Switch Mode

အခန်း (၉)

ပန်းနီနီ

နဂါးနက်မှောင် တောင်စဉ်တန်း၏ တောင်တစ်လုံးနှင့် တစ်လုံးမှာ မတူညီကြပေ။ နဂါး ခံတွင်းရည်ထွက်သည့် တောင်မှာ နက်မှောင်တောင် မျိုးနွယ်စု၏ အနီးဆုံးမှာ တည်ရှိသည်။ အကယ်၍ စုမင် ခပ်ဝေးဝေး သွားမည်ဆိုပါက တခြား မျိုးနွယ်စုများနှင့် မတော်တဆ ဆုံနိုင်လေသည်။

ထို့ကြောင့်သာ စုမင်အနေဖြင့် သည်နေရာလေးတွင်သာ အချိန်ဖြုန်းလေ့ ရှိသည်။ ရှားပါး ဆေးမြစ် ဆေးရွက်များ စုဆောင်းရန် တခြားတောင်များဆီ သွားတာမျိုး ရှိတတ်သော်လည်း ထိုအခါမျိုးတွင် စုမင်အနေဖြင့် သတိကြီးကြီး ထားရလေ့ရှိသည်။

ယခု စုမင်ရှေ့တွင် မြင်နေရသည်က တောင်ထိပ်ပေါ်မှ မီးခိုးများ ထွက်ပေါ် နေတတ်သည့် မဟူရာ မီးတောင် ဖြစ်သည်။

လူကြီးသူမများအဆိုရ သည်တောင်ထဲတွင် ကမ္ဘာမြေကြီး၏ မိခင်မီးဓါတ် အတော်များများ ကိန်းအောင်းနေတတ်သည်။ ဟိုးယခင်က ထိုအရပ်သည် မီးဓါတ် မာန်စွမ်းအားရှင် မျိုးနွယ်စုတို့ နေထိုင်ရာ ပင်မနေရာ ဖြစ်ခဲ့သည်။ ထိုမှစ၍ ရာစုနှစ်များစွာ ကြာပြီးသော်လည်း သည်နေရာသို့ ချဉ်းကပ်လာသူတိုင်း မြေကြီးထဲမှ အလျှံတညီးညီးနှင့် ထွက်ပေါ် နေသော မီးအပူရှိန်ကို ခံစားနေကြရဆဲဟု ဆိုကြလေသည်။

စုမင်မှာ မဟူရာတောင်နှင့် မရင်းနှီးသည်တော့ မဟုတ်ပေ။ ၎င်းမြေပေါ် အကြိမ်ပေါင်း ထောင်သောင်း နင်းဖူးသည်။ မဟူရာတောင်၏ မျိုးနွယ်စုများနှင့်ပင် ပက်ပင်းကြီး တိုးမိဖူးသည်။ စုမင်၏ မြန်ဆန်လွန်းသည့် အပြေးနှုန်းကြောင့်သာ၊ မဟုတ်ပါက အစောကြီးထဲမှ ကိစ္စတုံးနေမည်မှာ သေချာသလောက် ရှိနေသည်။

သူလက်ရှိနေရာသည် မဟူရာတောင် မျိုးနွယ်စုနှင့် အတော်နီးသည်။ မဟူရာတောင် မျိုးနွယ်စုဆိုသည်မှာ နက်မှောင်တောင် မျိုးနွယ်စုအပေါ် ခေတ်အဆက်ဆက် အငြိုးထားလာသူများ ဖြစ်သည်။ မျိုးနွယ်စု နှစ်ခုလုံး၏ အင်အားအနေအထားမှာ အတူတူလောက် ရှိသည်။ မျိုးနွယ်စု နှစ်ခုအနေဖြင့် တိုက်ပွဲအတိအလင်း မဖြစ်ဖူးသေးသော်လည်း အမဲလိုက်အဖွဲ့များကြားတွင်တော့ ရက်စက်ကြမ်းတမ်းလှသည့် သတ်ပုတ် အနိုင်လုပွဲများ ရှိတတ်ကြ၏။

စုမင်မှာ ခေတ္တ တွေဝေနေသော်လည်း မကြာခင် အကြံကောင်းတခုကို စဉ်းစားမိသွား၍ သူ့မျက်လုံးများ အရောင်တောက်လာ၏။ တစ်ခဏအကြာ မဟူရာမီးတောင်ဆီမှ အကြည့်လွှဲလိုက်ပြီး ကျောက်ဆောင်၏ အတွင်းပိုင်းဆီ ခပ်မြန်မြန် လျှောက်သွားလိုက်၏။ ကျောက်ဆောင်၏ အတွင်းကျဆုံး အပိုင်းတွင် ကျောက်တုံး ကြီးများ ရှိနေသည်၊။ ၎င်းကျောက်တုံးများကို စုမင် ဖယ်ရှားလိုက်သည့်အခါ ကျောက်တုံးများအောက်တွင် ဝှက်ထားတဲ့ အရာတစ်ခုကို မြင်လိုက်ရ၏။

ထိုအရာမှာ အသေအချာ အချောမသပ်ရသေးသည့် လေးတစ်လက် ဖြစ်သည်။

လေးကို ကောင်းစွာ အချောမသပ်ရသေးပေ။ သို့သော် ၎င်း၏လက်ချောင်း တစ်ချောင်းစာလောက် ရှိသည့် ကြိုးကို လေးညှို့၏ တစ်ဖက်တစ်ချက်စီတွင် တင်းနေအောင် တပ်ဆင်ထားပြီး ဖြစ်သည်။ ထိုလေး ပြင်းအား မည်မျှရှိမည်ကို ကြည့်ရုံနှင့် မှန်းဆနိုင်ပေသည်။

နက်မှောင်တောင် နယ်မြေတွင် အမဲလိုက် မုဆိုးများသာ လေးမြား ကိုင်ဆောင်ခွင့်ရှိသည်။ အခြား မျိုးနွယ်စုများအတွက် လေးမြားတစ်စုံ ပိုင်ဆိုင်ခွင့် ရဖို့ဆိုသည်မှာ အလွန်ခက်ခဲလွန်းသည့်အရာ ဖြစ်သည်။ သူရှာဖွေစုဆောင်းထားသည့် ဆေးမြစ် ဆေးရွက်များနှင့် အလဲအလှယ် လုပ်ပြီးမှသာ လေးမြားအတွက် လိုအပ်သည့် ပစ္စည်းများ ရလာခြင်း ဖြစ်သည်။ သူက ထိုလေးမြားကို မျိုးနွယ်စုထံ ယူမသွားဘဲ သည်မှာ သိမ်းထားခဲ့သည်။ ယင်းလျှို့ဝှက်ချက်ကို လေ့ချန် တစ်ယောက်သာ သိလေသည်။

ထိုလေးကို မလိုက်သည်နှင့် စုမင် မျက်နှာလင်းလက်သွားသည်။ သူက ကျောက်တုံးများ အောက်မှ နောက်ထပ် မြားတံ ငါးချောင်းကို ထုတ်ယူလိုက်၏။ မြားတံများ၏ ခေါင်းကို ကျောက်တုံးနှင့်ပင် တပ်ဆင်ထားခြင်း ဖြစ်သည်၊ ပြီးတော့ စုမင်မှ, အမြဲလိုလို မြားခေါင်းများကို သွေးနေကျဖြစ်၍ ချွန်မြနေလေသည်။

မြားတံ ငါးချောင်းကို ကျောတွင် လွယ်ထားသည့် ခြင်းတောင်းထဲကို ထည့်လိုက်သည်။ စုမင်မှာ လက်ထဲတွင် လေးတံကို ကိုင်ထားပြီး မျောက်ကလေးကို လက်ခေါက်မှုတ် ခေါ်လိုက်၏။ ပြီးလျှင် မြေပေါ်တွင် ရေးဆွဲထားသည့် ဆေးမြစ်များကို ညွှန်ပြလိုက်၏။

မျောက်လေးက သူပြောသည်ကို နားလည်သည်။ ထို့ကြောင့် အနီရောင် အစက်အပြောက်လေး အဖြစ် အလျင်အမြန် ထွက်ခွာမသွားခင် ရှိသမျှသွား အကုန်ပေါ်အောင် ပြုံးရယ်ပြသွား၏။

စုမင်က သတိကြီးကြီးထားပြီး သူ့အနောက်မှ လိုက်သွားလိုက်သည်။ တစ်ချက် နှစ်ချက် ခုန်ပျံ ကျော်လွှားမှု အပြီးတွင် လူရော မျောက်ပါ မူလ ရှိနေခဲ့သည့် အရပ်ဆီမှ ပျောက်ကွယ်သွားကြလေတော့သည်။

နဂါးနက်မှောင် တောင်စဉ်များနှင့် ရင်းနှီး ကျွမ်းဝင်မှု ပြိုင်မည်ဆိုလျှင် စုမင်အနေဖြင့် ဘယ်ခါမှ ရှောင်ဟုန်ကို အနိင်ရနိုင်မည် မဟုတ်ပေ။ ဆည်းဆာချိန် ရောက်၍ နေဝင်ချိန် နီးလာသည်နှင့်အမျှ ရှောင်ဟုန်၏ လမ်းပြမှုအောက်၌ စုမင်၏ ခြင်းတောင်းထဲတွင် အမျိုးအစား စုံလင်လှသည့် ဆေးမြစ် ဆေးရွက်များ ပြည့်လျှံလာလေတော့၏၊၊

ခြင်းထဲတွင် ဆေးအမျိုးအစား ခုနစ်မျိုး ရှစ်မျိုးခန့် ပါဝင်ပြီး တစ်မျိုးလျှင် အရေအတွက် အတော်များများ ရှိနေသည်။ ၎င်းဆေးအကုန်လုံးမှာ စုမင် ပန်းချီထဲတွင် တွေ့ခဲ့ရသည့် ဆေးအမယ်များ ဖြစ်ကြ၏။ စုမင်မှာ ခြင်းထဲမှ ဆေးများအကြောင်းကို အကုန်အစင် ဂဃဓန မသိပေ။ ထို့ကြောင့် ပန်းချီထဲမှ ဆေးများနှင့် ဆင်တူသည့် ဆေးများကိုသာ အဓိကထား စုဆောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“မင်းပြောချင်တာက နောက်ထပ် ဆင်တူတဲ့ ဆေးတွေက ဒီမှာရှိတာလား”

အချိန်မှာ ညီအစ်ကို မသိတသိပင် ရောက်နေလေပြီ။ စုမင်နှင့် ရှောင်ဟုန်မှာ မဟူရာ မီးတောင်အနားရှိ တောထဲတွင် ရပ်နေကြ၏။ စုမင်က ရှေ့တွင်ရှိနေသော မြေပင်ပေါ်မှ အနက်ရောင် ရွှံ့ကွက်များကို ညွှန်ပြပြီး ရှောင်ဟုန်ကို ကြည့်လိုက်သည်။

ရှောင်ဟုန်က ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး ကောင်းကင်က ဝင်လုဆဲဆဲ နေလုံးကို ညွှန်ပြကာ အမူအရာ လုပ်ပြ၏။

စုမင်က နားလည်သွားပြီး မျက်နှာ ဝင်းပသွားသည်။ သူထိုင်ချပြီး ရွှံ့အိုင်အား စူးစူးစိုက်စိုက် ကြည့်ကာ နေဝင်ချိန်ကို စောင့်နေလိုက်သည်။ တစ်စက္ကန့်စီ ကုန်လွန်သွားပြီး နာရီဝက် ကြာပြီးသည့်နောက် တောထဲရှိ အလင်းရောင်မှာ မှိန်ဖျသွားပြီး အမှောင်ထုက ဝါးမျို သွားလိုက်သည်။ ထို့ကြောင့် စုမင်မှာ အနီးအနား ပတ်ဝန်းကျင်ကိုပင် သုံးပေထက်ကျော်၍ ဘာမှ မမြင်ရတော့ပေ။

ညမှောင်ကျလာသည်နှင့် ရွှံ့အိုင်ထဲမှ ရုတ်တရက် ပူစီဖောင်းများ တစီစီ ထွက်လာသည်။ အနီရောင် အပင်တစ်ပင်လည်း မထင်မရှား ပေါ်လာ၏၊၊ ၎င်းအပင်လေးသည် ရုတ်ချည်း ပေါ်လာပြီး အိုင်ထဲတွင် လူးလားခေါက်တုံ့ ကူးခပ်နေ၏။ ထူးခြားလှသော မြင်ကွင်းကို ကြည့်ရင်း စုမင်မှာ ကြက်သီးမွေးညင်းများ ထောင်ထသွားသည်။ သို့တိုင် စုမင်မှာ နည်းနည်းလေးမှ မတုန်လှုပ်ပေ။

ရွံ့အိုင်ထဲ ကူးခတ်နေသော အနီရောင် အပင်လေးကို စောင့်ကြည့်နေခိုက် အပင်လေး တဖြည်းဖြည်း အပေါ်တက်လာသည်။ ၎င်းမှာ အနီရောင် အပင်၏ အဖူးလေး ဖြစ်သည်။ အမြစ်များက ယခုထိ ရွှံ့ထဲတွင် နစ်မြုပ်နေဆဲ ဖြစ်သည်။ စောနက ရွှံ့အိုင်ထဲတွင် အပင်လေး ဟိုဒီလှုပ်ရှားနေခြင်းမှာ ၎င်း၏အမြစ်များကြောင့် ဖြစ်ရပေမည်။

ယခုလို ပန်းဖူးလေး ရွှံ့ထဲက ထွက်လာသည်ကို စုမင် ကြည့်နေရင်း မျက်စိရှေ့မှာတင် အပွင့် ပွင့်လာကာ မွှေးပျံ့သော ရနံ့ကို လွှင့်ထုတ်လိုက်လေ၏။ ၎င်းအနံ့အား စုမင် တစ်ခဏသာ ရှူရှိုက်ရသေးသည်။ သူ့သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ အပူဒဏ်ကြောင့် တစ်ကိုယ်လုံး မီးတောက်များနှင့် လောင်မြိုက် ခံနေရသလို သူ့အရေပြားတွေ လောင်ကျွမ်းမတတ် ခံစားလိုက်ရလေသည်။

ထိုအချိန်တွင် ရှောင်ဟုန်က စိတ်လှုပ်ရှားနေသည့်ဟန်နှင့် တကွိကွိ အသံပြု၏။ စုမင် တစ်စက်လေးမှ တွေဝေ တွန့်ဆုတ်ခြင်း မရှိဘဲ ရှေ့တိုးပြီး အနီရောင် ပန်းပွင့်ကို အနားရောက်အောင် ဆွဲယူလိုက်သည်။ စုမင်မှာ ထက်ရှနေသော ကျောက်ပြားအား လေ့ကျင့်သားပြည့်ဝနေသော လက်များဖြင့် ကိုင်ဆောင်ပြီး ပန်း၏ အမြစ်မှ ဖြတ်တောက်လိုက်ပြီး ကျောတွင် သယ်ပိုးထားသည့် ခြင်းထဲသို့ ပစ်ထည့်လိုက်သည်။

ကိစ္စပြီးသည်နှင့် ထိုနေရာတွင် ခဏတဖြုတ်ပင် မနေတော့ဘဲ ရှောင်ဟုန်နှင့် အမြန်ဆုံး ထွက်လာခဲ့၏။

စုမင်တို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရွှံ့အိုင်ထဲမှ သတ္တဝါ တစ်ကောင်၏ မာန်ဖီ ကြုံးဝါးသံ ထွက်ပေါ်လာပြီး ပန်းပွင့်အားလုံးမှာ ၎င်းတို့၏ပွင့်လွှာချပ်များကို သိမ်းဆည်းပြီး ရွှံ့ထဲသို့ ပြန်လည် တိုးဝင် နစ်မြုပ်သွားကြသည်။ မကြာခင် ရွှံ့အိုင်ထဲမှ သွေးစိမ်းရှင်ရှင် ထွက်လာပြီး သွေးညှီနံ့များက လေထဲသို့တိုင် ပျံ့နှံ့သွား၏။

စုမင်နှင့် ရှောင်ဟုန် ခပ်မြန်မြန်ပဲ ထွက်လာကြသည်၊ ကောင်းကင် တစ်ပြင်လုံး မှောင်အတိဖုံးသွားသည့်အခါ နှစ်ဦးသား သစ်ပင်ပေါ်တွင် ထိုင်ရင်း သစ်ကိုင်း ကြားထဲက ထွက်ပြူလာသော လရောင်ကို အားပြုကာ ကြည့်လိုက်ကြသည်။

ခြင်းထဲတွင် ရှိနေသော အမျိုးအမယ် စုံလင်လှသည့် ဆေးအမယ်များစွာ၏ မြင်ကွင်းက စုမင်ကို စိတ်တက်ကြွစေသည်။ မကြာခင် စတင်နိုင်တော့မည့် ခေါင်းထဲမှ နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ငန်းစဉ်ကို တွေးရင်း ပို၍ စိတ်လှုပ်ရှားလာသည်။

“မြူမှုန်ထိုးခွဲရဲ့ အကျိုးအာနိသင် ဘယ်လိုရှိမလဲ မသိတာကတော့ နှမျောစရာပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမှာပါ”

ခြင်းထဲတွင် ရှိနေသော ဆေးပင်နှစ်ပင်ထံ အကြည့်လွှဲရင်း စုမင် နှုတ်ခမ်းများကို သပ်လိုက်၏။

၎င်းဆေးပင်နှစ်မျိုးစလုံးမှာ အရောင်တူကြရာ သေချာမကြည့်လျှင် တူသလို ထင်ရသည်။ နှစ်ခုလုံးမှာ အနီရောင် ဖြစ်ပြီး မတူသည့်အချက်ဆို၍ တစ်ခုက ပွင့်လွှာ ခြောက်ချပ်ပါပြီး တစ်ခုက ငါးချပ်သာပါခြင်း ဖြစ်သည်။

စုမင်မှာ ထိုဆေးနှစ်မျိုးအကြောင်းကို အကျွမ်းတဝင် မရှိပေ။ မြူမှုန်ထိုးခွဲ ဖော်စပ်တဲ့ နေရာတွင် စုမင် မမြင်ဘူးသည့် ဆေးဆို၍ သည်ဆေးနှစ်မျိုးသာ ရှိသည်။ ရှောင်ဟုန်က မြင်ဖူးပြီး စုမင်လက်ထဲ အရောက် ပို့ပေးနိုင်၍သာ တော်သေးသည်။

“ဒီနှစ်မျိုးထဲမှာ ဆေးဖော်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ဆေးပင်က ဘယ်ဟာများလဲ”

စုမင် ဆေးနှစ်မျိုးကို အလီလီ ကြည့်၏။  ပွင့်လွှာ ခြောက်ချပ်ပန်းမှာ ရွှံ့အိုင်ထဲက ရလာခဲ့ခြင်း ဖြစ်သည်။ ထိုပန်း ပွင့်လာခိုက် ထူးခြားလှသည့် မြင်ကွင်းအကြောင်း စဉ်းစားမိသည့်အခါ ၎င်းအား သည်အတိုင်း စားလိုက်ပါက တစ်ကိုယ်လုံး ပေါက်ထွက်သွားလောက်သည်ဟု ခံစားနေရသည်။

ဆေးပင်ကို ခြင်းထဲ ပြန်ထည့်ပြီး သစ်ကိုင်းပေါ်တွင် လှဲကာ အသီးတစ်ကိုက် ကိုက်လိုက်၏။ ကောင်းကင်ပေါ်မှ ကြယ်လေးများကို ငေးရင်း တောလေကို ရှူရှိုက်၏။ တောထဲမှ တိရစာၦန်အော်သံများနှင့် ကျေးငှက်တို့၏ မြည်တွန်သံများကို ပတ်ပတ်လည်မှ ကြားနေရသည်။ တောနှင့် စုမင်မှာ တစ်သားတည်း ဖြစ်သွားသလို ခံစားချက်ကို ရစေသလို နေရထိုင်ရသည်မှာလည်း သက်သောင့်သက်သာ ဖြစ်လာလေသည်။

ရှောင်ဟုန်က ဘေးနားတွင် သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ဆင်နေရင်း ဘေးပတ်ဝန်းကျင်ကို မျက်ခြည်မပြတ် ကြည့်နေ၏။

လူတစ်ယောက်နှင့် မျောက်တစ်ကောင်မှာ ထိုနေ့ညကို သစ်ပင်ပေါ်တွင် ထိုအတိုင်း ကုန်ဆုံးခဲ့ကြလေ၏။

နောက်တစ်နေ့ နေထွက်လာသည်နှင့် စုမင်နဲ့ ရှောင်ဟုန်တို့ မဟူရာ မီးတောင်ရှိရာသို့ ခပ်သွက်သွက် ထွက်လာခဲ့ကြသည်။ မြူမှုန် ခပ်ပါးပါး ရစ်သိုင်း ဖွဲ့နေသည့် တောမှာ မှောင်မည်းလျက် ရှိနေဆဲပင်။

စုမင်က သတိ ကြီးကြီးထားပြီး လက်ထဲတွင် လေးတံကို ကိုင်ဆောင်ထား၏။ ရှောင်ဟုန်လည်း အခြေအနေကို သတိပြုမိ၍လား မသိ။ ဘေးပတ်ဝန်းကျင်ကို သတိရှိရှိနဲ့ စောင့်ကြည့်ပေးနေ၏။ နေထွက်လာ၍ မြူမှုန်များ လွင့်ပါးပျောက်ကွယ် သွားလေသည်။ ၎င်းတို့ရှေ့တွင် ကြီးမားသည့် တောင်ကြီး ရှိနေ၏။ တောင်ကြီးမှာ အညိုရောင် ဖြစ်သည်။ မြေပြင်ပေါ်မှ အပူလှိုင်းများက သူ့မျက်နှာကို လာရောက် ရိုက်ခတ် နေသည်ကို ခံစားနေရလေသည်။

တောင်ထိပ်မှ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ် နေသည်ကို သူမြင်လိုက်ရသည်။

“မဟူရာမီးတောင် … ”

စုမင် ခပ်တိုးတိုး ရေရွတ်ပြီး ဘေးပတ်ဝန်းကျင် အခြေအနေကို ဝေ့ဝဲကြည့်ကာ တွေဝေ တွန့်ဆုတ်မှု မရှိဘဲ တောင်ပေါ်သို့ ကုပ်ကက် တက်သွား၏။ ပြင်ဆင်လာခဲ့သည့်အတိုင်း ခြေဖဝါးအောက် ထည့်ထားသည့် မီးဒဏ်ခံ ဆေးရွက်တို့၏ အကူအညီကြောင့် စုမင်မှာ တောင်ထိပ်ပေါ်အထိ မရပ်မနား တက်ရောက်သွားနိုင်သည်။

တောင်ကို အမြန်ဆုံး တက်နေသော်လည်း သတိကိုတော့ ကပ်ထားသည်။ ခရီး ပေါက်လာလေ ပို၍ သတိ ကြီးကြီး ထားလေ ဖြစ်သည်။ တောင်တက်နေတာ အချိန်မည်မျှကြာသွားမှန်း စုမင် မသိ။ သို့သော် လမ်းခရီး တစ်ဝက်နား ရောက်လာသည့်အချိန် စုမင်နှင့် အတူ လိုက်တက်လာသည့် ရှောင်ဟုန်က အော်ဟစ်လိုက်သည်။

အော်သံကို ကြားကြားချင်း တွေဝေမနေဘဲ စုမင်မှာ တောင်နံရံရှိ အက်ကွဲကြောင်း တစ်နေခုထဲကို တိုးဝင်ပြီး ပုန်းကွယ်လိုက်၏။ ခြေထောက်ကို မြေပေါ် မြဲမြံစွာ ချထားရင်း မြားတံကို ထုတ်ယူကာ ညာလက်ဖြင့် လေးညှို့ကို ဆွဲလိုက်၏။ ထိုလှုပ်ရှားမှုအားလုံး မျက်စိ တစ်မှိတ်လေးအတွင်း ပြုလုပ်သွားခြင်း ဖြစ်သည်။ ရှောင်ဟုန်လည်း စုမင်အနား တိုး၍ ပုန်းအောင်းနေသည်။

စုမင် ညင်ညင်သာသာလေး အသက်ကို မျှင်းမျှင်းရှုလိုက်၏။ သူ့မျက်လုံးများ အေးစက်သွားလေသည်။ အကယ်၍ မဟူရာတောင် မျိုးနွယ်စု တစ်ယောက်ယောက်သာ သူတို့ကို သတိထားမိသွားလျှင် သူသေကိုယ်သေ တိုက်ရမည့် အခြေအနေ ဖြစ်သည်။

မကြာခင် တိုးလျလွန်းသည့် အသံများက စုမင် ရပ်နေရာအထိ ပျံ့လွင့်လာ၏။ စကားသံကို တစ်ခါ ကြားရတိုင်း ကျောက်ခဲများ ကျလာသံကိုပါ ကြားရပြန်၏။

“ဒီလောက် အစောကြီး ငါတို့ကို ဘာလို့ ကျောက်တွေကို မိုင်းခွဲခိုင်းတာလဲ။ ဒါတွေ အားလုံးကို ဘာအတွက်များ လုပ်နေတာလဲ”

“စောဒက တက်မနေစမ်းပါနဲ့။ ဒါက မျိုးနွယ်စု ခေါင်းဆောင်ကိုယ်တိုင်ရဲ့ တောင်းဆိုချက်ပဲ၊ ငါတို့ လိုက်လုပ်ပေးဖို့ပဲ ရှိတယ်။ ဒါနဲ့ မင်းကြားပြီးပြီလား …  အကြီးအကဲက နောက်တစ်ဆင့်ကို တက်ရောက် အောင်မြင်တော့မယ်တဲ့ ”

“ငါ တခြား မျိုးနွယ်ဝင်တွေ ပြောတာကြားတာတော့ အကြီးအကဲက အရင်ကနဲ့ မတူတော့ဘူးတဲ့။ သူက နည်းနည်း ကြောက်ဖို့ ကောင်းလာတယ်တဲ့”

“ငါတို့ကို မျိုးနွယ်စု ခေါင်းဆောင်က ကျောက်တုံးတွေ မိုင်းခွဲခိုင်းတာက အကြီးအကဲအတွက် ဖြစ်နေမလား”

အသံက တဖြည်းဖြည်း ကြည်လင်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ စုမင်မှာ အက်ကွဲကြောင်းထဲ တွယ်ကပ် ပုန်းအောင်းနေဆဲ။ ထိုလူနှစ်ယောက် အဝေးကို ရောက်သွားပြီဆိုမှ စုမင် ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။

“မဟူရောင် တောင်အကြီးအကဲက နောက်တစ်ဆင့်တောင် တက်ရောက် အောင်မြင်တော့မယ်ဆိုပဲ …  အကြီးအကဲ တစ်ခါပြောတာ မှတ်မိသေးတယ်… မဟူရာတောင်ရဲ့ အကြီးအကဲက သွေးကြော ကျောက်သားကျင့်စဉ်ရဲ့ အဆင့်ရှစ် ရှိပေမဲ့ ငါတို့ အကြီးအကဲကို တိုက်ခိုက် နိုင်အောင် မိစာၦအတတ် ကိုလည်း ကျင့်ကြံ ပေါက်ရောက်ထားတယ် ဆိုတာ။”

စုမင် မျက်မှောင်ကြုတ်သည်။ ထိုအကြောင်းကို အကြီးအကဲထံ နောက်မှ ပြန်ပြောပြရမည်။

လူနှစ်ယောက် အဝေးသို့ ရောက်သွားမှန်း သေချာအောင် စောင့်ဆိုင်းပြီးမှ တောင်ပေါ် ဆက်တက်ရန် ပြင်လိုက်၏။ ထိုအခိုက်အတန့်လေး၌ မျောက်လေးက စုမင် အကျႌစကို လာဆွဲလေသည်။

စုမင် သတိအပြည့်နှင့် နောက်လှည့်ကြည့်လိုက်သော်လည်း ဘာကိုမှ မတွေ့ရဘဲ သူတို့ပုန်းအောင်းနေခဲ့သည့် တောင်နံရံအက်ကွဲကြောင်းအား စိတ်လှုပ်ရှားမှုအပြည့်နှင့် ညွှန်ပြနေသည့် မျောက်ကလေး၏ မျက်နှာကိုသာ တွေ့လိုက်ရသည်။ ၎င်းအက်ကွဲကြောင်းတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အပေါက်လေးတစ်ခုရှိနေပြီး ထိုမှတစ်ဆင့် စမ်းချောင်းလေးတစ်ခုစီးဆင်းနေလေသည်။

စုမင် ချက်ချင်း တောင်ပေါ်ဆက်တက်ရန် ဥပေက္ခာပြုလိုက်ပြီး အပေါက်နားတိုးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သေသေချာချာလေ့လာပြီးနောက် ကျောပေါ်မှခြင်းကို ချွတ်ယူလိုက်ပြီး လက်မှာကိုင်လျက် အပေါက်ထဲကို တွားဝင်လိုက်သည်။

အပေါက်မှာ အကြီးကြီး မဟုတ်ပေ။ သို့သော် စုမင် ခန္ဓာကိုယ်က သေးသေးလေးမို့ ဝင်၍ရသည်။ အကယ်၍ စုမင်နေရာတွင် တခြား မာန်မျိုးနွယ်ဝင် တစ်ယောက်ယောက်သာ ဆိုပါက ယခုအပေါက်ထဲ ဝင်နိုင်မည် မဟုတ်ပေ။

*****

Comment

Leave a Reply

Options

not work with dark mode
Reset