Switch Mode

အခန်း (၁၀)

နိုင်စီးငြှိမ်းသတ်ခြင်း

အပေါက်မှာ ထူးဆန်းသည်။ ၎င်း၏ အကျယ်မှာ အလျားအနံ အတူတူမျှပင် ဖြစ်သည်။ အဆုံးသတ်ကို လှမ်းမြင်ရသည့်အခါ စုမင် အရှိန် လျှော့လိုက်၏။

စုမင် ထွက်ပေါက်ထံသို့ သတိထားပြီး ချဉ်းကပ် သွားလိုက်၏။ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် တစ်ခဏတာ ကြောင်အသွားပြီး အသက်ကို တစ်ဝ ရှူရှိုက်မိ၏။

၎င်းမှာ ထုံးကျောက်ဂူ တစ်ခု ဖြစ်သည်။ မျက်နှာကျက်မှ တွဲလောင်းကျနေသည့် ကျောက်စက် ပန်းဆွဲ အများအပြား ရှိနေ၏။ ကျောက်သားမျက်နှာပြင်မှာ ခြောက်သွေ့ပြီး အက်ကွဲနေရာ မကြာခင်မှာ တစ်စစီ ကွဲထွက် လာတော့မည့်အတိုင်းပင်။ ဂူကြမ်းပြင်မှာ အနက်ရောင်ရှိပြီး အနီရောင် အစင်းကြောင်းများ ကန့်လန့်ဖြတ် ရောနှော တည်ရှိနေပုံက ဂူကို အညိုရောင်အဖြစ် ပြောင်းသွားစေသည်။ အပူချိန်သည်လည်း သူတို့အပြင်တွင် ရှိစဉ်ကထက် ပို၍ လွန်ကဲလာသည်။

စုမင် အနားတွင် တွဲလောင်း ကျနေသည့် အရိုးစု တစ်စု ရှိနေ၏။ ပေရှစ်ဆယ်၊ ကိုးဆယ်ခန့်ရှိမည့် ထိုအရိုးစုမှာ စပါးအုံးမြွေတစ်ကောင်၏ အရိုးစုမှန်း စုမင် တစ်ချက်ကြည့်ရုံနှင့် အတပ် ပြောနိုင်သည်။

ထိုစပါးအုံး၏ခေါင်းတွင် လူလက်မောင်း တစ်လုံးစာလောက်ရှိသည့် အနက်ရောင် ဦးချို တစ်ခုပါနေသည်။

စုမင် ဘဝတွင် ဤမျှအထိရှည်လျားသော စပါးအုံးမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော် သူတို့ နက်မှောင်တောင် မျိုးနွယ်စုတွင် စပါးအုံး မြွေမျိုးစိတ်တစ်ခု ရှိခဲ့ဖူးသည်ဟု အကြီးအကဲ တစ်ခါက ပြောသည်ကို ကြားဖူးသည်။ ၎င်းတို့သည် ခက်ထန်ကြမ်းကြုတ်သည့် သတ္တဝါများဖြစ်ပြီး အားလုံး၏ခေါင်းတွင် ဦးချိုများ ပိုင်ဆိုင်ထားကြ၏။ ၎င်းတို့အား ဦးချိုရှင် စပါးအုံးများဟု ခေါ်ကြပြီး မျိုးနွယ်စုမှာ ထိုချွန်မြထက်ရှနေသည့် ဦးချိုအား တောင်းဆုပြုစရာတစ်ခုအဖြစ် အမြတ်တနိုး တန်ဖိုးထားလေ့ ရှိကြသည်။

နက်မှောင်တောင်တွင်လည်း ယခုလို ဦးချိုတစ်ချောင်း ရှိပြီး မျိုးနွယ်စုအနေနှင့် ထိုဦးချိုအား မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်၏ သငေ်္ကတအဖြစ် အထွတ်အမြတ်ထား ကိုးကွယ်တတ်ကြသည်။

“အဲဒါက ဦးချိုရှင် စပါးအုံးဖြစ်နိုင်လား”

စုမင်မှာ ၎င်းဦးချိုနှင့် စပါးအုံးအရိုးစုကို ကြည့်ပြီး သူ ရောက်ရှိနေသည့် နေရာအနေအထားကို တွက်ဆကြည့်သည့်အခါ သူ့ခေါင်းထဲတွင် အလိုလို အဖြေပေါ်လာ၏။

ခပ်မဆိတ်ပင် စုမင်မှာ ခြင်းထဲမှ ဆေးတစ်မြစ်ကို ယူပြီး အောက်ကို ပစ်ချလိုက်၏။

ဆေးမြစ်မှာ လွင့်သွားပြီး ကြမ်းနှင့်ထိတော့မည့် အချိန်လေး၌ တရှဲရှဲ မြည်သံ ထွက်ပေါ်လာ၏။ ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် ဆေးမြစ်မှာ ညှိုးရော်သွားသည်။ နောက်ထပ် မြေပြင်အပူချိန်ကို စမ်းသပ် ပြီးနောက် စုမင်က အကယ်၍ ဂူထဲတွင် အပူပြင်းသော်လည်း အနီရောင် ကျောက်တုံးများကို မထိမိသရွေ့ အသက်ဆယ်အောင့်စာလောက် အပူဒဏ်ကို သူတောင့်ခံနိုင်လိမ့်မည်ဟု ဆင်ခြင်မိလိုက်သည်။

ရှောင်ဟုန် နည်းနည်းတော့ စိတ်မရှည် ဖြစ်လာသည်။ အကယ်၍ သည်နေရာတွင် ရှိနေသော အန္တရာယ်များအကြောင်းသာ မသိထားလျှင် ရောက်ကတည်းက ခုန်ချသွားမည် ဖြစ်သည်။

စုမင်တစ်ယောက် အပေါက်ကနေ ဂရုတစိုက် ထွက်လာပြီး မြေပြင်ပေါ်ကို ခုန်ချလိုက်၏။ ချက်ချင်း ဆိုသလို သူ့ခြေဖဝါးအောက်မှ တရှဲရှဲ အသံများ ထွက်ပေါ်လာ၏။ အပူလှိုင်းသည် ခြေဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထိ တိုးဝင်ပျံ့နှံလာ၏။ သို့သော် ချက်ချင်းကြီး စုမင်ကို မီးလောင် ပြာကျသွားစေနိုင်လောက်အောင် မပြင်းထန်လှပေ။

၎င်းထုံးကျောက်ဂူထဲ ရှောင်ဟုန် ဝင်လိုက်သည်နှင့် ချွေးများက မြစ်တစ်စင်းပမာ ကျဆင်းလာသည်။ ခဏလောက် စဉ်းစားပြီး အပေါက်ကျဉ်းဆီ ပြန်သွားကာ ဂူထဲ ပြန်မလာရန် ရွေးချယ်လိုက်၏။ ဂူထဲ ပြန်ဝင်မည့်အစား ဆော့ကစားရန် တစ်နေရာသို့ ထွက်သွားလေ၏။

စုမင်လည်း အတင်း ဆက်ခေါ်မထားတော့ဘဲ ခြင်းကိုသာ ကျောမှာလွယ်ပြီး ရှေ့ဆက် တိုးသွားလိုက်၏။ ဤဂူသည် မဟူရာ မီးတောင်၏ အတွင်းပိုင်းနှင့် ဆက်စပ်မှု ရှိနေမှန်း စုမင် သိနေသည်။ ပြော၍မရ … သည်နေရာက ခဏကြာလျှင် နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ရန် သင့်တော်သည့် နေရာတစ်ခုပင် ဖြစ်လာနိုင်သည်။

စုမင် သိပ်မလျှောက်လိုက်ရ … မကြာခင် ရှင်းလင်းနေသည့် တစ်နေရာသို့ ရောက်လာသည်။ သည်နေရာက မည်သည့်ဂူလမ်းကြောင်းနှင့် ဆက်သွယ်နေမှန်း စုမင် သေချာမသိပေ။ မြေပေါ်တွင် ကျောက် ဂလိုဏ်ပေါက်များ ရှိနေပြီး လက်ရှိ နေရာထက် အပူချိန် ပိုပြင်း၏။ ခြေဖဝါးကို ရေနွေးပူလောင်သလို အပူမျိုး စုမင် ခံစားမိလိုက်သည်။

ခဏ တွေဝေနေပြီးနောက် စုမင်ရှေ့ဆက် တိုးရန် ပြင်နေတုန်း ရုတ်တရက် ပြင်းပြသည့် ပူလောင်မှု တစ်ခုက လာဟပ်သည်။ စုမင် လွှတ်ခနဲ အော်ပြီး ချက်ချင်း နောက်ပြန်ဆုတ်လိုက်၏။ ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ကျောက်ဂလိုဏ်တစ်ပေါက်မှ ထွက်ပေါ်လာသည့် မီးတောက်တစ်ခုကို တွေ့လိုက်ရပြီး ထိုမီးတောက်အရောင်ကြောင့် ဂူတစ်ခုလုံး လင်းချင်းသွား၏။

စုမင် အသက်ကိုပြင်းပြင်း ရှူရင်း ဂူပေါက်ဝ ရောက်သည်အထိ ထပ်မံ နောက်ဆုတ်လိုက်သည်။ သူ မျက်လုံးမလွှဲဘဲ အရှေ့သို့ စိုက်ကြည့်လိုက်၏။ နာရီဝက်အကြာ မီးတောက်မှာ ပျောက်ကွယ်သွားသည်။ သို့သော် သိပ်မကြာလိုက်။ နောက်ထပ် ဂလိုဏ်ပေါက် တစ်ခုမှ မီးတောက်တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။

ထိုမီးတောက် ပျောက်သွားသည်နှင့် နောက်ထပ် မီးတောက် တခု ဆက်ကာဆက်ကာ အဆုံးမရှိ ထပ်ပေါ်လာသည်။

“မီး … ”

စုမင် ကျောက်ဂလိုဏ်ပေါက်ကို ကြည့်လိုက်သည်။ ပြီးနောက် သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာ၏။

“ဒီမှာ မီး ရှိနေတာပဲ … ။ ဒါပေမဲ့ သူတို့က ခဏလေးပဲ တောက်တာ …  တည်ငြိမ်တဲ့ အရင်းအမြစ်ကနေ ထွက်လာတာမဟုတ်ဘူး”

စိတ်လှုပ်ရှားမှုတွေ ပြန်လည် မှေးမှိန်သွားချိန် စုမင်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ သို့သော် သူ့အတွေးများကို အချိန်ယူပြိး ပြန်စုစည်း၏။

“ကိစ္စမရှိဘူး …  ငါ တောင်ထိပ်ကနေ ဝင်ရင် နေရာက ပိုကောင်းချင် ကောင်းမယ်၊ ဒါပေမဲ့ လုံခြုံမှုကို တွက်လိုက်ရင် ဒီနေရာက ပိုကောင်းတယ်။ တကယ်လို့ အန္တရာယ် ဖြစ်ရင်လည်း ငါမြန်မြန် ထွက်သွားလို့ ရတယ်။”

“ဒီနေရာကို ငါ့ရဲ့ ပထမဆုံး နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ဖို့နေရာ ဖြစ်လာရမယ်”

စုမင် ဘေးဘီကို ဝေ့ဝဲ ကြည့်ရင်း စိတ်လှုပ်ရှားမှုများနှင့်  မျက်လုံးများ အရောင်တောက်လာသည်။

“ငါ့မှာ အခု မီးလည်း ရှိနေပြီ။ ဒါဖြင့် လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက မဖြစ်မထွန်းဒယ်အိုး ပေါ့။ အဲဒါကို ငါ့ဘာသာ လုပ်ရမယ်။”

အက်ကွဲနေသော ကျောက်သားများရှိရာ မြေမျက်နှာပြင်ဆီ စုမင် အကြည့် ရောက်သွား၏။

“ဒီကျောက်တုံးတွေ ဒီမှာရှိလာတာ နှစ်ပေါင်းနည်းမှာ မဟုတ်ဘူး။ ဒါပေမဲ့အခုထိ ပြာမှုန်တွေ အဖြစ် ပြောင်းမသွား သေးဘူး။ သူတို့က မီးအပူဒဏ် ခပ်ပြင်းပြင်းကို အံတုနိုင်စွမ်း ရှိတာသေချာတယ်။ ဒါကြောင့် သူတို့က နိုင်စီးငြှိမ်းသတ်ခြင်း လုပ်တဲ့နေရာမှာ အသုံးဝင်နိုင်တယ်”

စုမင် ခေါင်းကုတ်ပြီး ခြေဖဝါးအောက်မှ ဆေးရွက်များကို လဲလှယ်အပြီး နောက်တစ်ချက် ထပ်ခုန်သွားသည်။ ခဏလောက် တွေဝေအပြီး၌ ပို၍ သင့်တော်မည့် ကျောက်တုံးကိုရှာပြီး မျက်နှာပြင်အား စမ်းကြည့်လိုက်သည်။

“အင်း… သိပ်မပူဘဲ ခပ်နွေးနွေးလေးဖြစ်နေတာပဲ။”

ပါဝင်ပစ္စည်းအဖြစ် အသုံးပြုမည့် ကျောက်ကို ရွေးချယ်ပြီးသည်နှင့်  ကိုယ်ပိုင်ကျောက်ပြားကို စုမင် ထုတ်ယူလိုက်သည်။ ကျောက်ပြားသည် စုမင်၏ သွေးထားမှုကြောင့် အစွမ်းကုန် ချွန်မြနေ၏။ ကျောက်ပြားကို ကိုင်ပြီး ရှိသမျှ အင်အား အကုန်သုံး၍ ကျောက်တုံးအား ဖြတ်တောက်ရန် လုပ်ငန်း စလိုက်လေ၏။

ပျင်းစရာကောင်းလှသည့် လုပ်ငန်းစဉ်ကြီး ဖြစ်သော်လည်း ယင်းကပင် စုမင် လုပ်နေကျ အလုပ်များ ဖြစ်သည်။ သူ့ရဲ့ လှုပ်ရှားမှု မှန်သမျှ တွေဝေခြင်း ကင်း၏။ သို့သော် ဖြတ်တောက်နေစဉ် တစ်ခုခုကို တွေးမိလိုက်၏။ စုမင် စပါးအုံး အရိုးစုကို လှမ်းကြည့်လိုက်သည်။ အထူးသဖြင့် စပါးအုံး  ဦးချိုကို ဖြစ်သည်။

စုမင် အမြန်သွားပြီး အရိုးစုကို ခဏ ကြည့်လိုက်၏။ အရိုးစုကို ခပ်ဖွဖွလေး ခေါက်ကြည့်လိုက်၏။ ထိုအခါ အက်ကွဲသံတစ်ခုကို ကြားရပြီးနောက် အရိုးစုမှာ ကြွေကျလာပြီး ပြာမှုန့်များအဖြစ် ပြောင်းသွားတော့သည်။

ဦးချို တစ်ခုသာ မပြောင်းမလဲ ကျန်ရစ်ခဲ့လေသည်။

“ထင်သားပဲ။ ဒီဦးချိုက ထူးခြားတဲ့အရာတစ်ခု ဖြစ်မယ်ဆိုတာ။ တစ်ခုပဲ … ဦးချိုရှင် စပါးအုံးက ဒီနေရာကို ဘာလာလုပ်လဲ ဆိုတာပဲ အံ့ဩတယ်။ ”

စုမင်က ဦးချိုကို ကောက်ယူပြီး ဘေးနံရံကို ခြစ်ချလိုက်ချိန် အက်ကွဲကြောင်းတစ်ခု ပေါ်လာတယ်။ စုမင်မှာ အက်ကွဲကြောင်းမှာ သည်အတိုင်း ကြည့်နေ၏။

“ဒါပေမဲ့ ဦးချိုရှင် စပါးအုံးက ဒီနေရာအထိ ဘာလာတက်လုပ်ပါလိမ့်”

ထိုအချက်ကို စုမင် နားမလည်သော်လည်း ဦးချိုကို ကျောက်တုံးရှိရာ ယူလာပြီး  စဖြတ်တော့သည်။

ဦးချိုရဲ့ အကူအညီနှင့် နာရီပေါင်း အနည်းငယ်ကြာသည့်အခါ စုမင် မှတ်ဉာဏ်ထဲမှ မဖြစ်မထွန်းဒယ်အိုးနှင့် ပုံသဏ္႑ာန်ဆင်တူသည့် အိုးတစ်လုံးပုံစံ ပေါ်လာသည်။ စုမင်မှာ အိုးထဲမှ အပူများ မထွက်လာနိုင်ရန် အဖုံးပင် အပို လုပ်လိုက်သေး၏။

“ကြိုးစား ကြည့်ရအောင်”

စုမင်က စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် မျက်နှာနှင့် ကျောက်ဂလိုဏ်ပေါက်များရှိရာဆီ ဒယ်အိုးကို တွန်းသွားလိုက်တယ်။ ထို့နောက် စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်လိုက်သည်။

နာရီပေါင်း အနည်းငယ် ကုန်လွန်ပြီးနောက် မီးပွားတွေ အများကြီး၏ အဆုံးတွင် မီးတောက်တစ်ခုသည် ဂလိုဏ်ပေါက်တွင်းမှ ပေါ်ထွက်လာချေ၏

မီးတောက်ထွက်သည်ကို မြင်သည်နှင့် စုမင်က မီးထွက်ရာအပေါက် အပေါ်တည့်တည့်တွင် ဒယ်အိုးကို တင်ထားလိုက်၏။

စုမင် စိတ်လှုပ်ရှားနေသည်။ သူလုပ်ခဲ့သည့် မဖြစ်မထွန်းဒယ်အိုးသည် မီးဒဏ် ခံနိုင်ပါ့မလား ဆိုသည့် အချက်အပေါ် မူတည်နေ၍ ဖြစ်သည်။

မကြာခင်က ဒယ်အိုးမှာ ရဲတက်လာပြီး ၎င်း၏မျက်နှာပြင်အထိ အပူလှိုင်းများ ထွက်ပေါ်လာ၏။ တရှူးရှူး တရှဲရှဲအသံများ ထွက်ပေါ်လာပြီး အက်ကွဲရာ အများအပြား ထင်လာသည်ကို စုမင် တွေ့လိုက်ရ၏။ စုမင် နှလုံးများ ရပ်တန့်သွားတော့မလိုပင်။ သို့သော် ကျောက်တုံးမှ ထပ်မံ အက်ကွဲသံများ ထွက်မလာတော့ပေ။ ထိုအချိန်မှ စုမင် တဖြည်းဖြည်း စိတ်အေးသွားလေတော့သည်။

“နှစ်နာရီ …  တစ်ကြိမ်ကို နှစ်နာရီပဲကြာတယ်။ အဲလောက်နဲ့ မလုံလောက်ဘူး ထင်တာပဲ။”

စုမင်မှာ အတွေး ကမ္ဘာထဲ နစ်မျောနေသည်။ နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ငန်းစဉ်လေး အလုပ်ဖြစ်ဖို့အရေး သူ့ရှိရှိသမျှ အားအင်အကုန်ကို အသုံးချနေသည်ဟု ပြော၍ရသည်။

“ဒီလိုဆိုရင် ဘယ်လို ဖြစ်လာမလဲ”

စုမင် အနောက်သို့ ခြေလှမ်းဆုတ်လိုက်၏။ သူ့ခေါင်းထဲတွင် အစီအစဉ်ရှိသော်လည်း လက်လွတ်စပယ်တော့ စုမင် မလုပ်ရဲပေ။ ထိုအစား သိပ်မပူသည့် နေရာတွင် သွားရပ်ပြီး ဂလိုဏ်ပေါက်များကို အသေအချာ လိုက်ကြည့်၏။ သူ ထိုအတိုင်းလုပ်ရင်း တစ်ရက်ကုန်ဆုံးသွားလေသည်။

ထိုအတောအတွင်း မျောက်လေးမှာ ခဏရောက်လာပြီး သိပ်မပူတဲ့ နေရာတွင် သစ်သီးများကို ချခဲ့ကာ ဆော့ရန် ပြန်ထွက်သွား၏။

ကျောက်ဒယ်အိုးမှာ မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိသွားပြီဖြစ်၍ ဘယ်နှကြိမ် မီးတိုက်မီးတိုက် ထပ်၍ အက်ကွဲမှု မဖြစ်တော့‌ေ၂ပ။

“မီးထွက်တာက သူ့နည်းသူ့ဟန် သတ်သတ်မှတ်မှတ် ရှိသလို ထင်ရပေမဲ့ ဘာပုံစံ ဘာနည်းမှ မရှိဘူး လို့လည်း ထင်ရတယ်”

နောက်တစ်ရက် အကြာ စုမင်က ဦးချိုကို ဆွဲပြီး ဂလိုဏ်ပေါက် နှစ်ခုကြားတွင် အမြှောင်းတစ်ခုထွင်းကာ ဒယ်အိုးအောက်ရှိ ဂလိုဏ်နှစ်ခုကို ဆက်ပေးလိုက်၏။

ထိုမျှလောက်နှင့် မရပ်နိုင်သေးပေ။ သူ နောက်ပြန်ဆုတ်မလာခင် နောက်ထပ် အမြှောင်း ခြောက်ခု ထပ်လုပ်ခဲ့သေး၏။ မကြာခင် ဂလိုဏ်တစ်ခုမှ မီးထွက်လာလျှင် ၎င်းမီးက အမြှောင်းအတိုင်း စီးဆင်းသွားပြီး ဒယ်အိုးအောက်ခြေဆီ ရောက်သွားလေသည်။

“လုပ်နိုင်ခဲ့ပြီကွ”

စုမင် ခဏ ကြည့်ပြီး ရှေ့တိုး၍ နောက်ထပ် အမြှောင်းငါးခု ထပ်ထွင်းလိုက်သည်။ ထို့နောက် နောက်တစ်နေ့တွင် လေ့လာကြည့်ပြန်၏။ သူ့နည်းလမ်းမှာ ဒယ်အိုးအောက်မှ မီးတောက်အား ပိုမိုကြာရှည်အောင် လုပ်နိုင်စွမ်း ရှိသည်ကို သေချာသွားတော့မှ စုမင် စိတ်အေးသွားလေသည်။

ပြောရလျှင် စုမင် စိုးရိမ်နေခဲ့သည်။ အမြှောင်းများ ဖောက်သွားသည်က အစီအစဉ်တကျလည်း မဟုတ်သလို စိတ်ထင်တဲ့အတိုင်း လုပ်ထားခြင်းမျှသာ ဖြစ်သည်။ ဒယ်အိုးအောက်မှ မီးကိုလည်း မပြင်းလွန်း မလျှော့လွန်း ဖြစ်အောင် ဂရုစိုက်ရသေးသည်။ မဟုတ်ပါက ဖော်နေသည့်ဆေးမှာ အလွဲလွဲ အမှားမှား ထွက်လာနိုင်ပေသည်။

ထို့နောက် ဂလိုဏ်များထဲမှ မီးတောက်များ တစ်ပြိုင်တည်း ထွက်လာသည့် အချိန်တို့ ရှိသေးသည်။ ထိုအတိုင်း ခဏခဏ ဖြစ်မည်ဆိုပါက အန္တရာယ်များလွန်းသည်။

အခြေခံ အကျဆုံးပြဿနာ နှစ်ခုကို ဖြေရှင်းပြီးသွား၍ စုမင်မှာ စိတ်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ့မှတ်ဉာဏ်ထဲမှအတိုင်း ပထမဆုံး နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ငန်းကို စတင် လုပ်ဆောင်တော့၏။

အစားအသောက်အတွက် မျောက်လေး ပြင်ပေးတာကို စားလေ့ရှိပြီး တစ်ခါတလေ စုမင် ကိုယ်တိုင် အပြင်ထွက်ကာ အကောင်ခပ်သေးသေးများကို ဖမ်းလာပြီး ကင်စားလေ့ရှိသည်။ အခါအခွင့် သင့်၍ အပြင်ဘက်တွင် အမဲလိုက်အဖွဲ့နှင့် ဆုံခဲ့ပါက မဟူရာတောင် မျိုးနွယ်စု အကြီးအကဲထံ သူ့အကြောင်းကို သတင်းစကားပါး ပေးခြင်းမျိုး လုပ်ဖြစ်သေး၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်။ တစ်ခါတစ်ရံ နိုင်စီးငြှိမ်းသတ်ခြင်း လုပ်နေတုန်း စုမင်ထံမှ အလိုမကျ ဒေါသသံများ ထွက်ပေါ်လာတတ်၏။ လတစ်ဝက် ကျိုးပြီဖြစ်၍ စုမင် မျက်ထောက်များပင် ရဲရဲ နီနေလေပြီ။ ကုန်လွန်သွားသည့် လဝက်လုံးလုံး ဘယ်လောက်ပဲ သူ့တွင်ရှိသမျှ ဆေးမြစ် ဆေးရွက်များသုံး၍ နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ရန် ကြိုးစားကြိုးစား တစ်ခါလေးပင် မအောင်မြင်ခဲ့ချေ။

စုမင်မှာ ယခုဆိုရင် သွေးကြော ကျောက်သားကျင့်စဉ်၏ ပထမအဆင့်ကိုရောက်ပြီး သွေးကြော လေးခုပင် ပေါ်နေပြီ ဖြစ်၏။ နောက်ထပ် နှစ်ခုသာ ပေါ်လာပါက ကျင့်စဉ် ဒုတိယအဆင့်ကို ရောက်တော့မည် ဖြစ်သည်။

ဒုတိယ အဆင့်သို့ ရောက်သွားပါက စုမင်အနေဖြင့် မာန်နတ်ဘုရား ရုပ်တုထံမှ ဆက်ခံရရှိလာသည့် ပထမအဆင့် မာန်ပညာရပ်များကို ထုတ်သုံးကြည့်၍ရပြီ ဖြစ်သည်။

၎င်းသည် စုမင်၏ အိပ်မက် ဖြစ်သည်။ ထို့ကြောင့် စုမင်သည် ဆေးလုံး ဖော်စပ်ရန် ယခုထိ အရှုံးမပေး သေးခြင်း ဖြစ်သည်။

“ငါမယုံဘူး ရှောင်ဟုန် ငါ့အတွက် ဆေးမြစ်တွေ ထပ်စုဆောင်းပေးဦး”

ဂူပေါက်ဝတွင် သွားတဖြဲဖြဲနှင့် ကြည့်နေသည့် မျောက်ကလေးဆီ ခြင်းတောင်းကို ပစ်ပေးပြီး စုမင်ကတော့ ဆေးလုံးဖော်သည့် အလုပ်ကိုသာ သည်းကြီးမည်းကြီး ဆက်လုပ်နေသည်။

မျောက်ကလေးက ခြင်းကို ကောက်ယူပြီး ပြုံးဖြဲဖြဲနဲ့ ပြေးထွက်သွားလေသည်။

နေ့ရက်တို့ ထပ်မံ ကုန်လွန်လာ၏ …

ကျရှုံးမှုတို့က ဆက်တိုက် …  …

နောက်ထပ် လတစ်ဝက် ကုန်ဆုံးသွားပြန်သည်။ ဤရက်ပိုင်းအတွင်း စုမင်မှာ ဒယ်အိုး ရှေ့တွင် ရှုပ်ပွပွ ဆံပင်များနှင့် လက်ထဲတွင် ဆေးနှစ်မျိုးကို ကိုင်ပြီး ရပ်နေသည်။ နှစ်ခုလုံးမှာ အနီရောင်များ ဖြစ်၏။ တစ်ခုက ပွင့်လွှာ ခြောက်ချပ်ပါပြီး ကျန်တစ်ခုတွင် ငါးချပ်ရှိနေသည်။

“ဘယ်ဟာကို သုံးသင့်လဲ … ”

သူ့မှာ အချိန် သိပ်မကျန်တော့မှန်း သိနေသည့် စုမင်က အံကိုကြိတ်ပြီး ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset