Switch Mode

အခန်း (၁၂)

စုမင်ရဲ့ အမျက်

စုမင် အကြာကြီး စဉ်းစားသော်လည်း မြူမှုန်ထိုးခွဲ၏ အာနိသင်အကြောင်းကို မသိသေးပေ။ သူရလာခဲ့သည့် မှတ်ဉာဏ်ထဲတွင် ဆေးလုံးဖော်စပ်ပုံသာ ပါဝင်သည်။ ဆေးလုံး၏ အသုံးဝင်ပုံကို မဖော်ပြထားချေ။

နေမွန်းတည့်ချိန် ရောက်မှ တွန့်ဆုတ် တွန့်ဆုတ်နှင့် ထိုနေရာမှ သူ ထွက်လာခဲ့၏။

နိုင်စီးငြှိမ်းသတ်ခြင်း လုပ်သည့် နေရာသို့ သူတို့နှစ်ဦး ပြန်လာခဲ့ကြသည်။ မျောက်ကလေးမှာ အကြာကြီး မနေနိုင်။ ဂူဆီ ပြန်ရောက်သည်နှင့် ဆော့ကစားရန် ပြန်ထွက်ပြေးသွား၏။

တောင်နံရံကို မှီလိုက်ချိန် လေနုအေးက စုမင်ကို တိုးဝှေ့သွားသည်။ လက်ထဲမှ အစိမ်းရောင် ဆေးလုံးကို ကိုင်ရင်း စုမင်စဉ်းစားကြည့်၏။

“ဒါ တကယ် ဘယ်မှာ အသုံးဝင်တာလဲ… သောက်တာရော အပြင်ကနေ လိမ်းတာရော ဘာ လက္ခဏာမှ မပြဘူး”

စုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူ ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သော်လည်း ထိုဆေး၏ အသုံးဝင်သည့် နေရာကို မရှာနိုင်ဘဲ ဖြစ်နေသည်။ သည်အတိုင်းဆိုပါက အချိန်တွေ အလကား ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။

စုမင် ဆေးလုံးကို စိုက်ကြည့်ပြီး ဆုံးဖြတ်လိုက်၏။

“ငါ့ဘာသာငါပဲ စမ်းကြည့်တာပေါ့။ ငါဒီဆေးကို မျိုချလိုက်ရင် ဘာဖြစ်မလဲ ကြည့်ရအောင်”

စုမင်မှာ ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ ဆုံးဖြတ်ပြီးလျှင် တွေဝေ တွန့်ဆုတ် နေတတ်သူမျိုး မဟုတ်။ ခပ်မြန်မြန်ပဲ  ဆေးလုံးအား လက်မှတစ်ဆင့် ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ဆေးလုံးမှာ စုမင်လျှာနှင့် ထိသွားသည်နှင့် အရည်ပျော်ကျသွားသည်။ ပြင်းရှသော ဆေးအရသာမှာ ခံတွင်း တစ်ခုလုံးကို လွှမ်းသွားပြီး အပူလှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွား၏။ ခဏသာခံပြီး ပျောက်ထွက်သွား၍ စုမင်မှာ ဘာမှ ရေရေရာရာ မခံစားလိုက်ရပေ။

စုမင် ကြောင်သွားသည်။ ချက်ချင်း ထိုင်ချပြီး တရားမှတ်၍ အကြောထဲမှ သွေးများကို ခိုင်မြဲ တည်ကြည် ကျောက်သားကျင့်စဉ် ကျင့်ရန် ကြိုးစားလိုက်သည်။ သို့သော် ဘာမှ ဖြစ်မလာ။ ယခင်အတိုင်းပင်။ သူ့ကိုယ်ထဲ သွေးအလုံအလောက် မရှိသေးဘူး၍ ဖြစ်ရသည်ဟု စုမင် ခံစားနေရသည်။

စုမင်မှာ ဒေါသထွက်လာပြီး သူ့ဆံပင်တွေ ဆွဲဆုပ်လိုက်သည်။ ယခုတကြိမ်တွင် ကုန်လွန်ခဲ့သည့် တစ်လတာကာလမှာ သူ့အတွက် အလဟသကုန်ဆုံးခဲ့ရခြင်း ဖြစ်သည်ဟု တကယ်ကြီး ခံစားနေရသည်။

“မဖြစ်နိုင်ဘူး။ တခြား အသုံးဝင်တဲ့ နေရာ ရှိကိုရှိရမယ်”

စုမင် စိတ်ပျက်သော်လည်း လက်မလျှော့သေး။ ဘယ်လောက်ပင် စေ့စေ့ပေါက်ပေါက် တွေးသော်လည်း ဘာသဲလွန်စ ရှာမရဘဲ ဖြစ်နေသည်။ သူလုပ်နိုင်တာဆို၍ သက်ပြင်းကြီး ချ၊ ခါးသီးစွာ ရယ်မောခြင်းသာ တတ်နိုင်တော့သည်။

မကြာခင် မျောက်လေး ပြန်ရောက်လာပြီး စုမင်အနား ကပ်လာ၏။ စုမင်ကို သစ်သီးတွေ မပေးခင် ခုန်ပေါက် နေပြီး နောက်တစ်ခေါက် ထပ်ထွက်သွားပြန်သည်။

စုမင် သက်ပြင်းချလိုက်သည်။ ဗိုက်ကလည်း ဆာနေပြီမို့ သစ်သီးကို ကောက်စားရင်း အတွေး နယ်ချဲ့မိပြန်သည်။

“တစ် နှစ် သုံး”

သူကိုယ်တိုင် မသိလိုက်ခင် စုမင် လေချဉ်တက်ပြီး အူတိုင်ကို ထွေးထုတ်လိုက်၏။ သူ့ဗိုက်ကိုသူ ပွတ်ပြီး စဉ်းစားသည်။ သူ့အကြည့်က မြေပြင်ပေါ်မှ အသီးများထံ ရောက်သွားပြီး အကြည့် ပြန်လွှဲမည်အလုပ် သစ်သီးများကို စိတ်ဝင်တစား ကြည့်မိလိုက်သည်။

“ငါဗိုက်ပြည့် သွားပြီ။ ဘယ်လိုတောင် …”

စုမင် အသီးများကို စိုက်ကြည့်ပြီး ထွေးထုတ်လိုက်သည့် အူတိုင်များကို ရေတွက်ကြည့်လိုက်သည်။ အားလုံးပေါင်း (၁၅) ခု ရှိလေသည်။

အရေးကြီးသည့် တစ်စုံတစ်ခုနှင့် တွေ့လိုက်ရမှန်း ခံစားမိလိုက်သည်။ သူ့ရင်ဘတ်တွင် စိတ်လှုပ်ရှားမှုများနှင့် တဒုန်းဒုန်း မြည်နေသည်။

“ငါအမြဲတမ်း ဒီအသီး စားရတာကို ကြိုက်တာ … ရှောင်ဟုန်ကလည်း အမြဲပဲ ယူလာပေးတယ်။ ဒါပေမဲ့ ငါက တစ်ခါထဲ အများကြီး စားရတာကို မကြိုက်ဘူး။ ခါတိုင်း ငါဆယ်လုံး စားပြီးရင်တောင် တစ်ဝက်လောက်ပဲ ဗိုက်ပြည့်တယ်။ အခု ဆယ့်ငါးလုံး စားရုံလေးနဲ့ ဗိုက်ပြည့်သွားပြီ။ ငါ့ရဲ့ စားချင် သောက်ချင်စိတ်က လျော့သွားတာလား ဒါမှမဟုတ် ဒါနဲ့ ပတ်သက်မှု ရှိနေမလား”

စုမင် နှုတ်ခမ်းသပ်လိုက်၏။ စောစောက မြူမှုန်ထိုးခွဲ ဆေးလုံး စားလိုက်သည်ကို သတိရသွားသည်။

“ဖြစ်နိုင်တာက မြူမှုန်ထိုးခွဲက အစားမစားဘဲ နေစေနိုင်တဲ့ အရာလား ဒါမှမဟုတ် အရာဝတၳု တွေရဲ့ အာနိသင်ကို တိုးပွားစေတဲ့ အစွမ်းလား”

စုမင်ရင်တွေ တအားခုန်လာ၏။ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူရရှိလာသည့် ဆေး၏ အကျိုးအာနိသင်အကြောင်း တပင်တပန်း စဉ်းစားသော်လည်း ဘာမှမသိရခဲ့ပေ။ ယခု သဲလွန်စလေး တစ်ခု ရလိုက်ပြီ။ မည်မျှ ရယ်စရာကောင်းသည့် သဲလွန်စ အသေးအမွှားပင် ဖြစ်စေ၊ စုမင်ကတော့ ရေဆုံးမြေဖျား မရမက လိုက်မည် ဖြစ်သည်။ ချက်ချင်း နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ရန်တစ်ခုတည်းအတွက် ရည်ရွယ်ထားသော အပေါက်ကျဉ်းလေးဆီ ပြန်တွားသွားဝင်သွားလိုက်သည်။

သူ့မှာ နဂါး ခံတွင်းရည် အနည်းအကျဉ်း ကျန်ရှိနေသေးမှန်း သတိရမိလိုက်သည်။ ၎င်းမှာ ရှားပါး ပစ္စည်း ဖြစ်သည်။ မိုးမရွာဘဲ ထပ်မရနိုင်၍ လက်ကျန်အရည်လေး သောက်ပစ်လိုက်ရမည်ကို တွေဝေနေခဲ့သည်။

စုမင် ဂူထဲသို့ အမြန်ဝင်လိုက်သည်။ တစ်စက် နှစ်စက်သာ ကျန်တော့သည့် နဂါး ခံတွင်းရည်ကို ခြင်းထဲမှ ထုတ်လိုက်၏။ ပြီးလျှင် လုံးဝ တွေဝေ မိန်းမောခြင်း မရှိဘဲ တစ်ကျိုက်ထဲ အကုန်အစင် မော့ချလိုက်၏။

စုမင်အနေဖြင့် ဆေးရည် အရသာကို ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။ တစ်စက် နှစ်စက်လောက်သာ ဆိုသော်လည်း တစ်ကိုယ်လုံးဆီ ခရီးနှင်သွားသည့် အအေးလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး ဆေးရည်သည် သူ့သွေးကြောများအထိပါ စီးဝင်သွားလေတော့၏။

နဂါးခံတွင်းရည်ကြောင့် ဖြစ်ပေါ်လာသည့် အေးစက်စက် ခံစားချက်မှာ တိုးပွားလာနေသည်။

အအေးဓာတ်နှင့် သွေး တစ်သားတည်း ဖြစ်သွားချိန် သူ့သွေးများ စတင်ပွက်ပွက် ဆူလာသလို ခံစားလိုက်ရ၏။ စုမင် သွေးကြောများကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ချိန် သူ့ကိုယ်ပေါ်တွင် ပျံ့နှံ့တည်ရှိနေသည့် သွေးကြောလေးခုမှာ သွေးရောင် ရဲရဲနီသွားတော့၏။

အချိန်တွေ အတော်ကြာပြီးမှ တုန်တုန်ယင်ယင် အသက်ရှူသံနှင့်အတူ စုမင် မျက်လုံးကို ဖွင့်လိုက်၏။

“ငါသိပြီ။ မြူမှုန်ထိုးခွဲက သူ့ဘာသူ တစ်ခုတည်း သောက်သုံးမယ်ဆိုရင် ဘာမှ ဖြစ်မလာနိုင်ဘူး။ ဒါပေမဲ့ တခြားတစ်ခုနဲ့ တွဲပြီး သုံးဆောင်လိုက်မယ်ဆိုရင် အဲဒီတစ်ခုရဲ့ အာနိသင်က တိုးပွားလာမှာ ဖြစ်တယ်။ ဘာမှ မထူးဆန်းသလို ထင်ရပေမဲ့ အများကြီး ထူးခြားအသုံးဝင်မှာပဲ”

စုမင် စိတ်တက်ကြွလာသည်။ မြူမှုန်ထိုးခွဲ ဖော်စပ်သည့် လုပ်ငန်းစဉ်က ယခု သူ့အတွက် အားဖြစ်စေသည့် ဆေးနည်း ဖြစ်နေလေပြီ။

“ငါ့ကို မြူမှုန်ထိုးခွဲ ဖော်စပ်နည်းပေးတဲ့ တံခါးချပ်ပေါ်မှာ အပေါက်လေး (၁၅) ပေါက် ရှိတယ်။ အဲဒီအပေါက် (၁၅) ပေါက်မှာ မြူမှုန်ထိုးခွဲတွေကို ဖြည့်ရမှာ ငါ့အလုပ်ဆိုပေမဲ့ အခုက ငါ့အတွက်တောင် ဆေးအလုံအလောက် မရှိသေးဘူး”

စုမင် ဆုံးဖြတ်လိုက်သည်။ မတ်တတ်ထရပ်ပြီး ဒယ်အိုးဆီ အမြန်ပြေး၍ နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ငန်းကို လက်ကျန် ဆေးမြစ်များနှင့် စတင်လုပ်ကိုင်တော့၏။

ဆေးဖော်စပ်နေရင်း သူတို့ အကြီးအကဲအဘိုး ယူသွားလေ့ရှိသည့် ဆေးမြစ်များကို မျောက်လေးအား အကူအညီတောင်း ထပ်ရှာခိုင်း၏။ ထို့နောက် မျိုးနွယ်စုများ သုံးသည့်နည်းလမ်းအတိုင်း ဆေးများကို ထုချေကာ အရည်ဖျော်ပြီး သောက်၏။ မြူမှုန်ထိုးခွဲ အကူအညီနှင့် သူ့ကျင့်ကြံခြင်းအဆင့် တက်လာသည်မှာလည်း မြန်ဆန်လာသည်။

နောက်ထပ် နှစ်လ ကုန်လွန်သွားပြန်သည်။ နှစ်လလုံးလုံး စုမင်မှာ ဂူထဲမှ တစ်ခါတရံမှသာ အပြင်ထွက်လေ့ ရှိ၏။ ဂူမှာ သူ့အတွက် ဒုတိယအိမ်လို ဖြစ်လာသည်။ လူသူ အလွယ်တကူ မတွေ့နိုင်သည့် နေရာတွင် ရှိနေသောကြောင့် သူ့ကျင့်ကြံ အားထုတ်ရသည်က ပိုစိတ်လုံခြုံမှုရှိလေသည်။

အဲဒီလအတွင်း စုမင် မြူမှုန်ထိုးခွဲဆေးလုံးများ အများအပြား ပြင်ဆင်ထားနိုင်ခဲ့သည်။ သွေးရည်နှုန်းကို တိုးပွားစေသည့် ဆေးပေါင်းရည်၏ အကူအညီနှင့် ကိုယ်ပေါ်မှ ပဉ္စမမြောက် သွေးကြောသည်လည်း တဖြည်းဖြည်း ပေါ်ထွက်လာရန် လုပ်နိုင်ခဲ့သည်။

သည်လိုနှင့် ဆဌမမြောက် သွေးကြောသည်လည်း ရေးတေးတေးလေး ပေါ်လာသည်။ ဒီအတိုင်းသာ ဆက်သွားပါက မကြာခင် ထင်ထင်ရှားရှား ပျံ့နှံ့လာတော့မည် ဖြစ်၏။

အပြင်ဘက်တွင် ဆောင်းရာသီ ရောက်ရှိနေခဲ့ပြီ။ မဟူရာ မီးတောင်မှတစ်ပါး အခြား တောင်စဉ်တောင်တန်းများမှာ ဆီးနှင်းတို့နှင့် ဖုံးလွှမ်း၍ နေသည်။ မဟူရာမီးတောင်တွင် နှင်းများက မြေပြင်နှင့် မထိရသေးခင် အရည်ပျော်ကျသွားလေ၏။ ထို့ကြောင့် မြူနှင်းလွှာများက တောင်ကို လွှမ်းခြုံထားသလို ဖြစ်နေသည်။ အဝေးမှကြည့်လျှင် အတော် ဆန်းကြယ်သည့် မြင်ကွင်းတစ်ခု ဖြစ်သည်။

အပြင်လူများသာ ယခုရှုခင်းမျိုး မြင်ရပါက သေချာပေါက် စိတ်ဝင်စားမည်မှာ မုချပင်။ သို့သော် ဤအရပ်တွင် ကြီးပြင်းခဲ့သည့် စုမင်အတွက်တော့ အထူးတလည် မဟုတ်တော့ပေ။

ဒီရက်များအတွင်း စုမင် တင်ပျဉ်ခွေထိုင်လျက် ရှိသည်။ သွေးနီရောင် အလင်းတန်းက သူ့ခန္ဓာကိုယ်မှ မယုံနိုင်စရာ ကောင်းလောက်အောင် တောက်ပဖြာထွက်နေတယ်။ တစ်ကိုယ်လုံး ဖြာဆင်းနေသည့် သွေးကြောင်း ငါးခုသည်လည်း အသက်ရှိနေသလို ကြွတက်နေသည်။ အတော်လေး ကြောက်လန့်စရာကောင်းသည့် မြင်ကွင်း ဖြစ်သည်။

အနီရောင် အလင်းက စုမင်ကိုယ်မှ ဖြာထွက်လေ သူ့တစ်ကိုယ်လုံး ချွေးများ ထွက်လာလေ ဖြစ်သည်။ ကိုယ်မှာ တဆတ်ဆတ် တုန်နေသော်လည်း စုမင် မျက်နှာတွင် စိတ်ပိုင်းဖြတ်ပြီးသား အရိပ်ယောင်များ အထင်းသား ပေါ်နေသည်။ ယခုတကြိမ်နှင့်ဆိုလျှင် ဒီလအတွင်း ဆဌမမြောက် သွေးကြော ပေါ်ပေါက်ရန် သူ တတိယ အကြိမ်မြောက် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ သွေးကြော ခြောက်ခု ပေါ်လာပါက သူသည် သွေးကြော ကျောက်သားကျင့်စဉ်၏ ဒုတိယအဆင့်ကို အောင်မြင်သွားမည့် မာန် စွမ်းအားရှင် ဖြစ်လာမည် ဖြစ်သည်။

ထိုထက် အရေးကြီးသည်က ပထမအဆင့်၏ မာန်အတတ်ပညာဖြစ်သော မျိုးနွယ်စုရဲ့ ပညာရပ် ဖြစ်သည့် “ဝိညာဉ်ဝါးမျို” ပညာရပ်ကို အသုံးပြုနိုင်ရန် ဖြစ်သည်။

“ဝိညာဉ်ဝါးမျို” မှာ သေချာ ပြင်ဆင်မှုမရှိဘဲ အသုံးပြု၍မရသည့် ပညာရပ်ဖြစ်သည်။ လောလော လတ်လတ် သေထားသည့် လတ်လတ်ဆတ်ဆတ် တိရစာၦန် အသေကောင်များ လိုအပ်သည်။ ကိုယ်တွင်းတွင် ရှိနေသော မာန်သွေးများကို စုစည်း၍ ကျင့်ကြံသူသည် သေဆုံးပြီး တိရစာၦန်တို့၏ ဝိညာဉ်များကို အာရုံခံ ဖယ်ရှားပစ်ကာ ၎င်းတို့၏ အားအင်ကို ယာယီတိုးပွားစေသည့် ပညာရပ် ဖြစ်သည်။

ထိုပညာရပ်ကို ကျွမ်းကျင်မှသာလျှင် မာန်စွမ်းအားရှင်ဟု အသိအမှတ်ပြု ခံရမည် ဖြစ်သည်။ ၎င်းပညာရပ်ကို တတ်ကျွမ်းသူသည် တခြား မျိုးနွယ်ဝင်များနှင့် လုံးဝ ခြားနားသွားမည် ဖြစ်သည်။ ထိုသူတို့သည် ပို၍ အင်အား ကြီးလာကြလေ၏။

အတော်ကြာပြီးသည့်တိုင် စုမင်၏ခန္ဓာကိုယ်မှာ ဆက်ခါ တုန်ခါနေဆဲ ဖြစ်သည်။ သူ့ကိုယ်အား လွှမ်းခြုံ ထားသည့် အလင်းရောင်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး  သွေးကြော ငါးခုလည်း မကြာခင် ပြန်လည် နစ်မြုပ် ပျောက်ကွယ်သွား၏။ ဆဌမမြောက် သွေးကြောအား ကျောက်သားကဲ့သို့ တည်တံ့ ခိုင်မြဲစေမည့် ကျင့်ကြံမှုမှာ ထပ်မံ၍ အရေးနိမ့်သွားပြီ ဖြစ်သည်။

စုမင် သက်ပြင်းကို အရှည်ကြီး မှုတ်လိုက်၏။ ခဏလောက် ငြိမ်သက်နေပြီးမှ မြူမှုန်ထိုးခွဲဆေးလုံးနှင့် အတူ ဆေးပေါင်းရည်အချို့ ရောသောက်ပြီး ဆက်လက် ကျင့်ကြံပြန်၏။

နောက်တစ်လ ကုန်ဆုံးသွားခဲ့ပြန်ပြီ။ နက်မှောင်တောင်တစ်ခုလုံး ဆီးနှင်းများက ထူကဲစွာ ဖုံးအုပ် နေသည်။ မဟူရာ မီးတောင်အား လွှမ်းခြုံထားသည့် မြူလွှာကလည်း ပိုမို သိပ်သည်းလာသည်။ ရာသီဥတုကြောင့် အပူ ဓာတ်များပင် ပျောက်ကွယ်တော့မလို ဖြစ်နေ၏။

နှစ်တစ်နှစ်ရဲ့ အအေးဆုံး ရာသီ အကူးအပြောင်းကာလ မကြာခင် ရောက်ရှိလာတော့မည်။

စုမင် အတွက်တော့ ယခုအချိန်သည် အရေးကြီးဆုံး အချိန်ဖြစ်သည်။ သူ၏ မလျှော့သော ဝီရိယနှင့် မြူမှုန်ထိုးခွဲ ဆေးပေါင်းရည် အစွမ်းတို့ ပေါင်းစပ်ပြီး သွေးကြော ကျောက်သားကျင့်စဉ် ကျင့်ကြံမှုမှာ အဆပေါင်းများစွာ တိုးတက်လာသည်။ ဆဌမမြောက် သွေးကြောပေါ်လာပြီး ပျံ့နှံ့ ဖြာဆင်းရန် လက်မတင်လေးသာ လိုတော့သည့် အရေးကြီးဆုံး အခြေအနေ ဖြစ်နေသည်။

ဆောင်းတွင်း၌ မျောက်ကလေးသည်လည်း အပြင်မထွက်တော့။ သူ့တစ်ကိုယ်လုံးမှာ နီရဲနေသည်မို့ နှင်းထဲတွင် ထင်းခနဲ လင်းခနဲ မြင်သာလွန်းသည်။ ထို့ကြောင့် မျောက်ကလေးမှာ ဆောင်းတွင်းဆို ငြိမ်ငြိမ်လေး နေလေ့ရှိ၏။

မျောက်က စုမင်ဘေးနားတွင် ခုန်ဆွခုန်ဆွနှင့်လာပြီး သူ့အား ကြည့်ကာ သမ်းဝေလိုက်တယ်။ ရုတ်တရက် မျောက်ကလေး ခေါင်းထောင်လာ၏။ မျက်ထောက်နီသွားပြီး နားဖျားတွေ တစ်ဆတ်ဆတ်လှုပ်လာ၏။

ခပ်တိုးတိုး အသံတစ်ခု အပြင်ဘက်မှ ဂူထဲသို့ ပျံ့နှံ့ရောက်ရှိလာသည်။

“ယုချီ ဒီနေရာက ဝေဟင်ကျောက်တုံး ပေါက်ရောက်တဲ့ နေရာဆိုတာ သေချာရဲ့လား။ ရှာနေတာ နေ့တစ်ဝက်ရှိပြီ … ဘာမှကို မတွေ့သေးဘူး။ မင်းရထားတဲ့ သတင်းက မှန်ရော မှန်ရဲ့လား”

ထိုအသံက အေးစက်လှရာ မျောက်လေးမှာ ကြားကြားချင်း တုန်ရီသွားလေ၏။

“မဖြစ်နိုင်ဘူး။ အပင်ပုတ်ကလေး တွေ့ခဲ့တာကို ငါအခုထိ မှတ်မိသေးတယ်။ အဲဒါကြောင့် မာန်ပညာနဲ့ မန္တန်မှုတ်ပြီး ဝှက်ပစ်ခဲ့တာ။ အခုလောက်ဆို အတော်ကြီးရောပေါ့။ မျိုးနွယ်စုက တခြား မျိုးနွယ်ဝင်တွေလည်း ဒီကို ဆေးမြစ်စုဖို့ လာကြပေမဲ့ သူတို့က ငါ့မန္တန်ဆို ချက်ချင်းသိမှာပဲ။ ”

တစ်ဖက်မှ ပြန်ဖြေလိုက်သည့် အသံက ပြတ်သားလွန်းလှသည်။

“ဒါဖြင့်လည်း အမြန်ရှာရအောင်။ ဝေဟင်ကျောက်တုံးကို ရှာတွေ့ရင် ငါက တတိယမြောက် အဆင့်ကို ကျော်ဖြတ်ပြီး စတုတၳအဆင့်ကို တက်ရောက် နိုင်တော့မှာ။ မင်းလည်းပဲ တတိယမြောက် အဆင့်ကို တက်ရောက် နိုင်သွားမှာ။”

“သိပ်အလျင် မလိုနဲ့ဦး။ ဒီမှာပဲရှိမှာပါ။ ငါ့မန္တန်ကို ငါခံစား ကြည့်လို့ရတယ်။ မင်းသာ စတုတၳမြောက် အဆင့် ရောက်သွားရင် အမဲလိုက် အဖွဲ့ထဲ ဝင်လို့ရပြီပဲ။ ငါကြားထားတာ အကြီးအကဲက ဒီတစ်ခေါက်မှာ လူတိုင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပါဝင်နိုင်တယ်လို့ စည်းမျဉ်း အသစ်ထုတ်ထားတယ်တဲ့။”

အသံများက တဖြည်းဖြည်းနဲ့ နီးကပ်လာရာ သူတို့ရှေ့တည့်တည့် ရောက်လာတော့မလို ခံစားနေရ၏။ မျောက်ကလေးမှာ စိတ်လှုပ်ရှားလွန်း၍ အသက်ပင် ရဲရဲမရှူရဲပေ။ အပြင်ဘက်မှ လူနှစ်ယောက်မှာ တကယ် ကြောက်စရာကောင်းသည့် လူများဟု မျောက်ကလေးက ခံစားနေရသည်။

စုမင်ကို ခဏခဏ လှည့်ကြည့်သော်လည်း စုမင်မှာ မျက်လုံးတွေကို တင်းတင်းစေ့ထားဆဲ ဖြစ်သည်။ စုမင်ကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး ကိုယ်တွင် လွှမ်းခြုံထားသည့် အလင်းတောက်မှာ ပို၍ တောက်ပ အားကောင်းစွာ ထွန်းလင်းနေသည်။ သူ့ခန္ဓာကိုယ်တွင် ဆဌမမြောက် သွေးကြော ပျံ့နှံ့ဖြာဆင်းတော့မည့် အရိပ်အယောင်များ ပြနေပြီ ဖြစ်၏။

ထိုအချိန် …

“တွေ့ပြီ။ ဒါက ဝေဟင်ကျောက်တုံးပဲ။ ဒီအပေါက်ကတော့…. ဒီနေရာက အရင်က မီးတောက် မာန်မျိုးနွယ်တွေ နေထိုင်တဲ့ နေရာ ဖြစ်ခဲ့တယ်။ အဲဒီမှာ လေပူတွေရှိတယ်။ အခုတော့ ဘယ်သူမှ မနေတော့ပါဘူး။ ရောက်လာပြီ ဆိုမှတော့ ဝင်ကြည့်သင့်တာပေါ့။ အပေါက် သေးသေးလေးက ငါ့ကို အဟန့်အတား မဖြစ်စေပါဘူး”

အသံများက ဂူထဲထိ ရောက်ရှိလာ၍ မျောက်ကလေး၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။

မျောက်ဟာ အံကြိတ်ပြီး စုမင်ကို အကြာကြီး ကြည့်နေသေးတယ်။ ပြီးတော့ သွားတင်းတင်း စေ့ပြီး အပြင်ကို အမြန်ထွက်သွားသည်။

ရုတ်တရက်ဆိုသလို ဝမ်းသာ ပီတိဖြာနေသည့် အသံကို အပြင်က ကြားလိုက်ရသည်။

“ဒါကမီးမျောက်ဝံပေါက်လေးပဲ ဟားဟား”

“အအေးဒဏ်ကြောင့် ဆောင်းလာခိုနေတာ ဖြစ်မယ်။ ဖမ်းထား။ သူ့သွေးက ငါ့ကို သွေးအား ပြည့်ဝစေလိမ့်မယ်…. အရေကိုတော့ အကြီးအကဲဆီ ဆက်သရမယ်”

ကြေကြေကွဲကွဲ အော်မြည်လိုက်သံကို ကြားလိုက်ရပြီးနောက် အသံများက ဝေး၍ဝေး၍ ပျောက်သွားသည်။ သို့သော် ဂူထဲတွင်ရှိနေသော စုမင်မျက်နှာမှာ အမျက်ဒေါသကြောင့် ရှုံ့မဲ့လျက် ရှိပြီး ဒေါသတကြီး တုန်ခါနေ၏။

“မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပဲ”

စုမင်ဟာ ခေါင်းမော့ပြီး ပြင်းထန်သည့် အမျက် ဒေါသသံကြီးနှင့် ကြုံးဝါးလိုက်သည်။

*****

Comment

  1. minsoelinkyaw says:

    Ayam kyar

Leave a Reply

Options

not work with dark mode
Reset