Switch Mode

အခန်း ( ၂၀ )

ပြန့်ကျဲနေသော ကြက်အမွှေးအတောင်များအကြောင်း

ဝိညာဥ်အမြီးကြက်များ သည်ပုံမှန် ကြက်များထက်များစွာပို၍ ကြီးသည်။ သူတို့တွင်တောင့်တင်းသော အမွှေးများရှိပြီး ရက်စက်ကြမ်းကြုတ်သော သဘာဝရှိသည်။ အရွယ်ရောက်ပြီးသားအကောင်များကို ချီစုစည်းမှုအဆင့်နှစ်နှင့်ပင် နှိုင်းယှဥ်နိုင်လေသည်။

သူတို့သည် အသားသာမက ဥပါ စား၍ရသည်။ သူတို့၏သွေးနှင့် အရိုးများကို ဆေးများတွင်ရောစပ်သုံးနိုင်ပြီး အမြီးများကို မီးလျှို့ကြည့်လျှင် ရှားပါးသော သုံးရောင်ခြယ် မီးတောက်ကို ပေးစွမ်းသည်။ ထိုအချင်းအရာများကြောင့် စိတ်စွမ်းအင်နတ်ရေစင် ဂိုဏ်း၏ တောင်ဘက်ကမ်းရှိ တောင်၃လုံးစလုံးတွင် ဝိညာဥ်အမြီးကြက်များကို အမြောက်အများ မွေးမြူကြသည်။

သို့သော်လည်း သူတို့ကိုဂိုဏ်းမှ မပိုင်ချေ။ သူတို့သည် လီချင်းဟောက်နှင့် အခြားတောင်နှစ် လုံးမှ ဂိုဏ်းချုပ်များ၏ ကိုယ်ပိုင် ပစ္စည်းများဖြစ်လေသည်။ သူတို့က အချို့သော ဂိုဏ်းသားများအား ထိုကြက်များကိုမွေးမြူစောင့်ရှောက်ရန် တာဝန်ပေးထားသည်။ မွှေးရနံ့တိမ်တောင်ပေါ်တွင်ကား ထိုကြက်များကိုမွေးမြူ ရန်သတ်မှတ်ထားသော နေရာသုံးနေရာရှိလေသည်။

ပိုင်ရှောင်ချန်းသည် ချုံပုတ်ထဲသို့ ဝပ်လိုက်ကာ ဝိညာဥ်အမြီးကြက်များကိုကြည့်နေလေသည်။ စားဖိုဆောင်တွင်နေခဲ့စဥ်က ထိုကြက်များကို အရှင်လတ်လတ်မမြင်ဖူးခဲ့ပေ။ ထိုကြက်များ၏ အသားကိုသာစားဖူးပြီး အရသာရှိမှန်းတော့သိလေသည်။ ထို့အပြင် ဖက်တီးကျန်းသည် ထိုကြက်များက ဝိညာဥ်ပိုးကောင်များအား စားရသည်ကို နှစ်သက်ကြောင်းပြောပြထားလေသည်။

ကြက်များကိုခဏမျှလေ့လာပြီးနောက် ပိုင်ရှောင်ချန်းလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အလောတကြီးဘာမှမလုပ်ပဲ တောင်အောက်သို့ပြန်ဆင်းကာ ဝိညာဥ်ကျောက်တုံးအနည်းငယ်သုံး၍ ဝိညာဥ်ပိုးကောင်အချို့ဝယ်ပြီး သူ၏ခြံဝန်းထဲရှိ နားနေရာသို့ပြန်သွားလေသည်။

သူပြန်ရောက်သောအခါ ဗိုက်ဆာလွန်းလှ၍ မေ့မျောမသွားစေရန် မနဲထိန်းနေရသည်။ ထို့နောက် ဘေးဘီကိုကြည့်လိုက်ကာ စားစရာတစ်ခုခုကို ရှာနေတော့သည်။

သိပ်မကြာခင်မှာပင် ဆောင်းဝိညာဥ်ဝါးပင်ကို မျက်စိကျသွားကာ မျက်လုံးများက တောက်ပလာလေသည်။ ဝါးပင်၏အရိုးတံများမှာ ၃မီတာဝန်းကျင်ရှည်လားပြီး လုံးပတ်မှာ လက်သီးတစ်ဆုပ်စာလောက်ထိရှိလေသည်။ သူတို့ဆီမှထွက်လာသော စိတ်စွမ်းအင်တောက်ပမှု ကြောင့် ပုံမှန်ထက်ပို၍ထူးကဲနေသည်ဟု ထင်ရလေသည်။

ပိုင်ရှောင်ချန်းသည် ဝါးပင်အရိုးတံများအနီးသို့ အလျှင်အမြန်သွားကာ အနီးကပ်ကြည့်ရှု လေ့လာလိုက်ပြီး ကျေနပ်စွာရယ်လိုက်လေသည်။ အပင်များအကြောင်း သူလေ့လာထားသည့် ပညာရပ်များကိုအသုံးပြုကာ လျှင်မြန်စွာပင် အမာကြော ဆုံးရိုးတံကို ရွေးချယ်လိုက်ပြီး အခြေမှ စကာ တစ်ဝက်တိတိ ဓားဖြင့်ပိုင်းချလိုက်လေသည်။

ကြက်များကိုခိုးသည့်နေရာသို့ရောက်သော် ပိုင်ရှောင်ချန်းဆီတွင် အလွန်ထူးခြားသော နည်းလမ်းတစ်ခုရှိပေသည်။ သော့ချက်မှာ ‘ခိုး’ ဟူသောစကားလုံးထဲတွင်ပင် ကိန်းအောင်းနေသည်။ မည်သူမှမသိအောင် ကြက်များ ရယူနိုင်ခြင်းမှာလည်း အနုပညာရပ်တစ်ခုဖြစ်သည်။

ဝါးအချို့ကိုသုံးကာ ဝါးဖြင့်ပြုလုပ်သော ပုစဥ်းရင်ကွဲဟုအမည်ရသည့် ကိရိယာတစ်မျိုးကို ဖန်တီးလိုက်လေသည်။

ထို ဝါးပုစဥ်းရင်ကွဲလုပ်နည်းကို သူငယ်ငယ်တုံးက သူ့အဖေဆီမှ သင်ခဲ့ခြင်းဖြစ်သည်။ ထိုကိရိယာများသည် ကြက်များမှစ၍ ဇာမဏီငှက်များအထိ တိရစ္ဆာန်အမျိုးအစားပေါင်းစုံ ဖမ်းဆီးရာတွင် အသုံးဝင်လေသည်။ ဝါးပုစဥ်းရင်ကွဲကို လုပ်ပြီးသွားသောအခါ ဝါးမျှင်အချို့ကိုသုံး၍ ကြိုးတစ်ခုကို ကျစ်လိုက်လေသည်။ ထို့နောက် ထိုကြိုး၏ ခံနိုငိရည်အားကို စစ်ဆေးလိုက်ကာ ဝါးပုစဥ်းရင်ကွဲသို့ ချည်လိုက်လေသည်။ ထို့နောက် ည၏အမှောင်ထုထဲသို့ ခုန်ဝင်သွားလေတော့သည်။

“ကဲ ဒီနေ့တော့ ကြက်သားစားရပြီဟေ့။”

သူ၏ဗိုက်မှာအသံများထွက်နေသော်လည်း မျက်လုံးများမှာ အစိမ်းရောင်များတောက်ပနေသည်။ ဗိုက်အလွန်ဆာနေသဖြင့် ပုံမှန်ထက်အမြန်သွားကာ မကြာမှီ ဝိညာဥ်အမြီးကြက်ခြံသို့ ရောက်ရှိလာသည်။

ကြက်ခြံနှင့််နီးလာသည်နှင့် သူက ခြံစည်းရိုးနားသို့ ခြေသံတိတ်တိတ်ဖြင့်သွားကာ ဝါးပုစဥ်းရင်ကွဲထဲသို့ ဝိညာဥ်ပိုးကောင်တစ်ကောင်ထည့်လိုက်ကာ ထိုပုစဥ်းရင်ကွဲကို ခြံစည်းအကျော်သို့ ပစ်တင်လိုက်လေသည်။ထို့နောက် ပုစဥ်းရင်ကွဲတွင်ချည်ထားသော ကြိုးကိုကိုင်၍ ဆာလောင်စွာဖြင့် ဘေးသို့ဝပ်တွားကာ သွားနေလေသည်။

ခြံစည်းရိုးအထဲတွင် အချို့သောအပြင်စည်းဂိုဏ်းသားများ ကျင့်ကြံရာနှင့် နားခိုရာ သစ်သားအိမ် အချို့ရှိလေသည်။ကြက်ခြံမှာအတော်လေးကြီးမားပြီး မြေကြီးပေါ်တွင် ဝပ်နေကြသော ဝိညာဥ်အမြီးကြက်များ အကောင်တစ်ရာကျော် ရှိလေသည်။ အချို့သော ကြက်အနည်းငယ်မှာ ခေါင်းများကို မောက်မာစွာမော့ကာ ဘေးဘီသို့ကြည့်ရင်း လမ်းလျှောက်နေကြလေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ကြက်တစ်ကောင်မှာ တစ်စုံတစ်ခုကို သတိထားမိဟန်ရှိလေသည်။ ခေါင်းလှည့်လိုက်ကာ အဝေးရှိအရာတစ်ခု ကိုကြည့်လိုက်ပြီး ထိုအရာဆီသို့ လမ်းလျှောက်လာနေသည်။ နှုတ်သီးဖြင့်ထိုးကာ စားသုံးရန် သူ့ကိုစိန်ခေါ်နေသည့် အလား ထိုနေရာတွင်ရပ်နေသော ဝိညာဥ်ပိုးကောင်ကို မြင်လိုက်ရသည်။

သို့သော်လည်း ထိုကြက်က ဝိညာဥ်ပိုးကောင်ကို နှုတ်သီးဖြင့်ထိုးလိုက်သောအခါ ကွေးနေသောဝါးအပိုင်းအစလေးက ချက်ခြင်းပင်ထွက်လာကာ ကြက်၏နှုတ်သီးကို ပြန်ပိတ်မရအောင် လုပ်လိုက်တော့သည်။

ထိုကြက်လေးမှာ အော်သံပေးချင်ပါသော်လည်း နှုတ်သီးမှာ လှုပ်မရသည့်အတွက် မည်သည့်အသံမျှ ထွက်မလာနိုင်ချေ။ ထို့နောက် ထိုဝါးအပိုင်းအစကို ချိုးရန် နှုတ်သီးကိုကြိုးစား ပိတ်ကြည့်သော်လည်း ဝါးမှာမာကျောလွန်းလှသဖြင့် အချည်းအနှီးပင် ဖြစ်ရသည်။

မည်မျှပင်ရုန်းကန်ပါသော်ငြားလည်း ကြက်ကလေးမှာ တုတ်တုတ်မျှပင် မလှုပ်နိုင်ပဲ ခြံစည်းရိုးအပြင်ဘက်သို့ဆွဲခေါ်ခံလိုက်ရကာ ပိုင်ရှောင်ချန်း၏ လက်ထဲသို့ရောက်သွားတော့သည်။ ပိုင်ရှောင်ချန်းလည်း လျှင်မြန်စွာပင် ချီစုစည်းမှု အဆင့်၄၏ စွမ်းအားများကို ထုတ်ယူလိုက်ပြီး သူ၏လက်များသို့ အားများလွှဲလိုက်ကာ ကြက်၏လည်ပင်းကို လိမ်ချိုးလိုက်တော့သည်။ ထို့နောက် ကြက်သေကို အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူလုပ်ကိုင်နေပုံကိုကြည့်ရသည်မှာ ယခုလိုနေရာများတွင် အတွေ့ကြုံရင့်နေသော လူတစ်ယောက်ကဲ့သို့ပင်။

ဖြစ်ရပ်တစ်ခုလုံးမှာ အသက်ရှူသည့်အကြိမ်ရေ ၃၀ ခန့်သာကြာလေသည်။ ထို့အပြင် အချိန်အများစုမှာ ထိုင်စောင့်နေရင်းကုန်သွားခြင်းဖြစ်သည်။ စောင့်စရာမလိုပါက ပို၍မြန်မြန်ပင် ပြီးစီးမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းလည်း သူ၏ ခြံဝန်းထဲရှိအိမ်လေးသို့အပြေးပြန်သွားပြီး ခဏအကြာတွင်မူ လေထဲတွင်မွှေးပျံ့သော ဟင်းရနံ့များဖြင့် ပြည့်နေလေတော့သည်။ မိုးလင်းသောအခါ ကြက်တစ်ကောင်လုံး ပိုင်ရှောင်ချန်း၏ဗိုက်ထဲသို့ရောက်သွားပြီဖြစ်သည်။

ကြက်၏အမွှေးအတောင်များနှင့်ပြန့်ကျဲနေသော အရိုးများသာ ကျန်နေတော့သည်။

ကြက်တစ်ကောင်လုံးစားပြီးသွားသောအခါ ပိုင်ရှောင်ချန်း အဆာပြေသွားသည်။ ခန္ဓာကိုယ်ကို အင်အားဖြည့်တင်းပြီးနောက်တွင် နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာ ရှိသွားတော့သည်။

ထို့အပြင် သူ့ခန္ဓာကိုယ်ထဲရှိစိတ်စွမ်းအင်များ အနည်းငယ်များပြားလာသည်ဟုပင် ခံစားရလေသည်။ သို့သော်လည်း ထိုသို့ပြောင်းလဲတိုးတက်မှုအများစုမှာ ထာဝရအသက်ရှည်နည်းပညာရပ်ကြောင့်သာ ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် ၈ကြိမ်လောက် အသက်ရှူသွင်း၊ရှူထုတ်ခြင်းကို ပြုလုပ်လိုက်လေသည်။

အသက်ရှူသွင်းတိုင်း ရှူထုတ်တိုင်းတွင် အနွေးဓာတ်များက သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး အရေပြားပေါ်တွင် လွှမ်းခြုံသွားလေသည်။ ထိုအနွေးဓာတ်ကပင် သူ၏အရေပြားကို ပို၍မာကျောတောင့်တင်းလာစေတော့သည်။ အနက်ရောင်ရောင်ချည်များ ဖြင့်ပင် တလက်လက်ထနေလေသည်။ သို့သော်လည်း အနီးကပ်ကြည့်လိုက်လျှင် အရင်ကလိုပင် စိုပြည်ကာကြည်လင်နေသည်ကိုတွေ့နိုင်လေသည်။

“ထာဝရအသက်ရှည်နည်းပညာရပ်ကိုကျင့်ရင် ပထမဆုံး နာကျင်မှုကိုခံစားရပြီး ပြီးသွားရင် ဆာလောင်မှုကို ခံစားရတာပဲ။ အတော်လေးခက်ခဲတဲ့ ကျင့်ကြံခြင်းတစ်ခုပဲ။ ဒါပေမဲ့လည်း ရလဒ်တွေကတော့ တော်တော်လေးကိုကောင်းတယ် ” ဟု ဆိုကာ ညာလက်ကိုဆန့်တန်းလိုက်သောအခါ သစ်သားဓားတစ်ချောင်း ရောက်ရှိလာသည်။ ထို့နောက် ဂရုတစိုက်နှင့် ထိုဓားကို သူ၏လက်ဖမိုးနှင့် ပုတ်ကြည့်လိုက်သည်။
ထိုသစ်သားဓားသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှစ်ဆ လုပ်ထားသောဓား ဖြစ်လေ သည်။ သို့သော်လည်း သူ၏အရေပြားနှင့်ထိကြည့်မိသောအခါ ပိုင်ရှောင်ချန်းမှာ အသေးစား ခုခံအားတစ်ခုကို ခံစားမိလိုက်သည်။ သူသည် စစ်ဆေးမှုကို ရပ်လိုက်ပြီး ထာဝရအသက်ရှည်နည်း ပညာရပ်ကို ဆက်၍ကျင့်ရန်လိုသေးသည်ဟု နှလုံးသွင်းလိုက်လေသည်။

” ကျင့်စဥ် အညွှန်းအရတော့ ထာဝရအရေပြား မှာ သံ၊ ကြေး၊ ငွေ နဲ့ ရွှေဆိုပြီးအဆင့်၄ဆင့် ရှိတာပဲ။ အခုမှစကျင့်တာဆိုတော့ နောက်၈၁ရက်ထိ ဆက်ကျင့်နိုင်ရင် ထာဝရသံအရေပြားကိုတော့ ရနိုင်ကောင်းပါရဲ့။” ဟုတွေးကာ ပြန့်ကျဲနေသော ဘေးဘီဝဲယာရှိ ကြက်အရိုးများကို ကြည့်လိုက်ပြီး ထာဝရသံအရေပြားကိုရရန် ကျင့်ကြံခြင်း၏ သော့ချက်ကို သဘောပေါက်သွားသည်။

” တော်သေးတာပေါ့ ဒီတောင်ပေါ် မှာ ဝိညာဥ်အမြီး ကြက်တွေ အများကြီးရှိလို့။ ဟဲဟဲ ” ဟု တွေးကာ ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။ ဝိညာဥ်အမြီးကြက်များကို ပို၍ပင် သူစိတ်ဝင်စားလာတော့သည်။

သူ မသိသောအချက်မှာ လွန်ခဲ့သော နှစ်ပေါင်း၁သောင်းအတွင်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံခဲ့သူ မရှိသလောက်နဲပါးသည် ဟူသောအချက်ပင်။ ကျင့်ကြံခဲ့သူအများစုသည်လည်း ပထမ၈၁ရက်အတွင်းခံစားရသော ကြောက်မက်ဖွယ် နှိပ်စက်မှုဒဏ်များကြောင့် အဆုံးတွင် ကျင့်ကြံခြင်းကို ရပ်လိုက်ရသည်အထိပင်။ အချို့သောလူများက ဆက်၍ကျင့်ကြသော်လည်း နောက်ထပ်တွေ့ရသော အဓိကပြဿနာမှာ ဆက်၍ကျင့်ကြံရန် လိုအပ်သော ငွေကြေးပမာဏပင်ဖြစ်သည်။

ထိုကျင့်စဥ်ကို ထာဝရရွှေအရေပြားရသည်အထိ ကျင့်လိုပါက ကုန်ကျစရိတ်မှာ ကြောက်ခမန်းလိလိပင်။ ဂိုဏ်းတစ်ခုလုံးပင်လျှင် ထိုပမာဏကိုထုတ်ပေးနိုင်ရန် အခက်အခဲရှိလေသည်။ ထိုကျင့်စဥ်အစား အခြား အကုန်အကျသက်သာသောကျင့်စဥ်များအတွက် သုံးလျှင်ပင်ပို၍ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ အခြားကျင့်စဥ်များသည် ထာဝရရှင်သန်ခြင်းကျင့်စဥ်လောက် အံ့သြဖွယ်ရလဒ်မပေးနိုင်သော်လည်း ဂိုဏ်းတစ်ဂိုဏ်းအတွက်မူ ငွေကြေးနဲနဲနှင့် ထိရောက်သောလမ်းစဥ်ကို အဓိကထားစဥ်းစားရမည်မဟုတ်ပါလော။

ထိုငွေကြေးကိစ္စမှာ ကျမ်းစာအဆောင်တွင် ထာဝရအသက်ရှည်နည်းပညာရပ် ဖုန်တက်နေရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။

ကျင့်စဥ်အနည်းငယ်လေ့ကျင့်ပြီးသောအခါ ပိုင်ရှောင်ချန်းက ကြက်ရိုးများကိုစုပြီး အမွှေးအတောင်များနှင့်အတူ အနီးနားရှိ ဝိညာဥ်မြေကြီးထဲသို့ မြုပ်လိုက်လေသည်။

ထို့နောက် သူ၏အိမ်မှထွက်ကာ အပြင်စည်းဂိုဏ်းသားများစုဝေးရာ နေရာတစ်နေရာသို့သွားကာ အခိုးခံလိုက်ရသောကြက်အကြောင်း နားစွင့်နေလေသည်။ ရွာမှာရှိစဥ်တုံးက ကြက်ခိုးခဲ့သည့်အတွေ့အကြုံများကြောင့် ရက်အနည်းငယ်ခြား၍ ခိုးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သူ သိသည်။

အနည်းငယ်နားစွင့်ပြီးသောအခါ မည်သူကမျှ ကြက်တစ်ကောင်ပျောက်နေကြောင်း ပြောသံကို မကြားမိပေ။သို့သော်လည်း ဝိညာဥ်အမြီးကြက်များ၏ သုံးရောင်ရှိသော အမွှေး အတောင်များကို မီးရှို့လျှင် သုံးရောင်ခြယ်မီးတောက်များရကြောင်း သိလိုက်ရသည်။

ထိုအကြောင်းကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းက သူ၏အိမ်သို့ပြန်သွားကာ သုံးရောင်ခြယ် အမွှေးအတောင်များကို ဝိညာဥ်မြေကြီးထဲမှတူးကာ ထုတ်လိုက်လေသည်။ ထို့နောက် ထိုအမွှေးအတောင်များကို အသေးစိတ်လေ့လာလိုက်သည်။

“အဲ့တာကြောင့်မလို့ ဒီတောင်ပေါ်မှာ ဒီလောက်အများကြီး ကြက်မွေးတာကိုးကွ။”

သူကလျှင်မြန်စွာပင် ၃ရောင်ခြယ်အမွှေးအတောင်များကို သူ၏ထည့်စရာ အိတ်ထဲတွင်ထည့်သိမ်းလိုက်လေသည်။ ထိုအမွှေးအတောင်များသည် အခြားလူများအတွက် သုံးရောင်ခြယ်မီးတောက်ရရန် လောင်စာများထက်မပိုသော်လည်း သူ့အတွက်မူ စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းသုံးဆင့် လုပ်ရာတွင်လိုအပ်သော လောင်စာများဖြစ်သည်။

သို့သော်လည်း သူက ထိုသို့ချက်ချင်းလုပ်ရန် မကြိုးစားခဲ့ပေ။ သူ၏အကြံမှာ ဝိညာဥ်ဆေးအချို့ကိုအရင်ယူကာ ထိုဆေးများပို၍အစွမ်းထက်စေရန် စိတ်စွမ်းအင်အဆင့် မြှင့်တင်ခြင်း တစ်ခေါက်ပြုလုပ်ရန်ဖြစ်သည်။

ရက်အနည်းငယ်အနားယူပြီးနောက် ပိုင်ရှောင်ချန်းမှာ ညတစ်ညတွင် ဗိုက်ပြန်ဆာလာသည်။ အပင်များနှင့်ပတ်သတ်သောအတွဲ၂ ကျမ်းကိုလက်မှချကာ ညအမှောင်ထဲသို့ထွက်သွားလေသည်။ ပြန်ရောက်လာသောအခါ သူ၏အိတ်ထဲတွင် ဝိညာဥ်အမြီးကြက်၂ကောင်ပါလာသည်။

ထိုကဲ့သို့ပင်အချိန်များက ကုန်နေတော့သည်။ မကြာမီပင် အချိန်တစ်လကုန်သွားပြီး ထိုအချိန်အတွင်း ပျောက်ဆုံးနေသောကြက်များအကြောင်း သတင်းများက မွှေးရနံ့တိမ်တောင်တွင် စ၍ပျံ့လာသည်။

လီချင်းဟောက် ကိုယ်တိုင်ပင်လျှင် ထိုအကြောင်းကြားမိလေသည်။ တစ်လဆိုသောအချိန်တွင် ကြက်ခြံသုံးခြံမှ ကြက်ကောင်ရေ ဒါဇင်အနည်းငယ် ပျောက်သွားသည်မဟုတ်ပါလော။ သို့သော်လည်း လီချင်းဟောက်မှာ ထိုကိစ္စအတွက် အချိန်မပေးနိုင်ချေ။ အကြောင်းမှာ တောင်အပြင်ထွက်၍ အရေးကြီးသော လုပ်စရာများ ရှိနေခြင်းကြောင့်ပင်။

ထိုကြက်များကို စောင့်ရှောက်ရန်တာဝန်ကျသော ဂိုဏ်းသား ၇ယောက်၈ယောက်လောက်မှာကား အကြီးအကျယ် စိတ်ညစ်နေတော့သည်။ အကြောင်းမှာ ကြက်များကိုသူတို့က ဂရုသိပ်မစိုက်သော်လည်း သူတို့အပိုင်ကြက်များမဟုတ်သည့်အတွက် စိတ်ညစ်နေကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ်က ဘာမှမပြောသော်လည်း သူတို့အတွက်မူ မျက်နှာပျက်စရာကိစ္စတစ်ရပ်ပင်။ ကြက်သူခိုးသည်ကား သူတို့မျက်စိအောက်တွင် ခိုးနေသည်မဟုတ်ပါလော။

သို့သော်လည်း သူတို့သည် ဘာမှမတတ်နိုင်ချေ။ ကြက်များကိုဘယ်လောက်ပင် ကာကွယ်သော်ငြားလည်း ပျောက်မြဲပျောက်ဆဲပင်။ အထူးအဆန်းဆုံးမှာ ခြေရာပင်ခံဖို့ အစအနပင်ရှာ၍ မရခြင်းပင်။ လေထဲသို့ဖွတ်ကနဲပျောက်သွားသည့်အလား အသံတစ်သံမှပင်မကြားရချေ။

ယခုတွင်မူ ပိုင်ရှောင်ချန်း၏ ခန္စာကိုယ်သည် ပုံမှန်အနေအထားသို့ပြန်ရောက်လာရုံသာမက ဝိတ်အနည်းငယ်ပါတက်လာသည်။ ထာဝရအသက်ရှည်နည်းပညာရပ်ကြောင့် ကုန်ဆုံးသွားသမျှ ခွန်အားများကို ကြက်သားဖြင့် ပြန်လည်ဖြည့်တင်းနေသည်။ မျက်နှာကြီးများဖောင်းကားနေပြီး သက်တောင့်သက်သာဖြင့် ဘဝကိုဖြတ်သန်းနေတော့သည်။

ပျော်ရွှင်ဗိုက်ဝနေသဖြင့် အပင်များနှင့်ပတ်သတ်သောအတွဲ၂ ကိုလေ့လာသည့်နှုန်းမှာလည်း မြန်ဆန်လာသည်။ နောက်ဆုံးတွင်မူ သူလေ့လာ၍ပြီးသွားသောနေ့ကိုရောက်လာသည်။ အရင်တစ်ခေါက်ကဖြစ်ခဲ့သောအရာကြောင့် ဤအခေါက်တွင်မူ အရွက်၊ ပင်စည်၊ အမြစ်၊ အကြောများသာမက အပင်မျက်နှာပြင်ပေါ်ရှိ မွှေးညှင်းများအထိ အသေးစိတ်လေ့လာထားသည်။ ယုံကြည်မှုပြင်းထန်နေသည့်အတွက် အပင်များကို ဒါဇင်များစွာစိတ်ပိုင်းထားလျှင်ပင် ပြန်၍ဆက်နိုင်မည်ဟု ယုံကြည်နေသည်။ ရင်ကော့ကာ သူ၏ခြံဝန်းထဲရှိ နေအိမ်မှထွက်လာခဲ့သည်။

“ဒီတစ်ခေါက်တော့ ကျိုးရှင်းချီကို ကျော်တက်ခဲ့တဲ့ လိပ်ကလေးက ငါပဲဆိုတာ အကုန်သိသွားစေရမယ်ကွ။”ဟု ဆိုကာ မျှော်လင့်ချက်အပြည့်ဖြင့် ဆေးတစ်သောင်း အဆောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset