ထိုအဖြစ်အပျက်များကြောင့် တစ်လအကြာတွင် ကောလဟာလများက ပလူပျံနေတော့သည်။ဖက်တီးကျန်းက ဘွားတော်ကြီးဟုခေါ်ခဲ့သော ခရမ်းဒယ်အိုးတောင်၏ ဂိုဏ်းချုပ်ဖြစ်သည့် ရွှီမေ့ရှန်းပင်လျှင် ဖြစ်ပျက်နေသောအရာများကို နားစွန်နားဖျားကြားမိလေသည်။ ပိုင်ရှောင်ချန်းနှင့် ဖက်တီးကျန်းတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ သူတို့၏ သူခိုးလုပ်ငန်းကို ရပ်တန့်လိုက်ရလေသည်။ ကိစ္စ အဝဝကိုဆွေးနွေးပြီးနောက် အမှတ်သုံး အစ်မတော်ဟီကို သွားကယ်ရန်ဆုံးဖြတ်လိုက်ပြီး နှစ်ယောက်သား မြစိမ်းတောင်သို့ ထွက်သွားကြလေသည်။
အမှတ်သုံး အစ်မတော်ဟီမှာ အနည်းငယ်ပိန်သွားသော်လည်း သိသိသာသာကြီးမဟုတ်ပေ။ သို့သော်လည်း သူမဆီမှ ဆွဲဆောင်နိုင်သော အငွေ့အသက်များပေါ်ထွက်နေသဖြင့် ပိုင်ရှောင်ချန်းနှင့် အစ်ကိုဖက်တီးကျန်းတို့မှာ ပါးစပ်အဟောင်းသားနှင့် ‘အ’နေရလေသည်။ သူမကို မှတ်မိအောင် မနည်းကြိုးပမ်းယူနေရလေသည်။ ယခင်ကသူမ၏ ညိုမဲမဲမျက်နှာလေးမှာ ယခုတွင်မူ ချစ်စဖွယ်ဖြစ်နေလေသည်။ သူမသာဝိတ်ဆက်ချလျှင် အလှလေးတစ်ယောက်ဖြစ်လာမည်ကို လူတိုင်းမှန်းဆနိုင်သည်။
သို့သော်လည်း ဝိညာဥ်အမြီးကြက်များအကြောင်းကြားလိုက်သောအခါ သူမ၏မျက်လုံးများမှာ တောက်ပလာတော့သည်။
ထိုမှစ၍ မြစိမ်းတောင်ရှိ ဝိညာဥ်အမြီးကြက်များသည်လည်း စ၍ပျောက်စပြုလာလေတော့သည်။
ထိုအခါတွင်မူ မိစ္ဆာကြက်သူခိုးမှာ တောင်ဘက်ကမ်းတွင် နာမည်ကျော်နေလေပြီ။ သူ့အကြောင်း မကြားဖူးသော အပြင်စည်းဂိုဏ်းသားမှာ မရှိသလောက်ရှားပြီး အစေခံများပင်လျှင် သူ၏နာမည်ကိုသိကြလေ၏။
သိပ်မကြာမီပင် အကြီးအကဲများက ထိုအချင်းအရာကို သတိထားမိစပြုလာသည်။ မိစ္ဆာကြက်သူခိုးမှာ ခြေရာလက်ရာမကျန်ပဲ ပျောက်သွားကာ ပြန်ပေါ်မလာတော့သော်ငြားလည်း အမှတ်၃အစ်မဟီနှင့် ဖက်တီးကျန်းတို့ မှာသိသိသာသာဝိတ်တက်လာလေသည်။ ဟိုးအရင်တုံးလောက် မဝသေးသော်လည်း ပို၍တောင့်တင်းလာသည်မှာတော့ အမှန်ပင်။
ပိုင်ရှောင်ချန်းကမူ စက်ဝန်းပေါင်း ၈၁ခုကို ပြီးမြောက်သွားပြီဖြစ်သည့်အတွက် ဆာလောင်မှုဒဏ်မှ လွတ်မြောက်သွားပြီဖြစ်သည်။ ထိုအခါမှသာ သူတို့၃ယောက်က ကြက်ခိုးခြင်းအလုပ်ကို နားလိုက်ကြလေသည်။
ထာဝရအသက်ရှည်နည်ပညာရပ်၏ စက်ဝန်းပေါင်း၈၁ခုကို တစ်ခါထဲအောင်အောင်မြင်မြင် ကျင့်ကြံသည်မဟုတ်ပဲ အချိန်တစ်ခုပေးပြီး စုစည်းကာကျင့်ကြံခဲ့သော်လည်း ရလဒ်မှာကား အတူတူပင်။
တစ်ရက်တွင် ပိုင်ရှောင်ချန်းက မွှေးရနံ့တိမ်တောင်ရှိ သူ၏ခြံဝန်းထဲတွင် တည်ကြည်သောမျက်နှာထားဖြင့် ထိုင်နေ၏။ သူ၏အရေပြားတွင် သံမဏိရောင် အကြောများ ထွက်ပေါ်နေပြီး အနက်ရောင်အလင်းတစ်ခုကလည်း မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။ သူ့ဆီမှ ကျောချမ်းဖွယ် အငွေ့အသက်တစ်ခုထွက်ပေါ်နေသောကြောင့် ရိုင်းစိုင်းကြမ်းကြုတ်သည့်ပုံစံပေါက်နေလေသည်။
သူသည် ရက်ပေါင်း၈၁ရက်ကြာ နာကျင်မှုနှင့် ဆာလောင်မှုများကို ကြံ့ကြံ့ခံခဲ့ပြီးဖြစ်သည်။ ထိုပေါင်းစပ်မှုက ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အတွင်း ဆက်တိုက်ပေါက်ကွဲနေသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ပေါက်ကွဲမှုတစ်ခုတိုင်းဆီတွင် အဆုံးအစမရှိသော သက်စောင့်စွမ်းအင်များပြည့်နှက်နေပြီး ထိုစွမ်းအင်များက ပိုင်ရှောင်ချန်း၏ အရေပြားထဲသို့စိမ့်ဝင်ကာ သံမဏိရောင်ပို၍ထွက်လာလေသည်။ အနက်ရောင်အလင်းတန်းမှာ ပို၍ပင်တောက်ပလာပြီး သူ့အရေပြား၏မာကျောမှုမှာလည်း ပိုပိုတိုးပွားလာသည်။
တဖြည်းဖြည်းနှင့် သူ၏ပုံစံက သွေးသားတွေနှင့် တည်ဆောက်ထားသာ လူသားတစ်ယောက်အသွင်မဟုတ်တော့ဘဲ သံမဏိရုပ်တုတစ်ခုအလား ဖြစ်နေသည်။
စွမ်းအင်များဆက်တိုက်ပေါက်ကွဲနေသည့်အတွက် သူ၏စိတ်များ ချာချာလည်လာသည်။ ၁၉ကြိမ်မြောက်အပြီးတွင် ထိုပေါက်ကွဲမှုများမှာ အားမနည်းသွားပဲ ပို၍ပင်အားပြင်းလာကြောင်း သတိထားမိလိုက်သည်။
ပိုင်ရှောင်ချန်းသည် ကြွက်သားအနည်းငယ်မျှပင် မလှုပ်ဘဲနေသည်မှာ အသက်ရှူမနေသည့်အတိုင်းပင်။သို့သော်လည်း နီးနီးကပ်ကပ်ကြည့်လိုက်ပါက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို စုပ်ယူနေသည့်အတွက် သူ၏ခန္ဓာကိုယ်ရှိ ချွေးပေါက်များက တဖြည်းဖြည်း ကျယ်လာသည်ကို မြင်နိုင်သည်။
” ၈၁ခါပေါက်ကွဲပြီးသွားရင် ငါ့ရဲ့မသေဆုံးနိုင်တဲ့ အရေပြားက ကနဦးပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီ။ အဲ့တာဆို သံမဏိအရေပြားကို ငါရပြီပဲ ”
ထာဝရအသက်ရှည်နည်းပညာရပ်၏ ကာရံကဗျာလေးမှာ ပိုင်ရှောင်ချန်း၏ အတွေးထဲတွင် ဝဲပျံနေလေသည်။ မဆုတ်မနစ်ခိုင်မာပြတ်သားသာအသွင်ကို ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင်မြင်နေရသည်။ ပြီးခဲ့သည့်တစ်နှစ်လုံး နာကျင်မှုများနှင့် ဆာလောင်မှုများကို သည်းခံကာ ကြိုးစားခဲ့သမျှက ဤအချိန်အခါအတွက်ပင် ဖြစ်ပေသည်။
“ဂျုန်း…ဂျုန်း….ဂျုန်း”
သူ့ခန္ဓာကိုယ်ရှိ သက်စောင့်စွမ်းအင်များ နောက်တစ်ခေါက် ပေါက်ကွဲသွားပြီး သူ၏အရေပြားအပေါ်မှ သံမဏိ အရောင်မှာပို၍ နက်လာသည်။ သူ၏အရေပြားတွေထဲသို့ သက်စောင့်စွမ်းအင်များ စီးဝင်သွားတိုင်း ပန်းပဲဖိုရှိတူပေါင်းထောင်ပေါင်းများစွာနှင့် ထုနှက်ခံနေရသလိုပင် သူခံစားနေရ၏။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ နတ်ဘုရားလက်နက်တစ်ခုကို ပန်းပဲဖိုမှာ ထုလုပ်နေသည့်အလား စွမ်းအင်များနှင့်အတူ တုန်ခါနေသည်။
“ဂျုန်း…..ဂျုန်း…..ဂျုန်းးးးး”
၂၈ကြိမ် ၊ အကြိမ်၃၀၊ အကြိမ်၄၀၊ ၄၈ကြိမ်..
အချိန်များက တရွေ့ရွေ့ ကုန်လွန်သွားသည်။ ၃ရက်ကြာသွားသည့်တိုင် ပိုင်ရှောင်ချန်းမှာမူ ထိုနေရာမှ တစ်ဖဝါးမှ မရွေ့သေးပေ။ ဘေးနားကလူအတွက် ဘာသံမှမကြားရသော်လည်း သူ၏နားထဲတွင်မူ မိုးချုန်းသံများကို ကြားနေရသည်။
ယခုအခါတွင် သူ၏ခန္ဓာကိုယ်ထဲမှ သက်စောင့်စွမ်းအင်များက ၄၉ကြိမ်မြောက် ပေါက်ကွဲသွားပြီဖြစ်သည်။ ချက်ချင်းပင် စွမ်းအင်မှာ၂ဆဖြစ်သွားသည့်အတွက် သူ့ခန္ဓာကိုယ်ပင် တုန်လှုပ်သွားရသည်။ တစ်ချိန်ထဲမှာပင် သူ၏အရေပြားက ဆက်၍တောင့်မခံနိုင်တော့သည့်အလား သေးမွှားသော အက်ကွဲကြောင်းလေးများ ပေါ်ထွက်လာတော့သည်။
အက်ကွဲကြောင်းများမှာ အရေအတွက်နည်းသော်လည်း ထွက်ပေါ်လာသည်နှင့် ပိုင်ရှောင်ချန်းမှာ ဆစ်ခနဲနာကျင်နေရသည်။
” နောက်ဆုံးတော့ သေဘေးနီးတဲ့ အရိပ်အယောင်တွေပေါ်လာပြီးပဲ ”
ပိုင်ရှောင်ချန်းက မျက်မှောင်ကြုံ့သွားသည်။ ထာဝရအသက်ရှည်နည်းပညာရပ်၏ မိတ်ဆက်အညွှန်းတွင် ထိုကဲ့သို့ အက်ကွဲကြောင်းများအကြောင်း ဖော်ပြထားလေသည်။ ကနဦးအောင်မြင်ခြင်းသို့ရောက်လျှင် ထိုအက်ကွဲကြောင်းများက မလွဲမသွေ ပေါ်ထွက်လာမည်ဖြစ်သည်။ ကြာကြာတောင့်ခံနိုင်ဖို့ရာ လူတစ်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုပေါ်တွင်မူတည်ပြီး ကြာကြာတောင့်ခံနိုင်လေ ထာဝရအရေပြား၏ အရည်အသွေးမှာ ပိုမိုကောင်းမွန်လေဖြစ်သည်။
အချိန်ကြာကြာတောင့်မခံနိုင်လျှင်ပင် ထာဝရအရေပြားကို အောင်အောင်မြင်မြင်ကျင့်ယူနိုင်မည်ဖြစ်သော်လည်း အရည်အသွေးမှာမူ ပြီးပြည့်စုံမည်မဟုတ်ချေ။
သက်စောင့်စွမ်းအင် ပေါက်ကွဲသည်ကို အကြိမ်၈၁ကြိမ်လုံး တောင့်ခံနိုင်ပါက လုံးဝပြီးပြည့်စုံသည့်အဆင့်သို့ရောက်ရှိမည်ဖြစ်၏။
ပိုင်ရှောင်ချန်း၏မျက်လုံးများသည်လည်း ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် ဝင်းလက်သွားပြီး ခဏအကြာတွင် ပြန်၍မှိတ်သွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းတွင်မူ ပေါက်ကွဲမှုများက တဂျုန်းဂျုန်းနှင့် ဆက်၍ဖြစ်ပေါ်နေသည်။
အကြိမ်၅၀၊ အကြိမ်၆၀၊ အကြိမ်၇၀….
အကြိမ်၇၀သို့ရောက်ခါနီးတစ်ကြိမ်တွင်မူ အကြိမ်၁ကြိမ်ပြီးမြောက်ရန် ၅ရက်ထိပင် စောင့်လိုက်ရသည်။
သူ့ကိုဖုံးလွှမ်းနေသော အက်ကွဲကြောင်းများမှာ များပြားလာသည့်အတွက် သူ၏အရေပြားမှာ လိပ်တစ်ကောင်၏အရေပြားနှင့်ပင် တူလာသည်။ အက်ကွဲကြောင်းများသည် နေရာအများအပြားတွင် ဆက်မိသွားသောအခါ သူ့ပုံစံမှာ ကွဲနေသောပန်းအိုးကိုပြန်ဆက်ထားသည့်အလား ဖြစ်လာသည်။
သူသည် အချိန်မရွေး ကြေမွသွားနိုင်မည့်အနေအထားသို့ပင် ရောက်ရှိသွား၏။
“နောက်ထပ် ၇ကြိမ်ပဲကျန်တော့တာကွ။”
ဟု နီမြန်းနေသောမျက်လုံးများဖြင့် တွေးနေသည်။
အသက်ရှူသံများမြန်လာကာ အံကိုကြိတ်လိုက်သောကြောင့် ရက်စက်ကြမ်းကြုတ်ဟန်ဖြစ်လာသည်။
၇၄ကြိမ်။ ၇၇ကြိမ်။ ၇၉ကြိမ်။
ပိုင်ရှောင်ချန်းသည် သူ၏ခေါင်းကို နောက်သို့လှန်လိုက်ပြီး အော်ဟစ်လိုက်လေသည်။ အော်ဟစ်သံမှာ ကျယ်လောင်ခြင်းမရှိဘဲ လုံးထွေးနေကာ လည်ချောင်းသံနှင့်ဆင်တူသည်။ အကြိမ်၈၀ထိရောက်အောင် နောက်တစ်ကြိမ်တောင့်ခံရင်း သူ၏ခန္ဓာကိုယ်မှာ တုန်လှုပ်လာသည်။
သက်စောင့်စွမ်းအင်များက အက်ကွဲကြောင်းများဖုံးနေသည့် သံနှင့်တူသော သူ၏အရေပြားပေါ်သို့ စီးဝင်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ထိတ်လန့်နေမိမည်မှာ အမှန်ပင်။
” ဒါ နောက်ဆုံးတစ်ခေါက်ပဲ ”
နောက်ဆုံးအကြိမ်ပေါက်ကွဲမှုထွက်ပေါ်လာသောအခါ သူကရုတ်တရက် ညာဖက်လက်ကိုဆန့်ထုတ်လိုက်ပြီး မြေကြီးကို ထိုးခွဲလိုက်လေသည်။
မြည်ဟည်းသံကြီး ပေါ်ထွက်လာပြီး ကြီးမားသော ချိုင့်ကွက်ကြီးဖြစ်သွားသည်။ သက်စောင့်စွမ်းအင်များ၏ နောက်ဆုံးအကြိမ်ပေါက်ကွဲမှု ထွက်ပေါ်လာပြီး အရာအားလုံး ပြီးဆုံးသွားခဲ့သည်။ အဆုံးအစမဲ့သော သက်စောင့်စွမ်းအင်များက သူ၏အရေပြားထဲသို့ စီးဝင်သွားပြီး အက်ကွဲကြောင်းများ ချက်ချင်းပျောက်ကွယ်သွားကာ သူ၏ အသားအရေမှာ ချောမွေ့တောက်ပြောင်သွားသည်။ အနက်ရောင်တောက်ပမှုသည်လည်း ပျောက်ကွယ်သွားပြီး သူ၏အသားအရေက အရင်အတိုင်း ဖြူဖွေးသန့်စင်သွားသည်။ သို့ရာတွင် သူ၏အရေပြားမှာ ပုံမှန်ထက်များစွာမာကျောနေလေပြီ။ သို့ရာတွင် သာမန်ကြည့်ရုံမျှဖြင့် ဘယ်သူမှ သတိမထားမိနိုင်ချေ။
ပိုင်ရှောင်ချန်းလည်း ထိုနေရာတွင် မောမောနှင့်ခဏ ရပ်နေပြီး သူမြေကြီးထဲသို့ထိုးခွဲလိုက်သော ချိုင့်ခွက်ကြီးကို ကြည့်လိုက်လေသည်။ ထို့နောက် သူ၏အရေပြားကိုကြည့်လိုက်ပြီး မျက်နှာအမူအရာမှာ တောက်ပလာသည်။ အဆုံးတွင် ခေါင်းကိုနောက်သို့လှန်လိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
ထို့နောက် သူ၏ညာဖက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏သစ်သားဓားမှာထွက်လာပြီး အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းသွားကာ သူ၏လက်ဖျံကိုခုတ်လိုက်လေသည်။ လက်ဖျံကိုထိမိသွားသောအခါ သတ္တုအချင်းချင်းရိုက်ခတ်မိသံထွက်ပေါ်လာပြီး သစ်သားဓားမှာ မထင်မှတ်ပဲ နောက်သို့ ပြန်ကန်ထွက်သွားလေသည်။
သူ၏လက်မှာမူ ခြင်တစ်ကောင်ကိုက်သလောက်သာ ခံစားလိုက်ရသည်။ ခုတ်မိသောနေရာကိုသေချာကြည့်လိုက်သောအခါ ဒဏ်ရာအသေးအမွှားလေးပင်မတွေ့ရချေ။
“ဒါ ထာဝရအရေပြားပဲကွ ”
သူက ပျော်ရွှင်မှုများကို မဖုံးကွယ်နိုင်တော့ပဲ အော်ပြောလိုက်သည်။
သူ၏ သစ်သားဓားသည်လည်း ရိုးရိုးတန်းတန်း မှော်ပစ္စည်းမဟုတ်သည်ကို သိထားရပေမည်။ ထိုဓားကို စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း၂ဆင့် လုပ်ထားသည်မဟုတ်ပါလော။ သာမန်ပစ္စည်းများဖြင့် ဖန်တီး ထားသောဓားဖြစ်သော်လည်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလုပ်ထားသဖြင့်
လက်ရွေးစင်များပင်သုံးနိုင်သော မှော်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ သို့သော်လည်း ထိုဓားမှာမူ သူ့ကိုလုံးဝပင် ထိခိုက်မှုမပေးနိုင်ပေ။
ပိုင်ရှောင်ချန်းသည် ရုတ်တရက် ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ရှေ့သို့ ရောက်သွားသည်။ ဝှစ်ကနဲအသံတစ်သံထွက်လာပြီး ချက်ချင်းပင် မီတာ၃၀အကွာတွင် ပြန်ပေါ်လာသည်။ အရင်ကထက်အဆပေါင်းများစွာပို၍ လျှင်လျှင်မြန်မြန် ရွေ့လျားနိုင်သည်ကိုသိလိုက်ရသောအခါ သူ ကျေနပ်နေတော့သည်။
သူထုတ်နိုင်သော စွမ်းအားကိုလည်း မြေကြီးပေါ်ရှိ ချိုင့်ကွက်ကိုကြည့်ရုံဖြင့် အရင်ကထက်အဆပေါင်းများစွာ ပွားများလာပြီဖြစ်ကြောင်းသိနိုင်သည်။ ထို့အပြင်ဤအဆင့်မှာ ထာဝရအရေပြား၏ ပထမဆုံးအဆင့်အောင်မြင်မှုသာ ရှိသေးသည်။ သူ၏ သေမျိုးခန္ဓာကိုယ်ကို အပြီးတိုင်စွန့်လွှတ်နိုင်ပြီဟု မဆိုနိုင်သေးသော်လည်း အရင်ကထက်မူ များစွာ ပြောင်းလဲလာသည်မှာ အမှန်ပင်။
“ဒီလိုမျိုး အကာအကွယ်နဲ့ဆိုရင်တော့ ထာဝရရှင်သန်ခြင်းလမ်းစဥ်မှာ ငါပိုင်ရှာင်ချန်း တော်တော်လေး ဘေးကင်းသွားမှာတော့အမှန်ပဲ။” ဟု တွေးကာ သူ့ကိုယ်သူ ကျေနပ်နေသည်။ နောက်တွင်သူ၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးလိုက်သောအခါထိုနေရာတွင်လည်း အရင်ကထက်ပို၍ တိုးတက်လာကြောင်း သိလိုက်ရလေသည်။ ယခုတွင်မူ သူသည် ချီစုစည်းမှုအဆင့်လေး၏ စက်ဝန်းကြီးအတွင်းသို့ ရောက်ရှိနေ၏။
ထို့အပြင် ထိုစက်ဝန်းသည်ကား ပုံမှန်စက်ဝန်းမဟုတ်။ သူ့ခန္ဓာကိုယ်အတွင်းဝင်နေသော စိတ်စွမ်းအင်များကြောင့် ထိုစက်ဝန်း၏ အရည်အသွေးမှာ သူနှင့်အဆင့်တူသော ကျင့်ကြံသူတိုင်း၏ စက်ဝန်းထက် ပို၍ကောင်းမွန်နေသည်။
အလွန်အမင်းကျေနပ်သွားသဖြင့် ခြံဝန်းကို အပတ်အနည်းငယ် ပတ်ပြေးလိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် ရပ်လိုက်လေသည်။ ညာလက်ကိုဆန့်ထုတ်လိုက်ကာ လက်မနှင့် လက်ညိုးကို ‘U’ ပုံသဏ္ဍာန်ပြုလုပ်လိုက်လေသည်။ ထို့နောက် လက်နှစ်ချောင်းကို ပူးကာ ညှစ်လိုက်သောအခါ အနက်ရောင်တောက်ပမှုတစ်ခု ပေါ်လာလေသည်။ ဘာမှဆက်မဖြစ်သော်လည်း သူ့ရှေ့နားရှိလေထဲတွင် အက်ကွဲသံများ ကြားလိုက်ရသည်။
မျက်လုံးများပြူးသွားကာ တစ်ခြားဘက်သို့လှည့်လိုက်ပြီး အနီးရှိ ကျောက်တုံးတစ်တုံးဆီသို့ ပြေးသွား၍ လက်နှစ်ချောင်းမှ အနက်ရောင်အလင်းတန်းပေါ်ထွက်အောင် ထပ်လုပ်လိုက်လေသည်။ လက်နှစ်ချောင်းကို ပူးကာညှစ်လိုက်သောအခါ အက်ကွဲသံများထွက်လာပြီး ထိုကျောက်တုံးမှာ တို့ဟူးတုံးတစ်တုံးကဲ့သို့ ပေါက်ကွဲသွားသည်။
သူသည် ဖျတ်ကနဲလှုပ်ရှားလိုက်ကာ ဆောင်းဝိညာဥ် ဝါးပင်၏ရှေ့တွင် ပေါ်လာလေသည်။ ထိုဝါးပင်များမှာ ယခုဆိုလျှင် ၉မီတာကျော်ရှိနေလေပြီ။ အမာကျောဆုံး ဝါးရိုးတံကိုရှာပြီး လက်နှစ်ချောင်းကို ဖိညှစ်လိုက်သောအခါ ဝုန်းခနဲမြည်သွားပြီး ထိုဝါးပင်မှာ ကြေမွသွားသည်။
ပိုင်ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ကာ မြေကြီးပေါ်သို့ဒူးထောက်၍ အနက်ရောင်တောက်ပမှုလေးများပျောက်ကွယ်စပြုနေသော လက်နှစ်ချောင်းကိုကြည့်လိုက်လေသည်။ အနည်းငယ်ကြာသော် သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်လေသည်။
” ဒါဆိုရင် ဒါက လည်မျိုဖမ်းဆုပ်အကွက်လား ဟင် ” ဟုတီးတိုးရေရွတ်လိုက်သည်။ ထိုအကွက်သည် ထာဝရအသက်ရှည်နည်း ပညာရပ်၏ လျှို့ဝှက်သိုင်းကွက်များထဲမှ တစ်ကွက်ဖြစ်ပြီး ပထမအဆင့်အောင်မြင်မှုရမှသာ ထုတ်ဖော်နိုင်သည်။ ထိုအကွက်သည် လူတစ်ယောက်၏စွမ်းအင်ကို နှစ်ဆတင်ပေးနိုင်ပြီး ပြန်လည်ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ယခုတွင်မူ ပိုင်ရှောင်ချန်းက သူ့စွမ်းအားများ၏ ၅၀ ရာခိုင်နှုန်းသာသုံးရသေးသည်။ စွမ်းအားအပြည့်သာထုတ်သုံးပါက ဤလျှို့ဝှက်တိုက်ကွက်သည် မည်မျှပင်အင်အားကြီး၍ ကြောက်စရာကောင်းမည်ကို သူ မခန့်မှန်းနိုင်တော့ပေ။
ပိုင်ရှောင်ချန်းအမြင်အရဆိုလျှင် ဤကဲ့သို့ လျှို့ဝှက်သိုင်းကွက်ကို လူသတ်ရာတွင်သုံးသင့်သည်။ အချိန်အနည်းငယ်တွေးပြီးနောက် သူက ထိုအကွက်မှာ ရက်စက်ကြမ်းကြုတ်သော်လည်း အပြင်းအထန်လေ့ကျင့်ရန်လိုအပ်ကြောင်း တွေးမိသည်။ ထို့်ကြောင့် သူခြံထဲတွင် ရှေ့တစ်ပြန် နောက်တစ်ပြန် လမ်းလျှောက်ရင်း အနက်ရောင်အလင်းတန်းများထုတ်လိုက် အက်ကွဲသံများထွက်လာလိုက်နှင့် အလုပ်ရှုပ်နေတော့သည်။
အချိန်များကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း လတစ်ဝက်ကျိုးသွားလေသည်။ ထိုအတောအတွင်း ပိုင်ရှောင်ချန်းက သူ့ခြံဝန်းထဲမှ လုံးဝမထွက်ချေ။ တစ်ချိန်လုံး ခြံဝန်းထဲတွင်သာလေ့ကျင့်နေလေသည်။ လပေါင်းများစွာထွက်သွားပြီနောက် အဆုံးတွင် လီချင်းဟောက်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာပြီး အစိမ်းရောင်အလင်းအတန်းတစ်ခုကို စီးနင်းပျံသန်းကာ မွှေးရနံ့တိမ်တောင်ဆီသို့ တည့်တည့်လာနေသည့် သတင်းကိုမူ သူမသိသေးပေ။
သူမြေပြင်ပေါ်သို့ဆင်းသက်လိုက်ပြီး အနားပင်မယူရသေးခင်မှာပင် မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင်မှ အလင်းတန်းနှစ်ခု ပေါ်ထွက်လာပြီး သူ့ဆီသို့လာနေ၏။ မကြာမီပင် အလင်းတန်းတစ်ခုအတွင်းရှိ အဘိုးကြီးတစ်ယောက်၏ပုံစံကို ခပ်ရေးရေးမြင်လိုက်ရသည်။ သူ့ပုံစံမှာ ဓားအိမ်မပါသော ချွန်ထက်သည့်ဓားတစ်ချောင်းနှင့်တူနေပြီး သူ့ဆီမှ အခြေခိုင်မာခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်၏ ထူးခြားသော အားများထွက်ပေါ်နေသည်။
အခြားအလင်တန်းထဲတွင်မူ ကျက်သရေရှိလှသော အမျိုးသမီးတစ်ဦးဖြစ်သည်။
သူမမှာ သဘာဝအတိုင်းလှပနေဟန်ရှိပြီး မျက်နှာပေါ်တွင်ထူးဆန်သောအမူအရာတစ်ခုရှိနေသော်လည်း သိမ်မွေ့သောအသွင်ကို ဆောင်နေသည်။ ရယ်ရမလား ငိုရမလား မသဲကွဲသော အမူအရာပင်။ သူမသည် အဘိုးကြီးနှင့်အတူ တောင်ထိပ်ပေါ်သို့ဆင်းသက်လိုက်လေသည်။
ထိုလူနှစ်ယောက်မှာ မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင်တို့၏ ဂိုဏ်းချုပ်များ ဖြစ်ကြလေသည်။
မွှေးရနံ့တိမ်တောင်သို့ရောက်သောအခါ လီချင်းဟောက်နှင့် သီးသန့်ဆွေးနွေးမှုတစ်ခုပြုလုပ်ပြီး ထွက်သွားလေသည်။
လီချင်းဟောက်ကမူ နှာတံကိုပွတ်ရင်း မွှေးရနံ့တိမ်တောင်ပေါ်တွင် ရပ်နေသည်။
အဆုံးတွင် နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ပြီး တောင်ပေါ်ရှိ ကြက်ခြံ၃ခြံကို အာရုံစိုက်လိုက်လေသည်။ ကျန်နေသောကြက်များမှာ ကြက်ပေါက်စလေးများသာဖြစ်သဖြင့် သူလည်း ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။ သက်ပြင်းချကာ အင်္ကျီလက်ကိုခါလိုက်ပြီး တောင်အောက်သို့ဆင်းလာသည်။
သူဦးတည်လာနေသော လမ်းကြောင်းအရ ပိုင်ရှောင်ချန်း၏ ခြံဝန်းတည့်တည့်သို့ လာနေပုံရသည်။