Switch Mode

အခန်း ( ၂၄ )

မင်းဘယ်သူလဲ

ပိုင်ရှောင်ချန်းသည် ကျောက်စိမ်းဆွဲပြားကို တစ်စေ့စေ့ကြည့်ရင်း မျောက်အုန်းသီးရသလို ဖြစ်နေသည်။ အမျိုးမျိုးစမ်းသပ်ကြည့်ရင်း စိတ်စွမ်းအင်အချို့ သုံး၍ နှိုးထစေလိုက်ရာ ကျောက်စိမ်းဆွဲပြားမှ အစိမ်းရောင် အလင်းတန်းမှိန်မှိန်လေး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် ဒိုင်းပမာ ဝန်းရံလှည့်လည်လာသည်။

ထို့နောက် ဘယ်ဖက်လက်ကိုသုံး၍ ဆင့်ခေါ်လိုက်သောအခါ သူ၏သစ်သားဓား ပေါ်ထွက်လာသည်။ ထိုဓားသည် လေထဲတွင် စက်ဝိုင်းပုံစံ ဝဲပျံနေပြီးနောက် ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုးသွားလေတော့သည်။ သို့သော်လည်း ထိုဓားသည် အစိမ်းရောင်အလင်းတန်းနှင့် ဆုံသွားသောအခါ ရေထဲသို့ဝင်သွားသည့်အလား သိသိသာသာ အရှိန်လျော့ကျသွားလေသည်။

“တော်တော်ကို တန်ဖိုးရှိတဲ့ ရတနာတစ်ခုပါလား။” ဟုရေရွတ်လိုက်သည်။ ထို့နောက် သူ၏ဓားကိုသိမ်းလိုက်ပြီး ကျောက်စိမ်းဆွဲပြားအား လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ အနည်းငယ်ပင် အားနာနေလေတော့သည်။

“အာ….ထားလိုက်ပါတော့။ ရေးကြီးခွင်ကျယ်မှ မဟုတ်တာပဲ။ လီချင်းဟောက်က ကျိုးရှင်းချီရဲ့ ဆရာလေ။ ဒါပေမဲ့သူက ငါ့ရဲ့ဆရာဆိုလည်း မမှားဘူး။ ငါတို့ရဲ့ ဆက်စပ်မှုတွေကိုထည့်တွက်လိုက်ရင် ငါကသူ့ကို ဦးလေးလို့တောင်ခေါ်ရင်ခေါ်ရအုံးမယ်။”
ထို့နောက် လည်ချောင်းရှင်းလိုက်ကာ ကျောက်စိမ်းဆွဲပြားကို သိမ်းဆည်းလိုက်ပြီး မတ်တတ်ရပ်၍ အပျင်းဆန့်လိုက်လေသည်။

လီချင်းဟောက်၏ ကြက်စုစုပေါင်း အရေအတွက်၏ တစ်ဝက်ကျော်ကျော်ကို စားပြီးသောအခါ သူ၏ ထာဝရအသက်ရှည်နည်းပညာရပ်မှာ အရှိန်အဟုန်ဖြင့်တိုးတက်နေလေတော့သည်။ ယခုဆိုလျှင် ၇၀ ရာခိုင်နှုန်းကျော်အထိ ပြီးနေလေပြီ။ ဝိညာဥ်အမြီးကြက်များမှာ သူ၏ စိတ်စွမ်းအင်ကို ဖြည့်တင်းပေးခြင်းမဟုတ်ပဲ သက်စောင့်စွမ်းအင်ကို ဖြည့်တင်းပေးခြင်းသာဖြစ်သည်။ သို့ရာတွင် သူ၏ ချီစုစည်းမှုအဆင့်မှာ အဆင့်​လေးသာရှိသော်လည်း အရင်ကတိုးတက်လာပြီး ပို၍ ကောင်းမွန်လာလေသည်။

ကြက်ရိုးများကို ဝိညာဥ်မြေကြီးထဲတွင်မြုပ်ထားသည့်အတွက် ထိုမြေကြီးမှာ စိတ်စွမ်းအင်များဖြင့်ပြည့်နှက်နေသည်မှာ ရယ်မောဖွယ်ပင်။ သူ၏ ဆောင်းဝိညာဥ် ဝါးပင်များကမူ ၂မီတာကျော်ရှည်နေပြီဖြစ်ပြီး မြစိမ်းရောင်စစ်စစ် မရှိတော့ချေ။ အနက်ရောက် အစက်အပျောက်လေးများက အစိမ်းရောင်အောက်ခံတွင်ပေါ်လာလေသည်။

အရေးအကြီးဆုံးကမူ သုံးရောင်ခြယ်မီးတောက်များပေးစွမ်းန်ိုင်သော သုံးရောင်ခြယ် ဝိညာဥ်အ​မြီးများဖြစ်သည်။ ထိုအမြီးများကို ပိုင်ရှောင်ချန်းစုဆောင်းနေသည်မှာ ယခုတွင်မူ ရာနှင့်ချီကာရှိနေပြီဖြစ်သည်။ ထိုအမြီးများကပေးစွမ်းနိုင်သော သုံးရောင်ခြယ်မီးတောက်များအကြောင်းကို သူစဥ်းစားမိလိုက်တိုင်း သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။

“ကျင့်စဥ်ကျင့်တာ လောစရာမလိုပါဘူးလေ။ ဆေးလုံး လုံလုံလောက်ရရင် အဲ့ဆေးလုံးတွေကို စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း၃ဆင့် လုပ်ပြီး တမဟုတ်ခြင်း တိုးတက်အောင်ဆက်လေ့ကျင့်လို့ရတယ်။
အခုအရေးကြီးဆုံးက ငါ့ရဲ့ ထာဝရအရေပြားကျင့်တာကို တိုးတက်အောင်လုပ်ဖို့ပဲကွ။”

ထိုအတွေးဝင်လာသည်နှင့် ပိုင်ချောင်ရှန်း၏ ဗိုက်မှာ တဂွီဂွီနှင့်မြည်လာလေတော့သည်။ ပထမဦးစွာ မွှေးရနံ့တိမ်တောင်ရှိ ကြက်ခြံများဘက်သို့ ကြည့်လိုက်သော်လည်း နောက်တွင် ခရမ်းဒယ်အိုးတောင်ဘက်သို့ ပြောင်း၍ကြည့်လိုက်လေသည်။

“အစ်ကိုအကြီးဆုံးက ခရမ်းဒယ်အိုးတောင်မှာပဲ။ သူအဆင်ရောပြေရဲ့လားမသိပါဘူး။”

သူသည် စားဖိုဆောင်တုံးက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောရင်း ခြံဝန်းအပြင်သို့ပြေးထွက်ကာ တောင်အောက်သို့ဆင်းပြီး ခရမ်းဒယ်အိုးတောင်ဆီသို့ ပြေးသွားလေတော့သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ကမ်းရှိ တောင်သုံးလုံးတွင် မြစိမ်းတောင်က ဓားသိုင်းကိုအဓိကထားသည်။ မွှေးရနံ့တိမ်တောင်က ဝိညာဥ်ဆေးပညာကို စူးစူးစိုက်စိုက်သင်ပေးသည်။ ခရမ်းဒယ်အိုးတောင်ကမူ မှော်ပညာရပ်များနှင့် စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း တွင်ထူးချွန်လေသည်။ ထို့အပြင် တောင်ဘက်ကမ်း၏ အခြေခံအကျဆုံး ပညာရပ်ဖြစ်သည့် ဒယ်စောက်အိုး ခရမ်းရောင်ချီထိန်းချုပ်နည်း ပညာရပ်မှာ ခရမ်းဒယ်အိုးတောင်မှ ဆင်းသက်လာခြင်းဖြစ်သည်။

ခရမ်းဒယ်အိုးတောင်သို့ ပိုင်ရှောင်ချန်း ရောက်သွားသော အချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ တိမ်နှင့်မြူများဖြင့် ဖုံးလွှမ်းနေသော တောင်ပေါ်သို့မော့ကြည့်လိုက်လေသ​ည်။ လေပေါ်အမြင့်တစ်နေရာတွင် အလင်းရောင်များဖြာထွက်ကာ ပျံသန်းနေကြသော အရိပ်သေးသေးလေးများကို သူက ခပ်ရေးရေးမြင်ရသောအခါ သူက သက်ပြင်းချလိုက်လေသည်။

“ငါလည်းဘယ်တော့များမှ ပျံသန်းနိုင်တဲ့ ရတနာမျိုးရမလဲမသိဘူး။ ဒါမှ ငါရောက်ချင်တဲ့နေရာကို မြန်မြန်ဆန်ဆန်နဲ့ရောက်ပြီး လောကတစ်ခုလုံးက ထာဝရရှင်သန်နည်းတွေကို လေ့လာနိုင်မှာ…. ” သူ့မျက်လုံးများက မျှော်လင့်ချင်အလင်းရောင်များနှင့် တလက်လက်တောက်ပလာပြီး တောင်ထိပ်သို့ တက်လာခဲ့သည်။

သူက ခရမ်းဒယ်အိုးတောင်၏ ဂိုဏ်းသားမဟုတ်သော်လည်း အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်သည့်အတွက် တောင်တိုင်းကို သွားခွင့်ရှိလေသည်။ လမ်းတစ်လျှောက်တွင်တွေ့သောလူအချို့အား သူက ကျန်းတဟိုင်နေရာကိုမေးမြန်းခဲ့လေသည်။ သူ့၏နှစ်လိုဖွယ် အမူအရာကြောင့် ချက်ချင်းပင် အဖြေရခဲ့ပြီး လမ်းညွှန်လိုက်သည့်နေရာသို့ အပြေးရောက်လာခဲ့သည်။

ဖက်တီးကျန်း၏ အိမ်မှာ မွှေးရနံ့တိမ်တောင်ပေါ်ရှိ ပိုင်ရှောင်ချန်း၏နေအိမ်နှင့် ယှဥ်လိုက်လျှင် တောင်၏မတူညီသောဘက်ခြမ်းတွင် ရှိလေသည်။ စိတ်စွမ်းအင်ပို၍ အားကောင်းသော နေသာသည့်ဘက်အခြမ်းတွင် ရှိသည်။ ထိုနေရာတွင် အိမ်များများစားစားမရှိပေ။ ရှိသောအိမ်များမှာလည်း ညကောင်းကင်ယံရှိ ကြယ်လေးများသကဲ့သို့ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်မှာ အင်းကွက်ပုံစံတစ်ခုကိုဖော်ဆောင်နေသလိုပင်။

ညနေစောင်းနေပြီဖြစ်ပြီး အလင်းရောင်ကောင်းကောင်းမရှိတော့သော်လည်း ထိုနေရာကို နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ဖြစ်စေသော အသွင်အပြင်ကိုပေးစွမ်းသည့် မြူခိုးများနှင့် ပေါများလှသော ဝိညာဥ်အပင်များကို မြင်ရသေးပေသည်။

အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာကို အားကျစွာကြည့်လိုက်ရင်း

” အစ်ကိုအကြီးဆုံးက ဒီဂိုဏ်းထဲမှာ အချိတ်ဆက်ကောင်းတွေ တကယ်ရှိတာပဲကွ။ ဒီလိုနေရာမျိုးကို သူရတာ ငါ့ဖြင့်ယုံတောင်မယုံနိုင်ဘူး။ ငါ့နေရာထက်ကို အပုံကြီးကောင်းတာပဲ ”

ဖက်တီးကျန်း၏ အိမ်ကို ခဏမျှသာ ရှာလိုက်ရလေသည်။ ခြံဝန်းမှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်မည့်လူမရှိသကဲ့သို့ ပေါင်းပင် မြက်ပင်များဖြင့် ပြည့်နှက်နေသည်။ ပိုင်ရှောင်ချန်းလည်း ထိတ်လန့်စွာ ပင့်သက်ရှိုက်မိလိုက်ပြီး တံခါးမကြီးကိုခေါက်လိုက်လေသည်။ သို့သော်လည်း ပြန်ထူးသံမကြားရပေ။

“ငါနေရာများ မှားနေသလား မသိဘူး။” ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်တုန်းမှာပဲ အခန်းတံခါး ကျွီခနဲ့ တစ်ချက်ပွင့်လာပြီး လက်ထဲတွင် ဓားတစ်လက်နှင့် ပိန်ပိန်လှီလှီ လူတစ်ယောက်ထွက်လာသည်။ ဘယ်လက်ထဲရှိ ဓားကငွေရောင် တဖိတ်ဖိတ်လက်နေသည်။ အတန်ကြာစိုက်ကြည့်နေပြီးမှ ကာလအသင်္ချေလောက် မစားရမသောက်ရ ပင်ပန်းနေသောအသံဖြင့် “ဘယ်သူလဲဟေ့။” ဟုလှမ်းမေးလိုက်လေသည်။

ပါးစပ်ကလွှတ်ခနဲ့ ထွက်သွားသော်လည်း ပိုင်ရှောင်ချန်း၏မျက်နှာကို လှမ်းမြင်မှ ထိုလူ့မျက်နှာမှာ ဆွေမျိုးရင်းခြာ ငယ်ပေါင်းကြီးဖော်တစ်ယောက်ကို ပြန်တွေ့လိုက်ရသလို ဝင်းပလာသည်။ ရုတ်ချည်းဆိုသလို ပျာပျာသလဲ ခြံတံခါးကိုလာဖွင့်ပေးပြီးနောက် ရှောင်ချန်းကို တွေတွေကြီးသာ ငေးကြည့်နေရှာသည်။ အသိစိတ်ပြန်ဝင်လာမှ အားရပါးရ ရယ်မောရင်း ခေါ်လိုက်သည်။
” အမှတ်ကိုး ဂိုဏ်းတူညီလေး…… ”

” ခင်ဗျားက… ” ပိုင်ရှောင်ချန်းသည် ထိုလူကို မျက်မှန်းတန်းမိသလိုရှိသော်လည်း လုံးဝမှတ်မိတာတော့မဟုတ်ပေ။

သူ့ပုံပန်းသွင်ပြင်မှာ အရိုးအပေါ်အရေတင် မဖြစ်ရုံတမယ် ပိန်းချုံးခြောက်ကပ်နေပြီး စူးရှတောက်ပနေသော မျက်လုံးများကလည်း အတွင်းသို့ချိုင့်ဝင်နေသည်။ ကျင့်ကြံမှု အဆင့်တွင်တော့ ချီစုစည်းမှု အဆင့်လေးစက်ဝန်းအထိ ရောက်ရှိထားပုံပေါ်သည်။ အရိုးခြောက်လူသားမှာ ရှောင်ချန်း၏ အူကြောင်ကြောင်အကြည့်ကြောင့် ငိုချလိုက်ချင်လာသည်။

” အမှတ်ကိုးဖက်တီး ငါလေ ဖက်တီးကြီးကျန်းလေကွာ မမှတ်မိဘူးလား.” ဝမ်းနည်းပက်လက်ဖြင့် ကြုံရသမျှ ရှောင်ချန်းကို ရင်ဖွင့်ရှာတော့သည်။ ” အမှတ်ကိုးဖက်တီးရယ် စာဖိုဆောင်ကထွက်လာပြီးနောက်ပိုင်း အစ်ကိုကြီးဘယ်လောက်တောင် ဆင်းရဲဒုက္ခခံရတယ်ဆိုတာ ညီလေးသိမှာ မဟုတ်ဘူးကွာ၊ ငါ့ဆရာက ငါကိုတွေ့တွေ့ချင်းပဲ ဖက်တီးတွေ မကြိုက်ဘူးဘာညာ ပြောတာနဲ့ ငါမှာ တစ်နှစ်ခွဲလောက်ထိ အစားလျော့စားပြီး အငတ်ခံခဲ့ရတာ ”

“တစ်နှစ်ခွဲလဲပြည့်ရော ခုလို အရိုးပေါ်အရေတင်ဖြစ်လာတော့တာပဲကွာ။ အရင်ခန္ဓာကိုယ်ပုံမျိုးပြန်ရဖိုဆိုတာ ခုတော့အိမ်မက်တောင် မက်ခွင့်မရှိတော့ပါဘူး။” ဖက်တီးကြီးကျန်းမှာ တရှုံ့ရှုံ့ပြောရင်း မျက်ရည်များကျလာပြန်သည်။

ဖက်တီးကျန်း၏ စကားများအရသာ သူ့အစ်ကိုကြီးဖြစ်ကြောင်း လက်ခံခဲ့ရသော်လည်း ရှောင်ချန်းမှာ ယုံရခက်ခက်ဖြင့်သာ ငေးကြည့်နေမိသည်။ သူမှတ်မိသော အစ်ကိုကြီးကျန်းနှင့် ယခုသူ့ရှေ့မှာရပ်နေသော ပုဂ္ဂိုလ်တို့မှာ တစ်ယောက်တည်း ဟူသောအမှန်တရားမှာ ခါးသီးဖွယ်ပင်။

” အစ်ကိုကြီးတို့ ဆရာတပည့်က ဘယ်လိုရန်ငြိုးတွေများရှိထားလို့လဲဗျာ….” ကရုဏာသက်သော အသံဖြင့်မေးလိုက်သည်။

“အဲ့ဒီ အဖွားကြီးက အပေါက်ကိုဆိုးတာ.. ငါ..” စိတ်ရှိသလောက် ဖွင့်ဟလိုက်ချင်သော်လည်း ကြောက်စိတ်ကြောင့် ပြန်မျိုသိပ်ထားရလေရာ တဆတ်ဆတ်တုန်နေ​သည်။ ပိုင်ရှောင်ချန်းကို​ ခြံဝန်းထဲခေါ်လာရင်း
” အမှတ်ကိုးညီလေးရာ။ စားဖိုဆောင်ကအချိန်တွေကိုအရမ်းတမ်းတမိတယ်ကွာ။ ဒီလိုနေရာမျိုးမှာ ဘယ်လိုလူမှ ရပ်တည်နိုင်မှာမဟုတ်ဘူး။ အစ်ကိုကြီးဒီကိုရောက်ပြီးကတည်းက ဝဝလင်လင်စားရတယ်ကိုမရှိဘူး။ ပြီးတော့ငွေရပေါက်ကလည်း မလွယ်ဘူးကွာ။ မင်းတို့အစ်ကိုကြီး ငတ်နေပြီရှောင်ချန်းရယ် ” ရောက်ပြီးကတည်းက အဖြစ်သနစ်များကို ရင်ဖွင့်ရင်းသာ စိတ်ဖြေနေရှာသည်။

အစ်ကိုကြီးကျန်း၏ အဖြစ်ဆိုးကို နားထောင်ရမှ ကြက်ခိုးရန်ဆုံးဖြတ်ခဲ့သော သူ့ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်းသတိထားမိလာသည်။ ပိန်ပိန်လှီလှီခန္ဓာကိုယ်ကို ကြည့်ကာသက်ပြင်းတစ်ချက်ချပြီး အရိုးငေါငေါ ပုခုံးကိုပုတ်လိုက်ကာ

“အစ်ကိုကြီးဒုက္ခရောက်နေရင် ညီလေးကကူညီပေးရမှာပေါ့။ ဒီမှာ အမွှေးတိုင်တစ်တိုင်ထွန်းစာ လောက်ပဲစောင့်.. ညီလေးပြန်လာမယ်။” ဖက်တီးကျန်းမှာ ပြောပြောဆိုဆိုထွက်သွားသော ရှောင်ချန်းကို တအံတသြငေးကြည့်ရင်း ကျန်ခဲ့လေသည်။

ဉာဏ်ကြီးရှင်မှာ တောင်အတက်လမ်းမှာကတည်းက ခရမ်းဒယ်အိုးတောင် ကြက်ခြံတည်နေရာများကို တေးမှတ်လာခဲ့ပြီဖြစ်သည်။ ညအမှောင်ကို အကောင်းဆုံးသုံးချလိုက်ပြီးနောက် ရှောင်ချန်းသည် ရုတ်တရက် လူမြင်ကွင်းမှ ပုန်းရှောင်လိုက်သည်။

ဖက်တီးကျန်းမှာ ပိုင်ရှောင်ချန်းကို စိုးရိမ်တကြီးဖြင့် ခြံဝန်းတံခါးဝတွင်စောင့်နေသည်။ ခနအကြာမှာတော့ လက်တစ်ဖက်စီတွင် ဝိညာဉ်မြီးကြက်တစ်ကောင်စီ ဆွဲလာရင်း ကယ်တင်ရှင်ရှောင်ချန်း ပြန်ရောက်လာခဲ့သည်။

ဝိညာဉ်မြီးကြက်များကို မြင်တော့ ဖက်တီးကျန်းမျက်လုံးပြူ သွားသည်။ သူဘာမှမပြောခင်မှာပင် သူ့ကို ရှောင်ချန်းက ခြံဝန်းထဲသို့ သိုသိုသိပ်သိပ် ခေါ်လာခဲ့သည်။ ထို့နောက်ဖက်တီးကျန်းကို လျစ်လျူ ရှု၍ ဒယ်အိုးကိုထုတ်၊ ရေနွေးတည်၊ ကြက်ကိုအမွှေးနှုတ်၊ ဒယ်အိုးထဲထည့်ဖြင့် ကျွမ်းကျွမ်းကျင်ကျင်ပင် ဇယ်ဆတ်သလို လုပ်ပြီးမှ အင်္ကျီလက်ကို အသာချကာ ဖက်တီးကိုမော့ကြည့်လိုက်သည်။

ဖက်တီးကြီးကျန်းမှာ ကြောက်လန့်ကာ မျက်လုံးများပင်ပြူးးနေသည်။ ဒယ်အိုးထဲက ကြက်များကိုတစ်လှည့် ရှောင်ချန်းကိုတစ်လှည့်ကြည့်ရင်း မယုံနိုင်ဖြစ်နေသည်။

” စောရ.. မွှေးရနံတိမ်တောင်က ကြက်သူခိုးက ညီလေးတော့ မဟုတ်လောက်ပါဘူးနော်…. ” ရှောင်ချန်းသည် ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီးနောက် သားကောင်ကိုယဉ်ပါးနေသော မုဆိုးပမာ လက်ကိုဆန့်တန်းလိုက်ပြီး ကြက်သားကိုနူးစေရန် ဒယ်အိုးထဲသို့ စိတ်စွမ်းအင်အချို့ကို ထုတ်လွှတ်လိုက်သည်။ မကြာမီပင် မွှေးကြိုင်သော အနံထွက်ပေါ်လာရာ ရှောင်ချန်းက ကြက်ပေါင်တစ်ဖက်ကို ဖဲ့ပြီး ဖက်တီးကျန်းဆီလှမ်းပေးလိုက်သည်။

” စားလိုက်ပါ အစ်ကိုကြီး..” သူစားဖိုဆောင်ကို ရောက်သည့်နေ့မှာ ဖက်တီးကျန်းက သူ့ကိုမှော်မှိုပွင့် ပေးသည့်ဟန်အတိုင်း ပြောလိုက်သည်။

ဖက်တီးကျန်းမှာ ကြက်ပေါင်ကို ကြည့်ပြီးနောက် မရဲတရဲကိုက်ကြည့်သည်။ ထို့နောက်အရသာကလည်းတွေ့ ဗိုက်ကလည်းဆာနေသောကြောင့် ရှောင်ချန်းတိုက်တွန်းစရာပင်မလိုတော့ ဒယ်အိုးထဲခေါင်းစိုက်ကာ အငမ်းမရစားလိုက်ရာ ခဏအတွင်းပင် ကြက်နှစ်ကောင်လုံး အရိုးသာကျန်ခဲ့သည်။ ဗိုက်ကတော့မဝသေး၊ အရိုးတစ်ကျွတ်ကျွတ်ကိုက်သံနှင့်အတူ ဗိုက်ထဲမှလည်း တဂွီဂွီတဂွမ်ဂွမ်မြည်သံများက အဆက်မပြတ် မြည်လာတော့သည်။

နောက်ဆုံးမှာတော့ ဗိုက်ကိုပုတ်ကာ ကျေနပ်သွားဟန်ဖြင့် လဲလျောင်းလိုက်သည်။ ပြီးမှ ရှောင်ချန်းနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ရယ်မောကြသည်။

“ရှောင်ချန်းရာ မင်းကတော့ တကယ့်ကောင်ပဲကွာ…. ” ဂုဏ်ယူနေဟန်ဖြင့် ” မင်းကစားဖိုဆောင်တုန်းကအတိုင်းပဲ။ မွှေးရနံတိမ်တောင်ရဲ့ နာမည်ကြီး စောရကြက်သူခိုးက ညီလေးဆိုတာ ငါဖြင့်တွေးတောင်မတွေးမိဘူး ”

“ကျင့်ကြံသူတွေဆိုတာ မိုးကောင်းကင်ကို မီးတက်ရှို့နေရသလို လူတကာနဲ့အပြိုင်အဆိုင် တိုက်ခိုက်နေကြရတာဗျာ။ ကိုယ့်ကိုယ်ကိုသာ ကိုးစားရာပဲ။ ကြက်ကလေးတစ်ကောင်နှစ်ကောင်ကို ငဲ့နေလို့ဘယ်ရမလဲဗျ” ရှောင်ချန်းသည် သူ့ကိုယ်သူကျေနပ်နေသည်ကို ဖုံကွယ်မထားနိုင်။ အချိန်အတော်ကြာ ဖုံးကွယ်ထားသော သူ့အသွင်မှန်ကို အစ်ကိုကြီးကျန်းက အားရနေသည်ကို တွေ့ရတော့ သဘောကျနေသည်။

“ဆိုးတာကဗျာ ညီလေးက ဝိညာဉ်မြီးကြက်တွေစားလာတာ ခုဆို မွှေးရနံတိမ်တောင်မှာ ကြက်ပေါက်လေးတွေပဲကျန်တော့တယ်။ မဟုတ်ရင် ကျွန်တော်နဲ့တူတူလာနေပြီး အကိုကြီးပြန်ဝလာတဲ့အထိ ပြုစုဖို့ ဖိတ်ဖို့လုပ်ပါတယ်ဗျာ ”
ထိုစကားကြောင့် ဖက်တီးကျန်းမှာ အရိပ်ပြသည်နှင့် အကောင်မြင်သွားပြီး မျက်လုံးများအရောင် လက်လာသည်။

” ခရမ်းဒယ်အိုးတောင်မှာလည်း ကြက်တွေရှိတာပဲ။ တောင်ရဲ့အနောက်ဘက် တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ ကြက်ခြံတွေရှိတယ်။ တစ်ရက်မှာ ဂိုဏ်းသား ခုနှစ်ယောက်စီပါတဲ့ အဖွဲ့နှစ်ဖွဲ့ အချိန်ပြောင်းပြီး စောင့်ကြတယ်…”
ဖက်တီးကျန်းသည် နောက်ထပ်အသေးစိတ်အစီအစဉ်များကို ရှင်းပြပြီးနောက် ရှောင်ချန်းကို ထူထူးဆန်းဆန်းအကြည့်ဖြင့်ကြည့်လိုက်သည်။

“တကယ်တော့ မွှေးရနံတိမ်တောင်က ကြက်သူခိုးအကြောင်း ကြားတော့ အစ်ကိုကြီးလည်း အဲ့လိုလုပ်ဖို့ ကြံစည်သေးတယ်။ ဒါပေမယ့် ကြက်တွေက အနားကပ်မိတာနဲ့ အရမ်းအော်တော့ ဖမ်းရခက်နေတာ။ ကံကောင်းလို့ ကြက်မမိတဲ့အပြင် အဖမ်းတောင်မခံရတာ ”
ဖက်တီးကျန်းက ရှက်ရှက်နှင့်ဝန်ခံလိုက်သည်။

ဖက်တီးကျန်းစကားကြားတော့ ပိုင်ရှောင်းချန်းက ရယ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။ တစ်ဖြည်းဖြည်း ဖက်တီးကျန်း၏ မျက်လုံးများက ဝင်းလက်လာပြီး အားပါလာသောကြောင့် မောဟိုက်နေသလိုပင် ဖြစ်လာသည်။ ပိုင်ရှောင်ချန်းအိတ်ထဲမှာ ပုစဉ်းရင်ကွဲကို ထုတ်ကြည့်ရင်းနှစ်ယောက်သား ပြိုင်တူ ရယ်မောကြသည်။

ထို့နောက်မှစ၍ ရှောင်ချန်းတစ်ယောက် ဖက်တီးကျန်းဆီ အလာစိတ်လာသလို ခရမ်းဒယ်အိုးတောင်မှ ကြက်များလည်း အပျောက်များလာသည်။

ညတိုင်း ကြက်သူခိုးနှစ်ယောက်သည် တစ်ယောက်က လူခြေကြည့် တစ်ယောက်က ကြက်ခိုးဖြင့် သောင်းကျန်းနေရာ ခရမ်းဒယ်အိုးတောင်တစ်ကြောလုံး သတင်းကြီးလာပြန်သည်။

“ခင်ဗျားတို့ကြားပြီးပြီလား မွှေးရနံတိမ်တောင်က ကြက်သူခိုးက ခရမ်းဒယ်အိုးတောင်ဘက် ကူးလာပြီတဲ့ ”

“ကျုပ်က သူတို့ကို တွေ့တောင်တွေ့လိုက်သေးတယ်။ သူခိုးက တစ်ယောက်တည်းမဟုတ်ဘူးဗျ နှစ်ယောက်ဗျ ”

ထိုသတင်းမှာ မွှေးရနံတိမ်တောင်ထိရောက်လာကာ ထိုမှ မွှေးရနံတိမ်တောင်မှ ဂိုဏ်းသားများ အသက်ရှူချောင်တော့သည်။ သူတို့သည် ခရမ်းဒယ်အိုးတောင်ဘက်သို့ သနားကရုဏာသက်သော မျက်လုံးတွေနှင့် ကြည့်ရင်း

“ဒီလိုဆိုတော့လဲ ကြက်သူခိုးကမျှမျှတတရှိသားပဲ။ ငါတို့ မွှေးရနံတိမ်တောင်က ကြက်တွေ ထပ်မခိုးတော့ဘူးပေါ့ “


Comment

Leave a Reply

Options

not work with dark mode
Reset