Switch Mode

အခန်း ( ၂၂ )

စိတ်မပူပါနဲ့ အစ်မတော်....

“ဟေ့ ဒုတိယကျောက်တိုင်ကို ကြည့်လိုက်ကြဦး။ ဟို လိပ်ကလေးပြန်ပေါ်လာပြီကွ….”

“ဒီတစ်ခါလည်း ပထမနေရာမှာပဲ။ဒီလူဘယ်သူလဲကွာ။ ပထမနေရာကို နှစ်ခါဆက်တိုက် ယူနိုင်တယ်လို့……”

“ဒါဆို အခု အစ်မကြီးကျိုးမှာ ပထမနေရာ ရှစ်ခုတောင်မဟုတ်တော့ဘူး ခုနှစ်ခုပဲ ကျန်တော့တာပေါ့ ”

အပြင်စည်းဂိုဏ်းသားများသည် တအံတသြဖြင့် အချေအတင် ဆွေးနွေးနေကြသည်။ သို့သော် မိန်းကလေးတစ်ယောက်၏ အသံမှာ အကျယ်ဆုံးဖြစ်နေသည်။

“လုပ်ထားဟေ့ ။ ဒါမှ ငါတို့လိပ်ကလေး ” မိန်းမပျိုမှာ ဟိုရှောင်မေ့ပင်ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ အဆွယ်ကောင်းမှုကြောင့် ယခုအခါ ဟိုရှောင်မေ့သည် လိပ်လေး၏ အမာခံ ပရိတ်သတ်ဖြစ်နေလေသည်။ သူ့မျက်စိရှေ့မှာပင် ပထမနေရာကို ထပ်ယူသွားသော လိပ်ကလေးကို လေးစားအားကျသော စိတ်မှာ ပိုပြီးတိုးလာခဲ့သည်။ တကယ်တော့ သူမရင်ထဲမှာ ကျိုးရှင်းချီထက် လိပ်လေးက ပို၍နေရာယူနေပြီဖြစ်သည်။

အုတ်အော်သောင်းနင်း ဖြစ်နေသောအသံမှာ ပိုဆိုးလာပြီး လူတိုင်းက ဝိုင်းပြီးအော်ဟစ်နေသလိုဖြစ်နေသည်။ လိပ်ကလေးကိုယ်စားပြုသောသူ ဘယ်သူဖြစ်ဖြစ် ထိုသူမှာ ကျိုးရှင်းချီကို စိန်ခေါ်နိုင်လောက်သူ အဖြစ်သက်သေပြပြီးဖြစ်ရာ ကျော်ဇောမှုနှင့် ထိုက်တန်ပေသည်။ အချို့လူများဆိုလျှင် လိပ်ကလေးက ကျိုးရှင်းချီကို ကျောက်တိုင်ဆယ်ခုလုံးတွင် ကျော်တက်သွားမည်ဟုပင် မျှော်လင့်နေကြသည်။

ပိုင်ရှောင်ချန်းမှာ ခုချိန်ထိ လူအုပ်ထဲတွင်ရှိနေသေးပြီး သူ့စွမ်းဆောင်ရည်ကို ကျေနပ်နေသော်လည်း သူဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြောနိုင်သေးသည့်အတွက် အနည်းငယ် စိတ်ဓာတ်ကျနေသည်။

“ဟင်း….. တစ်နေ့ကျရင် ဒီထက်ပိုကြီးတဲ့ လူအုပ်ကြီးရှေ့မှာ လိပ်ကိုယ်တော်က ငါပဲဆိုတာ ဖွင့်ပြောပြလိုက်ဦးမယ် ” သူ့ကိုယ်သူ ကတိပေးလိုက်သည်။

ကတိသာပေးရသော်လည်း ခုထိအသင့်မဖြစ်သေး။ ထို့ကြောင့် သူ့အသံဆိုးကြီးနှင့် ရောပြီးအော်နေတော့သည်။ သူ့အသံကြောင့် ဘေးမှလူများပင် စိတ်ပါလာကြသည်။

” မိုးနတ်မင်းရေ…..။ဘယ်သူပဲဖြစ်ဖြစ် ဒီလူကိုတော့ အရမ်းသဘောကျတယ်ဟေ့ ”

“လူထုရဲ့ စံပြပုဂ္ဂိုလ်။ ပြိုင်ဘက်ကင်း လိပ်ကိုယ်တော်ကွ….”

ပိုင်ရှောင်ချန်း၏ အော်သံကြောင့် တစ်ခြားဂိုဏ်းသားများပါ ပိုမိုအားပါလာကြသည်။ ထိုအချိန်တွင် အေးစက်မာကြောသော အသံနှင့်အတူ လူတစ်ယောက် လူအုပ်ထဲမှ သစ်သားအခန်းငယ် တစ်ခုရှေ့သို့ ထွက်လာသည်။

လူရွယ်မှာ အေးတိအေးစက် အသွင်နှင့် ထီမထင်သောအပြုံးဖြင့် ပြောလိုက်သည်။
” အဲ့ဒီ လိပ်စုတ်ကောင် ကျုပ်နဲ့ မတွေ့ပါစေနဲ့ ဆုတောင်းထားတော့။ တွေ့လို့ကတော အဲ့ဒီလူ အစ်မကြီးကျိုးဆီက ခိုးယူသွားတဲ့ ကျော်ကြားမှုတွေအတွက် ပြန်ပြီးပေးဆပ်ရစေမယ် ”

“ဟုတ်တယ်ဗျာ။ ခုလည်း ဒီလူ လူအုပ်ထဲမှာ ပုန်းနေတာပဲဖြစ်မယ်။ ကျုပ်ကတော့ တွေ့အောင်ရှာပြမယ် ” ဒုတိယအသံပိုင်ရှင် လူငယ်မှာလည်း သစ်သားအိမ်၏ခေါင်မိုးဆီသို့ ပျံဝဲလာပြီး လူအုပ်ကြီးထဲသို့ အေးစက်သော အကြည့်များဖြင့် လှမ်းကြည့်ရင်းရှာနေသည်။ ထုံစံအတိုင်း သူ့မျက်လုံးများက ပိုင်ရှောင်ချန်းဆီရောက်လာသည်။ ဤသည်ကလည်း ရှောင်ချန်းကို လိပ်ကလေးဟုထင်မှတ်တာထက် ခုနကရှောင်ချန်းအော်နေသော စကားများကို အမြင်ကပ်သောကြောင့်ဖြစ်သည်။

မကြာမီ အခြားလူငယ် ရှစ်ယောက်လောက်လည်း ပါဝင်လာသည်။ သူတို့၏ အတွင်းအားအဆင့်များမှာ အားကောင်းကြပြီး အမြင့်ဆုံးသူဆိုလျှင် ချီစုစည်းမှု အဆင့်ခုနှစ်အထိရှိသည်။

ဤလူငယ်များမှာ ကျိုးရှင်းချီကိုအမာခံအားပေးသူများဖြစ်ကြပြီး အမာခံဆိုသည်ထက် အသေခံဟုပြောလျှင်ပိုမှန်ကာ အားပေးကြမ်းကြသူများဖြစ်သည်။ သူတို့ကြောင့် ကျန်လူများမှာ ဆက်မဆွေးနွေးကြတော့ပဲ အသံတိတ်သွားကြသည်။ သို့သော် လူအများစု၏ စိတ်ထဲတွင်တော့ လူငယ်များ၏ လုပ်ရပ်ကို ရွံရှာနေကြသည်။

လူတိုင်းက ကျိုးရှင်းချီကိုသဘောကျသော်လည်း ကျိုးရှင်းချီကို တစ်ယောက်ချင်းစွမ်းရည်အားဖြင့် ယှဉ်ပြိုင်နိုင်သော လိပ်ကလေးကိုလည်း မလေးစား၍မရမှန်း နားလည်ကြသည်။

လူငယ်ကစိုက်ကြည့်နေသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်မသက်မသာဖြစ်လာသော်လည်း ကျန်လူအုပ်ထဲတွင်လည်း ထိုလူငယ်များလုပ်သမျှ ငြိမ်ခံနေမှာမဟုတ်သောသူများ ပါဝင်နေသောကြောင့် ‘ မင်းငါ့ကို ထိရဲထိကြည့်လေ အသက်ချင်းလဲပစ်လိုက်မယ်’ ဆိုသောအကြည့်နှင့် ပြန်ကြည့်လိုက်သည်။

ထိုသို့ အခြေအနေတင်းမာနေစဉ် ဆေးတစ်သောင်းအဆောင်ဆီသို့ အလင်းတန်းတစ်ခု ကျရောက်လာသည်။ ထိုအလင်းတန်းနှင့်အတူပါလာသည်မှာ နူးညံ့လှပသော အသွင်သဏ္ဌန်တစ်ခု။ ထိုမိန်းမပျိုသည်ကား ကျိုးရှင်းချီ ။

“အစ်မကြီးကျိုးပဲ….”

“အစ်မကြီးကျိုး လာနေပြီဟေ့…..” တင်းမာနေသော အခြေအနေအားလုံးပြေလျော့သွားသည်။ ကျိုးရှင်းချီကို မြင်သည်နှင့် အပြင်စည်းဂိုဏ်းသားအားလုံးတွင် အပြုံးများဝေဆာလာသည်။

ခုနက အားပေးကြမ်းသော လူငယ်များလည်း အတွင်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျိုးရှင်းချီကို သြဘာပေးကြိုဆိုကြသည်။

ကျိုးရှင်းချီမှာ ဒုတိယကျောက်တိုင်တွင် နာမည်အပြောင်းအလဲ ဖြစ်ကြောင်း သိပြီးသော်လည်း တစ်ခြားအကြောင်းအရင်းတစ်ခုကြောင့် လာခဲ့ခြင်းဖြစ်သည်။ အခြေအနေကို ခဏအကြာသုံးသပ်ပြီးနောက် တင်းမာနေရသော အကြောင်းကို နားလည်သွားကာ လူငယ်ရှစ်ယောက်ကို မနှစ်မျို့သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျိုးရှင်းချီရဲ့အခြေအနေက အခြားလူတွေ ဝင်စွက်ဖက်ရလောက်တဲ့အထိ မဆိုးသေးပါဘူး အစ်ကိုတို့ ” အေးစက်စွာပြောလိုက်သည်။
” ပြီးတော့ မွှေးရနံတိမ်တောင်ဂိုဏ်းမှာ လက်ရွေးစင်ပါရမီရှင်တစ်ရောက် ပေါ်လာတယ်ဆိုလည်း ဒါကတစ်ဂိုဏ်းလုံးအတွက် ကံကောင်းတာပဲမလား။ နောက်တစ်ခါ ခုလိုအဖြစ်မျိုးသာ ထပ်ဖြစ်မယ်ဆိုရင် ဒီကဂိုဏ်းတူညီမလေးကို အဆိုးမဆိုကြပါနဲ့.. ”
သူမ၏အသံမှာ ဓားသွားတစ်စင်းအလား ပြတ်သားလှသည်။ လူငယ်များမှာ ဒေါသထွက်ကြဟန်တူသော်လည်း တစ်ခွန်းမှ ပြန်မဟရဲပေ။

ဒုတိယကျောက်တိုင်ပေါ်က အရုပ်ဆိုးဆိုးလိပ်ကလေးကို ကြည့်ရင်း ကျိုးရှင်းချီရင်ထဲတွင် မခံချင်စိတ်ဖြစ်ပေါ်လာသည်။ လူအုပ်ထဲသို့ကြည့်၍ တည်ငြိမ်သောအသံနှင့်
” အစ်မကြီးကို ကျော်တက်သွားတဲ့ ဂိုဏ်းတူမောင်ငယ်ညီမငယ်ထဲက ဘယ်သူပဲဖြစ်ဖြစ် တကယ်လို့ လူအုပ်ထဲမှာပဲ ဆက်ပုန်းနေပြီး ကိုယ့်အသွင်အမှန်ကို မထုတ်ဖော်ချင်ဘူးဆိုရင်လည်း မင်းသဘောပါ၊ နေသာသလိုနေပါ…..”

အပြင်စည်းဂိုဏ်းသားအပေါင်းက ကျိုးရှင်းချီကိုလက်ခုပ်တီး အားပေးကြသည်။ သူတို့၏ ရင်ထဲမှာတော့ ကျိုးရှင်းချီကသာ စစ်မှန်သော လက်ရွေးစင်တစ်ယောက်အဖြစ် သတ်မှတ်ကြသည်။

ပိုင်ရှောင်ချန်းလည်း ကျိုးရှင်းချီ၏စကားပြောပုံကို ကြည့်၍ ဂိုဏ်း၏လက်ရွေးစင်ဖြစ်ထိုက်ပါပေသည်ဟု ချီးမွမ်းမိသည်။ သူမစကားများတွင် အထက်စီးဆန်မှုကို အတိုင်းသားကြားရသော်လည်း ပိုင်ရှောင်ချန်းသက်ပြင်းချမိသည်မှာ သူက သူ့ကိုယ်သူ ကိုယ်ထင်မပြချင်လို့မဟုတ်ဘဲ ကျိုးရှင်းချီပရိတ်သတ်များ၏ သတ်ချင်ဖြတ်ချင်နေသော အကြည့်များကြောင့်ဖြစ်သည်။

ကျိုးရှင်းချီသည် တည်ငြိမ်လေးနက်မှုအပြည့်ဖြင့် လူအုပ်ကြီးသို့
” ဂိုဏ်းသူဂိုဏ်းသား အစ်ကို အစ်မများရှင့်….. ကျွန်မဒီကို လာရတဲ့ အကြောင်းအရင်းတစ်ခု ရှိပါတယ်။ ကျွန်မ ပြောမယ့်အရာအတွက် ဂိုဏ်းသားအားလုံး ဝိုင်းဝန်းပါဝင်ပေးစေလိုပါတယ်….”

သူမ၏ ထူးထူးဆန်းဆန်းစကားကြောင့် လူတိုင်းစိတ်ထဲ လှုပ်လှုပ်ရွရွဖြစ်ချင်လာသော်လည်း နောက်ဆက်ပြောမည့် စကားများကို လေးလေးစားစား နားထောင်နေကြသည်။

” တစ်ချိန်လုံး ငြိမ်းချမ်းသာယာခဲ့တဲ့ မွှေးရနံတိမ်တောင်မှာ ခုတလောပိုင်းမှာ ကြံကြံဖန်ဖန်ကိစ္စတွေပေါ်ပေါက်နေတယ်။ ကျွန်မရဲ့ ဆရာ လီချင်းယောက် မွေးထားတဲ့ ဝိညာဥ်အမြီးကြက်တွေ ခနခနပျောက်နေတယ်။ ဂိုဏ်းချုပ်က နယ်ဝေးရောက်နေလို့ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ချိန်မရှိတော့ သူ့လက်ထောက်ဖြစ်တဲ့ ကျွန်မကပဲ တာဝန်ယူဖြေရှင်းဖို့ ဖြစ်လာတယ်။ ကျွန်မဒီကလူတွေဆီက တောင်းဆိုချင်တာကတော့ အဲ့ဒီကြက်သူခိုးကို ဝိုင်းဖမ်းပေးဖို့ပါပဲ။သူခိုးကို လက်ရဖမ်းနိုင်တဲ့သူကို ဟောဒီ့ ကျောက်စိမ်းဆွဲပြာလေး ချီးမြှင့်မယ်”
ပြောပြောဆိုဆိုနှင့်ပင် အင်္ကျီထဲမှ မြစိမ်းရောင် ဆွဲပြားကို ထုတ်ပြလေသည်။

” ဒီဆွဲပြားလေးက လွန်ခဲ့တဲ့ တစ်နှစ်နှစ်လောက်က ကျွန်မရခဲ့တာဖြစ်ပြီး အကာအကွယ်စွမ်းအင်ရှိတဲ့ ပစ္စည်းလေး​ဖြစ်ပါတယ်ရှင့် ” သူမ၏ မာန်ပါပါပြောလိုက်သော စကားသံသည် နားထောင်နေသူတို့၏ အတွင်းလောဘစိတ်ကို လှုပ်နှိုးလိုက်သလို ဂိုဏ်းသားများသည် ဆွဲပြားအပေါ်တပ်မက်ပိုင်ဆိုင်ချင်လာကြသည်။

“စိတ်သာချ အစ်မကြီးကျိုး အဲ့ဒီသူခိုးကောင်ကို ရှာပြီး နုတ်နုတ်စဉ်းပစ်မယ်…”

” ဂိုဏ်းချုပ်ရဲ့ ကြက်ကိုမှ ခိုးတဲ့သူခိုး။ ဒီသူခိုး တော်တော် အတင့်ရဲလာပြီ။ နောက်သူ့လိုကောင်တွေ မရှိအောင် ဒီကောင့်ကိစ္စကို အမြစ်ဖြတ်ရှင်းရမယ်.. ”
မကြာမီ လူအုပ်ထဲရှိ လူအားလုံးလိုလို ကျိုးရှင်းချီ၏အစီအစဉ်ကို ထောက်ခံအော်ဟစ်ကြသည်။ အထူးသဖြင့် ကျိုရှင်းချီစေလျှင် ကောင်းကင်ကြီးတောင်မီးတက်ရှို့မည် ဆိုသော ဖွန်တစ်လိုင်းထောက်ခံသူများ၏ အသံကအကျယ်ဆုံးဖြစ်သည်။

ပိုင်ရှောင်ချန်းမှာတော့ စိတ်ကြွနေသော လူအုပ်ကြီးအလယ်တွင် ကြက်သေသေ၍ ကြက်သီးမွှေးညင်းများပင် ထနေလေပြီ။

သိုသော် ပိုင်ရှောင်ချန်းဆိုသည်မှာလည်း ပြဿနာတစ်ခုကို ရှောင်ကွင်းထွက်ပြေးနေမည့် လူမျိုးမဟုတ်။ ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ခဲ့စဥ်က ခံခဲ့ရသည် အငတ်ဒဏ်နှင့်ယှဉ်လျှင် ယခုအရေးမှာ ပြဿနာဟုပင် မခေါ်ထိုက်သေးပေ။ ရှောင်ချန်းသည် အကြံထွက်လာရန် ဦးနှောက်ကို အလုပ်ပေးလိုက်ရာ ခဏအကြာတွင် လွတ်လမ်းတွေ့သွားကာ ခပ်ခပ်တည်တည်ဖြင့် ရင်ဘက်ကိုထုရိုက်လိုက်ရင်း လူအုပ်ကြီးထဲမှ လှမ်းအော်ပြောလိုက်သည်။

“အစ်မကြီးကျိုး…. ကျွန်တော်..ပိုင်ရှောင်ချန်း အစ်မကြီးပေးအပ်တဲ့ တာဝန်ကို ကျေပွန်စေရမယ်။ အိုဗျာ…. ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ် ဆိုရင်တောင် ဒီ​ကြက်သူခိုးကို အမိဖမ်းပြမယ်….”

ပြောရင်းဆိုရင်း လူအုပ်ကြီးကို ဖြတ်၍ ကျိုးရှင်းချီနှင့်အနီးဆုံးနေရာသို့ တိုးသွားလိုက်သည်။ ရှေ့ရောက်တော့ လက်ခမောင်းတစ်ခတ်ခတ်ဖြင့် လူစွမ်းကောင်းလိုလို လုပ်နေရာ ဘေးလူများသာက ကျိုးရှင်းချီပင် ထူးထူးဆန်းဆန်းဖြင့် ကြည့်နေသည်။

သူ့စကားကို ဂိုဏ်းသားအားလုံးက တစ်ခဲနက် ထောက်ခံနေသည်ကို ကြည့်ပြီး ကျိုးရှင်းချီမှာ ပြုံးရွှင်သားကာ ပြန်ရန်လှည့်မည် အလုပ် ရှောင်ချန်း၏ အသံသြသြကြီးထွက်လာပြန်သည်။

” အစ်မကြီးကျိုး ကျွန်တော် အကြံတစ်ခုတော့ ပေးချင်တယ်ဗျ။ ကြက်သူခိုးနှိမ်နင်းရေး အဖွဲ့တစ်ဖွဲ့ ထောင်လိုက်ရင်ရော။ ကျွန်တော်တို့အားလုံး စနစ်တကျနဲ့ ပူပေါင်းသာဖမ်းရင် ဒီကောင်ခံနိုင်ရိုးလား ”
အစ်မကြီးကျိုးအတွက်ဆိုရင် အရိုးကြေကြေ အရည်ခန်းခန်းဆိုသည့်ပုံမျိုးဖြင့် ဟန်ပါပါပင် အကြံပေးလိုက်သေးသည်။

ကျိုးရှင်းချီမှာ အံ့အားသင့်လျက် တွေဝေသွားသည်။ လူအုပ်ကြီးထဲမှ အများစုကမူ ရှောင်ချန်း၏အကြံကို သဘောကျနေကြသည်။

” မှန်လိုက် ကောင်းလိုက်တဲ့ အကြံပဲ ”

” ဒါပေမယ့် ကျုပ်တို့ရဲ့ ဦးစားပေးအလုပ်က ကျင့်ကြံမှုပဲလေ။ ဒီတော့ ဒီသူခိုးဖမ်းတဲ့ကိစ္စကို တကယ်စိတ်ပါတဲ့ သူတွေပဲ ဝင်ပါကြဗျာ…. ” တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြသည်။

ကျိုးရှင်းချီသည် ပိုင်ရှောင်ချန်းကို ကြာကြာကြည့်နေမိသည်။ သူမ၏အမြင်တွင် သူမ၏ဂိုဏ်းတူမောင်လေး ရှောင်ချန်းက ရိုးသားဖြူစင်ရုံမျှမက ဆွဲဆောင်မှုရှိစွာ ချောမောသည့် လူငယ်လေးတစ်ယောက်ဟူ၍ပင်။ သူမကိုလည်း လွန်စွာလေးစားနေရာ သဘောကျသည့်စိတ်များ ဖြစ်ပေါ်လာပြီး ရှောင်ချန်းကို ခေါင်းညိမ့်၍ ပြုံးပြလိုက်၏။

” ဒီအကြံဉာဏ်ကိုပေးတဲ့ ဂိုဏ်းတူမောင်ငယ်ကပဲ ကြက်သူခိုးနှိမ်နင်းရေး အဖွဲကိုဦးစီးပေးစေချင်တယ်။ ဒီပိုးသားလက်ပတ်ဆယ်ခုကို အဖွဲဝင်တွေအတွက် အမှတ်အသားအဖြစ်သုံးဖို့ ယူလိုက်ပါ ”
ထို့နောက် သူ့အိတ်ထဲမှ အပြာရောင် ပိုးသားလက်ပတ်ဆယ်ခုကို ထုတ်ယူလိုက်ပြီး လက်ကလေးကို လှုပ်လိုက်ရာ လေထဲတွင်ပျံဝဲလာပြီး ပိုင်ရှောင်ချန်းလက်ပေါ်သို့ သက်ဆင်းလာသည်။

“စိတ်သာချအစ်မကြီး…. ကျွန်တော့်ကိုသာ ယုံလိုက်တော့…. ”
ပိုးလက်ပတ်ဆယ်ခုကိုကိုင်ရင်း ကြက်သူခိုးမိဖို့ အရေးဆိုလျှင် သူ့အသက်ကိုပင် စတေးဖို့ အသင့်ဖြစ်နေသော အသံဖြင့်ပြောလိုက်သည်။

ကျိုးရှင်းချီမှာ ရှောင်ချန်းကိုလေးစားပြီးရင်း လေးစားလာပြီး ဂိုဏ်းမှာ ရှောင်ချန်းကဲ့သို့တာဝန်သိ လူငယ်တွေ များများရှိရင် ဘယ်လောက်ကောင်းမလဲဟုပင် တွေးနေမိရှာသည်။ နှစ်လိုဖွယ်ကောင်းသည့် ပိုင်ရှောင်ချန်းကို ရွန်းရွန်းစားစား မျက်လုံးများဖြင့် နောက်ဆုံးတစ်ခါကြည့်ပြီးနောက် ပြန်သွားသည်။

ကျိုးရှင်းချီနှင့် ပိုင်ရှောင်ချန်းတို့ ရုတ်တရက်ကြီး ပြေလည်နေသည်ကို မြင်သောအခါ ကျိုးရှင်းချီအမာခံပရိတ်သတ်များမှာ မရှုစိမ့်နိုင်ဖြစ်ကာ တီကောင်ဆားပက်သလိုဖြစ်နေကြသည်။ သူတို့လဲ လူစွမ်းကောင်း မလုပ်လိုက်ရလေခြင်းလို့ နောင်တရသူကရနေကြ၏။

ကျိုးရှင်းချီပြန်သွားပြီးနောက် ဝိညာဉ်ကြက်ခြံတာဝန်ခံ ဂိုဏ်းသားများမှာ ပိုင်ရှောင်းချန်းကို ချီးမွှမ်း ကျေးဇူးတွေတင်လို့မဆုံး ဖြစ်နေသည်။ ထို့နောက် ရှောင်ချန်းကပဲ ဦးစီးဦးရွက်ပြုကာ ကျင့်ကြံမှုအဆင့်မှာ သူထက်နိမ့်သော ဂိုဏ်းသားများကိုသာ ရွေးချယ်၍ ကြက်သူခိုးနှိမ်နင်းရေးအဖွဲ့ကြီးကို ဖွဲ့စည်းပေးလိုက်သည်။

အစီအစဉ်အားလုံး ညွှန်ကြားပြီးနောက် ခေါင်းဆောင်ကြီးမှာ နေရပ်ဆီသို့ပြန်လာခဲ့သည်။

” ငါ့ရဲ့အစားအစာရင်းမြစ်ကြီး ဆုံးရှုံးတော့မလို့။ ကံသီပေလို့သာပေါ့… ပိုင်ရှောင်ချန်းဆိုတဲ့ ငါလေးက ဉာဏ်ကောင်းပေလို့သာပေါ့ ဟ ဟား…” လမ်းမှာ တွေးရင်း သူ့ကိုယ်သူ ဘဝင်လေဟပ်နေသည်။ သီချင်းလေး တညီးညီးဖြင့်ပင် သူ့နေရာ ခြံဝန်းဆီပြန်လာခဲ့သည်။ ဝန်းထဲတွင် စိုက်ထားသော ဆောင်းဝိညာဉ်ဝါးပင်များသည် လန့်စရာကောင်းလောက်အောင်ကို ကြီးထွားနေပြီဖြစ်သည်။ အမြင့်က သုံးမီတာလောက် အတုတ်ကသူ့ခြေသားလုံးလောက်ဖြင့် အသွင်ပြင်မှာလည်း သရဲကြောက်တတ်သူသာ ရုတ်တရက်တွေ့လျှင် လန့်သေသွားလောက်သည်။

ညအချိန် မဟူရာတိမ်တိုက်တို့က ကောင်းကင်ယံတွင် ကြီးစိုးလာပြီး အရာအားလုံး မှောင်မိုက်နေ၏။ ပိုင်ရှောင်ချန်းသည် မျက်လုံးများ ပြူးကျယ်လျက်ရှိပြီး လျှာတသပ်သပ်ဖြင့် ထိုင်နေသည်။

” အင်း…ညဉ့်လဲနက်လာပြီဆိုတော့ ငါ့ဗိုက်ကလဲ ဆာလာပြန်ပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset