အပိုင်း(၁၄၇၅)

ပွဲကောင်း

ယန်စွေ့ ပြောစကားကို ကြားပြီးနောက် လူတိုင်း၏ မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်ရှိလာသည်။ မည်သူကမှ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးကြားမှ ရန်ငြိုးကို ဂရုမစိုက်ကြပေ။ ထို့အပြင် ရီဖူရှင်းက ထိုပြဿနာကြား၌ ပါဝင်ပတ်သက်ရန် ဆုံးဖြတ်လိုက်ပြီး သူသည် ပြည်ထောင်၏ တန်ခိုးရှင်ကိုးယောက် အဖွဲ့ကို ရိုက်နှက်ခဲ့သည်။

ယန်စွေ့သည် ရှန့်ရှောင်းနန်းတော်မှ ဖြစ်ကာ နတ်ဘုရားအသံကို ပို၍ ပို၍ ကျွမ်းကျင်မည့်ပုံပေါ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ရီဖူရှင်းနှင့် ပညာဖလှယ်ရန် ကြိုးစားကြည့်နေခြင်း ဖြစ်သည်။

ချင်းဟယ်က လက်တွဲဖော် ရှာဖွေနေပြီး ဘုံအတွင်းရှိ လူတိုင်းသည် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ မဟုတ်လျှင် ရီဖူရှင်းက အကြီးမားဆုံးအခွင့်အရေး ရှိနေသည်ဟု ထင်မှတ်နေကြသည်။ ချင်းဟယ်၏ သဘောထားကို ဆုံးဖြတ်ရလျှင် ရီဖူရှင်းက ပို၍ အခွင့်အရေးများလေသည်။ ချင်းဟယ်သည် သူမ၏ ကိုယ်ပိုင် ခံစားချက်အရ ဆုံးဖြတ်လျှင် ရီဖူရှင်းကို ရွေးချယ်မည်မှာ အလွန် ဖြစ်နိုင်ချေသည်။

ယခုတွင် ယန်စွေ့က ရီထျန်းယွိကို ကူညီရန် ရှေ့ထွက်လာခဲ့ကာ လက်ရှိတွင် သူ့အတွက် အကောင်းဆုံး ပစ်မှတ်က ရီဖူရှင်းဖြစ်၏။

ရီဖူရှင်းက ယန်စွေ့ကို ရှုံးသွားခဲ့လျှင် ရီထျန်းယွိကို ယှဉ်နိုင်မည့် စွမ်းရည် ပျောက်ဆုံးသွားပေလိမ့်မည်။

ရီဖူရှင်းက ယန်စွေ့၏ ရည်ရွယ်ချက်အား နားလည်ပေသည်။ သူက ခပ်ပြုံးပြုံးဖြင့် ယန်စွေ့ကို ကြည့်သည်။ တစ်ဖက်လူက ယဉ်ကျေးစွာ တောင်းဆိုကာ မကောင်းသော ရည်ရွယ်ချက်ရှိဟန် တစ်ပြားသားမှ မပါသည့်ပုံ ထင်ရ၏။

“တေးသွားဟုတ်လား” ရီဖူရှင်းက မေးသည်။

“ဟုတ်တယ်” ယန်စွေ့က ခေါင်းညိတ်သည်။

“ဒါဆို ခင်ဗျားက ရှန့်ရှောင်းနန်းတော်က ဂီတအထူးပြုပေါ့ ဟုတ်လား” ရီဖူရှင်းက မေးသည်။

“ကျုပ်က ရှန့်ရှောင်းနတ်ဘုရားနန်းတော်ရဲ့ နတ်ဂီတနန်းတော်ကပါ” ယန်စွေ့က ပြုံးကာ ယဉ်ကျေးသော အမူအရာဖြင့် ပြန်ဖြေသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။ “ကျုပ် အရင်က ပြောခဲ့ဖူးတယ်။ ကျုပ်က ဂီတပညာမှာ အနည်းအကျဉ်းပဲသိတာမို့ အရမ်း မကျွမ်းကျင်ဘူး။ ကျုပ်ရဲ့ ဂီတလမ်းစဉ်က ကျင့်ကြံထားသမျှ လမ်းစဉ်အားလုံးထဲမှာ အားအနည်းဆုံးဖြစ်တာမို့လို့ သုံးခဲတယ်။ ဒါပေမဲ့ ခင်ဗျားက ရှန့်ရှောင်းနန်းတော်က ဖြစ်ပြီးတော့ နတ်ဂီတနန်းတော်ရဲ့ တပည့်လည်း ဖြစ်တာမို့လို့ ခင်ဗျားက ဂီတလမ်းစဉ်မှာ ကျုပ်ထက် အများကြီးသာလိမ့်မယ်ဆိုတာ သေချာတယ်”

လူတိုင်းသည် ရီဖူရှင်း၏ စကားများကို ကြားရသည့်အခါ ဇဝေဇဝါဖြစ်ကုန်ကြ၏။ ရီဖူရှင်း မည်သည့်အချိန်က နှိမ့်ချတတ်သွားသနည်း။

အထူးသဖြင့် ကျန်းယွမ်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ အခြားသူများသည် အလွန်တရာ စိတ်ဝင်စားနေကြ၏။ သူတို့အားလုံး၏ မျက်လုံးများက သူ့အပေါ်တွင်သာ ရောက်ရှိနေကြသည်။ ကျန်းယွမ်သည် ခရမ်းရင့်ကောင်းကင်နန်းတော်၌ ရီဖူရှင်းက မည်မျှ မောက်မာဝင့်ကြွားခဲ့သည်ကို မည်သည့်အခါမှ မေ့လိမ့်မည် မဟုတ်ပေ။ သူက အရာအားလုံးသည် သူ့ခြေဖဝါးအောက်တွင်သာ ရှိနေသကဲ့သို့ ပြုမူခဲ့ပြီး သူက လမ်းစဉ်အားလုံးကို ကျင့်ကြံသည့်အတွက် ကောင်းကင်လမ်းစဉ် နတ်ခန္ဓာပိုင်ရှင်ဟုပင် ကြွေးကြော်ခဲ့သည်။ သူက အခြားမည်သူနှင့်မှ မတူဘဲ သွေးနားထင်ရောက်နေသူ ဖြစ်သည်။

သို့သော် ယခုတွင် သူက ဤကဲ့သို့ နှိမ့်ချနေသည်လားဟု သူတို့က အံ့အားသင့်သွားခဲ့ကြသည်။

သူက ယန်စွေ့ထက် နိမ့်ကျသည်ဟု ဆိုနေသည်လား။

ထို့ကြောင့် သူက သူ့ကိုယ်သူ ဂီတလမ်းစဉ်တွင် ယန်စွေ့အား မယှဉ်နိုင်သည်ကို သိ၍ နှိမ့်ချပြောဆိုပြီး ယန်စွေ့နှင့် ဂီတလမ်းစဉ် ထိပ်တိုက် ယှဉ်ပြိုင်ရခြင်းမှ ရှောင်တိမ်းရန် ကြိုးစားနေသည်လားဟု သူတို့က တွေးလိုက်ကြသည်။

သူက ရှုံးသွားခဲ့လျှင်ပင် အားလုံးက သူ့ကို ညံ့ဖျင်းသည်ဟု မထင်မှတ်စေရန် ထိုသို့ ပြောဆိုနေသည်လား။

“ဒါဆို တခြားစွမ်းအားများ ဖလှယ်ဖို့ စိတ်ကူးရှိနေတာလား။” ထို့နောက် ယန်စွေ့က ထပ်ပြောသည်။ “ကျုပ်က အဲဒီလိုလည်း အဆင်ပြေပါတယ်”

“ကျုပ်တို့ ဂီတကိုပဲ သုံးကြတာပေါ့” ရီဖူရှင်းက ဆက်ပြောသည်။ “ခင်ဗျားက ဂီတကို အားသာတယ်ဆိုမှတော့ ဂီတကိုပဲ သုံးတာက ဆိုးတဲ့ အကြံတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်က ရန်ဟောင်တစ်ပါး အသုံးပြုခဲ့ပြီး ရန်ဟောင်စွမ်းအား ပါဝင်နေတဲ့ ကု့ချင်းကို သုံးချင်တယ်။ အဲဒီလိုမှပဲ ကျုပ်ရဲ့ ချို့တဲ့တဲ့ ဂီတစွမ်းရည်ကို ဖာထေးနိုင်လိမ့်မယ်။ ဒါပေမဲ့လည်း ခင်ဗျားက ကျုပ် ဒီလို လုပ်လို့ ခင်ဗျားအပေါ် အမြတ်ထုတ်တယ်လို့ ထင်နေခဲ့ရင် ခင်ဗျားလည်း ရန်ဟောင်အဆင့် တူရိယာကို သုံးနိုင်ပါတယ်”

“ကိစ္စမရှိပါဘူး။” ယန်စွေ့က ဆက်ပြောသည်။ “ကြိုက်သလို လုပ်ပါ”

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး ရှေ့သို့ လျှောက်ထွက်လာသည်။

ယခင်က တိုက်ပွဲကြောင့် ဤနေရာသည် ရှင်းလင်းနေပြီးဖြစ်ကာ သူတို့အား တိုက်ခိုက်မှုက မသက်ရောက်လာစေရန် လူအုပ်ကြီးသည် နောက်သို့ ဆုတ်ခွာခဲ့ပေးကြပြီး ဖြစ်သည်။

ရီဖူရှင်းက ယန်စွေ့၏ အရှေ့တွင် တင်ပျဉ်ခွေ ထိုင်သည်။

နှစ်ယောက်လုံးသည် အလွန် ချောမောသလို ထူးချွန်သည့် သူများဖြစ်ကာ ယခုတွင် သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ သူတို့နှစ်ယောက်လုံးသည် ပညာရှင်ဆန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရီဖူရှင်း၏ ငွေရောင်ဆံပင်ရှည်က သူ့ကို ပို၍ တောက်ပသည့် အသွင် ဖြစ်ပေါ်နေစေသည်။

“သင်ပြပေးပါဦး” ရီဖူရှင်းက ယန်စွေ့ကို ခေါင်းညိတ်ပြကာ ပြောသည်။

“သင်ပြပေးပါဦး” ယန်စွေ့ကလည်း ခေါင်းညိတ်ကာ ပြန်ဖြေ၏။ သူက ရှေ့မှ ကု့ချင်းအား အခြားတစ်ခုသို့ မပြောင်းလဲခဲ့ပေ။ ထိုတူရိယာသည် သာမန်ကု့ချင်း တစ်လက်ပင် ဖြစ်သည်။ သူက သူ၏ ဂီတလမ်းစဉ် ကျွမ်းကျင်မှုအပေါ်၌ အကြွင်းမဲ့ ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပေသည်။

“ခင်ဗျား တခြားတူရိယာတစ်ခုနဲ့ မလဲတော့ဘူးလား” ရီဖူရှင်းက မေးသည်။

“ကျုပ်တို့ ဒီလိုပဲ သွားကြတာပေါ့။ နောက်တစ်ခုလဲဖို့ဆိုရင် ရှာဖို့အချိန်မလောက်ဘူး” ယန်စွေ့က ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။ အလင်းများက ဖြစ်ပေါ်လာပြီး ရီဖူရှင်း၏ ရှေ့၌ ကု့ချင်းတစ်လက် ထွက်ပေါ်လာသည်။

နက်မှောင်နေသည့် အရှိန်အဝါက ကု့ချင်းကို လွှမ်းခြုံထားပြီး ရီဖူရှင်းက သူ၏ စွမ်းအားကို ကု့ချင်းအတွင်း ပေါင်းစပ်လိုက်သည့်အခါ ပို၍ အားကောင်းကာ ပြင်းထန်လာသည်။ ယင်းသည် နတ်ဆိုးစွမ်းအားအရှိန်အဝါများပင် ဖြစ်တော့သည်။

“နတ်ဆိုးလမ်းစဉ်တူရိယာလား” ယန်စွေ့က စိတ်ဝင်တစားဖြစ်သွားကာ ရီဖူရှင်းသည် နတ်ဆိုးလမ်းစဉ်အားလည်း ကျင့်ကြံကြောင်း သိလိုက်၏။

ဤကု့ချင်းသည် ရီဖူရှင်း မက်မွန်ပွဲတော်သို့ တက်ရောက်စဉ်က ရရှိခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းနှစ်များတွင် သူက တူရိယာနှင့် ဆက်သွယ်ရန် ကြိုးစားနေပြီး နောက်ဆုံးတွင် မှော်ကု့ချင်းနှင့် သေချာခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့၏။

ရီဖူရှင်းက သူ၏ လက်ချောင်းများကို ကြိုးများပေါ်တွင်တင်ကာ စတင် တီးခတ်သည်။

တေးသွားသင်္ကေတများက ကခုန်နေပြီး အလွန် ပြင်းထန်သော နတ်ဆိုးစွမ်းအားများသည် ချက်ချင်းပင် လေဟာနယ်ကို ထိုးဖောက်၍ ယန်စွေ့၏ စိတ်အတွင်း ဝင်ရောက်သွားသည်။

ယန်စွေ့၏ စိတ်က အပြင်းအထန် တုန်ခါလာကာ ပြောင်းလဲမှုကို ခံစားရ၏။

သူကား ရန်သူကို အထင်သေးမိချေပြီ။

သူက တူရိယာပေါ်မှ ကြိုးများကို စတင်တီးခတ်သည်။ ကု့ချင်း၏ အသံက ချက်ချင်းပင် လေထဲတွင် ကခုန်လာသည်။ များပြားလှသော နတ်သားရဲများ၏ အရိပ်က သူ့အနီးတွင် ရစ်ပတ်နေကာ နတ်လိပ်တစ်ကောင်၏အရိပ်က သူ့အထက်တွင် ပေါ်ပေါက်လာကာ သူ့အား လွှမ်းခြုံရစ်ပတ်ထားသည်ဟု ထင်မှတ်ရ၏။

တစ်ချိန်တည်းမှာပင် သူသည် ရီဖူရှင်းဆီသို့ မရေတွက်နိုင်သော တေးသွားသင်္ကေတများကို ပစ်လွှတ်သည်။

သို့သော်လည်း ရီဖူရှင်းသည် တွေဝေမနေဘဲ သူ့သံစဉ်ကို ထုတ်ဖော်၏။ နတ်ဆိုးသံစဉ်က ထွက်ပေါ်လာပြီး ပြင်းထန်သော နတ်ဆိုးစွမ်းအားများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အလွန် ထူးကဲသည့် အသံကို ဖော်ထုတ်နေသည်။ ၎င်းသည် ဝင်လာနေသော ဂီတသင်္ကေတများနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် ယန်စွေ့ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။

ရီဖူရှင်းထံမှ ပြင်းထန်သည့် သင်္ကေတများက နတ်လိပ်အရိပ်နှင့် တိုက်မိပြီး ၎င်းအား စတင်ပျက်စီးလာစေသည်။

ထိုစဉ် အစွမ်းထက်လှသည့် နတ်ဆိုးတစ်ကောင် ပေါ်ပေါက်လာသကဲ့သို့ ထင်မှတ်ရကာ သူက လက်ကို မြှောက်၍ နတ်လိပ်အရိပ်အား တစ်ချက်တည်းနှင့် ဖျက်ဆီးလိုက်တော့သည်။

နတ်ဆိုးသံစဉ်သည် နေရာအနှံ့ကို ထိုးဖောက်သွားကာ ကြောက်မက်ဖွယ် ခံစားချက်ကို ပေး၏။ အဝေးမှ ကြည့်နေသည့် သူများပင်လျှင် အလွန်အမင်း နာကျင်မှုကို ခံစားရပေသည်။ သူတို့၏ ခွန်အားများ ယုတ်လျော့သွားသလို ခံစားကြရသည်။

ထို အသံလှိုင်းက ယန်စွေ့၏ စိတ်အတွင်းသို့ တိုးဝင်လာကာ သူ့ကို လွှမ်းမိုးသွားသည်။ သူ့မသိစိတ်က ရီဖူရှင်းအား ကိုးကွယ်ဆည်းကပ်ရန် အတင်းဖိအားပေးလာနေသကဲ့သို့ ခံစားရ၏။

သူက ရီဖူရှင်းကို ကြည့်လိုက်သည့်အခါ သူက ဒဏ္ဍာရီနတ်ဆိုးဘုရင်တစ်ပါးအား ကြည့်နေရသကဲ့သို့ ခံစားမိလိုက်ပေသည်။

ယန်စွေ့၏ မျက်နှာက အပြင်းအထန် ပြောင်းလဲသွားပြီး သူ၏လက်က ကြိုးများကို အရူးအမူး တီးခတ်နေသည်။ နတ်ဘုရားအသံသည် နေရာတစ်ခွင်လုံး၌ ထွက်ပေါ် လွှမ်းမိုးလာကာ သူသည်လည်း တောက်ပသည့် နတ်အလင်းများနှင့် လွှမ်းခြုံခံထားရသကဲ့သို့ ဖြစ်ပြီး သူ၏ စိတ်အတွင်းသို့ ဝင်ရောက်ပြီး ကြောက်မက်ဖွယ် နတ်ဆိုးအသံများကို တိုက်ထုတ်နေသည်။

ဘုန်း…

ပေါက်ကွဲသည့် အသံကို ကြားလိုက်ရပြီး ရုတ်တရက် ယန်စွေ့၏ ခန္ဓာကိုယ်က တွန်းကန်ခံရကာ အဝေးသို့ လွင့်စဉ်သွားတော့သည်။ တောက်ပသည့် အလင်းများက သူ့ကို လွှမ်းမိုးထားကာ သူ၏ မျက်လုံးများက မျက်စိကျိန်းလောက်သည့် အလင်းတို့နှင့် တောက်ပနေသည်။

ခေါင်းကို ငုံ့ကာ ကု့ချင်းတီးခတ်နေသည့် ရီဖူရှင်းက တီးခတ်နေခြင်းအား ရပ်တန့်လိုက်၏။ ထိုကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများလည်း တစ်ခါတည်း ပျောက်ကွယ်သွားခဲ့ပေသည်။

ထို့နောက် ရီဖူရှင်းက အလွန် လေးနက်နေဟန်ဖြင့် ယန်စွေ့ကို မော့ကြည့်သည်။ ယန်စွေ့၏ အမူအရာကား သိပ်မကောင်းတော့။

သူက သူ့ကိုယ်သူ ထိုသို့ သေတွင်းတူးမိသည့် အမှားမျိုး လုပ်မိလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့မိပေ။

သူက သူ၏ ရန်သူအား လျှော့တွက်မိခဲ့သည်။

အထူးသဖြင့် ရီဖူရှင်းက သူ့ကိုယ်သူ နှိမ့်ချပြောလာသည့်အခါ၌ သူ၏ ဂီတလမ်းစဉ်က ရီဖူရှင်းထက် သာလွန်လိမ့်မည်ဟု အထင်ရောက်ခဲ့ပေသည်။ သူကား ရီဖူရှင်း၏ ထောင်ချောက်အတွင်းသို့ ပျော်ပျော်ကြီး သက်ဆင်းခဲ့မိခြင်းပင်။

ကျန်းယွမ်သည် ရီဖူရှင်းအား စူးစိုက်ကြည့်လိုက်ကာ ရီဖူရှင်းနှိမ့်ချခဲ့ခြင်းမှာ အဓိပ္ပာယ်အပြည့်ဖြစ်ကြောင်း သိလိုက်သည်။

ထိုလူသည် အမှန်တကယ်ပင် စည်းမျဉ်းများဖြင့် ချည်နှောင်ထားခြင်း မရှိပေ။

“တီးခတ်တာ တော်ပါတယ်” ရီဖူရှင်းက မှော်ကု့ချင်းအား ဖယ်လိုက်ပြီး ယန်စွေ့ကို ပြောသည်။

“ခင်ဗျားက ဂီတလမ်းစဉ်မှာ ကျုပ် မျှော်လင့်ထားတာထက် ပိုပြီး အရည်အချင်း အများကြီး ရှိပါတယ် ညီနောင်ရီ။ ခင်ဗျားရဲ့ ကျွမ်းကျင်မှုက တစ်ဖက်ကမ်းခပ်လုနီးပါးပါပဲ။ ခင်ဗျားလုပ်ခဲ့သလိုမျိုး နှိမ့်ချနေစရာမလိုပါဘူး”  ယန်စွေ့က ဆက်ပြောသည်။

“ကြည့်ရတာတော့ ကျုပ်က ကောင်းကင်အာဏာစက်ဘုံက တန်ခိုးရှင်တွေအပေါ် အထင်သေးမိလို့ အခု အကျိုးဆက်တွေ ခံရတာ ထင်ပါတယ်။ ကျုပ်ရဲ့ စိတ်ထားကို ပြင်ဖို့အတွက် သင်ခန်းစာအတော်လေး ရခဲ့ပါတယ်”

ရီဖူရှင်းက ယန်စွေ့ကို ကြည့်သည်။ တစ်ဖက်လူက ထိုမျှ ရင်းရင်းနှီးနှီး ပြောဆိုနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူက ရှန့်ရှောင်းနန်းတော်မှ ပါရမီရှင်များ၏ သည်းခံနိုင်စွမ်းက အထင်ကြီးလေးစားဖွယ်ပင် ဖြစ်သည်။

ရီဖူရှင်းက ရှန့်ရှောင်းနန်းတော်၏ တန်ခိုးရှင်အား အရှက်ရစေခဲ့ပါက ထိုအဖြစ်က ရီထျန်းယွိအပေါ်၌ သက်ရောက်စေလိမ့်မည် ဖြစ်သည်။

“ကောင်းပါပြီ။ အစ်ကို အစကတည်းက ညီလေးကို မပြောခဲ့ဘူးလား။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးပါရမီရှင်ပါဆိုနေ။ မင်းက တကယ့်ကို နမော်နမဲ့နိုင်တာပဲကွာ” လူတစ်ဦး လျှောက်ထွက်လာသည်ကို မြင်လိုက်ရပြီး ထိုသူက အိမ်ရှေ့စံပင် ဖြစ်သည်။

“တကယ့်ကို ကျွန်တော့် အမှားပါပဲဗျာ” ယန်စွေ့က ခေါင်းညိတ်သည်။

“ဒါပေမဲ့လည်း ရီဖူရှင်းက နတ်ဆိုးအင်ပါယာရဲ့ ကု့ချင်းနဲ့ မင်းအပေါ် လှည့်ကွက်သုံးပြီး ကစားသွားတာတော့ အမှန်ပဲလေ။ ပြီးတော့ မင်းကလည်း နမော်နမဲ့ ဖြစ်နေခဲ့တာကိုး။ ဒါကြောင့် ဒါက တကယ့် ဂီတလမ်းစဉ် ပြိုင်ပွဲ မဖြစ်ခဲ့တာမို့ စိတ်ထဲ ထည့်ထားစရာမလိုဘူး။ မင်းက ဒီသင်ခန်းစာကိုသာ ကောင်းကောင်း မှတ်မိနေဖို့လိုတာ” ရီထျန်းယွိက ဆက်ပြောသည်။

ရှန့်ရှောင်းနန်းတော်မှ တန်ခိုးရှင်များသည် ခေါင်းညိတ်လိုက်ပြီး သူတို့၏ အကြည့်များကို ရီဖူရှင်းထံ ကျရောက်နေကာ ရန်လိုသည့် သဏ္ဌာန်ဖြစ်နေပေသည်။

ယန်စွေ့သည် ရီဖူရှင်း၏ အကွက်ချခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် ရှန့်ရှောင်းနန်းတော်မှ တန်ခိုးရှင်တစ်ယောက် ထွက်လာသည်။ သူက ရီဖူရှင်းအား အရိုအသေပြုကာ ပြောလိုက်၏။ “ရှန့်ရှောင်းနန်းတော်က ယွဲ့ချင်.. ညီနောင်ရီနဲ့ ပညာဖလှယ်ချင်ပါတယ်”

“အဲဒီတော့ ခင်ဗျားတို့က တစ်ယောက်တစ်လှည့် တိုက်ခိုက်ဖို့ ကြိုးစားနေတာလား” ကောင်းကင်နတ်တံခါးမှ တစ်ယောက်က ထွက်လာခဲ့၏။ ပြောလိုက်သည့်သူမှာ ဟွားချင်းယွင် ဖြစ်သည်။ သူက ရှန့်ရှောင်းနန်းတော်မှ တန်ခိုးရှင်များကို ကြည့်သည်။ “ခင်ဗျားတို့က အရင်တုန်းကတော့ ဂီတလမ်းစဉ်ကို သုံးပြီး ပညာဖလှယ်မယ်လို့ ပြောခဲ့ကြတယ်။ ရီဖူရှင်းက သူ လုပ်နိုင်တာကို ရိုးရိုးသားသား လုပ်ခဲ့တာပဲ။ အခုကျမှ မင်းတို့လူတွေက ရှုံးတာကို ဝန်မခံဘဲ တစ်ယောက်ပြီးတစ်ယောက် ဆက်စိန်ခေါ်ဖို့ ရည်ရွယ်နေတယ် ဟုတ်လား”

“ခင်ဗျားက ကောင်းကင်နတ်တံခါးဂိုဏ်း တပည့်လား”ယွဲ့ချင်က ဟွားချင်းယွင်ကို လှည့်ကြည့်ကာ မေးသည်။

“ကောင်းကင်နတ်တံခါးဂိုဏ်းက ဟွားချင်းယွင်” ဟွားချင်းယွင်က ပြုံးကာ ပြန်ဖြေသည်။

“ရှန့်ရှောင်းနန်းတော်က ယွဲ့ချင် သင်ပြပေးပါ” ယွဲ့ချင်က ဟွားချင်းယွင်အား အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်လျှင်  လူတိုင်းက ဇဝေဇဝါ ဖြစ်သွားသည်။ ယွဲ့ချင်က သူ၏ ပစ်မှတ်ကို အလျင်အမြန်ပြောင်းလဲကာ ရီဖူရှင်းနှင့် အဆင့်ချင်းတူသည့် ဟွားချင်းယွင်အား စိန်ခေါ်ရန် ရွေးချယ်လိုက်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

အဖြစ်အပျက် အလှည့်အပြောင်းက မထင်မှတ်စရာပင် ဖြစ်သည်။ သို့သော် ဟွားချင်းယွင်က သူတို့ကို တစ်ယောက်တစ်လှည့် တိုက်ခိုက်ရန် ကြိုးစားနေသည်ဟု ဆိုလေရာ သူက သူတို့ထဲမှ တစ်ယောက်အား စိန်ခေါ်လိုက်လည်း ကိစ္စရှိမည်မဟုတ်ပေ။

တခြားထက် ကောင်းကင်နတ်ဆိုးနန်းတော်နဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်ထက်စာလျှင် ကောင်းကင်နတ်တံခါးဂိုဏ်းက အားနည်းသည်ဟု ထင်ရပေသည်။ သူတို့က ထိုအဓိက အင်အားစုကြီး နှစ်ခုနှင့် ယှဉ်နိုင်စွမ်း မရှိသော်လည်း သူတို့သည် အခြားအင်အားစုများထက် များစွာ သာလွန်သေးပေသည်။ အထူးသဖြင့် သူတို့၏ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည့် ကျန်းထိုက်ချူး၊ ဟွားချင်းယွင်၊ ဝမ်ယန်ပင်း၊ ရီဖူရှင်းနှင့် အချို့သော အခြားသူများမှာ သတိထားရမည့်သူများဖြစ်ကြသည်။ ဂူတုံးလျှို ထွက်မလာလျှင်ပင် ယခုလက်ရှိ တက်ရောက်လာသည့် သူများမှာ အတော်တကာ့ အတော်ဆုံးများ ဖြစ်ကာ သူတို့သည် ကိုယ်စီကျော်ကြားသူများဖြစ်ကြ၏။

ဤကိစ္စရပ်များကို ကြည့်ရလျှင် အထက်ကောင်းကင်ဘုံ၏ ရှန့်ရှောင်းနတ်ဘုရားနန်းတော်မှ လူများသည် ကောင်းကင်နတ်တံခါးဂိုဏ်းကို ထိပ်တိုက်တွေ့ရန် လာခြင်း ဖြစ်ပေလိမ့်မည်။

အခြေအနေကား စိတ်ဝင်စားဖွယ် ပိုကောင်းလာ၏။ ကျန်းထိုက်ချူး ၊ ဝမ်ယန်ပင်းနှင့် အခြားလူများလည်း တိုက်ခိုက်ရန် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

***


Comment

Leave a Reply


Options

not work with dark mode
Reset