“အကုန်စမ်းကြည့်ရမှာပဲ”
စုမင် အံကိုကြိတ်ပြီး ပွင့်လွှာ ခြောက်ချပ်ပန်းကို ဒယ်အိုးထဲ ပစ်ထည့် လိုက်သည်။
ပွင့်လွှာ ခြောက်ချပ်မှာ သူ ရွှံ့အိုင်ထဲက ရလာခဲ့သည့်ပန်း ဖြစ်သည်။ သွေးပွက်ပွက် ဆူစေမတတ် ရနံ့ကို ထုတ်လွှတ်သည့် ပန်းပင်လည်း ဖြစ်သည်။
ဆေးပေါင်းရည်နှင့် ဆေးမြစ် ထိမိလိုက်သည်နှင့် အနီရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်ကို စုမင် တွေ့လိုက်ရသည်။ အိုးကို အဖုံး မပိတ်သေးဘဲ ရှေ့တိုးပြီး အိုးဘေးနားရောက်အောင် သွားလိုက်သည်။ ဂလိုဏ်ပေါက်များမှတစ်ဆင့် စမ်းချောင်းတစ်ခုလို စီးဆင်းနေသော မီးတောင်ချော်ရည် လမ်းကြောင်းတချို့ ကြားတွင် ကန့်လန့်ဖြတ် လျှိုမြောင်များ ထပ်ဖော် ပေးထားလိုက်၏။
မြေပေါ်ရှိ လမ်းကြောင်းအမြှောင်းများမှာ ယခင်လကထက် ပိုများလာသည်။ ၎င်းလမ်းကြာင်းများတွင် လမ်းလွှဲထားသည့် ကန့်လန့်ဖြတ် လျှိုမြောင်များ ရှိနေ၏။ ၎င်းမှာ တစ်လကြာပြီးနောက် စမ်းသပ်မှုပေါင်းများစွာ အမှားပေါင်းများစွာနှင့် စုမင် ရှာဖွေတွေ့ရှိထားသည့် မီးကို လိုသလို လမ်းကြောင်းလွှဲ ထိန်းချုပ်နိုင်သည့် နည်းလမ်းဖြစ်သည်။
စုမင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။ သူလုပ်ထားသော မဖြစ်မထွန်း ဒယ်အိုးပေါ်တွင် ရှိသမျှ အာရုံ စိုက်ထား၏။ အရင်လက သူရှာတွေ့ထားသည့်အတိုင်းဆိုလျှင် ယခု သူရပ်နေသည့် နေရာသည် နောက်တစ်နာရီအထိ လုံခြုံမှုရှိနေမည်ဖြစ်၍ ထိုအချက်အတွက် အာရုံစားစရာ လိုမည် မဟုတ်ပေ။
အချိန်တွေ ကုန်သွားပြီး တစ်နာရီ ပြည့်တော့မည့်ဆဲဆဲ၌ ထိုနေရာမှ စုမင် ချက်ချင်း နောက်ဆုတ် လိုက်၏။ သိပ်ပင် မကြာလိုက်၊ သူရပ်နေသည့်နေရာမှ မီးတောက် အကြီးကြီးတစ်ခု ဟုန်းခနဲ ထတောက်လာသည်။
မီးနှင့် သူရပ်နေသည့် နေရာ သိပ်မဝေးလှ၍ မီးတောက်က ရှေ့သို့ တိုးဟပ်လာသည်နှင့်အမျှ တစ် ကိုယ်လုံးမှ ချွေးများ မြစ်တစ်စင်းပမာ စီးကျလာတော့သည်။ ယခင်လများက အတွေ့အကြုံအပေါ် မူတည်၍ တွက်ချက်ထားမှုအရ ရလဒ်တစ်ခုခု ထွက်ပေါ်လာရန် အနည်းဆုံး ဆယ့်ခုနစ်နာရီ ဆယ့်ရှစ်နာရီခန့် စောင့်ကြည့်ရဦးမည်။
ထိုအချိန်အတွင်း၌ စုမင်မှာ ဆေးပေါင်းရည်နှင့် ကိုက်ညီမည့် မီး အနေအထားကို ချိန်ညှိပေးရမည် ဖြစ်သည်။ ဆေးလုံး ထွက်လာရန် နောက်ဆုံးအချိန်တွင် အိုးအဖုံးကို ပိတ်ရန်လိုအပ်၏။ ထိုသို့ပိတ်မှသာလျှင် အိုးထဲရှိ အပူချိန်မှာ အမြင့်ဆုံးအထိ မြင့်တက်လာပြီး အပူဓါတ်များ အားလုံး ပေါင်းဆုံစည်းသွားမည် ဖြစ်၏။ ထိုမှသာ ဆေးလုံး ဖော်စပ်ခြင်း အောင်မြင်မည် ဖြစ်သည်။
ထိုအဆင့်များအား ယခင်လကတည်းက အခေါက်ခေါက်အခါခါ လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူနှင့် အတော်ကလေး ရင်းနှီးနေပြီဟုပင် ပြော၍ရသည်။
နှစ်နာရီမှ လေးနာရီ ကျော်လာချိန်တွင် အိုးမှ အနီရောင်အငွေ့များ ထွက်စ ပြုလာ၏။ အငွေ့တွင် အနံ့မရှိပေ။ သို့သော် အငွေ့နှင့်အတူ ထွက်လာသော အလင်းရောင်ကို မြင်လိုက်ရ၍ စုမင် တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက် ဆူလာလေသည်။
ထိုအချိန်တွင် စုမင်မှာ မကြာခဏ မီးအင်အားကို ထိန်းပေးနေရ၏။ အပြင်တွင် မှောင်ရီ ပျိုးစ ပြုလာသည့်အချိန်ထိပင် ဖြစ်သည်။ စုမင် မျက်လုံးများက နီရဲပြီး သွေးကြောများပင် ပေါ်နေလေပြီ။ ဆေးဖော်ရန် အာရုံစိုက်ထား၍ တစ်နေ့တာမှာ ကုန်မှန်းမသိ ကုန်ဆုံးတော့မည်။ အကဘ်၍ အားလုံး အဆင်ပြေပါက နောက်ဆုံး တစ်ဆင့်သာ ကျန်တော့သည်။
အနီရောင် အငွေ့များ ကြားထဲတွင် စုမင်က အိုးထဲတွင် ပူစီဖောင်းများ ပလုံစီနေပြီး အရည်တွေ သိပ်မကျန်တော့သည်ကို မြင်လိုက်ရသည်။ ပူစီဖောင်း တစ်လုံး ပေါက်သွားတိုင်း အနီရောင် အငွေ့များ ထွက်လာ၏။
“အချိန်ကျပြီ”
အခေါက်ခေါက်အခါခါ ကျရှုံးမှုများအဆုံးတွင် စုမင်၏ မျက်လုံးအစုံမှာ လင်းလက်လာ၏။ တွေဝေခြင်း အလျင်းမရှိဘဲ အဖုံးကို ကောက်ကိုင်ကာ အိုးကို ဖုံးအုပ်လိုက်၏။
အိုးကို အဖုံးပိတ်လိုက်သည်နှင့် အိုးထဲမှ ကျယ်လောင်သော ထစ်ချုန်းသံများ ထွက်လာလေ၏။ ထိုအသံများကြောင့် ဂူထဲတွင် ပဲ့တင်ထပ်နေ၏။
“အခုတော့ အရာအားလုံးက ကံအတိုင်းပဲ ”
အဖုံး ဖုံးပြီးသည်နှင့် စုမင် သက်ပြင်းမောကြီး တစ်ခု မှုတ်ထုတ်ကာ အနောက်ဆုတ်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူမျက်လုံးတွေကို စေ့စေ့ပိတ်ပြီး အနားယူလိုက်၏။ သူ့ဘက်က တတ်နိုင်သမျှ အကုန်အစင် လုပ်ခဲ့ပြီးဖြစ်၍ ယခု အရာအားလုံး ကံတရားပေါ်တွင်သာ မူတည်တော့သည်။
နောက်ထပ် နှစ်နာရီ ကုန်လွန်သွားပြန်သည်။ အိုးထဲမှ အသံကျယ်ကြီးမှာ ပိုမို ကျယ်လောင်လာပြီး နောက်ထပ် ကိုးကြိမ်ကိုးခါ အသံထွက်လာလေ၏။ ထို့နောက် လုံးဝ ငြိမ်သက်သွားလေသည်။ အိုးအောက်ခြေတွင် မီးသံ တရှဲရှဲမှ လွဲ၍ ဘာသံမှ မကြားရပေ။
စုမင် မျက်လုံးကို ဖွင့်မကြည့်သေးဘဲ နားနေလိုက်သည်။ သိပ်မကြာခင် နောက်ထပ် မီးတောက်တစ်ခု ထွက်မလာခင် ပထမ မီးတောက် အားပျော့သွားပြီဆိုမှ စုမင် မျက်လုံးဖွင့်ပြီး လက်မှာ မီးဒဏ်ခံ ဆေးရွက်တချို့တပ်ကာ ရှေ့တိုး၍ အိုးအဖုံးကို တွန်းဖယ်လိုက်သည်။
အဖုံး ဖွင့်လိုက်သည်နှင့် နီရဲနေသည့် အပူငွေ့များက အပေါ်ကို ထောင်းခနဲ ဆောင့်တက်လာသည်။ သို့သော် စုမင်က ကြိုပြင်ဆင်ပြီးဖြစ်၍ ဖွင့်ပြီးသည်နှင့် ချက်ချင်း နောက်သို့ ဆုတ်လိုက်၏။
စုမင် ရင်တွေ တဒုန်းဒုန်း တုန်ခါ မြည်ဟည်းပြီး စိတ်လှုပ်ရှားမှုများနှင့် အပူငွေ့များ ပျံ့လွင့်သွားသည့် အချိန်မှ ရှေ့သို့ ဖြည်းဖြည်း တိုးလာပြီး အိုးထဲသို့ ငုံ့ကြည့်လိုက်သည်။
တစ်ချက်လေး ကြည့်မိရုံနှင့် စုမင် အကျယ်ကြီး ရယ်မောလိုက်သည်။
အိုးရဲ့ အောက်ခြေတွင် အနီရောင် ဆေးလုံး သုံးလုံးရှိနေသည်။
ဆေးလုံးများကို အသေအချာ ယူလိုက်၏။ သူ့ မှတ်ဉာဏ်ထဲတွင် မြင်ဖူးခဲ့သည့် ဆေးလုံးလေးများကို စိတ်လှုပ်ရှားမှု အပြည့်နှင့် မျက်စိမလွှဲစတမ်းကြည့်ရင်း ဘေးနားတွင် ထိုင်ချလိုက်သည်။
စုမင်မှာ ထိုဆေးလုံးများကို အတော်ကလေး တန်ဖိုးထားလွန်း၍ နှာဖျားနား ကပ်ကာ ရှူကြည့်သေးသည်။ အနံ့က ဆေးလုံးနံ့ မဟုတ်ဘဲ သွေးနံ့ လွှမ်းနေသည်။
ဆေးလုံးက အတော်ကလေး ကြေလွယ်သည်။ စုမင်သာ အားနည်းနည်းသုံးပြီး ဖိလိုက်လျှင် ကြေမွပြီး အမှုန့် ဖြစ်သွားတော့မည့် အတိုင်းပင်။ သို့သော် ထိုမျှအထိ စုမင် ဂရုမစိုက်နိုင်အား။
“တစ်လ ကြာပြီးတဲ့နောက် ဒီတစ်ခါတော့ အောင်မြင်သွားပြီကွ”
စုမင် ဆေးလုံးလေးတွေကို ကြည့်လေ၊ ပိုပျော်လေ ဖြစ်သည်။ ပါးစပ်ထဲ တစ်လုံး ပစ်ထည့်ခါနီး သူနည်းနည်း တွေဝေသွားသည်။
စိတ်လှုပ်ရှားနေသည်ကို အတတ်နိုင်ဆုံး ပျောက်အောင် ထိန်းချုပ်သော်လည်း စုမင် စိတ်ထဲတွင် ပွင့်လွှာ ခြောက်ချပ်ပန်းအား ခူးယူစဉ်က မြင်ကွင်းကို ပြန်မြင်ယောင်လာသည်။
“အဲဒီဆေးပင်က ဆေးလုံး ဖော်စပ်တဲ့ နေရာမှာ အဓိက သော့ချက်ဖြစ်ခဲ့ရင် နောက်တစ်ခုကတော့ ဘာလုပ်နိုင်မှာလဲ ဆိုတာ သိချင်မိတယ်”
စုမင် ဆေးသုံးလုံးကို လုံခြုံသည့်နေရာတွင် သိမ်းဆည်းရင်း ပွင့်လွှာ ငါးချပ်ပန်းကို ထုတ်လိုက်၏။
စုမင် ခဏ တိတ်ဆိတ်နေပြီးမှ ဆုံးဖြတ်ချက် ချလိုက်သည်။ အချိန် မှတ်ပြီး မျက်လုံးများကို မှိတ်ကာ တရားထိုင်လိုက်၏။ ပင်ပန်း နွမ်းနယ်မှုများ ပြေပျောက်သွားစေရန် သွေးကြောထဲရှိ သွေးများကို တစ်ကိုယ်လုံးအနှံ့ စီးဆင်းသွားစေလိုက်၏။
ထိုနေ့ညက မျောက်ကလေး ပြန်လာသည်။ ဂူထဲထိ တွယ်တက်လာခဲ့ပြီးနောက် နည်းနည်း မူးဝေနေသည့်ဟန်နှင့် ညာဘက်လက်သည်းများကို တရှုံ့ရှုံ့ အနံ့ခံနေသည်။ သို့သော် မျောက်ကလေးက စုမင်ကို အနှောင့်အယှက်မပေးပေ။ ထိုအား သိပ်မပူသည့် နေရာလေးကို ရွေးပြီး လှဲအိပ်လိုက်၏။
လနဲ့ချီ ကြာပြီဖြစ်၍ သည်နေရာကို သူလည်း နေသားကျနေလောက်ပေပြီ။
မျောက်ကလေးမှာ လှဲနေသော်လည်း သူ့ညာဘက်လက်သည်းများကို အနံ့ခံနေဆဲပင်။ မျက်နှာက မူးဝေသည့် ပုံစံကလည်း ပိုသိသာလာသည်။ တစ်စုံတစ်ရာကို မှတ်မိစ ပြုလာသလို တစ်ခုခုကို ခွဲခြမ်း ပစ်လိုက်၏။
စုမင်မှာ နောက်တစ်နေ့ ရောက်မှသာ မျက်လုံးဖွင့်ပြီး ပြန်လှုပ်လာသည်။ မနေ့က ပင်ပန်းခဲ့သမျှ အကုန်လုံး ပြေပျောက်သွားချေပြီ။
ခွန်အားများ ပြန်ရလာပြီး လျှံထွက်မတတ် ဖြစ်နေသည်မို့ စုမင်သည် ပွင့်လွှာငါးချပ်ကို ကိုင်ပြီး နိုင်စီးငြှိမ်းသတ်ခြင်းကို ဆက်လုပ်ပြန်၏။
ရက်ပေါင်း အနည်းငယ် လွန်မြောက်ပြီး အပြင်မထွက်ရသည်မှာ ကြာပြီဖြစ်၍ ခဏတဖြုတ် ထုံးကျောက်ဂူထဲမှ ထွက်လာလိုက်၏။ နေကို မြင်လိုက်သည်နှင့် စုမင် မျက်လုံးများ ကျိန်းစပ်သွားသည်။ ဂူထဲတွင် မီးရောင်နှင့် ကျင့်သားရနေသည့် မျက်လုံးများမှာ နေရောင်နှင့် တစ်ခါပြန်ထိမိသည့်အခါ ကျင့်သား မရချင်သလို ဖြစ်သွားသည်။
မတ်မတ်ရပ်ရင်း လတ်ဆတ်သည့် လေကို တစ်ဝကြီးရှူသွင်းကာ မျက်လုံးနှင့် နေအလင်းရောင် နေသား ကျသွားသည်အထိ စောင့်ဆိုင်းရင်း အောက်မဆင်းခင် ပတ်ဝန်းကျင် အခြေအနေကို သတိထား လေ့လာလိုက်လေသည်။
တောင်ခြေတွင် ရေပူစမ်းတစ်ခု စီးဆင်းနေသည်ကို တွေ့လိုက်ရ၏။ စုမင် အဝတ်များကို ချွတ်ပြီး ရေစိမ် လိုက်သည့်အခါ တစ်ကိုယ်လုံးမှ နွမ်းနယ်ပင်ပန်းမှုများ တဖြည်းဖြည်း ပျောက်သွားလေတော့၏။
စုမင်နဲ့ ရှောင်ဟုန်မှာ ရေထဲမှ မတက်ချင် တက်ချင်နှင့် တက်လာခဲ့ရသည်။ သည့်ထက် အရေးကြီးသော လုပ်စရာများ ရှိသေးသည် မဟုတ်လော။
စုမင်တို့နှစ်ဦးမှာ တောကို မယုံနိုင်လောက်သည့် အမြန်နှုန်းနှင့် ဖြတ်ပြေးနေကြ၏။ အတော် ခရီးပေါက်လာသည့်အချိန် ကြောက်လန့်နေသည့် တိရစာၦန်ငယ်တချို့ကို စုမင် လက်ရ ဖမ်းဆီးလိုက်လေသည်။
မျောက်ကလေး၏ လက်ထဲတွင်လည်း အကောင်ငယ်လေးများ ရှိနေသည်။
တောနက်ပိုင်းသို့ရောက်သည့်အခါ စုမင်သည် ကြိုးနှင့် ချည်တုပ်ထားသည့် မာန်ဖီနေသော တိရစာၦန် လေးကောင်ကို ကြည့်လိုက်သည်။ ထို့နောက် ဂရုမစိုက်ဘဲ ရင်ဘတ်ထဲမှ ပုလင်းသေးလေးများကို ထုတ်ယူလိုက်၏။
ဆေးနှစ်ပုလင်းထဲတွင် ဆေးတစ်လုံးစီ ပါသည်။ တစ်လုံးက နည်းနည်း ထိတ်လန့် စရာကောင်းသည့် အနီရောင် ဖြစ်ပြီး နောက်တစ်လုံးမှာ ဆေးနံ့ထွက်နေသည့် အစိမ်းရောင် ဆေးလုံးလေးများ ဖြစ်သည်။ တစ်ချက်လောက် ရှူကြည့်ရုံနှင့် စုမင်စိတ်များ လန်းဆန်းသွား၏။
အစိမ်းရောင်ဆေးလုံးလေးမှာ မကြာခင်က ပွင့်လွှာ ငါးချပ်ကို သုံး၍ ပြုလုပ်ထားသည့် ဆေးလုံးများ ဖြစ်သည်။
“ငါရဲ့ အာရုံအရ သိနေတာက အစိမ်းရောင်က မြူမှုန် ထိုးခွဲပဲ။ ဒါဖြင့်ရင် အနီရောင်က ဘာကြီးလဲ”
စုမင်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားသည်။ ပုလင်းများထဲတွင် မတူညီသည့် ဆေးသုံးလုံး ရှိနေသည်။ တစ်လုံးစီ ထုတ်ယူပြီး တိရစာၦန်ငယ်လေးများကို ကြည့်ကာ ရှေ့တိုးသွားလိုက်၏။
မတူညီသည့် ဆေးနှစ်မျိုးကို တစ်ကောင်စီ ကျွေးပြီး စုမင် စိတ်လှုပ်ရှားစွာ အကဲခတ်စောင့်ကြည့်နေလိုက်၏။ မျောက်ကလေးလည်း အပူကူးကာ သူပါ ရောယောင်ပြီး စိတ်လှုပ်ရှားနေသည်။
စုမင် အကြာကြီး စောင့်နေသော်လည်း တိရစာၦန်လေးများမျာ ဘာမှ ထူးထူး ခြားခြား ပြောင်းလဲသွားခြင်းမျိုး မရှိပေ။ ၎င်းတို့က စုမင်ကိုကြည့်ပြီး အော်မြည်မာန်ဖီနေကြတုန်းပင်။ သူတို့ မျက်နှာများက ဒေါသတို့နှင့် ရှုံ့တွနေ၏။
စုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူ နည်းနည်းထပ်စောင့်သေး၏။ သို့သော် ဘာမှ ပြောင်းလဲမှုမရှိ ဒုံရင်းကဒုံရင်းပင်။
“မဖြစ်နိုင်တာ…. နည်းလမ်းကျကျပြောရရင် တစ်ခုခုတော့ ဖြစ်ရမှာလေ။ အင်းလေ အနည်းဆုံးတော့ အဆိပ်မရှိဘူးပေါ့။ ဒါမှမဟုတ် သောက်ရတာ မဟုတ်ဘဲ အပြင်ဘက်ကနေ လိမ်းရတာမျိုးလား”
စုမင် အကြံရသွားပြီး ဦးချိုကို ထုတ်ကာ ဆေးမတိုက်ရသေးသည့် အကောင်လေးကို သွေးထွက်စေရန် ဒဏ်ရာ သေးသေးနှစ်ခု လှီးဖြတ် ပေးလိုက်၏။
မျောက်လေးက စုမင်နောက်မှ အမြန် လိုက်ကြည့်ပြန်သည်။
ထိုအခိုက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်။
ဆေးနှင့် အကောင်ငယ်လေး၏ ဒဏ်ရာ ထိလိုက်သည်နှင့် ချက်ချင်း သွေးရည်များအဖြစ် ပျော်ကျ လာသည်။ သွေးက မြေပြင်ပေါ် မထိခင် မီးတောက်အဖြစ် ပြောင်းလဲသွားပြီး အနီရောင်အငွေ့များအဖြစ် ပြောင်းလဲသွား၏။ ကောင်ငယ်လေးခမျာ အော်မြည်ချိန်ပင် မရလိုက်ရှာ။
အားလုံးမှာ တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အဖြစ်အပျက်များက မြန်ဆန်လွန်း၍ စုမင် အလန့်တကြား အော်ပြီး နောက်သို့ အမြန်ဆုံး ဆုတ်လိုက်၏။ မျောက်ကလေးလည်း လန့်ဖျပ်ပြီး နောက်ဆုတ်လိုက်သည်။
“ဒါက …”
စုမင် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူ ဖော်စပ်လိုက်သည့် ဆေးလုံးက ဤမျှအထိ အကျိုး အာနိသင် ပြင်းပြလိမ့်မည်ဟု မထင်ထားပေ။
အနီငွေ့များ ပျောက်သွားချိန် မြေပေါ်တွင် သွေးရောင်နီရဲနေသည့် အရိုးများသာ ကျန်ရစ်ခဲ့သည်။ ကြောက်စရာကောင်းလှသည့် မြင်ကွင်းပင်။ အနားတွင်ရှိနေသော တခြား အကောင်ငယ်လေးများမှာ ဘာမှ ထိခိုက်မှု မရှိသော်လည်း သူတို့လည်း ထိတ်လန့်သွားမှန်း သိသာသည်။
စုမင် စိတ်မှာ လှုပ်ရှားနေပြီး အသက်ရှုလည်း မမှန် ဖြစ်နေသည်။ ခဏအကြာ လက်ထဲမှ ဆေးနီ ပုလင်းကို ကြည့်လိုက်သည်။ တစ်လုံးသာ ကျန်တော့သော်လည်း ၎င်းသည် သွေးဆာနေသည့် ပစ္စည်းတစ်ခုဟု စုမင်ကို အထင်ရောက်စေသည်။
“သောက်သုံးတဲ့ အခါဘာမှမဖြစ်ပေမဲ့ သွေးနဲ့ ထိမိရင်တော့ သေမှာ မုချပဲ။ ငါက ဒီဆေးလုံးကို ဖန်တီးခဲ့တဲ့ သူမို့ ဒီဆေးကို သွေးကြေ ပျက်သုဉ်းလို့ နာမည် ပေးမယ်။”
စုမင် ရေရွတ်လိုက်၏။ စုမင် ကြောက်စိတ်ကို မနည်း ဖယ်ထုတ်ပြီး ဆေးလုံးကို သေချာ သိမ်း ဆည်းလိုက်သည်။ နောင်တစ်ချိန် ဒါကို လက်နက်အဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု စုမင် စိတ်ထဲတွင် ထင်နေသည်။
“ဒါဖြင့်ရင် အစိမ်းရောင် ဆေးလုံးက မြူမှုန်ထိုးခွဲ ဖြစ်မှာ သေချာတယ်။ သူ့ရဲ့ အကျိုး အာနိသင် ကရော ဘာများပါလိမ့်”
စုမင် ခဏတာ ငြိမ်သက်သွား၏။ သူ့အကြည့်များက ဒဏ်ရာထဲကို ဆေးလုံး ပျော်ဝင်သွားပြီ ဖြစ်သော်လည်း အကောင်းအတိုင်း ကျန်ရှိနေသေးသည် အကောင်ငယ်လေးဆီ ကျရောက်သွားတော့သည်။
*****
LIKE