ပိုင်ရှောင်ချန်း အပြင်စည်းဂိုဏ်းသားဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း လီချင်းဟောက်အနေဖြင့် ရှောင်ချန်းဆီ တစ်ခါမျှ လာသည်ဟူ၍မရှိ။ တကယ်တော့ ရှောင်ချန်းနေရာကလည်း တောင်၏ လူခြေအတိတ်ဆုံးနှင့် လူသူအရောက်အပေါက် နည်းသောနေရာဖြစ်သောကြောင့် လာဖြစ်ရန်လည်းမလွယ်။ အတန်ကြာလျှောက်ပြီးမှ ပိုင်ရှောင်ချန်း၏နေရာလေးသည်မြင်ကွင်းတွင် ရုပ်လုံးပေါ်လာသည်။
သို့သော်အနားမရောက်ခင်မှာပဲ အသားလတ်ပြီး သန့်ရှင်းသောအသွင်အပြင်နှင့် လူငယ်တစ်ယောက် မြင်ကွင်းထဲပေါ်လာသည်။ ထိုလူငယ်သည် လက်ထဲတွင် အသားကင်တစ်ကင်ကိုကိုင်ရင်း လမ်းလျောက်လိုက် စားလိုက်ဖြင့် သီချင်းလေးတညီးညီး လုပ်နေ၏။
ပိုင်ရှောင်ချန်းစားနေသော အသားကင်ကို သေချာကြည့်လိုက်မှ ကြက်ခြေထောက်ဖြစ်နေရာ လီချင်းဟောက်၏ ဒေါသ ငယ်ထိပ်တက်လာသည်။
“ပိုင်ရှောင်ချန်း….” သူအသံမှာ မိုကြိုးပစ်လိုက်သလို ကျယ်လောင်လှသောကြောင့် အရိုးကိုက် ခြင်ဆီစုပ်နေသော ရှောင်ချန်းပင် ဝိဉာဉ်လွင့်မတတ် ကြောက်လန့်သွားသည်။
“ဂိုဏ်းချုပ်လီ ” မျက်လုံးပြူ းမျက်ဆံပြူ းဖြစ်သွားကာ ဘာမှတွေးမနေတော့ဘဲ စုပ်လက်စအရိုးတစ်ချောင်းလုံးကို ပါစပ်ထဲပစ်ထည့်လိုက်သည်။ ကြံရာမရသည့်အဆုံး အရိုးကိုပါဝါးပြီး အတင်းမျိုချလိုက်ရာ မျက်နှာတစ်ခုလုံးပင် ပြာနှမ်းလာသည်။
ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ရှောင်ချန်းအကြောက်ဆုံးလူမှာ လီချင်းဟောက်ဖြစ်သည်။ ဤမျှလောက်သူ၏ကြက်တွေကို ခိုးစားထားမှတော့ မကြောက်၍လည်းမဖြစ်၊ သူ့အပြစ်ကိုတော့သူသိသည်။ နဖူးမှချွေးစေများကို သုတ်လိုက်ပြီးနောက် ဖြူစင်ရိုးသားသည့်ဟန်လည်း ပြင်လိုက်ကာ လက်နှစ်ဖက်ယှက်လျက် အရိုအသေပေးလိုက်သည်။
” နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်ချုပ်ကြီး ”
လီချင်းဟောက်သည် ရှောင်ချန်းကို ခံစားချက်ကင်းမဲ့သော မျက်လုံးတွေနှင့်သာ ကြည့်နေ၏။ စိတ်ထဲတွင်တော့ သိပ်မကောင်းလှ။ ပိုင်ရှောင်ချန်း၏ ဘိုးဘေးများသည် လီချင်းဟောက်အပေါ် ကျေးဇူးတင်စရာကောင်းလောက်အောင် ကောင်းခဲ့ကြသည်။ ရှောင်ချန်း၏ လုပ်ရပ်ကို စိတ်ဆိုးသော်လည်း သူတို့မျက်နှာနှင့် ကျေးဇူးတရားကို မေ့မရပေ။
မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင် ဂိုဏ်းချုပ်များက ဝိညာဉ်မြီးကြက်များနှင့်ပတ်သက်၍ လာရောက်တိုင်တန်းကြသည်။ ကြက်များ၏တန်ဖိုးထက် လီချင်းဟောက်သည် သူ့ဂိုဏ်းသားတစ်ဦးကို အပြင်လူများက ပြစ်တင်ရှုံ့ချမည်ကို မလိုလားသောကြောင့် တန်ဖိုးမကလျော်ကြေးကို ပေးပြီးဖြစ်သည်။
သို့သော်ကြက်သူခိုးမှာ ရှောင်ချန်းဖြစ်နေသညိကို သိပ်ဘဝင်မကျချင်။မျှော်လင့်ထားသလို ဖြစ်မလာသောကြောင့် ပိုစိတ်ပျက်နေသည်။
လီချင်းဟောက်သည်သက်ပြင်းတစ်ချက်သာချလိုက်ပြီး
” မင်းအပြင်စည်းဂိုဏ်းသားဖြစ်တာ နှစ်ဝက်လောက်ရှိပြီ။ ခုထိ ကျင့်ကြံမှုအဆင့်သုံးကနေ အဆင့်လေးရောက်လာတာလောက်နဲ့ ကျေနပ်နေတာလား ”
ရှောင်ချန်းမှာ ဘာပြောရမလဲမသိသဖြင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်သာ နှုတ်ဆိတ်နေလိုက်သည်။ မျက်နှာပျက်ခြင်း မကျေနပ်ခြင်းအလျှင်းမရှိ၊ သူ၏အကောင်းမြင်စိတ်ကို ထိန်းထားနိုင်သရွှေ့ အရာအားလုံးနောက်ဆုံးတွင် အဆင်ပြေသွားစမြဲဟု ခံယူထားသည်။ သို့သော် ကြက်ရိုးကို ကြိတ်ဝါးနေရသောကြောင့် ချွေးစေးပြန်နေသည့်အတွက်မူ သူလည်း ဘာမှမတတ်နိုင်ချေ။
လီချင်းဟောက်သည် ခေါင်းပင်အနည်းငယ်ကိုက်လာသော်လည်း လေးလေးနက်နက်စဉ်းစားပြီးနောက်
” အခုလို ဂိုဏ်းတစ်ခုလုံးမှာ လိုက်မွှေနေပုံထောက်ရင် မင်းမှာ အချိန်တွေတော်တော်ပိုနေပုံပါပဲ၊ ဒါဆို နောက်သုံးလနေရင် ငါတို့မွှေးရနံတိမ်တောင်မှာကျင်းပမယ့် ချီစုစည်းမှု အဆင့်လေးနဲ့ အဆင့်ငါးဂိုဏ်းသားတွေအတွက် သီးသန့်ပြိုင်ပွဲမှာ မင်းဝင်ပြိုင်ရမယ် ”
ပိုင်ရှောင်ချန်းရင်ထဲတွင် ဗလောင်ဆူသွားသည်။ လီချင်းဟောက်ပြောသော ပြိုင်ပွဲအကြောင်းကို ကြားဖူးပြီးဖြစ်သည်။ အနိုင်ရသူအတွက် ချီးမြှင့်မြှောက်စားမှုများရှိသလို ပြိုင်ပွဲတွင် သတိတစ်ချက်လွတ်လျှင် ဒဏ်ရာမပါဘဲ ပြန်ထွက်ရန်မဖြစ်နိုင်လောက်အောင် ခက်ခဲပြင်းထန်ကြောင်း ကြားရသည်။
“ဂိုဏ်းချုပ်လီ ကျွန်တော်ရဲ့ ချီစုစည်းမှုက အဆင့်လေးပဲရှိသေးတာ။ ဝင်ပြိုင်လိုက်လို့ ကျွန်တော်ကို အသေသတ်လိုက်ကြရင် ဘယ်လိုလုပ်မလဲခင်ဗျ ”
ရှောင်ချန်းအမေးကို အရေးမလုပ်ဘဲ တည်ငြိမ်စွာဖြင့်
” အခုပြောနေတာက မင်းရဲ့ဆန္ဒကိုမေးနေတာမဟုတ်ဘူး သေချာပေါက်ဝင်ပြိုင်ရမယ်၊ ပြီးတော့ ပြိုင်ပွဲမှာ ထိပ်ဆုံးငါးဦးစားရင်းမဝင်ရင် ငါမင်းကို…..”
ပိုင်ရှောင်ချန်းသက်ပြင်းချလိုက်သည်။
” ကျွန်တော်သိပါပြီ။ကျွန်တော့်ကို ဂိုဏ်းကနေထုတ်ပယ်မှာမလား.. ”
လီချင်းဟောက်သည် ရှောင်ချန်း၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ချန်းလို အမွှေစိန်လေးကို ဂိုဏ်းကထုတ်မည်ဟု ခြိမ်းခြောက်ရုံဖြင့် ထိန်းမရကြောင်းသူသိသည်။ ရှောင်ချန်းက သေခြင်းတရားကို လွန်စွာကြောက်လန့်ကြောင်း သိပြီးဖြစ်သောကြောင့် ပိုင်ရှောင်ချန်းကို လက်ကဆွဲ၍ တောင်ထိပ်ဆီသို့ ပျံသန်းလေသည်။
ပိုင်ရှောင်ချန်းမှာ ရူးမတတ် စိတ်လှုပ်ရှားနေပြီး လီချင်းဟောက်၏ ခံစားချက်မဲ့၍ မှန်းဆရခက်သော မျက်နှာကြောင့် ပိုပြီးလန့်နေရသည်။ ပျံသန်းရာလမ်းတစ်လျှောက်တွင် လေကသူ့မျက်နှာကို ရိုက်ခတ်နေ၍ အာရုံမစိုက်နိုင်ခင်မှာပင် လီချင်းဟောက်က မွှေးရနံတိမ်တောင်ထိပ်၏အနောက်ဘက်ခြမ်းသို့ ခေါ်ဆောင်လာခဲ့သည်။
ထိုနေရာမှာ ကန့်သတ်နယ်မြေဖြစ်သောကြောင့် ဂိုဏ်းသားအနည်းငယ်သာ ရောက်ဖူးသောနေရာဖြစ်သည်။ အထူးခြားဆုံးအချက်မှာ နေရာတိုင်းတွင် အပင်များထူထပ်ခြင်းဖြစ်သည်။
တောင်ကြားတစ်ခုထဲသို့ ဆင်းသက်လိုက်စဉ် အပင်များက ရုတ်တရက်အသက်ဝင်လာသလို အရောင်တောက်လာသလိုလိုဖြင့် တရွှီရွှီမြည်သံများကို ကြားနေရသလိုဖြစ်ကာ အန္တရာယ်အငွေ့အသက်ကို သူ ခံစားရသည်။
အပင်တွေကိုကြည့်ရင်း ပိုင်ရှောင်ချန်းစိတ်ထဲတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသလို ထိတ်လန့်လာသည်။ စကားပြောမယ်အလုပ်မှာပင် ရုတ်တရက်ကြက်သွေးရောင် မြွေပွေးတစ်ကောင်က ပါးပျဉ်းထောင်လာကာ သူ့ကို အစွယ်ဖွေးဖွေးဖြင့် စိုက်ကြည့်လာသည်။
“မြွေ…. ” လီချင်းဟောက်ကို မလွန်ဆန်နိုင်သောကြောင့် လိုက်ခဲ့ရသော်လည်း တောင်ကြားတစ်ခုလုံးတွင် မြေနေရာမလပ် အပင်များပေါ်ပါမကျန်မြွေများဖြင့်ပြည့်နေရာ သတိပင်လစ်ချင်သလို ဖြစ်နေသည်။
မြွေအားလုံးမှာ ပြောင်လက်နေပြီး တစ်ချက်ကြည့်ရုံဖြင့် မြွေပွေးများဖြစ်ကြောင်း သိနိုင်သည်။ လျှာတွေကိုထုတ်လိုက်သွင်းလိုက်လုပ်ရင်း အေးစက်စူးရှသောမျက်လုံးများဖြင့် ရှောင်ချန်းကိုစိုက်ကြည့်နေကြသည်။
ရှောင်ချန်းမှာ နဂိုကတည်းကမြွေကြောက်တတ်သောကြောင့် တုန်ယင်နေသည်။ သူတို့ပုံမှာ ရှောင်ချန်းကို ရန်ပြုမည့်ဟန်မပြသော်လည်း သူတို့အစွယ်ဖွေးဖွေးများမှ အဆိပ်ရည်များ တစ်စက်စက်ကျနေပုံကို မြင်ရသည်မှာကျောချမ်းဖွယ်ဖြစ်သည်။
ကြောက်ကြောက်လန့်လန့်နှင့် အားတင်းနေတုန်းမှာပင် သူမှာ ထာဝရအရေပြားရှိသေးကြောင်း ရုတ်တရက်သတိရမိသည်။ ဤမြွေပွေးများမှာ သူ့အရေပြားကို ကိုက်နိုင်ပုံမပေါ်ပေ။ မြွေဘယ်လောက်ပေါပေါ မကိုက်နိုင်လျှင် သူ့အတွက် ကြက်တစ်ကောင် ငှက်တစ်ကောင်သာသာဟု သဘောထားနိုင်သည်။ အခုကျလည်း သိပ်ကြောက်စရာမကောင်းတော့ပေ။
သို့သော် ချက်ချင်းဆိုသလို စဉ်းစားမိသွားပြီး ဆက်၍ ကြောက်ချင်ယောင်ဆောင်ရန် အကြံရသွားသည်။ သူမကြောက်တော့မှန်းသာ ရိပ်မိသွားလျှင် လီချင်းဟောက်က ခုထက်ပိုဆိုးသောနေရာကို ခေါ်သွားမည်မှာ သေချာသည်။ ထို့ကြောင့် အလန့်တကြားအော်လိုက်ပြီး တတ်နိုင်သလောက် ကြောက်ချင်ယောင်ဆောင်တော့သည်။
လီချင်းဟောက်က အေးစက်စက်အသံတစ်ချက်ပြုရင်း အတွင်းအားတစ်ချို့ထုတ်လွှတ်လိုက်ရာ မြွေများကအလူးအလွန့်လှုပ်ရှားလာပြီး လမ်းဖယ်ပေးကြသည်။ တဖြည်းဖြည်း လမ်းပေါ်လာပြီးနောက် အန္တရာယ်အငွေ့အသက်ရနေပြီး မှောင်ပိန်းနေသော ဂူတစ်ခုတွင်လမ်းဆုံးသွားသည်။
” ဦးလေးလီ ကျွန်တော့်အသက်ကို ချမ်းသာပေးပါဗျာ တောင်းပန်ပါတယ်…” ပိုင်ရှောင်ချန်းမှာ ငယ်သံပါအောင် အော်ဟစ်သရုပ်ဆောင်နေသည်။
“ကျွန်တော် ဂိုဏ်းရဲ့စည်းကမ်းတွေတစ်ခုမှ မချိုးဖောက်ဖူးပါဘူးဗျာ.. ” လီချင်းဟောက်ကတော့ အေးတိအေးစက်ဖြင့်သာ ရှောင်ချန်းကို ဂူအဝသို့ ဆွဲခေါ်နေသည်။ ဂူဝအရောက်တွင် လက်တစ်ချက်ဝှေ့ရမ်းလိုက်ရာ ဂူမှာ အနည်းငယ်လင်းလာသည်။
ပိုင်ရှောင်ချန်းအနေဖြင့် ဂူတစ်ဂူလုံးတွင် မြွေပွေးများပြည့်နှက်နေသည်ကို အတိုင်းသားတွေ့ရပြီး အချို့အကောင်များဆို အတော်ပင်အရွယ်ကြီးနေသည်။ ထူးဆန်းပြီး ညို့နိုင်စွမ်းရှိသည့် တွန်သံများကြောင့် ပိုင်ရှောင်ချန်းမျက်လုံးပြန်ပြူ းသွားသည်။
ဂူထဲရှိမြွေပွေးများ၏ ကျင်ြ့ကံမှုအဆင့်မှာ မထင်မှတ်ထားလောက်အောင် မြင့်နေရာ ရှောင်ချန်းစိတ်ထဲတွင် ကြောက်စိတ်ပြန်ဝင်လာသည်။ ချီစုစည်းမှု အဆင့်ငါးလောက်ရှိသော လေးရောင်ခြယ်မြွေတစ်ကောင်ကိုပင် တွေ့နေရသည်။
မြွေများ၏အကြည့်ကြောင့် ပိုင်ရှောင်ချန်းတစ်ယောက် ကြက်သီးတစ်ဖြန်းဖြန်းထလာကာ ကျောချမ်းနေသည်။ ဤမြွေများနှင့်ဆိုလျှင် သူ၏ထာဝရအရေပြားလည်း သိပ်ဟန်မည်မဟုတ်သောကြောင့် ဆက်ဟန်မဆောင်နိုင်တော့ဘဲ အတည်ကြောက်လာသည်။
“အခုနေရာက မြွေတစ်သောင်းတောင်ကြားပဲ” လီချင်းဟောက်ကအေးဆေးစွာရှင်းပြသည်။ “မွှေးရနံတိမ်တောင်မှာ အဆိပ်စုဆောင်းတဲ့ နေရာပဲ၊ သူတို့ရဲ့အဆိပ် ဘယ်လောက်ပြင်းလဲဆိုရင် အဆိပ်တစ်စက်လောက်နဲ့တင် နွားသိုးအကောင်တစ်ရာလောက်ကို သေစေနိုင်တယ်…”
” အခြေခိုင်မာခြင်းအဆင့်မရောက်သေးတဲ့ ဘယ်ကျင့်ကြံသူမဆို ဒီမြွေတွေအကိုက်ခံရပြီး ဖြေဆေးသာအချိန်မီမရရင် သေမှာပဲ၊ ဂူအဆုံးမှာလည်း ချီစုစည်းမှုအဆင့်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ မြွေဘုရင်ရှိတယ်၊ အဲ့ဒီမြွေသာ အကိုက်ခံရလို့ကတော့ ငါတောင်မင်းကိုကယ်နိုင်မှာ မဟုတ်ဘူး ”
” တကယ်လို့သာ အပြင်စည်းဂိုဏ်းပြိုင်ပွဲမှာ ထိပ်တန်းငါးယောက်စားရင်မဝင်ရင် မင်းကိုဂိုဏ်းကထုတ်မှာမဟုတ်ဘူး။ ဒီနေရာမှာ မြွေဆိပ်စုဆောင်းတဲ့အလုပ်လုပ်ရမယ်…..”
” ဗျာ…. အာ.. မပူပါနဲ့ ဦးလေးလီ။ ဂိုဏ်းတွင်းပြိုင်ပွဲလေးပါဗျာ။ ထိပ်ဆုံးငါးယောက်အတွင်း ဝင်ရမှာနော် ဦးရီးတော်ပြောတာ၊ ကျွန်တော်သေချာပေါက်ရအောင် လုပ်ပြမယ် ” ဖြူဖပ်ဖြူရော်မျက်နှာနှင့် အာသွက်လျှာသွက်ဖြင့် သူပြောလိုက်သည်။ ဂူထဲတွင် ပိုအန္တရာယ်များသော မြွေများရှိသည်ဟု ကြားပြီးကတည်းက ဤနေရာသို့ ပြန်မလာရန် သူဆုံးဖြတ်ပြီးဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ကတိကိုကြားမှ လီချင်းဟောက်သည် စိတ်ထဲတွင်ကြိတ်ပြုံးလိုက်သော်လည်း ရုပ်ကတော့ အေးတိအေးစက်အသွင်ကိုသာ ဆောင်ထားသည်။ ထေ့ငေါ့စကားကိုပင်ဆိုကာ ရှောင်ချန်းကိုပြန်ခေါ်လာသည်။ မွှေးရနံ့တိမ်တောင် တောင်တက်လမ်းသို့ ရှောင်ချန်းကို ပို့ပေးပြီး ပြန်ရန်ပြင်ပြီးမှ နောက်ပြန်လှည့်ကာ
” အော် ဒါနဲ့ ဝိညာဉ်မြီးကြက်တွေက စားရတာ ဘယ်လိုနေလဲ ”
ထို့နောက် ရှောင်ချန်း၏ တုံပြန်မှုကိုပင် မစောင့်ပဲ အဝေးဆီသို့ ပျံသန်းသွားသည်။
ပိုင်ရှောင်ချန်းတစ်ယောက် သက်ပြင်းတစ်ချချဖြင့် သူ့နေရာဆီပြန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် လေကြောင့် သစ်ရွက်ကလေးများလှုပ်ရှားနေသံကို ကြားတိုင်း မြွေပွေးများကိုပြန်တွေးမိနေသည်။
ခြံဝန်းထဲတွင်ထိုင်နေရင်းလည်း မျက်မှောင်ကုတ်ကာ အံတကြိတ်ကြိတ်ဖြင့်
” လီချင်းဟောက်… လီချင်းဟောက်…။ လီမြွေပွေးလို့သာ ပြောင်းလိုက်ပါရောလား.. ”
ထိုအခိုက်အတန့်မှာပင် ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချလိုက်သည်။
” ငါထိပ်တန်းငါးယောက်စာရင်းမှာ ပါကိုပါရမယ်…”
” ဒီပြိုင်ပွဲကိုဝင်ပြိုင်ရင် ငါ့ကျင့်ကြံမှုအဆင့်လောက်နဲ့သာဆိုရင် ဝိညာဉ်ဆေးကတော့ သေချာပေါက်လိုမှာပဲ…” သက်ပြင်းတစ်ချက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ နောက်ဆုံး သူ့အကြည့်က ဆောင်းဝိညာဉ်ဝါးပင်တွေဆီအရောက်တွင် ရပ်သွားသည်။
” စီမံရေးရာအဆောင်က တာဝန်ပေးထားတဲ့ ဆောင်းဝိညာဉ်ဝါးပင်တွေပြန်အပ်ပြီးရင် ဆေးနဲ့လဲဖို့ စွမ်းဆောင်မှုရမှတ် နည်းနည်းတော့ ရလောက်မှာပါ၊ ခက်တာက ဝါးတွေက ဆယ့်ငါးမီတာတောင် မရောက်သေးတော့ လိုအပ်ချက်နဲ့ ပြည့်မှီပါ့မလား မသိသေးဘူး… ” စဉ်းစားစရာ အကြံကုန်ပြီးနောက် ဝါးပင်များကိုအားကိုးရုံကလွဲပြီး တစ်ခြားနည်းလမ်း မရှိတော့ချေ။ ဝါးပင်များ နောက်ဆုံးအပ်ရမယ့်ရက်မှာလည်း သိပ်မလိုတော့ပေ။
ရှောင်ချန်းသည် ကျန်ရက်များကို လက်ချိုးစောင့်နေသည်။ လေးရက်မြောက်နေ့တွင် စောစောထပြီး ဝါးပင်များကို တစ်ပင်ချင်းဆွဲနှုတ်တော့သည်။ အပြင်ပန်းကြည့်လျှင် သိပ်မလေးသယောင်ထင်ရသော်လည်း တကယ်တမ်းတွင် သတ္ထုတိုင်ကြီးများလို လေးလံနေသည်။
ဝါးပင်တစ်ပင်ချင်းစီကို ဆွဲနှုတ်လိုက်တိုင်း မဟာပထဝမြေကြီး တုန်ခါသွားသည့်အလား။ အရှည်ဆယ့်ငါးပေ လုံးပတ်လူတစ်ယောက်ဖက်စာမျှရှိသော ဝါးလုံးဆယ်လုံးကို ပုခုံးပေါ်ထမ်း၍ စီမံရေးရာအဆောင်သို့ ချီတက်လာခဲ့သည်။
သူ့အိတ်မှာ ဝါးပင်များမဆန့်သောကြောင့်သာ ပုခုံးပေါ်ထမ်းလာရသော်လည်း သူ၏ ထာဝရသံမဏိအရေပြားသာမရှိလျှင် မချောင်လှပေ။
စီမံရေးရာအဆောင်သို့သွားရာ လမ်းတစ်လျှောက်တွင် သူ့အဖြစ်ကိုတွေးရင်း ဘယ်သူ့ကြိမ်ဆဲရမှန်းမသိသောကြောင့် ပွစိပွစိဖြင့် ထမ်းလာနေသည်။ သူ့ခေါင်းထဲတွင် ပြိုင်ပွဲအကြောင်း၊မြွေပွေးများအကြောင်း နှင့် တိုက်ခိုက်ရင်း သူ၏အရိုးများကြေကြွသွားမည့်အဖြစ်ကိုသာ မြင်ယောင်ကာ တွေးနေမိသည်။
” ဒီနေ့ ငါ ပိ်ုင်ရှောင်ချန်း ကံမကောင်းပါလား “