အခန်း (၁၆၇)

မိုးကောင်းကင်စမ်းသပ်ခံရစဉ် စနစ်မှတ်ပုံတင်ရန်

အခန်း (၁၆၇) မိုးကောင်းကင်စမ်းသပ်ခံရစဉ် စနစ်မှတ်ပုံတင်ရန်

“ဘုန်း…”

အနောက်ဘက်တောင်တန်းများတစ်ခွင်တွင် အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းလာသည်။

လျှပ်စီးများရုတ်တရက် လင်းလက်လာပြီး ကြီးမားသည့် တန်ခိုးစွမ်းအားကြီးတစ်ခု ကောင်းကင်ထက်တွင် စတင်ဖြစ်တည်လာလေသည်။

အပြင်းအထန်တိုက်ခိုက်နေကြသည့် လုန်မန်နှင့် ဟော်ကျီးမှာ ပြင်းထန်လှသည့် ဖိအားကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ပထမတော့ လုန်မန်က လျှပ်စီးတန်ခိုးစွမ်းအားများ ထုတ်လွှတ်နေသည်ဟု ဟော်ကျီး ထင်ခဲ့မိသည်။ သို့သော် မကြာမီ ထိုသို့မဟုတ်ကြောင်း သိရှိလိုက်ရ၏။

မိုးကောင်းကင်စမ်းသပ်ခံရခြင်းကြောင့် ဖြစ်တည်လာသည့် အန္တရယ်တိမ်တိုက်များက ကောင်းကင်ထက်တွင် စုဝေးလာပြီး အဖျက်စွမ်းအားရောင်ဝါများ ထုတ်လွှတ်လျှက်ရှိသည်။

တစ်စုံတစ်ယောက်က အင်မော်တယ်အဖြစ် အဆင့်တက်ရန်အတွက် ဤနေရာတွင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို လာရောက်ရင်ဆိုင်ခြင်း ဖြစ်ဟန်တူသည်။

လုန်မန် အံ့သြတုန်လှုပ်သွားသည်။

ကျင့်ကြံသူတစ်ယောက် မိုးကောင်းကင်စမ်းသပ်ခံရခြင်း ဖြစ်စဉ်နှင့် အနီးအနားတွင် ရောက်ရှိနေခြင်းက သူ့အတွက် မည်သည့်အကျိုးကျေးဇူးမှ မရှိနိုင်ပေ။ အခန့်မသင့်လျှင် ရောယောင်ပြီး အန္တရယ်ကိုပင် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

လုန်မန်နှင့် ဟော်ကျီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တိုက်ပွဲကိုရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြသည်။

“ဘုန်း…”

သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားများ တဖြည်းဖြည်း လျော့နည်းသွားပြီး နောက်သို့ ဆုတ်ခွာသွားကြသည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရှောင်ရှားပြီးမှ သူတို့ရှာဖွေနေသည့် အဖိုးတန်မှော်ဝင်ပစ္စည်းကို ဆက်လက်ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။

လုန်မန် အနောက်ဘက် အတော်ဝေးဝေးတစ်နေရာသို့ ဆုတ်ခွာသွားပြီးမှ မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်စဉ်ကို တစ်ချက်လှမ်း အကဲခတ်လိုက်သည်။

ပြင်းထန်လှသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်း အန္တရယ်အတိုင်းအတာကို တွေ့မြင်လိုက်သည့်အခါ သူ အနည်းငယ် အံ့အားသင့်သွားသည်။

“ဒါ လူသားတစ်ယောက်ရင်ဆိုင်ရတဲ့ မိုးကေင်းကင်စမ်းသပ်ခံရခြင်းလား… ၊ လူသားတစ်ယောက် ရင်ဆိုင်ရတာနဲ့တောင် မတူအောင် ပြင်းထန်လွန်းတယ်… ၊ ငါ အင်မော်တယ်အဆင့်တက်တုန်းက ရင်ဆိုင်ရတဲ့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းထက်တောင် ပြင်းထန်သေးတယ်…”

လုန်မန်က အင်မော်တယ်တစ်ပါးအဖြစ် မွေးဖွားလာသူ ဖြစ်သည်။

သို့သော် အခြေခံကျင့်ကြံခြင်းများကို ပြုလုပ်ပြီးနောက် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ပြီး မိုးနှင့်မြေမှ အင်မော်တယ်အဖြစ် အတည်ပြုမှုကို ထပ်မံရယူခဲ့သည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်မှသာ စစ်မှန်သည့် အင်မော်တယ်တစ်ပါး ဖြစ်လာမည်ဖြစ်ပြီး တန်ခိုးစွမ်းအားလည်း ပိုမိုမြင့်မားလာမည် ဖြစ်သည်။

မဟုတ်ပါက ယခုကဲ့သို့ ဟော်ကျီးလို နတ်မိစ္ဆာမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ဟော်ကျီးဆိုသည်က အင်မော်တယ်ဖြစ်သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် မီးမိစ္ဆာတစ်ပါးဖြစ်သည် မဟုတ်ပါလား။

လုန်မန်က အသက် (၂၀) ပင် မပြည့်သေးပေ။ အင်မော်တယ်အဖြစ် မွေးဖွားလာသာကြောင့်သာ တန်ခိုးစွမ်းအား မြင့်မားနေသော်လည်း လောကကြီးအကြောင်း သိပ်ပြီး မသိရှိသေးပေ။

ယနေ့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရသူက လူသားတစ်ယောက်လား ၊ လူသားမဟုတ်သည့် အခြားမျိုးနွယ်လားဆိုသည်ကို လုန်မန် အလွန်သိချင်နေမိသည်။

ထိုသူရင်ဆိုင်နေရသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကြည့်ခြင်းအားဖြင့် ထိုသူက သူကဲ့သို့ မွေးကတည်းက အင်မော်တယ်ဖြစ်လာသူတစ်ယောက်နှင့် ပိုမိုဆင်တူနေသည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး လုန်မန်က စိတ်အနှောက်အယှက် မဖြစ်မိပေ။

မည်သို့ပင်ဖြစ်စေ သူနှင့် ဟော်ကျီးကတော့ ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

သူတို့လိုချင်သည့် အဖိုးတန်မှော်ဝင်ပစ္စည်းကိုသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်လက်ရှာဖွေရပေတော့မည်။

………………

ကျန်းလန် မြေပြင်ထက်တွင် မတ်တတ်ရပ်နေလေသည်။

သူက ကောင်းကင်ထက်တွင် စုဝေးနေသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်း အန္တရယ်တိမ်တိုက်များကို တည်ငြိမ်စွာဖြင့် ကြည့်နေသည်။

ဤသို့သောစမ်းသပ်ခံရခြင်းမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သည့်တိုင် ကျန်းလန်က ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်မိပေ။

သူက မိုးကောင်းကင်စမ်းသပ်ခံရခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို စာအုပ်စာပေများထဲတွင် ဖတ်ရှုလေ့လာဖူးသည်။

ယနေ့ လက်တွေ့မြင်တွေ့ရခြင်းကတော့ ပထမဆုံးအကြိမ် ဖြစ်လေ၏။

“မိုးကောင်းကင်စမ်းသပ်ခံရခြင်းက ငါထင်ထားတာနဲ့ တခြားစီဖြစ်နေသလိုပဲ…”

ကျန်းလန် တွေးလိုက်သည်။

ထိုစဉ်မှာပင်…

အန္တရယ်တိမ်တိုက်များကြားတွင် နက်မှောင်သည့် တိမ်တိုက်ဝဲဂယက်တစ်ခု ထွက်ပေါ်လာသည်။

ထိုတိမ်တိုက်ဝဲဂယက်၏ အလယ်ဗဟိုတွင် လျှပ်စီးတန်ခိုးစွမ်းအားများ မြင့်တက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးမုန်တိုင်းများဖြင့် ဖုံးလွှမ်းသွားသည်။

မဟာအဖျက်စွမ်းအား…။

မဟာအဖျက်စွမ်းအားထွက်ပေါ်လာပြီးနောက် မိုးကောင်းကင်စမ်းသပ်ခံရခြင်း အန္တရယ်တိမ်တိုက်များက တောင်တစ်ခွင်လုံးကို ဖုံးအုပ်သွားသည်။

“ဘုန်း…”

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ လျှပ်နွယ်တစ်ခု သူ့ထံကျရောက်လာသည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း မိုးကြိုးအန္တရယ်ကို ရင်ဆိုင်ရသည်နှင့် ကျန်းလန် အလိုလိုရှောင်တိမ်းပြီးသား ဖြစ်သွားသည်။

“ဘုန်း…”

မိုးကြိုးတစ်စင်းက မြေပြင်ထက်သို့ ထိမှန်သွားပြီး သဲများနှင့် ကျောက်တုံးများ လွင့်စင်ထွက်သွားသည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း မိုးကြိုးပစ်ချက်ကို သူ ရှောင်တိမ်းနိုင်ခဲ့သည်လား။

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

“ဘုန်း…”

ထိုအချိန်မှာပင် နောက်ထပ် မိုးကြိုး (၂)စင်း ထပ်မံကျရောက်လာပြန်သည်။

ထိုမိုးကြိုး (၂)စင်းလုံးကို ကျန်းလန်က ဆက်လက်ရှောင်တိမ်းလိုက်သည်။

သို့သော် သူ့တွင် တွေးတောနေရန် အချိန်မရှိတော့ပေ။ အကြောင်းမှာ နောက်ထပ် မိုးကြိုး (၃)စင်းက ထပ်မံ ကျရောက်လာပြန်သောကြောင့် ဖြစ်၏။

မိုးကြိုးပစ်ချက်များက လျှင်မြန်လွန်းသဖြင့် ကျန်းလန်သည့်လည်း အလျှင်အမြန် ရှောင်တိမ်းနေရသည်။ သူ မည်သို့မည်ပုံ ရှောင်တိမ်းနေမိသည်ကို မသိရှိသည့်တိုင် ထိုအတိုင်းပင် ဆက်လက် ရှောင်တိမ်းနေလိုက်သည်။

“ဘုန်း…”

“ဘုန်း…”

သုံး… ၊ လေး… ၊ ငါး… ၊ ကိုး…။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း မိုးကြိုး (၉)စင်းတိတိကို ကျန်းလန် ရှောင်တိမ်းနိုင်ခဲ့လေသည်။

ထိုသို့ရှောင်တိမ်းနိုင်ရန်အတွက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို နောက်ဆုံးအကန့်အသတ်ရောက်သည်အထိ ကျန်းလန် အသုံးပြုခဲ့ရသည်။

နောက်ထပ်မိုးကြိုးတစ်ချက် ကျရောက်လာမည်ဆိုလျှင် ကျန်းလန် ရှောင်တိမ်းနိုင်တော့မည် မဟုတ်ပေ။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း မိုးကြိုး (၉)ချက်ကို ရင်ဆိုင်ပြီးသည့်နောက် ကျန်းလန် မရေမရာ ခံစားလိုက်ရသည်။

ကောင်းကင်ထက်မှ (၁၀)ကြိမ်မြောက်မိုးကြိုးပစ်ချက် ထပ်မံထွက်ပေါ်လာဦးမည်လားဟု ကျန်းလန် တွေးနေစဉ်မှာပင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအန္တရယ်က ရပ်တန့်သွားခဲ့သည်။

အန္တရယ်တိမ်တိုက်များက ကောင်းကင်ထက်တွင် လှည့်ပတ်နေပြီး ကျန်းလန်ကို ထပ်မံတိုက်ခိုက်ခြင်း မပြုတော့ပေ။

ကောင်းကင်ထက်မှ အနက်ရောင်တိမ်တိုက်များကိုကြည့်ရင်း ကျန်းလန် အနည်းငယ် စိတ်ရှုတ်ထွေးသွားမိသည်။ ထိုတိမ်တိုက်များကိုကြည့်ရသည်မှာ သူ စာအုပ်များထဲတွင် ဖတ်ရှုထားသည်နှင့် မတူသလို ခံစားနေရသည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း မိုးကြိုးပစ်ချက်များက ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ခြင်း မရှိပေ။ ထိုသို့ဆိုလျှင် သူက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဟု အန္တရယ်တိမ်တိုက်များက ထင်မှတ်သွားလေမည်လား။

မည်သို့ပင်ဖြစ်စေ သူ့ခြေထောက်အောက်မှ မြေပြင်ကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီ ဖြစ်လေသည်။

ကျန်းလန် ကြည့်နေစဉ်မှာပင် အန္တရယ်တိမ်တိုက်များ ပုံသဏ္ဍန်ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ရသည်။

အနက်ရောင်တိမ်တိုက်ဝဲဂယက်၏ အလယ်ဗဟိုတွင် လျှပ်စီးနဂါးတစ်ကောင် ကူးခတ်ထွက်ပေါ်လာလေသည်။ ထိုနဂါး၏ ခန္ဓာကိုယ်က သွေးနီရောင်တောက်ပနေပြီး အဖျက်စွမ်းအားရောင်ဝါများ တောက်ပစွာ ထွက်ပေါ်လျှက်ရှိသည်။

နဂါး၏ ခန္ဓာကိုယ်မှ အဖျက်စွမ်းအားရောင်ဝါများကိုကြည့်ပြီး ကျန်းလန် ပိတ်မိနေသလို ခံစားလိုက်ရသည်။

ခွန်လွန်စိတ်ကျမ်းမှ တန်ခိုးစွမ်းအားများနှင့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားမှာ ချက်ချင်းပင် အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားလေသည်။

ထိုသွေးနီရောင်နဂါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန် မဖြစ်နိုင်တော့ကြောင်း ကျန်းလန် နားလည်လိုက်သည်။

စောစောက မိုးကြိုး (၉)စင်းလုံး ရှောင်တိမ်းနိုင်ခဲ့သည်မှာ ခွန်လွန်စိတ်ကျမ်းမှ တန်ခိုးစွမ်းအားများကြောင့် ဖြစ်သည်ကို ကျန်းလန် သဘောပေါက်သွားသည်။

သို့သော် မိုးကြိုး (၉)စင်းလုံးကို ရှောင်တိမ်းလိုက်နိုင်ခြင်းက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ထပ်မံနှိုးစွလိုက်သလို ဖြစ်သွားခဲ့သည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ခြင်းမပြုဘဲ ရှောင်တိမ်းနိုင်ခဲ့သည့် ကျန်းလန်ကို အန္တရယ်တိမ်တိုက်များက အစိတ်စိတ်အမွှာမွှာ ခွဲချေပစ်လိုဟန် ရှိသည်။

အဝေးတစ်နေရာတွင်တော့ လုန်မန်က မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်စဉ်ကို တုန်လှုပ်စွာဖြင့် ကြည့်နေလေသည်။

“ဒါ ဘယ်လိုမျိုး မိုးကောင်းကင်စမ်းသပ်ခံရခြင်းမျိုးလဲ… ၊ ငါ တစ်ခါမှ မကြားဖူးဘူး…”

လုန်မန်တွေးလိုက်သည်။

သို့သော် ခဏအတွင်းမှာပင် တစ်စုံတစ်ခုကို သတိရသွားသည်။

“မဟုတ်ဘူး… ငါ သိသလိုပဲ… ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်းက သွေးနီရောင်နဂါး ထွက်ပေါ်လာတယ်ဆိုရင်… အဲဒီ သွေးနီရောင်နဂါးက လောကတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ ကြားဖူးတယ်…”

ထိုစဉ်မှာပင်…

“ဟူး… ဟူး…”

အန္တရယ်တိမ်တိုက်များဆီမှ အဖျက်စွမ်းအားများ ချက်ချင်းပင် မြင့်တက်လာသည်။

လုန်မန်၏ စိတ်ထဲတွင် အကြောက်တရားများဖြင့် ပြည့်နက်သွားသည်။ ကြောက်မက်ဖွယ်ရာကောင်းသည့်အရာတစ်ခုက သူ့ထံသို့ ချဉ်းကပ်လာသည့်အလား ခံစားလိုက်ရသည်။

သွေးနီရောင်နဂါးဆီမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားရောင်ဝါကို ခံစားလိုက်ရသည်နှင့် ထိုနဂါး၏ အကြည့်တစ်ချက်အောက်တွင် သူပါ ပျက်ဆီးပျောက်ကွယ်ရတော့မည်ဟု လုန်မန် ထင်မှတ်လိုက်မိသည်။

ကြောက်ရွံ့မှုက သူ့အသွေးအသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

“ဒါ… ဒါ သွေးနီရောင်နဂါးစမ်းသပ်ခံရခြင်းအန္တရယ်ပဲ… ၊ ဘာလို့ ဒီလိုမျိုး မိုးကောင်းကင်စမ်းသပ်ခံရခြင်းက ထွက်ပေါ်လာရတာလဲ…”

သွေးနီရောင်နဂါး စမ်းသပ်ခံရခြင်းအန္တရယ်ကို သွေးနီရောင်နဂါးသေခြင်းတရားဟုလည်း ခေါ်ဆိုကြသည်။

မိုးနှင့်မြေ၏ သဘာဝတရားကိုဆန့်ကျင်ပြီး အင်မော်တယ်လမ်းသို့ လိုက်သူများအနေဖြင့် ထိုသို့သော စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ကြရမည် ဖြစ်သည်။

ဤသို့သော မိုးကောင်းကင်စမ်းသပ်ခံရခြင်းမျိုးကို ရင်ဆိုင်ရသူသည် သေချာပေါက် အသက်ပျောက်မည် ဖြစ်သည်။ အသက်ရှင်ရန် လုံး၀ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ထိုသို့သော သေလောက်သည့်အန္တရယ်ကို ဖိတ်ခေါ်ရန်အတွက် လုံလောက်သည့် တန်ခိုးစွမ်းအားရှိရန်လည်း လိုအပ်သည်။

ကြည့်ရသည်မှာ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်နေရသည့် ကျင့်ကြံသူက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

“ဒီလူသာ လူသားအင်မော်တယ်အဆင့်တက်သွားလို့ကတော့ ဘယ်လောက် ကြောက်စရာကောင်းမလဲမသိဘူး… ၊ ငါတောင်မတွေးရဲဘူး…”

လုန်မန်တွေးလိုက်သည်။

သူရပ်နေသည့်နေရာတွင် လုန်မန် ကြာကြာမနေရဲတော့ပေ။

သူက သွေးနီရောင်နဂါးစမ်းသပ်ခံရခြင်းအန္တရယ်နှင့် ဝေးရာသို့သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ ဤသို့သော ဘေးအန္တရယ်ကပ်ဆိုးကြီးတွင် သူ ပါဝင်ပတ်သက်လိုခြင်း မရှိပေ။

ထိုစဉ်မှာပင် သူ့နံဘေးတွင်ရှိနေသည့် နတ်မိစ္ဆာဟော်ကျီးမှာလည်း လစ်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း ဖြစ်ပွားနေသည့်နေရာနှင့် ဝေးကွာသည့်နေရာသို့ ပျံသန်းထွက်ခွာသွားရင်း ဟော်ကျီးတွေးလိုက်မိသည်။

“ဒီနေရာမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတာပဲ… ၊ သွေးနီရောင်နဂါးသေခြင်းတရားတောင် ထွက်ပေါ်လာတယ်ဆိုတော့ တာအိုကိုဆန့်ကျင်အံတုတဲ့ နောက်ထပ်လူသားတစ်ယောက် ထပ်ပြီး ထွက်ပေါ်လာပြန်ပြီထင်တယ်… ၊ ဒီလိုမျိုး မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရလေ့ရှိတာ အများစုက လူသားတွေပဲ… ၊ လူသားတွေကတော့ ဘာမဆို လုပ်ရဲကြတယ်…”

သွေးနီရောင်နဂါးသေခြင်းတရားကို ရင်ဆိုင်ရသူ အသက်ရှင်နိုင်မည် မဟုတ်ကြောင်း ဟော်ကျီး သိရှိလေသည်။

ထိုသို့သော မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရသူများ အသက်ရှင်သန်နိုင်ခဲ့သည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

……………

ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်တိုက်များထဲမှ သွေးနီရောင်လျှပ်စီးနဂါးက ကျန်းလန်ကို စိုက်ကြည့်နေလေသည်။ သူ့ကိုကြည့်ရသည်မှာ အချိန်မရွေးဆင်းသက်လာပြီး ကျန်းလန်ကို တိုက်ခိုက်တော့မည့်ဟန် ဖြစ်သည်။

သွေးနီရောင်နဂါးကိုကြည့်ရင်း ကျန်းလန်၏ နှလုံးသားထဲတွင် အကြောက်တရားက တဖြည်းဖြည်းကြီးထွားလာသည်။ သူ ဤနေရာတွင် သေရတော့မည်ဟု ခံစားလိုက်ရသည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း အန္တရယ်တိမ်တိုက်များက အမှန်တကယ်ပင် မျက်မာန်ရှနေဟန် ရှိသည်။

သူရင်ဆိုင်ရသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းက မည်မျှပင် စွမ်းအားကြီးမားပါစေ ကျန်းလန်ကတော့ အသက်ဆက်လက်ရှင်သန်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

အင်မော်တယ်မဖြစ်သေးဘဲ သူ ကျရှုံးသွား၍ မဖြစ်ပေ။

သူ့ထံကျရောက်လာမည့်အန္တရယ်ကို ရင်ဆိုင်ရန်အတွက် ကျန်းလန် အဆင်သင့်ပြင်ဆင်ထားလိုက်သည်။

ထိုစဉ်မှာပင် သူ့ခေါင်းထဲသို့ ရယ်စရာကောင်းသည့်အတွေးတစ်ခုက ရုတ်တရက် ဝင်ရောက်လာသည်။

“ငါ မိုးကောင်းကင်စမ်းသပ်ခံရတာကို ရင်ဆိုင်နေရတုန်း စနစ်မှာမှတ်ပုံတင်လိုက်ရင် ဘယ်လိုနေမလဲ မသိဘူး…”

ဟုတ်ပေ၏။

မိုးကောင်းကင်စမ်းသပ်ခံရစဉ်အချိန်တွင် စနစ်မှတ်ပုံတင်ပါက မည်သို့ဖြစ်မည်ကို သူ သိချင်နေမိသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက အန္တရယ်များလွန်းလှသည်။

ထို့နောက် ကျန်းလန် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအန္တရယ်ကို ဒီအတိုင်းစောင့်မနေတော့ဘဲ သွားရောက်ရင်ဆိုင်ရန် ကျန်းလန် ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုင်စောင့်နေ၍လည်း အန္တရယ်က အားနည်းသွားမည် မဟုတ်ပေ။ ထို့ကြောင့် လာမည့်ဘေး ပြေးတွေ့လိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျန်းလန် သူ့ခန္ဓာကိုယ်ထက်တွင် ပြုလုပ်ထားသည့် အစီအရင်ကို အသက်သွင်းလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

ကောင်းကင်ထက်သို့ ပျံသန်းသွားရင်း ကျန်းလန် သူ၏စွမ်းအားများကို စတင်စုစည်းလိုက်သည်။

စွမ်းအားကြီးမားလွန်းလှပြီး ပုံမှန်မဟုတ်သည့် သွေးနီရောင်လျှပ်စီးနဂါးကြီးကို ရင်ဆိုင်ရန်အတွက် အပြင်းထန်ဆုံးစွမ်းအားကို အသုံးပြုရမည် ဖြစ်သည်။

ကျန်းလန်ပိုင်ဆိုင်သည့် အစွမ်းအထက်ဆုံး စွမ်းအားမှာ “အန္တရယ်ကိုးသွယ်စွမ်းအား” ပင် ဖြစ်သည်။

အန္တရယ်ကိုးသွယ်စွမ်းအားဖြင့် သွေးနီရောင်နဂါးကို ရင်ဆိုင်တိုက်ခိုက်ပြီးမှ စနစ်တွင်မှတ်ပုံတင်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကျန်းလန် ကောင်းကင်ထက်တွင် ပျံသန်းနေရင်း သွေးနီရောင်နဂါးရှိရာသို့ တည့်တည့်မတ်မတ်ဝင်ရောက်သွားလေ၏။

သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သူ့ကိုကာကွယ်ထောက်ပံ့ပေးထားသည့် အစီအရင်တစ်ခု ထွက်ပေါ်လာသည်။ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန်အတွက် သူကိုယ်တိုင်ဖန်တီးပြုလုပ်ထားသည့် အစီအရင် ဖြစ်သည်။

အစီအရင် အသက်ဝင်လာသည်နှင့် ကျန်းလန်က အလင်းတန်းတစ်ခုအသွင် ကူးပြောင်းသွားပြီး ကောင်းကင်ထက်တွင် စုဝေးနေသည့် အန္တရယ်တိမ်တိုက်များရှိရာသို့ ဦးတည်ဝင်ရောက်သွားသည်။

လုန်မန်က ကြောက်မက်ဖွယ်ရာ မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်စဉ်နှင့် ဝေးနိုင်သမျှဝေးဝေးသို့ နောက်ဆုတ်လာသည်။

ပြီးမှ သူက အဖြစ်အပျက်များကို သိချင်စိတ်ဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။

ထိုအခါ တွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားရလေ၏။

“ရူးသွပ်တာပဲ… ဒါ တကယ့် ရူးသွပ်မှုပဲ…”

မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်နေရသူသည် မည်သူမည်ဝါဖြစ်မှန်း လုန်မန် မသိရှိပေ။

သို့သော် လောကတွင် မိုးကောင်းကင်စမ်းသပ်ခံရခြင်း အန္တရယ်တိမ်တိုက်များဆီသို့ တိုက်ရိုက်တိုးဝင်ရင်ဆိုင်ရဲသူ တစ်ယောက်မှ မရှိပေ။

ထိုသို့ပြုလုပ်ခြင်းက မိုးကောင်းကင်စမ်းသပ်ခံရခြင်းအန္တရယ်ကို မထီမဲ့မြင်ပြုရာကျသည်။

သို့သော် ထိုလူသားကတော့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းအန္တရယ်အတွင်းသို့ တည့်တည့်မတ်မတ်ပင် ဝင်ရောက်သွားပြီ ဖြစ်သည်။

“ကြည့်ရတာ… ဒီလူသားက ဂုဏ်သိက္ခာရှိရှိနဲ့ သူရဲကောင်းဆန်ဆန် သေချင်တာ ဖြစ်ရမယ်…”

လုန်မန် တွေးလိုက်သည်။

ထို့နောက် သူက နောက်သို့ဆက်မဆုတ်တော့ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်၏။

ထိုလူသားက ဂုဏ်သိက္ခာရှိရှိဖြင့် ဘဝကိုအဆုံးသတ်လိုလျှင် သူကလည်း ထိုသူကို လေးစားမှုပြုရမည် ဖြစ်သည်။

သွေးနီရောင်နဂါးလက်ချက်ဖြင့် ထိုသူ ဂုဏ်သိက္ခာရှိရှိ သေဆုံးသည့်မြင်ကွင်းကို သူကလည်း အလေးအမြတ်ထားကာ ကြည့်ရှုရမည် ဖြစ်သည်။

“လူသားရေ… ကျုပ်က မွေးကတည်းက နတ်ဘုရားတစ်ပါးဖြစ်လာတဲ့သူဆိုပေမယ့်… မင်းရဲ့ သတ္တိကိုတော့ လေးစားချီးကျူးပါတယ်ကွာ…”

လုန်မန် ရေရွတ်လိုက်လေ၏။


Comment

Leave a Reply


Options

not work with dark mode
Reset