စာစဥ် (၂၈) အပိုင်း (၃၇၆)

ထိပ်ဆုံးဆယ်ဦး

တောင်ထွတ်ဆယ်ခုမှာ လက်ချောင်း ဆယ်ချောင်းသဏ္ဌာန်ဖြင့် ထိုးထွက်နေလျက် ရှိပြီး အောက်ခြေတွင် ကြီးမားထူထဲသော ကျောက်တံခါးကြီးများဖြင့် ပိတ်ဆို့ထားလေသည်။

ဇူယွမ်မှာ တောင်တန်း အောက်ခြေပိုင်းမှနေ၍ ကျောက်တုံးတံခါး ဆယ်ခုကို အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ကျောက်တံခါး တစ်ခုအား ဖြတ်ကျော်သွားသည်နှင့် တကွ ကန်ရွှမ်းကလန်၏ အစစ်အမှန် ခရမ်းရောင်ခါးစည်း တပည့်တစ်ဦး ဖြစ်လာမည်ပင် ဖြစ်ပြီး ခရမ်းရောင်ခါးစည်း တပည့်များသာ ရရှိနိုင်သော အထူး အခွင့်အရေးများကိုလည်း ရရှိနိုင်မည် ဖြစ်၏။

ဇူယွမ်မှာ ကျောက်တုံးတံခါးများကို ငေးကြည့် နေခဲ့သော်လည်း လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်သေးဘဲ ငြိမ်သက်စွာပင် ရပ်နေကာ ထိခိုက်ထားသော စိတ်ဝိညာဉ်အား နာကျင်မှု သက်သာစေရန် ကြိုးစားနေခဲ့သည်။

ထိုအချိန်၌ပင် အခြားသူများလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာခဲ့သဖြင့် လေတိုးသံများ အဆက်မပြတ် ကြားနေခဲ့ရ၏။ ယခု စုဝေးမိနေကြသော သူများမှာ လူဦးရေ နည်းပါးသော်လည်း ခန္ဓာကိုယ်မှ ထုတ်လွှတ်နေလျက် ရှိသော ချီစွမ်းအင်များမှာ အလွန်သန်မာပြီး  မျက်ဝန်းများတွင် ပြတ်သားသော အရိပ်အယောင်များ ယှက်သန်းနေကာ တစ်ယောက်မှ သာမန်တပည့်များ မဟုတ်ကြောင်း ထင်ရှားနေလေသည်။

ထို့အပြင် ဤနေရာတွင် ရပ်နေနိုင်သော သူများမှာ တပည့်အရေအတွက် မြောက်မြားစွာကို အနိုင်ယူနိုင်ခဲ့သော သူများသာဖြစ်ပြီး အများစုမှာ ကန်ရွှမ်းကလန်၏ အထူးချွန်ဆုံး ပထမတန်း ရွှေခါးစည်းတပည့်များစာရင်းတွင် ပါဝင်ကြသော သူများသာဖြစ်၏။

အဖွဲ့အသီးသီး၏ အရှေ့ဆုံး၌ ရပ်နေလျက်ရှိသော ပုံရိပ်ငါးခု ရှိလေသည်။ ထိုသူတို့မှာ ကန်ရွှမ်းတောင်ထွတ်မှ စူးဝမ်၊ သူတော်စင်မှော်စာလုံးတောင်ထွတ်မှ ရှားယွီ၊ မိုးကြိုးအကျဥ်းထောင် တောင်ထွတ်မှ ဝမ်ချန်း၊ နှင်းပဒုမ္မာတောင်ထွတ်မှ မုချွမ်းလဲ့နှင့် ဟုန်ယာတောင်ထွတ်မှ ဝူယွဲ့တို့ပင် ဖြစ်၏။

ဤငါးဦးမှာ သက်ဆိုင်ရာ တောင်ထွတ်များမှ အထူးချွန်ဆုံး ရွှေခါးစည်း တပည့်များဖြစ်ပြီး ယခု ခရမ်းရောင်ခါးစည်း ရွေးချယ်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင် ကြသူများအနက် အသန်မာဆုံးသူများ ဖြစ်လေသည်။  အခြား မည်သည့်တပည့်မှ ထိုငါးဦး၏ရှေ့တွင် ပိတ်မရပ်နေရဲဘဲ မည်သူကမှ ထိုငါးဦးနှင့် တိုက်ခိုက်ရန် ဆန္ဒမရှိကြောင်း ထင်ရှားနေ၏။

ထိုအထူးချွန်ဆုံး တပည့်ငါးဦးအပြင် ဇူယွမ်၏ ဘေးပတ်ပတ်လည်၌လည်း မည်သူမှ ရှိနေရန် မဝံ့ရဲပါပေ။ ပြောရမည်ဆိုလျှင် စူးဝမ်နှင့် အခြားသော ပထမတန်း ရွှေခါးစည်း တပည့်လေးဦးသည်ပင် ဇူယွမ်အား အရေးတယူ ဆက်ဆံခဲ့ရသည်။

ဇူယွမ်မှာ တစ်ဦးတည်းဖြင့် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်အကုန်လုံးကို အနိုင်ယူနိုင်ခဲ့ခြင်းက အလွန်အံ့အားသင့်ဖွယ် ကောင်းသည့်အပြင် ထိုအုပ်စုထဲတွင် ယခုပထမတန်း ရွှေခါးစည်း တပည့်ငါးဦးနှင့် လက်ရည်တူညီသော လီထျန်းပါ ပါဝင်နေခဲ့ခြင်းက ဇူယွမ်၏ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းသော တိုက်ပွဲစွမ်းရည်ကို ပြသနေခြင်းပင် ဖြစ်၏။

ထို့ကြောင့် မည်သူကမှ ဇူယွမ့်အား အမှားပြုရန် မဝံ့ရဲချေ။ ဓားကပ်ဘေး တောင်ထွတ် တစ်ခုလုံးကို အနိုင်ရခဲ့ခြင်းမှာ မူလမှော်စာလုံး အစီအရင်ကြောင့်ဟု သိရှိ ထားကြသော်လည်း ထိုကဲ့သို့သော ခက်ခဲလှသည့် အစီအရင်အား ပြီးပြည့်စုံစွာ ရေးဆွဲ ထိန်းချုပ်နိုင်ခြင်းသည် လွယ်ကူသော အရာတစ်ခုမဟုတ်ပဲ ဇူယွမ်၏ စိတ်ဝိညာဉ်မှာ သန်မာလှကြောင်း ထင်ရှား​နေပေသည်။

တောင်ထွတ်ဆယ်ခု၏ ရှေ့၌ တပည့်ဦးရေ များလာသည်နှင့်အမျှ ရှားယွီနှင့် အခြားသူငါးဦးမှာ ရွေ့လျားလိုက်ကြပြီး ကျောက်တုံးတံခါး တစ်ချပ်စီ၏ ရှေ့တွင် ရပ်နေလိုက်ကြ၏။

ယခုအချိန်တွင် တံခါးငါးချပ်မှာ သိမ်းပိုက်ပြီးသွားပြီ ဖြစ်လေသည်။ ဇူယွမ်မှာ ထိုအချင်းအရာကို မြင်သောအခါ ဆဋ္ဌမမြောက် တံခါးထံသို့ ရွေ့လျားသွားခဲ့၏။

ဤတံခါးခြောက်ခုကို သိမ်းပိုက်ထား သူများအား မည်သူမဆို စိန်ခေါ်တိုက်ခိုက်ခွင့် ရှိပြီး အနိုင်ရရှိသူက တံခါးအား ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။ သို့သော်လည်း တပည့်များမှာ ကန်ရွှမ်းကလန်၏ အထူးချွန်ဆုံး ပထမတန်း ရွှေခါးစည်း တပည့်များအား စိန်ခေါ် တိုက်ခိုက်ရန် ဝံ့ရဲလိမ့်မည်ပင် မဟုတ်ချေ။

အကယ်၍ အတိတ်တစ်ချိန်သာ ဖြစ်နေခဲ့ပါက ဇူယွမ့်အား အရည်အချင်း မပြည့်မှီဟု သတ်မှတ်ထားကြသည့်အတွက် စိန်ခေါ်တိုက်ခိုက်မည့် တပည့်ပေါင်းများစွာ ရှိနေပေလိမ့်မည်။ သို့ပေသော်ငြားလည်း ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များနှင့် ဇူယွမ်တို့၏ ရက်စက်ပြင်းထန်သော တိုက်ပွဲအပြီးမှစ၍ တပည့်များမှာ ထိုကဲ့သို့သော အတွေးတစ်စကိုပင် တွေးတောရန် မဝံ့ရဲတော့ပေ။

ပြောရမည်ဆိုလျှင် မဖြစ်မနေ စိန်ခေါ်ရမည်ဆိုလျှင်တောင်မှ ဇူယွမ်အစား အခြားသော ပထတမတန်း ရွှေခါးစည်း တပည့်ငါးဦးကိုသာ စိန်ခေါ်လိုက်မည် ဖြစ်၏။ မည်သူကမှ ဓားကပ်ဘေးတောင်ထွတ် တစ်ခုလုံးအား ​ပြိုင်ပွဲမှ ထုတ်ပယ်နိုင်ခဲ့သော ဇူယွမ်ကဲ့သို့ မွန်းစတား တပည့်မျိုးနှင့် မတိုက်ခိုက်လိုကြချေ။

ယခုတွင် ကျောက်တံခါးလေးချပ်သာ ကျန်ရှိတော့လေသည်။ တစ်နည်းဆိုရလျှင်မူ ဤကျန်ရှိသော တံခါးလေးချပ်၏ရှေ့၌ ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပေါ်လာတော့မည်ပင် ဖြစ်၏။

ခရမ်းရောင်ခါးစည်း အဆင့်သို့ တက်လှမ်း၍ရနိုင်ရန် ဤနေရာ၌ ယှဥ်ပြိုင်နေကြသော တပည့်များ အားလုံးသည် တိုက်ပွဲစွမ်းရည်များကို အကန့်အသတ်ရောက်သည်အထိ အသုံးပြုရန် လိုအပ်ပေသည်။ ထို့ကြောင့် ကျန်ရှိ​သော ကျောက်တံခါး လေးချပ်၏ရှေ့၌ အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာပေလိမ့်မည်။

ဆန့်ကျင်ဘက် အနေနှင့်မူ ဇူယွမ်နှင့် အခြားငါးဦးတို့ ရယူထားသော ကျောက်တံခါးများမှာမူ စိန်ခေါ် တိုက်ခိုက်မည့်သူ မရှိသဖြင့် တိတ်ဆိတ်ငြိမ်းချမ်း နေသောကြောင့် ဇူယွမ်တို့မှာ ငြိမ်သက်စွာဖြင့်ပင် အခြားကျောက်တံခါး လေးခုရှေ့မှ တိုက်ပွဲများအား ကြည့်ရှုနေပေသည်။ ပြင်းထန်လှသော တိုက်ပွဲများမှာ အချိန်အချို့ကြာအောင် ဖြစ်ပေါ်နေလျက် ရှိ၏။

နောက်ဆုံး၌ လဲကျညည်းတွားနေသော သူများအကြားတွင် တပည့်လေးဦးသာ ကျန်ရှိလေ​တော့သည်။ ထိုလေးဦးမှာ ဒဏ်ရာများဖြင့် ပြည့်နှက် နေသော်လည်း ကျောက်တံခါးများကို သိမ်းပိုက်နိုင်လိုက်သည့် အချိန်၌ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှား ပျော်ရွှင်နေမှုများအား အတိုင်းသား တွေ့မြင်နိုင်၏။

ကျောက်တံခါး ဆယ်ခုလုံးအား အသီးသီး သိမ်းပိုက်ပြီးသွားကြသော အခါမှသာ တောင်တန်း အပြင်ဖက်မှ သက်ပြင်းချသံများ အစီအရီ ထွက်ပေါ်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ယခုကျင်းပ​သော ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် ဤဆယ်ဦးမှာ ခရမ်းရောင်ခါးစည်း အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ကျောက်တံခါးများရှေ့၌ ရပ်နေကြသော ပုံရိပ်ဆယ်ခုအား အားကျမနာလိုသော အကြည့်များဖြင့် ငေးမောကြည့်ရှု နေကြလေသည်။

ခရမ်းရောင်ခါးစည်း တပည့်တစ်ဦး ဖြစ်လာရန်မှာ ကန်ရွှမ်းကလန်ထဲရှိ တပည့်များ အားလုံး၏ အိပ်မက်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် ဤပြိုင်ပွဲ၌ ပထမနေရာ ရရှိသောသူမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားတွင် ပါဝင်ခွင့်ရရှိမည် ဖြစ်ကာ အနာဂတ်၌ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံတစ်ဦးပင် ဖြစ်လာနိုင်၏။

“ခရမ်းရောင်ခါးစည်း အဆင့်ကို တက်ရမဲ့ တပည့်ဆယ်ယောက်ကို ရွေးပြီး သွားပြီဆိုတော့ ဒီနေ့ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ကို ရောက်လာပြီဟေ့”

“အေးကွ … ချန်ပီယံပြိုင်ပွဲ လာတော့မယ်”

“ဒီတစ်ခါ ချန်ပီယံနေရာက ဘယ်လိုဆုံးဖြတ်မှာလဲ မသိဘူးနော်။ ငါတော့ တအားသိချင်လှပြီ”

“ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် … ဇူယွမ်က အ​ဖြစ်နိုင်ဆုံးပဲကွ။ ဒီတစ်ခါ သူချန်ပီယံ ဖြစ်လာမှာလား မသိဘူး”

“အဲဒီလိုလည်း မဟုတ်ဘူးကွ။ ဇူယွမ်က ဓားကပ်ဘေး တောင်ထွတ်ကို နိုင်ခဲ့တယ်ဆိုတာ အစီအရင် ရေးဆွဲနိုင်ခဲ့လို့ပဲ။ အခုလူတိုင်းက သူ့ဝှက်ဖဲကို သိသွားပြီဆိုမှတော့ ဘယ်သူကမှ ဇူယွမ့်ကို အစီအရင်ဆွဲဖို့ အချိန်ပေးနေမှာ မဟုတ်ဘူး”

“ဟုတ်တယ် … အစီအရင်သာ မရှိဘူးဆိုရင် ဇူယွမ်က စူးဝမ်နဲ့ တခြားသူတွေကို ယှဥ်နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်”

“ … ”

တပည့်များမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြိုင်ပွဲရလဒ်ကို ဝေဖန် ဆွေးနွေးနေလျက် ရှိပေသည်။ သူတို့၏ရှေ့တွင် ပြသနေသော မှန်ချပ်ပေါ်၌ မြင်တွေ့နေရသော ပုံရိပ်ဆယ်ခုမှာ ကန်ရွှမ်းကလန်၌ ခရမ်းရောင်ခါးစည်း အဆင့်သို့ တက်လှမ်းခွင့် ရတော့မည့် သူများဖြစ်ကြပြီး ရွှေခါးစည်း တပည့်များနှင့် အဆင့်အတန်းချင်း များစွာ ကွာဝေးသွားခဲ့ပြီပင် ဖြစ်သည်။

ထိုဆယ်ဦးထဲမှ တစ်ဦးကသာ ချန်ပီယံနေရာကို ရရှိနိုင်မည် ဖြစ်သောကြောင့် အံ့အားသင့်ဖွယ် တိုက်ပွဲများကို မြင်တွေ့ရတော့မည်ပင် ဖြစ်၏။ ဇူယွမ်မှာ ကျောက်တုံးတံခါးရှေ့၌ ရပ်နေရင်းဖြင့် အကြောများကို ဆန့်ထုတ်လိုက်လေသည်။ ထို့နောက် ဇူယွမ်၏လက်မှ တံတိပ်ပြားများမှာ ကျောက်တုံး တံခါးဝဆီသို့ ပျံသန်းသွားခဲ့၏။

ဝုန်း …

တံဆိပ်ပြားများ အားလုံး တံခါးဝဆီသို့ ရောက်ရှိသွားပြီးနောက် ဇူယွမ်၏ စိတ်လှုပ်ရှားနေမှုများ အောက်တွင်ပင် ကျောက်တုံးတံခါးကြီးမှာ ဖြေးညင်းစွာ ပွင့်ဟလာခဲ့ပြီး အတွင်းဖက်တွင် မြူခိုးများ ရစ်သိုင်းနေလျက်ရှိကာ ကျောက်တုံး အသေးလေးများဖြင့် စီခြယ်လမ်းခင်းထား၏။

“ချန်ပီယံပြိုင်ပွဲ  …   အဟက်”

ဇူယွမ်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်း သွားခဲ့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဇူယွမ်မှာ ထိုကဲ့သို့သော နေရာများအား စိတ်ဝင်စားလေ့ မရှိပေ။ သို့သော် ချန်ပီယံနေရာ ရရှိသောသူသည် မူလကြယ်ပွင့် ဆေးလုံးအား လက်ခံရရှိမည် ဖြစ်သည့်အတွက်သာ ထိုနေရာအား သူစိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။

ထိုမူလကြယ်ပွင့် ဆေးလုံးနှင့်သာ ဆိုလျှင် ဇူယွမ်သည် မူလစဦး စတုတ္တအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။ ထို့အပြင် ချန်ပီယံနေရာ ရရှိခဲ့ပါက နှစ်ကုန်ပိုင်း၌ ကျင်းပမည်ဖြစ်သော တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား အတွက်လည်း အခွင့်အရေးများ ပို၍ရရှိလာနိုင်ကာ ယခုရင်ဆိုင်ခဲ့ရသည့် သူများသည်ပင် ဇူယွမ့်အတွက် အရေးပါတော့မည် မဟုတ်ချေ။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးနောက် နှောင့်နှေးတွေဝေခြင်း မရှိဘဲ ကျောက်တုံးတံခါးကို ကျော်ဖြတ်ကာ သေးငယ်သော ကျောက်ခင်းလမ်းဆီသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။ အဆိုပါက ကျောက်ခင်းလမ်းလေးမှာ အပေါ်ဖက်သို့ ဦးတည်နေကာ မြူခိုးများ အုံ့ဆိုင်းနေသောကြောင့် ဇူယွမ်မှာ သဲကွဲစွာမြင်ရခြင်းမရှိပဲ အရှေ့သို့သာ အာရုံစိုက်ထား၏။ ချန်ပီယံနေရာအား မည်ကဲ့သို့ ရွေးချယ်မည်ကို ဇူယွမ်မှာလည်း အလွန်အမင်း သိချင်နေလျက် ရှိသည်။

ယခု နောက်ဆုံးကျန်ရှိသော ဆယ်ဦးမှာ ချန်ပီယံနေရာအတွက် တိုက်ခိုက်ရန် လိုအပ်လိမ့်မည်လား …

ဇူယွမ်မှာ အတွေးများကြားထဲ၌ နစ်မြုပ်နေလျက် ရှိသော်လည်း ခြေလှမ်းများမှာတော့ ရပ်တန့်မသွားခဲ့ချေ။ ရေနွေးအိုး တစ်လုံးတည်စာမျှ ကြာပြီးသော အချိန်တွင် ဇူယွမ်မှာ ကျောက်ခင်းလမ်း၏ အဆုံးသို့ ရောက်ရှိလာခဲ့ပြီး အုံ့ဆိုင်းနေသော မြူခိုးများမှာလည်း တဖြည်းဖြည်းနှင့် လျော့ပါးလာခဲ့ကာ ကျောက်တုံး စင်မြင့်တစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

ဇူယွမ်မှာ ကျောက်တုံး စင်မြင့်ပေါ်၌ ရှိနေသော မြေပြင်ထိ ရှည်ကျနေသည့် မီးခိုးနက်ရောင် ဓားအိမ်အား ဆွဲကိုင်ထားသော လူအား ကြည့်လိုက်၏။ ထိုလူ၏ဘေးရှိ ကျောက်တုံးတစ်ခုပေါ်၌ သုံးပေခန့် ရှည်လျားသော အမွှေးနံ့သာတိုင်ကြီး တစ်ခု ရှိနေသည်။

ဇူယွမ်မှာ ထိုလူအား သဲကွဲစွာ မြင်လိုက်ရသော အချိန်တွင် မျက်ဝန်းများ ကျဥ်းမြောင်း သွားခဲ့ရ၏။ ထိုလူမှာ ဇူယွမ်အား လှောင်ပြောင်ဆော့ကစားလိုသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။

“ဇူယွမ် မင်းက အရည်အချင်း ရှိသားပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် မင်းငါ့ကို တိုက်နိုင် လိမ့်မယ်လို့တော့ ငါမထင်ဘူး”

ဇူယွမ်မှာ ခေတ္တမျှ တွေဝေသွားခဲ့ရသည်။ ထိုလူအား သူလုံးဝ မသိသည်တော့ မဟုတ်ပါချေ။ ဓားကပ်ဘေးတောင်ထွတ်က ရှုယန်ဆိုသော တပည့်မဟုတ်လား။ ကလန်က ချန်ပီယံနေရာ တိုက်ပွဲအတွက် ခရမ်းရောင်ခါးစည်း တပည့်​တွေ​ကို စေလွှတ်ခဲ့တာတဲ့လား။ ဒါက တော်တော်လေး ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုပဲ။


Comment

Leave a Reply


Options

not work with dark mode
Reset