Switch Mode

အပိုင်း(၁၄၇၆)

ပရမ်းပတာ

ဟွားချင်းယွင်က ယွဲ့ချင်ကို ကြည့်ကာ ခပ်ရေးရေး ပြုံးသည်။ သူက ခပ်မတ်မတ်ရပ်ကာ ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ “ရှန့်ရှောင်းနတ်ဘုရားနန်းတော်ရဲ့ တပည့်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး တက်တက်ကြွကြွနဲ့ သင်ယူဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက လက်ရှိမှာ ကျုပ်က သင်ကြားပေးချင်တဲ့ စိတ်အခြေအနေမျိုး ရှိမနေဘူး”

ယွဲ့ချင် “…..”

လူအုပ်ကြီး “…..”

ရီဖူရှင်းသည်လည်း ဟွားချင်းယွင် မည်မျှ လေလုံးထွားသည်အား ကြည့်ရင်း ဆွံ့အရ၏။

‘မင်းက တကယ်ပဲ ကောင်းကင်နတ်တံခါးရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း အဲဒီလောက် လေမကြီးနဲ့လေဟု သူက တွေးသည်။

ရှန့်ရှောင်းနန်းတော်မှ တပည့်ကလည်း မျက်မှောင်ကြုတ်သည်။ ‘သင်ပြပေးပါ’ ဟူသည့် စကားလုံးတွင် ကွဲပြားသော အသုံးအနှုန်း ရှိသည်။ အထူးသဖြင့် မျိုးဆက်တူများအကြားတွင် သုံးပါက စိန်ခေါ်သည့် သဘော သက်ရောက်ပေသည်။ ဟွားချင်းယွင်သည် ထိုစကားလုံးနှစ်ခုကြားမှ အဓိပ္ပာယ်ကို တမင်သက်သက် တိုက်ရိုက်ယူလိုက်ခြင်း ဖြစ်ပေသည်။

“ကောင်းပြီလေ။ ဒါဆိုလည်း ကျုပ်က နှိမ့်ချပြီး ခင်ဗျားရဲ့ လမ်းညွှန်မှုကို ခံယူရတာပေါ့” ယွဲ့ချင်က ခေတ္တမျှ တွေဝေသွားခဲ့သော်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ယွဲ့ချင်က အမှန်တကယ်ပက် ‘နှိမ့်ချ၍ လမ်းညွှန်ပြသမှုကို ခံယူမည်’ ဟု သုံးနှုန်းခဲ့လေသည်။

“ကျုပ်မှာ အချိန်မရှိဘူး” ဟွားချင်းယွင်က ပြုံး၍ ပြန်ဖြေသည်။

‘နှိမ့်ချပြီး ငါရဲ့ လမ်းညွှန်မှုကို ခံယူမယ်တဲ့လား။

သောက်ကျိုးနည်း’ ဟု ဟွားချင်းယွင်က တွေးသည်။

လက်ရှိတွင် ရီဖူရှင်းလည်း ရှိနေပြီး သူသာခေါင်းညိတ်လိုက်မည်ဆိုပါက အခြားမည်သူနှင့်မှ မတူဘဲ အခွင့်အရေးက ပိုများလိမ့်မည်ဟု ဟွားချင်းယွင်က တွေးသည်။ အဆုံးမှာတော့ ဤကိစ္စတွင် ချင်းဟယ်၏ သဘောထားအပေါ်တွင် များစွာ မူတည်နေ၏။ ထို့အပြင် နတ်မိမယ်ကျင့်ရီးက သူမ၏ လူများနှင့်အတူ ရီဖူရှင်းအား လာရှာခဲ့ခြင်းမှာ ရီဖူရှင်းကို ဤကိစ္စ၌ ပါဝင်ပတ်သက်စေလို၍ ဖြစ်ပေသည်။

အကယ်၍ ရီဖူရှင်း ရွေးချယ်ခံရမည့် အခွင့်အရေးကသာ ရီထျန်းယွိထက် မြင့်မားနေခဲ့လျှင် ဟွားချင်းယွင်က ထိုသို့သော လူမျိုးများနှင့် အချိန်ဖြုန်းနေရန် မလိုတော့ပေ။

ရှန့်ရှောင်းနန်းတော်မှ လူများသည် သူတို့၏ လုပ်နိုင်စွမ်း တစ်ခုခု ပြသရန် ရည်ရွယ်နေသော်လည်း သူတို့က တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးနေကာ ဟွားချင်းယွင်သည်ပင် ပျင်းရိလာပေသည်။

ထို့အပြင် ဤအရေးကိစ္စက အရည်အချင်း ယှဉ်ပြိုင်ပွဲပြုလုပ်ကြရုံနှင့် ဆုံးဖြတ်၍ ရနိုင်သော တစ်စုံတစ်ခု မဟုတ်ပေ။ ဆုံးဖြတ်ချက်၏ အဓိကသော့ချက်မှာ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ စီနီယာများ အပေါ်တွင် မူတည်သလို ချင်းဟယ်၏ ကိုယ်ပိုင် သဘောထားလည်း ရှိနေသေး၏။

ရှန့်ရှောင်းနန်းတော်မှ လူများက ဟွားချင်းယွင်ကို နားမလည်နိုင်သည့် အမူအရာတို့ဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ဆွံ့အနေခဲ့ကြပေသည်။

“မင်းက ကောင်းကင်နတ်တံခါးက မဟုတ်ဘူးလား။ ဘာလို့ ဒီလို သူရဲဘောကြောင်နေတာလဲ” စူးရှရှအသံတစ်ခုကို ကြားလိုက်ရသည်။ ဟွားချင်းယွင်နှင့် အခြားသူများက လှည့်ကြည့်လိုက်လျှင်  အတော်လေး ရုပ်ဆိုးပြီး တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသည့် တန်ခိုးရှင်တစ်ဦး လျှောက်လာသည်ကို မြင်လိုက်ရပေသည်။ ထိုသူမှ ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်ဖြစ်သည်။

ကြွက်များသည် သူတို့အတွက် အခွင့်အရေးက အလွန် နည်းပါးသည်ကို သိရှိကာ လူစွမ်းကောင်းများ၏ တိုက်ပွဲအား စောင့်ကြည့်ရန် နေရစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့က ဟွားချင်းယွင်သည် ဤသို့ပြုမူမည်ဟု မထင်ထားခဲ့ကြ။ သူက ဟွားကလန်မျိုးဆက်များအတွင်း နံပါတ်တစ်ပါရမီရှင်ဟု ဆိုနိုင်သော်လည်း စိန်ခေါ်မှုအား ဤကဲ့သို့ ငြင်းဆန်နေခဲ့သည်။

သို့သော် တစ်ဖန်ထပ်ကာ ကြွက်များသည် ကောင်းကင်နတ်တံခါးက လက်ရှိထက်ပို၍ အားကောင်းသန်မာလာမည်အား မြင်တွေ့ရရန် ဆန္ဒမရှိပေ။ သူတို့က ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဖိနှိပ်ချိုးနှိမ်ခြင်းကို ခံရပြီး ရလဒ်အနေဖြင့် နှစ်ဖက်လုံး ရှုံးနိမ့်ကာ အပျက်အစီးအဆုံးရှုံးများပါက အကောင်းဆုံးပင် ဖြစ်သည်။  ထိုမှသာ ကြွက်မျိုးနွယ်စုက အကျိုးအမြတ်ရလိမ့်မည် ဖြစ်သည်။

ဂူတုံးလျှို နတ်ဆိုးဘုံ၌ ရှိစဉ်က ကံကောင်းခြင်းအားလုံးကို ရရှိခဲ့သည်။ ဂူထျန်းရှင်းက သူ့အား နတ်ဆိုးဘုံ၏ အရှင်သခင်အသစ် ဖြစ်လာစေရန် ရည်ရွယ်ခဲ့ပြီး ထိုအချက်အား ကြွက်များက ထိုလူအိုကြီး သိပ်ယုတ်မာသည်ဟု ယူဆခဲ့ကြသည်။

“ခင်ဗျားတို့ ကြွက်တွေ ဘယ်အချိန်ကစပြီး ပြောရေးဆိုခွင့် ရှိသွားတာလဲ” ဟွားချင်းယွင်က ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်အား ပြန်လှည့်ကြည့်၍ မေးသည်။

ကြွက်များ၏ ဘိုးဘေးများ ထွန်းတောက်လာမှုက အစကတည်းက ဂုဏ်ယူစရာကိစ္စ မဟုတ်ခဲ့ပါဘဲ သူတို့က မည်သို့ ရဲတင်းကာ ထိုသို့ ထေ့လုံးငေါ့လုံးများ ပြောလာရဲရသနည်းဟု သူက တွေးလိုက်မိသည်။

တန်ခိုးရှင်တစ်ယောက်က သိသာစွာပင် ဆန့်ကျင်၏။ သူ့ထံမှ ပြင်းထန်သည့် အေးစက်မှုတို့ ထွက်ပေါ်လာသည်ကို ခံစားမိနိုင်ပြီး ယင်းအေးစက်မှုတို့က ဟွားချင်းယွင်ကို ဦးတည်နေသည်။ ခရမ်းရွှေကြွက်များသည် သူတို့အား ‘ကြွက်များ’ ဟု သုံးနှုန်းသည်ကို မုန်းတီးကြပြီး ထိုအသုံးက သူတို့ကို ကျိန်ဆဲနေသည်ဟု ယူဆကြပေသည်။

ဟွားချင်းယွင်၏ အသံကအရ ကောင်းကင်နတ်တံခါးဂိုဏ်းမှ တပည့်သည် ကြွက်များကို သူ့နှလုံးသားအောက်ခြေမှပင် အထင်အမြင်သေးနေကြောင်း ပြောနိုင်ပေသည်။

ဘုန်း..

ကြွက်သည် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ များပြားလှသော ကြွက်နတ်ဆိုးသားရဲများက လိုက်ပါလာပြီး ဟွားချင်းယွင်ပေါ်သို့ သူတို့၏ စွမ်းအားများက ဟွားချင်းယွင်ပေါ်သို့ ကျဆင်းလာသည်။

“ကျုပ်တို့ ခရမ်းရွှေကြွက်ကလန်က အခုချိန်မှာ နတ်ဆိုးဘုံရဲ့ ထိပ်သီးအင်အားစုတစ်ခုပဲ။ မင်းတို့ ကောင်းကင်နတ်တံခါးနဲ့ အဆင့်ချင်းတူတယ်။ မင်းလို ကောင်းကင်နတ်တံခါးရဲ့ တပည့်တစ်ယောက်က ကျုပ်တို့ကို စော်ကားရဲတယ်လား။” ကြွက်တန်ခိုးရှင်များထဲမှ တစ်ယောက်က အေးစက်သည့် အသံဖြင့် ပြောသည်။

ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည်လည်း ထွက်လာကာ ဟွားချင်းယွင်၏ အနောက်၌ ရပ်လိုက်ကြသည်။ သူတို့ထံမှ သာလွန်လွှမ်းမိုးနိုင်သည့် အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ နှစ်ဖက်လုံး၏ အရှိန်အဝါများက လေထဲတွင် ထိပ်တိုက်တွေ့ဆုံမိကာ ပြင်းထန်သည့် စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်လာစေသည်။ ထိုစွမ်းအားများက ရွှမ်ထျန်းစံအိမ်တစ်ခွင်ကို ပျံ့နှံ့သွားခဲ့သည်။

ဟွားချင်းယွင်က မပြောင်းလဲသည့် အမူအရာနှင့် ရှိနေကာ သူ ရပ်နေသည့် နေရာ၌ ရပ်မြဲ ရပ်နေခဲ့သည်။ ထို့နောက် သူက တစ်ဖက်အဖွဲ့အား စူးစိုက်ကြည့်ကာ မေးလိုက်၏။ “ခရမ်းရွှေကြွက်ကလန်က ကြွက်နတ်ဆိုးတွေ မဟုတ်ဘူးလား။ ခင်ဗျားတို့က တကယ်လည်း ကြွက်တွေပဲကို အဲဒီလိုခေါ်တာနဲ့ ဘာလိုလ ဒေါသတကြီး ဖြစ်နေရတာလဲ။ ခင်ဗျားတို့ရဲ့ နိမ့်ကျမှုကို ဖုံးကွယ်ဖို့ အဲဒီလိုခေါ်တာကို စော်ကားတာလို့ ဘာကြောင့် ပြောရတာလဲ။ ခင်ဗျားတို့တွေက ဒီလောက်လေးတောင် အပြောမခံနိုင်ရင် ဘာလို့ အစကတည်းက ရှေ့ထွက်လာပြီး သူများ ကိစ္စဝင်ပါနေသေးလဲ”

ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များ၏ မျက်နှာများက မည်းမှောင်သွားကြပြီး အရင်ဆုံးထွက်လာသည့် တန်ခိုးရှင်က ပြောသည်။ “ကျုပ်တို့က တခြားလူရဲ့ ကိစ္စကို ဝင်စွက်ဖက်တာ မဟုတ်ဘူး။ ကျုပ်တို့ ကြွက်နတ်ဆိုးတွေက ကောင်းကင်နတ်တံခါးရဲ့ ပါရမီရှင်တွေ ဘယ်လောက်အစွမ်းထက်တယ် ဆိုတာကို မြင်ချင်မိရုံပဲ”

“ကျုပ် အကြံပေးချင်တာကတော့ ခင်ဗျားတို့တွေ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနေတာတွေ ရပ်သင့်ပြီ” ဟွားချင်းယွင်၏ အသံက နူးညံ့ပျော့ပျောင်းနေဆဲ ဖြစ်သည်။ သူက အစကတည်းက ရပ်နေသည့် နေရာမှာပင် အေးဆေးတည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်ကာ အနှောင်အဖွဲ့မရှိ လွတ်လပ်သည့် အမူအရာနှင့် အလေးအနက်တိုက်ခိုက်မည့် မည်သည့် အမူအရာမှ ရှိမနေဘဲ ထိုကြွက်များအား အထင်အမြင်သေးစွာ ပြောဆိုနေဆဲ ဖြစ်သည်။

ဘုန်း…

ဟွားချင်းယွင် ပြောပြီးသွားသည်နှင့် ကြွက်တန်ခိုးရှင်များထဲမှ တစ်ယောက်သည် လျှပ်စီးအလင်းတန်းကဲ့သို့ ပြောင်းလဲသွားကာ ဟွားချင်းယွင်ထံ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ တောက်ပသည့် ရွှေရောင်နတ်အလင်းတို့က လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်နေပြီး ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါတို့က ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

ဘုန်း…

ခဏအတွင်း၌ ဟွားချင်းယွင်၏ ခန္ဓာကိုယ်မှ နတ်အလင်းများ ပေါက်ကွဲထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ကြောက်မက်ဖွယ် ပုံရိပ်ယောင်များက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ နေရာအနှံ့ ထွက်ပေါ်လာ၍ ထိုကြွက်တန်ခိုးရှင်ထံ ဦးတည်သွားလေသည်။

မရေတွက်နိုင်သည့် တန်ခိုးရှင်များက ဟွားချင်းယွင်ထံသို့ တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်ကြသည်။ ကြောက်မက်ဖွယ် ရွှေကြွက်နတ်ဆိုးက သူ့ခေါင်းထက်၌ ပေါ်ပေါက်လာပြီး လက်သည်းများကို ထုတ်ကာ ရက်စက်စွာ တိုက်ခိုက်သည်။ သူ၏ ပုံရိပ်ယောင်များကတစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရသည်။

သို့သော် ပုံရိပ်ယောင်များက ဆက်လက်၍ တိုးပွားလာနေပြီး သူတို့၏ အားကောင်းမှုက ပို၍ မြင့်မားလာသည်ဟု ထင်မှတ်ရပေသည်။ ကျယ်လောင်သည့် တုန်ခါသံကို ကြားလိုက်ရပြီး နတ်အရိပ်များက ထိုကြီးမားသည့် ကြောက်မက်ဖွယ် ကြွက်နတ်ဆိုးအရိပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ ကျယ်လောင်သည့် အသံ ထွက်ပေါ်လာသည်။

ပြင်းထန်သည့် နတ်အလင်းတို့ ပေါက်ကွဲထွက်လာကာ နေရာတစ်ခုလုံးကို လွှမ်းခြုံသည်။ ထိုကြွက်တန်ခိုးရှင်သည် ထိတ်လန့်ကာ နောက်သို့ ခုန်ဆုတ်လိုက်ပြီး ကောင်းကင်မှ ပြုတ်ကျသွားခဲ့သည်။

သူ၏ မျက်လုံးများ အလွန်အေးစက်နေဆဲ ဖြစ်ကာ ဟွားချင်းယွင်ကို စူးစူးရဲရဲ ကြည့်နေသည်။ သို့သော် ဟွားချင်းယွင်ထံမှ နတ်အလင်းများက ကောင်းကင်သို့ ထိုးတက်သွားသည်။ ပုံရိပ်ယောင်များက ပျောက်ကွယ်သွားပြီး သူက မည်သည့်အခါကမှ မလှုပ်ရှားခဲ့သလို ရပ်နေသည့်နေရာ၌ တိတ်ဆိတ်စွာ ရပ်ကျန်နေခဲ့ပေသည်။

“ဟွားကလန်ရဲ့ ထူးခြားလမ်းစဉ် ဆန်းကြယ်တိမ်လှေကား” ထိုမြင်ကွင်းကို မြင်သည့်အခါ လူအုပ်ကြီးက ရေရွတ်လိုက်ကြသည်။ ဟွားကလန်နှင့် ကျန်းကလန်သည် သူတို့၏ ကိုယ်ပိုင်ထူးခြားလမ်းစဉ်များကို ဆက်ခံခဲ့ကြပြီး သူတို့ အားလုံးက အလွန် အစွမ်းထက်ခဲ့ကြသည်။

ဆန်းကြယ်တိမ်လှေကားဟု ပြောခြင်းမှာ လောက၏ မဟာလမ်းစဉ်စွမ်းအားကို အသုံးပြုပြီး ထူးခြားဆန်းကြယ်သည့် လှေကားတက်သကဲ့သို့ အဆင့်အကန့်အသတ်ကို ချိုးဖျက်ကာ တိုးမြှင့်ပေးနိုင်ပေသည်။ အမြင့်ဆုံးထိ ကျင့်ကြံပြီးသည့်အခါ အဆင့်ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး ထူးခြားလမ်းစဉ်ကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်သဖြင့် ယင်းစွမ်းအားက ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်ပေသည်။

ထိုသို့သော ထူးခြားလမ်းစဉ်သည် ကျင့်ကြံရန် အလွန် ခက်ခဲပြီး ကျင့်ကြံမှုအား တိုးတက်စေရန် တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ဆောင်ရန် လိုအပ်ကာ နှစ်ပေါင်းများစွာတိုင် ပျင်းရိလောက်သည်ထိ ကျင့်ကြံရန် လိုအပ်ပေသည်။ ပြောကြသည်မှာ ဆန်းကြယ်တိမ်လှေကား၌ အဆင့်ပေါင်းတစ်ထောင် ရှိသည်ဟူ၍ ဖြစ်သည်။ ကောလာဟလများအရ လူတစ်ယောက်သည် နှစ်တစ်ရာလောက် ကျင့်ကြံပါက အသေးစားအောင်မြင်မှုလောက်သာ ရရှိနိုင်ပြီး နှစ်တစ်ထောင် ကျင့်ကြံပါမှသာ အကြီးစားအောင်မြင်မှုအား ရရှိနိုင်ပေလိမ့်မည်။

ထို့ကြောင့် ဟွားကလန်မှ လူများသည် ထိုကျင့်စဉ်အား အလွန် ငယ်ရွယ်စဉ်မှပင် စတင်ကာ ကျင့်ကြံကြသည်။

လေထဲမှ ခရမ်းရွှေကြွက်ကလန်ရှိ တန်ခိုးရှင်များသည် သူတို့၏ တိုက်ခိုက်မှုများသည် အပြင်းအထန် တိုးမြှင့်လာသည်။ ခရမ်းရွှေနတ်ဆိုးအရှိန်အဝါများက ကောင်းကင်သို့ ထိုးဖောက်ကာ အလွန် ကြောက်မက်ဖွယ်  ကြီးမားသည့် သတ္တဝါကြီးတစ်ကောင် ပေါ်ပေါက်လာသည်။ ထိုသတ္တဝါကြီးမှာ ဧရာမနတ်ဆိုးကြွက်တစ်ကောင် ဖြစ်လေသည်။ ထိုသတ္တဝါ၏မျက်လုံးများသည် ရွှေရောင်တောက်ပနေပြီး အလွန် ချောက်ချားဖွယ်ကောင်းကာ ရက်စက်သည့်ပုံပေါ်သည်။

လူအများသည် ထိုမြင်ကွင်းကို မြင်သည့်အခါ ဇဝေဇဝါဖြစ်သွားကြ၏။ ရှန့်ရှောင်းနန်းတော်မှ တန်ခိုးရှင်များသည် ယခင်က ဟွားချင်းယွင်ကို တိုက်ခိုက်လိုခဲ့သော်လည်း ကြွက်များက ဝင်၍ နှောင့်ယှက်မည်ဟု မထင်မှတ်မိခဲ့ပေ။

ဟွားချင်းယွင်သည် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထူးခြားဆန်းကြယ်သည့် အရိပ်များက သူ့ခန္ဓာကိုယ်ပေါ်တွင် အလွှာများဖုံးလွှမ်းနေပြီး သူ့အနီးမှ မဟာလမ်းစဉ် စွမ်းအားများနှင့် ပျော်ဝင်နေခဲ့သည်။

ကျယ်လောင်စူးရှသည့် အော်မြည်သံ ထွက်ပေါ်လာပြီး ထိုကြွက်နတ်ဆိုးက ဟွားချင်းယွင်ထံသို့ တစ်ဖန် ခုန်ဝင်လာသည်။ ကြီးမားသည့် နတ်ဆိုးသားရဲက လက်သည်းများကို ဆန့်ထုတ်၍ အစွယ်များကို ဖြဲကာ ဟွားချင်းယွင်၏ ထူးခြားဆန်းကြယ်သော အရိပ်များကို ဝါးမျိုပစ်ရန် ကြံရွယ်နေသည်။ သူက ထိုအရိပ်များအားလုံးကို တစ်ထိုင်တည်း ဝါးမျိုပစ်ရန် လုပ်ဆောင်နေလေသည်။

ဟွားချင်းယွင်သည် သူ၏ လက်ကို ဆန့်ထုတ်ကာ ဝှေ့ယမ်းလိုက်လျှင် များပြားလှသည့် ပုံရိပ်ယောင်များက တစ်ချိန်တည်း၌ ထွက်ပေါ်လာသည်။ သူက လက်ဝါးကို ဆန့်ကာ ရိုက်ထုတ်လိုက်လျှင် သူ့အနီးရှိ မရေတွက်နိုင်သော အရိပ်များက တစ်ချိန်တည်းတွင် ရွေ့လျားလာသည်။ ထိုကြီးမားသည့် နတ်ဆိုးကြွက်သားရဲက ခုန်ဝင်ကာ အရိပ်များအားလုံးကို ဝါးမျိုလိုက်သော်လည်း ထိုကြီးမားသော သတ္တဝါကြီးက ဆက်လက်၍ တုန်ခါနေသည်။ ယင်းသည် အရိပ်များအားလုံးကို ဖျက်ဆီးပစ်တော့မလိုပင်။

ဘုန်း.. ဘုန်း… ဘုန်း…

ကြီးမားသည့် ကြွက်နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်က တုန်ခါကာ အော်မြည်နေသည်။ ကြီးမား၍ ထူးခြားဆန်းကြယ်သည့် အရိပ်တစ်ခု လေထဲတွင် ပေါ်ပေါက်လာကာ မြောက်များစွာသော ပုံရိပ်ယောင်တို့ ဖြစ်တည်လာသည်။ သူက လက်ဝါးရိုက်ချက်အား ဆန့်ထုတ်လိုက်သည့်အခါ လေထုက တုန်ခါလာသည်။ နတ်ဆိုးကြွက်သားရဲက စူးစူးရှရှ အော်မြည်နေပြီးနောက် တစစီပျက်စီးသွားလေသည်။

ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်က သွေးဆုတ် ဖြူဖျော့သွားလေသည်။ နတ်အလင်းများက တောက်ပနေပြီး ဟွားချင်းယွင်၏ ခန္ဓာကိုယ်က နေရာအနှံ့တွင် ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရသည်။ သူက နတ်ဆိုးကြွက်သားရဲကို ရိုက်နှက်သည်။ ချက်ချင်းပင် ကြွက်နတ်ဆိုးသားရဲသည် တစ်စစီကြေမွသွားပြီဟု ထင်မှတ်ရသည်။ ထိုလက်ဝါးမှ အလင်းတွင် ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်နေသည်ဟု ထင်မှတ်ရပေသည်။

ဖူး…..

နတ်ဆိုးကြွက်သားရဲသည် သွေးအန်လိုက်ပြီးနောက် အဝေးသို့ လွင့်စဉ်သွားခဲ့သည်။

“ကောင်းကင်နတ်တံခါးရဲ့ တပည့်တွေက တကယ်ပဲ နာမည်ကျော်ထိုက်ပါတယ်။ ကျုပ်တို့အားလုံးက ကောင်းကင်အာဏာစက်ဘုံမှာ ရောက်နေမှတော့ ဘုံရဲ့ ထိပ်သီးတွေ ဘယ်လောက် လုပ်နိုင်စွမ်းရှိလဲဆိုတာကို ကိုယ်တိုင် စမ်းကြည့်ချင်မိပါရဲ့” အသံတစ်ခု ကြားလိုက်ရပြီး ယွဲ့ချင်က လျှောက်ထွက်လာသည်။ သူက မည်သည့် သဘောတူညီချက်ကိုမှ စောင့်မနေဘဲ ဟွားချင်းယွင်ထံ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

ယွဲ့ချင်က သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်ကာ လေဟာနယ်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးနိုင်စွမ်းရှိသော ကြီးမားသည့် ပုံရိပ်ယောင် လက်ဝါးတစ်ခုက လေထဲတွင် ပေါ်ပေါက်လာပြီး ဟွားချင်းယွင် အပေါ်မှ ဖိနှိပ်လာသည်။

ထိုမြင်ကွင်းကြောင့် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ ပုံရိပ်တစ်ခုက လေထဲသို့ ခြေချလာပြီးနောက် လက်ချောင်းဖြင့် မဟာလမ်းစဉ် လက်ဝါးရိပ်အား ထိုးဖောက်သည်။ ကြောက်မက်ဖွယ် ဖိအားက လေထုအတွင်း ပေါ်ပေါက်လာသည်။

နတ်ဘုရားနန်းတော်မှ တန်ခိုးရှင်များက အခြားသူများ ဝင်ရောက်စွက်ဖက်လာသည်ကို မြင်သောအခါ အခြားသော တန်ခိုးရှင်များထံမှ ပြင်းထန်သည့် အရှိန်အဝါတို့ ထွက်ပေါ်လာသည်။

“ဒီလိုဆိုမှတော့ ကျုပ်တို့ ရှန့်ရှောင်းနန်းတော်က ခင်ဗျားတို့ ဘယ်လောက် လုပ်နိုင်စွမ်းရှိလဲ ကြည့်ရတာပေါ့”

ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များလည်း တိုက်ပွဲအတွင်း ဝင်ရောက်လာသည်။ ထို့ကြောင့် နှစ်ဖက်လုံးမှ ပိုမိုများပြားသော တန်ခိုးရှင်များ ပေါ်ပေါက်လာကာ ထိပ်တိုက်တွေ့ရန် ပြင်နေကြပေသည်။ ရှန့်ရှောင်းနန်းတော်၊ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးမှ များပြားလှသော တန်ခိုးရှင်များ ထွက်ပေါ်လာကာ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ပါက ထိုမြင်ကွင်းသည် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းပေလိမ့်မည်။

ကြည့်ရသည်မှာ တစ်ယောက်ချင်း ပညာဖလှယ်မှုမှ နေ၍ အဖွဲ့လိုက် တိုက်ခိုက်ခြင်းအဖြစ် ပြောင်းလဲသွားတော့မည့်ပုံ ပေါ်လေသည်။

“ဒါက အတော်လေး ရှုပ်ထွေးလာတာပဲ” အခြားအင်အားစုမှ တန်ခိုးရှင်များသည် ဖြစ်ပျက်သမျှကို တွေဝေစွာ ကြည့်နေကြသည်။ အဖြစ်အပျက်များသည် ထိန်းချုပ်မှုမှ ကင်းလွတ်သွားဟန် တူပေသည်။

ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များသည် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များအပေါ် အခွင့်ကောင်းယူကာ စစ်ပွဲစတင်ရန် အကောင်းဆုံးအနေအထားကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ကောင်းကင်နတ်တံခါးနှင့် ကောင်းကင်အာဏာစက်ပြည်ထောင် ကြားမှ အဆိုးဆုံးအခြေအနေ ဖြစ်လာစေရန် ပြုလုပ်ခဲ့သည်။ ထိုသည်က ရှန့်ရှောင်းနန်းတော်ကို ဆန့်ကျင်သွားပြီးသားလည်း ဖြစ်သွားနိုင်ပေသည်။

အထက်ကောင်းကင်ဘုံမှ ရှန့်ရှောင်းနတ်ဘုရားနန်းတော်သည် သူတို့ တပည့်များ အပြင်၌ ဖြစ်သည့် ကိစ္စများကို ပါဝင်ပတ်သက်ခြင်း မရှိကြသော်လည်း သူတို့၏ ထိပ်သီး တပည့်များမှာ အလွန် ကြောက်မက်ဖွယ် နောက်ခံများ ရှိကြသည်။ အခြားသော အထွတ်အထိပ်ဘုံများမှ ဆက်ခံသူ အချို့ပင် ပါဝင်နေပေသေး၏။

ပို၍ ရှုပ်ထွေးလာသည့် အခြေအနေများက သူတို့ ကြွက်များအတွက် အကောင်းဆုံး ဖြစ်လာပေလိမ့်မည်။

ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်း၏ အမူအရာက အေးစက်သွားခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် သူတို့အကြားမှ ပဋိပက္ခသည် ပြောနေရန်ပင် မလိုဘဲ နှစ်ဖက်လုံးက ဆန့်ကျင်ဘက်၌ ရပ်တည်ရန် မွေးဖွားလာခြင်း ဖြစ်သည်။

သို့သော်လည်း ဤကြွက်များက ဤအခြေအနေအား အဆိုးဆုံး ဖြစ်လာစေရန် ကြိုးစားနေသည်ကို မြင်နိုင်ပေသည်။ ထိုကြွက်များကတော့ ဘေးမှ ရပ်ကာ စောင့်ကြည့်နေပေလိမ့်မည်။

ထို့အပြင် သူက မူလတောင်တန်း၌ ကြွက်များက သူ့အား မည်သို့ ပြုမူခဲ့ပြီး သူက မည်မျှ ပေးဆပ်ခဲ့သည်အား မည်သည့်အခါမှ မေ့ပစ်လိမ့်မည် မဟုတ်ပေ။ သူသည် သေချာပေါက် သူတို့အား သူ၏ အရေးကိစ္စများ၌ ဝင်ရောက်စွက်ဖက်စေရန် ခွင့်ပြုတော့မည် မဟုတ်ပေ။

သူ၏ အကြည့်က တစ်နေရာသို့ ကျရောက်သွားပြီး လျှပ်စီးအလင်းများ လင်းလက်ထွက်ပေါ်လာခဲ့သည်။

ရီဖူရှင်း လမ်းလျှောက်ကာ ထွက်လာသည့်အခါ၌ သူတို့အနီးမှ လောကသည် တုန်ခါသွားသည်ဟု ထင်မှတ်ရကာ လူတိုင်း၏ စိတ်ဝိညာဉ်များပေါ်၌ သူက နင်းဖြတ်သွားသကဲ့သို့ ခံစားလိုက်ကြသည်။ နတ်ဆင်ကောင်းကင်ချနင်းသည် အလွန် အစွမ်းထက်သော ပညာရပ်ဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်ကာ ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များ၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားသည်။ ရီဖူရှင်းသည် ခရမ်းရွှေကြွက်ကလန် တန်ခိုးရှင်၏ ရှေ့၌ ထွက်ပေါ်လာကာ လက်သီးတစ်ချက် ပစ်သွင်းသည်။

ထိုလက်သီးချက်သည် နတ်ဆင်များက ကမူးရှူးထိုး ပြေးဝင်လာသကဲ့သို့ ထင်မှတ်ရကာ လေဟာနယ်ကို ဖျက်ဆီးပစ်ခွင်းကာ တုန်ခါသွားစေသည်။ ထို နတ်ဆိုးကြွက်သားရဲက လွင့်စဉ်ထွက်သွားခဲ့သည်။

အကယ်၍ ကြွက်များက ယနေ့တွင် အခြေအနေကို ဆိုးဝါးအောင် ဖန်တီးဖို့ရာ စိတ်အားထက်သန်နေပါက တစ်သက်မမေ့နိုင်သည့် သင်ခန်းစာ ရသွားစေရန် လုပ်ပေးရပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset