Switch Mode

အပိုင်း(၁၄၇၄)

စကားစမြည်

ရီဖူရှင်းတစ်ယောက်တည်းသာ အံ့ဩနေသည်မဟုတ်ပေ။ ရွှမ်ထျန်းစံအိမ်မှ တန်ခိုးရှင်များအားလုံးတွင်လည်း အံ့သြထိတ်လန့်သည့် ဟန်အမူအရာတို့ ဖြစ်နေကြ၏။

လူအများ၏ မျက်လုံးများက ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရီထျန်းယွိနှင့် ရီဖူရှင်း ထံသို့ ရောက်ရှိလာသည်။

ဤနေရာရှိ လူများသာ ရွေးချယ်ခံများဖြစ်ပါက အားလုံးကြားတွင် သူတို့နှစ်ယောက်က သေချာသလောက် ဖြစ်သည်။

အခြားလူများအတွက်ကတော့ ဒုတိယဦးစားပေးသာ ဖြစ်ပေလိမ့်မည်။

ထိုစဉ်တွင် အစေခံမလေးများက သူတို့ထံ လျှောက်လာကာ ပြောသည်။ “ရွှမ်ထျန်းစံအိမ်က ရှင်တို့အားလုံးအတွက် နေရာစီစဉ်ပေးထားပါတယ်။ အားလုံးပဲ အနားယူဖို့အတွက် ကျွန်မတို့ လိုက်ပို့ပေးပါမယ်။ ဒါပေမဲ့ ရှင်တို့ ပြန်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း အချိန်မရွေး ပြန်နိုင်ပါတယ်ရှင်”

ရွှမ်ထျန်းနတ်မိမယ်က ချင်းဟယ် လက်တွဲဖော် ရွေးမည့်အကြောင်းကို တရားဝင် ကြေညာပြီးခဲ့ပြီ ဖြစ်သည်။ ဤအခြေအနေသည် ကောင်းကင်အာဏာစက်ဘုံရှိ အားလုံးအပေါ်တွင် သက်ရောက်မှု ရှိလာစေပေလိမ့်မည်။ သူတို့က မည်သို့ ပြန်သွားနိုင်ပါမည်နည်း။ ထို့ကြောင့် သူတို့သည် စီစဉ်ပေးသည့် နေရာသို့ လိုက်သွားကြပေသည်။

သူတို့အားလုံးသည် အချင်းချင်း ကြည့်လိုက်ပြီးနောက် ရွှမ်ထျန်းစံအိမ်ကို လှည့်ပတ်ကြည့်ကြလေသည်။

ရွှမ်ထျန်းစံအိမ်၌ ရွှမ်ထျန်းနတ်မိမယ်၏ လက်အောက်၌ ကျင့်ကြံနေသော တန်ခိုးရှင်များစွာ ရှိလေသည်။ သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကိုယ်စီ ကျင့်ကြံနေကြ၏။

ကြီးမားကျယ်ပြန့်သည့် နေရာတွင် များပြားလှသည့် စံအိမ်ငယ်လေးများနှင့် နားနေ အဆောက်အအုံငယ်လေးများရှိပြီး ရှေးဟောင်းနန်းတော်များ၊ ကျောင်းဆောင်များ အပြင် ကျင့်ကြံသည့်နေရာ၊ တိုက်ခိုက်သည့် နေရာနှင့် သိုင်းကစားပြသရာ နေရာများရှိသည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့သားများသည် စံအိမ်လေးတစ်ခုတွင် နေရာချထားပေးခြင်း ခံရသည်။ အစေခံမလေးက ပြောသည် “လိုအပ်တာ တစ်ခုခုရှိရင် ချက်ချင်း ခေါ်လိုက်ပြီး ပြောလို့ရပါတယ်”

“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်၏။ ထို့နောက် အစေခံမလေး ထွက်သွားခဲ့သည်။

ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများ တအံ့တသြ ဖြစ်နေကြ၏။ ဟွားချင်းယွင်က ရီဖူရှင်းအား ကြည့်ကာ ပြောသည်။ “နတ်မိမယ်ချင်းဟယ်က ဘာလုပ်နေတာလဲ။ သူမက ဒီအကြောင်းကို ခေါင်းထဲ မထည့်ထားတာ ဖြစ်နိုင်မလား”

ရီဖူရှင်းသည်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်က မည်သို့ ကြံရွယ်နေသည်အား နားမလည်ချေ။ ဤဖြစ်စဉ်က သူတို့၏ အစီအစဉ်ပေလား။ ချင်းဟယ်၏ အကြံအစည်လား။

အခြေအနေကား ရှုပ်ထွေး၏။

“နတ်မိမယ်ချင်းဟယ်က ကျုပ်တို့ ဘယ်လိုတုံ့ပြန်မလဲ သိချင်တာလား။ ဒါမှမဟုတ် သူမက အငြင်းခံရရင် အရှက်ကွဲမှာစိုးတာလား” ဟွားချင်းယွင်က ပြောသည် “ချင်းဟယ်က ခင်ဗျားကို ကမ်းလှမ်းရင် ခင်ဗျား သူ့ကို ငြင်းမှာလား”

“….” ရီဖူရှင်းက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

“ချင်းဟယ်ကို ခင်ဗျား ငြင်းလိုက်ရင် သူမ ဒေါသထွက်ရလိမ့်မယ်။ သူက ကောင်းကင်အာဏာစက် ပြည်ထောင်ကို ရွေးလိမ့်မယ် ထင်တယ်။” ဟွားချင်းယွင်က အပြုံးနှင့် ပြောသည်။

ရီဖူရှင်းက စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရသည်။ သူက ချင်းဟယ်ကို အရင် သွားရှာကာ ဗြဟ္မာ့သန့်စင်ကောင်းကင်၏သဘောကို မေးမြန်းသင့်သလော။

ဟွားချင်းယွင် ပြောသလိုသာ အမှန်တကယ် ဆိုပါက ဗြဟ္မာ့သန့်စင်ကောင်းကင်က ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် မဟာမိတ်လက်ထပ်ပွဲ ပြုလုပ်လိမ့်မည်ဖြစ်ကာ ထို့နောက်တွင် ကောင်းကင်နတ်တံခါးဂိုဏ်းအတွက် ပျက်စီးခြင်းဆိုက်ရပေလိမ့်မည်။ ပထမဆုံး ထိခိုက်ရမည့်သူမှာ အစ်ကိုသုံး ဖြစ်ချေမည်။ ကောင်းကင်အာဏာစက် ပြည်ထောင်က သူ၏ အသက်ကို လိုချင်၏။

“ခဏလေးနေပါဦး။ ကျုပ် သွားပြီး ကြည့်လိုက်ပါဦးမယ်” ရီဖူရှင်းက ခပ်တိုးတိုး ပြောသည်။ မည်သူကမှ ထပ်မပြောတော့ဘဲ အနားယူရန် ကိုယ်စီ ထွက်သွားကြ၏။

ခေတ္တကြာပြီးနောက်တွင် ရီဖူရှင်း အနားယူရာ စံအိမ်သို့ မိန်းကလေး တစ်ယောက် ရောက်လာသည်။

အစေခံမိန်းကလေးက သူ့ဆီသို့ လျှောက်လာကာ အနည်းငယ် ဦးညွှတ်၍ ပြောသည်။ “သခင်လေးရီ … နတ်မိမယ်ကျင့်ရီးက သခင်လေးနဲ့ တွေ့ချင်နေပါတယ်”

“ဝင်လာခိုင်းလိုက်ပါ” ရီဖူရှင်းက ပြောသည်။

အစေခံမိန်းကလေးက ခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့သည်။ အတန်ကြာလျှင် တင့်တယ်လှသည့် မိန်းမလှလေးတစ်ဦး ဝင်ရောက်လာသည်။ ရီဖူရှင်းသည် သူမနှင့်အတူ အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ဖူး၏။

ကျင့်ရီးသည် ရီဖူရှင်းအား ကောင်းကင်နတ်ဆိုးမြို့၌ ပထမဆုံးမြင်တွေ့ခဲ့သည်။ ထို့နောက်တွင် ကျူးယန့်နတ်ဆိုးသားရဲ ခင်းကျင်းသော ဝင်္ကပါကို ကောင်းကင်အာဏာစက်ဘုံ၏ လူသားတန်ခိုးရှင်များက စိန်ခေါ်ခဲ့ကြပြီး ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်ထက်ပင် သာလွန်သည့် အရည်အချင်းများကို ပြသနိုင်ခဲ့၏။

သို့သော်လည်း သူက ထူးခြားသာလွန်ပေမယ့် အမှန်တကယ် မည်မျှ ထူးချွန်သည်ကိုတော့ ကျင့်ရီးက မမှန်းဆနိုင်ခဲ့ပေ။ မကြာသေးခင်ကသူသည် ယနေ့ခေတ်၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့၏။

မှော်ဝိဇ္ဇာက သူမကို ကျိုထျန်းနတ်မိမယ်ကိုးပါးထဲမှ တစ်ပါးဖြစ်လာမည်ဟု ပြောခဲ့လျှင်ပင် ရီဖူရှင်း၏ အရှေ့၌ သူမသည် သိမ်ငယ်သလို ခံစားနေရဆဲ ဖြစ်သည်။

ရီဖူရှင်းသည်လည်း ထိုနေ့က မှော်ဝိဇ္ဇာအား မြင်တွေ့ခဲ့ရသည်။ သူ၏ဟောကိန်းကကော…။

“သခင်လေးရီ” နတ်မိမယ်ကျင့်ရီးက အရိုအသေပြုသည်။

ရီဖူရှင်းကလည်း အနည်းငယ် ဦးညွှတ်လိုက်သည်။ “ကျုပ်တို့ အရင်က ခဏခဏ ဆုံခဲ့ဖူးတယ် နတ်မိမယ်ကျင့်ရီး။ ကျွန်တော် ခင်ဗျားကို ယုံကြည်လို့ရနိုင်မလား”

“ပြောပါ သခင်လေးရီ” နတ်မိမယ်ကျင့်ရီးက အပြုံးနှင့် ပြောသည်။ သူမက ရီဖူရှင်း အနီးရှိ လူများကို ဝေ့ကြည့်လိုက်၏။ သူတို့က သူမ၏ မျက်လုံးများနှင့် ဆုံသည့်အခါ ရီဝူချင်း၊ ရှားရှင်းယွန်နှင့် အခြားသူများ အားလုံးမှာ သူမ မည်သို့ တွေးနေသည်အား သိလိုကြအောင်း ထင်ရှားနေ၏။

“သိပ်ကောင်းတယ်။ ကျွန်တော် ဘာများ လုပ်ပေးရမလဲ” ရီဖူရှင်းက ပြုံးကာ ပြောသည်။

ရှားရှင်းယွန်က နတ်မိမယ်ကျင့်ရီးအား ထူးဆန်းစွာ ကြည့်သည်။ အဘယ်ကြောင့် နောက်ထပ် မိန်းမလှတစ်ဦး ရောက်လာရပြန်သနည်း။

ကျင့်ရီးက ခေါင်းညိတ်လိုက်ပြီးနောက် ရီဖူရှင်း ဘေးသို့ လျှောက်လာခဲ့သည်။ “နတ်မိမယ်ချင်းဟယ်ကို ဘယ်လိုထင်လဲ” သူမက နူးညံ့စွာ ပြောသည်။

ရီဖူရှင်း ရုတ်တရက် ထိန်လန့်သွား၏။ သူ့အနီးရှိ လူများသည်လည်း ကျင့်ရီးကို ဝိုင်းကြည့်လိုက်ကြသည်။ သိမ်းငှက်နက်လေး၏ ဦးခေါင်းက ရှေ့သို့ ဆန့်သွားကာ ရှားရှင်းယွန်၏ နှလုံးသားကတော့ မွန်းကျပ်သွား၏။ သူမက လှပသည့် မျက်လုံးများက စူးရှစွာဖြင့် ကျင့်ရီးကို ကြည့်သည်။

ရီဖူရှင်းက ကျင့်ရီးအား တအံ့တသြ ကြည့်သည်။ “နတ်မိမယ်ချင်းက သူမရဲ့ အလှအပရော အရည်အချင်းရောမှာ တကယ့်ကို အတိုင်းထက်အလွန်ပါပဲ။ သူမက ဒီမျိုးဆက်အတွင်းမှာ အတော်ဆုံးထဲက တစ်ယောက်ပါ။ အနာဂတ်မှာ သူမက ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ အရေးပါတဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ”

“ကျွန်မ အဲဒီအကြောင်း ပြောနေတာ မဟုတ်ဘူးဆိုတာ ရှင် သိပါတယ်” နတ်မိမယ်ကျင့်ရီးက ရီဖူရှင်းအား ပြောသည်။

ရီဖူရှင်းက သူမကို ပြန်ကြည့်လိုက်ပြီးနောက် ခဏ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက ပြောလိုက်၏။ “တကယ်လို့ မင်း တစ်ခုခု ပြောချင်နေတာ ရှိရင် မတွေဝေဘဲ ပြောလိုက်ပါ။ မင်း ဘာကို ဆိုလိုချင်နေတာလဲ ကျုပ် သေချာမသိလို့”

နတ်မိမယ်ကျင့်ရီးက ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်ပါပြီ။ ဒါဆို ကျွန်မ တဲ့တိုးပဲ ပြောတော့မယ်။ တကယ်လို့များ နတ်မိမယ်ချင်းဟယ်က ရှင့်ကို ရွေးလိုက်ရင် ရှင် သူမရဲ့ ကမ်းလှမ်းမှုကို လက်ခံမှာလား”

ရှားရှင်းယွန်နှင့် ရီဖူရှင်းအနီးမှ အခြားသူများ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူတို့က ရီဖူရှင်းအား ဝိုင်းကြည့်လိုက်ကြပြန်၏။

ရီဖူရှင်းက ကျင့်ရီးကို စိုက်ကြည့်သည်။ သူက ရှားရှင်းယွန်အား ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ဤအခမ်းအနား ကျင်းပရသည့် အကြောင်းရင်းရှိလိမ့်မည်ဟု ပြောခဲ့သော်လည်း အမှန်တကယ်အားဖြင့်တော့ အပြည့်အဝ နားလည်သဘောပေါက်ခြင်းမရှိပေ။

ရီဖူရှင်းက ပြောသည် “ဗြဟ္မာ့သန့်စင်ကောင်းကင်က ကောင်းကင်အာဏာစက်ဘုံရဲ့ အစွမ်းထက်အင်အားစုပါ။ ဘယ်သူမဆို လက်ခံဖို့ ဆန္ဒရှိကြပါလိမ့်မယ်။ ကြားနေဝါဒကို ကျင့်သုံးတာက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ဘယ်အငြင်းပွားမှုကိုမှ ဝင်စွက်ဖက်စရာမလိုပါဘူး။ ဘယ်သူ့ကိုပဲ အနိုင်ရအောင် ကူညီပေးပါစေ အကျိုးအမြတ်အများဆုံးရမယ့်သူက ဗြဟ္မာ့သန့်စင်ကောင်းကင် မဟုတ်ဘူးလေ။ အဲဒါကြောင့် ဗြဟ္မာ့သန့်စင်ကောင်းကင်က ဝင်ရောက်ပတ်သက်ဖို့ မလိုအပ်လှဘူး။ ပြီးတော့လည်း  ဒါတွေအားလုံးက ချင်းဟယ်ကို လောကအတွင်းမှာ သွားပြီး ကျင့်ကြံစေချင်လို့ဆိုရင် အဲဒီလို လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ သူမက သေမျိုးလောကထဲ သွားဖို့အတွက်နဲ့ ဘာကြောင့် လက်တွဲဖော် ရှာနေဖို့ လိုတော့မှာလဲ။ ပြီးတော့လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်မှာ အဲဒီလို လုပ်ရတဲ့ အစဉ်အလာ မရှိဘူးမလား။ အဲဒါကို ကျုပ် သိပ်မရှင်းတာမို့ ရှင်းပြပေးနိုင်မလား”

ထိုသို့ ပြောပြီးနောက် ရီဖူရှင်းသည် ကျင့်ရီးအား ကြည့်ကာ သူမ၏ အဖြေကို စောင့်နေသည်။

သို့သော် ကျင့်ရီးက ခေါင်းခါလိုက်ပြီး သူ့အား တိုက်ရိုက်အဖြေ ပြန်မပေးခဲ့ပေ။ ထို့အစား သူမက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်၏။ “ကျွန်မလည်း သေချာမသိဘူး။ အဲဒါက အထက် ဗြဟ္မာ့သန့်စင်ကောင်းကင်ကနေ လာတဲ့အမိန့်ပဲ။ ချင်းဟယ်တောင်မှ မလွန်ဆန်နိုင်ဘူး။ သူမက စွန့်စားကြည့်ရုံပဲ တတ်နိုင်တယ်။ အဲဒါကြောင့် သူမက အနိုင်ရပြီး ရှင်တို့ အားလုံးကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ရွှမ်ထျန်းဝင်္ကပါကို ခင်းကျင်းခဲ့တာ။ နောက်တော့ အဲဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ရှင်လည်း သိတာပဲ”

ကျင့်ရီးသည် ရွှမ်ထျန်းစံအိမ်အတွင်း၌ ပုံမှန်အတိုင်း မပြောနိုင်သော ကိစ္စအချို့ရှိလေသည်။ ထို့အပြင် ကြည့်ရသည်မှာ သူမ သိခွင့်ရသည်က အတိုင်းအတာ ရှိသည့်ပုံပင်။ သူမအထက်၌ မလွန်ဆန်နိုင်သော အမိန့်အာဏာတစ်ချို့ ရှိနေနိုင်ပေသည်။

အနည်းဆုံးတော့ ကျိုထျန်းနတ်မိမယ်အဆင့်မှ တစ်စုံတစ်ယောက် ဖြစ်နိုင်၏။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အရှင်မကိုယ်တိုင်ပင်လျှင် ဖြစ်နိုင်ပေသေး၏။

ထိုသို့သာဆိုလျှင် ဤကိစ္စအား ပြောင်းလဲနိုင်မည့် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ပေ။ အရာအားလုံးက အစီအစဉ်ချထားခဲ့ပြီးသား ဖြစ်နေပေမည်။

“သခင်လေးရီ.. ချင်းဟယ်နဲ့ ကျွန်မက နှစ်တွေအကြာကြီး အချင်းချင်း သိခဲ့ကြတာ။ သူမ ဘယ်လောက်မာနကြီးလဲ ကျွန်မ သေချာသိတယ်။  သူမက တစ်လျှောက်လုံး အရှင်မအတွက် ကျင့်ကြံခဲ့တာ။ တစ်နေ့ကျရင် အရှင်မလို ဖြစ်ချင်တဲ့ ရည်မှန်းချက်လည်း ရှိတယ်။ အခု ဖြစ်ပျက်နေတာတွေက သူမရဲ့ ဆန္ဒမဟုတ်ပေမယ့် သူမက သေချာပေါက် လက်တွဲဖော်ရွေးရတော့မယ်။ ပြီးတော့လည်း သူမက ရှင်နဲ့ အနီးစပ်ဆုံးပဲ။ အဖြစ်နိုင်ဆုံးက သူမက ရှင့်ကို ရွေးချယ်လိမ့်မယ်။ အဲဒါကပဲ ကျွန်မ ရှင့်ကို အထူးတလည် လာတွေ့ရတဲ့ အကြောင်းပြချက်ပဲ။”

ကျင့်ရီးသည် ရီဖူရှင်းနှင့် စိတ်ချင်းဆက်သွယ်ပြောနေဆဲ ဖြစ်ကာ သူ့အား တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးအခေါက် ချင်းဟယ်က သူနှင့်အတူ ရှိနေခဲ့ပြီးနောက် ဗြဟ္မာ့သန့်စင်ကောင်းကင်သို့ ပြန်သွားသည့်အခါ သူမက သူ့အား အတော်လေး အထင်ကြီးလေးစားခဲ့ဟန်ရသည်။ သူမက သူ့အား မငြင်းပယ်ခဲ့ပေ။

ရှားရှင်းယွန်သည် သူတို့အချင်းချင်း စိတ်ချင်းဆက်သွယ်၍ ပြောနေသည်ကို သိပေသည်။ ထိုအဖြစ်က သူမအား ပို၍ စိတ်အိုက်လာစေသည်။ သူတို့က ပွင့်ပွင့်လင်းလင်း မပြောနိုင်ရအောင် မည်သည့်အကြောင်းအရာဖြစ်သနည်း။

အရှက်ရဖွယ် ကိစ္စတစ်ခုခုများ ပြောနေကြသလား။

ရီဖူရှင်းက တိတ်ဆိတ်နေခဲ့သည်။ ထိုကိစ္စက ချင်းဟယ်ဆန္ဒရှိခဲ့သည့် ကိစ္စမဟုတ်သလို သူ လိုချင်သည့် အရာလည်း မဟုတ်ခဲ့ပေ။ သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင်က အမိန့်ပေးသည်ဆိုလျှင် ချင်းဟယ်က သူမ၏ ဆရာများအား ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ပေ။

“ဖြစ်နိုင်တာက ကိစ္စတွေကို ပြောင်းလဲလို့ရမယ့် နည်းလမ်း ရှိဦးမှာပါ” ရီဖူရှင်းက ကျင့်ရီးထံသို့ အသံပို့လွှတ်သည်။

ကျင့်ရီးက သူ့ကို ပြန်ကြည့်ကာ သက်ပြင်းကျိတ်ချသည်။ ရီဖူရှင်းက တိုက်ရိုက် မငြင်းပယ်သော်လည်း လူအများက ချင်းဟယ်အတွက် ဤနေရာသို့ ရောက်လာခဲ့ကြသည်။ သူတို့အားလုံးက အစွမ်းထက်အင်အားစုများမှ အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့အားလုံးသည် ချင်းဟယ်ကို လက်ထပ်ရန် ဆန္ဒရှိကြပေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရီထျန်းယွိက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။

သို့သော် ရီဖူရှင်းသည် ချင်းဟယ်အပေါ်တွင် ချစ်စိတ်မရှိသည်ကို ရှင်းလင်းစွာ သိနိုင်ပေ၏။ မဟုတ်လျှင် သူက တွေဝေနေလိမ့်မည် မဟုတ်ဘဲ တိုက်ရိုက် အဖြေပြန်ပေးပေလိမ့်မည်။

သူမ၏ မျက်လုံးများအတွင်း စိတ်ပျက်လက်ပျက် အကြည့်တို့ ပေါ်ပေါက်လာပေသည်။ ထိုအခိုက်တွင် အပြင်ဘက်၌ ကြောက်မက်ဖွယ် ထိပ်တိုက်တွေ့သည့် အသံကြီး ထွက်ပေါ်လာပြီးနောက် ကု့ချင်းသံခပ်တိုးတိုးကို ကြားလိုက်ရသည်။

ရီဖူရှင်းက အပြင်ဘက်နန်းတော်ဆီ မော့ကြည့်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်သည်။ သူက ပြင်းထန်စွာ တုန်ခါနေသည့် မဟာလမ်းစဉ် စွမ်းအားတို့ကို ခံစားမိနိုင်သည်။

ကြည့်ရသည်မှာ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ဟု ထင်ရသည်။

ရွှမ်ထျန်းစံအိမ်သည် အားလုံးသော ထိပ်သီးအင်အားစုမှ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံး စုရုံးရောက်ရှိနေကြပြီး ပဋိပက္ခအချို့ ရှိကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ကျင့်ရီးက မော့ကြည့်လိုက်ပြီးနောက် ပြောသည်။ “ကျွန်မတို့ သွားကြည့်ကြမလား”

“ကောင်းပြီလေ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ကျင့်ရီးအား မည်သို့ တုံ့ပြန်သင့်သည်ကိုလည်း မသိသေးပေ။

သူတို့ လူစုသည် အထက်သို့ တက်သွားခဲ့ကြပြီး မကြာခင် ရွှမ်ထျန်းစံအိမ်၏ နေရာလွတ်သို့ ရောက်ရှိလာသည်။ လူအများသည် ထိုနေရာ၌ စုစည်းနေကြသည်။

တန်ခိုးရှင်နှစ်ယောက်ထဲမှ တစ်ယောက်သည် ကောင်းကင်နတ်ဆိုးနန်းတော်မှ ဖြစ်သည်။ ဥဒေါင်းနတ်ဆိုးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အားကောင်းလှပေသည်။

သို့သော် ဥဒေါင်းနတ်ဆိုးသည် ပြင်းထန်စွာ ဖိနှိပ်ခံနေရသည်။ တစ်ယောက်သည် တင်ပျဉ်ခွေထိုင်နေကာ ကု့ချင်းကို တီးခတ်၍ တိုက်ခိုက်နေသည်။ ဂီတသင်္ကေတတိုင်းသည် အင်အားအပြည့်နှင့် မဟာလမ်းစဉ်များကို ပြင်းထန်စွာ တုန်ခါနေစေသည်။ နတ်ဆိုးသားရဲပုံရိပ်များက သူ့အနီးပတ်လည်တွင် ပေါ်ပေါက်လာသည်။ နတ်နဂါးများ၊ ရှေးဟောင်းဖီးနစ်များ၊ ချီလင်၊ ကြိုးကြာများက သူ့အနီးတွင် ရစ်ဝဲနေခဲ့သည်။

ကြီးမားသည့် ရွှေတောင်ပံငှက် ပုံရိပ်များက လေထုကို ဖြတ်သန်းကာ ပျံသန်းနေပြီး ဥဒေါင်းနတ်ဆိုးဆီသို့ ထိုးသုတ်ရန် ဆင်းသက်လာ၏။

ဒင် …

ကု့ချင်းကြိုးများက တုန်ခါနေပြီး တိမ်တိုက်များကို အလိုလို ရွေ့လျားနေစေသည်။  မဟာလမ်းစဉ်သည် အော်မြည်နေပြီး မရေတွက်နိုင်သည့် နတ်ဘုရားအသံများ ကြီးမားသည့် ငှက်ကြီးဆီသို့ ဝင်ရောက်သွား၏။ တောက်ပသည့် နတ်ဘုရားအလင်းများက အလွန်ပြင်းထန်သည့် အရှိန်အဝါဖြင့် ငှက်ကြီးထံ ပြေးဝင်သွားကာ ပေါက်ကွဲထွက်သွားသည်။

ဘန်း …

လေထုက ပြင်းထန်စွာ တုန်ခါနေပြီး ဥဒေါင်းနတ်ဆိုးက နောက်သို့ လွင့်စဉ်သွားသည်။ သူ၏ အမွေးအတောင်များက ဖျက်ဆီးခံလိုက်ရသကဲ့သို့ ထင်မှတ်ရ၏။

ရီဖူရှင်းက ယန်စွေ့ကို ကြည်နေရင်း ထိုသူက သူ၏ တိုက်ခိုက်မှုအတွင်း နတ်ဘုရားအသံကို ပေါင်းစပ်အသုံးနေသည်ဟု ရီဖူရှင်းက တွေးသည်။ ရှန့်ရှောင်းနန်းတော်မှ ဤတန်ခိုးရှင်က အလွန် အစွမ်းထက်လှချေသည်။

“ကောင်းကင်နတ်ဆိုးနန်းတော်က တကယ်ပဲ အားကောင်းပါပေတယ်။ သူတို့ရဲ့ တန်ခိုးရှင်တွေကလည်း ဒီနေရာမှာ တိမ်တွေလိုမျိုး စုစည်းနေကြတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အစ်ကို ရီထျန်းယွိက ရှန့်ရှောင်းနန်းတော်ရဲ့ လူစွမ်းကောင်းတစ်ယောက်ပဲ။ အဲဒါကြောင့် ခင်ဗျားတို့ ဘယ်သူမှ သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး” ယန်စွေ့က ပြုံးကာ ပြောသည်။ ကြည့်ရသည်မှာ သူက ဤအခွင့်အရေး၌ ရီထျန်းယွိကိုယ်စား တိုက်ခိုက်ပေးနေခြင်း ဖြစ်ပေမည်။

သူတို့က ထိုစကားကို ကြားသည့်အခါ အခြားသော နတ်ဆိုးသားရဲများက ဝင်စွက်ဖက်လိုနေဟန် တူသော်လည်း ယန်စွေ့က စိတ်ဝင်စားဟန်မရှိပေ။ သူက ရီဖူရှင်းဘက်သို့ လှည့်ကာ ကြည့်လိုက်၍ ပြုံးကာ ပြောသည်။ “အခုချိန်မှာ ကျုပ် စမ်းသပ်တိုက်ခိုက်ကြည့်ချင်တာက ညီနောင်ရီပါပဲ။ ကျုပ်တို့ ဘာလို့ တေးသွားလေး မတီးခတ်ကြည့်ကြရမှာလဲ”

***

Comment

Leave a Reply

Options

not work with dark mode
Reset