အပိုင်း(၁၄၈၀)

ဆုံးဖြတ်ချက်

ရွှမ်ထျန်းစံအိမ်အောက်မှ လူအများသည် မနေ့က ရွှမ်ထျန်းစံအိမ်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ကိုပင် အနည်းငယ် အံ့အားသင့်နေခဲ့ကြသည်။

ယနေ့သည် ချင်းဟယ်၏ လက်တွဲဖော် ရွေးချယ်မည့်နေ့ ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်ပွားရသနည်း။

ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်က ထိုနတ်ဘုရားမပုံရိပ်သည် ဗြဟ္မာ့သန့်စင်ကောင်းကင် နည်းစနစ်များကို အသုံးပြုကာ နတ်တစ်ပါး၏ ပုံရိပ်က ကောင်းကင်အာဏာစက် ပြည်ထောင်၏ အစွမ်းထက်ဆုံး စွမ်းရည်ကို အသုံးပြုနေပေသည်။

“တစ်ယောက်က နတ်မိနယ် ချင်းဟယ်ပဲ” တစ်စုံတစ်ယောက်က ပြောသည်။

“နောက်တစ်ယောက်က ရီထျန်းယွိဟ” တစ်ယောက်ကလည်း ပြောသည်။

ချင်းဟယ်နှင့် ရီထျန်းယွိတို့ တိုက်ခိုက်နေပေသည်။

များပြားလှသော လူများက စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ ချင်းဟယ်နှင့် ရီထျန်းယွိက တိုက်ခိုက်နေကြသည်လား။

ထိုသည်က သူမ၏ ရီထျန်းယွိအပေါ် နောက်ဆုံး စမ်းသပ်ချက် ဖြစ်နိုင်သလား။

လူအများက ရွှမ်ထျန်းစံအိမ်အထက် ကောင်းကင်ကို မော့ကြည့်နေကြပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ တဖြည်းဖြည်း မြင့်တက်လာသည်ကို မြင်ပေသည်။ ရွှမ်ထျန်းစံအိမ်အထက် ကောင်းကင်တွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်နှစ်ဦး ထွက်ပေါ်လာသည်။ လူအများသည် သူတို့ တိုက်ခိုက်နေသည်ကို မြင်တွေ့နိုင်ပြီး ထိုသူနှစ်ဦးမှာ ချင်းဟယ်နှင့် ရီထျန်းယွိဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

သူတို့က ရူးကြောင်ကြောင် လုပ်နေကြသည်လား။ လူအများသည် တွေးလိုက်ကြပြီး ပြင်းထန်စွာ ခုန်လှုပ်နေသည့် နှလုံးသားများနှင့် တိုက်ပွဲအား စောင့်ကြည့်နေကြပေသည်။ သူတို့သည် အပြင်းထန်ဆုံး စွမ်းအားများကို အသုံးပြုနေကာ လောကသန့်စင်ခြင်းနတ်ဓားနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အစွမ်းထက်ဆုံး နည်းစနစ်တို့က ထိပ်တိုက်တွေ့ဆုံမိကြသည်။ ထိုသည်က လေ့ကျင့်ခြင်း မဟုတ်တော့ဘဲ တိုက်ပွဲအစစ်အမှန် ဖြစ်လေသည်။

“ကျုပ် မှတ်မိတာတော့ နောက်ဆုံးတစ်ခေါက် ရွှမ်ထျန်းဝင်္ကပါကို အင်အားစု အားလုံးက လူတွေ ချိုးဖျက်ကြတုန်းကလည်း ဒီလို ဖြစ်ခဲ့သေးတယ်မလား။” တစ်ယောက်က နောက်တစ်ယောက်အား ပြောလိုက်သော်လည်း သူတို့၏ မျက်လုံးများက ကောင်းကင်ထက်ရှိ တိုက်ပွဲဆီသို့သာ ရောက်နေပေသည်။

နတ်အလင်းများက တောက်ပနေပြီး မဟာလမ်းစဉ်၏ ရောင်ဝါက ကောင်းကင်မှ ကျဆင်းလာသည်။ သူတို့၏ တိုက်ပွဲသည် ပို၍ ပြင်းထန်လာပြီး လူများသည် ရီထျန်းယွိက ပို၍ လေးနက်လာသည်ကို သတိပြုမိသည်။ သူက အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာလေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းက ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။ ချင်းဟယ်က အလွန် အစွမ်းထက်လျှင်ပင် သူမက ဖိနှိပ်ခံနေရသည်။

အဆုံးတွင် ကောင်းကင်တစ်ခွင် တောက်ပနေသည့် နတ်အလင်းများက ကျဆင်းလာကာ ချင်းဟယ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ချင်းဟယ်က ရိုက်ခတ်ခံရကာ အဝေးသို့ လွင့်စဉ်သွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးက နတ်အလင်းများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရဟန် တူသည်။ သူမ၏ နီထွေးထွေးနှုတ်ခမ်းလွှာများ ကြားမှ သွေးစတို့ စီးကျလာ၏။

သူက မည်သည့်အတွက်ကြောင့် သူမအား ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ရသနည်းဟု လူအများက အလိုမကျစွာ တွေးလိုက်ကြသည်။ သူတို့က ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံက မည်သည့်အတွက် ဤနေရာသို့ လာသည်လည်း မေ့လိမ့်မည် မဟုတ်ပေ။ သူက ချင်းဟယ်နှင့် လက်ထပ်ခွင့်ရရန် လာခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ယခုတွင် သူက ချင်းဟယ်အား ဒဏ်ရာရစေခဲ့သည်။ လူများအားလုံးသည် ဤတိုက်ပွဲက အလွန်ရက်စက်ပြီး ဆက်ဆံရေးအား ထိခိုက်စေလိမ့်မည်ဟု တွေးနေကြသည်။

သူတို့ကြား၌ တစ်ခုခုများ ဖြစ်ပွားခဲ့သလားဟု တွေးလိုက်မိသော်လည်း သူတို့က သေချာမသိပေ။

ထိုအချိန်တွင် ရွှမ်ထျန်းစံအိမ်အထက်၌ တိုက်ပွဲအား စောင့်ကြည့်နေသည့် တန်ခိုးရှင်များသည်လည်း အလွန် စိတ်လှုပ်ရှားစွာနှင့် တိုက်ပွဲအား ကြည့်ရှုနေကြပေသည်။

သူတို့ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များပေါ်တွင် အလင်းရောင်စဉ်များဖြင့် တောက်ပနေသည်။ ရီထျန်းယွိသည် နတ်အလင်းများဖြင့် လွှမ်းခြုံခံထားရပြီး မဟာလမ်းစဉ်၏ စွမ်းအားများက သူ၏ခန္ဓာအတွင်း အပြင်းအထန် စီးဝင်နေသည်။ ကြည့်ရသည်မှာ သူက အစစ်အမှန် နတ်တစ်ပါး ဖြစ်လာသည်ဟု ထင်မှတ်ရသည်။

ချင်းဟယ်၏ အရှိန်အဝါသည်လည်း မသေမျိုး နတ်ဘုရားမတစ်ပါးကဲ့သို့ပင် ဖြစ်ပေမယ့် ယခုတွင် သူမက ဒဏ်ရာရထားခဲ့သည်။ သူမ၏ မျက်လုံးများထဲတွင် မည်သည့် အပြောင်းအလဲမှ မရှိဘဲ သူမက ရီထျန်းယွိဘက်ကိုသာ စူးစိုက်ကြည့်နေသည်။

ရီထျန်းယွိသည်လည်း ခြိမ်းခြောက်နိုင်သော စွမ်းအားများနှင့် ပြည့်နေသည့် ရွှေရောင်မျက်လုံးအစုံဖြင့် သူမအား ကြည့်နေခဲ့သည်။ သူက ပညာဖလှယ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ချင်းဟယ်က သူ့ကို သူမ၏ ရှိသမျှ အားအကုန် ထုတ်သုံးကာ အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူကလည်း အလေးအနက်ထားကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ချင်းဟယ်၏ တိုက်ခိုက်မှု သဘောထားမှ နေ၍ သူသည် တစ်စုံတစ်ခုအား နားလည်သဘောပေါက်ခဲ့သည်။

ထိုအချိန်တွင် ရီထျန်းယွိကို ကြည့်ရသည်မှာ တည်ငြိမ်နေပြီး သူက နှလုံးသားထဲတွင် အနည်းငယ် မသက်မသာ ခံစားနေရပေသည်။ ချင်းဟယ်က တိုက်ခိုက်ရန် တောင်းဆိုသည့်အတွက် သူက ထိုသို့ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။

“ဒီလောက်ဆို လုံလောက်ပြီလား” ရီထျန်းယွိက ချင်းဟယ်ကို မေးသည်။

ချင်းဟယ်က သူမ၏ ပါးစပ်ထောင့်မှ သွေးစတို့ကို သုတ်လိုက်ရင်း  ရှေ့သို့ ခြေလှမ်းလာခဲ့သည်။ သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့်က ရှိနေဆဲ ဖြစ်ကာ သူမ၏ အဝတ်တို့က လေနှင့် လွင့်နေခဲ့သည်။ သူမက ပြောလိုက်၏။ “အရှင်မင်းသားက တကယ့်ကို ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ပါပဲ။ ဒါပေမဲ့ ချင်းဟယ်က ရှင်နဲ့ တိုက်ခိုက်နိုင်နေဆဲပါပဲ”

ထိုစကားများကို ပြောပြီးနောက် နတ်အလင်းတို့၏ ရောင်ဝါက ကျဆင်းလာကာ များပြားလှသည့် နတ်ဘုရားမ ပုံရိပ်တို့ ပေါ်ပေါက်လာပြီး လောကကို ဖုံးလွှမ်းသွားခဲ့သည်။ ရုတ်တရက် နတ်မိမယ်များက သူမ၏ လက်များကို တစ်ချိန်တည်းတွင် ဝှေ့ယမ်းလိုက်ပြီး ကျယ်ပြောသည့် လောကကြီးကို ယင်းတို့က လွှမ်းခြုံသွားလေသည်။

ရီထျန်းယွိက ထိုမြင်ကွင်းအား မြင်ပြီးနောက် သူ၏ မျက်လုံးများထဲတွင် အေးစက်သည့် အလင်းများ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ပြောသည်။ “နတ်မိမယ်က ဆက်တိုက်ချင်သေးတယ်ဆိုမှတော့ ကျုပ်က အဖော်ပြုပေးပါ့မယ်”

နတ်အလင်းချပ်ဝတ်ဖြင့် ဖုံးလွှမ်းထားသည့် သူ၏ခန္ဓာကိုယ်က လေအလျင်နှင့် လှုပ်ရှားသည်။ ရီထျန်းယွိသည် သူ၏ လက်ချောင်းကို မြှောက်ကာ ကောင်းကင်ဆီသို့ ထိုးညွှန်သည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးက အော်မြည်နေပြီး သတ်ဖြတ်ခြင်း အလင်းများက ချန်းချိုးစုတ်တံမှ ထွက်ပေါ်လာကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ သူ၏မူလခန္ဓာက ဖျက်ဆီးခြင်းလေစီးကြောင်းနှင့်အတူ ရှေ့သို့ ရွေ့လျားနေသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ကာ ချင်းဟယ်၏ ရှေ့သို့ ရောက်လာပြီး နတ်ဘုရားလက်ဝါးဖြင့် ရှေ့သို့ ရိုက်ချသည်။

မဟာလမ်းစဉ်သည် အော်မြည်နေကာ ကောင်းကင်ထက်တွင် တုန်ခါနေသည်။ ရီထျန်းယွိ၏ လက်ဝါးမှ ထောင်သောင်းချီသော နတ်အလင်းတို့ ထွက်ပေါ်လာသလို ချင်းဟယ်၏ ခန္ဓာကိုယ်သည်လည်း နတ်ဘုရားပုံရိပ်၏ ရစ်ပတ်လွှမ်းခြုံထားခြင်းကို ခံရပေသည်။ နတ်ဘုရားမသည် ဓားတစ်လက်ကို ကိုင်စွဲထားကာ နတ်လက်ဝါးနှင့် ရိုက်ခတ်မိသွားပြီး ကျယ်လောင်သည့် အော်မြည်သံနှင့်အတူ မဟာလမ်းစဉ် စွမ်းအားများက ဖျက်ဆီးချေမှုန်းခံလိုက်ရပုံပေါ်သည်။ အားလုံးသော လက်များက ပေါက်ကွဲပျက်စီးသွားကာ နတ်အလင်းများက ချင်းဟယ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ ဤတစ်ကြိမ်၌ ယခင်တစ်ကြိမ်ထက် ပို၍ ပြင်းထန်ရက်စက်ပေသည်။

ချင်းဟယ်က နောက်သို့ လွင့်စဉ်သွားသည်။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ကွေးညွှတ်နေပြီး မျက်နှာက ဖြူရော်လာသည်။ သူမသည် ရပ်တန့်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

တိုက်ပွဲက ရပ်စဲသွားခဲ့သည်။ ရွှမ်ထျန်းစံအိမ်တစ်ခွင်လုံးတွင် မဟာလမ်းစဉ် စွမ်းအင်လှိုင်းများ အော်မြည်သံမှ လွဲကာ မည်သည့် အသံမှ ရှိမနေခဲ့ပေ။

လူများအားလုံးက ချင်းဟယ်ကို ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့သည်လည်း နားလည်လာကြသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်က ဤသို့သော နည်းလမ်းဖြင့် သူ့အား လက်ထပ်ရန် ဆန္ဒမရှိသည့် သူမ၏ သဘောထားကို ဖော်ပြခဲ့သည်ဟု ထင်မှတ်ရသည်။

“ချင်းဟယ်” ရွှမ်ထျန်းနတ်မိမယ်က ချင်းဟယ်ကို အေးစက်စွာ ကြည့်ရင်း ပြောသည်။ “တော်လောက်ပြီ”

ချင်းဟယ်က သူမ၏ ခေါင်းကို မော့ကြည့်လိုက်ကာ ဖြူဖျော့နေသည့် မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ပွင့် ပွင့်လန်းလာသော်ငြား ထိုအပြုံးသည် လူအများအား ဝမ်းနည်းမှုကို ခံစားလာရစေသည်။ ထိုလှပသော မျက်နှာလေး၏ နောက်တွင် ဖုံးကွယ်ထားသည့် အထီးကျန်မှု အနည်းငယ် ရှိနေဟန်တူသည်။

“ချင်းဟယ် ထပ်ပြီး တိုက်ခိုက်နိုင်ပါသေးတယ် ဆရာ” ချင်းဟယ်က ပြောသည်။ သူမ၏ တည်ငြိမ်သော အသံတွင် ခိုင်မာသော ဆုံးဖြတ်ချက်တို့ ပုန်းအောင်းနေပုံရသည်။

တိတ်ဆိတ်သည့် နေရာအတွင်း ချင်းဟယ်၏ အသံသာလျှင် ပဲ့တင်ထပ်သွားခဲ့သည်။ ရီထျန်းယွိ၏ အကြည့်များက အေးစက်သွားပြီး သူက အနည်းငယ် ဒေါသဖြစ်လာသလို ခံစားရသည်။

သူက ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် လက်ဆက်ရန် ဆန္ဒရှိသည်ဟု ပြောခဲ့သော်လည်း သူက ထိုအကြောင်းကို အများကြီး အရေးမစိုက်ပေ။ ထိုသည်က အလုပ်မဖြစ်ခဲ့လျှင်ပင် သူ့အတွက်တော့ ပြဿနာ မရှိလှပေ။ သူသာ အမှန်တကယ် လက်တွဲဖော် ရှာလိုပါက လောကကြီးအတွင်း သူရွေးချယ်နိုင်သည့် ထူးချွန်သော အမျိုးသမီးများစွာ ရှိလေသည်။ သူက ကောင်းကင်အာဏာစက်ဘုံ၌ မည်သူ့ကိုမှ ရှာမတွေ့ခဲ့လျှင်ပင် အခြားဘုံ၌ ရှာတွေ့နိုင်သေးသည်။

သို့သော် သူ့မိသားစုအတွက် သူက ဤလက်ထပ်ပွဲကို လုပ်ဆောင်ရမည်ဆိုလျှင်လည်း တွန့်ဆုတ်တွေဝေနေလိမ့်မည် မဟုတ်ပေ။

သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင်က သူတို့အား လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး သူ့ကို မည်သူကမှ မယှဉ်နိုင်သည့်အပြင် ချင်းဟယ်ကလည်း သူ့အား ရှုံးနိမ့်ခဲ့သည်။ သူမက မည်သည့်အတွက် သူ့ကို ဤအခြေအနေသို့ တွန်းပို့နေရသနည်း။ သူတို့က ကောင်းကင်အာဏာစက်ဘုံအား မည်သို့ထင်နေကြသနည်း။

သူတို့က နောက်တစ်ခါ ထပ်၍ တိုက်ခိုက်ရဦးမည်လား။

ရီထျန်းယွိကိုယ်ပေါ်မှ အလင်းတို့က ပို၍ တောက်ပလာသည်။ သူ့ကို ကြည့်ရင်း လူတိုင်းသည် စိတ်ထဲမှ တုန်ယင်လာကြသည်။ သိသာစွာပင် ရီထျန်းယွိက ဒေါသထွက်နေပြီဖြစ်ကြောင်း သူတို့ သိကြပေသည်။

ဘန်း …

ရီထျန်းယွိက ကောင်းကင်ထဲသို့ ခြေချလိုက်ကာ သူ၏ လက်ကို မြှောက်၍ လက်ဝါးရိုက်ချက်အား ထုတ်ဖော်သည်။ နတ်အလင်းများ ပေါက်ကွဲထွက်လာခြင်းနှင့်အတူ မဟာလမ်းစဉ် လက်ဝါးရိပ်က မဟာလမ်းစဉ်လက်ဝါးရိပ်က ချင်းဟယ်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ ဤတစ်ကြိမ်တွင် ချင်းဟယ်သည် အရှိန်ပြင်းစွာ လွင့်စဉ်သွားခဲ့ပြီး အဝေးမှ နန်းတော်နှင့် ရိုက်ခတ်မိပြီးနောက် ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်၊

ဤမြင်ကွင်းသည် လူတိုင်း၏ နှလုံးသားများကို အလွန်လျင်မြန်စွာ ခုန်ပေါက်လာစေသည်။

ရီထျန်းယွိက ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံတစ်ပါးအနေနှင့် သူ့တွင်လည်း ကိုယ်ပိုင်မာန ရှိပေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေးအား ဆုံးရှုံးရလျှင်ပင် အမျိုးသမီးတစ်ယောက် သူ့အား ယခုလို ဆက်ဆံနေသည်ကို မည်သို့ လက်ခံနိုင်ပါမည်နည်း။ ထို့အပြင် ချင်းဟယ်သည် သူနှင့်ထိုက်တန်သည့် လေးစားမှုမျိုး မပေးခဲ့ပေ။

ယခု သူမက ဆက်လက် တိုက်ခိုက်ချင်နေသည့်အတွက် သူကလည်း အဖော်ပြုပေးရပေမည်။

“အခုက နတ်မိမယ် ဆုံးဖြတ်ချက် ချရမယ့် အချိန်ရောက်နေပြီနော်” ရီထျန်းယွိသည် ကောင်းကင်အထက်တွင် ရပ်နေပြီး အနည်းငယ် ရန်လိုနေဟန်ဖြင့် ချင်းဟယ်ကို ပြောသည်။

ယခုတွင် ချင်းဟယ်၏ အသက်ဓာတ်က အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူမက မြေပြင်မှ ထရပ်လိုက်သော်လည်း သူမ၏ ခန္ဓာက မတည်မငြိမ် ဖြစ်နေသည်။ သူမက မော့ကြည့်လိုက်ကာ ကျက်သရေရှိစွာပြုံးလိုက်သော်လည်း ဝမ်းနည်းမှုတို့ စွန်းထင်းနေသည်။

“ကျွန်မ တိုက်ခိုက်နိုင်ပါသေးတယ်” ချင်းဟယ်က အားနည်းနေသည့် အသံဖြင့် ပြောသည်။ သူမက တိုက်ခိုက်နိုင်တော့မည့်ဟန် မရှိသော်လည်း ယခုလို အချိန်၌ပင် သူမက ဆုံးဖြတ်ချက်ချရန် ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

သူမက အတွေးများကို ရှင်းလင်းစွာ မဖော်ပြခဲ့သော်လည်း သူမ၏ အပြုအမူများဖြင့် လူတိုင်းကို နားလည်စေခဲ့သည်။

သူမက ရီထျန်းယွိအား လက်ထပ်ရန် ဆန္ဒမရှိသည့်အတွက် အသံတိတ် ဆန္ဒပြနေခဲ့ခြင်း ဖြစ်ပေသည်။

ချင်းဟယ်က ရီထျန်းယွိအား ကြည့်လိုက်ပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်ဆီသို့လည်း ကြည့်သည်။ သူမ၏ လှပပြီး ဝမ်းနည်းမှုတို့ ရောစွက်နေသော အပြုံး၌ သူမ၏ မှတိဉာဏ်များ ပါဝင်နေပုံရ၏။ သူမက ကျင့်ကြံခြင်းစတင်သည့် အချိန်မှ စကာ ဗြဟ္မာ့သန့်စင်ကောင်းကင်သည် သူမ၏ အိမ်ဖြစ်လာပြီး သူမ၏ အရာအားလုံးသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ သူမအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ်ဟူသော ဘွဲ့မည်သည် သူ့မကို အများကြီး ဂုဏ်တက်စေခဲ့ပြီး သူမ၏ အောင်မြင်မှုများကလည်း ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အရင်းတည်လာခြင်း ဖြစ်သည်။

သူမသည် ဆရာ၏ အမိန့်ကို တိုက်ရိုက်ဆန့်ကျင် ချေပနိုင်ခြင်း မရှိသည့်အတွက် အသံတိတ်ဆန္ဒပြခြင်းကိုသာ လုပ်ဆောင်နိုင်ပေသည်။

ဤသည်က သူမ လိုချင်ခဲ့သော လမ်းကြောင်းမဟုတ်ပေ။ ဤ အရာအားလုံးကို လက်ခံလိုက်မည့်အစား သူမသည် ဗြဟ္မာ့သန့်စင်ကောင်းကင်ကို ပြန်ပေးဆပ်လိုက်ပါက သူမတွင် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အကြွေးရှိလိမ့်တော့မည် မဟုတ်ပေ။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တန်ခိုးရှင်များသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ လူအများသည် ရွှမ်ထျန်းနတ်မိမယ်ကို ကြည့်လိုက်ကြသည်။ ရွှမ်ထျန်းနတ်မိမယ်က ထိုနေရာ၌ ထိုင်နေဆဲ ဖြစ်ကာ ချင်းဟယ်ကို ကြည့်လိုက်ပြီးနောက် ရီဖူရှင်းအား ကြည့်လိုက်ပေသည်။

ချင်းဟယ်သည် မနေ့ညက ရီဖူရှင်းနေထိုင်ရာ နေရာသို့ သွားရောက်ခဲ့သည်။ သူတို့က မည်သည့်အကြောင်း ပြောဆိုခဲ့သနည်း။

“နတ်မိမယ်ချင်း.. ခင်ဗျား တိုက်ခိုက်နိုင်သေးတာ သေချာရဲ့လား” ရီထျန်းယွိက လေထဲမှနေ၍ ချင်းဟယ်ကို ငုံ့ကြည့်သည်။

ချင်းဟယ်က နတ်အလင်းများနှင့် တောက်ပနေဆဲ ရီထျန်းယွိကို မော့ကြည့်သည်။ သူမက ပြောလိုက်၏။ “ဖြစ်နိုင်ပါတယ်”

“ကောင်းပြီ” ရီထျန်းယွိက များများစားစား မပြောတော့ပေ။ ဗြဟ္မာ့သန့်စင်ကောင်းကင်က မည်သည့် စကားမှ မဆိုသော်လည်း ချင်းဟယ်က တိုက်ခိုက်ချင်နေဦးမည်ဆိုလျှင် သူက မည်သို့ တတ်နိုင်လိမ့်မည်နည်း။

သူက ဆက်တိုက်ရန်သာ ရှိတော့ပေသည်။

ရီထျန်းယွိက နတ်အလင်းများနှင့် လွှမ်းခြုံထားကာ နတ်အလင်းချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ တောက်ပသည့် အလင်းက လူအများကို ထိတ်လန့်ချောက်ချားစေရန် လုပ်ဆောင်နိုင်သည်။ ရီထျန်းယွိက သူ၏ လက်ကို မြှောက်ကာ ရိုက်ချက်တစ်ချက်အား ချင်းဟယ်ထံ ပို့လွှတ်သည်။ ထိုတိုက်ခိုက်မှုသည် ချင်းဟယ်အား ပျက်စီးသွားစေရန် လုံလောက်နေသည်။

လူအများ၏ နှလုံးသားတို့က အလျင်အမြန် ခုန်လှုပ်နေသည်။ ရီထျန်းယွိ၏ လှုပ်ရှားမှုက အလွန်နှေးကွေးနေပြီး သူက တစ်ခုခုအား စောင့်ဆိုင်းနေသကဲ့သို့ပင် ထင်မှတ်ရသည်။

သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင်က မည်သည့်စကားမှ မပြောသလို ချင်းဟယ်ကလည်း ဆုံးဖြတ်ချက် မချခဲ့ပေ။

သူ၏ လက်က ဖြည်းညင်းစွာ နိမ့်ဆင်းလာပြီး သူ၏ ခန္ဓာသည်လည်း ချင်းဟယ်ဆီသို့ ဦးတည်ကာ ရောက်ရှိလာသည်။ ထည်ဝါသည့် နတ်အလင်းက ချင်းဟယ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူမကိုပင် မမြင်တွေ့နိုင်ရလောက်အောင် ထြစ်သွားရစေသည်။

အားလုံးသော တန်ခိုးရှင်များသည် အသက်ရှူပင် အောင့်ထားမိကြသည်။ ယနေ့တွင် ကိစ္စများက ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။

ယနေ့ ဖြစ်ပျက်သည့် ကိစ္စတို့မှာ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်နေပေသည်။

နောက်ဆုံး၌ ခမ်းနားထည်ဝါသည့် အလင်းတို့က ပို၍ တောက်ပနေသည်။

ဘုန်း …

ကျယ်လောင်သည့် အသံပြီးနောက် ကောင်းကင်လေဟာနယ်က ပြင်းထန်စွာ တုန်ခါနေပြီး လူအများ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်နေသည်။

မရေတွက်နိုင်သည့် မျက်လုံးများက ရှေ့သို့သာ စူးစိုက်ကြည့်နေခဲ့သည်။ နတ်မိမယ်အလား ပုံရိပ်က ထိုနေရာ၌ ရပ်နေဆဲ ဖြစ်ကာ မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိပေ။ သူမ၏ ခန္ဓာကိုယ်အထက် ကောင်းကင်တွင် ငွေရောင်ဆံပင်နှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ ဆံပင်က အဖြူရောင်ဖြစ်ပြီး သူ၏ အဝတ်များက ဖြူဆွတ်နေကာ သူသည် ချောမော၍ ပြိုင်ဘက်ကင်းပေသည်။ ဆင်အော်မြည်သံများ ထွက်ပေါ်လာပြီး ချောက်ချားဖွယ် နတ်ဆင်အရှိန်အဝါတို့က ကောင်းကင်နှင့် မြေကြီးကြားတွင် တောက်ပနေကာ ပြင်းထန်သည့် စွမ်းအားတို့ ပါဝင်နေသည်။

“ရီဖူရှင်း”

“နောက်ဆုံးတော့ သူ ထွက်လာပြီလား”

များပြားလှသည့် မျက်လုံးအစုံတို့က သူ့အပေါ်ကို ကျရောက်လာသည်။ ယခု သေရေးရှင်ရေးတမျှ အရေးကြီးသော အချိန်တွင် ရီဖူရှင်းက လေဟာနယ်ကို ဖြတ်ကာ ချင်းဟယ်၏ ရှေ့သို့ ရောက်လာပြီး ရီထျန်းယွိ၏ တိုက်ခိုက်မှုကို တားဆီးလိုက်ခြင်း ဖြစ်သည်။

ရီထျန်းယွိ၏ အကြည့်များက ရီဖူရှင်းထံသို့ ကျရောက်လာသည်။ မဟာလမ်းစဉ် စွမ်းအားများက အော်မြည်နေပြီး သူ၏ အမူအရာက အလွန်အေးစက်နေသည်။ သူက ပြောလိုက်၏။ “မင်း အစက ထွက်လာတယ်လို့ ကျုပ် မထင်မိပါဘူး”

ရီဖူရှင်းသည် အစကတည်းက ထွက်မလာခဲ့သည်ဖြစ်ရာ သူက တိုက်ခိုက်ရန် အခွင့်အရေးအား လက်လျှော့ခဲ့ပြီး ဖြစ်လေသည်။

သို့သော် သူက ယခုမှ ထွက်လာခဲ့သည်။ သူက မည်သည်ကို ဆိုလိုသနည်း။

ရွှမ်ထျန်းနတ်မိမယ်က ရီဖူရှင်းကို ကြည့်သည်။ ယခုအချိန်ထိတိုင်အောင် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တပည့်များက သူတို့၏ စိတ်ပူပင်မှုကို ဖော်ပြခဲ့ကြသော်လည်း သူမက ကြားဝင်စွက်ဖက်ခြင်း မပြုခဲ့ပေ။

“ဒီနေ့မှာ ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးအင်အားစုကြီးနှစ်ခုက ငယ်ရွယ်တဲ့ တန်ခိုးရှင်လေးတစ်ယောက်ကို ပူးပေါင်းပြီး နှိပ်စက်နေကြတယ်။ ဘယ်လောက် သနားစရာကောင်းလိုက်သလဲ”

ရီဖူရှင်းက ရီထျန်းယွိ၏ စကားများကို ပြန်မဖြေခဲ့ဘဲ သရော်ကာ ပြောသည်။ သူ၏ မျက်လုံးများက အနည်းငယ် အေးစက်နေခဲ့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset