ဝမ်ပေါင်လဲ့မှာ သူ၏ ဥမှ အံ့ဖွယ်မဟာသိမ်းငှက်ကြီးတစ်ကောင် ပေါက်လာနိုင်သည့်အကြောင်းကို တွေးတောကာ စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူ ရှေးဟောင်းသိုင်းအဆင့်တွင် ရှိနေခဲ့စဉ်တုန်းက သူ၏အိမ်သို့ ပြန်သည့်လမ်းတွင် ခံ့ညားထည်ဝါသည့် အတောင်ပံပါသော သားရဲကြီးတစ်ကောင်အား မြင်တွေ့ခဲ့ရသည်ကို ပြန်၍သတိရသွားသည်။ နောက်ဆုံးတွင် ထိုသားရဲကြီးမှာ အသတ်ခံလိုက်ရပါသော်လည်း ဝမ်ပေါင်လဲ့၏ စိတ်ကူးစိတ်သန်းများမှာ ရပ်တန့်သွားခြင်းမရှိပေ။
သူ၏စိတ်ထဲတွင် သူသည် ဧရာမ မဟာသိမ်းငှက်ကြီးတစ်ကောင်၏ ကျောကုန်းပေါ်တွင် လိုက်လံစီးနင်းနေသည်။ ထိုသိန်းငှက်ကြီးမှာ ၎င်း၏ စူးရှသော မျက်ဝန်းများဖြင့် အောက်ဘက်ရှိ ကမ္ဘာကြီးကို လှမ်းကြည့်နေ၏။ သူသည်လည်း လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ၏ ခြေထောက်အောက်ရှိ ကမ္ဘာကြီးကို ငုံ့ကြည့်နေသည်။ ထိုမြင်ကွင်းကြီးမှာ အမှန်တကယ်ပင် အံ့သြဖွယ်ရာ ကောင်းနေမည် ဖြစ်သည်။
“ဥစပေါက်တဲ့ အချိန်မှာတောင် အာနာပါနအဆင့်အထိ ရောက်နေပြီဆိုတော့ တော်တော်အံအားသင့်ဖို့ ကောင်းတာပဲ။ သူက ငါ့လောက်နီးပါးကို အစွမ်းထက်နေလောက်တယ် ”
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး ထိုဥကြီး၏ ဘေးတွင်ရပ်၍ ပျော်ရွှင်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။ သူ၏ မဟာသိမ်းငှက်ကြီး ပေါက်ဖွားလာပြီး ဤကမ္ဘာထဲသို့ ရောက်ရှိလာသည်ကို စောင့်ကြည့်ရသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ခံတပ်ပုံစံစာရွက်များအား ပြီးစီးအောင် လုပ်ရသည်ထက် ပို၍စိတ်ဝင်စားစရာကောင်းနေ၏။
ဝမ်ပေါင်လဲ့မှာ ဥခွံကြီး တဖြည်းဖြည်းနှင့် အက်ကွဲလာသည်ကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားကြည့်ရှုနေ၏။ တကျည်ကျည်တကြာကြာအသံများ ပိုကျယ်လာလေလေ သူသည်လည်း ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။
” ဒီကောင့်ကို နာမည်ပေးရမယ်။ ဘယ်လိုခေါ်ရင်ကောင်းမလဲ ”
ဝမ်ပေါင်လဲ့မှာ ဦးနှောက်တစ်ခုလုံး ပူထူသွားအောင် စဉ်းစားလိုက်၏။ မကြာခင် ပေါက်ဖွားလာတော့မည် မဟာသိန်းငှက်ကြီးအားပေးရန် တမူထူးခြားကာ နားဝင်ချိုစေမည့် နာမည်တစ်ခုကို အပြင်းအထန် စဉ်းစားနေတော့သည်။
” နီလေးလို့ ပေးရမလား။ မည်းလေးဆိုရင်ရော။ သံဥဆိုရင်လည်း မဆိုးဘူး ”
ဝမ်ပေါင်လဲ့မှာ ခေါင်းတကုတ်ကုတ်နှင့် ဖြစ်နေတော့သည်။ ထိုအမည်များ အားလုံးမှာ ရိုးစင်းလွန်းနေသည်ဟု သူက ခံစားနေရ၏။ ၎င်းတို့မှာ သူ၏ အံသြဖွယ်ရာ မဟာသိမ်းငှက်ကြီး၏ ပုံရိပ်နှင့် ကိုက်ညီမှုရှိမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ အမည်တစ်ခု စဉ်းစားမိနိုင်ရန် အချိန်ကုန်လူပင်ပန်းခံ၍ အပြင်းအထန်ကြိုးစားနေ၏။ သူသည် အချိန်အကြာကြီး စဉ်းစားပြီးသည့်တိုင်အောင် အကောင်းဆုံးအမည်တစ်ခုကို မဆုံးဖြတ်နိုင်သေးပေ။ သူ ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောနေစဉ်တွင် သားရဲဥကြီးပေါ်မှ အက်ကွဲကြောင်းများမှာ ဥခွံတစ်ခုလုံးပေါ်၌ ပျံ့နှံ့သွား၏။ ထို့နောက် တဖျစ်ဖျစ်တဖြောက်ဖြောက် မြည်သံတစ်သံ ထွက်ပေါ်လာပြီ လက်သည်းခွံ အရွယ်အစားရှိသော ဥခွံအပိုင်းအစလေး တစ်ခု အောက်သို့ပြုတ်ကျလာသည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ အတွေးထဲ၌ အမည်မျိုးစုံ ချက်ချင်းပေါ်လာပြီး သူသည် တစ်ခဏမျှ အသက်ရှူ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် ထိုဥအား ကြည့်လိုက်သောအခါ ဥခွံထဲရှိ အပေါက်ထဲမှ အမွေးထူထူခြေထောက်တစ်ချောင်းထွက်လာသည်ကို မြင်လိုက်ရတော့သည်။
” သိမ်းငှက်ကြီးရဲ့ ခြေထောက်ပဲ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်တောက်သွားပြီး စိတ်လှုပ်တရှားနှင့် မတ်တတ်ထလာ၏။ သို့သော် ခဏအကြာတွင် သူသည် မသေမချာမရေမရာ ဖြစ်သွားရ၏။ ထိုခြေထောက်မှာ သူစိတ်ကူးထဲ၌ ထင်မှတ်ထားသည့် သိမ်းငှက်တစ်ကောင်၏ ခြေထောက်ထက် အများကြီး ပိုကြီးနေသည်။
” တစ်ခုခုတော့လွဲနေပြီ ”
ဝမ်ပေါင်လဲ့မှာ သံသယများ ပို၍ဝင်လာချိန်တွင် ဥခွံပေါ်ရှိ နောက်ထပ်အစိတ်အပိုင်းတစ်ခုမှာ ပွင့်ထွက်သွားပြီး နောက်ထပ် ခြေထောက်တစ်ချောင်း ထွက်လာပြန်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရ၏။ သူသည် ဥခွံထဲမှ ထွက်လာသည့် အမွေးထူထူခြေထောက်နှစ်ချောင်း ဟိုဟိုသည်သည် ကန်ကျောက်နေသည်ကို တအံ့တဩနှင့် စိုက်ကြည့်နေမိတော့သည်။
” ဘာလို့ ဒါတွေက လက်သည်းတွေနဲ့မတူဘဲ ခွာတွေနဲ့ တူနေရတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိလိုက်၏။ ထို့နောက် သူသည် နိမိတ်မကောင်းသလို ခံစားလိုက်ရပြီး ရုတ်တရက်ဆိုသလို အသားများ တုန်ရီသွားရတော့သည်။ ထိုအချိန်တွင် နောက်ထက် အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ဥခွံကြီးမှာလည်း အခြားအစိတ်အပိုင်းများတွင် စတင်ကွဲအက်လာ၏။ ထိုသို့ဖြင့် တတိယမြောက်ခြေထောက်တစ်ချောင်းနှင့် စတုတ္ထမြောက် ခြေထောက်တစ်ချောင်းတို့ ဥထဲမှ ထိုးထွက်လာကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ဥထဲမှ တွဲလောင်းကျနေသည့် ခြေထောက်လေးချောင်းကို ကြည့်ရင်း မိန်းမောတွေဝေနေရတော့သည်။
” ဘယ်လိုလုပ်ပြီးတော့ မဟာသိမ်းငှက်ကြီးတစ်ကောင်ဆီမှာ ခြေထောက်လေးချောင်း ရှိနေရတာလဲ။ ဒါ… ဟာသတစ်ခုပဲ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်နေပြီး အတွေးများ ယောက်ယက်ခတ်နေပြီ ဖြစ်သည်။ ထို့နောက် တဖျစ်ဖျစ် မြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ဥခွံကြီး၏ အစိတ်အပိုင်းများစွာ ဆက်၍ အက်ကွဲလာပြီး အောက်သို့ ကွာကျလာကြ၏။ နောက်ဆုံးတွင်…
၎င်း၏ ခြေထောက်များထက် အနည်းငယ်မျှသာ ပို၍ကြီးသည့် ရေများဖြင့် ရွှဲစိုနေသော အမွေးထူထူ ခေါင်းတစ်လုံး ဥထဲမှ ထွက်လာတော့သည်။ ၎င်း၏ ဦးခေါင်းပေါ်မှ အကျိအချွဲများ စီးကျလာကြ၏။ ထို မွေးကင်းစ တိရိစ္ဆာန်လေးမှာ ၎င်း၏ မျက်လုံးများကို ဖွင့်၍ ကမ္ဘာသစ်ကြီးကို ရှုစားနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေ၏။
ဝမ်ပေါင်လဲ့မှာမူ ၎င်း၏ရှေ့တွင်ရပ်ရင်း အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးပြူးကြီးများဖြင့် ထိုသားရဲပိစိလေး၏ ဦးခေါင်းကို စိုက်ကြည့်နေမိတော့သည်။
” တစ်ကိုယ်လုံး မည်းနက်နေပြီး နာရွက်အရှည်ကြီး နှစ်ဖက်၊ မျက်နှာအရှည်ကြီးတစ်ခုနဲ့ ပါးစပ်ပေါက်အကျယ်ကြီးတစ်ခု ပါတာဆိုတော့…. ဒီသားရဲက…. ”
” သား ”
ဝမ်ပေါင်လဲ့မှာ တအံ့တဩ ဖြစ်နေစဉ်တွင် ထိုသားရဲလေးမှာ ၎င်း၏ မျက်လုံးများကို ဖွင့်နိုင်သွား၏။ ၎င်းမှာ သူ၏ ဘေးဘီဝဲယာကို သေသေချာချာ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူ့အား သဘောကျနှစ်သက်သွားသည့် အမူအရာနှင့် ပထမဆုံးအကြိမ်အဖြစ် အော်ဟစ်မြည်တမ်းလိုက်တော့သည်။
၎င်း၏ အရွယ်အစားမှာ လက်ဖဝါးတစ်ခုစာမျှသာ ရှိပါသော်လည်း ၎င်းမှာ အာနာပါနအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် ၎င်းမှာ ယခုလေးတင်မှ ပေါက်ဖွားလာသည့်တိုင်အောင် ၎င်း၏ အသံမှာ စူးရှကျယ်လောင်လွန်းနေပြီး အခန်းထဲ၌ ပဲ့တင်ထပ်နေ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏နဖူးကိုသာ ရိုက်မိလိုက်တော့သည်။ မှန်းချက်နှင့် နှမ်းထွက်မှာ တက်တက်စင်အောင် လွဲနေသည် မဟုတ်ပါလော။
” သားရဲဥကြီးထဲက တကယ်ကို မြည်းတစ်ကောင် ပေါက်လာတာပဲဟ။ ပြီးတော့ ရိုးရိုးမြည်းတောင် မဟုတ်ဘူး။ မြည်းကိုမှ အထီးကြီး ပေါက်လာတာ ”
ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ ဥအများစုမှာ အတောင်ပံပါသော သားရဲကြီးများအဖြစ်သာ ပေါက်သွားကြမည်ဖြစ်သည်။ သူသည် မြွေတစ်ကောင်လောက် ရလျှင်ပင် လက်ခံနိုင်သေးပါသော်လည်း ၎င်းမှာ မြည်းတစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။ ထို့အပြင် မြည်းများမှာ ဥမှဖောက်ရသည် မဟုတ်ဘဲ အကောင်လိုက် မွေးရသည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူထားသည်။
ထိုမြည်းလေးမှာ ဝမ်ပေါင်လဲ့တစ်ယောက် အားမလိုအားမရဖြစ်ကာ စိတ်တိုနေရသည်ကို သတိထားမိသည့်ပုံ မပေါ်ပေ။ ၎င်းမှာ ဥခွံထဲမှ ရုန်းကန်ထွက်လာပြီးနောက် ၎င်း၏ခြေထောက်ပေါ်၌ တည်တည်ငြိမ်ငြိမ် ရပ်နိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် ၎င်း၏ ခြေထောက်များမှာ ခွေကျသွားပြီး ၎င်းမှာ မြေကြီးပေါ်သို့ လဲကျသွားသည်။ ထို့နောက် ၎င်း၏ ခွာများမှာ ကြမ်းပြင်ပေါ်တွင် ချော်နေပြီး ၎င်းမှာ မတ်တတ်ပြန်ထနိုင်ရန် အစွမ်းကုန်ကြိုးစားနေ၏။ အချိန်အတော်အတန် ကြာပြီးသွားမှသာ ၎င်းမှာ ၎င်း၏ ရှေ့ခြေထောက်နှစ်ချောင်းကို မြေကြီးပေါ်၌ ပြန်ထောက်နိုင်သွား၏။ သို့သော် ၎င်း၏ နောက်ခြေထောက်နှစ်ဖက်ပေါ်သို့ အားစိုက်လိုက်သည့်အချိန်တိုင်းတွင် ၎င်းမှာ ကြမ်းပြင်ပေါ်သို့ ဒုတ်ခနဲ လဲကျသွားသည်သာဖြစ်သည်။
ထိုမြည်းလေးမှာ အကြိမ်အနည်းငယ်ခန့် ကြိုးစားလိုက်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။ ၎င်း၏ နားနှစ်ဖက်မှာ အောက်သို့ ငိုက်ကျသွားပြီး ၎င်းမှာ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ သူ၏ဘေးတွင်ရှိနေသော ဥခွံကြီးကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ထိုဥခွံကြီး၏ အပိုင်းအစတစ်ခုကို ဝါးစားလိုက်တော့သည်။
ထိုအခါ မြည်းလေးမှာ မျက်လုံးများ အရောင်တောက်လာသောကြောင့် ထိုဥခွံကြီးမှာ ၎င်းအတွက် အရသာ သိပ်မဆိုးသည့်ပုံပင်။ ၎င်းမှာ ကြမ်းပြင်ပေါ်တွင် ခြေကားရား လက်ကားရားနှင့် လဲလျောင်းနေရင်း ထိုဥခွံကြီးအား ဆက်၍ဝါးစားနေတော့သည်။ ဝမ်ပေါင်လဲ့မှာ မှုန်ကုပ်ကုပ်နှင့် ထိုမြင်ကွင်းအား ကြည့်နေစဉ်မှာပင် ၎င်းမှာ ဥခွံကြီး တစ်ခုလုံးကို ကုန်အောင် စားပစ်လိုက်တော့သည်။ ထို့အပြင် ၎င်းမှာ ကြမ်းပြင်ပေါ်ရှိ အကျိအချွဲများကိုပင်လျှင် ပြောင်အောင်လျှက်ပစ်လိုက်၏။
၎င်းမှာ ထိုအကျိအချွဲများကို ကုန်အောင်လျှက်ပြီးသွားသည့်တိုင်အောင် ဗိုက်ဆာနေသေးသည့်ပုံ ပေါက်နေဆဲပင်။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့အား မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီးနောက် အော်ဟစ်ညည်းညူလိုက်တော့သည်။
” သား ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာရှုံ့မဲ့သွားရတော့သည်။ မြည်းများ၏ အော်သံမှာ ထိုကဲ့သို့ပင်ဖြစ်ကြောင်း သူက သိထား၏။ မည်သို့ပင်ဆိုစေကာမူ ထိုအော်သံကြီးမှာ ထူးဆန်းနေသည်ဟု သူက ခံစားနေရဆဲပင်။ ထိုမြည်းလေးမှာမူ ဝမ်ပေါင်လဲ့ဆီမှ မည်သည့်တုံ့ပြန်မှုမှ ပြန်မရသောကြောင့် အထိတ်တလန့်ဖြစ်သွားသည့် အမူအရာနှင့် ပို၍ပင်ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
” သား ”
ဝမ်ပေါင်လဲ့မှာ ကြမ်းပြင်ပေါ်တွင် ခြေကားရား လက်ကားရားနှင့် ၎င်း၏ ခြေထောက်များကို ကန်ကျောက်ကာ သူ့အား အော်ဟစ်နေသည့် မြည်းလေးကိုကြည့်ရင်း ခေါင်းခဲသွားရ၏။ ထို့ကြောင့် သူသည် ထိုမြည်လေးအားကိုင်ကာ သူ၏ရှေ့သို့ ဆွဲခေါ်လိုက်ပြီး ၎င်းအား ဒေါသတကြီးနှင့် စိုက်ကြည့်နေလိုက်တော့သည်။
” အဲဒီလို မအော်နဲ့ကွ ”
” သား…. သား … ”
မြည်လေးမှာမူ ရပ်တန့်သွားခြင်း မရှိသည့်အပြင် ၎င်း၏အော်သံများမှာ ပို၍ပင် ကျယ်လောင်လာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်ဓာတ်ကျသွားရပြီး သက်ပြင်းချမိလိုက်တော့သည်။ သူ့တွင် ထိုမြည်းလေးအတွက် သင့်တော်သည့် စားစရာ တစ်ခုတလေပင် မရှိပါသော်လည်း ၎င်း၏ အော်ဟစ်သံများမှာ နားဝင်ဆိုးလွန်းနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီယီ သူ့အတွက်ဝယ်ပေးခဲ့သော မုန့်များကို ထုတ်ယူကာ လက်တစ်ဆုပ်စာခန့် ပစ်ကျွေးလိုက်၏။
သူ ထိုမုန့်များကို လှမ်းပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုမြည်လေးမှာ ကြမ်းပြင်ပေါ်သို့ ဒုတ်ခနဲ ပြန်၍လဲကျသွား၏။ ထို့နောက် ၎င်းမှာ မုန့်များကို မြင်လိုက်ရသောအခါ အော်ဟစ်မနေတော့ဘဲ ထိုမုန့်များဆီသို့ ခက်ခက်ခဲခဲနှင့် တွားသွားလိုက်၏။ ခဏအကြာတွင် ၎င်းမှာ ထိုမုန့်များအနီးသို့ ရောက်ရှိလာတော့သည်။ ထို့နောက် ၎င်းမှာ မုန့်ထုပ်များကို ဖောက်မနေတော့ဘဲ အခွံများကိုပါ တစ်ပါတည်း မျိုချပစ်လိုက်တော့သည်…
ခဏအကြာတွင် ၎င်းမှာ ဝမ်ပေါင်လဲ့ ပစ်ချထားသည့် မုန့်များအားလုံးကို ကုန်အောင် စားပြီးသွား၏။ ထိုအခါမှသာ ၎င်းသည် စိတ်ကျေနပ်သွားသဖြင့် ကြမ်းပြင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ အိပ်ပျော်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ တခေါခေါဟောက်နေသည့် မြည်းလေးကိုကြည့်ရင်း ရုတ်တရက်ဆိုသလို အားအင်များကုန်ခမ်းသွားသလို ခံစားလိုက်ရတော့သည်။ အချိန်အတော်အတန် ကြာပြီးမှသာ သူသည် သက်ပြင်းချလိုက်ပြီး ထိုမြည်းလေးကို လျစ်လျူရှုကာ တင်ပျဉ်ခွေထိုင်ချ၍ ကျင့်ကြံခြင်းဖြင့် သူ၏ နှလုံးသားထဲမှ စိတ်ပျက်မှုများကို ဖြေဖျောက်ရန် ကြိုးပမ်းလိုက်တော့သည်။
ထိုသို့ဖြင့် တစ်ရက်ပင် မကုန်ခင်မှာပင် တရားထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ သူ၏နားထဲ၌ မြည်းလေး၏ အော်သံကို ထပ်၍ကြားလိုက်ရပြန်သည်။
” သား ”
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆတ်ခနဲ တုန်ရီသွားရပြီး ခိုကိုးရာမဲ့သလို ဖြစ်နေသည့် အမူအရာဖြင့် မျက်လုံးများပွင့်လာတော့သည်။ သို့သော် သူသည် ထိုမြည်းလေးကို ကြည့်လိုက်မိသောအခါ တအံ့တဩ ရေရွတ်မိသွား၏။
” ထွားလာတာ မြန်လှပါလား ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အံ့သြတုန်လှုပ်သွားရ၏။ မြည်လေးမှာ လွန်ခဲ့သည့်နေ့တုန်းကထက် အနည်းငယ်ခန့်ပို၍ ထွားလာပြီဖြစ်သည်။ ထိုစဉ်တုန်းက သူသည် ကြွက်တစ်ကောင်အရွယ်အစားသာ ရှိခဲ့ပြီး သူ၏ လက်ဖဝါးပေါ်၌ တင်ထားနိုင်လောက်သည်အထိ သေးငယ်နေခဲ့၏။ ယခုတွင်မူ ၎င်းမှာ ယုန်တစ်ကောင် အရွယ်အစားခန့် ရှိနေပြီဖြစ်ရာ သူသည် ၎င်းအား လက်နှစ်ဖက်ဖြင့် ကိုင်မှ ရတော့မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့်တွေးတောလိုက်ပြီးနောက် မုန့်ထုပ်အနည်းငယ်အား ၎င်းဆီသို့ ထပ်၍လှမ်းပစ်ပေးလိုက်သည်။ ထိုအခါ ထိုမြည်းလေးမှာ တက်တက်ကြွကြွဖြစ်သွားပြီး ၎င်းတို့ကို ပျော်ရွှင်စွာ ဝါးစားရင်း အော်ဟစ်မြည်တမ်းနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ၎င်း၏ အော်သံများကို ကြားလိုက်ရသောအခါ သက်ပြင်းချမိသွား၏။ သူသည် စစ်ပွဲသုံးသားရဲတစ်ကောင်ကို ဥဖောက်မိခဲ့ခြင်း မဟုတ်ဘဲ သူ၏ ခေါင်းပေါ်သို့ တက်ဆော့မည့် သားရဲတစ်ကောင်ကို ဥဖောက်မိခဲ့ခြင်းသာ ဖြစ်သည်။
ထိုသို့ဖြင့် နှစ်ပတ်တိတိ ကုန်ဆုံးသွား၏။ ထိုနှစ်ပတ်အတွင်း ထိုမြည်းလေးမှာ ဗိုက်ဆာသည့်အချိန်တိုင်း အော်ဟစ်မြည်တမ်းခဲ့ပြီး ဗိုက်ဝသွားလျှင် ခေါင်းထိုးအိပ်လိုက်သည်သာ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှ မြန်ဆန်စွာ ထွားလာခဲ့သောကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ ထိုမြည်းလေးမှာ ယုန်တစ်ကောင်အရွယ်အစား၌ ရှိမနေတော့ဘဲ မြင်းပုလေးတစ်ကောင်နီးပါး ထွားလာပြီဖြစ်သည်။
၎င်းမှာ တစ်ကိုယ်လုံး မည်းနက်နေပြီး မျက်လုံးဝိုင်းကြီးများနှင့် နားရွက်ရှည်ကြီးများကို ပိုင်ဆိုင်ထားသောကြောင့် အော်ဟစ်နေသည့် အချိန်များမှလွဲလျှင် ချစ်စရာကောင်းနေ၏။ ထို့အပြင် ၎င်းမှာ ခန္ဓာကိုယ် ထွားလာရုံသာမက ပို၍လည်း သန်မာလာသေးသည်။ နောက်ဆုံးတွင် ၎င်းမှာ ခြေထောက်လေးချောင်းစလုံးသုံး၍ မတ်တတ်ရပ်နိုင်စွမ်း ရှိသွားသောကြောင့် ဝမ်ပေါင်လဲ့၏ အိမ်ရာထဲ၌ တစ်နေကုန် ပြေးလွှားဆော့ကစားနေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို လက်ခံနိုင်သည်။ သို့သော် သူ လက်မခံနိုင်လောက်အောင် ဖြစ်နေရသည့်အချက်မှာ ထိုမြည်းလေးသည် အလွန်အင်မတန်မှ အစားကျူးနေခြင်းပင်ဖြစ်သည်။ ၎င်းမှာ ခိုင်ခံ့သော သွားများကို ပိုင်ဆိုင်ထားပြီး ၎င်း၏ ဗိုက်ကြီးမှာလည်း အာကာသတွင်းနက်ကြီး တစ်ခုကဲ့သို့ပင်။ ၎င်းမှာ မည်သည့်အရာကိုမဆို ကိုက်ဖြတ်ကာ အစာခြေနိုင်စွမ်း ရှိနေ၏။
ထို နှစ်ပတ်အတွင်း ၎င်းမှာ လီယီ ဝမ်ပေါင်လဲ့အတွက် ဝယ်ပေးခဲ့သော မုန့်များအားလုံးကို ကုန်အောင်စားပစ်ခဲ့၏။ ထို့အပြင် ၎င်းမှာ သူ၏ ပရိဘောဂများကိုပင် ဝါးစားနေသေးသည်။ ထိုအတောအတွင်း ဝမ်ပေါင်လဲ့မှာ သူ၏ တရားထိုင်ခြင်းကို အဆုံးသတ်လိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တိုင်း သူ၏ ပရိဘောဂများ ခြေထောက်တစ်ဖက် မရှိတော့သည့် မြင်ကွင်းများကိုဖြစ်စေ၊ သူ၏ အခန်းတံခါး မရှိတော့သည့် မြင်ကွင်းများကိုဖြစ်စေ တွေ့မြင်ခဲ့ရ၏။
နောက်ဆုံးတွင် သူ၏ အိမ်ရာထဲ၌ ပရိဘောဂ တစ်ခုတလေပင် မကျန်တော့ချေ….
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်နေရပြီး သူသည် ထို မြည်းနက်လေး၏ ကုန်ကျစရိတ်များကို ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း တွေးနေမိတော့သည်။ ထိုအချိန်တွင် သူသည် သူ၏ ဗီရိုတံခါးကို မျိုချနေသည့် မြည်းလေးကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
” အေး အေး။ မင်း စားထားဦး။ မင်း ဒီ့ထက် ပိုထွားလာလို့ ငါ မင်းကို တင်ကျွေးထားဖို့ မတတ်နိုင်တော့တဲ့ အချိန်ကျရင် မင်းကို ကင်စားပစ်မယ် ”
ထိုအခါ ဗီရိုတံခါးကို ဝါးစားနေသည့် မြည်းလေးမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်ပုံဖြင့် ဇဝေဇဝါနှင့် ခေါင်းမော့လာပြီး အပြစ်ကင်းသောမျက်ဝန်းလေးများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့သည် သူ့အစာအား လုယူရန် ကြိုးပမ်းနေသည်ဖြစ်ကြောင်း ထင်မှတ်သွားသောကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ထိုတံခါးအား ပို၍လျင်မြန်စွာ ဝါးစားလိုက်တော့သည်။ ၎င်းမှာ အကြိမ်ရေ အနည်းငယ်ခန့် တဂျွတ်ဂျွတ်မြည်အောင် ဝါးလိုက်ပြီးနောက် ထိုတံခါးကြီးတစ်ခုလုံးကို မျိုချလိုက်၏။ ထို့နောက် ၎င်းမှာ အလောတကြီးနှင့် မျိုချမိလိုက်သောကြောင့် လည်ချောင်းထဲ၌ နင်နေတော့သည်။
” ဒီမြည်းက နည်းနည်းလေး ကျပ်မပြည့်တဲ့ပုံပဲ ”
ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့မဲ့နှင့်ပြုံးလိုက်ပြီး သူ၏ ဟာလာဟင်းလင်းဖြစ်နေသော အိမ်ရာကြီးကိုကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
ကောင်း