Switch Mode

အပိုင်း(၁၁၄၅)

ဖြေရှင်းခြင်း

တော်ဝင်အကြံပေးနှင့် ရန်ဟောင် တန်ခိုးရှင်တို့သည်ပင်လျှင် ဖေးရွှီ၏ ခန္ဓာကိုယ်မှ အရာအတွက် အဖြေမရှိသော်လည်း ထိုအရာမှာ မည်မျှ အဖိုးတန်သည်ဆိုခြင်းကို တွေးကြည့်နိုင်ပေသည်။

“အဲဒါကို ထုတ်လိုက်လို့ မရဘူးလား” ရီဖူရှင်းက မေးလိုက်သည်။

“အဲဒါက ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားပြီးတော့ သွေးကြောတို့ နှလုံးတို့နဲ့ ဆက်နွယ်နေပြီ။ အဖေပြောဖူးတာတော့ အဲဒါကို ထုတ်လိုက်ရင် ငါသေမယ်” ဖေးရွှီက သူမ၏ လျှို့ဝှက်ချက်ကို တည်ငြိမ်စွာပင် ပြောပြ၏။

အမှန်တကယ်တော့ သူမ နုပျိုနေခြင်းမှာ နှစ်ပေါင်းများစွာ အိပ်စက် နေရခြင်းကြောင့် ဖြစ်သည်။ သူမ၏အဖေကြောင့်သာ မဟုတ်လျှင် သူမသည် သေခြင်း ရှင်ခြင်းကို ဂရုစိုက်နေမည် မဟုတ်ချေ။

ထို့ကြောင့်ပင် သူမသည် လျှို့ဝှက်ချက်နှင့် ပတ်သက်ပြီး ဂရုမစိုက်ခြင်း ဖြစ်သည်။ ရီဖူရှင်း အပေါ်တွင်လည်း အကောင်းမြင်စိတ် ရှိသော်ကြောင့် အထူးတလည် ကွယ်ဝှက်မလိုခဲ့ပေ။

“ငါ အဲဒါကို ဆန်းစစ်ကြည့်လို့ ရမလား” ရီဖူရှင်းက ပြောလိုက်သည်။

“ရတယ်” ဖေးရွှီ ခေါင်းညိတ်လိုက်၏။ ရီဖူရှင်း ဘာလုပ်မည်ကို သူမလည်း စိတ်ဝင်စားပေသည်။

ရီဖူရှင်းက သူမ၏လက်ကို လာရောက် ဆုပ်ကိုင်လျှင် သူမ ဆတ်ခနဲ တုန်ရီသွား၏။ သူမက လက်များကို ပြန်ရုပ်လိုသော်လည်း နောက်ဆုံးတွင် ရီဖူရှင်းကို ကိုင်ခွင့်ပြုလိုက်၏။

မမြင်နိုင်သည့် အသက်စွမ်းအား တချို့သည် သူ၏ လက်ဖဝါးမှတစ်ဆင့် သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။

ထိုအခိုက်တွင် ဖေးရွှီသည် ဆန်းကြယ်သော ခံစားချက်တစ်ခုအား ရရှိလိုက်သည်။ သူမက ရီဖူရှင်းနှင့် အလွန်တရာ ရင်းနှီးသည်ဟု ခံစားရ၏။

သူမ မယုံကြည်နိုင်ပေ။

တူညီသော ခံစားချက်ကို ရီဖူရှင်းလည်း ရရှိ၏။ သူ၏ သက်စောင့်ဟော်နန်းမှ ကမ္ဘာသစ်ပင်သည် ယိမ်းထိုးလှုပ်ရှားနေပြီး အသက် စွမ်းအားမျှင်လေးများ ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲမှသည် ဖေးရွှီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြ၏။

သူ၏ မူလဝိညာဉ်က ဖေးရွှီကိုယ်ထဲမှ အရာကို တစ်ခုခု လုပ်နိုင်လောက်သည်။

ထောင်သောင်းချီသော အသက်ဓာတ် အလင်းမှုန်များသည် ဖေးရွှီ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဆင်းနေကြ၏။ အိပ်မက်ဆန်သည့် အရောင်အဝါသည် ဖေးရွှီ၏ ခန္ဓာကိုယ်ကို လှပစွာ ဝန်းရံထားသည်။ တစ်ဆက်တည်းမှာပင် သူမ၏ သွေးကြောနှင့် နှလုံးတို့၌ ပေါင်းစပ်နေပြီဖြစ်သော ရတနာသည် သီးခြား ကွဲထွက်လာသည်ဟု သူမ ခံစားလာရ၏။ ထိုအရာမှာ အပြင်သို့ ထွက်လာရန်ပင် အဆင်သင့် ဖြစ်နေပြီဟု ထင်မြင်ရ၏။

အသက်ဓာတ်များသည်လည်း သူမကိုယ်ထဲမှတစ်ဆင့် ရီဖူရှင်းဆီသို့ စီးဆင်း ဝင်ရောက်နေကြဟန် ရသည်။

ထိုအပြောင်းအလဲကို သူတို့နှစ်ဦးလုံး မျှော်လင့်မထားခဲ့ကြပေ။ ရီဖူရှင်းက ထိုရတနာထံမှ စွမ်းအားများကို စုပ်ယူနေသည်များလား။

သို့သော်လည်း အဘယ်ကြောင့် …

ဖေးရွှီ ထိတ်လန့် တုန်လှုပ်သွားသည်။ ရတနာက သူမ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းနေခဲ့သည်မှာ အချိန်ကြာညောင်းနေခဲ့ပြီ ဖြစ်၏။ သူမ၏ အဖေလျှင်ပင် ၎င်းကို မထုတ်ယူနိုင်ခဲ့ပေ။

သို့သော် ရီဖူရှင်းကတော့ လုပ်ဆောင်နိုင်မည့်ပုံ ပေါ်နေသည်။

ထိုခဏ၌ပင် ရီဖူရှင်း၏ သိမြင်ခံစားမှုများသည်လည်း ပြောင်းလဲလာခဲ့၏။ သူသည် ဖေးရွှီ၏ နှလုံးခုန်နှုန်းခြင်းအား ပြတ်သားစွာ ကြားနိုင်ပြီး သူမ၏ စိုးရိမ်ပူပန်မှုတို့ကို ခံစားနိုင်သည့်အပြင် သူမ၏ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့် တုန်လှုပ်မှုတို့ကိုပင် သိမြင်လာ၏။

ရီဖူရှင်းက ဖေးရွှီကိုယ်ထဲမှ အရာကိုပင် မြင်နိုင်လာသည်။ ၎င်းသည် အကန့်အသတ်မဲ့ ကျောက်စာချပ်ပုံစံမျိုးဖြစ်ပြီး မရေမတွက်နိုင်သော ကမ္ပည်းစာများအား ရေးထွင်းထားသည်။

သင်္ကေတများအား ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲသော်လည်း ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ နိယာမများသည် ထိုကျောက်စာချပ်အထဲတွင် နစ်မြုပ်နေသည့်အလား ထင်မြင်ရ၏။

သို့သော်လည်း အဘယ်ကြောင့် ဖေးရွှီနှင့်ပေါင်းစပ်နေသည်ကို မူကား အတိအကျ မပြောနိုင်။ သူ၏မူလဝိညာဉ်ကြောင့်သာ မဟုတ်ခဲ့လျှင် ထိုအရာ၏တည်ရှိမှုကို ရီဖူရှင်း မည်သည့်အခါကမှ အာရုံခံနိုင်မည် မဟုတ်ပေ။

ရီဖူရှင်းက မျက်လုံးများအား ဖွင့်လိုက်ပြီး သူ၏အသက်ဓာတ် စီးဆင်းမှုကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက ဖေးရွှီကို ကြည့်လိုက်၏။

ဖေးရွှီက ခေါင်းငုံ့လိုက်၏။ သူမက မျက်လုံး ကွယ်နေသော်လည်း အခြေအနေကို ကောင်းကောင်း ခန့်မှန်းမိပေသည်။

အံ့သြစရာကောင်းအောင် သူမ၏ ခန္ဓာကိုယ်ထဲမှ ရတနာသည် ရီဖူရှင်းကို တုံ့ပြန်နိုင်လေသည်။

“အဲဒီတော့ … ငါတို့မှာ တူညီတဲ့ လျှို့ဝှက်ချက် ရှိနေကြတာပဲ” ရီဖူရှင်း ရယ်မော၍ ပြောလိုက်သည်။

ဖေးရွှီကလည်း ပြုံးလျက် ခေါင်းညိတ်ကာ ပြောသည် … “ငါ နင့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းမှာပါ။ အဖေ့ကိုတောင်မှ ငါမပြောပဲ နေမှာပါ”

ရီဖူရှင်းက သည်ရိုးရှင်းသော အပြုံးပိုင်ရှင် မိန်းကလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထို့နောက် မရေတွက်နိုင်သော ကြယ်များ ရှိနေသည့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နန်းတွင်းအကြံပေးသည် ဝမ်ကျုံးနှင့် အာဃာတများ ရှိနေသော်လည်း သူ၏ တပည့်အဖြစ် လက်ခံခဲ့၏။ သူသည် ရီဖူရှင်း၏သရုပ်မှန်ကို မသိသော်လည်း တစ်ခုခုတော့ ရိပ်မိမှာ သေချာ၏။ သို့တိုင်အောင် သူသည် ရီဖူရှင်းအား တပည့်အဖြစ် သတ်မှတ်ကာ ပညာရှိကျမ်းကိုပင် သင်ပေးလိုက်သေး၏။

တစ်ခါတစ်ရံ ဘဝ၏အဓိပ္ပာယ်မှာ မိမိကိုယ်ကျိုးစီးပွား တစ်ခုတည်းနှင့်လည်း သက်ဆိုင်ခြင်းမရှိပေ။ ထိုစကားက အနည်းငယ် ရူးမိုက်၏။ ထိုအရာက ရှန့်ထိုတစ်ပါး၏ သဘောသဘာဝလည်း ဖြစ်နိုင်ပေသည်။

“ဖေးရွှီ မင်း အိပ်တဲ့နေရာမှာ ဝင်္ကပါအခင်းအကျင်း ရှိလား” ရီဖူရှင်းက မေးသည်။

“အင်း … ချိပ်ပိတ်ထားတဲ့ အစီအရင်တစ်ခု ရှိတယ်” ဖေးရွှီက တွေဝေစွာဖြင့် ပြောသည်။

“မင်း အိပ်မယ့်နေရာကို ငါ ခေါ်သွားပေးမယ် … သွားစို့” ရီဖူရှင်းက ထရပ်ရင်း ပြောလိုက်သည်။ ဖေးရွှီသည် ရီဖူရှင်း၏ စိတ်ခံစားချက်ကို ခံစားမိပြီး သူမကို အိပ်ရန် လိုက်ပို့ခြင်း မဟုတ်ကြောင်းကို သိသော်လည်း သူနှင့်အတူ လိုက်ပါလာခဲ့၏။

သူတို့ ဖေးရွှီအိပ်သည့် နေရာသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ ထိုနေရာတွင် ဝင်္ကပါကို နေရာအပြည့် ခင်းကျင်းထားခြင်း ဖြစ်၏။

သူတို့ရှေ့တွင် ကျောက်စိမ်းအိပ်ရာတစ်ခု ရှိ၏။ ဖေးရွှီက လျှောက်သွားလိုက်ပြီး ထိုအပေါ်တွင် ထိုင်လိုက်သည်။ ရီဖူရှင်းက သူမနောက်သို့ လိုက်သွားပြီး ပြောသည် … “မင်း ခန္ဓာကိုယ်ထဲက ရတနာကို ထုတ်ဖို့ ငါ ကြိုးစားကြည့်လို့ ရမလား”

ထိုရတနာသည် သူမ၏ သွေးကြောနှင့် နှလုံးတို့၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ပြီးဖြစ်ရာ သူမ သေသွားလျှင်ပင် ထုတ်ယူရန် မဖြစ်နိုင်ဟု တော်ဝင်အကြံပေးက ပြောခဲ့သည်။

သို့သော်လည်း ရီဖူရှင်းက ပထမအကြိမ် ကြိုးစား ကြည့်ပြီးနောက်တွင် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်လျှင် ဖြစ်နိုင်လောက်သည်ဟု သူ ခံစားရသည်။

ဖေးရွှီက တစ်ခဏမျှ တိတ်ဆိတ် သွားပြီးနောက် ရယ်မောရင်း မေးလိုက်သည် … “တကယ်ကြီးလား …”

“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အဲဒါဆို လုပ်လေ” ဖေးရွှီက ပြုံးရင်း ပြောလိုက်သည်။ ရီဖူရှင်းက ကြိုးစားကြည့်လိုသည် ဆိုလျှင် သူမ ခွင့်ပြုပေးပေမည်။

သူမအနေဖြင့် မျှော်လင့်ချက် ကြီးကြီး မားမားတော့ မရှိပါချေ။

သူတို့နှစ်ယောက်လုံး ခြေထောက်များကို ခွေကာ ဝင်္ကပါ အခင်းအကျင်းထဲတွင် ထိုင်လိုက်ကြသည်။

သူတို့က မျက်လုံးများကို ပိတ်ထားကြ၏။ အသက်ဓာတ် အလင်းမှုန်များက ရီဖူရှင်းကိုယ်မှ ထွက်ပေါ်လာသည်။ ရီဖူရှင်းက ဖေးရွှီ၏လက်ကို ဆုပ်ကိုင်လိုက်ပြန်၏။ မကြာခင်မှာ ဆန်းကြယ်သည့် ခံစားချက်က တစ်ဖန် ထွက်ပေါ်လာတော့သည်။

အတန်ကြာလျှင် တောက်ပသည့် အလင်းမှုန်များ ပေါက်ကွဲထွက်လာ၏။ ဖေးရွှီသည် တစ်ခုခုကို ခံစား သိရှိလာပုံပေါ်သည်။ ထို့နောက် သူမက ညင်သာစွာ ပြောလိုက်သည် … “ဘယ်လောက်တောင် လှလိုက်တဲ့ သစ်ပင်လဲ”

[သူမ၏ ခန္ဓာကိုယ်က သစ်ပင်ကြီးအောက်တွင် နစ်မြုပ်သွားသည်။ မရေတွက်နိုင်သည့် အကိုင်းအခက်တွေနဲ့ သစ်ရွက်တို့သည် သူမဆီသို့ ကိုင်းညွတ်လာကြကာ ကမ္ဘာ့သစ်ပင်က သူမကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားသကဲ့သို့ ဖြစ်လာသည်။

သူမက သတ္တမဓားထံမှ အဘယ်ကြောင့် သန့်စင်မှုမရှိသည့် ဓားဝိညာဉ်ကို အာရုံခံမိသည်ကို ဖေးရွှီ ရုတ်တရက် နားလည်သွားသည်။ အမှန်တကယ်ကား သူသည် ဓားရေး လေ့ကျင့်သူစစ်စစ် မဟုတ်ပေ။

သူ၏ မူလဝိညာဉ်မှာလည်း  ဓားမဟုတ်ချေ။ သူတို့၏ ခန္ဓာကိုယ်များမှာ ပိုးအိမ်အလွှာလွှာ ရစ်ပတ်ခံထားရ၏။ ကမ္ဘာ့သစ်ပင်သည် အော်မြည် လှုပ်ယမ်းလျက် တောက်ပသည့် အလင်းများကို အဆက်မပြတ် ပေးနေ၏။

အတော်အတန် ကြာပြီးနောက် ထိတ်လန့်ဖွယ် အသက်ရှူသံတစ်ခု ထွက်ပေါ်လာပြီး နောက်တွင် ကြည်လင်ကာ စူးရှသော အသံတချို့ ထွက်လာ၏။ လင်းလက်နေသော ကမ္ဘာ့သစ်ပင်သည်လည်း ရုတ်တရက် မှိန်ဖျော့သွား၏။

ရီဖူရှင်းသည် သူ၏ မူလဝိညာဉ်ကို ပြန်ရုပ်သိမ်းလိုက်ကာ ကောင်းကင်သို့အထိ ထိုးတက်သွားသည့် အလင်းတန်းများအား ထုတ်လွှတ်ထားသော ဖေးရွှီကို ကြည့်လိုက်သည်။]

“ဖေးရွှီ…” တော်ဝင်အကြံပေးက ခေါ်လိုက်သည်။

ရီဖူရှင်း အိပ်ရာပေါ်မှ ထလိုက်ပြီး အဝေးသို့ လျှောက်သွားလိုက်သည်။

တော်ဝင်အကြံပေးသည် သူ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး ဖေးရွှီထံသို့ အလျင်အမြန် လျှောက်သွားသည်။

ရီဖူရှင်းက သူ့အိပ်ဆောင်သို့ ချက်ချင်း ပြန်သွားခဲ့၏။

သူက ထွက်မသွားခဲ့လျှင်လည်း တော်ဝင်အကြံပေးကို မည်သို့ မျက်နှာချင်းဆိုင်ရမည် မသိပေ။ သူက နှလုံးသား၏စေညွှန်ရာအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ရီဖူရှင်းက သူ့မျက်လုံးတွေကို ပိတ်လိုက်သည်။ သူ၏သက်စောင့် ဟော်နန်းတွင် ကမ္ဘာ့သစ်ပင်သည် လေထဲတွင် လွင့်မြူးနေ၏။ သူ၏မူလဝိညာဉ်သည် အံ့အားသင့်စရာ ကောင်းလွန်းပေသည်။

ကောင်းကင်ကို ထွင်းဖောက်ပြီး ဖြာလင်းနေသည့် ရောင်စဉ်များသည် တော်ဝင်အကြံပေး၏ အိမ်တော် ထောင့်တစ်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူတွေက အပြင်သို့ ထွက်၍ စုဝေးလာကြကာ အခြေအနေကို စူးစမ်းကြ၏။ ရန်ယွင်၊ နန်ကျိုင်း နှင့် အခြားလူများလည်း ဖေးရွှီအိပ်စက်ရာ နေရာ တံခါးဝသို့ ရောက်ရှိလာပြီး သူတို့၏ဆရာသခင်အား တွေ့ခွင့်တောင်းကြသည်။

ဘာဖြစ်သွားသည်ကို မည်သူမှ ရေရေရာရာ မသိကြပေ။

“ဘာမှမဖြစ်ဘူး။ ငါ အခုလေးတင် ဖေးရွှီရဲ့အခြေအနေကို သွားစစ်ဆေးခဲ့တာမို့လို့ မင်းတို့ သွားလို့ရပြီ” တော်ဝင်အကြံပေးက ပြောလိုက်၏။

“ဟုတ်ကဲ့ ဆရာ” ရန်ယွင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထူးထူးခြားခြား ဘာမှ မဖြစ်သည်ကို သူတို့ မြင်ပြီးနောက်တွင် အားလုံး ပြန်သွားကြ၏။

***

အင်ပါယာရှားဘုံ…

အင်ပါယာရှား နန်းတော်တွင် ရှားရှင်းယွန်သည် ဘုရင့်မိသားစုစားပွဲမှ သူမ၏နန်းဆောင်သို့ ပြန်ရောက်လာပြီးနောက် သိမ်းငှက်နက်ကို ဆင့်ခေါ်ခဲ့သည်။

သိမ်းငှက်နက်မှာ ရှက်လွန်းသဖြင့် မိမိကိုယ်ကို သတ်သေလိုစိတ်များပင် ဖြစ်နေလေပြီ။ သူက သူမရဲ့ အစေအပါးလား။

“နင် အခု ဘာလုပ်နေလဲ” ရှားချင်းယွန်က သိမ်းငှက်နက်ကို မေးလိုက်သည်။ သိမ်းငှက်နက်က သူ့ကို ပြောနေသည် မဟုတ်မှန်း သိ၏။ ထို့ကြောင့် သူက ရီဖူရှင်းထံသို့ ထိုစကားကို ပို့ပေးလိုက်သည်။

မကြာခင်မှာ သိမ်းငှက်နက်က သူ့မျက်လုံးများကို ပိတ်ကာ ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများမှာ မူလကနှင့် မတူတော့ပေ။

“ကျုပ် တန်ခိုးကျင့်နေတာ” သိမ်းငှက်နက်က ပြောသည်။

“ဒီနေ့က နှစ်သစ်ကူးနေ့ပဲ။ နင်က တော်ဝင်အကြံပေး အိမ်တော်မှာ ရှိနေသင့်တာလေ။ ဟုတ်တယ်မလား။ တော်ဝင်အကြံပေး အိမ်တော်မှာ နှစ်သစ်ကူးရတဲ့ ခံစားချက်က ဘယ်လိုနေလဲ” ရှားရှင်းယွန် မေးလိုက်သည်။

သူမက တစ်စုံတစ်ခုကို သဘောမကျ ဖြစ်နေသည်ကို ရီဖူရှင်း သတိထားမိလိုက်သည်။

“မဆိုးပါဘူး … တော်ဝင်အကြံပေးက ကျုပ်ကို တန်ခိုးကျင့်စဉ်တွေတောင် သင်ပေးသေးတယ်”

ရှားရှင်းယွန်သည် အံ့အားသင့်သွားပြီး သိမ်းငှက်နက်ကို စိုက်ကြည့်ကာ မေးလိုက်သည် … “တော်ဝင်အကြံပေးက နင့်ကို တကယ် တန်ဖိုးထားတာပဲ။ နင် ပြန်မလာချင်တာ မအံ့သြတော့ပါဘူး”

“တော်ဝင်အကြံပေး အိမ်တော်က ကျုပ်ကို တကယ် ကောင်းကောင်း ဆက်ဆံတယ်” ရီဖူရှင်းက ပြောရင်း သက်ပြင်းချလိုက်သည်။

“နင်က အဲဒါကို တွေးနေတာတော့ မဟုတ်ပါဘူးနော်” ရှားရှင်းယွန်က သိမ်းငှက်နက်ကို ကြည့်ရင်း ပြောလိုက်သည်။ ဒီအကောင်စုတ်က တော်ဝင်အကြံပေး အိမ်တော်မှာ တကယ်ကြီး သံယောဇဉ် ရှိနေတာလား။

သိမ်းငှက်နက်က ရှားရှင်းယွန်ကို ကြည့်နေပြီး ဘာမှ ပြန်မပြောပေ။ ခဏကြာမှ သူက မေးလိုက်သည်။ “ဒီတစ်ခါရော ဘာဖြစ်ပြန်ပြီလဲ”

ရှားရှင်းယွန် သူ့ကို စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်… “ဘာမှမဖြစ်ဘူး”

“အဲဒါဆိုလည်း ကျုပ် အခု သွားတော့မယ်” ရီဖူရှင်း ပြောလိုက်သည်။

“နင် … …” ရှားရှင်းယွန် လက်သီး ကျစ်ကျစ်ဆုပ်ကာ သူ့အား ရိုက်နှက်ပစ်လိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။

“ဟိုကိစ္စကို ငါ သဲလွန်စရပြီ” ရှားရှင်းယွန်က ပြောလိုက်သည်။ သူမက အရင်တစ်ခေါက် ရှောင်ရှမ်းနှင့် ဖြစ်ရပ်ကို ပြောနေခြင်း ဖြစ်သည်။

သိမ်းငှက်နက်က မျက်ပေါက်ကို မှေးကျဉ်းလိုက်ရင်း ပြောသည် … “အသေးစိတ် ပြောပြပါလား”

“ငါတို့ စုံစမ်းနေတုန်းပဲ။ အဖြေအတိအကျ ထွက်လာရင် နင့်ကို ပြောပြမယ်”

“ကောင်းပြီ…” သိမ်းငှက်နက်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်… “ဒီရက်တွေအတွင်း ကြိုးစား အားထုတ်ပေးတာကို ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး”

ရှားရှင်းယွန်က သိမ်းငှက်နက်၏ မျက်လုံးတွေကို ကြည့်လိုက်ပြီး စိတ်သက်သာရာ ရသလို ခံစားလိုက်ရသည်။

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့မှာတော့ သိမ်းငှက်နက်အား ဆော်ပလော်တီးခြင်းကို လျှေ့ချပေး လိုက်လေသည်။

***

ကောင်းကင်ပြက္ခဒိန် ၁၀၀၂၃ ခုနှစ်၏ ပထမဆုံးနေ့တွင် ဖြစ်သည်။

တာလီနန်းမြို့တော်၊ တော်ဝင်အကြံပေး အိမ်တော်။

ရန်ယွင်၊ နန်ကျိုင်း၊ မုချွန်းယန်နှင့် အခြားသူများလည်း တော်ဝင်အကြံပေး အိမ်တော်သို့ လာရောက် လည်ပတ်ကြသည်။

သူတို့ အိမ်တော်ဝင်းအတွင်း ခြေချလိုက်သည်နှင့် တော်ဝင်အကြံပေး၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည့် သွယ်လျလျပုံရိပ်ကို မြင်လိုက်ကြရသည်။ ယင်းပုံရိပ်သည် ဖေးရွှီပင် ဖြစ်၏။

“ဖေးရွှီ …” ရန်ယွင်နှင့် အခြားသူများ အံ့သြ သွားကြသည်။ သူမ အိပ်မနေဘူးလား။

မနေ့က ဘာဖြစ်ခဲ့တာလဲ။

“ဖေးရွှီရဲ့ ပြဿနာက ဖြေရှင်းပြီးသွားပြီ။ ဒီနေ့ကစပြီး အကြာကြီး အိပ်နေစရာ မလိုတော့ဘူး” တော်ဝင်အကြံပေးက ကြည်လင်စွာ ပြုံးရင်း ပြောလိုက်၏။

ယခုချိန်မှစ၍ သူ့သမီး ဖေးရွှီသည် မျက်မမြင် ဖြစ်နေသည်ကလွဲပြီး ဘဝကို သာမန်အတိုင်း ဖြတ်သန်းနိုင်ပြီ ဖြစ်၏။

မနေ့က သူသည် သူ့မျက်လုံးကိုပင် မယုံနိုင်ခဲ့ပေ။

ရီဖူရှင်း ဘာလုပ်ခဲ့သည်ကိုလည်း သူမသိပေ။ သူကလည်း မမေးခဲ့သလို ဖေးရွှီကလည်း မပြောပြပေ။

ရန်ယွင်နှင့် အခြားသူများက တစ်ခဏမျှ မှင်တက် သွားကြပြီးနောက် အားလုံး၏ အပြုံးတို့ ပွင့်လန်းလာကြသည်။

ဖေးရွှီက အကြာကြီး အိပ်စက်နေစရာ မလိုတော့ဘူးလို့ ဆိုလိုတာမလား။

မနေ့က ဘာတွေဖြစ်ခဲ့လဲ သူတို့ မသိခဲ့ကြသော်လည်း သူတို့ဆရာက အားလုံး အဆင်ပြေ သွားပြီဟု ပြောမှတော့ အမှန်တကယ် ကောင်းသွားခြင်းသာ ဖြစ်ရပေမည်။

“သတ္တမဓား ဘယ်မှာလဲ” တော်ဝင်အကြံပေးက မေးလိုက်သည်။

“ဆရာ” ရီဖူရှင်း အဝေးကနေ လှမ်းလာရင်း ခေါ်လိုက်သည်။ သူက အနားသို့ ရောက်လာသည်နှင့် အရိုအသေပေးကာ ပြောလိုက်သည်… “သတ္တမဓားက ဆရာနဲ့ အစ်ကိုတို့ကို အရိုအသေ ပေးပါတယ်”

“ကောင်းတယ် … မင်း ပညာရှိကျမ်းကို လေ့ကျင့်နေပြီလား” မနေ့ညနေက ဘာမှမဖြစ်ခဲ့သလို တော်ဝင် အကြံပေးက မေးလိုက်သည်။

“ဟုတ်ကဲ့ …။ ဒါပေမဲ့ အဲဒါက ကျွန်တော့်အတွက် နည်းနည်း ခက်ခဲနေတယ်။ အဲဒါကြောင့် အချိန် နည်းနည်းလိုဦးမယ် ထင်တယ်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ပညာရှိကျမ်းက နားလည်ဖို့ သိပ်မလွယ်ဘူး။ မင်းက သေသေချာချာ အာရုံစိုက်ဖို့လိုတယ်” တော်ဝင်အကြံပေးက ပြောလျင် ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset