Switch Mode

အခန်း ( ၃၂၄ )

မင်း မစားနိုင်တာ ဘာရှိလဲ

စားစရာ မုန့်များနှင့် ပရိဘောဂများ မကျန်တော့ပါသော်လည်း ထိုမြည်းလေးမှာ အရွယ်အစား ပိုကြီးလာသည်နှင့်အမျှ အစားလည်း ပိုကျူးလာနေဆဲပင်။ ထို့ကြောင့် အခြေအနေများမှာ ပို၍စိုးရိမ်စရာကောင်းလာတော့သည်။ ၎င်းမှာ ဗိုက်မဝမချင်း အော်ဟစ်မြည်တမ်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ အတောမသတ်နိုင်သော အော်ဟစ်သံများကို နားထောင်ရင်း မခံမရပ်နိုင်လောက်အောင် ဖြစ်လာရတော့သည်။

နောက်ဆုံးတွင် သူသည် ထို မြင်းပုလေးတစ်ကောင်၏ အရွယ်အစားရှိပြီး အဆက်မပြတ်အော်ဟစ်မြည်တမ်းနေသော အနက်ရောင် မြည်းလေးကိုကြည့်ကာ အကယ်၍ သူသည် ၎င်းအား သတ်လိုက်မည်ဆိုလျှင်တောင် အများကြီး စားနိုင်ဦးမည်မဟုတ်ကြောင်း တွေးမိလိုက်၏။ ထို့ကြောင့် သူသည် ၎င်းအား ဆက်မွေးထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ နှာမှုတ်လိုက်ပြီး သူ၏ ဟာလာဟင်းလင်းဖြစ်နေသော အိမ်ရာကြီးကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် သူ၏ မြည်းလေးနှင့်အတူ လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့မှာ မုန့်အချို့ကို သွားဝယ်ကြမည်ဖြစ်သည်။ သို့သော် သူတို့ အပြင်ဘက်သို့ ထွက်ခွာလာသည့်အချိန်တွင် ထိုမြည်းကလေးမှာ အိမ်တံခါးကိုကြည့်ကာ နှုတ်ခမ်းအား လျှာဖြင့်လျှက်နေသည်ကို မြင်လိုက်ရသဖြင့် သူသည် ခေါင်းခဲသွားရတော့သည်။

ဤ သတ္တဝါလေးမှာ ထိုတံခါးအား စား၍ ရ၊ မရ တွေးတောနေခြင်းဖြစ်ကြောင်း သူက သိလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါပွသွားရပြီး ထိုမြည်းကလေးအား ချုပ်ကာ လေပေါ်သို့ ခုန်တက်လိုက်ပြီး ၎င်း၏ ကျောကုန်းပေါ်သို့ တက်ခွလိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ ပိန်ပါးပါး ခန္ဓာကိုယ်လေးမှာ အောက်သို့ပိကျသွားသဖြင့် ထိုမြည်းကလေးမှာ မြေကြီးပေါ်သို့ ဘုတ်ခနဲ လဲကျသွားရတော့သည်။ ၎င်းမှာ ၎င်း၏ ခြေထောက်များဖြင့် အဆက်မပြတ် ကန်ကျောက်နေပြီး မြေပြင်ကြီးကို ကုတ်ခြစ်ကာ အော်ဟစ်မြည်တမ်းနေတော့သည်။

” သား…. သား ”

” မင်းရဲ့ ခွန်အားကလည်း ဒီလောက်ပဲလားဟ။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ မင်းက ငါ့တစ်အိမ်လုံးနီးပါးကို စားခဲ့တာလေ။ ငါ့ရဲ့ မုန့်တွေကိုလည်း မင်းပဲ အကုန်စားပစ်ခဲ့တာ။ ငါ မင်းကို မွေးထားရတာ အလကားပဲ ”
ထိုမြည်းကလေးမှာ သုံးစားမရ ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမနပ် ဖြစ်နေရတော့သည်။ ကျောင်းသားများစွာမှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရ၏။ သူတို့အားလုံးမှာလည်း ထိုမြည်းကလေးမှာ အလွန်အင်မတန်မှ ပျော့တီးပျော့ဖတ် ဖြစ်နေကြောင်း တွေးလိုက်ကြ၏။

အထူးသဖြင့် ကျင့်သိုကျစ်မှာဆိုလျှင် အဆိုးဆုံးဖြစ်သည်။ သူ၏ အရေးအကြီးဆုံး နေ့စဉ်ဓူဝ တာဝန်များမှာ ပညာများလေ့လာခြင်းနှင့် ကျင့်ကြံခြင်း လေ့ကျင့်ခြင်းတို့ မဟုတ်ဘဲ ဝမ်ပေါင်လဲ့နောက်မှ ချောင်းမြောင်း၍လိုက်ကာ သူ၏လှုပ်ရှားမှုတိုင်းကို လေ့လာမှတ်သားပြီး သူနှင့် ဝမ်ပေါင်လဲ့တို့၏ ကြားရှိဆက်ဆံရေးကို ပို၍တိုးတက်လာအောင် လုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေနေခြင်းပင်ဖြစ်သည်။ ယခုတွင် ကျင့်သိုကျစ်မှာ သူ၏ရှေ့၌ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် ပြေးသွားလိုက်တော့သည်။

” ခေါင်းကိုင်အဖေ။ ဒီ မြည်းက အဆင်မပြေပါဘူးဗျာ။ ခေါင်းကိုင်အဖေက ဒီလောက် ပိန်နေတာတောင် ဒီမြည်းက နိုင်အောင် မသယ်နိုင်ဘူး။ တော်တော်ကို တရားလွန်တယ် ”
ကျင့်သိုကျစ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ထိုမြည်းလေးအား စိုက်ကြည့်နေ၏။ သူသည် ထိုသားရဲ မည်သည့်နေရာမှ ရောက်လာသည်ကို မေးမြန်းနေခြင်းမရှိပေ။ သူ၏မျက်လုံးထဲတွင် ဝမ်ပေါင်လဲ့အား ချီးကျူးဂုဏ်ပြုစကားများဖြင့် မြှောက်ပင့်ပြောဆိုနိုင်မည့် အခွင့်အရေးတိုင်းမှာ အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။

ကျင့်သိုကျစ်မှာ ထိုကဲ့သို့ ဖော်လံဖားနေစဉ် သူတို့၏ ပတ်ပတ်လည်မှ အခြားလူများမှာလည်း တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသောကြောင့် ထိုမြည်းလေးမှာ သူတို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတော့သည်။ ထိုမြည်းလေးမှာ သူတို့၏ပြောစကားများကို နားလည်နေသည်လော မည်သူကမှ အတိအကျ မသိပါသော်လည်း ၎င်းမှာ စတင်အော်ဟစ်မြည်တမ်းလာပြီး တဖြည်းဖြည်းနှင့် ကြိုးစားရုန်းကန်၍ ပြန်ထလာတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ကျင့်သိုကျစ်အား အကဲခတ်လိုက်၏။ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာ အသက်အရွယ်တူ၊ မျိုးဆက်တူများ ဖြစ်ကြသောကြောင့် ကျင့်သိုကျစ်က သူ့အား ခေါင်းကိုင်းအဖေဟု ခေါ်လိုက်သည်ကို သူက သဘောကျနေတော့သည်။ ထို့ကြောင့် သူသည် ကျေနပ်နေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် စိတ်ဓာတ်များတက်ကြွနေသည့် ကျင့်သိုကျစ်မှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ မြည်းအားစီး၍ မြူခိုးတာအိုကျောင်း အပြင်ဘက်သို့ ထွက်ခွာသွားသည်ကို အပေါက်ဝအထိ လိုက်လံနှုတ်ဆက်လိုက်တော့သည်။

သူတို့မှာ ကျောင်းထဲမှ ထွက်ခွာလာပြီးနောက် မြည်းလေးမှာ ရှေ့သို့ခရီးနှင်နေရင်း ဝမ်ပေါင်လဲ့၏ ကိုယ်အလေးချိန်ကြောင့် ခြေထောက်များ တုန်ရီလာရတော့သည်။ ဘေးဘီဝဲယာမှ လမ်းသွားလမ်းလာများမှာ သူတို့အား တအံ့တဩနှင့် ကြည့်ရှုနေကြ၏။ သူတို့မှာ အထူးအဆန်း ဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် မြည်းလေးကိုကြည့်လိုက် ဝမ်ပေါင်လဲ့အားကြည့်လိုက် ဖြစ်နေတော့သည်။

” မြင်လား။ လူတိုင်းက မင်းကို အထင်သေးနေတာ။ ဒီမြည်းက တော်တော်လေးကို အားမရှိတာပဲဆိုပြီး သူတို့အားလုံးက တွေးနေကြတာ။ လူပိန်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုတောင် မသယ်နိုင်ပါလားဆိုပြီး သူတို့က တွေးနေကြတာကွ ”
ဝမ်ပေါင်လဲ့မှာ စိတ်ပျက်ကာဒေါသထွက်နေသည့် အမူအရာဖြင့် ဆူပူကြိမ်းမောင်းလိုက်ပြီး မြည်းလေး၏ ခေါင်းကို ရိုက်လိုက်၏။

ထိုအခါ ထိုမြည်းလေးမှာ ဝမ်ပေါင်လဲ့၏ ပြောစကားကို နားလည်သွားသည့်ပုံပင်။ ၎င်းမှာ အထစ်ထစ် အငေါ့ငေါ့နှင့် ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ၎င်း၏ ကျောပေါ်၌ ရှိနေဆဲဖြစ်ပြီး မျက်လုံးများ အရောင်တောက်သွားရ၏။

” ဒီလိုမှပေါ့ကွ။ မင်း လုပ်နိုင်ပါတယ်။ လာစမ်းပါ ”
ဝမ်ပေါင်လဲ့မှာ အပျော်လွန်နေတော့သည်။ သူသည် ထိုမြည်းလေးမှာ ယခုကဲ့သို့ မာနမျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် သူသည် ၎င်းအား ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ချီးကျူးစကားများ ဆိုလိုက်တော့သည်။

သို့သော် ထိုမြည်းလေးမှာ နာရီဝက်မျှသာ ထိုသို့ပြေးလွှားလိုက်ပြီးနောက် အားအင်များ ကုန်ခန်းလာတော့သည်။ သူတို့မှာ ဝေးဝေးလံလံအထိ မရောက်သေးပါသော်လည်း ၎င်းမှာ မရပ်မနား အော်ဟစ်မြည်တမ်းကာ အလွန်အင်မတန်မှ ဆာလောင်နေသည့်ပုံ ပေါက်နေတော့သည်။ ၎င်းမှာ ပန်းခင်းတစ်ခင်းဘေးမှ ဖြတ်သွားမိလိုက်သောအခါ ရှေ့သို့ကုန်း၍ ရုတ်တရက်ဆိုသလို လှမ်းကိုက်လိုက်ပြီး ပန်းခင်းထဲရှိ ပန်းပင်များနှင့် မြက်ပင်များကိုပါ ဝါးစားလိုက်တော့သည်။

” ဒီလိုလည်း ရတာပဲလားဟ ”
ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရ၏။

ထိုအခါ ထိုမြည်းလေးမှာ ခွန်အားအချို့ ပြန်လည်ရရှိသွားသည့်ပုံပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ကျောပေါ်၌တင်၍ ရှေ့သို့ဆက်လက် လျှောက်လှမ်းသွားရင်း လမ်းတစ်လျှောက်လုံး၌ မြင်သမျှ အရာအားလုံးကို စားသုံးနေတော့သည်။ သစ်ပင်တစ်ပင်ကို မြင်လိုက်ရလျှင် ထိုသစ်ပင်အား တစ်ကိုက်ကိုက်ခဲ့သလို သင်္ဘောပျံတစ်စင်းကို မြင်လိုက်ရသည့်အချိန်တွင်လည်း ၎င်းအား တစ်ကိုက်ကိုက်ခဲ့၏။ ထို့နောက် ၎င်းမှာ ပါးစပ်ထဲ၌ ဝါးစရာ မကျန်တော့သောအခါ လမ်းဘေးရှိ ပလက်ဖောင်းအား အားရပါးရ ဝါးစားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားရပြီး ရင်တထိတ်ထိတ်ပင် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ သူတို့ ခရီးနှင်လာခဲ့သည့် လမ်းမကြီးအား ပြန်လှည့်ကြည့်လိုက်၏။ သူတို့ ဖြတ်သန်းသွားခဲ့သည့် လမ်းတလျှောက်လုံး၌ ထိုမြည်းလေး၏ သွားရာများ ကျန်ရစ်နေခဲ့သည်သာဖြစ်သည်။

ခဏအကြာတွင် အချက်ပေး ခေါင်းလောင်းသံများနှင့်အတူ စည်းကမ်းထိန်းသိမ်းရေးဌာန ရောက်ရှိလာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့မဲ့နှင့် ပြုံးကာ ဒဏ်ကြေးများကို ပေးဆောင်လိုက်ရ၏။ ထို့အပြင် သူသည် သူ၏ အထောက်အထားပြ သက်သေခံကတ်ပြားကို ထုတ်ပြကာ တောင်းတောင်းပန်ပန်နှင့် ဖျောင်းဖျပြောဆိုလိုက်ပြီးမှသာ သူတို့က သူ့ကို လွှတ်ပေးလိုက်တော့သည်။ ထို့နောက် သူသည် ထိုမြည်းလေးအား ကျောင်းသို့ ချက်ချင်းပင်ပြန်ခေါ်သွား၏။

သူတို့ ကျောင်းသို့ ပြန်ရောက်လာသည့်အချိန်တွင်လည်း ထိုမြည်းလေးမှာ မြင်မြင်သမျှ အရာအားလုံးကို ဝါးစားနေဆဲပင်။ ထို့ကြောင့် ဆရာများနှင့် ကျောင်းသားများမှာ အထူးတဆန်း ဖြစ်နေရတော့သည်။ သူတို့အားလုံးမှာ ထိုမြည်းလေး ကျောင်း၏ ပြည်သူ့ရင်ပြင်ထဲရှိ ရုပ်ထုကြီးအား တစ်ကိုက်ကိုက်လိုက်သည်ကို မြင်လိုက်ရသောအခါ အံ့ဩမှင်တက်သွားကြ၏။

” ဘုရားရေ…. သူ့သွားတွေက ဘာတွေနဲ့ များလုပ်ထားတာလဲဟ ”

” သူ… သူက တကယ်ကြီး အဲဒါကို ကိုက်ဖြတ်ပစ်နိုင်စွမ်း ရှိနေတာပဲ ”

ထိုကဲ့သို့ အုတ်အော်သောင်းနင်းဖြစ်နေရစဉ် ဝမ်ပေါင်လဲ့မှာလည်း ပို၍ ခေါင်းခဲလာရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထိုမြည်းလေးကို ချုပ်ကာ သူ၏ အိမ်ရာထဲသို့ ချက်ချင်းဆွဲခေါ်သွားလိုက်တော့သည်။

နောက်ဆုံးတွင် သူသည် ထိုမြည်းလေးမှာ အစားအသောက် လုံးဝ‌ကြေးမများကြောင်း သိလိုက်ရတော့သည်။ စား၍ရသည့်အရာဖြစ်စေ၊ မရသည့်အရာဖြစ်စေ ၎င်းမှာ ဗိုက်ဆာနေလျှင် အရာအားလုံးကို အစာများအဖြစ် သတ်မှတ်ထားသည်။

” ဘယ်လိုမျိုး သတ္တဝါလေးလဲကွာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာထဲသို့ ပြန်ရောက်လာပြီးနောက် ထိုမြည်းလေး သူ၏ အိမ်တံခါးဆီသို့ ပြေးသွားသည်ကို ငေးကြည့်နေလိုက်၏။ သူသည် ၎င်းအား တားဆီးချိန်ပင် မရလိုက်သဖြင့် ၎င်းမှာ ထိုတံခါးကြီးအား လှမ်းကိုက်ကာ အားရပါးရ ဝါးစားလိုက်တော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ဖန်ပြန်၍ ခေါင်းခဲလာရပြန်သည်။

ထိုတံခါးကို သစ်သား၊ ကျောက်တုံး အစရှိသော ပစ္စည်းများနှင့် လုပ်ထားခြင်းမဟုတ်ဘဲ သတ္တုဖြင့် လုပ်ထားခြင်းဖြစ်သော်လည်း ထိုမြည်းလေးမှာ နှစ်ချက်သုံးချက်မျှသာ ဝါးလိုက်ပြီးနောက် မျိုချပစ်လိုက်၏။ ထို့နောက် ၎င်းမှာ ထိုသတ္တု၏ အရသာကို နှစ်သက်သွားသည့်ပုံဖြင့် နောက်ထပ်တစ်ကိုက် ထပ်ကိုင်ရန် ပါးစပ်ဟလိုက်ပြန်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ ထိုမြည်းလေးအား နားရွက်မှလိမ်ဆွဲကာ ဘေးသို့ဆွဲ‌ခေါ်လာပြီး ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလိုက်တော့သည်။

” မင်း တရားလွန်နေပြီကွ။ ဒါ ငါ့အိမ်လေကွာ။ မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား ”
ဝမ်ပေါင်လဲ့မှ မာန်ပါပါ အော်ဟစ်လိုက်တောကြောင့် ထိုမြည်းလေးမှာ ကြောက်ရွံ့သွားသည့်ပုံပင်။ ထို့ကြောင့် ၎င်း၏ ပါးစပ်ပေါက်ကို ချက်ချင်းပြန်ပိတ်လိုက်သောအခါ ၎င်း ကိုက်ထားခဲ့သည့် တံခါးကြီး၏ အစိတ်အပိုင်းတစ်ခု ပါးစပ်ထဲမှ ထွက်ကျလာပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းမှာ အပြစ်ကင်းစင်သည့် မျက်ဝန်းလေးများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး၏ အမူအရာကို မြင်လိုက်ရသောအခါ ကျေနပ်သွား၏။ ထို့ကြောင့် သူသည် ၎င်းအား အနည်းငယ်ခန့် ထပ်၍ ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် အခန်းထောင့်တစ်ထောင့်သို့ သွားနေခိုင်းလိုက်ပြီး နှာမှုတ်လိုက်တော့သည်။ ထို့နောက် သူသည် ထိုမြည်းလေးနှင့် မည်သို့မည်ဖုံ ရှေ့ဆက်ရမည်နည်းဟု တွေးတောရင်း သူ၏ သိုလှောင်လက်ကောက်ထဲမှ မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ သူ သေချာခွဲထားခဲ့သည့် မုန့်များဖြစ်ပြီး ၎င်းတို့ကို စားရန်ပြင်လိုက်၏။

သို့သော် ထိုအခိုက်အတန့်တွင် မြည်းလေးမှာ မျက်လုံးများပြူးသွားကာ ၎င်း၏ ခွာလေးခုစလုံးကို ကြမ်းပြင်ပေါ်သို့ ဆောင့်ချလိုက်ပြီး လျှပ်စီးထက်ပင် ပို၍မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ဝမ်ပေါင်လဲ့၏ရှေ့၌ ပေါ်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့ မတုံ့ပြန်နိုင်ခင်မှာပင် ၎င်းမှာ ပါးစပ်ဟကာ ချက်ချင်း ပြန်ပိတ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ မုန့်များအားလုံးကို မျိုချလိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရပြီး သူ၏လက်နှစ်ဖက်ကို ရီဝေဝေနှင့် ငေးကြည့်နေမိတော့သည်။ ထို့နောက် သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ မြည်းလေးကို မြင်လိုက်ရ၏။ ၎င်းမှာ သူ၏မုန့်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေပြီး စောစောတုန်းကအတိုင်း အပြစ်ကင်းစင်သည့် မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်နေဆဲပင်။ ထိုအချိန်တွင် သူသည် ဒေါသထွက်သွားရတော့သည်။

” ဒီမြည်းစုတ်ကတော့ကွာ။ မင်းက တကယ့်ကို ရောင့်တက်လာတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်သွားရပြီး ထိုမြည်းလေးအား နောင်ကြဉ်သွားအောင် အပြစ်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူ၏ ခြင်များကို ဆင့်ခေါ်လိုက်၏။

ထိုအခါ သာမန်ခြင်ကိုးကောင်မှာ ချက်ချင်းဆိုသလိုပင် ပျံထွက်လာပြီး ထိုမြည်းလေးဆီသို့ ဦးတည်သွား၏။ ၎င်းတို့မှာ မြားများကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်လာကြပြီး ထိုမြည်းလေး၏ အနားသို့ ချက်ချင်းရောက်ရှိသွား၏။ ၎င်းတို့၏ တဝီဝီမြည်သံများမှာလည်း အခန်းထဲတွင် ပဲ့တင်ထပ်နေတော့သည်။ သို့သော် ၎င်းတို့မှာ ထိုမြည်းလေးအား ကိုက်ရန် ပြင်လိုက်စဉ်မှာပင် ၎င်းမှာ မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်းပင် ပါးစပ်ဟလိုက်ပြီး ထို ခြင်ကိုးကောင်စလုံးကို မျိုချပစ်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကာ ကျေနပ်အားရနေသည့် မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်နေလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားရပြီး ပင့်သက်ရှိုက်မိသွားတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီမှ မုန့်များကို လုယူခဲ့စဉ်တုန်းက အလွန် မြန်ဆန်နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ မုန့်များပေါ်သို့ အာရုံရောက်နေခဲ့၏။ ထို့ကြောင့် သူသည် ထိုမြည်းလေး၏ အမြန်နှုန်းကို ခပ်ရေးရေးခန့်သာ သတိထားမိခဲ့သည်ဖြစ်ပြီး အတိအကျမသိခဲ့ရပေ။ သို့သော် ယခုတွင်မူ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီဖြစ်သောကြောင့် အံ့အားသင့်သွားရတော့သည်။ ထို့နောက် သူသည် ထိုမြည်းလေးအား ကျောင်းအပြင်ဘက်တွင် စီးနင်းခဲ့စဉ်တုန်းက ၎င်းမှာ အလွန်အင်မတန်မှ လျင်မြန်နေခဲ့သည်ကို သတိပြန်ရသွားသည်။

” ကြည့်ရတာ ဒီမြည်းက လုံးဝသုံးစားလို့မရတဲ့ အဆင့်အထိတော့ ရောက်နေတာမဟုတ်ဘူးဘဲ ”
ဝမ်ပေါင်လဲ့မှာ တွေးတောသုံးသပ်လိုက်ပြီး ၎င်းမှာ ထိုမြည်းလေး၏ မွေးရာပါ အရည်အချင်းတစ်ခုဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။ သို့သော် သူသည် ထိုမြည်းလေး၏ သူ့ကိုယ်သူ ကျေနပ်နေသည့်အမူအရာကို မြင်လိုက်ရသောအခါ အစာမကြေဖြစ်သွားရ၏။ ၎င်းအား သင်ခန်းစာတစ်ခုပေးရန် လိုသေး၏။ ထိုသို့သာမဟုတ်ပါက ၎င်းမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် သူသည် နှာမှုတ်လိုက်ပြီး ၎င်းဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားလိုက်၏။ ထိုမြည်းလေး မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်း၏ရှေ့၌ရပ်ကာ ၎င်းအား အမိအရ ချုပ်ထားလိုက်၏။ ထိုအခါ ထိုမြည်းလေးမှာ မျက်လုံးများပြူးသွားပြီး ၎င်း၏ ခြေထောက်လေးချောင်းဖြင့် ရုန်းကန်၍ အဆက်မပြတ် အော်ဟစ်မြည်တမ်းနေတော့သည်။ ဝမ်ပေါင်လဲ့မှာ ခြင်ကိုးကောင်းကို ထပ်၍ဆင့်ခေါ်လိုက်သောကြောင့် ၎င်းတို့မှာ ထိုမြည်းလေးအား ကိုက်လိုက်ကြတော့သည်။

၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရောင်ကိုင်းနေသည့် ခြင်ကိုက်ရာဆယ်ခုကျော် ပေါ်လာပြီးမှသာ ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား လွှတ်ပေးလိုက်၏။ ထို့နောက် သူသည် ထိုမြည်းလေး သူ၏ ခြင်ကိုက်ရာများကို ကုတ်ဖဲ့ရန် သဲကြီးမည်းကြီး ကြိုးစားနေပါသော်လည်း မကုတ်နိုင်ဘဲ ဖြစ်နေရသည့် မြင်ကွင်းကိုကြည့်ရင်း တည်ကြည်စွာ ဆိုလိုက်၏။

” ဒါ မင်းအတွက် သင်ခန်းစာတစ်ခုပဲ ရှိသေး… ”
ဝမ်ပေါင်လဲ့ စကားမဆုံးနိုင်ခင်မှာပင် ထိုမြည်းလေးမှာ ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး တံခါးပေါက်ဆီသို့ ပြေးသွား၏။ ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထိုမြည်းလေး သူ၏ တံခါးတစ်ချပ်လုံးအား အလျင်အမြန် ကိုက်ဖြတ်ကာ ဝါးစားပစ်သည်ကို မျက်လုံးပြူးကြီးများဖြင့် ပဲကြည့်နေမိတော့သည်။ ၎င်းမှာ ထိုတံခါးတစ်ချပ်လုံးကို စားပြီးသွားသည့်တိုင်အောင် စိတ်ကျေနပ်မှု မရှိသေးသည့်ပုံဖြင့် တံခါးဘောင်ဘက်သို့ လှည့်လိုက်ပြီး ၎င်းကိုလည်း နှစ်ကိုက်သုံးကိုက်ခန့် ဝါးစားလိုက်ပြန်သည်။

ထိုသို့ စားလိုက်သောအခါ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ခြင်ကိုက်ရာများမှာ တဖြည်းဖြည်းနှင့် စတင်ပျောက်ကွယ်လာတော့သည်….

ဝမ်ပေါင်လဲ့မှာမူ တံခါး မရှိတော့ဘဲ တစ်စစီ ကျိုးပဲ့နေသည့် တံခါးဘောင်ဘေးတွင် မတ်တတ်ရပ်ကာ သူ့ကိုယ်သူ ကျေနပ်အားရနေသည့် အကြည့်ဖြင့် သူ့အား လှမ်းကြည့်နေသည့် မြည်လေးကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် ငေးကြည့်နေမိတော့သည်။ ထိုအချိန်တွင် ထိုမြည်းလေးမှာ အော်ဟစ်မြည်တမ်းလိုက်၏။
” သား…. သား… “

Comment

Leave a Reply

Options

not work with dark mode
Reset