း ၎င်းအား ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။ ထို့နောက် သူသည် စိတ်အနှောင့်အယှက်ဖြစ်ခြင်း အလျင်းမရှိဘဲ တဆတ်ဆတ် တုန်ရီနေသည့် မြည်းလေး၏ အမွေးများကို ပွတ်တိုက်ဆေးကြောပေးနေလိုက်တော့သည်။ ထို့အပြင် သူသည် မန္တန်တစ်ခုကိုပင် အသုံးပြုကာ ထိုမြည်းလေးအား အခြောက်ခံပေးလိုက်၏။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် သူ၏ရုံးမှ လက်ထောက်သုံးယောက်အား ရေမွှေးအချို့ ယူလာခိုင်းလိုက်၏။ ထိုအမျိုးသမီးလက်ထောက်များမှာ အထူးတဆန်းနှင့် ကြည့်နေကြပြီး မြည်းလေးမှာ ကြောက်လန့်တကြားနှင့် ကြည့်နေစဉ်တွင် ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား ရေမွှေးများဖြင့် ပက်ဖြန်းလိုက်တော့သည်။ ထို့နောက် သူသည် ကျေနပ်အားရသွားသဖြင့် ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ထိုမြည်းလေး၏ လည်ပင်းပတ်ပတ်လည်တွင် ချည်လိုက်၏။ ထို့နောက် သူသည် ၎င်းအား အပြင်သို့ခေါ်သွားလိုက်တော့သည်။
” သား ”
ထိုမြည်းလေးမှာ လမ်းတစ်လျှောက်လုံး၌ အဆက်မပြတ် အော်ဟစ်ငိုကြွေးနေပြီး ၎င်း၏ မျက်ဝန်းများထဲမှ အကြောက်တရားများမှာလည်း ပို၍ပင် ကြီးထွားလာတော့သည်။
” စိတ်မပူပါနဲ့။ မင်းကို သားသတ်သမားဆီ ပို့မလို့ မဟုတ်ပါဘူးကွ ”
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်၍ မြည်းလေးအား သွားဖြဲကာ ပြုံးပြလိုက်ပြီး ၎င်း၏ခေါင်းကို ပုတ်ပေးလိုက်၏။ သူ၏ နူးညံ့သိမ်မွေ့သော အကြည့်များကြောင့် ထိုမြည်းလေးမှာ ထိတ်လန့်ကြောက်ရွံ့သွားရသဖြင့် ၎င်း၏ အော်သံများမှာ ပို၍ပင် ကျယ်လောင်လာတော့သည်။
” သား… သား… သား… ”
၎င်းမှာ အဆက်မပြတ်အော်ဟစ်ကာ မြေကြီးပေါ်သို့ ထိုင်ချလိုက်ပြီးနောက် တစ်လက်မလေးပင် မရွေ့တော့ပေ။ ထို့အပြင် ၎င်းမှာ သွားများကိုပင်ဖြဲကာ သူ့အားချည်ထားသည့်ကြိုးအား ကိုက်ဖြတ်၍ ဝါးစားပစ်ရမည်လောဟု ချင့်ချိန်တွေးတောနေတော့သည်။
” မင်း ကြိုးကို ကိုက်ပြီးတော့ ထွက်ပြေးသွားမယ်ဆိုရင် ငါ မင်းကို ကမ္ဘာ့ပထမဆုံး မြည်းမိန်းမစိုး လုပ်ပစ်မှာနော် ”
ဝမ်ပေါင်လဲ့က တည်ကြည်စွာ ဆိုလိုက်ပါသော်လည်း သူ၏ စကားလုံးများကြောင့် မြည်းလေးမှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ထို့နောက် ၎င်းမှာ ချက်ချင်းပင် မတ်တတ်ပြန်ထလာပြီး ဝမ်ပေါင်လဲ့အား ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် မကျေမချမ်း ကြည့်နေတိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုမြည်းလေးမှာ သူ၏ပြောစကားများအား နားလည်ကြောင်းကိုသိရှိထားပြီးသားဖြစ်သည်။ သို့သော် ၎င်းမှာ အလွန်အင်မတန်မှ ဆိုးသွမ်းပြီး မေ့တတ်လွန်းနေ၏။ သူသည် ထိုသားရဲအား အဋ္ဌမအဆင့်ဓမ္မလက်နက်နှင့် လဲလှယ်နိုင်မည်ဆိုပါက မျှတကြောင်း တွေးလိုက်၏။
သူသည် ထိုသို့တွေးတောရင်း မျှော်လင့်ချက်များ ကြီးထွားလာရတော့သည်။ ထို့ကြောင့် သူသည် ထိုမြည်းလေးအား ဆွဲကာ ကျင့်သိုမင်၏ အိမ်ရာဆီသို့ ပြေးသွားလိုက်၏။ သူတို့မှာ မီးဝိညာဉ်ကျောင်း၌ မဟုတ်ဘဲ ကျင့်သိုမင်၏ အင်္ဂါဂြိုဟ်ပေါ်ရှိ အိမ်ရာ၌ တွေ့ဆုံရန် သဘောတူထားခဲ့ကြသည်။ သို့သော် ၎င်းမှာလည်း နယ်မြေဆယ့်နှစ်ထဲတွင် တည်ရှိသည်သာဖြစ်သည်။
သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ သူ၏မြည်းနှင့်အတူ ရောက်ရှိလာ၏။ သူသည် ရောက်ရောက်ချင်းတွင် သူ၏ရှေ့၌ အထပ်သုံးထပ်ပါသော အဆောင်တစ်ခုကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် အင်္ဂါဂြိုဟ်ပေါ်ရှိ ထိပ်တန်းအဆင့် မြေကွက်ထဲသို့ နေခြင်းဖြစ်ကြောင်း သိလိုက်၏။ ထို အထပ်သုံးထပ်ပါသည့် အဆောင်အား ဆောက်လုပ်ထားသည့် မြေကွက်မှာ ကြီးမားကျယ်ပြန့်လွန်းနေသောကြောင့် ထိုမြေကွက်ထဲ၌ ဟိုတယ်တစ်ခုကိုပင် တည်ဆောက်နိုင်ပေသည်။
” သူကြွယ်တွေပဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်သွားရပြီး အပေါက်ဝဆီသို့ ရောက်သောအခါ ကျင့်သိုမင်ဆီသို့ ချက်ချင်းပင် လှမ်းအကြောင်းကြားလိုက်သည်။ ခဏအကြာတွင် တံခါးပေါက်များ ပွင့်သွားပြီး ခန္ဓာကိုယ်အချိုးအစားလှပပြီး ရုပ်ရည်ချောမောသော အမျိုးသမီးအစေခံသုံးယောက်မှာ ဝမ်ပေါင်လဲ့အား ထွက်ကြိုလိုက်ကြသည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့အား အခန်းတစ်ခန်းထဲသို့ ခေါ်သွားလိုက်ပြီးနောက် ထွက်ခွာသွားကြ၏။
ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ လည်ပင်း၌ ပတ်ထားသော ကြိုးအား မြဲမြံစွာ ဆုပ်ကိုင်ထားရင်း ပထမအထပ်ရှိ ဧည့်ခန်းထဲ၌ ရပ်နေ၏။ သူသည်လည်း မြည်းလေးကဲ့သို့ပင် အသက်ရှူသံများ မြန်နေရပြီဖြစ်သည်။ သူတို့မှာ သူတို့၏ ပတ်ပတ်လည်ရှိ အရာများကို တအံ့တဩနှင့် ငေးကြည့်နေမိကြ၏။ ထို ဧည့်ခန်းထဲရှိ အဆောင်အယောင်များမှာ ယုံကြည်နိုင်စရာမကောင်းလောက်အောင် ခမ်းနားကြီးကျယ်လွန်းနေသည်။
သူတို့၏ ပတ်ပတ်လည်တွင် ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထားသည့် စက်ဝိုင်းပုံစံ နံရံကပ်စင်ကြီးများ ရှိနေ၏။ ထိုစင်များပေါ်တွင် ဆေးလုံးမြောက်မြားစွာရှိနေကြပြီး ထို ဆေးလုံးတစ်လုံးချင်းစီတိုင်းမှာ အလွန်အင်မတန်မှ ဈေးကြီးလောက်ပေသည်။ ၎င်းတို့ကို အကြည်ရောင် ဆေးပုလင်းများထဲ၌ ထည့်ထားပြီး ထိုဆေးပုလင်း တစ်ပုလင်းချင်းစီပေါ်တွင် ဆလိုက်မီးရောင်တစ်ခုဆီ ကျနေ၏။ ထိုဆေးပုလင်းများထဲမှ မွှေးပျံ့သော ဆေးရနံ့များ ပျံ့လွင့်ထွက်ပေါ်နေကြသည်။ ထို့အပြင် နတ်ဘုရားရတနာ မြောက်မြားစွာကိုလည်း နံရံများပေါ်၌ အလှဆင်ပစ္စည်းများအဖြစ် ချိတ်ဆွဲထားကြသည်။
ဆိုဖာများ၊ စာပွဲခုံများနှင့် ကုလားထိုင်များအပြင် အခြားပရိဘောဂ အားလုံးကိုလည်း ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ သစ်သားများဖြင့် ထွင်းထုထားသည့် ပစ္စည်းအချို့ပင်လျှင် အလွန်အင်မတန်မှ တန်ကြေးမြင့်သော ရှားပါးရတနာများနှင့် တူနေသည်။
ခန်းဆီးလိုက်ကာများကို ဝိညာဉ်ချည်မျှင်များဖြင့် ရက်လုပ်ထားပြီး ပြောင်လက်အောင်တိုက်ချွတ်ထားသည့် ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် မီးအိမ်များမှာလည်း စိတ်ကြည်နူးဖွယ်ရာ အလင်းရောင်ဖျော့ဖျော့လေးများကို ထုတ်လွှတ်ပေးနေသည်။ ထိုအပြင် ထိုအခန်းထဲ၌ အားကောင်းသော ဝိညာဉ်ချီများမှာလည်း ပျံ့လွင့်နေသေး၏။
ဝမ်ပေါင်လဲ့မှာ မြည်းလေးအတိုင်းပင် ဆွံ့အမှင်တက်နေရတော့သည်။ သူသည် နတ်ဘုရားရတနာများနှင့် ဆေးလုံးများကို မျက်တောင်မခတ်တမ်း ငေးကြည့်နေစဉ် မြည်းလေးမှာ ဆိုဖာနှင့် ပရိဘောဂများကို ငေးကြည့်နေ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ သတိမထားမိချိန်တွင် ခေါင်းငုံ့လိုက်ပြီး ထို ပရိဘောဂများအား မသိမသာနှင့် ခိုး၍ နမ်းရှုပ်ကြည့်လိုက်၏။ ထိုအခါ ၎င်းမှာ မျက်လုံးများအရောင်တောက်လာပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်နေမိတော့သည်။ ထို့နောက် ၎င်းမှာ ယနေ့တစ်နေ့လုံးတွင် ဝမ်ပေါင်လဲ့၏ အပြုအမူများမှာ ထူးဆန်းနေခဲ့သည်ကို ပြန်တွေးမိလိုက်သဖြင့် အရဲမစွန့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ၎င်းမှာ ထိုပရိဘောဂများအား ဝါးစားချင်သည့် ဆန္ဒများကို ချုပ်တည်းထားလိုက်ရတော့သည်။
တစ်ခဏမျှ ကြာမြင့်သွားပြီး ထိုမြည်းလေးသူ၏ ဆန္ဒများကို ဆက်လက်ချုပ်တည်းနိုင်စွမ်းမရှိတော့သည့် အချိန်မှာပင် ဒုတိယထပ်မှနေ၍ ရယ်မောသံများ ပျံ့လွင့်လာ၏။ ထို့နောက် ကျင့်သိုမင်မှာ လှေကားထိပ်တွင် ပေါ်လာပြီး အောက်သို့ဆင်းလာ၏။
” ပေါင်လဲ့။ ငါ့ရဲ့ နေအိမ်လေးကနေ ကြိုဆိုပါတယ်။ အိမ်ရဲ့ အပြင်အဆင်တွေက နည်းနည်းလေးတော့ စုတ်နေသေးတယ်ကွာ။ ငါက သိပ်မကြာခင်ကမှ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်လာတာမလို့ပါ။ မင်း အရမ်းကြီး စိတ်မပျက်သွားဖို့ ငါ မျှော်လင့်ပါတယ် “