Switch Mode

အခန်း ( ၂၁ )

အစ်ကိုကြီးရှောင်ချန်း

ဆေးတစ်သောင်းအဆောင်သည် မွှေးရနံ့ တိမ်တောင်တွင် လူအစည်ကားဆုံး နေရာတစ်ခုဖြစ်ပြီး စည်ကားရသောအကြောင်းမှာ အဆောင်ပတ်ပတ်လည်တွင် စိုက်ထူထားသော ကျောက်တိုင်ဆယ်တိုင်ကြောင့် ဖြစ်သည်။ ထို့ပြင် ဆေးတစ်သောင်းဆောင်သည် အပြင်စည်းဂိုဏ်းသားများအတွက် မိမိတို့၏ စွမ်းဆောင်မှု ရမှတ်များနှင့် ဆေးပင်များ၊ ဆေးဝါးဖော်စပ်နည်းများကို လာရောက်လဲလှယ်ရာ နေရာလည်းဖြစ်သည်။

နယ်လှည့်သမားတော် အဆင့်သို့ တိုးမြှင့်ရန် စစ်ဆေးမှုပွဲများကိုလည်း အမြဲလိုလို ကျင်းပလေ့ရှိပြီး တစ်ခါတစ်ခါ ဂိုဏ်းသားများ လက်စွမ်းပြဖော်စပ်ထားသော ဆေးအမျိုးမျိုးကိုလည်း ခင်းကျင်းပြသကာ ရောင်းချကြသည်။ ထိုသို့သော အကြောင်းအရင်း အမျိုးမျိုးကြောင့် ဆေးတစ်သောင်းဆောင် ပရဝဏ်တစ်ဝိုက်သည် အသံများဆူပွက်နေသော ဒယ်အိုးကြီးတစ်လုံးပမာ ဖြစ်နေသည်။

ကြက်ပျံမကျ စည်ကားလှသည့် အားလျော်စွာ သတင်း စုံသော နေရာတစ်ခုဟုလည်း ဆိုနိုင်သည်။ ဆေးပင်နှင့် သစ်ဥသစ်ဖုများအကြောင်း ဖလှယ်ကြသည့်အပြင် ဂိုဏ်းအတွင်းဖြစ်ပျက်သမျှ အရေးကြီးသတင်းကော အရေးမကြီးသောသတင်းကော နောက်ဆုံး အရည်မရအဖတ်မရ အတင်းအဖျင်းများပင် ဖောက်သည်ချရာ နေရာဖြစ်လာသည်။

ပိုင်ရှောင်ချန်း ရောက်သွားချိန်မှာလည်း ထုံးစံအတိုင်း ပြည့်ကျပ်နေကြသည်။ လမ်းသွားလမ်းလာများရှိသော်လည်း သုံးဆယ်ကနေ….ငါးဆယ်ရာခိုင်နှုန်းလောက်သော ဂိုဏ်းသားများမှာ ဒီအတိုင်းရပ်၍ စကားပြောနေခြင်းဖြစ်သည်။ ကျောက်တိုင်များပေါ်ရှိ အမည်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အစမ်းသပ်ခံရန် လာရောက်ကြသူများလည်းရှိသည်။

ပိုင်ရှောင်ချန်းသည် ပြည့်ကြပ်နေသော လူအုပ်ကြီးထဲကို ဇွတ်အတင်း တိုးဝှေ့ပြီး ဒုတိယကျောက်တိုင်ဆီသို့ ဦးတည်သွားနေသည်။ ကျောက်တိုင်နား အရောက်မှာပင် အပြင်စည်းဂိုဏ်းသား သုံးယောက် သူ့အကြောင်းပြောနေသည်ကို နားစွန်နားဖျား ကြားရသည်။

“ခင်ဗျားတို့ ကြားပြီးကြပြီလားဗျ….. ဂိုဏ်းထဲမှာဗျာ ကျော်မကောင်း ကြားမကောင်း၊ ဂိုဏ်းချုပ်သခင်လီ ရဲ့ ဝိဉာဉ်အမြီးကြက်တွေ အခိုးခံရတာ အကောင်တစ်ရာလောက် ရှိပြီတဲ့ဗျာ……”

“တစ်ရာ ဘယ်ကမလဲဗျ……. ကျုပ်ကြားတာကတော့ ဂိုဏ်းချုပ်လီဆီမှာ ကြက်တွေတောင် ဘာမှသိပ်မကျန်တော့ဘူးတဲ့။ ကြက်ခြံမှာတာဝန်ကျတဲ့ ဂိုဏ်းသားတွေဆို အဲ့သူခိုးကို တွေ့ရာ သင်္ချ ိုင်း ဓားမဆိုင်း ဆိုပြီး ကြိမ်းနေလိုက်ကြတာဗျာ။ မိလို့ကတော့ နုတ်နုတ်စင်းပြီး ကြက်စာကျွေးပစ်ကြမတဲ့ဗျ ”

“တော်တော်တော့ ထူးဆန်းတယ်ဗျို့။ ဘာလို့များ ကျုပ်တို့ မွှေးရနံတိမ်တောင်ဂိုဏ်းမှာ ရုတ်တရက်ကြီး ခုလို ပါရမီရှင်လေးတွေ ပေါ်လာကြလဲမသိပါဘူးဗျာ၊ အရင်ကလဲ ထူးထူးဆန်းဆန်းလိပ်ကလေး။ ခုကျတော့ စောရကြက်သူခိုးက တစ်ခေတ်ထလာပြန်ရောဗျာ….”

ရှောင်ချန်းမှာ ကိုယ့်အပြစ်နှင့် ကိုယ်မို့ ပုခုံးကိုကျုံ့၍ ခေါင်းလေးကိုပုထားရလေသည်။ တကယ်တမ်းကျတော့ သူလုပ်မိတာဆိုလို့ ကြက်လေးတစ်ကောင် နှစ်ကောင်လောက်လေး ခိုးမိတာလေးကို ဘယ်သူက ဒီလောက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်မယ်လို့ တွေးမိမှာလဲ။ခုကျတော့ လူတိုင်းနီးပါး ဒီအကြောင်းပဲ ပြောနေကြတော့သည်။

ကြက်ပိုင်ရှင်မှာ လီချင်းဟောက် ဖြစ်နေသောကြောင့် သူ့အဖြစ်မှာ ပိုပြီးမတွေးရဲစရာ ဖြစ်လာသည်။

“ရှီး….. တကယ်တမ်းက ငါလည်း အဲ့လောက်အများကြီး မခိုးမိပါဘူး ” ရှောင်ချန်းမှာ သူကိုသပ်သပ် ခြောက်ချခံနေရသည်ဟုပင် တွေးလိုက်သေးသည်။ စောရကြက်သူခိုးအပေါ် လူထုအမြင်ကို ပြောင်းလဲရန် အကြံထုတ်နေစဉ် နောက်ဘက်မှ ကြိမ်းမောင်းအော်ဟစ်သံ ထွက်ပေါ်လာသည်။

“ဒီမှာ မိန်းကလေး.မင်း ဒီလောက်တိုးဝှေ့နေတာ ။ဘာလဲ မင်း ကြီးတော်ကြီး အသုဘမမှီမှာ စိုးလို့လား…”

” ကျွန်မဘာကျွန်မ တိုးတော့ ဘာဖြစ်ချင်လဲ ။ရုပ်ကြည့်တော့ ချဉ်ပေါင်ရိုး ထုတ်ထိုးထားတဲ့ရုပ် လူတောမတိုးတဲ့ရုပ်နဲ့။ ဒီလိုနေရာ လာရင်တော့ ဒီလိုတိုးခံရမှာပဲ တောသားရဲ့…”

“မင်းတော့ကွာ…”

ရှောင်းချန်းစိတ်ထဲတွင် အသံကို ရင်းနှီးသလို ဖြစ်နေသောကြောင့် လှည့်ကြည့်လိုက်ရာ အားကောင်းမောင်းသန် ယောက်ျားကြီးတစ်ယောက်ကို လက်ကလေးနောက်ပစ်ပြီး မထီမဲ့မြင်အကြည့်လေးနှင့် ရန်တွေ့နေသော နူးညံ့လှသည့် မိန်းမပျိုလေး။

” ဟိုရှောင်မေ့..” ရှောင်ချန်းမှာ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် ခေါ်လိုက်သည်။

မိန်မပျိုမှာ အမှန်ပင် ဟိုရှောင်မေ့ ဖြစ်ပြီး အသံရှင်ဆီသို့ လှည့်ကြည့်ရာ ရှောင်ချန်းကိုမြင်မြင်ချင်း စောနက ခက်ထန်သော အသွင်မှာပျောက်သွားပြီး ပျော်ရွှင်သွားသောမျက်နှာလေးပေါ်လာသည်။

“ကိုကြီးရှောင်ချန်း..ရှင်ကိုး ” တအံတသြရေရွတ်ရင်း သူဆီသို့လျှောက်လာသည်။ အနားမရောက်မီကပင် ရှောင်မေ့၏ အပြစ်ကင်းပြီး စွဲဆောင်မှုရှိသော အငွေ့အသက်က မျက်နှာပြင်ကို တိုးဝှေ့ကျီစားလာသည့်အလား ခံစားလိုက်ရပြီး ရှောင်ချန်းမျက်နှာမှာ နီရဲလာသည်။

“ဟေး… ချစ်စရာကောင်းတဲ့ ရှောင်မေ့လေး….” သွက်သွက်လက်လက်လေးနှင့် ချစ်စရာကောင်းသော ရှောင်မေ့ကိုကြည့်ရင်း ခေါ်လိုက်သည်…” ( ‘ရှောင်မေ့’ ဆိုသော စကားလုံး၏ မူရင်းအဓိပ္ပာယ်ကပင် ‘ညီမလေး’ ဖြစ်ရာ ညီမလေးရှောင်မေ့ဟုခေါ်လျှင် ‘ရှောင်မေ့ ရှောင်မေ့’ ဟုခေါ်နေရမည်ဖြစ်သောကြောင့် ပြောင်းခေါ်လိုက်ရာ နောက်ပိုးသလို အသုံးနှုန်းမျိုး ဖြစ်သွားခြင်းဖြစ်သည်။)

ရှောင်ချန်း၏ စကားကြောင့် ရှောင်မေ့မှာ အနည်းငယ် ရှက်သွေးဖြာသွားပြီး
” ဟင်း….တော်ပါ..အစ်ကိုကြီးရှောင်ချန်းကလဲ” ချစ်စဖွယ်လေးပြန်ပြောလေသည်။
” အစ်ကိုကြီးက အရမ်း အနောက်သန်တာပဲ၊ ညီမကို ဟိုရှောင်မေ့လို့ပဲ ခေါ်ပါရှင့်..”

ဆတ်ဆတ်ထိမခံ ဒေါသအိုးမလေးသည် ချက်ချင်းဆိုသလို ချစ်စဖွယ်မိန်းကလေး တစ်ယောက်လို ပြောင်းလဲသွားပြီးနောက် အနားရှိ ဂိုဏ်းသားအချို့လည်း မျက်စိကျစ ပြုလာကြသည်။ သူနှင့်ရန်ဖြစ်နေသော လူကြီးပင် စိတ်ဆတ်သလောက် အပြောင်းအလဲမြန်သော မိန်းကလေးကို ကြည့်ရင်း အံသြမိသည်။

“အစ်ကိုကြီးရှောင်ချန်း…… ညီမလေးက ဒီကို ပထမဆုံး ရောက်ဖူးတာဆိုတော့ အပင်နဲ့ အသီးအရွက်ကျမ်း ဒုတိယတွဲကို ဘယ်မှာသွားယူရမလဲ မသိဘူးဖြစ်နေတာရှင့်…”
ရှောင်မေ့မှာ ဆေးတစ်သောင်းဆောင်ကို အမှန်ပင် ခုမှရောက်ဖူးခြင်းဖြစ်သည်။ အရင် သူ့အစ်ကိုကြီး ရှိစဉ်က အစစအရာရာ လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်သောကြောင့် တစ်ကိုယ်တည်းဖြစ်လာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန်တွင် ကံကောင်းထောက်မစွာ ရှောင်ချန်းနှင့်တွေ့ရခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက ပြုံးပြလိုက်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းပြလေရာ ရှောင်မေ့မှာ ခေါင်းလေးတစ်ငြိမ့်ငြိမ့်နှင့် နားထောင်နေရှာသည်။ ရှင်းပြအပြီးတွင် ရှောင်မေ့သည် ပိုင်ရှောင်ချန်း၏ နှံစပ်မှုနှင့် ကူညီတတ်မှုကို အရမ်းသဘောကျနေလေသည်။

ရှောင်မေ့မှာ နောက်ထပ်မေးစရာ ကျန်မကျန် ကြည့်ပြီးနောက် သစ်ပင်နှင့် အသီးအရွက် ပထမတွဲကို စစ်ဆေးသော ပထမကျောက်တိုင်ကို ညွှန်ပြရင်း
” အစ်ကိုပြောတာ ဟိုကျောက်တိုင်လေ…မြင်တယ်မလား။ အဲ့ကျောက်တိုင်မှာ ထိပ်ဆုံးအမှတ်ရတဲ့ သူတွေက ဂိုဏ်းရဲ့ လက်ရွေးစင်တွေလို့ ပြောလို့ရတယ်.. တစ်နည်းပြောရရင်ကွာ နောင်တစ်ချိန်မှာ ကျင့်ကြံသူလောကကို သိမ့်သိမ့်တုန်သွားစေမဲ့ လူတွေပေါ့ကွာ….”

” အစ်ကိုကြီးလဲ လူတွေအကုန်တော့ မမှတ်မိဘူးပေါ့။ ဒုတိယတစ်ယောက်ကိုပဲ ကြည့်လိုက်။ အဲ့ဒီ မှော်ပုလင်းသင်္ကေတဆိုတာ မွှေးရနံတိမ်တောင်ဂိုဏ်းရဲ့ အမျိုးသမီးလက်ရွေးစင် ကျိုးရှင်းချီကို ကိုယ်စားပြုတာလေ”

“ကျိုးရှင်းချီ…. ”
ရှောင်မေ့၏ မျက်လုံးများမှာ အားကျစိတ်ဖြင့် အရောင်တောက်လာပြီး မှော်ပုလင်းသင်္ကေတကို စိုက်ကြည့်ရင်း
” ဒါဆို အဲ့ဒီသင်္ကေတလေးက ဂိုဏ်းချုပ်ရဲ့လက်ရင်းတပည့်၊ အပင်နဲ့ အသီးအရွက်ပညာရပ်မှာ ထိပ်တန်းပါရမီရှင်၊ အတွင်းစည်းဂိုဏ်းသူလောင်း အမကြီးကျိုးရဲ့ အမှတ်အသားပေါ့နော်…”

ရှောင်မေ့၏ စကားများအရ ကျိုးရှင်းချီကို မည်မျှလေးစားအားကျကြောင်း ထင်ရှားနေရာ ကျိုးရှင်းချီ ဒုတိယရသည်ကိုပြောပြီး ပထမနေရာကသူ့လိပ်ကလေးကို သတိထားမိအောင် ဉာဏ်ဆင်နေသော ရှောင်ချန်းမှာ နည်းနည်းတင်းသွားသည်။
“အဟမ်း ……ဒါပေါ့ ညီမရဲ့…. ကျိုးရှင်းချီက ဒီလောက်တော်နေလို့လဲ အဲ့ဒီကျောက်တိုင်မှာ ဒုတိယနေရာကြီးများတောင် ရတာပေါ့….” ဟု ‘ဒုတိယနေရာ’ ကို အသံမြှင့်ပြီးကို ပြောဖြစ်အောင်ပြောလိုက်သေးသည်။

ထိုအခါမှ ရှောင်မေ့မှာ အံအားသင့်သွားပြီး မျက်မှောင်ကြုံ့ရင်း
” ဒုတိယနေရာ… ဒါဆို အစ်မကြီးကျိုးအပေါ်က အဲ့ဒီလိပ်က ဘယ်သူ့ကို ကိုယ်စားပြုတာလဲဟင်။ ပုံကြီးကလဲ တော်တော်တော့ အကြည့်ရဆိုးတယ်နော်..”

ရှောင်မေ့စကားကြားမှ ပိုင်ရှောင်ချန်း မှိုတွေ့သော မျက်နှာကြီးမနည်းထိန်းပြီး တည်ငြိမ်သော အမူအရာ၊ လေးနက်သောအသံဖြင့်
” ဒါတော့ ညီမလေးမှားသွားပြီကွယ့်။ အဲ့ဒီ ခပ်မိုက်မိုက် လိပ်လေးက တကယ်တမ်းကျ အစ်ကိုကြီးတို့ တစ်ဂိုဏ်လုံးမှာ အတော်ဆုံး၊ အထူးဆန်းဆုံးနဲ့ လေးစားစရာအကောင်းဆုံး ဂိုဏ်းသားကို ကိုယ်စားပြုတာ ညီမလေးရဲ့ ”

” သူနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတွေအများကြီးရှိတယ်။ ဒီပုဂ္ဂိုလ် ပေါ်လာတိုင်း ဂိုဏ်းထဲမှာ အမြဲ အုတ်အုတ်သည်းသည်း ဖြစ်ရတာချည်းပဲ.. မရေမတွက်နိုင်တဲ့ ဂိုဏ်းသားတွေဆို သူလုပ်သမျှကို လေးစားအားကျကြတာ။ သူ့ကိုအာပေးတဲ့သူတွေ မနည်းဘူးညီမလေးရဲ့ ”

“တကယ်….” ဖြူ စင်ရိုးသားလှသော ရှောင်မေ့မှာ ရှောင်ချန်းပြောသမျှကို မျက်လုံးအပြူ းသားလေးနှင့်သာ တအံတသြနားထောင်နေရှာသည်။

“ညီမလေးကမသိလို့….. ပြီးခဲ့တဲ့နှစ်လက ကျိုးရှင်းချီရဲ့ ကျောက်တိုင်ကိုးခုလုံးမှာ ဗိုလ်စွဲမယ့် အိမ်မက်ကို ရိုက်ချိုးသွားတာလေ။ ကျိုးရှင်းချီဆို ဆွေ့ဆွေ့ခုန်နေတာပဲတဲ့…”

“ပြီးတော့ ဒါတောင် သူစပြီးပေါ်လာတဲ့ အခေါက်မှာပဲ ပထမနေရာကို
ယူချသွားတာနော်။ တကယ့် ထမင်းစားရေသောက်လိုကို အသာလေးလုပ်ပြသွားတာ ”

” အဲ့လို ပထမနေရာယူသွားတာ ကျိုးရှင်းချီလဲတွေ့သွားတော့ တစ်ပတ်လောက် မအိပ်နိုင် မစားနိုင်တောင်ဖြစ်ရောတဲ့။ ပြီးတော့ ပထမနေရာပြန်ယူဖို့ ခနခန ပြန်လာဖြေလဲ ခုထိဒုတိယကမတက်တော့ အရှက်ပါခနခနကွဲတာပေါ့…..”

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားလာပြီး လိပ်ကလေး၏ ကိုယ်စားပြုသူမှာ သူဖြစ်ကြောင်းထုတ်ပြောချင်သော်လည်း နောက်ဆုံးအချိန်တွင် ပြန်ထိန်းနိုင်ခဲ့သည်။ ယခုလိုကိစ္စမျိုးဆိုတာ လူသူပရိတ်သတ်အလယ်တွင် ထုတ်ပြောရမည့် စကားမျိုးဖြစ်ရာ မိန်းမငယ်လေး တစ်ယောက်တည်းရှေ့တွင် ပြောလိုက်လျှင် သဲထဲရေသွန်သလို ဖြစ်သွားမည်။

” အဲ့ဒီပုဂ္ဂိုလ်က တကယ်ကို အစွမ်းထက်တာပဲနော်….. ”
ရှောင်မေ့၏ မျက်လုံးလေးများသည် လမိုက်ညတွင်ထွန်းလင်းသော ကြယ်လေးများပမာ ။ လိပ်ကလေးကို ကြည့်နေစဉ်မှာလည်း အံသြလေးစားနေသော အရိပ်အရောင်ကို မျက်နှာတွင် အတိုင်းသားမြင်နေရသည်။

“စွမ်းတာပေါ့ ညီမလေးရဲ့..” ခုမှ ပိုင်ရှောင်ချန်း သက်ပြင်းခိုးချနိုင်တော့သည်။ စိတ်ထဲမှာတော့ လမ်းမှားလျှောက်နေသော ကလေးငယ်လေးတစ်ယောက်ကို ဆုံးမပဲ့ပြင် လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်လိုက်သကဲ့သို့ ကျေနပ်နေသည်။ တာဝန်ပြီးမြောက်ပြီဟု ယူဆပြီးနောက် မူလဦးတည်ရာ ဒုတိယကျောက်တိုင်ဆီသို့ ပြန်လှည့်လာခဲ့သည်။

လူအုပ်ကိုတိုးဝှေ့ပြီးနောက် တန်းစီသောနေရာတွင် နေရာယူလိုက်သည်။ အချိန်အတန်ကြာ စောင့်ဆိုင်းပြီးမှ လွတ်သွားသော သစ်သားအခန်းငယ်ထဲသို့ ဝင်လိုက်သည်။

အခန်း၏ အတွင်းပိုင်းမှာ ပထမတစ်ခေါက်ဖြေခဲ့သည် အခန်းအတိုင်းပင်ဖြစ်သည်။ လိပ်ပုံကိုရေးဆွဲပီးနောက် သူ၏ အမြင်အာရုံများ ကူးလူးပျံနှံ့လာပြီး သူ့နားမှာလည်း ကျယ်လောင်သောအသံများ ပြည့်နှက်လာသည်။ အမြင်အာရုံပြန်လည် ပုံမှန်ဖြစ်သွားပြီးနောက် ရင်းနှီးပြီးသား ဟင်းလင်းပြင်သို့ ထပ်ရောက်လာပြန်သည်။ ယခုတစ်ခါတော့ အေးစက်သောအသံအစား အပိုင်းပိုင်းဖြတ်ထားသော အပင်နှင့် အသီးအရွက်များ သူ့ရှေ့တွင်ပေါ်လာသည်။

ပိုင်ရှောင်ချန်းမှာ ပြင်ဆင်မှု အားကောင်းသူဖြစ်သည့်အတိုင်း အလျင်အမြန်ပင် လက်ကလှုပ်ရှားနေပြီး တစ်ခဏ အတွင်းမှာပင် ဝိဉာဉ်ပင်တစ်ပင်ပြီး တစ်ပင်ကို တွဲဆက်နေသည်။ အချိန်ပြည့်သွားသည့်အခါတွင် အပင်ငါးထောင်ပင် မကျန်တော့ပေ။ အခုစံချိန်မှ ပထမတစ်ခေါက်က စံချိန်ထက်ပင် သိသိသာသာ တိုးတက်လာသည်။

ရှောင်ချန်း၏ အာရုံပျံနှံလာပြန်ပြီး ပြန်မြင်နိုင်သောအခါ သစ်သားအခန်းဆီသို့ ပြန်ရောက်လာသည်။ ရလဒ်ကို ယုံကြည်ချက်ရှိရှိဖြင့် အပင်နှင့် အသီးအရွက်ကျမ်း တတိယတွဲကို ယူ၍ အခန်းပြင်သို့ ရင်ခုန်စွာဖြင့် ထွက်လာခဲ့သည်။

အပြင်ဘက်တွင် များပြားလှသော ဂိုဏ်းသားများက အမည်စာရင်းကို စောင့်မျှော်နေသည်ကိုတွေ့တော့ ပိုင်ရှောင်ချန်းသည် သူရဲကောင်းတစ်ယောက်လို ခံစားလာရသည်။

“ဒီတစ်ခါတော့ ဂိုဏ်တစ်ခုလုံး တုန်လှုပ်အံသြသွားစေရမယ်။ ဂိုဏ်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်အောင် ကျော်ကြားနေတဲ့ လိပ်ကိုယ်တော်က ပိုင်ရှောင်ချန်းပဲဆိုတာ လူတိုင်းသိသွားစေရမယ် ”
ပိုင်ရှောင်ချန်းသည် ထောင်သောင်းများစွာသော ဂိုဏ်းသားများ၏ လေးစားမှုကို ခံရမည့်အဖြစ်နှင့် ရှောင်မေ့မျက်နှာပေါ်တွင် အံသြနေသောအကြည့်လေးများကို ကြိုတင်မြင်ယောင်ရင်း အူမြူ းနေသည်။

ထိုအကြောင်းကို တွေးတောရင်း ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်နေသည်။ ထို့နောက် လက်က ဘေးသိုိ့ု ဟန်ပါပါဆန့်တန်းလိုက်ပြီး လိပ်ကိုယ်တော် ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကြေညာရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် အပြင်စည်းဂိုဏ်းသား တစ်ယောက်ထံမှ အသံက ဦးစွာ ထွက်လာသည်။

“အစ်မကြီးကျိုးရဲ့ ကျော်ကြားမှုတွေကို ညှိုးနွမ်းအောင်လုပ်ဝံ့တဲ့ လိပ်စုတ် ဒီနေ့ပေါ်လာမယ်လို့ ထင်လား…”

” ငါ့တော့မထင်ဘူး…… အစ်မကျိုးကိုထောက်ခံသူတွေက တော်တော်ဒေါပွနေကြတာ။ အဲ့ဒီလိပ်စုတ်ကို တောင်ဘက်ကမ်းပါးတစ်ခုလုံး လိုက်ရှာနေကြတာ။ တွေ့ရင်အရှင်လတ်လတ် အရေခွံဆုတ်ကြမယ်တောင် ပြောနေကြတယ်။ ဒီကောင်ပေါ်မလာရဲပါဘူး..”

“ငါလည်းကြားတယ်ကွ။ လိုက်ရှာနေတဲ့အထဲမှာ အတွင်းစည်းဂိုဏ်းသားတွေတောင် ပါတယ်ဆိုပဲ ”

ပိုင်ရှောင်ချန်းမှာ လက်မြှောက်လျက်ကပင် ပြန်မချနိုင်သေးဘဲ နားထောင်နေသည်။ အတွင်းစည်းဂိုဏ်းသားများလည်း လိုက်ရှာနေကြသည်ဆိုသော စကားကြောင့် လန့်သွားပြီး နဖူးတွင်ဇောချွေးများပင်ပြန်လာသည်။ ထို့နောက် ခေါင်းကုတ်သလိုလိုနှင့် ဟန်လုပ်ပြီးနောက် ဘာမှမဖြစ်သလို လက်ကိုပြန်ချလိုက်သည်။

ကြောက်လို့သာ လက်လျော့လိုက်ရသော်လည်း သိပ်မကျေနပ် ဒေါသတကြီးနှင့် လူအုပ်ကြီးထဲတိုးဝှေ့ပြီး ပြန်ထွက်ရန် ပြင်လိုက်သည်။

“လုံးဝကို အဓိပ္ပါယ်မရှိဘူး။ ဘာမှအရေးမပါတာတွေ လာလုပ်နေကြတယ်။ ငါတော်လို့ ငါပထမရတာ။ ခုကျ အတွင်းစည်းဂိုဏ်းသားတွေတောင် ပါလာရတယ်လို့…..” ပိုင်ရှောင်ချန်းမှာ ယခုတစ်ခေါက်တွင် အမှန်အကန်ကို ပေါက်ကွဲနေသည်။

ထိုစဉ်မှာပင် ဒုတိယကျောက်တိုင်၏ အမည်စာရင်း အပြောင်းအလဲဖြစ်ပေါ်လာပြီးနောက် လူများဆူညံသံများဖြင့် ရုတ်ချည်း အုံကြွလာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset